“ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…”
ဒီလို ငါပြောခဲ့တယ်
ပြောမိသမျှစကားတွေ
ကဗျာထဲ ထည့်ခွေနေမိတော့
ငါက ကဗျာကောင်ကြီး ဖြစ်ဖြစ်လာတယ်
ကဗျာကောင်ကြီးက ကဗျာတွေကိုအန်ချရမှ
နေသာထိုင်သာရှိတယ်
ကဗျာကောင်ကြီးက လိုက်လိုက်အာချောင်
ကဗျာကောင်ကြီးက လက်တစ်ဆုပ်စာဦးနှောက်နဲ့
ကဗျာကောင်ကြီးက ထိလွယ်ရှလွယ်
ကဗျာကောင်ကြီးကို ဝေးဝေးရှောင်ကြ
ငါကပေးထားချက်တွေကြားက
အသန့်ရှင်းဆုံးကစားချင်တဲ့ကောင်ပါ
ဘ၀မှာ ဘယ်နှစ်ခါ အ၀ါကဒ် အထိခံနိုင်သလဲ
တချို့က စကားလုံးတွေကိုခုတုံးလုပ်တယ်
ငါကပန်ဒိုရာကိုခုတုံးလုပ်တယ်
အသာနေစမ်းပါ့ကွယ်
ငါက အကြည်ညိုမပျက်ချင်ပါဘူး
ငါ့မော်ဒန်အကြည်ဓာတ်လည်း အပြတ်မခံနိုင်ဘူး
ငါကအနာဂတ်အပြည့်နဲ့နေထိုင်သူလေ
“ငါ့နှလုံးသွေးတို့ စီးဆင်းစေကာ
ငါ့ဝိညာဉ်ကို ဆေးကြောအံ့
အတွင်းအပ ထပ်တူကျ တည်ပါစေသတည်း”
အနုပညာ ချောက်ကမ်းပါးက
လွယ်အိတ်တစ်လုံးငိုက်စိုက်ချ
ကိုင်းညွတ်နေသော မိုးလှိုင်ည ရေ
မင်းကတော့ ပစ်ချစရာ ဖေဖော်ဝါရီ ရှိခဲ့
ငါကတော့ ငါ့ကိုယ်ငါပဲ ရိုက်ချိုးရတယ်။
ပန်ဒိုရာ
Tuesday, November 13, 2007
ပန်ဒိုရာကို ရိုက်ချိုးခြင်း
အကြွေးစာရင်း
- ချစ်လေပြေ တက်ဂ် ထားသော ငယ်ငယ်က ကစားနည်းတွေအကြောင်း (ရေးပြီး)
- ဂျစ်တူး တက်ဂ်ထားသော အိတ်ထဲမှာ ဘာရှိသလဲ (ရေးပြီး)
- Chaos တက်ဂ်ထားသော ကြောက်သောသတ္တ၀ါများ (ရေးပြီး)
- ကဗျာထုတ်တဲ့ စက်ရုံကြီး ရေးခိုင်းထားသော ဒါမျိုး
- မွန် တက်ဂ်ထားသော လွမ်းစရာလေးတွေ
- ဘာညာရဲ့ ဘာဂါ (ရေးပြီး)
- ဇီးရိုးထရက်ရှ် တက်ဂ်ထားသော ဘယ်လိုလူလဲ (ရေးပြီး)
- ညိမ်းညို တက်ဂ်ထားသော ရင်ထဲစွဲသည့် စာအုပ်များ
မေ့တယ်လို့ မထင်နဲ့။ မကြာခင် ဖြည်းဖြည်း ရှင်းပါမယ် ကြွေးရှင်တို့။ လာမယ် ကြာမယ်။ လောလောဆယ်တော့ ရင်ဘတ်ထဲက ထွက်ကျတာလေးတွေ ဖတ်နှင့်ဦးနော်။
Monday, November 12, 2007
လူမိုက်
အခုတလော
ငါကလူမိုက်ဆိုပါတော့
ငါ့အသံတွေ တဆတ်ဆတ်အဖျားခတ်-နက်
ငါ့အရောင်တွေ ရင့်ရင့်မှိုင်းမှုန်-ပြာ
ငါ့အရေခွံတွေ ပိန်းပိန်းပိတ်ပိတ်-၀ါ
ငါ့သွေးတွေလည်း မာမာခဲခဲ-နီ
