Sunday, August 9, 2009

ဆေးစပ်လွဲတဲ့ ပန်းချီကားတစ်ချပ်

ပန်ဒိုရာငယ်ငယ်က ၀တ္ထုတိုလေးတွေ ရေးကြည့်ချင်တာကို အားပေးတဲ့ ဖေဖေက ၀တ္ထုတို ရေးချင်ရင် အိုဟင်နရီ တို့ မိုပါဆွမ်းတို့ ရေးတဲ့ ၀တ္ထုတိုတွေကို စလေ့လာသင့်တယ် လို့ပြောပါတယ်။ အင်္ဂလိပ်လို မူရင်းရော ဘာသာပြန်ထားတဲ့ စာတချို့ပါ နည်းနည်းပါးပါး ဖတ်ဖြစ်ခဲ့ပါတယ်။ ဖေဖေတို့ခေတ်က မဂ္ဂဇင်းတွေမှာ ပါခဲ့တဲ့ ဆရာသော်တာဆွေ ဘာသာပြန်လက်ရာ အိုဟင်နရီဝတ္ထုတွေကိုတော့ ဟိုးငယ်ငယ်လေး ကတည်းက ကြိုက်ခဲ့တာပါ။ O Henry’s Twist လို့နာမည်ကြီးတဲ့ ဇာတ်လမ်းအဆုံးသတ် လှည့်ပုံတွေကို သဘော တော်တော်ကျခဲ့တယ်။

ဒါနဲ့ပဲ ကိုယ့်ဘာသာ ရေးဖြစ်ခဲ့တဲ့ ၀တ္ထုကလေးတစ်ပုဒ်မှာ (ကိုယ့်ကိုယ်ကိုတော့ ဟုတ်လှပြီ ထင်ခဲ့တာပေါ့လေ) အခုလို ဇာတ်လမ်းဆင်ခဲ့ပါတယ်။ ငယ်ငယ်က လက်ရာလေးကို စာလုံးအထားအသို နည်းနည်းလောက် ပြင်ဆင်တာကလွဲလို့ မူဟန်မပျက် ပြန်တင်ပြလိုက်ပါတယ်။ ကျောင်းဆရာ သားသမီးပီပီ အိမ်မှာရှိတဲ့ အဖြေလွှာ စာရွက်ဟောင်းတွေပေါ်မှာ ရေးထားခဲ့တာ။ ဆယ်တန်းအောင်ခါစ အချိန်လောက်က ရေးခဲ့တယ် လို့ထင်ပါတယ်။ ရက်စွဲ ရေးမထားမိပါ။ သိမ်းထားခဲ့တာကို အိမ်ပြန်တုန်းက ပြန်တွေ့လို့ ယူလာခဲ့တာပါ။ အဲဒီတုန်းက လက်ရေးလေးကိုလည်း တွေ့နိုင်ပါတယ်။ လက်ရှိ (ပျက်စီးသွားသော) လက်ရေးကို မြင်ချင်ရင်တော့ ဒီမှာ သွားကြည့်ပါ။

…………..

ဆေးစပ်လွဲတဲ့ ပန်းချီကားတစ်ချပ်



ကျောင်းဆင်းခေါင်းလောင်း ထိုးသည်မှာ အတော်ကြာသွားလေပြီ။ ကျောင်းဝင်းအတွင်းတွင် ကျောင်းသားကလေးများ ကုန်လုနီးပါးပင်ဖြစ်သည်။ ကျောင်းအ၀င် တံခါးအနီးတွင် အသားဖြူဖြူ မျက်ဝန်းနက်နက်ကလေးများကို ပိုင်ဆိုင်သော ကလေးမလေး တစ်ယောက်သည် အိမ်မှ ကားအကြိုကို စိတ်မရှည်စွာ စောင့်ဆိုင်းနေလေသည်။

