(ဓာတ်ပုံတွေတင်ရခက်တာနဲ့ မတင်ဖြစ်တဲ့ နိဂုံးပိုင်းပါ။ နှစ်ချို့နေပြီမို့ ခွင့်လွှတ်ပါ။ ဖတ်သူလည်း သိပ်မရှိလောက်လို့ အေးအေးဆေးဆေး လုပ်နေတာပါ။ :))
အိုင်အိုဝါရက်စွဲများ
အပိုင်း (၉) - နိဂုံး
၂၃။ ဝါရှင်တန်ဒီစီ ခရီး
ဝါရှင်တန်ဒီစီကို
မထွက်ခွာခင် IWP စာရေးဆရာတွေရဲ့ အထုပ်အပိုးတစ်ခုစီကို အမေရိကန်နိုင်ငံတွင်း မိမိတို့နှစ်သက်ရာ
ခရီးဆုံးတစ်ခုကို ပို့ပေးဖို့ IWP ကစီစဉ်ပေးပါတယ်။ ပစ္စည်းအတော်များများကို သေတ္တာအကြီးထဲမှာ
ထုပ်ပိုးပြီး နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ နယူးယောက်ကို ပို့လိုက်တဲ့အခါ ဝါရှင်တန်ဒီစီမှာ
နေထိုင်ဖို့ အဝတ်အစားအနည်းငယ်ပဲ သေတ္တာအသေးထဲမှာ သက်တောင့်သက်သာ ဖြစ်သွားပါတယ်။
မသွားခင်
ရက်အတန်ကြာကတည်းက ဝါရှင်တန်ဒီစီမှာနေထိုင်တဲ့ ဒေါ်မေငြိမ်း၊ ဒေါ်စမ်းစမ်းတင်၊ ဒေါ်ခက်မာတို့နဲ့
ချိန်းဆိုထားခဲ့ပါတယ်။ ဆရာမဒေါ်မေငြိမ်းနဲ့ သိကျွမ်းခင်မင်ခဲ့တာ ၂၀၀၇ ခုနှစ်မှာ အင်တာနက်ထဲက
စခဲ့တာပါ။ ဆရာမ ဒေါ်စမ်းစမ်းတင်၊ ဒေါ်ခက်မာတို့နဲ့လည်း ကြိုးညှိခြင်း ကဗျာစာအုပ် စီစဉ်ရင်းနဲ့
ခင်မင်ခဲ့ရပါတယ်။ အပြင်မှာ လူချင်းတစ်ခါမှ မဆုံဖူးတဲ့ စာရေးဆရာမတွေနဲ့ တွေ့ဆုံရမှာ စိတ်လှုပ်ရှားစရာလည်း ကောင်းလှပါတယ်။
အုပ်ချုပ်ရေးမြို့တော်
ဝါရှင်တန်ဒီစီကို ရောက်တဲ့ညဟာ သမ္မတရွေးကောက်ပွဲ အဆုံးအဖြတ်ပေးမယ့် ညလည်း ဖြစ်နေပါတယ်။
IWP ရုံးက အချိန်ကိုက် စီစဉ်ထားခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာ ကျွန်မတို့ တည်းခိုတဲ့
Hilton Garden Inn Downtown ဟိုတယ်မှာ လာတွေ့သူက ဒေါ်စမ်းစမ်းတင်ပါ။ အဲဒီနေ့ညနေပိုင်းမှာ
ဟိုတယ်အနီးတဝိုက်နဲ့ အိမ်ဖြူတော်အထိ လမ်းလျှောက်ပြီး လိုက်ပြခဲ့ပါတယ်။ ဝါရှင်တန်ဒီစီရဲ့
ဖွဲ့စည်းပုံကြောင့် မြို့ထဲက လမ်းတွေဟာ မှတ်ရလွယ်ကူပါတယ်။ ပြီးတော့ ဒေါ်မေငြိမ်း စောင့်နေတဲ့နေရာကို ရထားစီးပြီး
သွားကြပါတယ်။
(ပုံ၁။ ဒေါ်စမ်းစမ်းတင်နဲ့အတူ) |
အဲဒီညက ဒေါ်ခက်မာ၊
ဒေါ်စမ်းစမ်းတင်၊ ဒေါ်မေငြိမ်းမိသားစု၊ ကျွန်မသူငယ်ချင်း ညီညီ(သံလွင်)ရဲ့အစ်မ မတင်မိုးအေးတို့
ဇနီးမောင်နှံ နဲ့အတူ မြန်မာထမင်းဟင်း ရောင်းတဲ့ စားသောက်ဆိုင်မှာ ညစာစားခဲ့ပါတယ်။ တကယ်တော့ မတင်မိုးအေးနဲ့ ဆရာမဒေါ်မေငြိမ်းတို့က ကျွန်မရောက်လာတဲ့အခါ
ဝါရှင်တန်ဒီစီအနီးက နီဝါရောင်သစ်ရွက်တွေနဲ့ လှပတဲ့ တောအုပ်ရှိရာကို လိုက်ပို့ပေးမယ်လို့
