Monday, January 28, 2013

ရောင်စုံစက္ကူများ - နေရောင်အောက်မှာ သုံးမြှောင့်ဖန်တုံးတစ်တုံးကို ထားကြည့်ပါ



ခိုင်စိုးလင်းစီစဉ်တဲ့ ရောင်စုံစက္ကူများ ဆိုတဲ့ e-book ထွက်ပါပြီ။ ဒီတစ်ခေါက်ကတော့ ပိုက်ဆံငွေကြေးနဲ့ ပတ်သက်တဲ့ theme ကို ဗဟိုပြုပြီး ရေးသားထားကြပါတယ်။

"ကိုကိုသက်၊ ကိုမျိုး၊ ကျော်ညိုသွေး၊ ချစ်ကြည်အေး၊ ခိုင်စိုးလင်း၊ ချိုပိန်းနောင်၊ ညီစု၊ ညီဇံလှ၊ နေမြဲ၊ နန်းညီ၊ နှင်းနဲမာယာ၊ ပန်ဒိုရာ၊ ဖိုးခွား၊ ဖိုးစိန်၊ မနော်ဟရီ၊ မိုးလှိုင်ည၊ မောင်ဟန်၊ မြသွေးနီ၊ မြယာ၊ မှူးဒါရီ၊ မှိုင်း (ဆေး၂)၊ သက္ကမိုးညို၊ သက်ထွေး၊ သက်ဝေ၊ ဟယ်ရီလွင်၊ အော်ဂဲနီ၊ အောင်ဖြိုး၊ အောင်သာငယ်၊ အိန္ဒြာ၊ သြမြိုင်" တို့ ပါဝင်ရေးသားထားကြပါတယ်။ မျက်နှာဖုံးနဲ့ အတွင်းပုံတွေကို မလေးမေက ဖန်တီးပြီး ခိုင်စိုးလင်းက စာပြင်နေရာချပေးထားပါတယ်။ ဒီနေရာမှာ download ယူနိုင်ပါတယ်။

http://www.mediafire.com/view/?4ak559u6nko6bvv

ပန်ဒိုရာရေးတဲ့ ကဗျာအသစ်တစ်ပုဒ်နဲ့ ဝတ္ထုတိုအသစ်တစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။ ဝတ္ထုတိုကို အလွယ်တကူဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။






နေရောင်အောက်မှာ သုံးမြှောင့်ဖန်တုံးတစ်တုံးကို ထားကြည့်ပါ

၁။ နေရောင်

တစ်ဒေါက်ဒေါက် လှမ်းလာတဲ့ ဖိနပ်ခွာသံက အခန်းတံခါးဝမှာ ရပ်သွားတယ်ဆိုရင် သား သိလိုက်ပြီ။ မေမေ အလုပ်က ပြန်လာပြီ။ ဒါဟာ ညနေ ၇နာရီနောက်ပိုင်း အချိန်တစ်ခုခု ဖြစ်မှာပေါ့။ ည၁၀နာရီ ဒါမှမဟုတ် မနက် ၁ နာရီလောက်လည်း ဖြစ်နိုင်တာပဲ။ ဒီလိုအချိန်မှာ သားလည်း အိပ်မောကျရင် ကျနေမယ်။ မအိပ်သေးဘဲ ဂိမ်းဆော့ရင်လည်း ဆော့နေမယ်။ အိပ်ခန်း သုံးခန်းပါတဲ့ ဒီတိုက်ခန်းမှာ သားက ကိုယ်ပိုင်တစ်ခန်းထဲမှာ လွတ်လွတ်လပ်လပ် နေခွင့် ရပြီးသွားပြီ။ ဘယ်သူနဲ့မှ စကားမပြောချင်ရင် တစ်နေ့လုံး အခန်းထဲက မထွက်ဘဲ နေချင်ရင်လည်း နေလို့ရပြီ။ မေမေအိမ်ပြန်လာပြီဆိုရင် သွားပြီး တံခါးဖွင့် ကြိုဆိုစရာလည်း မလိုတော့ဘူး။ ဒါက ကလေးပေါက်စနတွေ လုပ်တဲ့ အလုပ်မဟုတ်လား။