သူမ၏ မျက်လုံးများသည် ကျောင်းဝင်း အပြင်ဘက်ထောင့်ရှိ ကုက္ကိုပင်ကြီးအောက်သို့ တချက်တချက် အကြည့်ရောက်သွားသည်။ သစ်ပင်ကြီးအောက်တွင် လူကြီးတစ်ယောက်သည် ဆေးလိပ်တိုတစ်ခုကို ကိုက်ခဲလျက် ပန်းချီကားတစ်ချပ်ကို စိတ်ပါလက်ပါ ရေးဆွဲလျက်ရှိသည်။ ထိုလူကြီးကို လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်မှစ၍ သူမသတိထားမိခဲ့သည်။ ထိုလူကြီးကို သူမစိတ်ဝင်စားသည်။ သူရေးဆွဲနေသော ပန်းချီကားကိုလည်း စိတ်ဝင်စားသည်။ ထိုလူကြီးထံ သွားရောက် စကားစမြည်ပြောရန်ကိုလည်း သူမအလိုရှိသည်။ သို့သော်မ၀ံ့ရဲ။

လူကြီး၏ ပုံသဏ္ဍာန်မှာ ထောင်ထောင်မောင်းမောင်းနှင့်။ မုတ်ဆိတ်မွေးပါးသိုင်းမွေးများက သူ၏မျက်နှာကို ၀န်းရံထားသည်။ အေးစက်၍ အရောင်ဖျော့နေသော မျက်လုံးအစုံတို့က ပတ်ဝန်းကျင်ကို တစ်ချက်ကလေးမျှ ဂရုမထားပဲ ဆွဲလက်စ ပန်းချီကားကိုသာ စူးစိုက်နေပုံရသည်။ မိန်းကလေးသည် စောင့်ဆိုင်းရခြင်းအပေါ် စိတ်မရှည်တော့ဘဲ လက်မှနာရီကို တစ်ချက်ကြည့်ကာ မျက်မှောင်တစ်ချက်တွန့်လိုက်သည်။ လူကြီးရှိရာဘက်သို့ လှည့်ကြည့်လိုက်ရင်း သူနှင့်စကားပြောလိုစိတ်က ပြင်းပြလာသည်။ သူမသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး လူကြီးရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

ကင်းဗတ်စပေါ်သို့ ထိုးကျလာသော အရိပ်မည်းကလေးတစ်ခုကြောင့် လူကြီးသည် နောက်သို့အမှတ်မထင် လှည့်ကြည့်လိုက်သည်။ သူနှင့်မလှမ်းမကမ်းတွင် ရပ်လျှက် ၀ိုင်းစက်သော မျက်လုံးအစုံဖြင့် သူ့ကိုစိုက်ကြည့်နေသော ကလေးမလေးကို တွေ့လိုက်သည်။

“ဘာကိစ္စလဲကွယ့်.. ကလေး”

သူ၏ နူးညံ့သောလေသံကြောင့် သူမအားတက်သွားကာ ပါးချိုင့်ကလေးများ ပေါ်အောင် ပြုံးလိုက်ပါသည်။

“ဟို.. သမီးက ဦးရဲ့ ပန်းချီကားကို စိတ်ဝင်စားလို့ပါ။ သမီးကို ကြည့်ခွင့်ပြုပါနော်”

မိန်းကလေး၏ သွက်လက်ချက်ချာသော စကားသံကလေးကို လူကြီးက သဘောကျသွားဟန်ဖြင့် လက်ထဲက စုတ်သံကို ခွက်ထဲသလို့ ထည့်လိုက်ကာ မိန်းကလေးဘက်သို့ မျက်နှာချင်းဆိုင် လှည့်ထိုင်လိုက်သည်။

“သြော်.. ကလေးက ပန်းချီကို စိတ်ဝင်စားသလား.. ဒါနဲ့ ကလေးနာမည်က ဘယ်လိုခေါ်သတုန်း”

“ကေသီပါ”

“ဘယ်နှစ်တန်းရောက်ပြီလဲ ကွယ့်”

“ခုနစ်တန်းရောက်ပါပြီ”

“သြော်.. သြော်….”

