ပုံ ဒီက
No Man’s Land ဆိုတဲ့ စပိန်စကားပြော အင်္ဂလိပ် စာတန်းထိုး ဒီဗွီဒီ လေး ကြည့်ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က ထုတ်ခဲ့တဲ့ ကားပါ။ ဘော့စနီးယား စစ်မြေပြင်ကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Branko Djuric နဲ့ Rene Bitorajac တို့က အဓိက သရုပ်ဆောင်ထားပါတယ်။
No Man’s Land ဆိုတာ စစ်ပွဲတစ်ပွဲမှာ ရန်သူဘက် ကိုယ့်ဘက် နယ်နိမိတ်နှစ်ခုထဲမှာ မဟုတ်ဘဲ ကြားမှာ လွတ်နေတဲ့ နေရာကို ခေါ်တယ်လို့ ဆိုကြပါတယ်။ ဘယ်ဘက်ကပိုင်သလဲ ဆိုတာ အငြင်းပွားတဲ့ နေရာ ဖြစ်နိုင်သလို ကိုယ့်လျှောက်မြောင်း (trench) ထဲက ထွက်ပြီး အဲဒီမှာ သွားနေရာယူလိုက်ရင် တဘက်က တိုက်ခိုက်မှုကို ခံရနိုင်တာမို့ ဘယ်သူမှ မယူတဲ့နေရာ လို့လည်း ပြောတယ်။
ဇာတ်လမ်းရဲ့အစမှာ အရုဏ်ဦး ဝေလီဝေလင်းမှာ ချီတက်လာတဲ့ ဘော့စနီးယား စစ်သားတစုဟာ No Man’s Land မှာ အတိုက်ခိုက်ခံရပုံကို ပြထားပါတယ်။ အဲဒီမှာရှိနေတဲ့ လျှောက်မြောင်း ထဲကို ချီကီ (Ciki) လို့အမည်ရတဲ့ စစ်သားတစ်ယောက်ပဲ အသက်မသေဘဲ ကျသွားခဲ့တယ်။ နောက်ကျတော့ တဘက်ရန်သူဖြစ်တဲ့ ဆာ့ဘ် တပ်က စစ်သားနှစ်ယောက်က အဲဒီအထဲမှာ ကျန်နေသူတွေကို ရှင်းလင်းဖို့လာကြတယ်။ မအူမလည် နီနို (Nino) ဆိုတဲ့ စစ်သားလေးရယ် သူ့ထက်ပိုဝါရင့်ပုံရတဲ့ နောက်တစ်ယောက်ရယ်။
သူတို့လာတာကို သိတော့ ချီကီက အတွင်းမှာ ၀င်ပုန်းနေခဲ့တယ်။ အဲဒီအချိန်မှာ အပြင်ဘက်မှာ ချီကီရဲ့ ရဲဘော်ဖြစ်တဲ့ စစ်သားတစ်ယောက်ရဲ့ အလောင်းက ရှိနေတယ်။ ဆာ့ဘ် စစ်သားအကြီးက နီနိုကို သင်ပြဖို့အတွက် အဲဒီအလောင်းအောက်မှာ လှုပ်ရှားလိုက်ရင် ပေါက်ကွဲနိုင်တဲ့ မိုင်းတစ်ခုကို ထည့်ပြလိုက်တယ်။ အလောင်း လာကောက်သူတွေကို ခြေမှုန်းဖို့ပေါ့။ နောက်တော့ ချီကီက သေနတ်နဲ့ ပစ်လိုက်တာကြောင့် အဲဒီ ဆာ့ဘ်စစ်သားအကြီး သေသွားတယ်။ နီနိုကိုတော့ ချီကီက မသတ်ဘဲ ထားလိုက်တယ်။ သူဒီနေရာကနေ လွတ်မြောက်ဖို့အတွက် တခုခုအသုံးဝင်လို ၀င်ငြားပေါ့။
ပြဿနာစ လာတာကတော့ အလောင်းလို့ ထင်ရတဲ့ ချီကီရဲ့ သူငယ်ချင်းစစ်သားက တကယ့်တကယ်မှာ သေမနေတဲ့အခါမှာပါ။ ဒဏ်ရာတွေနဲ့ မေ့မျောနေရာက ပြန်သတိရလာတဲ့အခါ လှုပ်လိုက်ရင် ပေါက်မယ့် မိုင်းကို ကျောအောက် ခုထားခံရတာကို သိတဲ့အခါ သူ့ခမျာ ဒုက္ခရောက်ရတော့တယ်။