မေမေဟာ အပြင်ကနေ တစ်ခုခု စားလာခဲ့လောက်ပြီ။ သားတို့နေတဲ့ စင်ကာပူမြို့လေးမှာ အလုပ်လုပ်သူတွေရဲ့ ထုံးစံပဲ။ သားလည်း နေ့ခင်းဘက်တွေမှာဆို အပြင်မှာ ဟော်ကာဆိုင်မှာဖြစ်ဖြစ် မက်ဒေါ်နယ် ဟမ်ဘာဂါဖြစ်ဖြစ်၊ ကေအက်ဖ်စီ ကြက်ကြော် ဖြစ်ဖြစ် ဝယ်စားလိုက်တာ။ အချိန်ရရင်တော့ မေမေက အိပ်ရာ စောစောထပြီး သားကြိုက်တတ်တဲ့ မြန်မာစတိုင် ခေါက်ဆွဲကြော် ကြာဇံကြော်တွေကို အသားများများ ကြက်ဥနိုင်းချင်းနဲ့ ကြော်ထားခဲ့တတ်တယ်။ သားကျောင်းက ပြန်လာလို့ ရေခဲသေတ္တာထဲမှာ အဲဒီလို စားစရာတစ်ခုခု တွေ့ရင် မိုက်ခရိုဝေ့ထဲမှာ ပြန်နွှေးပြီး စားပစ်လိုက်တယ်။ ဘာမှမတွေ့ရင်လည်း အပြင်ပြန်ထွက်ပြီး တိုက်အောက်က ဆဲဗင်းအလဲဗင်းစတိုးဆိုင်မှာ တစ်ခုခု ဝယ်စားလိုက်တယ်လေ။ သားလက်ထဲမှာ မုန့်ဖိုးက အမြဲမပြတ် အပြည့်ရှိနေတာပဲဟာ။

မီးဖိုချောင်ထဲကို ခြေသံက ဆက်ရွေ့သွားတယ်။ ထမင်းစားခန်းထဲမှာ သားစားမကုန်လို့ ကျန်နေတဲ့ ပန်းကန် တိုးလို့တန်းလန်းတွေကို လှန်လှောကြည့်ပြီး တစ်ခါတည်း ဆေးရင်လည်း ဆေး၊ မဆေးရင်လည်း ဒီလိုပဲ ထားလိုက်ပြီး မနက်ကျမှ သိမ်းမှာပေါ့။ သားအမိနှစ်ယောက်တည်း ရှိတဲ့ တိုက်ခန်းလေးထဲမှာ မေမေဟာ သူပဲ အိမ်ရှင်မ၊ သူပဲ အိမ်ထောင်ဦးစီး၊ သူပဲ သားကို ထိန်းကျောင်းသူ၊ သူပဲ သားခိုင်းသမျှ လုပ်ပေးရတဲ့ အောက်ခြေသိမ်း အလုပ်သမား။ တစ်ခါတလေတော့လည်း သားကို စိတ်မရှည်တော့ပဲ အော်ငေါက်ပစ်လိုက်တဲ့ အခါမျိုးလည်း ရှိတတ်တယ်။ ဒါပေမယ့် သားကတော့ သိပ်မမှုပါဘူး။

“ဝေလင်း…. အိပ်ပြီလား” မေမေ့အသံ ကြားတော့ သားက စားပွဲကို ဒုန်းဒုန်း လို့ နှစ်ချက်ဆက် ခေါက်ပြ လိုက်တယ်။ မေမေ့အခေါ် ဝေလင်း၊ကျောင်းမှာ သူငယ်ချင်းတွေ ခေါ်တော့ ဝီလီယမ် ဆိုတဲ့ သားက စာမေးပွဲတွေမှာ အနည်းဆုံး အောင်မှတ်အထက် တာဝန်ကျေ ပွတ်ကာသီကာ ရနေတတ်တော့ သားစိတ်တိုင်းကျ ကစားချိန် စာကြည့်ချိန် အိပ်ချိန်တွေကို မေမေ့မှာ သိပ်ထိမ်းချုပ်နိုင်စွမ်း မရှိဘူး။ မေမေက အမှတ်တွေကို ဂရုလည်း မစိုက်တော့ပါဘူးလေ။ တချိန်ကတော့ မေမေဟာ သားအမှတ်တစ်ရာပြည့်ဖို့ တစ်မှတ်လောက်လိုတယ် ဆိုရင် မူးမေ့လဲကျမတတ် သည်းသည်းလှုပ် ဖြစ်ခဲ့ဖူးတယ်။ ဒီအချိန်တွေက ကြာခဲ့ပါပြီ။