ငါ့အပြုံးတွေ မခိုးမခန့်-စိမ်း
မိုက်တယ်ဆိုတာ… လွယ်ပါသတဲ့
ဦးထုပ်ငိုက်စိုက်နဲ့ ဆေးပြင်းလိပ်ကို ထောက်ခနဲ
ဘယ်လိုလဲ.. လက်ညိုးကလေး ကွေးလိုက်ရမလား
ကဲ.. ဒီမှာ ဒီမှာ ဒီမှာ
ငါ့ကွင်းထဲမှာ ငါသာဒိုင်လူကြီး
မင်းတို့အားလုံးကို အ၀ါကဒ် ပြလိုက်တယ်။
ပန်ဒိုရာ
Saturday, November 10, 2007
ကံကြမ္မာသောင်ကမ်းမှာ လရိပ်တခြမ်းကျနေခဲ့စဉ်
အနုပညာ..တဲ့။ လှပကျယ်ဝန်းတဲ့ အဓိပ္ပါယ်နဲ့ ပြည့်စုံတဲ့ ဝေါဟာရတစ်ခု။ ဘလော့ဂ်ကို ရေးတယ်။ အနုပညာကို ရေးတယ်။ ဘလော့ဂ်က ကိုယ့်ကိုပြန်ရေး၊ အနုပညာက ဘလော့ဂ်ကို ပြန်ရေးသွားခဲ့တယ်။
ဘလော့ဂ်ရေးသားခြင်း ထဲမှာ အနုပညာ စီးကူးမှုတွေရှိခဲ့။ လရိပ်မှုန်ပျပျမှာ ကဗျာဆရာနှင်းခါးမိုးက ဒီလို ဖွဲ့ဆိုခဲ့။ ကိုယ်ရေးမိတဲ့ မှတ်ချက်က ကဗျာတစ်ပုဒ်ဖြစ်ခဲ့။ မေတ္တာရှင် တစ်ယောက်က ဒီပို့စ်ရဲ့ခေါင်းစဉ် ဖြစ်လာဖို့ စကားလုံးတချို့ ထွက်ကျသွားခဲ့။
ခရီးတောလမ်း
သည်တောမို့
မောမိတယ်…
မုဆိုးလား သားကောင်လား
ဝေေ၀၀ါးဝါး စိတ်ထွေပြားတယ်။
အာရုံမွှေနှောက်
ခြောက်တဲ့အခါခြောက်လိုက်
ကန်ရေပြာမာလာအေးနဲ့
ဟိုအဝေးကမြှူလာလိုက်
ခလုတ်တိုက် သွေးစိမ်းထွက်
ခယောင်းခက် အဆိပ်သင့်တယ်။
ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။
မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။
သည်တောက
ခက်တယ်…
သားကောင်တလှည့် မုဆိုးတလှည့်
ကံကြမ္မာကို အမဲလိုက်ကြတယ်။
ပန်ဒိုရာ
Friday, November 9, 2007
ပန်ဒိုရာ နာမည်ပြောင်းရမလား
မင်္ဂလာပါ။
၂၀၀၇ မတ်လ ၂၇ ကစလို့ ပန်ဒိုရာ နာမည်နဲ့ ဘလော့ဂ်ရေးခဲ့ပါတယ်။ အခုတော့ ယူကေက ညီမလေး တစ်ယောက်က ဒီနာမည်နဲ့ ဘလော့ဂ်ရေးပြီး လိပ်စာမှာလည်း ပန်ဒိုရာ ဆိုတဲ့စာလုံး ၂ လုံး ယူပြီး http://www.pandora-pandorabox.blogspot.com/ လို့ ဘလော့ဂ် အသစ် ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်က စရေးထားပါတယ်။ ပန်ဒိုရာဆိုတာ ရှိခဲ့မှန်း သူ မသိခဲ့လို့ နေမှာပါ။ ဆီပုံးမှာ လာပြောသွားပါတယ်။ သူလည်း ဒီနာမည်လေးကို နှစ်သက်ပုံရပါတယ်။
