Sunday, August 5, 2007

ပန်ဒိုရာ ဘာကြောင့် ဘလော့ဂ်ရေးသလဲ

ပန်ဒိုရာ ဘာကြောင့် ဘလော့ဂ်ရေးသလဲ

ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…

တကယ်တော့ ဒီအကြောင်းအရာမျိုးကို မရေးချင်ပါဘူး။ သဘောမတိုက်ဆိုင်ရင် အငြင်းပွားဖွယ် မဖြစ်ချင်ဘူး။ သို့သော် တက်ဂ် ထားတဲ့ ညလေးကို ချစ်ခြင်းအားဖြင့် ရေးပါတယ်။

စာရေးချင်လို့ ဘလော့တစ်ခုဖန်တီးပြီး ရေးတယ်။ ဘာစာတွေရေးချင်လဲ ဆိုတော့ ကိုယ်ဖတ်ချင်တဲ့စာမျိုးတွေ။ ဒါဆိုရေးနေပြီလားဆိုရင် အားလုံး မရေးနိုင်သေးပါဘူး။ သိမှရေးလို့ရတာ။ သိပ်မှမသိပဲကိုး။

ကိုယ်ဖတ်ချင်တာဆိုတော့ သူများဖတ်ချင်တာ ဖြစ်ချင်မှဖြစ်မယ်။ အသက်ဝင်နေတဲ့ မြန်မာဘလော့ဂ်ပေါင်း ၂၀၀ ကျော် ရှိတယ်။ မြန်မာသတင်းဆိုဒ် အီးမဂ္ဂဇင်း ဆိုဒ်တွေ ကိုယ်သိတာရော မသိတာပါ အများကြီးရှိတယ်။ ရွေးစရာတွေ ဒီလောက် များတဲ့အထဲမှာ လာဖတ်ဖြစ်ကြတယ်ဆိုရင် စာဖတ်သူတွေရဲ့ ကျေးဇူးတင်စရာ ကောင်းတဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။ ရတာ မရတာ တွေကတော့ ပေးတိုင်းလည်း ရချင်မှရတာ။ မပေးဘဲလည်း ရချင်ရနေကြတာ။ ကိုယ်ကလည်း ပရော်ဖက်ရှင်နယ် အရေးကောင်းသူမှမဟုတ်ဘဲ။ ကိုယ့်ဆီမှာ စွဲစွဲလန်းလန်း လာဖတ်နေအောင် လက်ချည်းဗလာနဲ့တော့ စည်းရုံးထားနိုင်မှာမဟုတ်။ တကယ်တော့ ဒီခေတ်ကြီးမှာ စာဖတ်သူတွေက ပိုပညာရှိကြပါတယ်။

မျှဝေခြင်း ဆိုရင် ဘယ်သူတွေကို မျှဝေ ဖတ်စေချင်သလဲ။ စိတ်ဝင်စားက ဘယ်သူမဆို ဖတ်နိုင်ပါတယ်။ ဖတ်စေချင်ပါတယ်။ တချို့စာတွေ အတွက်တော့ တချို့သီးသန့်လူ(တွေ)ကို ဖတ်စေချင်တာပဲ။ ဒါလည်း ကိုယ့်ဆန္ဒသက်သက်ပါ။ သူ(တို့)က ဖတ်ဖို့အခြေအနေ ပေးချင်မှပေးမှာပေါ့။ ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မှာပေါ့။ စိတ်ဝင်စားချင်မှလည်း စိတ်ဝင်စားမှာပေါ့လေ။