အခုလောက်ဆို မေမေဟာ သူ့အခန်းထဲကို ဝင်သွားပြီ။ မေမေ မျက်နှာသစ်မယ်။ မေမေ ညဝတ်အင်္ကျီလဲမယ်။ မကြာခင် ဖုန်းသံမြည်လာပြီး တစ်ယောက်ယောက်နဲ့ ခပ်တိုးတိုး အကြာကြီး ပြောရင်လည်း ပြောနေမယ်။ အဲဒီအချိန်မှာ မေမေ့ အခန်းထောင့်မှာ ခရမ်းနု အရောင်ပြေးတွေနဲ့ လိပ်ပြာလှလှကြီးတစ်ကောင်က တောင်ပံ တဖျတ်ဖျတ်ခါရင်း နားနေလိမ့်မယ်။

သိလား… လူတိုင်းမှာ သိမ်းဝှက်ထားတဲ့ အကောင်တစ်ကောင်တော့ ရှိကြစမြဲ။ သားက အဲဒီအကြောင်းကို သိနေတာ ကြာပါပြီ။ အဲဒီအကောင်တွေကို လူတိုင်း မြင်ရမှာတော့ မဟုတ်ဘူး။ သားကတော့ လူတွေမှာ ဘာအကောင်တွေ ရှိနေတယ်ဆိုတာကို သေသေချာချာကို သိနေတယ်။ မေမေ့မှာဆိုရင် လိပ်ပြာလှလှကြီး တစ်ကောင်ရှိတယ်။ လိပ်ပြာကြီးပိုင်ရှင် မေမေကလည်း ခရမ်းနုရောင် လိပ်ပြာတောင်ပံတွေလိုပဲ သိပ်လှတာ။ မေမေဟာ အသက် လေးဆယ် အတော့်ကို ကျော်နေပြီဆိုတာ  ရုပ်ရည်ကို အကဲခတ်ရုံနဲ့ ဘယ်သူမှ မယုံကြဘူး။ မေမေ့ပါးပြင်တွေမှာ နှင်းဆီရောင် သွေးကြောလေးတွေ အမြဲတမ်း ခက်ဖြာနေတယ်။ ရှည်သွယ်ဖြူဝင်းတဲ့ မေမေ့ပုံစံက ဘယ်နေရာရောက်ရောက် လူတွေကြားမှာ မင်းသမီးလေးတစ်ယောက်လို ထင်လင်းနေတယ်။ သားကိုလည်း လူတွေက အမေတူသားလို့ပြောကြတယ်။ တချို့ကတော့ အသားအရည်လှပပုံက အမေနဲ့တူပြီး သန်မာထွားကြိုင်းပုံက အဖေနဲ့ တူတယ်လို့လည်း ပြောကြပြန်တယ်။

ဖေဖေကတော့ ဝက်ဝံကြီးတစ်ကောင်ကို သွားလေရာမှာ ကျောပိုးလွယ် ထားလေ့ရှိတယ်။ အိစက်နွေးထွေးတဲ့ ဝက်ဝံ ရင်ခွင်အကျယ်ကြီးကို သားက အားပါးတရ လက်သီးနဲ့ ထိုးပြီး ဆော့ကစားလေ့ရှိတယ်။ သားငယ်ငယ်တုန်းကတော့ အဲဒီ ဝက်ဝံကြီးနဲ့ လိပ်ပြာကြီးကြားမှာ နွေးနွေးထွေးထွေး အိပ်စက်ရတဲ့ အချိန်တွေရှိခဲ့တယ်။ ဖေဖေဟာ ဝက်ဝံကြီးနဲ့အတူ သုံးလေးလကို တစ်ကြိမ် သားတို့ဆီကို ရောက်လာတတ်တယ်။ လာတိုင်းလည်း သားလက်ထဲကို ဒေါ်လာတွေ ထည့်ပေးသွားတယ်။ သားမုန့်ဖိုးတွေ အများကြီးရအောင် ဖေဖေက “အိမ်”မှာ ကျန်ရစ်ပြီး စီးပွားရှာနေတာတဲ့။ အပြင်မှာ ဘယ်လိုမှ မရှာနိုင်တဲ့ ပိုက်ဆံတွေ အများကြီးရနိုင်ဖို့ “လုပ်ကွက်”တွေက အထဲမှာပဲ ရှိတယ်တဲ့။ မေမေကတော့ အိမ်ကို ပြန်လို့ မဖြစ်သေးဘူး။ သူ့ပညာတွေကို အသုံးချလို့ရတဲ့နေရာ သူ့အရည်အချင်းတွေကို အသိအမှတ်ပြုတဲ့ အပြင်မှာပဲ နေရမယ် တဲ့။ အရေးအကြီးဆုံးကတော့ သားရဲ့ “ရှေ့ရေး” တဲ့။