ဒါပေမယ့် နောက်ပိုင်း တခြားဘလော့ဂ်တွေ သွားလည်တဲ့အခါ ပန်ဒိုရာ နာမည်နဲ့ ရေးသား နှုတ်ဆက်တာတွေမှာ ရောထွေးမှာကို မလိုလားပါဘူး။ လာလည်သူများကိုလည်း မရှုပ်ထွေးစေလိုပါဘူး။ ဒါကြောင့်မို့ နာမည်ဆင်တူ မဖြစ်အောင် ဟောဒီ ပန်ဒိုရာက နာမည်ပြောင်းရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။
ပန်ဒိုရာဆိုတဲ့ နာမည်ကို ဘာကြောင့် ယူခဲ့သလဲ ဆိုတာကိုတော့ အခု အချိန်မှာ ပြန်ရှင်းပြ မနေချင်တော့ပါဘူး။ ကိုယ်သေသွားလည်း အားလုံးထားခဲ့ရမယ့် လောကကြီးမှာ အစွဲအလန်း မကြီးတာပဲ ကောင်းမယ် ထင်ပါရဲ့။
နာမည်ပြောင်းရင်တော့ ဘလော့ဂ် လိပ်စာပါ ပြောင်းစရာ လိုကောင်း လိုလာပါမယ်။ နာမည် နဲ့ ဘလော့ဂ် လိပ်စာ ပြောင်းသင့် မပြောင်းသင့် ဆိုတာနဲ့ နာမည်အသစ် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကို ပန်ဒိုရာကို လာဖတ်နေကျ မိတ်ဆွေများနဲ့ တိုင်ပင်ချင်ပါတယ်။ မြန်မာလိုဖြစ်စေ အင်္ဂလိပ်လို ဖြစ်စေ ဒီပို့စ်ရဲ့ မှတ်ချက်မှာ အကြံဥာဏ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ခင်မင်စွာဖြင့်
ပန်ဒိုရာ
(မှတ်ချက်။ ။ ယူကေက ညီမလေးက နာမည်ပြောင်းလိုက်သဖြင့် ပြေလည်သွားပါပြီ။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
Thursday, November 8, 2007
8 Nov 2007
စကားလုံးတွေ .........ရေးချလိုက်ရုံနဲ့
ရေပြင်မှာငါးကလေးတွေကူးခတ်သွားသလို
ကောင်းကင်မှာငှက်ကလေးတွေပျံသန်းသလို
လှပပြည့်စုံသွားမယ်လို့ယုံကြည်ခဲ့ပါသလား
ဒါတွေကိုနှလုံးသားတခုလိုသရုပ်ဖော်လို့
မင်းရှိတဲ့ရင်ခွင်ကိုအပြေးကလေး
တိုးဝှေ့ခွင့်များရခဲ့ရင်လေ
မင်းသိသွားအောင်
ပြောပြချင်ရဲ့
ချစ်တဲ့
သူ
မွေးနေ့မှာ ပျော်ရွှင်ပါစေ
ကိုယ့်ကိုပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ချစ်သူရယ်…
Monday, November 5, 2007
Building Trust
Sunday, November 4, 2007
ကြီးမြတ်သောလှိုင်း

လှိုင်း… လှိုင်း၏ ရိုက်ခတ်မှုက အင်အားကိုလည်း ဖြစ်စေတတ်သတဲ့။ ညင်သာသော သို့သော် လန်းဆန်းသော လေသည် မိုင်ပေါင်း ရာထောင်ချီ အရပ်မှ အရှိန်ယူ တိုက်ခတ်လာ၏။ ပျော့ပျောင်းသော ရေပြင်ကျယ်နှင့် တဖြည်းဖြည်း ပေါင်းဆုံ အားကောင်းလာသောအခါ ….။