လူကြီးသည် မိန်းကလေးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ အရောင်တောက်ပလာပြီး တဒင်္ဂအတွင်းမှာပင် ပြန်လည်မှေးမှိန်သွားသည်။

သူမက လူကြီး၏ မျက်နှာအပြောင်းအလဲကို ဂရုမထားမိမီ ကားအဖြူလေးတစ်စီးက ကျောင်းတံခါးဝမှာ ဆိုက်ရောက်လာသည်။ မိန်းကလေးက သူ့ကို နှုတ်ဆက်ပြီး ကားလေးရှိရာသို့ ပြေးသွားလေသည်။

…………………

ဒုတိယမြောက်နေ့မှာလည်း မိန်းကလေးက လူကြီးရှိရာသို့ ရောက်လာခဲ့သည်။ လူကြီးသည် ပထမနေ့ထက်ပင် နူးညံ့ချိုသာစွာဖြင့် မိန်းကလေးကို ဆက်ဆံခဲ့သည်။ သူရေးဆွဲနေသော ပန်းချီကားကို စိတ်ဝင်စားစွာ ကြည့်ရှု၍ မေးခွန်းထုတ်သမျှကို သူကလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။

ထိုနေ့က သူမ အိမ်ပြန်အရောက်မှာတော့ သူမ၏ မာမီက သူမကို မမျှော်လင့်သော တုံ့ပြန်မှုဖြင့် ဆီးကြိုလိုက်သည်။

“ကေသီ….”

မာမီ၏ တင်းမာသောလေသံကြောင့် သူမ လန့်ဖျတ်သွားပြီး လွယ်အိတ်ကြိုးကိုတင်းကျပ်စွာ ဆုပ်ကိုင်မိပါသည်။

သူမ၏ ကြောက်လန့်မှုကြောင့် အမျိုးသမီးက အသံကို အနည်းငယ်ပျော့ပြောင်းလိုက်ပြီး

“သမီး.. ထိုင်ပါဦး”

သူမ ဆက်တီမှာ ခပ်ကုတ်ကုတ် ထိုင်လိုက်ချိန်မှာ အမျိုးသမီးက မေးခွန်းထုတ်တော့သည်။

“သမီး ကေသီ .. မနေ့က ကျောင်းထောင့်က သစ်ပင်ကြီးအောက်မှာ စုတ်စုတ်ပြတ်ပြတ် လူတစ်ယောက်နဲ့ စကားပြောနေတယ်ဆို”

သူမက ဒရိုင်ဘာ ရှိရာကို လှမ်းကြည့်လိုက်တော့ သူကမျက်နှာလွှဲပြီး အိမ်ဘေးဘက်ကို လျှောက်သွားလေသည်။ မာမီ့မျက်နှာကို မော့ကြည့်လိုက်တော့ အလိုမကျဟန်က ပေါ်လွင်နေသည်။

“ဟုတ်ပါတယ် မာမီ.. ဟို.. သူက လူကြီးတစ်ယောက်ပါ။ ပန်းချီဆရာကြီးပါ။ လူကောင်းတစ်ယောက်ပါ။ ပြီးတော့….”

“တော်စမ်းသမီး.. အခုမှ တွေ့ရတဲ့ လူတစ်ယောက်အကြောင်းကို သမီး မဝေဖန်နိုင်သေးပါဘူး။ အဲဒီ သူ့နာမည်က ဘယ်သူလဲ။ ဘယ်ကလဲ”

အဲ.. မာမီပြောမှပဲ လူကြီးနာမည်ကို လုံးဝ မမေးမိသေးတာ သတိရတော့သည်။ နောက်နေ့တွေ့မှ မေးဦးမည် ဟု စိတ်ထဲမှာ မှတ်ထားလိုက်သည်။ သူမထံမှ စကားသံ ထွက်မလာတော့ မာမီက..

“ကဲ.. သမီး..။ လူတစ်ယောက်အကြောင်းကို ဘာမှ မသိပဲ လက်ခံစကားပြောမနေသင့်ဘူးကွဲ့။ နောက်ကို အဲဒီလို စုတ်စုတ်ပြတ်ပြတ် လူတွေနဲ့ စကားမပြောရဘူးနော်…”

သူမ ခေါင်းကို ငုံ့လျက် ငြိမ်နေတော့ မာမီက ထလာပြီး သူမဆံပင်ကလေးများကို လက်ဖြင့် ပွတ်သတ်ကာ ပျော့ပြောင်းစွာ ပြောလေသည်။

