Friday, January 4, 2013

လူထုဆီသို့ သယ်ဆောင်လာသော …



Liberty leading the people by Ferdinand Victor Eugène Delacroix






၂၀၁၃ ဇန်နဝါရီ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ သေနတ်သံတွေ၊ ကြွေးကြော်ကြုံးဝါးသံတွေ၊ မကျေမနပ်တောင်းဆိုသံတွေ၊ နာကျင်ညည်းတွားသံတွေကတော့ လွတ်လပ်ရေးရပြီး ၆၅ နှစ် တိုင်သည်အထိ ကြားနေရဆဲပါ။

အိုင်အိုဝါတက္ကသိုလ်မှာ International Writing Program တက်နေတုန်း နယူးယောက်မြို့က Battery Dance Company နဲ့အတူ ပူးပေါင်းဖျော်ဖြေဖို့ Ellis Island နဲ့ Veterans Day အတွက် Expressing Freedom ဆိုတဲ့ စင်တင်ကပြမှု အစီအစဉ်အတွက် အမှတ်တရ စာတစ်ခုခု ရေးသားပေးပါလို့ IWP စာရေးဆရာတွေဟာ ဖိတ်ခေါ်ခံရပါတယ်။ မဖြစ်မနေတော့မဟုတ်ပါဘူး။ ဗော်လံတီယာ စေတနာ့ဝန်ထမ်းပေါ့။ ရောက်တုန်းရောက်ခိုက်မှာ ပါဝင်ဆင်နွှဲချင်တဲ့အတွက် လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ကို ရေးပေးခဲ့ပါတယ်။ ကဗျာရဲ့ အင်္ဂလိပ်ဗားရှင်းကို အကပညာရှင် Carmen Nicole ရဲ့ အကသရုပ်ဖော်နဲ့ အတူ ရွတ်ဆိုတင်ဆက်ခဲ့ပါတယ်။ အဲဒီပွဲကို အစကတော့ Ellis Island မှာ စင်တင်ကပြမကြလို့ စီစဉ်ခဲ့ကြတယ်။ နောက်တော့ စန်ဒီ ဟာရီကိန်း ကြောင့် နယူးယောက်မြို့ ဘရော့ဝေးလမ်းက Access Theatre မှာပဲ ကျင်းပလိုက်ရပါတယ်။ IWP က စာရေးဆရာ ကဗျာဆရာ ၁၀ ယောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီကဗျာကို ရေးတဲ့အချိန်မှာ ခေါင်းစဉ်အတွက် “Liberty Leading the People” ဆိုတဲ့ နာမည်ကျော် ပြင်သစ်ပန်းချီကားရဲ့ လှုံ့ဆော်မှုကို တစ်စိတ်တစ်ပိုင်း ရခဲ့တယ်။ ဒီကဗျာခေါင်းစဉ်ကတော့ “….leading to the people” ပါ။  ပန်းချီကားအကြောင်းကို တစ်ချိန်က ဘလော့ဂ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  ပြန်ဖတ်လို့ရပါတယ်။ http://pandora-and-pandora.blogspot.com/2007/10/blog-post_28.html

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် အဲဒီကဗျာကို အမှတ်တရ တင်လိုက်ပါတယ်။ ကဗျာရွတ်ဆိုမှုနဲ့ တွဲဖက်ကပြမှု ဗွီဒီယိုဖိုင်ကိုလည်း တင်လိုက်ပါတယ်။ 



လူထုဆီသို့ သယ်ဆောင်လာသော…

ဖြတ်သန်း ပြီးတော့ ဖြတ်တောက်
ပြတ်တောင်းပြတ်တောင်း ဖြတ်
ပြတ်တောင်းပြတ်တောင်းများစွာနဲ့ ဖြတ်
တဆက်တစပ်တည်း ဖြတ်
တစ်သက်တာထာဝရ ဖြတ်
တစ်ဦးဆိုင်လက်နဲ့
အများပိုင်လက်နဲ့
ရှေ့ကကမ်းတဲ့ လက်တစ်ချောင်းနဲ့
ရှေ့ကိုလှမ်းတဲ့ လက်အချောင်းချောင်းနဲ့
သေးကွေးနုနယ်လက်တွေနဲ့
အရေတွန့်ရှုံ့တွလက်တွေနဲ့
သွယ်ပျောင်းဖော့ဖယောင်းလက်တွေနဲ့
ဆာလောင်ငတ်မွတ်အရိုးပြိုင်းလက်တွေနဲ့
သွေးရောင်လွှမ်းကျန်းမာသန်စွမ်းလက်တွေနဲ့
လက်ဖြူတွေ လက်မဲတွေ လက်ဝါတွေ
တစ်ခုခုကို ဆုပ်ကိုင်ချင်ရင် တစ်ခုခုကိုတော့ လွှတ်ချခဲ့ရမယ်
(ဟင့်အင်း တစ်ခုမက အများကြီး)
ကြက်သီးမွေးညင်းတွေ
ပါးစပ်ထဲကိုက်ထားတဲ့ လက်သည်းတွေ
တဆတ်ဆတ်တုန်နေတဲ့ ရင်ခုန်သံတွေ
နက်ရှိုင်းတဲ့အမြစ်တွေရဲ့ ဖက်တွယ်မှုတွေ
ဒရွတ်တိုက်နေတဲ့ သံကြိုးထူထူတွေ
ပျံ့လွင့်နေတဲ့ ထင်ယောင်ထင်မှားတွေ
ဒါတွေကို လွှတ်ချလိုက်ပြီး မီးရှုးတိုင်တစ်တိုင်ကို ကိုင်စွဲနိုင်လိုက်တဲ့အခါ
အဲဒါကို လွတ်လပ်ရေးလို့ခေါ်တယ်

ပန်ဒိုရာ
၂၆.၁၀.၂၀၁၂

....................
 

….. leading to the people

pass it and then cut it
cut it in hesitation
cut it in continuous hesitation
and cut it ceaselessly
and cut it forever
with a single hand
with a plural hand
with the number-one hand
with a number of one-hands
with tiny kiddy hands
with shrinking wrinkly hands
with waxy squashy hands
with hungry bony hands
with pinky healthy hands
white hands black hands yellow hands
if one wants to grasp something, one has to release something
(not something but many things)
the goose bumps
the bitten nails
the trembling heartbeats 
the clinging deep-roots
the dragging bulky chains
the wavering myths
the time you drop all of them and hold a torch
it’s called liberty

Pandora
26 Oct 2012

1 comment:

Hmoo said...

ကောင်းလွန်းပါတယ်၊ဂုဏ်ယူပါတယ်သူငယ်ချင်းပန်ဒိုရာ၊မင်္ဂလာနှစ်သစ်ကူးကိုအဖော်ကောင်းမိသားစုနဲ့
ရဲရဲရင့်ရင့်ဖြတ်နိုင်စေ... :)