ပညာတွေကို အသုံးချတာတို့ အသိအမှတ်ပြုတာတို့ လုပ်ကွက်တို့ စီးပွားရှာတာတို့ကို သားကတော့ အသေအချာ နားမလည်ပါဘူး။ ဖေဖေနဲ့ မေမေတို့ ပြောနေကြတဲ့ “အိမ်”ဆိုတဲ့ အဲဒီနေရာဟာလည်း သားမွေးဖွားကြီးပြင်းတဲ့ စင်ကာပူမြို့လေးမဟုတ်ဘဲ တခြားတစ်နေရာ ဖြစ်နေတော့ သားက သိပ်မလွမ်းလှပါဘူး။ သားရဲ့ “ရှေ့ရေး” ဆိုတာအတွက်တော့ သားက ဖြစ်နိုင်ရင် မေမေ့အမျိုးတွေရှိတဲ့ အင်္ဂလန်တို့ အမေရိကားတို့လို ပျော်စရာတွေ အများကြီးရှိမယ့် နေရာမျိုးမှာ နေချင်တာပါ။

တစ်ခါတစ်လေ မေမေ့ကို အဝေးကနေ ဖုန်းလှမ်းဆက်တဲ့ အမျိုးသမီးတစ်ယောက်ကတော့  ကြက်တူရွေးတစ်ကောင်ကို မွေးထားတယ်။ ကြက်တူရွေးဟာ ကက်ကက်လန်တယ်။ မေမေ့ထက် ငယ်ပုံရပေမယ့် မေမေဟာ အဲဒီ အမျိုးသမီးနဲ့ ဖုန်းပြောတိုင်း ငိုရတယ်။ ပထမဆုံးအကြိမ် မေမေ့ကို သူဖုန်းဆက်တုန်းက “ဘာ.. ကလေးတောင် ရှိနေပြီ ဟုတ်လား..” ဆိုပြီး မေမေက အကျယ်ကြီး အော်လိုက်တယ်။ အဲဒီနေ့က မေမေ့လက်ထဲက အိုင်ဖုန်းလေးဟာ လွတ်ကျကွဲသွားတယ်။ မှတ်မှတ်ရရ အဲဒီနောက်ပိုင်းမှာ ဝက်ဝံကြီးနဲ့ လိပ်ပြာကြီးကြားက သားရဲ့ အိပ်ရာလေး ပျောက်သွားခဲ့တာ။