“မာမီ့ကို ဆူလို့ဆိုပြီး စိတ်မဆိုးရဘူးနော်.. သမီး။ မာမီက သမီးလေးကို စိုးရိမ်လို့ပါကွယ်။ သမီးတို့အရွယ် ကလေးတွေက သိပ်ကို စိုးရိမ်ရတယ်ကွယ့်.။ သမီးလေး ငယ်ပါသေးတယ်။ လောကကြီးအကြောင်းကို ဘာမှ မသိသေးဘူး။ လူကောင်းတွေရှိသလို လူဆိုးတွေလည်း ရှိတယ်။ တကယ်လို့ ဟိုလူဟာ လူဆိုးတစ်ယောက် ဖြစ်ပြီး သမီးလေးရဲ့ ဆွဲကြိုးတို့ လက်စွပ်တို့ကို လုယူသွားရင် ဘယ့်နှယ်လုပ်မလဲကွယ်။ နောက်ပြီး သမီးနားမလည်တဲ့ အန္တရာယ်တွေ..။ အို… သမီးကို ချစ်လွန်းလို့ စိတ်ပူလွန်းလို့ မေမေဆူတာ စိတ်မဆိုးနဲ့နော်”

သူမစိတ်ထဲကတော့ လူကြီးဟာ ဒီလိုလူစားမျိုး ဟုတ်လိမ့်မယ် မထင်ပါဘူး မာမီရယ် ဟု ပြောနေမိသည်။ ဒါပေမယ့် ခေါင်းကို ညိတ်လိုက်ပြီး

“စိတ်ချပါ မာမီ။ မာမီ့စိတ်တိုင်းကျ ဖြစ်စေရပါမယ်” ဟု ကတိပြုလိုက်တော့ မာမီက ကျေနပ်သွားပြီး သူမခေါင်းကလေးကို တစ်ချက်ပုတ်ကာ အိမ်ထဲသို့ဝင်သွားပါသည်။ မာမီ့ကို သူမ သိပ်ချစ်ပါသည်။ မာမီ စိတ်မချမ်းသာမှာကို သူမ မလိုလားပါ။ အို.. တကယ်တော့ မာမီရော ဒယ်ဒီပါ သူမကို သိပ်ချစ်ကြတာကိုလည်း သူမ ကောင်းကောင်းသိပါသည်။

………….......


သို့ရာတွင် တတိယမြောက်နေ့၏ ကျောင်းဆင်းချိန်တွင်လည်း လူကြီးရှိရာသို့ သူမ သွားခဲ့ပါသည်။

ဦး.. နေကောင်းတယ်နော် ဟုပြုံးရယ်ကာ နှုတ်ဆက်ပြီး လူကြီးကို လှမ်းအကြည့်မှာ လူကြီးက သူမကို စူးစူးစိုက်စိုက်ကြီး ကြည့်နေတာကို သူမ တွေ့လိုက်ရသည်။ လူကြီး၏ မျက်ဝန်းထဲ၌ တစုံတရာကို တွေ့မြင်ရသလိုလည်း ခံစားလိုက်ရသည်။ သူမ ကျောထဲ စိမ့်ကနဲ ဖြစ်သွားကာ မာမီ့ပြောစကားများကို ကြားယောင်လာမိသည်။ သူမ ခြေတစ်လှမ်း နောက်သို့ အမှတ်မထင် အဆုတ်မှာ လူကြီးက မျက်နှာလွှဲသွားပြီး အဝေးတနေရာသို့ မှိန်ဖျော့သော မျက်လုံးများဖြင့် ငေးကြည့်နေပြန်သည်။

“ဦးမှာလည်း ကလေးလိုပဲ သမီးလေးတစ်ယောက် ရှိတယ်”

မမျှော်လင့်သော စကားကြောင့် သူမ ကြောက်ရွံ့မှုများ ပြေပျောက်သွားပြီး အံ့သြမှုကို ခံစားလိုက်ရသည်။

“အို.. ဟုတ်လား။ ဘယ်အရွယ်ရှိပြီလဲ ဟင်”

“အင်း.. ရှိရင်တော့ ကလေးတို့ အရွယ်လောက်ပဲပေါ့ကွယ်..”