သူတို့ဟာ ပိတ်မိနေတာကို အကယ်ခံရဖို့ တနည်းနည်းကြံရတော့တယ်။ သေနတ်ကိုင်ထားတဲ့ ချီကီက နီနိုကို ယူနီဖောင်းချွတ်ပြီး အလံဖြူဝှေ့ယမ်းပြီး လျှောက်မြောင်းအ၀မှာ အော်ဟစ်ခိုင်းတယ်။ အဲဒီအနီးအနားမှာ ကုလသမဂ္ဂ တပ်တွေလည်း ရှိနေတယ်။ သူတို့က လှမ်းမြင်လိုက်တယ်။
တိုတိုပြောရရင် အဲဒီနောက်ပိုင်းမှာ ပြင်သစ်လူမျိုး တပ်ကြပ်တစ်ယောက်ဖြစ်တဲ့ မာချန် (Marchand) က ပိတ်မိနေတဲ့ ချီကီတို့ စစ်သားသုံး ယောက်ကို တွေ့သွားပြီ ကယ်ဖို့ ကြိုးစားပါတယ်။ သူ့အထက်အရာရှိကြီးကတော့ အဲဒီလိုကူညီဖို့အတွက် အမိန့်မပေးဘူး။ ဘော့စနီးယားမှာ တာဝန်ကျတဲ့ ကုလသမဂ္ဂတပ်တွေရဲ့ အခန်းကဏ္ဍက လူသားချင်းစာနာတဲ့ အကူအညီတွေ ရောက်လာတာကို စောင့်ရှောက်ပေးဖို့နဲ့ စစ်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေတဲ့ ဘေးကလူ သက်သက်သာလျှင်ဖြစ်လို့ ဆိုပဲ။
အဲဒီအချိန်မှာပဲ အင်္ဂလိပ် သတင်းထောက် အမျိုးသမီးတစ်ယောက် က ချီနိုတို့ကို ကယ်ထုတ်ဖို့ စိတ်ပြင်းပြနေတဲ့ မာချန်ကို ကူညီလိုက်ပါတယ်။ မီဒီယာလက်နက်နဲ့ ခြိမ်းခြောက်လိုက်တာပေါ့။ အဲဒီလို စီစဉ်နေတဲ့ အချိန်တွေ ကြာနေတုန်းမှာပဲ ချီကီနဲ့ နီနိုတို့ကြားမှာ ဆက်ဆံရေးက တဖြည်းဖြည်း တင်းမာလာတယ်။ နီနိုက ချီကီကို အလစ်မှာ သတ်ဖို့ကြံတယ်။
ကုလတပ်တွေက ကယ်ထုတ်ခွင့်ရဖို့ အဆင်ပြေသွားတော့ နောက်တခေါက် ပြန်ရောက်လာတယ်။ နီနိုက သူတစ်ယောက်တည်း အရင် ပြန်လိုက်မယ် လို့လုပ်တော့ ချီကီက သူ့ခြေထောက်ကို သေနတ်နဲ့ ပစ်ချိုးပြီး တားလိုက်တယ်။ မိုင်းရှင်းတဲ့သူလည်း ရောက်လာပါတယ်။ မိုင်းက အောက်မှာ ပိနေတာ ရှာရတာ တော်တော် ခက်တယ်။ နောက်တော့ မပေါက်ကွဲအောင် ဖယ်ရှားဖို့ မဖြစ်နိုင်တဲ့ မိုင်းအမျိုးအစား ဆိုတာကို သိသွားခဲ့တယ်။
အဲသည့်နောက် ကုလ တပ်သား တွေနဲ့အတူ ချီကီရော နီနိုပါ လျှောက်မြောင်းထဲကနေ တက်လာကြပါတယ်။ သူတို့ကို ကယ်ထုတ်ဖို့ အစပိုင်းက အမိန့်မပေးခဲ့တဲ့ အရာရှိကြီးလည်း တိုက်ရိုက်လွှင့်နေတဲ့ မီဒီယာတွေ ရှေ့မှောက်ကို ရဟတ်ယာဉ် တစ်စီးနဲ့ ရောက်လာပါတယ်။