မေမေတို့ပြောနေတဲ့ အိမ် ဆိုတဲ့နေရာလေးမှာ ပိုးဖလံမတွေ ပေါတယ်တဲ့။ ပိုးဖလံမျိုးဆိုတာ မီးကိုတိုးတယ်တဲ့။ အတောင်ပံတွေ ခိုးခိုးခါခါနဲ့ ပိုးဖလံမတွေဟာ ဝက်ဝံကြီးရဲ့ အမွှေးတွေနဲ့ ငြိတတ်ကြတယ်တဲ့။ ကြက်တူရွေးမ တစ်ကောင် ကတော့ ဝက်ဝံကြီးကို ထိုးဆိတ်ချိတ်တွယ်ထားလိုက်တာ တဲ့။ တကယ်တော့လေ ကြက်တူရွေးက ဝက်ဝံကြီးနဲ့ မလိုက်ဖက်ဘူးဆိုရင် လိပ်ပြာတစ်ကောင်ကလည်း ခွေးဘီလူးကြီးတစ်ကောင်နဲ့ မလိုက်ဖက်ပါဘူး။ မေမေ့ရဲ့ အလုပ်က လူကြီးတစ်ယောက်မှာဆိုရင် ခန္ဓာကိုယ်က အရမ်းနံတဲ့ ခွေးဘီလူးကြီး တစ်ကောင် ရှိတယ်။ တစ်ခါတုန်းက အိမ်မှာ ညစာစားဖို့ အဲဒီလူကြီး လာလည်တော့ စားပွဲခုံအောက်က ခွေးဘီလူးကြီးကို သားက တုတ်နဲ့သွားထိုးလိုက်သေးတယ်။ ခွေးဘီလူးကြီးက ဒေါသထွက်ပြီး မာန်ဖီလာတော့ လျှာထုတ်ပြပြီး အခန်းထဲကို ပြေးဝင်ပုန်းနေလိုက်တယ်။ ခွေးဘီလူးကြီးဟာ သံကြိုးတွေတန်းလန်းနဲ့ ပါးစပ်က သွားရည်တွေလည်း ကျနေတာ သားက ရွံမိတယ်။

တစ်ခါတလေ အလုပ်ပိတ်ရက်တွေမှာ မေမေ့သူငယ်ချင်းတွေ အိမ်ကိုလာပြီး ဆုံကြတဲ့အခါဆိုရင်တော့ သူတို့နောက်မှာ တောထဲက အခုမှတက်လာတဲ့ တောဝက်တွေ အုပ်လိုက် ပါလာတာကို သားမြင်ရတယ်။ တောဝက်တွေက သားတို့တစ်အိမ်လုံးကို ပတ်ပြေးကြတယ်။ မေမေ့သူငယ်ချင်းတွေဟာ မေမေပြင်ဆင်ထားတဲ့ စားစရာတွေကို အားပါးတရ စားကြတယ်။ စကားတွေကို အလုအယက်ပြောကြ ရယ်မောကြတယ်။ သူတို့စကားတွေ သူတို့ဟာသတွေကို သားဟာ လုံးစေ့ပတ်စေ့ နားမလည်ဘူး။ သူတို့စားသောက်နေတုန်းမှာ သားက တီဗွီရှေ့ထိုင်ပြီး ဂိမ်းဆော့နေတတ်တယ်။

တစ်ခါတလေတော့ သူတို့တွေက သားနားကို လာထိုင်ပြီး သားကို မြန်မာစကား ပြောတတ်လားတို့ ရည်းစားရပြီလားတို့ လာမေးတတ်တယ်။ သားက သားကို အဲဒီလို ဘေဘီလေးလို ဆက်ဆံတာကို မကြိုက်ပါဘူး။ သားကြီးလာရင် ဘာလုပ်မလဲ လို့ အဖြေရခက်တဲ့ မေးခွန်းတွေလည်း မေးကြတယ်။ သား ကြီးလာရင် ဘာလုပ်ရမလဲဆိုတာ အခုကတည်းက ဘယ်လိုလုပ်ပြောလို့ရမလဲ။ မေမေကတော့ အဲဒီလိုမေးလာရင် သားက သူ့အဖေလို စီးပွားရေးသမားကြီး လုပ်ချင်တာဖြစ်မယ်၊ သူ့အဖေလို ပိုက်ဆံပေါပြီး ကောင်မလေးတွေ ဝိုင်းဝိုင်းလည်ချင်လို့ ဖြစ်မှာပေါ့ လို့ နောက်နောက်ပြောင်ပြောင် ဝင်ပြောလေ့ရှိတယ်။  သားက ဘာမှပြန်မပြောချင်ရင် အိပ်ခန်းထဲပြန်ဝင် အီးယားဖုန်းတပ်ပြီး အန်ပီသရီး နားထောင်ရင်း အိပ်နေလိုက်တယ်။

