Wednesday, July 28, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၎

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၂ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၃ သို့

(အလွန်တရာ ၀မ်းနည်းတတ်သူတွေနဲ့ ကလေးသူငယ်တွေ ကျော်ဖတ်ဖို့ တချို့စာပိုဒ်တွေကို font အဖြူရောင် ပြောင်းပေးထားတယ်။ ဖတ်ချင်သူတွေက select လုပ်ပြီးဖတ်ပါ။)

ဘဲငန်းလေးတွေ ရှိတဲ့ လမ်းထိပ်အထိ တအိမ်လုံးနီးပါး အပြေးအလွှား ထွက်ကြည့်ကြတဲ့အခါ ဘဲငန်းကလေးတွေကို ရပ်ကွက်ထဲကလူတွေက ကောက်ချီလာပြီးတော့ ဘဲငန်းအကြီးတွေက အော်ပြီး နောက်ကနေ လိုက်လာတာကို တွေ့ရတယ်။

ဘဲငန်းကလေး တစ်ကောင်ကတော့ ဗိုက်ကွဲသွားပြီး ကလီစာလေးတွေ ထွက်ကျနေပါပြီ။ သူ့ကိုတော့ ဘယ်လိုမှ မကယ်နိုင်တော့ဘူး။ အမွှေးကြမ်းမထွက်သေးတဲ့ အရွယ်ဖြစ်လို့ အလွယ်တကူနဲ့ အရေခွံက ကွဲသွားတာပါ။ သေသွားရှာတဲ့ အဲဒီဘဲကလေးကို မြေကြီးထဲ မြုပ်လိုက်ရပါတယ်။

ဘဲငန်းကလေး သုံးကောင်က ခြေထောက်၊ အတောင်ပံနဲ့ မျက်လုံးနားမှာ အသီးသီး ဒါဏ်ရာရသွားပါတယ်။ သွေးစလေးတွေ ပေကျံနေတာပေါ့။ မျက်မြင်တွေ့သူတွေရဲ့ ပြောပြချက်အရ ဘဲငန်းအုပ်ကြီးဟာ ရေတွေစိုနေတဲ့ လမ်းမကြီးအတိုင်း လျှောက်သွားကြတယ် တဲ့။ အဲဒီအချိန်မှာ ရေပက်ခံထွက်တဲ့ ဒိန်းဒေါင်း (တချို့ဒေသတွေက ထော်လာဂျီလို့ခေါ်ပါတယ်) က ရောက်လာတော့ ပြေးလို့မလွတ်နိုင်တဲ့အခါ ဂိုဂိုက ရှေ့ဆုံးကနေ အဲဒီ ဒိန်းဒေါင်းကို နှုတ်သီးနဲ့ ပြေးထိုးသတဲ့။ ဒိန်းဒေါင်းကရပ်လိုက်တော့ အရှိန်ကကျန်ပြီး ဘဲငန်းတွေကိုဝင်တိုက်တာ ကံကောင်းလို့ ဂိုဂိုက ဘီးနှစ်ခုကြား အလယ်ကို ၀င်သွားလို့တဲ့။ ဘီးအောက်ကို ၀င်သွားလို့ကတော့ သူလည်း မလွယ်ဘူး။

ပိုပို မိုမိုနဲ့ ကျန်တဲ့ ဘဲငန်းလေးတွေကတော့ ဘာမှ မပွန်းမပဲ့လိုက်ကြဘူး။ ဒဏ်ရာရသွားတဲ့ ဘဲငန်းလေးတွေကို ဆေးလိမ်းပေး ရေတိုက်ပေးနဲ့ ပြုစုရပါတယ်။ သူတို့လည်း နာကျင်လို့ အော်လိုက်ကြတာ ခဏပါပဲ။ နောက်နေ့ကျတော့ ကျိုးဆော့ ကန်းမော့ ဆိုသလိုပါပဲ။ ခြေနာ အတောင်ပံနာ ထားတဲ့ ဘဲလေးတွေကလည်း ထော့နဲ့ထော့နဲ့ ဟိုတက်ဒီတက် ဆော့လိုက်ကြတာ မပြောပါနဲ့တော့။ မျက်စိနားမှာ သွေးတွေထွက်ထားတဲ့ ဘဲငန်းလေးကလည်း စောင်းငန်းစောင်းငန်းနဲ့ အတင်းကြည့်ပြီး လျှောက်သွားနေတာပါပဲ။ တပတ်လောက် ကြာတော့ သူ့ဘာသာ ဒဏ်ရာတွေ ကျက်သွားပြီး နေကောင်းသွားကြပါတယ်။ အဲဒီအချိန်ကစပြီး ဂိုဂိုတို့လည်း မှတ်သွားပုံ ပေါ်ပါတယ်။ လမ်းမကြီးအထိရောက်အောင် ဘယ်တော့မှ ဦးဆောင် မသွားတော့ဘူး။