အဲဒီအချိန်မှာ ချီကီနဲ့ နီနိုတို့က တစ်ယောက်ကို တစ်ယောက် ငြိုးနေကြတုန်းပဲ။ ချီကီက သူ့ကို စောင့်ကြည့်သူတွေ အလစ်မှာ သေနတ်တစ်လက်ကို ယူပြီး နီနိုကိုပစ်ထည့်လိုက်တယ်။ ချီကီကို ကုလတပ်သားတစ်ယောက်က ပြန်ပစ်လိုက်ရတော့တယ်။ အဲဒီမှာ ချီကီရော နီနိုပါ (အကယ်ခံရပြီးခါမှ) ပွဲချင်းပြီး သေသွားတာပါပဲ။ ကုလတပ်သားတွေ သတင်းထောက်တွေ တိုက်ရိုက်လွှင့်နေတဲ့ မီဒီယာကို ကြည့်နေကြသူတွေ အားလုံး တိတ်ဆိတ်သွားတယ်။
ဇာတ်သိမ်းမှာတော့ စစ်သားနှစ်ယောက်ရဲ့ အလောင်းရယ်.. တိတ်ဆိတ်စွာ ပြန်ဆုတ်ခွာသွားရတဲ့ သတင်းထောက်တွေ ကုလတပ်သားတွေရယ်.. အချိန်တခုကို စောင့်ရင်း မိုင်းပေါ်မှာလဲလျောင်းပြီး ချစ်သူရဲ့ဓာတ်ပုံလေးကို ထုတ်ကြည့်နေတဲ့ လျှောက်မြောင်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ စစ်သားတစ်ယောက်ရယ်….။
ဇာတ်လမ်းအကြမ်းဖျဉ်းက ဒီလောက်ပါပဲ။ ဒီဇာတ်လမ်းမှာ မှတ်မှတ်သားသား ဖြစ်ရတဲ့အထဲမှာ ခါးသီးနေကြတဲ့ ဘယ်နှစ်ဘက်က စစ်သားနှစ်ယောက်ရဲ့ ငိုအားထက် ရယ်အားသန် စကားပြောလေးတချို့ပါတယ်။
ချီကီနဲ့ နီနိုတို့ လျှောက်မြောင်းထဲမှာ ရှိနေတုန်း တဘက်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေကျလာလို့ မထိအောင် မနည်း ခိုနေရတဲ့ အချိန်တစ်ခု ရှိခဲ့ပါတယ်။ ကျလာတဲ့ ကျည်ဆံတွေ အမြောက်ဆံတွေကို ကျိန်ဆဲရင်း နှစ်ယောက်သား စကားအခန့်မသင့် ဖြစ်လာတဲ့အခါ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ ချီကီက နီနိုကို ချိန်ပြီး မေးပါတယ်။ “ပြောစမ်း.. ဒီစစ်ကို ဘယ်သူက စ တာလဲ။ (မင်းတို့ဘက်က စတာလား ငါတို့ဘက်က စတာလားပေါ့)” ။ နီနိုက အောင့်သက်သက်နဲ့ “ငါတို့ဘက်က စတာပါ” လို့ ဖြေရတယ်။
နောက်တော့ နီနိုက သေနတ်ရသွားတဲ့ အချိန်တစ်ခုမှာ ချီကီကို ချိန်ပြီး စောစောက သူမေးခဲ့တဲ့ မေးခွန်းကို ပြန်မေးပြီး ကလဲ့စားခြေပါတယ်။ ရယ်လည်းရယ်ရသလို စိတ်မကောင်းလည်း ဖြစ်ရတယ်။ တကယ့်တကယ် အသက်နဲ့ရင်းပြီး စစ်ဆိုတာကြီး တိုက်ကြရတဲ့အခါ စစ်ထဲမှာ ပါဝင်နေရတဲ့ စစ်သားတိုင်းဟာ ပျော်လို့ ကိုယ့်စိတ်နဲ့ကိုယ် တိုက်နေတာမှ မဟုတ်ပဲလေ။