စီစဉ်ထားခဲ့တာပါ။ ဒီဒေသက သစ်ရွက်တွေ အရောင်ပြောင်းချိန်ဟာ အိုင်အိုဝါထက် နောက်ကျတဲ့အတွက်
လှပတဲ့ ရှုခင်းကို မြင်နိုင်သေးလို့ပါ။ ဒါပေမယ့်လည်း စန်ဒီမုန်တိုင်းကြောင့် သစ်ရွက်တွေလည်း
ကြွေပြီး ရာသီဥတုဆိုးသွားခဲ့တဲ့အတွက် အဲဒီအစီအစဉ်ကို ဖျက်လိုက်ရပါတယ်။
ညကအေးလာတဲ့အတွက်
ဟိုတယ်မှာ ပြန်နားရင်း တီဗွီကနေ သမ္မတ ရွေးကောက်ပွဲ အဖြေကို စောင့်ကြည့်ခဲ့ပါတယ်။
IWP စာရေးဆရာ တချို့ကတော့ အဲဒီညမှာ အိမ်ဖြူတော်အနီးတဝိုက်မှာ စောင့်နေခဲ့ကြပါတယ်။
IWP ရုံးအဖွဲ့တွေရော စာရေးဆရာတွေပါ သမ္မတအိုဘားမားကို အားပေးကြသူတွေ ဖြစ်တာမို့ ပျော်ရွှင်စရာည
ဖြစ်ခဲ့ပါတယ်။
နောက်တစ်နေ့
မနက်ပိုင်းမှာတော့ IWP က စီစဉ်ပေးတဲ့ tour ကားကြီးနဲ့ မြို့ရဲ့ ထင်ရှားတဲ့နေရာတွေကို
လျှောက်ကြည့်ကြပါတယ်။ အဖြူရောင်အဆောက်အဦတွေ အများအပြားတွေ့ရတဲ့ ဝါရှင်တန်ဒီစီမြို့မှာ
အဆောက်အဦအမြင့်ကြီးတွေတော့ သိပ်မရှိပါဘူး။ သွားခဲ့တဲ့ နေရာတွေထဲမှာ သမ္မတဟောင်းတွေဖြစ်တဲ့
ဂျက်ဖာဆင်၊ လင်ကွန်း၊ ဝါရှင်တန်၊ ရုစဗဲ့ တို့ရဲ့ အမှတ်တရ အဆောက်အဦတွေ၊ အမှတ်တရကျောက်တိုင်၊
ဒုတိယကမ္ဘာစစ်၊ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ တွေအတွင်းမှ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်
အမှတ်တရနေရာတွေ၊ မာတင်လူသာကင်းအမှတ်တရ၊ Capitol အဆောက်အဦ၊ အိမ်ဖြူတော်နဲ့ ကမ္ဘာပေါ်မှာ
အကြီးဆုံး ပြတိုက်စုစည်းရာဧရိယာဖြစ်တဲ့ စမစ်ဆိုနီယမ် ပြတိုက်ဝင်း တို့ပါဝင်ပါတယ်။
IWP က လိုက်ပို့တဲ့
နေ့တစ်ဝက်ခရီးစဉ် ပြီးတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်တဲ့နေရာကို သွားလည်ဖို့
အချိန်ရတာမို့ ဒေါ်စမ်းစမ်းတင်နဲ့ ချိန်းဆိုထားခဲ့ပါတယ်။ နေ့လည်စာစားပြီးကြတဲ့အခါ စမစ်ဆိုနီယမ်
ပြတိုက်ဝင်းထဲကို ဝင်လာခဲ့ပါတယ်။ ကြည့်ရှုစရာ ၁၉ ခုလုံးကို နေ့တစ်ဝက်နဲ့ လည်ပတ်ဖို့ဆိုတာကတော့
မဖြစ်နိုင်တဲ့ကိစ္စပါ။ တကယ်တော့ အဲဒီလိုပြတိုက်ကြီးတွေကို တစ်နေ့မှာ တစ်ခုပဲ လည်ပတ်ကြည့်ရှုရင်
အကောင်းဆုံး၊ အနှစ်သာရလည်း အရှိဆုံးဆိုတာကိုတော့ ရှီကာဂိုက ပြတိုက်တွေမှာ သွားကြည့်ကတည်းက
သဘောပေါက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်နေ့မှာ ကျွန်မက ကဗျာရွတ်ဖို့ အစီအစဉ် ရှိနေတဲ့အတွက်
လေကြောင်းနဲ့အာကာသ ပြတိုက်နဲ့ ကျွန်မကြည့်ချင်နေတဲ့
တရုတ်အနုပညာရှင် အိုင်ဝေဝေရဲ့ လက်ရာတွေကို အထူးခင်းကျင်းထားတဲ့ ဟစ်ရှ်ဟွန်းပြတိုက်
တို့ကို သွားခဲ့ပါတယ်။
လေကြောင်းနဲ့အာကာသ
