Monday, August 10, 2009

သွေးစုပ်ဖုတ်ကောင်

အခုတလော ကိုယ်ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ကိုယ့်ဘာသာ ပြန်ဖတ်နေမိပါတယ်။ သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၁) မှာ ဖော်ပြခဲ့တဲ့ ကဗျာလေးပါ။ ဘလော့ဂ်မှာလည်း အမြည်း ရေးခဲ့ပါသေးတယ်။ အဲဒီမှာ မှတ်ချက်တချို့လည်း ရေးသွားကြတယ်။ အခုတော့ ပြန်တင်ချင်စိတ်ပေါ်လာလို့ တင်လိုက်ပါတယ်။




“သွေးစုပ်ဖုတ်ကောင်”


တူတစ်လက်
သစ်သားစို့ကြီးတစ်ချောင်းနဲ့
သူတို့ကိုအရှာထွက်တယ်။

အမှောင်ထဲမှာ
သေနတ်နဲ့ပစ်ပစ် မီးနဲ့ရှို့ရှို့
မသေနိုင်တဲ့ကောင်တွေဟာ
နေရောင်ခြည်ရဲ့အလင်းကိုတော့ ရင်မဆိုင်ရဲကြဘူး
အုတ်ဂူတွေကြား ခေါင်းတလားတွေမှာ ခိုအောင်းလို့
သူတို့ အသက်ဆက်မယ့် အာဟာရ ဆိုတာ
လူရှင်တွေရဲ့ သွေး တဲ့လား
ဒါဟာ လူမဆန်တဲ့တရား။
(အင်း.. သူတို့ကလည်း လူမှ မဟုတ်တော့ဘဲလေ။)

ကောင်းကင်တခုလုံး ပြာစင်လက်
ပန်းပွင့်တွေနဲ့ ပြည့်နှက်နေစေမတတ်
ရည်မှန်းချက်ကြီးခဲ့တဲ့ ဒီကောင်ဟာ
ဗမ်ပိုင်ယာ စလေယာ* ဂိုဏ်းဖွဲ့
သစ်သားစို့ကြီးနဲ့
သူတို့ နှလုံးသားတည့်တည့်ကိုမှ
ရိုက်သွင်းထည့်ဖို့ ကြုံးဝါးလိုက်တယ်။

သုတေသနတွေလုပ်ရတယ်
အုပ်စု ဆွေးနွေးပွဲတွေမှာ စောင့်ကြည့်တယ်
အနီးကပ်ပေါင်းပြီး အင်တာဗျုးရတယ်
ဗမ်ပိုင်ယာ ဒေးဝေါ့ကာ^
တူမလိုလို ကွဲတဲ့ အမျိုးအစားတို့ အကြောင်း
သူတို့ရဲ့ အားသာချက် အားနည်းချက်
အတိတ်သမိုင်းနဲ့ အနာဂတ်အကြံအစည်တို့ အကြောင်း
အရှင်ကောင်ရဲ့ သွေးနဲ့မှ ရပ်တည်ရမယ့်
ပြဌာန်းထားတဲ့ သတ်မှတ်ချက်တွေ အကြောင်း
သေသူရဲ့ သွေးကို မှားယွင်းသောက်မိသူတို့ရဲ့
ရုပ်ပျက်ဆင်းပျက် ဘေးထွက်ဆိုးကျိုးတွေ အကြောင်း။

သူ့တို့ရဲ့ ဖြတ်သန်းပုံနဲ့ ဇာတ်လမ်းစုံ
မဖြစ်ချင်ဘဲ ဖြစ်လာရတဲ့ တချို့ဘ၀အဖုံဖုံ
သေကွဲ ရှင်ကွဲ လွမ်းစရာ့ပုံပြင် တွေကတော့
ငါ့ရင်ကို ဟက်တက် ထိ စေတယ်
ဘယ်လိုဖြစ်ဖြစ်လေ
သွေးစုပ်တယ်ဆိုတာ
မသတီစရာပါပဲ
ငါက စိတ်ကိုတင်းတယ်
အမှားနဲ့ အမှန်ဆိုတာ
ကမ္ဘာ တခြမ်းစီမှာပဲ နေထိုင်ရမယ်။