နောက်အခန်းလေးတစ်ခုကတော့ သူတို့ ဆက်ဆံရေး တင်းမာ မလာခင်မှာပါ။ သူတို့နှစ်ယောက်လုံး သိကြတဲ့ ကောင်မလေးတစ်ယောက် ရှိတာကို စကားစပ်မိကြတယ်။ အဲဒီအကြောင်း ကြည်ကြည်သာသာ စကားစမြည်ပြောနေကြတာကို ကြည့်ရသူအဖို့ ဒီစစ်ဆိုတာကြီးသာ မရှိခဲ့ရင် သူတို့နှစ်ယောက်ဟာ လက်ဖက်ရည်ဆိုင်မှာ အတူထိုင်သောက်နေမယ့် မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်သွားနိုင်တယ်လို့တောင် တွေးမိစရာပါ။ အဲလိုအချိန်ကများ ကုလတပ်တွေက စောစောစီးစီး လာကယ်ဖြစ်ရင် ဒီလိုဇာတ်သိမ်းဖြစ်မှာမဟုတ်ဘူးလို့လည်း တွေးမိသေးတယ်။
ရင်ထဲထိတဲ့ စကားပြောတစ်ခုကတော့ သတင်းထောက် အမျိုးသမီးက ပြောလိုက်တာပါ။ ကုလတပ် အရာရှိကြီးက ကြားနေမို့လို့ ဆိုပြီး မကူညီချင်တဲ့ အချိန်တုန်းကပေါ့။
“Neutrality does not exist in the face of murder. Doing nothing to stop it is, in fact, choosing. It is not being neutral.”
“ကြားနေမှု ဆိုတာ သတ်ဖြတ်နေတာရဲ့ မျက်မှောက်မှာ မရှိဘူး။ သတ်ဖြတ်တာကို ရပ်တန်းကရပ်အောင် မတားဘူးဆိုတာကိုက ရွေးချယ်လိုက်တာ ဖြစ်နေပြီ။ အဲဒါ ဘက်မလိုက်တာမှ မဟုတ်ဘဲ။”
အဲဒီစကားက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးပြောခဲ့တဲ့ စကားနဲ့လည်း ဆင်တူပါတယ်။
ဒီဇာတ်ကားက စစ်ရဲ့ သားကောင်ဖြစ်ရတာတွေကို စာနာထားပြီး ကုလသမဂ္ဂရဲ့ ထိရောက်မှု မရှိပုံတွေကိုလည်း လှောင်ပြောင်ထားပုံ ပေါ်ပါတယ်။ သွေးထွက်သံယို မမြင်ရတာဖြစ်ဖြစ် မြင်ရတာပဲဖြစ်ဖြစ် မပြီးဆုံးသေးတဲ့ လက်ရှိစစ်ပွဲတွေမှာရော သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေရဲ့ “ကြားနေမှု၊ ဘက်မလိုက်မှု” ဆိုတာတွေက ဘယ်လို တည်ရှိနေဆဲပါလိမ့်။ ဆက်တွေးစရာပါ။ ဒါမှမဟုတ်လည်း မတွေးဝံ့စရာပါ။
ပန်ဒိုရာ
13 comments:
ပန်ပန်ရေးပြထားတာ ဖတ်ပြီး အဲဒီ ရုပ်ရှင်ကြည့်ချင်သွားတယ်။
နီနိုနဲ့ ချီကီအတွက်စိတ်မကောင်း ဖြစ်မိသလို လျှောက်မြောင်းထဲမှာ တယောက်ထဲ ကျန်ခဲ့ရတဲ့ မိုင်းပေါ်က စစ်သားလေးကိုလဲ ကရုဏာသက်မိတယ်။
စစ်ဆိုတာဖြစ်လာရင် နိုင်တဲ့ဘက်ပဲ ဖြစ်ဖြစ် ရှုံးတဲ့ဘက်ပဲ ဖြစ်ဖြစ် ခါးသီးကြတာချည်းပါပဲ။ နောက်ဆုံး ကောက်နုတ်ထားတဲ့ စကားလေးကိုလဲ သဘောကျပါတယ်။
ကြားနေမှု ဘက်မလိုက်မှုဆိုတာကို လက်မခံနိုင်ပါဘူး။ မမေကတော့ ဘက်လိုက်ပါတယ်။ အမှန်တရားဘက်ကိုပါ။