ပြတိုက်ထဲမှာ ခင်းကျင်းထားတဲ့ လေယာဉ်တွေကို မြင်တော့ စိတ်ထဲမှာ Night at the museum 3 ရုပ်ရှင်ကို ပြန်သတိရပြီး
ပြုံးမိပါသေးတယ်။ စင်ကာပူက Science Centre နဲ့ အသစ်ဖွင့်ထားတဲ့ ArtScience Museum ကိုလည်း
သတိရမိပါတယ်။ မြန်မာပြည်မှာတော့ ရန်ကုန်က နက္ခတ်တာရာပြခန်းကို ငယ်ငယ်က ရောက်ဖူးခဲ့ပါတယ်။
အခုတော့ အဲဒီပြခန်းလည်း လူတွေ စိတ်ဝင်စားကြသေးရဲ့လား မသိပါဘူး။ ပြုပြင်မွမ်းမံတယ်လို့လည်း
ကျွန်မ မကြားမိပါ။ နိုင်ငံရပ်ခြားက ပြတိုက်တွေလို ခေတ်မီ ခေတ်လွန် အရာတွေကို အဆင့်မြင့်မြင့်
မခင်းကျင်းနိုင်ပေမယ့် အနည်းဆုံး အခြေခံလောက်ဖြစ်ဖြစ် အများပြည်သူ ကြည့်ရှုလေ့လာနိုင်တဲ့
သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပြတိုက်တစ်ခုလောက် ရန်ကုန်မှာ ရှိရင် ကလေးတွေအတွက် အကျိုးရှိမယ်၊
တီထွင်ဖန်တီးလိုစိတ်နဲ့ အားကျစိတ်လည်း ရှိလာမယ်လို့ တွေးဖြစ်အောင် တွေးမိလိုက်ပါသေးတယ်။
အဲဒီနောက်
ဟစ်ရှ်ဟွန်းပြတိုက်ကို ဆက်သွားခဲ့ပါတယ်။ ဟစ်ရှ်ဟွန်းပြတိုက်မှာက အဆောက်အဦထဲမှာ တပ်ဆင်မှုအနုပညာ
(installation) တွေ ပန်းချီကားတွေရှိပြီး အပြင်ဘက် ခြံဝင်းထဲမှာတော့ ရုပ်တုဥယျာဉ်အဖြစ်
တည်ရှိပါတယ်။ According to what လို့ နာမည်ပေးထားတဲ့ အိုင်ဝေဝေရဲ့ လက်ရာစုစည်းမှုတွေထဲက
ပထမဦးဆုံး ထင်ထင်ရှားရှား လှမ်းမြင်ရတာက ရာသီခွင်သင်္ကေတ တွေပါ။ ဗိသုကာပညာရှင်တစ်ဦးလည်း
ဖြစ်တဲ့ အိုင်ဝေဝေဟာ အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်းတွေကို သူ့ရဲ့ ကျွမ်းကျင်တဲ့လက်ရာနဲ့
လှလှပပ ပေါင်းစပ်ပြီး ခဲရာခဲဆစ် ဖန်တီးနိုင်သူပါ။ နာမည်ကြီးလှတဲ့ အိုင်ဝေဝေရဲ့ လက်ရာတွေကို
မျက်ဝါးထင်ထင်တွေ့လိုက်ရမှပဲ သူ့ရဲ့ အသေးစိတ်ကျကျ အားထုတ်မှုနဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုဟာ
အလွယ်တကူ လိုက်လံတုပလို့မရအောင် ကြီးမားလှတာကို ပိုသဘောပေါက်မိပါတယ်။
(ပုံ ၁၂။ အိုင်ဝေဝေရဲ့ snake ceiling စီချွမ်ငလျင်မှာသေဆုံးသွားကြတဲ့ ကျောင်းသားလေးတွေ သုံးလေ့ရှိတဲ့ ကျောပိုးအိပ်တွေကို မြွေတစ်ကောင်အဖြစ် ခင်းကျင်းထားပုံ) |
အဲဒီနောက်
အောက်ထပ်မှာ ခင်းကျင်းပြထားတဲ့ ဘာဘရာကရုဂါ (Babara Kruger) ရဲ့ ယုံကြည်မှု+သံသယ
(belief+doubt) စကားလုံး installation တွေကို ကြည့်ဖြစ်ပါတယ်။ ဥပဒေရဲ့အလွန်မှာ ဘယ်သူရှိသလဲ။
ဘယ်သူဖွင့်ဟပြောဆိုသလဲ။ ဘယ်သူနှုတ်ဆိတ်နေလဲ။ (Who is beyond the law? Who speaks?