ဘလော့ဂ်ရေးသူအတော်များများဟာ ကိုယ်တစ်ယောက်တည်းရှိတဲ့ အချိန်တွေ တနည်းနည်းနဲ့ ရထားသူ၊ တနည်းအားဖြင့် အထီးကျန်သူ တွေဖြစ်တယ် လို့မြင်မိတယ်။ ဒါမှမဟုတ်ရင်တော့ ဝေမျှလိုတဲ့ စိတ်စေတနာ အလွန်ကြီးကြသူများ ဖြစ်နိုင်တယ်။ ကိုယ့်အတွက်တော့ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ နေရာလွတ် တစ်ခုရှိချင်တာ။ အသေသတ်မှတ်ထားတဲ့ မလွှဲမရှောင်သာ တာဝန်တွေ ပိနေတဲ့အခါ ကိုယ်ပိုင်တဲ့ နေရာလွတ် တစ်ခုကို ရှာတယ်။ တစ်နေ့ကို အချိန်နည်းနည်းလောက်တော့ ကိုယ့်ကိုယ်ကို ကိုယ်ပိုင်ချင်တယ်။ အဲဒါဟာ ထွက်ပေါက်ပဲ။ အဲဒီလိုထွက်ပေါက်မျိုးကို နည်းအမျိုးမျိုးနဲ့ ဖန်တီးနိုင်တယ်။ ရည်ရွယ်ချက်မရှိ ဈေးဝယ်ထွက်မယ်။ တီဗီဂိမ်း ကစားမယ်။ ရုပ်ရှင်တွေ ဆက်တိုက်ကြည့်မယ်။ ကိုရီးယားကားတွဲလိုမျိုးဆို ၁၂ ကား ၁၆ ကား ဆက်တိုက်ကြည့် နေ့ည လွဲချင်လွဲ။ အဲဒီလိုမျိုး။ ကိုယ်မနိုင်တဲ့ လူ့လောက က တိုက်ပွဲတွေ မဲလာတဲ့အခါ ကိုယ်ပိုင် သီးသန့်ကမ္ဘာက တိုက်ပွဲမှာ ကိုယ်နိုင်ရာ လုပ်လိုက်ရရင် လူဆိုတာ ကျေနပ်သွားတာပဲ။

ဒါကြောင့် ဖြတ်တောက်ပြုပြင်ခြင်း မခံရတဲ့ အတွေးအခေါ်ရိုင်းစစ်စစ်တွေကို ကိုယ့်ပုဂ္ဂလိက ဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် ရေးသားချင်တယ်။ ဒါပေမယ့်လည်း လူစစ်စစ်တွေရဲ့ လူ့အသိုင်းအ၀ိုင်းထဲပဲ ရောက်နေပြန်တော့ တန်ဖိုးညှိတာတွေ တာဝန်စပ်တာတွေ အသွင်ဆောင်လာသလား တွေးမိတယ်။ စိတ်ပါပါမပါပါ (အပြင်မှာလိုပဲ) ၀တ္တရားကြောင့် လုပ်ရမှာမျိုး၊ မနိုင်ဝန် ထမ်းမိတာမျိုးဆိုရင်တော့ ဘလော့ဂ် ဆက်မရေးချင်တော့ဘူး။ ရေးတောင် ကိုယ်တစ်ယောက်တည်း ဖတ်ဖို့သက်သက်ပဲ ဖြစ်ကောင်းဖြစ်သွားမယ်။ ဒုံရင်းပေါ့။

စိတ်ထဲ တကယ်ခံစားလို့ရတာကိုပဲ ရေးပါရစေ။ လုပ်သင့်တာတွေလုပ်နေရတဲ့ ကမ္ဘာက ခဏ ထွက်လာချင်ပါတယ် ဆိုမှတော့ ဘလော့ဂ်ထဲမှာတော့ စိတ်ပါရင် ပါသလိုရေးမယ်။ စေတနာရှိရင် ရှိသလို ရေးမယ်။ စာလည်း အမျိုးစုံရင်စုံမယ်။ ဒီလိုရေးမှ အကျိုးရှိတယ်လို့ သာမန်အားဖြင့် သတ်မှတ်လေ့ရှိကြတဲ့ စာတွေ မတွေ့ရဘူးဆိုရင် စေတနာမရှိသေးလို့ လို့သာ မှတ်လိုက်ကြပါတော့။ တမျိုးပဲနော်။ လူတိုင်းဟာ တစ်ယောက်တစ်မျိုးပါပဲ။

ကြီးမားကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ (အခုအချိန်မှာ) ဖြစ်ဖြစ်မြောက်မြောက် ပြောမပြနိုင် ပြောမပြတတ် သော်လည်း စိတ်ကိုတော့ တတ်နိုင်သလောက် သန့်ရှင်းအောင်ထားပါတယ်။ တတ်နိုင်သလောက် သူများကို မထိခိုက်အောင် နေတယ်။ တွေးတယ်။ ရေးတယ်။ အားလုံးကိုလည်း လေးစားပါတယ်။ တူလို့လေးစားတယ်။ မတူလို့လေးစားတယ်။ ဒီလိုနဲ့ အချိန်ကြာလာတော့ မိတ်ဆွေသူငယ်ချင်းတွေလည်း အလိုလို တိုးလာတယ်။ မျှော်လင့်မထားခဲ့တော့ ဖြူဖြူစင်စင်နဲ့ ပိုဝမ်းသာရတယ်။ အစစအရာရာ သဘောချင်း တိုက်ဆိုင်ဖို့ ဘယ်လောက်အထိ ချည်နှောင်ခိုင်မာ ခင်မင်ဖို့ ဆိုတာတော့ မျှော်လင့်မထားဘူး။ မျှော်လင့်မိသလောက် မခံစားချင်ဘူး။ ကိုယ့်ကိုလည်း မမျှော်လင့်ကြစေချင်ဘူး။ မမျှော်လင့်ပဲ ရလာခဲ့ရင် ပိုပျော်စရာကောင်းမှာပါ။