“ရှိရင်တော့..” သူမသံယောင်လိုက်လိုက်သည်။

“ဟုတ်တယ် သမီးလေးဟာ နှစ်နှစ်သမီးအရွယ်ကပဲ ပျောက်ဆုံးသွားခဲ့တယ်။ သေသလား ရှင်သလားတောင် မသိပါဘူးကွယ်”

သူမ သူ့ကို သနားစာနာလာမိသည်။ သူက အဝေးကိုမျှော်ငေးရင်း စကားကို ဆက်ပြန်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတော့ ဦးမှာ ပျော်ရွှင်စရာ မိသားစုလေး ရှိခဲ့တာပေါ့ကွယ်။ ဦးရယ် ဦးရဲ့ဇနီးရယ် သမီးလေးရယ် အတူနေခဲ့ရတဲ့အချိန်ဟာ အပျော်ရွှင်ဆုံးနေ့ရက်တွေပေါ့။ ဒါပေမယ့် သမီးလေး နှစ်နှစ်အရွယ်ရောက်တော့ ဦးတို့ဘ၀အတွက် ဆိုးရွားတဲ့ ကံကြမ္မာတစ်ခု ဖန်လာခဲ့တယ်။ ဦးဇနီးရဲ့ မိဘများရှိတဲ့ မြစ်ဝကျွန်းပေါ် ရွာကလေးတစ်ရွာကို အသွားမှာ မမျှော်လင့်ဘဲ မော်တော် တိမ်းမှောက်ခဲ့တယ်”

“အိုး.. ဖြစ်ရလေ..” သူမက ရေရွတ်လိုက်ပါသည်။

“ဦးကတော့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့တယ်။ ဦးဇနီးရဲ့ အလောင်းကိုလည်း ဆယ်ရခဲ့တယ်။ သမီး.. သမီးကလေးကတော့ အလောင်းကိုလည်း ရှာမတွေ့၊ သေသလား ရှင်သလားတောင် မသိတော့ပါဘူးကွယ်။ လူတွေကတော့ ပြောကြတယ်။ သေသွားတာပဲ ဖြစ်နိုင်တယ် တဲ့။ ဒါပေမယ့် တနေရာရာကို မျောသွားပြီး အသက်ရှင်နိုင်သေးတယ်လို့ ဦးထင်တယ်ကွယ်။ သမီးလေးကို ဦး တစ်နေ့မှ မေ့လို့မရပါဘူးကွယ်။ အထူးသဖြင့် ကလေးတို့အရွယ် မိန်းကလေးတွေကို တွေ့ရင် ပိုသတိရတယ်”

မိန်းကလေးသည် ကြေကွဲစွာဖြင့် တိတ်ဆိတ်သွားသည်။ ပြီးတော့မှ..

“ဒါပေမယ့်လည်း အခုနေ ဦးသမီးလေးကို ပြန်တွေ့ရင်တောင် မှတ်မိဖို့ ဘယ်လွယ်တော့မလဲနော်.. နှစ်တွေက ကြာခဲ့ပြီပဲ”

လူကြီးက မိန်းကလေးဘက်သို့ လှည့်ကာ မချိတရိ ပြုံုးပြလိုက်သည်။

“မှတ်မိတာပေါ့ ကလေးရယ်.. သမီးရဲ့ လက်ယာဘက် ခါးဘေးမှာ ကျပ်ပြားဝိုင်းလောက် အမှတ်မဲမဲကြီးတစ်ခု ရှိတယ် ကွဲ့”

မိန်းကလေး၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး ပါးစပ်မှ အာမေဋိတ်တစ်ခု လွင့်စင်ကျလာသည်။

တီ.. တီ..

ထိုစဉ် ကားဟွန်းသံတစ်ခုကို ကြားလိုက်ရလျှင် မိန်းကလေး၏ ကိုယ်မှာ ဆတ်ကနဲ တုန်လှုပ်သွားသည်။ သူမသည် တစုံတရာ ပြောလိုဟန်ဖြင့် လူကြီးကို တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ချာကနဲလှည့်ကာ ကားဖြူလေးရှိရာသို့ ခပ်သွက်သွက်လှမ်းသွားလေသည်။ ကားကလေး မောင်းထွက်သွားပြီး မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ လူကြီးသည် မျက်တောင်မခတ်ကြည့်ရင်း ကျန်ခဲ့လေသည်။

