Tuesday, June 26, 2007

ကျွန်ုပ်နှင့် ကြေးအိုး

ကျွန်ုပ်နှင့် ကြေးအိုး

တနေ့သ၌ ကျွန်ုပ် ပန်ဒိုရာသည် ဆားချက်သည် ဟု အပြောခံရခြင်းများကို တစိမ့်စိမ့်တွေးရင်း ရင်တွင်းမှ တနုံ့နုံ့ဖြစ်လာသည့် အလျောက် ငါသည်ယနေ့မှ စ၍ ပြည်သူအကျိုးပြုစာ ခွန်အားရှိသောစာ အရသာရှိသောစာ များကို တစိုက်မတ်မတ် ရေးသားတော့အံ့ဟု ကြွေးကြော်ကြုံးဝါးကာ အိမ်မှ ခြေလှမ်းကျဲများဖြင့် ထွက်လာခဲ့လေသည်။

သင့်တော်သောဈေးနှုန်းဟု အမည်ရသော သမ၀ါယမ ဈေးဆိုင်ကြီးတွင် အောက်ပါပစ္စည်းများကို အားပါးတရ ၀ယ်ခြမ်းကာ ပြန်လာခဲ့လေသည်။

၁) ၀က်သားအကြေ ၂ ဗန်း
၂) ၀က်အသည်း ၁ ဗန်း
၃) ငုံးဥ ၁ ထုပ်
၎) မုန်ညင်းရွက် ၁ ထုပ်
၅) ဆန်ကြာဆံ ၁ ထုပ်
၆) မှိုကြက်သား အသင့်လုပ်ပြီး အသားလုံး ၁ ထုပ်
ရ) ကြက်သားအရိုးပိုင်းများ ၃ ကောင်စာ ( ဆိုင်နှင့် မနီးမဝေးရှိ wet market မှဖြစ်သည်။)

ပထမဦးစွာ ကြက်သားအရိုးများ (အရိုးဟုဆိုရသော်လည်း နံရိုး ရင်ပုံမှ အသားများ အတော်အတန် ပါလေသည်။) ကို သင့်တော်သလို ပိုင်းဖြတ် ရေဆေးပြီး ဆား၊ငန်ပြာရည် ဂျင်းအနည်းငယ် ကြက်သွန်ဖြူအနည်းငယ်ကို ထည့်ကာ ပြုတ်ထားလိုက်လေသည်။
တချိန်တည်းမှာပင် နောက်ထပ်မီးဖို တစ်ခွင် ၌ ငုံးဥများကို ပြုတ်လိုက်လေသည်။

ကြာဆံကို လည်း အထုပ်မှ ဖောက်ကာ အိုးကြီးတစ်လုံးထဲတွင် ရေမြုပ်အောင် စိမ်ထား၏။ မုန်ညင်းရွက်ကို ရေစင်အောင် ဆေးပြီး လှီးဖြတ်ကာ အရိုး အရွက်များကို သတ်သတ်စီ ခွဲထားလိုက်လေသည်။




ထို့နောက် ဂျင်းနှင့် ကြက်သွန်ဖြူကို ထောင်းကာ ၀က်သားအကြေထဲသို့ထည့်ပါသည်။ Self rising flour အမည်ရှိ အမှုန့်ကို အောက်ပါအတိုင်း ထည့်ကာ ဆားပျား သင့်တင့်အောင် ထည့် ကာ အားလုံး ရောမွှေလိုက်ပါသည်။



ဤနေရာတွင် သတိချပ်ရန်ကား အမှုန့်များသွားက စေးကပ်ကပ်နှင့် အရသာပျက်တတ်သည်။ နည်းသွားပါကလည်း ၀က်သားလုံးမှာ ဖွယ်တယ်တယ် ဖြစ်နေတတ်သည်။ အချိုးအစားကို မေးလျှင်မူကား တိတိကျကျမပြောနိုင်ပြီ။ အဘယ်ကြောင့်ဆိုသော် ပန်ဒိုရာသည် ဖော်မြူလာ ပုံသေနည်းများကို မုန်းတီးသူပီပီ အနုပညာလက်ဖြင့်စမ်းသပ်၍သာ ဆုံးဖြတ်သူ ဖြစ်သောကြောင့်တည်း။