Who is silent?) အစရှိတဲ့ ပုံနှိပ်စာလုံးအဖြူရောင်တွေကို အကြီးကြီးချဲ့ပြီး အနီရောင်နဲ့
အနက်ရောင် နောက်ခံတွေမှာ ခင်းကျင်းစီရီထားတာ ထူးခြားတဲ့ အာရုံခံစားမှုကို ပေးစေပါတယ်။
ပြတိုက်တွေက
ပြန်လာပြီးတဲ့အခါ တရုတ်ဆိုင်က အစားအသောက်တွေ ဝယ်ပြီး ဒေါ်စမ်းစမ်းတင်အိမ်မှာ စားဖြစ်ကြပါတယ်။
ပြီးတော့ ရွေးကောက်ပွဲ လေ့လာရေးခရီးအတွက် မြန်မာပြည်ကနေ ရောက်နေကြသူတွေနဲ့အတူ လွတ်လပ်သောအာရှအသံ (RFA) ရုံးကို အလည်သွားဖြစ်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာတော့ မနက်ပိုင်းမှာ ဗွီအိုအေ(VOA) အသံလွှင့်ဌာနကို အလည်ရောက်ခဲ့ပါတယ်။ ဒေါ်လှလှသန်းနဲ့ တွေ့ဆုံဖြစ်တဲ့အခါ ကျွန်မစီစဉ်ခဲ့တဲ့ ကြိုးညှိခြင်း ကဗျာစာအုပ်နဲ့ မြန်မာအမျိုးသမီး ကဗျာဆရာ တွေအကြောင်းကို စိတ်ဝင်စားတဲ့အတွက် အမျိုးသမီးကဏ္ဍအတွက် အင်တာဗျူးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။
ပြီးတော့ ရွေးကောက်ပွဲ လေ့လာရေးခရီးအတွက် မြန်မာပြည်ကနေ ရောက်နေကြသူတွေနဲ့အတူ လွတ်လပ်သောအာရှအသံ (RFA) ရုံးကို အလည်သွားဖြစ်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာတော့ မနက်ပိုင်းမှာ ဗွီအိုအေ(VOA) အသံလွှင့်ဌာနကို အလည်ရောက်ခဲ့ပါတယ်။ ဒေါ်လှလှသန်းနဲ့ တွေ့ဆုံဖြစ်တဲ့အခါ ကျွန်မစီစဉ်ခဲ့တဲ့ ကြိုးညှိခြင်း ကဗျာစာအုပ်နဲ့ မြန်မာအမျိုးသမီး ကဗျာဆရာ တွေအကြောင်းကို စိတ်ဝင်စားတဲ့အတွက် အမျိုးသမီးကဏ္ဍအတွက် အင်တာဗျူးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။
မွန်းလွဲပိုင်းမှာတော့
Politics and Prose Book Store မှာ ကျင်းပတဲ့ ကဗျာရွတ်ပွဲကို သွားရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့
ပညာရေးနဲ့ ယဉ်ကျေးမှုဌာန က Assistant Secretary ဖြစ်တဲ့ မစ်စ် အန်းစတော့ခ် (Ms. Ann
Stock) က အမှာစကားပြောခဲ့ပါတယ်။ အဲဒီနေ့က ကူဝိတ်က
တားလက်ဘ်၊ ရုရှက အလီဆာ၊ ပါကစ္စတန်က ဘီလယ်တို့နဲ့အတူ ကျွန်မလည်း ကဗျာအချို့ ရွတ်ခဲ့ပါတယ်။
မေးလာတဲ့ မေးခွန်းတွေကိုလည်း ဆွေးနွေးဖြေကြားခဲ့ပါတယ်။ အဲဒီညနေစောင်း ကဗျာရွတ်ပွဲကိုလည်း
ဆရာမ ဒေါ်စမ်းစမ်းတင်က လာပြီး အားပေးခဲ့ပါတယ်။ ဆရာမရဲ့ ဧည့်ဝတ်ကျေဖော်ရွေမှုတွေက မမေ့နိုင်စရာပါ။ ကြိုးညှိခြင်းစာအုပ်ကို တကူးတကမှာကြားပြီး အားပေးသူတစ်ဦးဖြစ်တဲ့
မချယ်ရီ ကလည်း ကဗျာရွတ်ပွဲကို လာရောက်ခဲ့ပါတယ်။
၂၄။ နယူးယောက်ခရီး
ဝါရှင်တန်ဒီစီကနေ
နယူးယောက်ကို ဘတ်စ်ကားစီးပြီး သွားခဲ့ပါတယ်။ နယူးယောက်ကို ရောက်တဲ့နေ့က သောကြာနေ့ မွန်းလွဲပိုင်းဖြစ်ပါတယ်။
IWP စာရေးဆရာတစ်ယောက်က MoMA (မော်ဒန်အနုပညာပြတိုက်)ကို သောကြာနေ့ညနေပိုင်း သွားရင်