ဘလော့ဂ်ကို စွဲလန်းလွန်းရင် ဆိုးကျိုးတွေရှိတယ်။ အချိန်ကုန်တယ်။ ဒါကတော့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဘလော့ဂ်မှမဟုတ်ပါဘူး။ ဖဲရိုက်တာ၊ တီဗီဂိမ်းကစားတာ၊ ဘောလုံးပွဲကြည့်တာ အတူတူပဲ။ အရွယ်ရောက်သူ အသိဥာဏ်ရှိသူတွေပဲ။ အစပိုင်းဆို ပိုစွဲလန်းမယ်။ အချိန်တစ်ခုရောက်ရင် ပိုပြီး စနစ်တကျ စီမံခန့်ခွဲသွားမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ကိုယ်ခံဆိုတာ သဘောပေါက်ရင် ရပါပြီ။

ဘလော့ဂ်ထဲမှာ လောလောဆယ် ရေးပြီးသလောက်မှာ စာရေးသူ အကြိုက်ဆုံး ၁၀ခု ပြောပါဆိုရင်တော့ အောက်က ပို့စ်တွေဖြစ်တယ်။ စာဖတ်သူတွေနဲ့ တိုင်ဆိုင်မလားတော့မပြောတတ်ဘူး။

Identity

ကျွန်တော်မပိုင်တဲ့အဲဒီအင်္ကျီ
မျှော်လင့်ချက်မပါတဲ့အိပ်မက်
ကိုဖိုးရမ်မဘလောက်
ချက်ခြင်းအနုပညာ
ညီအစ်ကိုမသိတသိ
ဘလော့ဂါများနှင့်ဟာသ
သင်္ကြန်တေး
ဝိဘစ္ဆ
ကြိုး

ကျေးဇူးတင်ပါတယ်။
ပန်ဒိုရာ

9 comments:

Anonymous said...

ပုံရိပ်လည်း ဒါတွေကြိုက်တယ်။
identity
ကိုဖိုးရမ် မဘလောက် (ထပ်ရေးဦးမယ် ဆိုပြီး ရေးလည်း ရေးဘူး)
ချက်ခြင်း အနုပညာ
ညီအစ်ကို မသိတသိ
ဘလောက်ဂါများ နှင့်ဟာသ

Anonymous said...

မပန်..လာဖတ်သွားတယ်.. =) နောက်လဲ အမြဲဆက်ရေးနိုင်ပါနော်.. အားပေးနေတယ်.. ခုလိုပြန်လာတာ ၀မ်းသာပါတယ်..

Tesla said...

ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…
ဒီကဗျာနဲ့ တင် ပြည့်စုံလုံလောက်ပါတယ် ဒေါ်ဂျီးပန်.. ဟိုဘက်ကမ္ဘာက ကြိုဆိုပါတယ်တဲ့. :)

Anonymous said...

မပန်ကြီး ညလေးနဲ့ တူတူပဲ ထွက်ပေါက် အဖြစ်ရေးတာ ခုတော့ ပိတ်မိနေပြီ

Andy Myint said...

ဟုတ်တယ် Blog ရေးတာ Commitment ပဲ။
Manage လုပ်နိုင်ရင်တော့ Entertainment ပေါ့။

P.Ti said...

`ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…`
ပန်ဒိုရာက စကားလုံးသုံးတာ အရမ်းတော်တာပဲနော်…

MELODYMAUNG said...

ဒီဘက်ကမ္ဘာမှာ အီစကိုတို့က အာဘွားပေးဖို့ စောင့်နေတာနော် စာရေးသူ အကြိုက်ဆုံး ၁၀ခုထဲက ၈ခု အကြိုက်တူပါ၏

Myo Kyaw Htun said...

မိုက်၏

p.s: ငါးဖယ်အမှားကို ထောက်ပြလို့ ရှဲရှဲ

pandora said...

ဟိုဘက်ကမ္ဘာက ကြိုဆိုသူများ အားလုံး ကျေးဇူးပါ