တနေ့ အိပ်ရာအထ
နေရောင်ကို မြင်လိုက်ရ
ပိုးကြွယားယံဖျိုးဖျဉ်း
အမှောင်တွင်း ၀င်ပြေးရတယ်
ဘယ်လိုဖြစ်သွားခဲ့သလဲ
ဆာ တယ် ဆာ တယ်
ဘာနဲ့မှ အာသာမပြေတဲ့ ငါ
သွေးညှီနံ့ မှာ ကောက်ကောက်ပါ။

သွေးစုပ်ဖုတ်ကောင်တို့ရဲ့ ဂျန်နရေးရှင်းဟာ
သွေးစုပ်ခံရသူတွေ ကိုယ်တိုင်ပါပဲ.. တဲ့
ဟာ….
သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။



ပန်ဒိုရာ



*vampire slayer
^ daywalker



14 comments:

Phyo Evergreen said...

ဒီကဗျာကို သံလွင်မှာ ဖတ်မိကတည်းက အန်တီပန်နဲ့ သွေးစုတ်ဖုတ်ကောင် ကိုတွဲပြီးမှတ်မိနေတာ..။

ဆာတယ်ဆာတယ်
ဘာနဲ့မှာအာသာမပြေတဲ့ငါ
သွေးညှီနဲ့မှာကောက်ကောက်ပါတယ်.. ဆိုတဲ့အပိုဒ်လေးစိတ်ထဲစွဲနေတယ်..။

ဖုန်းမြင့် said...

၃ ခေါက်တိတိ ဖတ်ခဲ့ကြောင်းပါ
vampire အဲလေ pandora ...;)

မယ်ကိုး said...

ကောင်းလိုက်တဲ့ ကဗျာလေး မရေ...

MANORHARY said...

သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။
,,,,,,,,,,,,,,တဲ့............

Ko Paw said...

ကောင်းတယ်ဗျ။ ပြန်ဖတ်ကြည့်တော့လည်း ကြိုက်တာပဲ။ အပြင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ဆက်စပ်ခံစားလိုက်ရင်တော့ အားပါး…ဘာပြောကောင်းမလဲ။ အမှောင်ထဲ ၀င်ပြေးကြရတဲ့လူတွေ မနည်းတော့ဘူးထင်ပါ့။

Shunn Lae said...

အရမ်းကောင်းတယ် မပန်။ ကျွန်တော်လည်း ကြိုက်တယ် ဒီကဗျာကို...

Moe Myint Tane said...

ဟာ...
သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။

တဲ့လား။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

minn thuka said...

"ဟာ….
သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။"
ကဗျာ တပိုဒ်လုံးရဲ့အသက်ကို ဒီမှာထဲ့သွားတာ
လှချက်က....
့မည်သံစွဲ..ဟာ ဆိုတာလေး ထဲ့လိုက်တာ
ကဗျာကိုပို အသက်ဝင်စေတယ်...
မတော်တဆ အဲဒီအပိုဒ်လေး မဖတ်မိရင်
ကဗျာဆရာမ ရင်ကွဲနာကျလောက်တယ်..
လေးစားစွာဖြင့်

Younggun said...

အမှားနဲ့ အမှန်ဆိုတာ ကမ္ဘာ တခြမ်းစီမှာပဲ နေထိုင်ရမယ်။ ဟုတ်တယ်..။ ဇာတ်သွင်းခံလိုက်ရတဲ့ မျိုးဆက်သစ် ဖုတ်ကောင်အတွက် တူနဲ့စို့ကို သူကိုယ်တိုင် သုံးဝံ့ပါဦးမလား..။

Craton said...

ကောင်းတယ်..

သက်ပိုင်သူ said...

သည်ကဗျာ...
ဖတ်ရသမျှ အကောင်းဆုံးထဲမှာ ပါတယ်

Angel Shaper said...

ဖတ်တယ်မရေ...
နောက်ဆုံးပိုဒ်လေး စားတယ်။
သွေးစုပ်ဖုတ်ကောင်တို့ရဲ့ ဂျန်နရေးရှင်းဟာ
သွေးစုပ်ခံရသူတွေ ကိုယ်တိုင်ပါပဲ.. တဲ့
ဟာ….
သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။
အဟုတ်ကို ကြိုက်တယ်။

ကျော်ညိုသွေး said...

သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။

ဆိုတဲ့ စာသားက တော်တော်ငြိသွားတယ်။

မောင်ဖားကြီး said...

သြော် ငါကိုယ်တိုင်လည်း သွေးစုပ်ဖုတ်ကောင်ဖြစ်ခဲ့မှန်း မသိခဲ့မိပါလား