ကြက်ရိုးကြက်သားများ အချိုရည်ထွက်အောင် နူးသောအခါ ပြုတ်ရည်ကြည်ကို သတ်သတ် အိုးတစ်လုံးတွင် တစ်ပန်းကန်စာ ထည့်ကာ မီးပေါ်တင်ပါသည်။ ထို့နောက် ရောသမမွှေထားသော ၀က်သားအကြေကို ဇွန်းနှစ်ချောင်းဖြင့်ခူးကာ ခူးကာ ထည့်သည်။ ပါးပါးလှီးထားသော အသည်း (အသည်းကို ကျန်းမာရေးနှင့် မညီညွတ်ဟု ယူဆက မထည့်လို့ရသည်။ အခြား ကလီစာများ နှစ်သက်က ထည့်နိုင်သည်။) မှိုကြက်သားလုံး၊ ရေစိမ်ထားသော ကြာဆံ၊ ငုံးဥ။ မုန်ညင်းရွက်များကို ထည့်သည်။ ကျက်လျှင်ငရုပ်ကောင်းမှုန့်လေး ခပ်ကာ လွန်စွာမှမွှေးကြိုင်ကာ လွန်စွာမှ အရသာရှိသော ကြေးအိုးကြာဆံ အရည်တစ်ခွက် ဖြစ်လာလေသတည်း။





ကြေးအိုးဆီချက် စားလိုပါက ယခုအတိုင်းပြုတ်ထားသည်များကို ဆန်ကာ နှင့် စစ်ကာ ကြက်သွန်ဖြူဆီချက်ထည့်၊ ပဲငန်ပြာရည် အကြည် အနည်းငယ်ထည့်၊ အပေါ့အငန် လိုသလိုပြုပြင်ကာ စားသုံးနိုင်ပါသည်။ ကျန်သောအရည်ကို ဆူအောင် မီးပေါ်ပြန်တင် မုန်ညင်းရွက် မိမိကြိုက်သလောက်ထည့်၊ ပြီးလျှင် ပန်းကန်တစ်လုံးဖြင့် သတ်သတ်ထည့်ကာ သုံးဆောင်နိုင်ပါသည်။


မှတ်ချက်။
အရေးအကြီးဆုံးအချက်မှာ မုန်ညင်းရွက်ဖြစ်သည်။ မှန်ကန်သော အရွက်ထည့်မှသာ ကြေးအိုးအနံ့ ထွက်နိုင်သည်။ အရွက်ပုံသဏ္ဍာန်နှင့် အခေါ်အဝေါ် local mustard ကို သတိချပ်ပါလေ။ (အထူးသဖြင့် စလုံးတွင် နေထိုင်သူများအဖို့။)



ပြည်သူအကျိုးပြု စာပေပီပီ ရည်ရွယ်ချက်ဖြင့် ဤစာကိုရေးသည်။ မစားရ၀ခမန်း ဖြစ်ရန် ရည်ရွယ်သည်။ (အထူးသဖြင့် အနောက်နိုင်ငံများတွင် တစ်ကိုယ်တည်းနေထိုင်ကာ မချက်တတ် မပြုတ်တတ်သူများအဖို့.. ပုံကြည့်ရင်း သွားရည်ယို.. အဲ ..အလွမ်းပြေကြပါစေ။)

18 comments:

Yan said...

တစ်ကိုယ်တည်းနေထိုင်ကာ မချက်တတ် မပြုတ်တတ်သူများအဖို့.. ပုံကြည့်ရင်း သွားရည်ယို.... တဲ့

သိမယ် မပန်.. သိမယ်...
ဒါပေမယ့် တကယ်ကို သွားရည်ကျသွားတယ်ဗျာ. ဟတ်ဟတ်ဟတ်

Anonymous said...