နွေရာသီကျောင်းပိတ်ရက်မို့ ညီမလေးနဲ့ ကိုလေးက သူတို့ကို မျက်စိဒေါက်ထောက် ကြည့်နေနိုင်ပါတယ်။ ခွက်လေးဆယ်ဝင် စဥ့်အိုးကွဲတစ်ခြမ်းကို အနားတွေ မရှအောင် ချောထားပြီးတော့ အိမ်ခေါင်းရင်း မြေကြီးမြင့်တဲ့နေရာမှာ တွင်းတူးပြီး ထည့်မြုပ်ပေးထားတာ ရှိတယ်။ ရေမပြတ်ဖြည့်ပေးထားတော့ ရာသီဥတု ပူတဲ့အခါ သူတို့ ရေ၀င်ချိုးလို့ရပါတယ်။ ဖေဖေကတော့ အဲဒီ စဥ့်အိုးကွဲရေကန်ကို ငန်းတို့ပျော်ရာ ရေကန်သာ လို့ တင်စားပြောလိုက်သေးတယ်။

ဘဲငန်းတွေဟာ စင်္ကာပူကို မရောက်ဖူးပေမယ့် ကိုယ်ထူကိုယ်ထ တန်းစီ (queue) စနစ်ကို ကောင်းကောင်း ကျင့်သုံးတတ်တာကို တွေ့ရသေးတယ်။း) ဘဲငန်းလေးတွေက ရေကန်ထဲမှာ တစ်ကောင်ပြီးမှ တစ်ကောင်ရေချိုးဖို့ တန်းစီလေ့ရှိကြပါတယ်။ အဲဒီအချိန်မှာ ဆူဆူညံညံ အော်သံကြားရလို့ သွားကြည့်ရင်တော့ ရေကန်ထဲမှာ အချိန်သိပ်ကြာတဲ့ အထိ မထွက်သေးတဲ့ကောင်ကို ၀ိုင်းအော်ကြတာ ဖြစ်နေတတ်တယ်။ ဒီလိုဖြစ်လာရင်တော့ အဲဒီလို ဆိုးတဲ့ကောင်ကို တုတ်နဲ့တွန်းတင်တာဖြစ်ဖြစ် ကူအော်ပေးရတာဖြစ်ဖြစ် ဖိအားပေးရပါတယ်။

ဘဲငန်းဆိုတာ ရေထဲချလိုက်တာနဲ့ ရေကူးတာကို မသင်ရပဲ တတ်မြောက်တဲ့ အမျိုးပါ။ ဒါပေမယ့် ဘဲငန်းလေးတွေ ငယ်သေးတဲ့အခါ စောစောက ပြောတဲ့ ရေကန်သာမှာ ရေနစ်တာကိုလည်း ကြုံရသေးတယ်။ အော်နေတဲ့ အသံလေးတွေ မူမမှန်လို့ သွားကြည့်လိုက်ရင် တစ်ကောင်ကောင် ရေနစ်ပြီး ယက်ကန်ယက်ကန် ဖြစ်နေတာကို တွေ့ရမယ်။ အဲဒီလိုဆိုရင် အကောင်လေးကို ကပျာကယာဆယ်ပြီး နေပူထဲ ချထားပေးရတယ်။ ညနေဘက်ဖြစ်နေရင်တော့ မီးဖိုပြီး မီးကင်ပေးရတယ်။ မီးကင်တဲ့နေရာမှာလည်း ခပ်ဝေးဝေးကနေ အမွှေးလေးတွေ ခြောက်သွားအောင် လောင်လည်းမလောင်အောင် လှည့်လှည့်ပေးရတယ်။ အရှိန်များပြီး ဘဲကင်ဖြစ်သွားမှာ စိုးရတယ်လေ။