သမုဒ္ဒရာသည် အပုပ်များ၊ အမှိုက်သရိုက်များ၊ မလိုလားအပ်သည့် အရာများကို ကမ်းစပ်သို့ တွန်းတင် ရိုက်ပုတ်ကာ အန်ချ ပေးလိုက်သတဲ့။ လှိုင်းတို့ကိုယ်တိုင်ပင် လှိုင်းသဘာဝဖြင့် ပင်လယ်ကို သန့်စင် ဆေးကြောပေးရန် ကြိုးစားခြင်းပေပဲ။ သဘာဝသည် ရိုင်း၏။ သဘာဝသည် ယဉ်ပြန်၏။ သဘာဝ နိယာမတို့က အံ့သြစရာ။ လှိုင်းက ကမ်းစပ်ကို မမေ့။ ကမ်းစပ်၏ ဂုဏ်သတ္တိကိုလည်း မမေ့ပါလေ။
လူကလည်း လူ့သဘာဝ။ စိတ်တွေကလည်း စိတ်၏သဘာဝ။ လှိုင်း သဘာဝကတော့ ရိုက်ခတ်နေဦးမည်။ သို့သော် အသိဥာဏ် နှင့် နားလည်မှု ဟူသော အနားသတ်တစ်ခုက ငြိမ်သက် အေးဆေးစွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ပေးသောအခါ ရိုက်ခတ်မှုတို့၏ လားရာသည် အပြုသဘောကို ဆောင်နိုင်လေသည်။ ညစ်ထေးမှု တို့ကို ဖြိုချ သန့်စင် ပေးမည့်လှိုင်း၊ ကြိုဆိုရမည့် ကြီးမြတ်သော လှိုင်းများအဖြစ် လှိုင်း၏ ခွန်အားဖြင့် အကျိုးဆောင်စရာ များစွာ ရှိနေသေးသည်လေ။ အနန္တ ကောင်းကင်ကြီးကတော့ တိုက်ခတ်လေ ရေပြင်နှင့် လှိုင်းတို့ကို အစဉ်ကြင်နာစွာ ငုံ့ကာ အုပ်မိုးပေးနေသယောင်။
လှိုင်းတို့ကို မတုန်မလှုပ် တူရူစူးစိုက် ကြည့်မိသည်။ လှိုင်းက ခွန်အားရှိစွာ ပြီးတော့ တည်ကြည်စွာ စေ့စေ့ပြန်ကြည့်၏။ သည်လို ဆိုတော့လည်း ပင်လယ်ကျယ်ကျယ်ထဲမှ တက်ကြွသော လှိုင်းတံပိုးတို့သည် အဆုံးအစ မရှိသော မိုးသားအောက်ဝယ် ၀ီရ ရသ မြောက်သော ပန်းချီကားတစ်ချပ် ဖြစ်လို့နေနိုင်ပြန်သည်။
ပန်ဒိုရာ
Saturday, November 3, 2007
လှိုင်း

လှိုင်း တဲ့။ လှိုင်း ဟုဆိုလိုက်လျှင် မတည်ငြိမ်ခြင်း ရိုက်ခတ်ခြင်း လှုပ်ရှားခြင်း ဟူသော သဘောတစ်ခုက ထပ်ကြပ်မကွာ လိုက်လာမည်။
ရေလှိုင်း ဆိုလျှင်တော့ လှိုင်းဖြစ်ဖို့ ရေပြင်လိုအပ်မည်။ လှိုင်းက လှိုင်း ဟု အခေါ် မခံရခင်က သာမန်ရေပြင် တစ်ခုသာပဲ။ ခဲလုံးကျသလို မဟုတ်ပဲ သဘာဝအားဖြင့် လှိုင်းတွေ ဖြစ်လာဖို့ ဆိုလျှင် တိုက်ခတ်မည့် လေ လိုအပ်မည်လေ။ လရောင်ခြည်ရဲ့ ဆွဲငင်မှုကလည်း ပံ့ပိုးကူညီ ပေးချင်ပေးမည်။ လသာသာမှာ ညင်သာလေ အောက်က သိမ့်သိမ့်ကလေး လှုပ်နေတဲ့ ရေလှိုင်းတွေဟာ လှပတဲ့ သိင်္ဂါရ ပန်းချီကားတစ်ချပ်ပေါ့။