“သွားတော့ ကလေးရယ်။ ကလေးကို နှုတ်မဆက်ဖြစ်လိုက်တဲ့ အတွက်တော့ ဦးကိုခွင့်လွှတ်ပါ။ မနက်ဖြန်ဆိုရင်တော့ ဦးတို့ တွေ့ကြရတော့မှာမှ မဟုတ်ပဲ”

သူ၏ အိမ်လခ အပြေအလည် မပေးဆပ်နိုင်မှုကြောင့် အိမ်ရှင်က သတိပေးခဲ့သည့်ရက်မှာ မနေ့ကပင် ပြည့်ခဲ့ပြီဖြစ်သည်။ မနက်ဖြန် နံနက်တွင် သူသည် အခြားမြို့ကလေး တစ်မြို့သို့ အပြီးအပိုင် ပြောင်းရွှေ့တော့မည် ဖြစ်သည်။

…….........


ဒီနေ့လည်း လူကြီးနှင့် စကားပြောနေမိသည့်အကြောင်းကို မာမီ့ကို ပြန်မတိုင်ရန် ဒရိုင်ဘာကို လာဘ်ထိုးပြီးသည့်နောက်ပိုင်း သူမလည်း အနည်းငယ်ပေါ့ပါးသွားသည်။ အိမ်ရှေ့ဧည့်ခန်းထဲတွင် ထိုင်နေကြသော ဒယ်ဒီနှင့် မာမီကို ဟန်မပျက် နှုတ်ဆက်ပြီး အခန်းထဲသို့ မပြေးရုံတမယ် ၀င်လာခဲ့သည်။

သူမ၏ အခန်းတံခါးကို ပိတ်လိုက်ပြီးသည်နှင့် တပြိုင်နက် သူမ ကုတင်ပေါ်သို့ အရုပ်ကြိုးပြတ် လှဲချလိုက်လေသည်။ ခေါင်းအုံးပေါ်သို့ မျက်နှာအပ်ရင်း အတိတ်မှ ဖြစ်ရပ်များက သူမအာရုံထဲသို့ ရုပ်ရှင်ပြသလို တစ်ကွက်ချင်း ၀င်ရောက်လာသည်။

နုနယ်သော ကလေးဘ၀ကို မည်သည့်နေရာတွင် မည်ကဲ့သို့ ကုန်လွန်ခဲ့ကြောင်း အသေအချာ မမှတ်မိခဲ့သော သူမသည် ဆင်းရဲနွမ်းပါးသော မိန်းမကြီးတစ်ယောက်၏ ခေါ်ဆောင်မှုဖြင့် ဒယ်ဒီနှင့် မာမီတို့အိမ်ကို ရောက်လာခဲ့သည်ကိုတော့ ကောင်းကောင်းမှတ်မိနေခဲ့သည်။ သူမကို သမီးအဖြစ် အပြီးအပိုင်မွေးစားခဲ့ပုံ၊ ပုသိမ်မြို့တွင် နေထိုင်ခဲ့ပြီး ၀န်ထမ်းဖြစ်သူ ဒယ်ဒီ၏ အပြောင်းအရွှေ့များကြားတွင် လိုက်ပါရင်း သူမဘ၀ ကြီးပြင်းလာခဲ့ပုံ၊ သားသမီးရင်း မရှိသော ဒယ်ဒီရောမာမီပါ သူမကို သိပ်ချစ် သိပ်အလိုလိုက်ခဲ့ပုံ များကို တရေးရေးမြင်ယောင်လာသည်။ နောက်ပိုင်းတွင်တော့ မိမိကိုယ်မိမိ မွေးစားသမီးအဖြစ်ကိုပင် မေ့လျော့ကာ ဒယ်ဒီမာမီတို့၏ သမီးကလေးအဖြစ် ကျေနပ်ပျော်ရွှင်စွာဖြင့် နေခဲ့ရသည်ပဲ။

ကလေးမလေးသည် ခေါင်းကို ပြန်ထောင်လိုက်သည်။ သူမ၏မျက်ဝန်းတွင် မျက်ရည်စတို့ ဝေ့သီလာသည်။ ကုတင်ပေါ်မှ ထလိုက်ပြီး အခန်းထောင့်ရှိ မှန်တင်ခုံသို့ လေးလံသော ခြေလှမ်းများဖြင့် တလှမ်းချင်း လျှောက်လာခဲ့သည်။ မှန်ရှေ့တွင် ဒူးထောက်လိုက်ပြီး သူမ၏ အကျီင်္ကို တဖြည်းဖြည်း မ,တင်လိုက်သည်။ လယ်ယာဘက် ခါးတွင်တော့ ထင်ရှားသော အမှတ်ဝိုင်းကြီးတစ်ခု။

ဖေဖေ.. ဖေဖေရယ်..

သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များ တလိမ့်လိမ့် စီးဆင်းလာကာ ကြမ်းပြင်ပေါ်သို့ ပေါက်ကနဲ ကျသွားလေသည်။ အို… ထူးဆန်းသော ကံကြမ္မာသည် သူမတို့ သားအဖကို ပြန်လည်ဆုံတွေ့ရန် ဖန်တီးခဲ့ပေပြီ။ မနက်ဖြန် ကျောင်းဆင်းလို့ ဖေဖေနှင့်တွေ့လျှင်တော့ အကြောင်းစုံကို သူမ ရှင်းလင်းပြောပြရမည်။ ပြီးတော့ သူမ မေးမြန်းရန် မေ့လျော့နေခဲ့သည့် ဖေဖေ့နာမည်ကိုလည်း မေးရဦးမည်လေ….။




ပန်ဒိုရာ



20 comments:

Younggun said...

အဲလိုပဲ နင့်နေအောင် ခံစားသွားရစေတာကိုက အနုပညာလားဗျာ။ အဲဒါဆိုရင်တော့ အနုပညာသမား မလုပ်ချင်တော့ဘူး။ အကြမ်းပညာပဲလုပ်တော့မယ်။ ဘယ့်နှယ်ဗျာ တေ့လွဲလေးကလဲ ချစ်သူရည်းစားဆို တော်သေးတာပေါ့။ အခုဟာက သားအဖချင်း ခွဲပစ်ရက်တယ်။ .. ဝေဖန်လိုက်ပါပြီ။ လေကန်ရန် အသင့်အနေအထားဖြင့် ရှိနေပါမည်။ ဖတ်မိတာကိုက ပထမအမှား။ ဒုတိယအမှားကတော့ လွန်လွန်ကျွံကျွံကို ခံစားပစ်လိုက်မိတာပါပဲ။ အခုတစ်လော နလုံးကသိပ်ကောင်းတာ မဟုတ်ဘူး။ ဟွန်းးး။

mgphonemyint said...

လက်ရေးမူ ၂ခုလုံးတိုက်ဆိုင် စစ်ဆေးခဲ့ပါတယ်
တရာခံကို လိုက်ရှာဘို့ ကာယကံရှင် ကိုယ်တိုင် ပူးပေါင်းကူညီပေးပါ ။

ATN said...

ဆက်သွားတဲ့ လှေကားထစ်တွေကို မြင်ရတယ်...
ပြီးရင် ပြုတ်ကျတော့မယ်ဆိုတာလည်း သိနေတယ်...
ဝတ္ထုတိုကောင်းလေးပါ... ကောင်းပါတယ်...

မေငြိမ်း said...

အင်း ဒီကလေးမလေး.. အတော် မခေတာပဲ...။ မှတ်မှတ်ရရ.. မေငြိမ်းဖြင့် ၁၀တန်းအပြီးလောက်မှာ ၀တ္ထုမရေးသေး။ ရည်းစားစာပဲ ရေးနေသေးတာ..။ အော်.. ခုမှ အဖိုးတန် ရွှေပန်ကို တွေ့ရလေတယ်..။
တကယ့်ကို ချီးကျူးပါတယ်ဗျာ....

MDW said...

ငယ်ငယ်တုန်းက လက်ရာလေးက တကယ်ပဲ ကောင်းပါတယ်။ အဲဒီအရွယ်နဲ့ ဒီလောက်ရေးနိုင်တာ ချီးကျူးစရာပဲ။
တောက်မယ့်မီးခဲ ပန်ဒိုရာပေါက်စရဲ့ လက်ရေးလေးကလဲ ချစ်စရာ။ :)

စူး said...