ဝင်ခွင့်လက်မှတ်တွေ အလကားပေးတယ်လို့ သတင်းပေးထားပါတယ်။ ပုံမှန်ဆိုရင်တော့ ဝင်ကြေး၂၅ဒေါ်လာ
ပေးရမှာပါ။ အဲဒီညနေက နာမည်ကျော် MoMA ကို ရောက်ခဲ့ပါတယ်။ ပြတိုက်ထဲက နာမည်ကျော်တွေရဲ့
မူရင်း လက်ရာတွေကို ကြည့်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့ပေမယ့်လည်း အခုလို တစ်စုတစ်စည်းတွေ
ထပ်တွေ့ရတော့ ရင်ခုန်စရာကောင်းတာပါပဲ။
အချိန်တိုအတွင်းမှာ
ကျွန်မစိတ်အဝင်စားဆုံး လက်ရာတွေရှိတဲ့ အထပ်တွေကိုပဲ သွားခဲ့ပါတယ်။ ဒေါ်လာ ၁၂၀ မီလီယံနီးပါး
စံချိန်ချိုးပြီး လေလံအောင်ထားခဲ့တဲ့ မွန့်ခ်ျရဲ့ အော်သံ၊ မိုနေးရဲ့ ကြာပန်းတွေ၊ ဗန်ဂိုးရဲ့
ကြယ်စုံည၊ ဖရီဒါခါလိုရဲ့ ကိုယ်တိုင်ရေးပုံတူတွေ၊ ရူးဆိုး၊ ဂေါ်ဂင်၊ ပီကာဆို၊ မိုဒီလျာနီ
စတဲ့ မြောက်များလှစွာတဲ့ နာမည်ကျော် ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေ၊ ပန်းပုရုပ်တွေ၊
installation art တွေကြားမှာ ညနေခင်းရဲ့ အချိန်တွေဟာ အကုန်မြန်ခဲ့ပါတယ်။
နယူးယောက်မြို့ကို
ရောက်ရှိခဲ့တဲ့ အချိန်အတောအတွင်း flarf ကဗျာဆရာမ နာဒါဂေါ်ဒင်နဲ့ LPကဗျာဆရာ ပါမောက္ခ ချားလ်စ်ဘန်းစတိန်း
တိုနဲ့ တွေ့ဆုံဖြစ်ခဲ့တာဟာလည်း အလွန်ကို ကံကောင်းလှပါတယ်။ နာဒါဂေါ်ဒင်ကိုတော့
PEM-SKOOL ကဗျာဆရာတွေနဲ့ ကဗျာဆရာဟံလင်း တို့ကတဆင့် facebook မှာ မိတ်ဆက်ဖြစ်ပြီးတော့
ဘန်းစတိန်းကိုတော့ Bones Will Crow အယ်ဒီတာတစ်ဦးဖြစ်သူ ဂျိမ်စ်းဘန်းရဲ့ အကြံပြုချက်အရ
ကိုယ့်ဘာသာမိတ်ဆက်ပြီး တွေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။ (Conceptual ကဗျာဆရာ ဂိုးလ်စမစ်၊
LP ကဗျာဆရာ ဘန်းစတိန်းနဲ့ flarf ကဗျာဆရာမ နာဒါဂေါ်ဒင်တို့နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းတွေကို
ကဗျာလောက ၂ မှာလည်း ဆောင်းပါးသီးသန့် ရေးထားခဲ့ပါတယ်။)
ကဗျာနဲ့ပတ်သက်လို့
Poets House ကိုလည်း IWP အစီအစဉ်နဲ့ အလည်အပတ်ရောက်ခဲ့ပါတယ်။ အဆောက်အဦရဲ့ အပေါ်ထပ်မှာတော့
ကဗျာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများအပြားစုစည်းထားတဲ့ စာကြည့်တိုက်တည်ရှိပြီး အောက်ထပ်မှာတော့
ကဗျာရွတ်ပွဲကျင်းပတဲ့ ခန်းမရှိပါတယ်။ IWP စာရေးဆရာတွေထဲက ဥဇဘက်ကစ္စတန်က အလီနာ၊ ဘော့စဝါနာက
တီဂျေဒီးမားနဲ့ ဘရာဇီးက ရော်ဒရီဂိုတို့က သူတို့ရဲ့ လက်ရာတွေကို ဖတ်ပြခဲ့ပါတယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့
အစီအစဉ်တစ်ခုကတော့ Battery Dance Company နဲ့ IWP တို့ ပူးပေါင်းတင်ဆက်တဲ့ စာပေနဲ့အက
အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာပါဝင်ဖို့ ကဗျာတွေ စကားပြေတွေကို ပေးပို့ဖို့ IWP
စာရေးဆရာတွေကို ဖိတ်ခေါ်ထားခဲ့ပါတယ်။ ရေးသားရမယ့် အဓိက အကြောင်းအရာကတော့ Expressing