မတွေးချင်တော့ဘူး တွေးရတာတွေ များလွန်းနေပြီ...း(
ဒီကားလေး အိမ်က အကိုအမတွေ ကြည့်တုန်းက စိတ်မ၀င်စားဘူး။ မ.. ရေးပြမှပဲ ပိုစိတ်ဝင်စားလာတယ်။ ပြန်ကြည့်ဦးမယ်။
သမီးကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဘက်လိုက်တတ်တယ်။ အမှန်တရားဘက်ကိုပေါ့။
ကျေးဇူး မရေ။ ကြည့်ဖြစ်အောင် ပြန်ကြည့်ရမယ့်ဇာတ်ကားပဲနော်။ တွေးစရာတွေ အများကြီးပဲ။
ဒီကားတော့ မကြည့်ဘူးသေးဘူးဗျ။ ဒီနှစ်ထဲမှာ ပြင်သစ် ရုပ်ရှင်ကား နှစ်ကားတော့ ကြည့်ဖြစ်လိုက်တယ်။ Amélie နဲ့ A Very Long Engagement တဲ့။ အရမ်းကောင်းလို့ ညွှန်းလိုက်ပါတယ်။
မိုင်းပေါ်မှာလဲလျောင်းရင်း အချိန်တစ်ခုကိုစောင့်ဆိုင်းရင်း ချစ်သူဓါတ်ပုံလေးကို ထုတ်ကြည့်နေမိတဲ့ စစ်သားတစ်ယောက်ရဲ့ လွင့်ပါးသွားတဲ့ စိတ်ကစဉ့်ကလျားတွေမှာ စစ်ဆိုတာ
ခါး...သက်...လွန်း...တယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အဲဒီကားကို သားကြီးငှားလာလို့ ကြည့်ခဲ့ရတာ.. ။ အဲဒီတုန်းကတည်းက စစ်ပွဲတွေကိုရော ကုလသမဂဆိုတာကြီးကိုပါ အော့ သွားတာ..။ (စစ်ကို စိတ်ညစ်တာကတော့ KILLING FIELD တို့ PLATOON တို့ကတည်းကပါပဲ..
ရုပ်ရှင်ကြည့်သွားတယ်အစ်မ ...
ရင်ရှုပ် သွားပြီ ...
ကောင်းသောနေ့ပါအစ်မရေ :)
စစ်ပွဲတွေ ပြီးဆုံးပြီး ကမ္ဘာကြီး ငြိမ်းချမ်းတဲ့အချိန်မှပဲ ဒီအကြောင်းတွေကို ဆွေးနွေးကြရအောင် အစ်မရေ...အဟီး။
yu ya
ကြားနေတယ်ဆိုတာ...
သတ်ဖြတ်မယ်ဆိုတဲ့ သူတွေကိုမတားသလို...
အားငယ်ဖျော့ရော့နေသူတွေလဲ သူ့ထိုက်နဲ့သူ့ကံဆိုတဲ့ သဘောပေါ့......
ကြားနေတယ်..ဆို..တာ...
အင်း...ကိုကြီးအောင်သာငယ်ပြောသလို
စဉ်းစားရတာတွေ များလွန်းလှပါပြီ
မကြည့်ရသေးဘူး အစ်မရေ... အဲ့လို ကားမျိုးတွေ တအားကြိုက်တယ်... ရှာကြည့်လိုက်ဦးမယ်.. ကျွန်တော်လည်း ဆရာမောင်ဝံသဘာသာပြန်တဲ့ဟာကို သမိုင်းမှာမသင်ရတဲ့ ပထမကမ္ဘာစစ်ဆိုပြီး share လုပ်ဖူးတယ်... အဲ့ဒီထဲမှာလည်း စစ်သားတွေရဲ့ အကြောင်းကို ရေးထားတာ အရင်က ကျွန်တော်မသိတာတွေချည်းပဲ.. တစ်ယောက်နဲ့တစ်ယောက်မမြင်ဖူးပါပဲ သတ်ဖြတ်ရတာ.. စိတ်မကောင်းစရာပဲဗျာ... ကျေးဇူးပဲ အစ်မရေမျှဝေပေးတာ
ဝေမျှတာတွက် ကျေးဇူးပါ မပန်..