မပန်. တော်လိုက်တာ...

အဆုံးသတ်ကလေးကလဲ ဘာသာပြန်အတိုင်းလေး သိမ်းထားတယ်..

မြန်မာ မျက်စိလေးနဲ့ကျတော့... သူတို့သားအဖ ပြန်ဆုံစေချင်တာပေါ့..

သနားပါတယ်.. နောက်ဆို ပြန်ပဲ ဆုံပေးနော်

rose of sharon said...

ငယ်ငယ်တုန်းကရေးထားတာတဲ့လား... တော်လိုက်တာကွယ်...

MANORHARY said...

ပန်ဒိုရာ၏ငယ်လက်ရာအားဖတ်ရှုသွားပါသည်။

သန့်စင် said...

အော် ....ဒါကြောင့်
ပန်ဒိုရာ ရယ်လို့ နာမည်ကြီး နေတာကိုး

Beauty Studio USA Branded Store said...

အဲဒီအချိန်ထဲက ရေးတတ်လိုက်တာနော်။ပါရမီပဲ။

ကျော်ညိုသွေး said...

ကောင်မလေးက သူ့အဖေနာမည်မသိသွားဘူးဆိုတော့ စာရေးသူကတော့သိမှာပေါ့နော
ပြောပြ...။

kay said...

အဖြေလွှာ စာရွက်လေးတွေ မြင်ပြီး..အရမ်းပြုံးမိသွားတယ်။

ဝတ္တုလေးက..ပထမဆုံး ဆိုတာထက်ကို ပိုပြီး သေသပ်လှပနေပါတယ်။ Pandorae Twist လေး ကလည်း.. သပ်သပ်ရပ်ရပ်။

အိန္ဒြာ said...

ပန်ရေ...

စာရေးဖို့လူဖြစ်လာတယ်လို့...
လွယ်လွယ်ကူကူလေးပဲ ချီးကျူးလိုက်မယ်...နော်..။

ဆက်ရေးတော့
မသေမချင်း.......

မောင်ဖားကြီး said...

ငယ်လက်ရာကလည်း ဆန်းသစ်နေဆဲပါဗျာ

ဆောင်းယွန်းလ said...

ငယ်ငယ်ကတည်းကလက်ရာကောင်းခဲ့တာပါလား
မပန်ရေ

ကြည်ဖြူပိုင် said...

ငယ်ကတည်းက လက်ရာလေးလား..တကယ့်ပါရမီရှင်ပဲနော်....လေးစားအထင်ကြီးသွားးပါတယ်။

အိုင်လွယ်ပန် said...

တစ်ခါတလေ ဘဝထဲမှာပဲ
အလှည့်အပြောင်းတွေက ဆန်းကျယ်လွန်းတယ် ..

ကျွန်တော်လင့်ခ် ထားပါတယ် ...
ကောင်းသောနေ့ပါအစ်မရေ ...

Doughnut IO said...

လှတယ်။

ဇာတ်လမ်းက မဆန်းဘူး။

အရေးအဖွဲ့နဲ့ အစီအစဉ်က ဆန်းတာ။

ပညာသားလဲ ပါတယ်။

ကောင်းလှပါပေတယ်။

လောရှည်။ http://tales.lawshay.com

Angel Shaper said...

မရေ... ငယ်လက်ရာတဲ့အား။။
လေးစားအားကျသွားပါတယ်နော်။

yangonthar said...

အစ်မ မင်္ဂလာပါ အရေးအသားကတော့ ထူးပြီးပြောစရာ မရှိအောင် အတုယူစရာ အတိပါပဲဗျာ ဇာတ်လမ်းလေးက လည်း ဝမ်းနည်းစရာ သွေးက စကားပြောတယ် နော် အစ်မ လူမသိပေမယ့် သူသိနေတယ်....

ငယ်သေးခဲ့ပေမယ် တောက် မယ့် မီးခဲ တရဲရဲ နဲ့ အရောင်တွေလက်နေခဲ့  တာပဲနော် .... လေးစားအတု ယူလျှက် .... အေးမြသာယာပါစေ ..... (ရန်ကုန်သား