ဧည့်ခန်းထဲမှာတော့ သူတို့တွေဟာ နိုင်ငံခြားသံစဉ်တွေကို မြန်မာစာသားတွေ အဆာသွပ်ထားတဲ့ သီချင်းတွေကို ဖွင့်ပြီး အော်ကြီးဟစ်ကျယ် လိုက်ဆိုကြမယ်။ သူတို့က “အိမ်”ပြန်ချင်တယ်လို့ ခဏခဏ ပြောကြမယ်။ “ဝင်ငွေ” ကြောင့်သာပေါ့ တဲ့။ “အလုပ်အကိုင်”ကြောင့်သာပေါ့ တဲ့။ ကလေးတွေ “ရှေ့ရေး”မို့သာပေါ့တဲ့။ ဟိုမှာလည်း ဘယ်တော့မှ ကောင်းလာမှာ မဟုတ်တော့ဘူး ထင်ပါတယ် တဲ့။ အဲဒီလိုတွေ ဆူညံပြီးတဲ့ တစ်နေ့တာအပြီး သူတို့ ပြန်သွားကြတဲ့အချိန်မှာတော့ မေမေဟာ မီးဖိုချောင်မှာ မမောနိုင်မပန်းနိုင် ရှင်းလင်းရင်း ကျန်ခဲ့မယ်။

သားအနှစ်သက်ဆုံး အကောင်လေးကတော့ ယုန်ဖြူလေးတစ်ကောင်။ တိတိကျကျပြောရရင် ယုန်ဖြူမလေး ပေါ့။ ယုန်ဖြူမလေးရဲ့ ပိုင်ရှင်နာမည်က စင်ဒီလို့ခေါ်တယ်။ စင်ဒီကလည်း သူ့ယုန်ဖြူမလေးလိုပဲ အသားလေးဖြူဖွေးပြီး မျက်လုံးလေးတွေက ကြည်လင်နေတယ်။  စင်ဒီ့မိဘတွေက တရုတ်ပြည်မကြီးကနေ ပြောင်းလာတာတဲ့။ သားတို့တိုက် အပေါ်ထပ်မှာနေကြတယ်။ စင်ဒီက စာတော်တယ်။ အတန်းထဲမှာ သင်္ချာနဲ့ တရုတ်စာမှာ သူ့ကို မီတဲ့လူမရှိဘူး။ စင်ဒီက အဲဒီဘာသာတွေမှာ အမြဲလိုလို အမှတ်ပြည့်ရတယ်၊ သူကတော့ သူကြီးလာရင် ဘာလုပ်မယ်ဆိုတာ သိပ်သေချာတယ်။ သူ့ဖေဖေလိုပဲ ဆရာဝန်လုပ်မယ်လို့ ပိုင်ပိုင်နိုင်နိုင် ပြောလေ့ရှိတယ်။

သားက ငယ်ငယ်လေးကတည်းက စင်ဒီနဲ့ မူကြိုအတူတူ တက်လာခဲ့တာ။ စင်ဒီက အဲဒီတုန်းက သားထက် အရပ်ရှည်တယ်။ အခုတော့ ပြီးခဲ့တဲ့ တစ်နှစ်လောက်အတွင်းမှာပဲ သားနဲ့စင်ဒီ အရပ်ချင်းညီသွားပြီ။ နောက်တစ်နှစ် နှစ်နှစ်ဆိုရင် စင်ဒီ့ထက် သားက အများကြီး အရပ်ရှည်သွားလိမ့်မယ်လို့ လူကြီးတွေက ပြောနေကြတယ်။  စင်ဒီက အတန်းထဲမှာ စာတော်တဲ့ တခြားမိန်းကလေးတွေလို ကိန်းကြီးခန်းကြီး မနိုင်ဘူး။ အမှတ်ကောင်းကောင်း မရတတ်တဲ့ သားကိုလည်း အထင်မသေးဘူး။ ကျောင်းစာထဲမှာ မပါတဲ့ စွယ်စုံကျမ်းထဲက စင်ဒီမသိသေးတဲ့ ဗဟုသုတတွေကို သားက ဖတ်ထားပြီးသမျှ ပြန်ပြောပြရင် စိတ်ဝင်တစား လာနားထောင်တတ်တယ်။ အဲဒီအချိန်မှာ သူ့ယုန်ဖြူမလေးဟာ သားတို့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ရင်း မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေတတ်တယ်။