ဒီလိုပါပဲလေ.. ကြားနေမှုတို့၊ ဘက်လိုက်မှုတို့၊ အမှန်တရားတို့ (subjective truth, absolute truth, relative truth) တို့ greater good တို့တွေက ကမ္ဘာကုန်သည်ထိ ရှိနေဦးမှာဖြစ်သလို၊ လက်ဖမိုးနဲ့လက်ဖ၀ါး အမြင်တွေကွာခြားနေမှုကြားမှာ ကိုယ်မှန်တယ်ထင်သည့်အတွက် အသက်တွေကတော့ ပေးဆပ်နေကြရဦးမှာပါပဲ။
စစ်ရဲ့ဆိုးကျိုးတွေကို မိုးမဆုံးမြေမဆုံး ပြောနေသိနေကြပေမယ့် စစ်ကိုတော့ တိုက်ကြတုန်းပါပဲ။ အင်းပေါ့လေ... အမိန့်တွေ ပေးရတာ လွယ်ကြမှာပေါ့။ ပေးတဲ့လူတွေ ကိုယ်တိုင် တိုက်ရ သေရတာမှ မဟုတ်ဘဲ။ လူဆိုတဲ့ သတ္တဝါကလည်း တခါတခါ စိတ်ပျက်စရာ ကောင်းလောက်အောင် ရက်စက်တယ်နော် အစ်မ။ လျှောက်မြောင်းထဲမှာ တစ်ယောက်ထဲကျန်ခဲ့တဲ့ စစ်သား အကြောင်းကို တွေးရင်း ရင်ထဲမှာ အခုထိ နင့်နေတယ်...
ကုလသမဂ္ဂ ကို ဖျက်သိမ်းဖို့ တောင် ကောင်းနေဘီ။ အဲ့ထဲမှာ လုပ်နေတဲ့လူတွေ ရတဲ့ လစာ က Tax Payer တွေရဲ့  ပိုက်ဆံ။ သူတို့  လုပ်နေတဲ့အလုပ်တွေကို ကြည့်ကြည့်မိတယ်။ 'အာ' ကောင်းရင် ရာထူးတိုးတယ်။ ရွှန်းရွှန်းဝေ အောင် Report ရေးနိုင်ရင် ရာထူးတိုးတယ်။ တကယ်တမ်း ထိ ရောက်အောင် လုပ်ခဲ့တဲ့ အရာ .. အခု နောက်ပိုင်း သိပ် မရှိတော့ဘူး။ အမေရိကန် နိုင်ငံသား ကိုယ်တိုင်က ပြောဘူးတာလေး တခု - 'NYC က အဲ့ဒီ ကုလ ရုံးကြီး နေရာမှာ တခြား စီးပွါး ရေး အတွက် မြေနေရာ ငှားရင် ပိုက်ဆံ ပို တောင် ရသေးတယ်။ ငါ တို့  နိုင်ငံက UN ကို 1/3 ပိုက်ဆံထောက်ပံ့ နေရပြီး ဘာမှ လဲ မထူးဘူး၊ အဲ့ဒီ သူတွေက ငါတို့  Tax တွေကို အလွဲသုံးစား လုပ်နေကြ တယ်'။
စစ်အကြောင်း ပြောရင် သူမှားတယ် ငါ မှား တယ် ဖြစ် အုန်း မယ်။ Cambodia မှာ ကလေးတွေကို ကြည့်ရှု စောင့်ရှောက် မယ်ဆိုပြီး ဖွင့်ထားတဲ့ ဂေဟာ တွေ ရှိတယ်။ အဲ့ဒီ ဂေဟာ တွေကို ဖွင့်ထား တဲ့ အုပ်စု က လူတွေကပဲ အဲဒီထဲက ကလေး တွေကို ပြန်ပြီး မုဒိမ်း ကျင့်နေတယ်။ ကဲ ..ဘယ်မလဲ Non Profit Organization? အဲ့ဒီ ကလေး တွေခမျာ ကျားကြောက်လို့  ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး တွေ နဲ့  တွေ့ နေကြတယ်။ အဲ့ဒီ Non Profit Organization တွေ ကို စောင့်ကြည့်မဲ့ Watch Dog ဆိုတာလဲ မရှိတော့ ဘူး။
တကယ်လုပ် တဲ့ သူတွေလဲ ရှိပါတယ်။ ဒါမဲ့ အတော်များ များ က အဲ့ ဒီ Non Profit Organization ကို ခုတုံး လုပ်ပီး Personal Gaining တွေ အတွက် အသုံး ချသွား လို့  အယုံအကြည် ကင်း မဲ့ တယ်။
Post a Comment