လူတွေရဲ့ ရင်ဘတ်တွေထဲက သဘာဝလှိုင်းတွေကရော။ မလိုအပ်တဲ့ ရိုက်ခတ် လှုပ်ရှားမှုကို ကြောက်သူရဲ့ အပေါ်ယံ တင်းအောင် ကြိုးစားမှုတစ်ခုဟာ အခြယ်အသ ကင်းမဲ့သော မျက်နှာထား တင်းတင်း ဖြစ်ချင်ဖြစ်မည်။ ရယ်သွမ်းသွေး ချင်ယောင် ဆောင်ထားသော စကားလုံး ပြင်းပြင်း ဖြစ်ချင်ဖြစ်မည်။ စကားပြောလျှင် ထည့်ထည့် သုံးသည့် ထောင့်မကျိုးသော နာမ်စားတစ်ခု ဖြစ်ချင်ဖြစ်မည်။ အဲဒီလို အခွံမာပါးပါး အုပ်လိုက်ရုံနှင့် ပျော့ပျောင်းမှု တစ်ခုဟာ အလုံးစုံ ဖုံးပိတ် လုံခြုံ သွားနိုင်လျှင်တော့ ကောင်းမည်နော်။
နူးညံ့မှုရဲ့ နောက်ကွယ်မှာ လှိုင်းတွေ ရှိနိုင်သည်။ ညင်သာသော လေညင်း ကလေးက ငြိမ်သက်နေတဲ့ ကန်ရေလွှာနုနုကို လှပသေးကွေးသော လှိုင်းကလေးတော့ ဖြစ်စေတတ် သတဲ့။ ရေလှိုင်းမဟုတ်တဲ့ တခြား မြင်ရတဲ့ မမြင်ရတဲ့ လှိုင်းတွေလည်း များစွာ များစွာ ရှိပါသေးသည်။ သူတို့ရဲ့ အင်အား အစွမ်းကလည်း အံ့သြစရာ။ မိုင်ပေါင်း ရာထောင်ချီ ခြားနေတဲ့ အရောင်တူ စကားတူ လူသားတွေ ကြားကိုလည်း မမြင်ရတဲ့ လှိုင်းတွေက ဆက်သွယ် ပေးသွားနိုင်သတဲ့။ ဟော.. ဟိုမှာ တဝေ့ဝေ့ လာနေပြီလား။ တိုးတိတ် ညင်သာစွာ။ သိမ်မွေ့စွာ။ တိတ်ဆိတ်ခြင်းထဲမှာ အသံတစ်ခု တဒိတ်ဒိတ် ပဲ့တင် ပျော်ဝင်နေသလား။ လှိုင်းတွေ ဆက်လက် ပုတ်ခတ်လာဦးမှာလား။
တကယ်တော့ ရိုက်ခတ်မှုရဲ့ အဆုံးသတ်မှာ အနားသတ် ကမ်းစပ်ကတော့ အမြဲ ရှိနေသည်။ ရေပြင်ဆိုတာက အဆုံးအစမဲ့ ဖြန့်ကျက်ပိုင်ခွင့် ဘယ်ရှိပါ့မလဲ။ ဘောင်ခတ် ထားလို့လည်း လူးလာရိုက်ခတ် လှိုင်းဖြစ်ခွင့်ရသည် မဟုတ်လား။ လှိုင်းက လှိုင်းကလေး ဖြစ်ရုံ ဆိုလျှင်တော့ လှပနိုင်ပါသေးသည်။ ကမ်းစပ်နဲ့ ဝေးကွာလေလေ ရေပြင် နယ်နိမိတ် ကျယ်ပြန့်ခွင့် ရလေလေ လှိုင်းကလေး အဖြစ်ကနေ အနှောင့်အယှက် ပေးသော ဖျက်ဆီးသော အရုပ်ဆိုးသော လှိုင်းကြီးကြီး ဖြစ်လာဖို့ အခွင့်အရေး ပိုလာလေလေ ဖြစ်မည်။ ဒါဆိုလျှင်တော့ မသေချာမှုများ မာယာများဖြင့် ပြည့်နှက် နေသော ပင်လယ်ပြင်ကျယ်ကို ထားခဲ့တော့မည်။ လူတိုင်းကို အေးချမ်း ကြည်နူး စေသော လှပ ရိုးရှင်းသည့် လှိုင်းဂယက်ကလေးတွေ အတွက်တော့ ကမ်းစပ် ဘောင်နီးနီးက ကန်ရေပြင် သေးသေးကလေးပဲ ကောင်းမည် ထင်ပါသည်။
ပန်ဒိုရာ
Thursday, November 1, 2007
ကောင်းကင်အစစ်မှာ စီးဆင်းချင်တဲ့ ဖြူနီမြစ်တစ်စင်း
စစ်ပွဲ၊ ဒုက္ခသည်၊ ကပ်ဆိုက်မှုများ...တဲ့
ထည့်မစဉ်းစားဖြစ်ခဲ့တဲ့ ဝေါဟာရတွေနဲ့
ကျည်အပြည့်ထိုး မောင်းတင်ထားတဲ့ ကဗျာတွေ
ဒီကောင့်ရင်ဝတည့်တည့်ရောက်မှ
ခလုတ်ဖြုတ်ချနေတော့ပါလား။
အီလက်ထရွန်းနစ်လှိုင်းကိုဖွင့်
စက်တင်ဘာ ရေချိန်မြင့်လာတော့
အနီရောင်ရင့်ရင့်နဲ့ အဖြူရောင်မပွင့်တပွင့်တွေ
ရောနှော စီးဆင်းခဲ့ကြတယ်
အဲဒီမှာ စိတ်ဓာတ်တွေတက်တယ်
အဲဒီမှာ စိတ်ဓာတ်တွေကျတယ်
အဲဒီမှာ သွေးတွေကြွတယ်
အဲဒီမှာ သွေးလေချောက်ချားတယ်။
ဒီခေတ်ကြီးထဲမှာ….
ဒီခေတ်ကြီးကိုက….
တခါလာလည်း ဒီခေတ်ကြီး
တခါလာလည်း ဒီခေတ်ကြီး နဲ့
ဒီခေတ်ကြီးကို ပခုံးထမ်းသယ်ပိုးလို့
ဘယ်တော့များမှ အရည်ကျို အရောင်ချွတ်
ကြေးညှော်ခွာချ ထုဆစ်ကြမှာလဲ။
အိပ်မက်အသေနဲ့ ဗလာဇာတ်မှာ
အရုပ်ကြိုးပြတ် အသုံးတော်ခံနေရတဲ့
မသိကျိုးကျွံတို့ရေ...
ဟောဒီမှာ ခင်ဗျားတို့ အတွက် တဲ့
အသက်ထွက်သူထွက်
ဘ၀ပျက်သူပျက်
အခန်းဆက်မြစ်ရေ အကြိမ်ကြိမ်လျှံကျ
အဲဒါ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်မကဘူး။
သက်ပြင်းချတယ်
မော့မော့ကြည့်မိတယ်
မသင်္ကာမှုကောင်းကင်ကတော့
ချိုးဖြုငှက်တွေအတောင်ဆန့်ဖို့
နိမ့်ကျကျဉ်းမြောင်းလွန်းတယ်
မဟာတံတိုင်းကိုဖြိုချနိုင်မလား
သေးကွေးတဲ့လက်ကို ဆုပ်မိဖြန့်မိတယ်။
အို.. နားလည်ယုံကြည်မှု နဲ့ ချစ်ခြင်းမေတ္တာ
ကျေးဇူးပြု၍ လက်ကမ်းခေါ်လှည့်ပါ…။
ပန်ဒိုရာ
အခုတလော ပြန်ဖတ်ဖတ်နေတဲ့ ဒီကဗျာတွေ နဲ့ ဒီကဗျာတွေ ကြောင့် အခုလို ကဗျာတစ်ပုဒ် ရေးဖြစ်ဖို့ လှုံ့ဆော်စေပြီး အာရုံရခဲ့တယ်။ ကဗျာခေါင်းစဉ်ကို ရှည်ရှည် ပေးမိသွားတာကတော့ နောက်ကဆရာရဲ့ ပယောဂ မကင်းဘူး။