ဘဲငန်းအုပ်က များလာတာနဲ့ အန္တရာယ်တွေက မျိုးစုံပါပဲ။ တစ်ခါတော့ ဘဲငန်းလေးတစ်ကောင်မှာ သွေးတွေစို့ပြီး ဒဏ်ရာရလာတယ်။ ကြည့်လိုက်တော့ ခွေးကိုက်ရာလို့ သိသာနေတယ်လေ။ ရပ်ကွက်ထဲမှာလည်း ခွေးက ဘယ်နှစ်ကောင်ရှိတာလိုက်လို့။ ကိုကြီးက စိတ်ဆိုးပြီး ကိုက်တဲ့ခွေးကို သွားရိုက်ပစ်မယ် လုပ်နေတာ။ မေမေက ဒီလိုပဲပေါ့ ခွေးဆိုတာ ဘဲငန်းမြင်ရင် ကိုက်မှာပဲ ဆိုပြီး တားထားရတယ်။ ခွေးပိုင်ရှင်နဲ့ကလည်း ရင်းနှီးနေတော့ သိသွားအောင် ပြောပြလိုက်ပါတယ်။ ခွေးပိုင်ရှင်ကတော့ သားလေးက ကျီစားတာပါကွယ် လို့ ပြောတယ်။ ကျီစားတတ်ရန်ကောနော်။ ဖြစ်ချင်တော့ အဲဒီခွေးနာမည်ကလည်း ပိုပို မိုမို ဂိုဂိုတို့နဲ့ ကာရန်တူ ဘိုဘိုဆိုပဲလေ။ ဟွန်း။

တိရစ္ဆာန်လောကမှာတော့ အားကြီးသူက နည်းသူကို ဒီလိုအနိုင်ကျင့်တာကတော့ ရှိစမြဲပါ။ ဘဲငန်းလေးတွေကိုယ်တိုင်လည်း အဲဒီလိုဆန်ဆန် လုပ်ကြတာရှိပါတယ်။ ပိုပိုနဲ့မိုမိုတို့ နောက်ထပ်တစ်သားပေါက်တော့ ပထမသားတွေက အတောင်ပံအမာတွေ ပေါက်ခါစ အလတ်အရွယ်လောက်ဖြစ်နေပြီ။ နောက်ထပ်ပေါက်တဲ့ အမွှေးနုနုနဲ့ ဘဲငန်းပေါက်စလေးတွေကို တွေ့ရင် အလတ်ကောင်တွေက နှုတ်သီးနဲ့ ထိုးပါတယ်။ တခါကများဆိုရင် ဘဲငန်းပေါက်စလေးက ယိုင်နဲ့ယိုင်နဲ့ လမ်းလျှောက်နေတုန်း အလတ်ကောင်တစ်ကောင်က နှုတ်သီးနဲ့ ထိုးလိုက်တာ ပက်လက်လန်သွားရော။ အဲဒါနဲ့ အကောင်ပေါက်ကလေး ပြန်ထဖို့ လုပ်နေတုန်း နောက်တစ်ကောင်က လာထိုးပြန်တော့ သူ့ခမျာ မထနိုင်ဘူးဖြစ်နေရော။ အဲဒီလို ဘဲငန်းပေါက်လေးခမျာ ထမယ်ကြံလိုက် တစ်ကောင်က လာထိုးလိုက် လုပ်နေတော့ အလတ်ကောင်တွေကို တုတ်နဲ့ ခပ်ဆတ်ဆတ်ရိုက်ပြီး ဆုံးမလိုက်ရတော့တယ်။ နောက်ကျတော့ သူတို့ကို အတူတူ ပေးမလွှတ်တော့ဘူး။ အလတ်ကောင်တွေ ထွက်သွားရင် အကောင်ပေါက်ကလေးတွေကို ခြင်းနဲ့ အရင်အုပ်ထားရတယ်။

ဘဲငန်းအလတ်ကလေးတွေဟာ သိပ်ဆော့ပါတယ်။ တစ်ခါကဆို သူတို့ဟာ ကြွက်သေးသေးလေး ကို ဘယ်ကနေဘယ်လို ဖမ်းမိလာသလဲ မသိဘူး။ အမြီးကနေ ကိုက်ချီပြီး ရေကန်ထဲမှာ နှစ်လိုက်ဖေါ်လိုက် လုပ်နေပြန်ရော။ တစ်ကောင်ကဆော့လို့ ၀တော့ ကြွက်ကလေးကို ကုန်းပေါ်ပြန်တင်ထားတယ်။ ကြွက်ကလေးက ရေမွမ်းပြီး မထနိုင်ဖြစ်နေတုန်း ဘဲငန်းအလတ် နောက်တစ်ကောင်က လာချီပြန်ရော။ အဲလိုနဲ့ နောက်ဆုံးတော့ ကြွက်ကလေးသေသွားလို့ မြေကြီးထဲမြုပ်ပေးလိုက်ရပါတယ်။ အဲဒီလို အဖြစ်အပျက်တွေက အများကြီးရှိပါသေးတယ်။

(ဆက်ရန်)

ပန်ဒိုရာ

(ပိတ်သတ်ကြီးရေ.. ခုတလော အလုပ်များနေလို့ ပုံတော့မဆွဲဖြစ်တော့ဘူး။ သူများတွေလင့်ခ်က ဓာတ်ပုံတင်မလို့ဟာလည်း functionတွေ ဘာဖြစ်နေလဲမသိ။ တင်မရဘူး။ သည်းခံကြလော့။)

14 comments:

Hmoo said...