သားရဲ့ အဝတ်ဗီရိုကို ဖွင့်လိုက်တော့ သားဝှက်ထားတဲ့ နဂါးလေးတစ်ကောင်က တွန့်လိမ်ပြီး အပျင်းဆန့်တယ်။ သားရဲ့ နဂါးလေးမှာ ပျံနိုင်တဲ့ အတောင်ပံတွေရှိတယ်။ ရန်သူကို တိုက်ခိုက်နိုင်တဲ့ လက်သည်းချွန်တွေရှိတယ်။ ပါးစပ်က မှုတ်ထုတ်လိုက်ရင် မီးတောက်တွေထွက်တယ်။ တော်တန်ရုံ မထိုးဖောက်နိုင်တဲ့ အကြေးခွံတွေနဲ့ ကိုယ်ခန္ဓာကို ကာကွယ်ထားတယ်။ လိပ်ပြာအတောင်ပံတွေလိုလည်း နူးညံ့သိမ်မွေ့လွန်းမနေဘူး။ ယုန်ဖြူလေးလိုလည်း မပျော့ပြောင်းဘူး။ ဝက်ဝံကြီးလို ခန္ဓာကိုယ် မထွားကြိုင်း ဗလမကောင်းပေမယ့် နဂါးလေးဟာ သွက်လက်ပေါ့ပါးပြီး သန်မာတယ်။

အခုနောက်ပိုင်းမှာ ငယ်ငယ်ကလို မဟုတ်ဘူး။ နဂါးလေးနဲ့ ယုန်ဖြူမလေးဟာ လွတ်လွတ်လပ်လပ် အတူဆော့လို့ မရတော့ဘူး။  သားတို့ဘာသာ အခန်းထဲမှာ ဆော့နေရင် လူကြီးတွေက တံခါး လာဖွင့်ထားတတ်တယ်။ သားတို့က တံခါးကိုပိတ် အော်ဟစ်ပြီး လွတ်လွတ်လပ်လပ် ကစားချင်တာ။  ငယ်ငယ်တုန်းကဆိုရင် ခုတင်ပေါ်မှာ ဘယ်သူပိုမြင့်မြင့် ခုန်နိုင်မလဲ ပြိုင်ကြတာ ချွေးသီးချွေးပေါက်တွေ ကျလာတဲ့အထိ။ ကွန်ပြူတာမှာ နှစ်ယောက်ဆော့လို့ရတဲ့ ဂိမ်းတွေ ဆိုရင်လည်း မောက်စ်ကို အလုအယက် ပျက်တဲ့အထိ။ တစ်ခါတလေတော့ မပျင်းမရိ အိုရီဂါမီ စက္ကူခေါက်ပြီး ငှက်ရုပ်လေးတွေကို ပုလင်းထဲထည့်ထားတတ်ကြတယ်။


၂။ သုံးမြှောင့်ဖန်တုံး

ဒီလိုနဲ့ နဂါးလေးနဲ့ ယုန်ဖြူမလေးဟာ တဖြည်းဖြည်း ဒေါသထွက်ပြီး မာန်ဖီလာတော့ လိပ်ပြာကြီးဟာ ဝက်ဝံကြီးရဲ့ ရင်ဘတ်ပေါ်မှာ ဂိမ်းဆော့နေတယ်။ ဝက်ဝံကြီးရဲ့ အမွှေးတွေပေါ်မှာ ကစားချိန် စာကြည့်ချိန် အိပ်ချိန်တွေ အော်ကြီးဟစ်ကျယ် ဖြစ်နေကြတယ်။ လိပ်ပြာအတောင်ပံ ခတ်လိုက်တဲ့အခါ “အလုပ်အကိုင်”တွေ ခပ်တိုးတိုးအကြာကြီး စကားပြောနေတယ်။  တောဝက်အုပ်တွေက ပိုများလာပြီး ပိုပိုပြီး အရပ်ရှည်လာပြီ။ တောဝက်တွေက “ဝင်ငွေ”တွေကို အလုအယက်ပြောကြ ရယ်မောကြတော့ ပိုးဖလံမတွေ ထွက်လာတယ်။  