Freedom ဖြစ်ပါတယ်။ IWP စာရေးဆရာ ၉ ယောက်နဲ့ ဒါရိုက်တာ ခရစ္စတိုဖာမာရေးလ်ကိုယ်တိုင်
ပါဝင်ခဲ့ကြပါတယ်။ ကျွန်မက ကဗျာကို အင်္ဂလိပ်လို တိုက်ရိုက် ရေးလေ့ရေးထ သိပ်မရှိပါဘူး။
ဒါပေမယ့်လည်း ဒီအစီအစဉ်မှာ ပါဝင်ဆင်နွှဲချင်တဲ့အတွက် “…. Leading to the people” လို့
ခေါင်းစဉ်ပေးထားတဲ့ ကဗျာတစ်ပုဒ်ကို ရေးခဲ့ပါတယ်။ ဒီကဗျာကို ရေးတဲ့အချိန်မှာ ခေါင်းစဉ်အတွက်
“Liberty Leading the People” ဆိုတဲ့ နာမည်ကျော် ပြင်သစ်ပန်းချီကားရဲ့ လှုံ့ဆော်မှုကို
တစ်စိတ်တစ်ပိုင်း ရခဲ့တယ်။ ကဗျာကို မြန်မာလို ဘာသာပြန်ရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
လူထုဆီသို့ သယ်ဆောင်လာသော…
ဖြတ်သန်း
ပြီးတော့ ဖြတ်တောက်
ပြတ်တောင်းပြတ်တောင်း
ဖြတ်
ပြတ်တောင်းပြတ်တောင်းများစွာနဲ့
ဖြတ်
တဆက်တစပ်တည်း
ဖြတ်
တစ်သက်တာထာဝရ
ဖြတ်
တစ်ဦးဆိုင်လက်နဲ့
အများပိုင်လက်နဲ့
ရှေ့ကကမ်းတဲ့
လက်တစ်ချောင်းနဲ့
ရှေ့ကိုလှမ်းတဲ့
လက်အချောင်းချောင်းနဲ့
သေးကွေးနုနယ်လက်တွေနဲ့
အရေတွန့်ရှုံ့တွလက်တွေနဲ့
သွယ်ပျောင်းဖော့ဖယောင်းလက်တွေနဲ့
ဆာလောင်ငတ်မွတ်အရိုးပြိုင်းလက်တွေနဲ့
သွေးရောင်လွှမ်းကျန်းမာသန်စွမ်းလက်တွေနဲ့
လက်ဖြူတွေ
လက်မဲတွေ လက်ဝါတွေ
တစ်ခုခုကို
ဆုပ်ကိုင်ချင်ရင် တစ်ခုခုကိုတော့ လွှတ်ချခဲ့ရမယ်
(ဟင့်အင်း
တစ်ခုမက အများကြီး)
ကြက်သီးမွေးညင်းတွေ
ပါးစပ်ထဲကိုက်ထားတဲ့
လက်သည်းတွေ
တဆတ်ဆတ်တုန်နေတဲ့
ရင်ခုန်သံတွေ
နက်ရှိုင်းတဲ့အမြစ်တွေရဲ့
ဖက်တွယ်မှုတွေ
ဒရွတ်တိုက်နေတဲ့
သံကြိုးထူထူတွေ
ပျံ့လွင့်နေတဲ့
ထင်ယောင်ထင်မှားတွေ
ဒါတွေကို
လွှတ်ချလိုက်ပြီး မီးရှုးတိုင်တစ်တိုင်ကို ကိုင်စွဲနိုင်လိုက်တဲ့အခါ
အဲဒါကို လွတ်လပ်ရေးလို့ခေါ်တယ်
ပန်ဒိုရာ
၂၆.၁၀.၂၀၁၂
ကဗျာရဲ့ အင်္ဂလိပ်ဗားရှင်းကို
အကပညာရှင် ကားမန်းနီကိုးလ် (Carmen Nicole) ရဲ့ အကသရုပ်ဖော်နဲ့ အတူ ရွတ်ဆိုတင်ဆက်ခဲ့ပါတယ်။
အဲဒီပွဲကို အစကတော့ Ellis Island မှာ စင်တင်ကပြမကြလို့ စီစဉ်ခဲ့ကြတယ်။ နောက်တော့ စန်ဒီ
ဟာရီကိန်း ကြောင့် အဲဒီကျွန်းကို သွားလို့မရတဲ့အတွက် နယူးယောက်မြို့ ဘရော့ဝေးလမ်းက
Access Theatre မှာပဲ ကျင်းပလိုက်ရပါတယ်။
အဲဒီနေ့က
တင်ဆက်မှုအစီအစဉ်တွေဟာ ကျွန်မအတွက်တော့ အများကြီး လေ့လာမှတ်သားစရာတွေ ဖြစ်ခဲ့ပါတယ်။
စာရေးဆရာ ၁၀ ယောက်ရဲ့ လက်ရာတွေကို သရုပ်ဖော်တဲ့ အကပညာရှင် ၁၀ ယောက်ဟာ တစ်ဦးနဲ့တစ်ဦး
တင်ဆက်ပုံချင်း စိတ်ကူးစိတ်သန်းချင်း မတူညီပဲ အတော်ကို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးလည်း
ဖြစ်ကြပါတယ်။ ကကြိုးကကွက်တွေထဲမှာ ဇင်ဘာဘွေက ခရစ္စတိုဖာမာလာဇီ ရဲ့ ကဗျာထဲက ပန်းတွေပွင့်လာပုံကို
သရုပ်ဖော်တဲ့ လူမည်းအကပညာရှင် ဘာဖာနာ ရဲ့ လှုပ်ရှားဟန်တွေဟာ အထူးကို အသက်ဝင်လှပါတယ်။