ငန်းနိုင်ငံတော်မှတ်တမ်းများအတွက်ကျေးဇူးအထူးတင်..
.. :)

ကိုပေါ said...

(ဆက်ရန်) အပေါ်က ကပ်လျက် ကွက်လပ်စာပိုဒ်ကြီးကိုပါ Select လုပ်ပြီး ကြည့်တဲ့အခါ ဘာစာမှ မတွေ့ရဘဲ ကွက်လပ်ကြီးပဲ မြင်လိုက်ရတဲ့အတွက် ကြေကွဲဝမ်းနည်းစွာ ပြန်သွားပါတော့တယ်။

အလွန်တရာ ဝမ်းနည်းတတ်သူတဦး

ကိုဇော် said...

ငန်းတွေတောင်မှ တန်းစီတတ်တယ်နော်။
လူတွေကတော့ လစ်ရင် လစ်သလိုပဲ. . .
ပြောတော့ဘူး. .မပြောဘူးဆို ပြောကို မပြောတော့ပါဘူး။

pandora said...

ကိုပေါ ... fix လုပ်လိုက်ပြီဗျို့
:)

Anonymous said...

ကြိုက်တယ်...

ညီမ

Cameron said...

ငန်းပေါက်လေးတွေတန်းစီပြီးရေကူးကြတာကို စိတ်ကူးပုံဖော်ကြည့်တာ ချစ်စရာလေးတွေတော့...။
အပေါ်က ကွက်လပ်လေးကိုဖတ်ကြည့်လိုက်တယ် သနားဖို့ကောင်းလိုက်တာ...။

ခင်မင်စွာဖြင့်
မိုးငွေ့( ဒီတစ်ခါတော့ နာမည်မမှားတော့ပါ )

TURN-ON-IDEAS said...
This comment has been removed by the author.
TURN-ON-IDEAS said...

ဘဲငန်းပေါက်စလေးတွေမှာကော နာမည်ရှိပါသလား...
တစ်ကောင်းချင်းစီမှာ ထူးခြားတာလေးတွေရှိလား???

သက်ဝေ said...

ဒီတိုင်း တခေါက်ဖတ်ပြီး ဝမ်းနည်းချင်လဲ နည်းပါစေတော့ ဆိုပြီး အဖြူရောင် စာပိုဒ်တွေလဲ Select လုပ်ပြီး ဖတ်သွားပါတယ်... သိကလဲ သိချင်သေးတာကိုး...း))

သနားစရာလေးတွေ...
နောက်တပိုစ့် မျှော်နေမယ်...

Anonymous said...

အကုန်ဖတ်ပါတယ် ... ဒိုဒိုတို့များ..ဘဲတွေကို အဆက် လုပ်ထားတာ ပိုင်တယ် ...
ငြိမ်းစိုးဦး

ညိမ်းနိုင် said...

Q စီကြတာကို သဘောအကျဆုံးပဲ....။
အပိုင်း ၅ ကိုစောင့်မျှော်နေပါကြောင်း..။

Maung Myo said...

တန်းစီပြီး လာဖတ်တယ် ပြီးတော့ စောင့်ဖတ်နေအုံးမယ် ဒေါ်လေးရေ ...။

Younggun said...

ဘဲမွေးချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာရဲ့။ နားထဲမှာ တဂတ်ဂတ်..မြည်သံတွေ၊ တောင်ပံရိုက်သံ တဖြန်းဖြန်းတွေတောင် ကြားမိသေး။ နောက်ဆုံးမှာ သူတို့ ဘာဖြစ်သွားမယ်ဆိုတာ မဆလာထုပ်ကိုင်ရင်း စောင့်မျှော်လျက်.. :P

Moe Cho Thinn said...

ဘဲငန်းလေးတွေ ရေထဲမှာ အကြာကြီး ဇိမ်ခံ ကူးနေရင် ကျန်တဲ့ဘဲလေးတွေက ၀ိုင်းဆူပူကြတာကို သဘောအကျကြီး ကျနေမိတယ်။
အနှစ် ၂၀ ကျော်ပြီ၊ နေရာဖယ်ပေးတော့ ..ဆိုသလို နေမှာပေါ့။ :))