တဒေါက်ဒေါက် အသံပေးနေတဲ့ ဒေါက်ဖိနပ်က မြန်မာစကားပြောရင်း မီးဖိုချောင်ထဲက “အိမ်”မှာ ကပ်ငြိနေတယ်။ ဝက်ဝံကြီးက မက်ဒေါ်နယ် ဟမ်ဘာဂါ တစ်လှည့်၊ ကေအက်ဖ်စီ ကြက်ကြော်တစ်လှည့် စားရင်း တွန့်လိမ်ပြီး အပျင်းဆန့်တယ်။ သူကြီးလာရင် ဆရာဝန်လုပ်မယ်လို့ ပြောနေတယ်။ ပါးပြင်မှာ နှင်းဆီရောင် သွေးကြောလေးတွေ ခက်ဖြာနေတဲ့  ယုန်ဖြူမလေးဟာ သုံးလေးလကို တစ်ကြိမ်လောက် အင်္ဂလန်တို့ အမေရိကားတို့ကို ထွက်ပြေးသွားတယ်။ အဲဒီမှာရှိတဲ့ သူ့ရဲ့ “ရှေ့ရေး”ဟာ ပါးစပ်က သွားရေတွေ ကျနေတယ်။

သံကြိုးတွေတန်းလန်းနဲ့ ပိုက်ဆံပုံကြီးက သွက်လက်ပေါ့ပါးပြီး သန်မာတယ်။ သားရဲ့ အိပ်ရာလေးကို ငွေစက္ကူတွေ ဖုံးသွားတော့ သားနဲ့စင်ဒီဟာ အိုရီဂါမီ ခေါက်ကြတယ်။ ငွေစက္ကူတွေဟာ ကြက်တူရွေး အကြီးကြီးတစ်ကောင် ဖြစ်သွားတယ်။ ကြက်တူရွေးကြီးက မီးကိုတိုးပြီး ချွေးသီးချွေးပေါက်တွေ ကျလာတဲ့အထိ ခုန်နေတယ်။ သူသွားရာလမ်းကြောင်းမှာ “ဝေလင်း.. အိပ်ပြီလား” ဆိုတဲ့ အသံတစ်ခုက ပိုက်ဆံပေါပြီး ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတယ်။

တောဝက်တွေ ပြန်ဝင်လာပြီး “လုပ်ကွက်”တွေကို သူတို့က သင်္ချာနဲ့ တရုတ်စာထဲမှာ လိုက်ရှာနေကြတယ်။ သားက အသားများများ ကြက်ဥနိုင်းချင်းနဲ့  မြန်မာစတိုင် ခေါက်ဆွဲကြော် ကြာဇံကြော်တွေကို ပုလင်းထဲမှာ ထည့်ထားလိုက်တယ်။ ည ၇ နာရီ နောက်ပိုင်း အချိန်တစ်ခုခုမှာ နဂါးလေးက သူ့ပါးစပ်ထဲကနေ မီးတွေ မှုတ်ထုတ်လိုက်တယ်။ နိုင်ငံခြားသံစဉ်ကို မြန်မာစာသားသွပ်ထားတဲ့ သီချင်းတွေ ထွက်လာပြီး တယ်လီဖုန်း မြည်လာတယ်။ “ဘာ.. ကလေးတောင် ရှိနေပြီ ဟုတ်လား”.. တဲ့။ အီးယားဖုန်း တပ်ထားတဲ့ အမ်ပီသရီးပလေယာ ဟာ ကျကွဲသွားတယ်။ ကျောင်းစာထဲမှာ မပါတဲ့ စွယ်စုံကျမ်းဟာ အခန်းတံခါး ပွင့်လာတယ်။

စားပွဲအောက်က သားစားမကုန်လို့ ကျန်နေတဲ့ ပန်းကန် တိုးလို့တန်းလန်းတွေကို ကျောပိုးလွယ်ထားတဲ့ ခွေးဘီလူးကြီးကို သားရဲ့နဂါးလေးက လက်သည်းချွန်တွေနဲ့ အားပါးတရ ဆွဲကုတ်လိုက်တယ်။

ပန်ဒိုရာ
၁၁-၁၇ ဇန်နဝါရီ ၂၀၁၃

2 comments:

ဇွန်မိုးစက် said...

Nice story, ma Pan. The possession of each creature reminds me of Philip Pullman's Golden Compass. :)

မေဓာဝီ said...

သုံးမြှောင့်ဖန်တုံးထဲ ထည့်လိုက်တဲ့အခါ ပေါ်လာတဲ့ ၀ါကျတွေ ... မိုက်တယ် ပန်ပန် ... တကယ် အသစ်ပဲ။