(အဲဒီအစီအစဉ်ကို အင်တာဗျုးတွေအပါအဝင် ရိုက်ကူးထားတဲ့ ဗွီဒီယိုကိုတော့ အင်တာနက်ထဲက http://vimeo.com/58791865 ဆိုတဲ့ လင့်ခ်မှာ ကြည့်လို့ရပါတယ်။)
ရန်ကုန်ကို ပြန်ရောက်တဲ့အခါ အဲဒီ တင်ဆက်မှုဟာ ကျွန်မရဲ့ စိတ်ထဲမှာ စွဲလန်းနေတဲ့အတွက်
Blue Wind Multimedia International Art Festival မှာ ကဗျာဆရာမလည်းဖြစ် အကပညာရှင်လည်းဖြစ်တဲ့
မွန်းသူအိမ်နဲ့အတူ ကျွန်မရဲ့ “ငါ ကျနေတယ်” ဆိုတဲ့ကဗျာကို သရုပ်ဖော်ခဲ့ပါတယ်။
ကျွန်မရောက်ဖူးချင်တဲ့
နိုင်ရာဂရာ ရေတံခွန်ဘက်ကို သွားဖို့ အဆင်မပြေခဲ့ပေမယ့် နယူးယောက်မြို့ကြီးမှာ လည်ပတ်ဖို့
အချိန်တချို့ရခဲ့ပါတယ်။ ကျွန်မရဲ့ ဘလော့ဂ်ကို လာဖတ်ရာကနေ သိကျွမ်းခင်မင်ခဲ့တဲ့ ကိုသက်မှူး
(ဆရာရန်ကုန်ဘဆွေရဲ့သား) ကလည်း နေရာတချို့ကို လိုက်ပို့ပေးခဲ့ပါတယ်။ ကျွန်မတို့ တည်းခိုတဲ့ဟိုတယ်က
Times Square မှာ တည်ရှိတာမို့ သွားရလာရတာလည်း အဆင်ပြေလှပါတယ်။ ဘရွတ်ကလင်း တံတား၊
Wall street အနီးတဝိုက်၊ World Trade Centre ရဲ့နေရာဟောင်း၊ Central Park တို့ကိုလည်း
ရောက်ခဲ့ပါတယ်။ စင်ကာပူမှာ ရထားကို အဓိကထားပြီး သွားလာခဲ့တဲ့ အလေ့အကျင့်ကြောင့် ဝါရှင်တန်ဒီစီနဲ့
နယူးယောက်မှာ မြေပုံကိုကြည့်ပြီး ရထားစီးရတာ သိပ်တော့ မခက်ခဲလှပါဘူး။ တစ်ခုပါပဲ။ နယူးယောက်မှာတော့
ရထားရှိရာ မြေအောက်ထဲကို ဝင်ပေါက်နဲ့ ထွက်ပေါက်ဟာ နေရာမတူတာမို့ သင်္ကေတတွေကို မှတ်သားထားရပါတယ်။
အလွန်စည်ကား ကြီးမားလှတဲ့ နယူးယောက်မြို့ကြီးမှာ သန့်ရှင်းသပ်ရပ်မှုအတွက်တော့ စင်ကာပူလောက်
နိုင်နိုင်နင်းနင်း မစီမံနိုင်ဘူးလို့ မြင်ရပါတယ်။
နိုဝင်ဘာ
၁၃ ရက်ညမှာတော့ ဟိုတယ်မှာ အတူတည်းခိုနေကြတဲ့ IWP စာရေးဆရာတွေဟာ IWP coordinator ဂျိုးရဲ့အခန်းမှာ
နှုတ်ဆက်ပွဲညအဖြစ် အမှတ်တရ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ သုံးလတာနီးပါး အတူတကွနေထိုင် စားသောက်ခဲ့၊
လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ခရီးစဉ်ဟာ အဆုံးသတ်ခဲ့ပါပြီ။ တချို့လည်း ကမ္ဘာ့တစ်နေရာရာမှာ
အလွယ်တကူ ပြန်ဆုံကြဦးမှာပါ။ တချို့ကိုတော့ နောက်ထပ် လူချင်း တွေ့ဆုံဖြစ်ပါဦးမလားဆိုတာ
မပြောနိုင်ပါဘူး။ အင်တာနက် လူမှုကွန်ရက်တွေ သုံးစွဲသူတို့ကတော့ အနည်းဆုံး အွန်လိုင်းကနေ
အဆက်မပြတ် သတင်းတွေ ဝေမျှနေကြဦးမှာပါ။ တွေ့ဆုံခဲ့တဲ့ IWP စာရေးဆရာတွေကတဆင့် ဆက်လက်ချိတ်ဆက်ပြီး
နိုင်ငံတကာစာပေ ကွန်ရက် ပိုပြီး ကျယ်ပြန့်လာဖို့လည်း ဖြစ်နိုင်ပါတယ်။
ဒီအစီအစဉ်
တလျှောက်လုံးမှာ အနည်းဆုံး ဖုန်းဆက်လို့ပဲဖြစ်ဖြစ် အကူအညီပေးကြ၊ မသိတာကို ပြောပြပေးကြပြီး
