Thursday, November 1, 2007

ကောင်းကင်အစစ်မှာ စီးဆင်းချင်တဲ့ ဖြူနီမြစ်တစ်စင်း

စစ်ပွဲ၊ ဒုက္ခသည်၊ ကပ်ဆိုက်မှုများ...တဲ့
ထည့်မစဉ်းစားဖြစ်ခဲ့တဲ့ ဝေါဟာရတွေနဲ့
ကျည်အပြည့်ထိုး မောင်းတင်ထားတဲ့ ကဗျာတွေ
ဒီကောင့်ရင်ဝတည့်တည့်ရောက်မှ
ခလုတ်ဖြုတ်ချနေတော့ပါလား။

အီလက်ထရွန်းနစ်လှိုင်းကိုဖွင့်
စက်တင်ဘာ ရေချိန်မြင့်လာတော့
အနီရောင်ရင့်ရင့်နဲ့ အဖြူရောင်မပွင့်တပွင့်တွေ
ရောနှော စီးဆင်းခဲ့ကြတယ်
အဲဒီမှာ စိတ်ဓာတ်တွေတက်တယ်
အဲဒီမှာ စိတ်ဓာတ်တွေကျတယ်
အဲဒီမှာ သွေးတွေကြွတယ်
အဲဒီမှာ သွေးလေချောက်ချားတယ်။

ဒီခေတ်ကြီးထဲမှာ….
ဒီခေတ်ကြီးကိုက….
တခါလာလည်း ဒီခေတ်ကြီး
တခါလာလည်း ဒီခေတ်ကြီး နဲ့
ဒီခေတ်ကြီးကို ပခုံးထမ်းသယ်ပိုးလို့
ဘယ်တော့များမှ အရည်ကျို အရောင်ချွတ်
ကြေးညှော်ခွာချ ထုဆစ်ကြမှာလဲ။

အိပ်မက်အသေနဲ့ ဗလာဇာတ်မှာ
အရုပ်ကြိုးပြတ် အသုံးတော်ခံနေရတဲ့
မသိကျိုးကျွံတို့ရေ...
ဟောဒီမှာ ခင်ဗျားတို့ အတွက် တဲ့
အသက်ထွက်သူထွက်
ဘ၀ပျက်သူပျက်
အခန်းဆက်မြစ်ရေ အကြိမ်ကြိမ်လျှံကျ
အဲဒါ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်မကဘူး။

သက်ပြင်းချတယ်
မော့မော့ကြည့်မိတယ်
မသင်္ကာမှုကောင်းကင်ကတော့
ချိုးဖြုငှက်တွေအတောင်ဆန့်ဖို့
နိမ့်ကျကျဉ်းမြောင်းလွန်းတယ်
မဟာတံတိုင်းကိုဖြိုချနိုင်မလား
သေးကွေးတဲ့လက်ကို ဆုပ်မိဖြန့်မိတယ်။

အို.. နားလည်ယုံကြည်မှု နဲ့ ချစ်ခြင်းမေတ္တာ
ကျေးဇူးပြု၍ လက်ကမ်းခေါ်လှည့်ပါ…။

ပန်ဒိုရာ


အခုတလော ပြန်ဖတ်ဖတ်နေတဲ့ ဒီကဗျာတွေ နဲ့ ဒီကဗျာတွေ ကြောင့် အခုလို ကဗျာတစ်ပုဒ် ရေးဖြစ်ဖို့ လှုံ့ဆော်စေပြီး အာရုံရခဲ့တယ်။ ကဗျာခေါင်းစဉ်ကို ရှည်ရှည် ပေးမိသွားတာကတော့ နောက်ကဆရာရဲ့ ပယောဂ မကင်းဘူး။

3 comments:

ဂျစ်တူး - gyit_tu said...

ဒုတိယအကြိမ်ဖတ်ပြီး ခံစားသွားတယ်း)

Ko Paw said...

ပန်ဒိုရာရဲ့ ကဗျာတွေက မှော်ဓာတ် ပါလေသလား။ ဖတ်ပြီးရင်ဘဲ မောဟိုက်နွမ်းလျသွား သလိုလို မွန်းကြပ်လာသလိုလို မျိုးစုံခံစားရတယ်။ ဒါပေမယ့်လည်း ထပ်ဖန်တလဲလဲ ဖတ်ချင်နေမိပြန်တယ်။

pandora said...

အခုလိုချီးမြှောက်သွားတာ ကျေးဇူးပါ ကိုပေါ။ မှော်ပါတယ်တော့ မလုပ်ပါနဲ့ဗျာ။ ကိုယ့်ဖာသာလည်း ကဗျာတောမှာ မောနေရတာ။