Monday, November 12, 2007

လူမိုက်

အခုတလော
ငါကလူမိုက်ဆိုပါတော့
ငါ့အသံတွေ တဆတ်ဆတ်အဖျားခတ်-နက်
ငါ့အရောင်တွေ ရင့်ရင့်မှိုင်းမှုန်-ပြာ
ငါ့အရေခွံတွေ ပိန်းပိန်းပိတ်ပိတ်-၀ါ
ငါ့သွေးတွေလည်း မာမာခဲခဲ-နီ
ငါ့အပြုံးတွေ မခိုးမခန့်-စိမ်း
မိုက်တယ်ဆိုတာ… လွယ်ပါသတဲ့
ဦးထုပ်ငိုက်စိုက်နဲ့ ဆေးပြင်းလိပ်ကို ထောက်ခနဲ
ဘယ်လိုလဲ.. လက်ညိုးကလေး ကွေးလိုက်ရမလား
ကဲ.. ဒီမှာ ဒီမှာ ဒီမှာ
ငါ့ကွင်းထဲမှာ ငါသာဒိုင်လူကြီး
မင်းတို့အားလုံးကို အ၀ါကဒ် ပြလိုက်တယ်။

ပန်ဒိုရာ

10 comments:

Anonymous said...

မပန်..ပုံရိပ် အတွက် ရေးတာလား... လူမိုက် ဆိုတော့ :D

Anonymous said...

သိပ်ကြိုက်တာပဲး)

Tesla said...

ကဗျာက. မိုက်ချင်ရဲ့လက်တို့..
ကြွပ်ဆတ်နေတဲ့ စိတ်ဓါတ်ကိုမှ.. တဖြတ်ဖြတ်မှီလာအောင် လာဆွတယ်။ ကွင်းပြင်ကနေပြီး.
အဲ့ဒီဒိုင်ကို အနီကတ်ပြတယ်..
ပြစ်ဒါဏ်အရ ငါးပွဲစာပယ်။
ကဲ.. ပြိုင်မိုက်မလား.. လာထား..
ဟား ဟား ဟား ကို ဆယ့်ခွန်နှစ်ခါရီ ပြစ်လိုက်တယ်။

hnin said...

မပန်က ဒီပွဲမှာ ဒိုင်လူကြီးပေါ့၊ အိမ်ကွင်းပေမဲ့ တစ်ခါတလေ ဒိုင်မလုပ်ရတာ ရှိတယ်နော်။ ဟဲဟဲ။

metta campaign said...

အ၀ိညူ ယဒိ ဗာလော.ဟံ ၊
ဝိ၀ဏ္ဏော ဟဒယော မမ။
သုကရံ အပိ ဗာလတ္တံ၊
ဝိနိစ္ဆယဿ ဣဿရော ။

ငါက လူမိုက်ဆိုရင်
ငါ့နှလုံးသားက နက် ပြာ ၀ါ နီ စိမ်း…။
မိုက်တယ်ဆိုတာလဲ လွယ်ပါတယ်။
ဆုံးဖြတ်ချက်ချနိုင်တာလဲ ငါပါပဲ။

တခါတလေ ဒီဂါထာမျိုးလေးတွေ ရေးရတာ သိပ်အရသာ ရှိတာပဲ။ နားလည်တဲ့သူထက် နားလည်ပေးမယ့်သူတွေကို တမ်းတမိတယ်။ အင်း…ငါက လူမိုက်ဆိုရင်တော့…။

Yaw Han Aung said...

မိုက်ခေတ်ကုန်နေပြီနော်။

Ye-Mon said...

လူမိုက်ကို ဆေးစစ်ခြင်း

အသံတွေ နက်နေခြင်း - လေပြွန်ယောင်ရမ်းခြင်း၊ ကာရာအိုကေ အဆိုများ၍ အသံအိုး ထိခိုက်သွားခြင်း ဖြစ်နိုင်
အရောင်ပြာ - အောက်စီဂျင်ကောင်းကောင်းမရခြင်း၊ ဆေးလိပ်အသောက်များ၍ အဆုတ်များ ကောင်းကောင်း အလုပ်မလုပ်လုပ်ခြင်း ဖြစ်နိုင်
အရေခွံဝါခြင်း - အသားဝါခြင်း၊ အရက်သောက်များ၍ အသည်းထိခိုက်ခြင်း ဖြစ်နိုင်
သွေးတွေနီ - ဒါကတော့ ပုံမှန်ပါပဲလေ။
အပြုံးစိမ်း - အဆီအအိမ့်အစားများ၍ ပါးတခြမ်း လေဖြန်းသွားတာ ဖြစ်နိုင်တယ်။

ပန်ဒိုရာရေ .. သတိ။ ကံကြမ္မာက အ၀ါကပ်ပြတာတော့ မထိစေနဲ့။

pandora said...

ပုံရိပ် ဂျစ်ဂျစ် လူမိုက်တွေကြိုက်ကြတယ်။

ဟေ့ မောင်တက်.. အားလုံးအနီနဲ့ ထွက်သွားရင် ဘယ်ပျော်စရာကောင်းတော့မလဲဟ။ တယ်မိုက်တာကိုး။

သိုးမလေး။ ဒိုင်မလုပ်ရရင် ပွဲဖျက်မယ်။ဟဲဟဲ။

ကိုမေတ္တာ။ ဂါထာအသစ်လေးတစ်ပုဒ် ကျေးဇူးပါနော်။ ဒီလိုဂါထာရေးသူက လူမိုက် ဘယ်ဖြစ်လာပါ့မလဲ။

ဆရာယော။ သစ်ရွက်ကလေးလှုပ်တာပါဗျာ။ တကယ်ဆို ရယ်မောပစ်လိုက်ဖို့ ကောင်းပါတယ်လေ။

ကိုရဲမွံ။ ဟွန်း။ ဘယ်ကတည်းက ကလဲ့စားခြေဖို့ ချောင်းနေလဲ မသိ။ ဆရာဝန်တွေးပဲ တွေးနေတာကိုး။ ခက်သေးတယ်။

မေဓာဝီ said...

ပန်ပန်ကတော့ ပန်းချီဆရာမပီပီ လူမိုက်ကိုတောင် အရောင်တွေနဲ့ ခြယ်မှုန်းသွားသေးတယ်။
မိုက်တယ်ဆိုတာ လွယ်တော့ လွယ်ပါတယ် …
လူမိုက်အဖြစ် ရေရှည်ရပ်တည်ရတာတော့ ခက်မယ်ထင်တာပဲ … နော်။

pandora said...

မမေရေ တချို့မိုက်သူများ ကြတော့လည်း ဂျန်နရေးရှင်း တစ်ခုစာလောက် ဆိုပဲ။ (သဘောပြောတာနော်.. ကြောက်ကြောက်..)