ဧည့်ဝတ်ကျေပွန်ခဲ့ကြတဲ့ အမေရိကရောက် မြန်မာမိတ်ဆွေတွေရဲ့ ကျေးဇူးကြောင့်လည်း အခက်အခဲတွေ
လျော့ပါးခဲ့ရပါတယ်။ ရောက်လေရာမှာ ပန်ဒိုရာရဲ့ စာပေခရီးဟာ အွန်လိုင်းကနေ စတင်ခဲ့တာ၊
ထုတ်ဝေမှုလည်း ဘယ်လောက်အတိုင်းအတာပဲ ရှိသေးတာကို အားလုံးကို ပြောပြခဲ့ပါတယ်။ ကျွန်မရဲ့
ကဗျာတွေ စာတွေကို နှစ်သက်တယ်ဆိုရင် ပိုထင်ရှားတဲ့ ခေတ်ပြိုင် မြန်မာစာရေးဆရာ ကဗျာဆရာတွေ၊
ဘာသာမပြန်ရသေးတဲ့ ခေတ်အဆက်ဆက်က စာကောင်းပေကောင်းတွေ အများကြီး ရှိသေးတာကိုလည်း အမြဲမီးမောင်းထိုးပြခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကဗျာဆရာကြီး ပါမောက္ခ ချားလ်စ် ဘန်းစတိန်း အပါအဝင် ကျွန်မတွေ့ခဲ့တဲ့
စာပေသမားတွေ၊ ကျောင်းက တက္ကသိုလ်ဆရာတွေ အားလုံးဟာ မြန်မာလူမျိုး ကဗျာရေးသူ စာရေးသူ တစ်ယောက်အပေါ်
ဝါနုဝါရင့်၊ အွန်လိုင်းပရင့်၊ အမျိုးသမီးအမျိုးသား ခွဲခြားမှုဆိုလို့ ခေါင်းထဲလုံးဝမထည့်ဘဲ
အလေးထားဆက်ဆံခဲ့တာ ကျေးဇူးတင်လေးစားစရာပါ။
မြန်မာပြည်ကို
ပြန်ရောက်လာတဲ့အခါ IWP စာရေးဆရာတချို့ရဲ့ အင်တာဗျူးတွေ၊ စာပေလက်ရာတွေကို ဘာသာပြန်ဖြစ်ခဲ့ပါတယ်။
ကျွန်မရဲ့ ကဗျာတချို့ကိုလည်း သူတို့ရဲ့ ဘာသာစကားနဲ့ ပြန်ဆိုဖြစ်ကြတာ ရှိပါတယ်။ IWP
ဝက်ဘ်ဆိုက်မှာလည်း “On going home” ဆိုတဲ့ခေါင်းစဉ်နဲ့ အိမ်ပြန်ရောက်ချိန် ခံစားမှု
ရသအက်ဆေးတစ်ပုဒ် အင်္ဂလိပ်ဘာသာနဲ့ ရေးဖြစ်ခဲ့ပါတယ်။ ဒီလိုနိုင်ငံတကာ အစီအစဉ်တွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား
စာပေယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်ဖို့အတွက် အလွန်သင့်တော် ကောင်းမွန်လှပါတယ်။ ၂၀၁၃ နှစ်ဆန်းပိုင်းမှာတော့
IWP ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်နဲ့ အမေရိကန်စာရေးဆရာ ကဗျာဆရာတွေဟာ မြန်မာနိုင်ငံကို
လာရောက်ပြီး တက္ကသိုလ်တွေမှာ ရက်တိုသင်တန်းတွေ ပို့ချပေးခဲ့ပါတယ်။ IWP ရဲ့ ၂၀၁၃ ခုနှစ်
fall residency မှာတော့ မြန်မာနိုင်ငံက ကဗျာဆရာ၊ ဘာသာပြန်ဆရာ ဇေယျာလင်း တက်ရောက်နေပါပြီ။
မြန်မာစာပေကို
ကမ္ဘာကသိစေ၊ ကမ္ဘာ့စာပေနဲ့ ယဉ်ကျေးမှုကိုလည်း မြန်မာက ပိုမိုရင်းနှီးကျွမ်းဝင်စေဖို့ ဒီလို
အစီအစဉ်တွေမှာ မြန်မာစာရေးဆရာတွေ တက်တက်ကြွကြွ နှစ်စဉ်ပါဝင်နေကြဦးမယ်လို့ ယုံကြည်မိပါတယ်။
ကျွန်မဟာ ကံကောင်းချင်တော့ ဒီအစီအစဉ်တက်ရောက်နေစဉ်မှာ အလုပ်ကနေ ခွင့်ရက်ရှည်ယူထားတာမို့
မိသားစုကို သတိရတာကလွဲလို့ ဘာမှ ပူပင်စရာမရှိပဲ ခရီးစဉ်တလျောက်လုံးမှာ စိတ်အေးလက်အေး
ပါဝင်ဆင်နွှဲနိုင်ခဲ့ပါတယ်။ လှပတဲ့အိုင်အိုဝါမြို့ကလေးမှာ အေးချမ်းခဲ့တဲ့ နေ့ရက်တွေကိုတော့
အထူး အမှတ်ရနေမှာပါ။
ပန်ဒိုရာ
၁၀.၉.၂၀၁၃
၂၀၁၃ နိုဝင်ဘာလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။