Ma Pandora,
so cruel...!!
It's my favourite!!!
But thanks for the recipe..

Anonymous said...

မပန်...အင်း....ဒေါသတကြီးနဲ့ လက်စားချေ လိုက်တာပေါ့လေ။ ရက်စက်ပါပေ့။ ရွှတ်....ဖတ်.....

P.Ti said...

ကျွန်တော်က အနောက်နိုင်ငံမှာ မနေပေမယ့် စင်ကာပူမှာ ကြေးအိုးစားချင်တိုင်း အင်းလေးမှ မကောင်းသောကြေးအိုးကို ဈေးကြီးပေးစားနေရတာ။ ပြောရင်းနဲ့ စားချင်လာဘီ ပန်ဒိုရာရဲ့ ကြေးအိုးကို။

Unknown said...

တနိုင်ငံတည်းတူတူနေတဲ့ဥစ္စာ ဖုန်းလေးတောင် ဆက်ခေါ်ဖော်မရဘူး။ ခေါ်ဝူး မပန်ကို။

P.Ti said...

အခုပဲ အင်းလေးက ကြေးအိုးစားပြီးပြန်လာတာ။ ပန်ဒိုရာချက်တာလောက်တော့ ဘယ်ကောင်းမလဲနော် :D

Thelay said...

အမ..
ဝက်ရိုးက ပိုချိုတယ်.. wet market မှာဖြစ်ဖြစ် .. cold storage မှာဖြစ်ဖြစ် ၀ယ်လို့ရတယ်. နည်းနည်းပို ပြုတ်ရတယ်.. နောက် လေ.. ဟီး အမှုန့်ထဲကို ကောက်ညှင်းမှုန့်နည်းနည်းနဲ့ ကော်မှုန့်နည်းနည်း ထည့်ရတယ်လို့ပြောကြတယ်.. သဲလေးလဲ ခဏခဏ လုပ်စားတယ်.. သိလား အမ.. အဲဒါတင်မလို့ အမဦးသွားလို့ တင်တော့ဘူး..

Anonymous said...

"အချိုးအစားကို မေးလျှင်မူကား တိတိကျကျမပြောနိုင်ပြီ။ အဘယ်ကြောင့်ဆိုသော် ပန်ဒိုရာသည် ဖော်မြူလာ ပုံသေနည်းများကို မုန်းတီးသူပီပီ အနုပညာလက်ဖြင့်စမ်းသပ်၍သာ ဆုံးဖြတ်သူ ဖြစ်သောကြောင့်တည်း။"

အခုမှ တကယ့် ‘ချက်ခြင်းရဲ့ အနုပညာ’… :D မပန်တို့ကတော့ ဆားချက်ရာကနေ ဟင်းချက်တဲ့အဆင့် တက်သွားပြီ။ ကျွန်တော်တော့ ဆားတောင် မှန်မှန်မချက်နိုင်ဘူး ဖြစ်နေတယ်။

Ba Lu Kyi said...

မပန်ဒို ရဲ့  နည်းအတိုင်း အားမှချက် ကြည့်အုံးမယ်..

Anonymous said...

Yum!!
Ma Pan ka taw p yinn taw yinn bar bei lar..

Someone must be really lucky!!! :D

pandora said...

ကြွရောက်ချီးမြှင့်သူများ အားလုံး ကျေးဇူးပါ.. တချို့တွေနဲ့တော့ အခင်အမင်ပျက်သွားပြီ ထင်တယ် ဟီးး..

မောင်ရန် >သိမယ် သိပါတယ် သိပ်သိတာပေါ့ ဟတ်ဟတ်ဟတ်
ကိုမောင်ရင် > ရက်စက်သင့်ရင် ရက်စက်ရမှာပဲ.. ၀ူးထွားထွား
ပုံရိပ် > လက်စားခြေခြင်းသည် ချိုမြိန်၏ ဟိဟိ
ပီတိ > သတိရပြီး အင်းလေးမှာ သွားစားတော့ အင်းလေးကို ပရိုမိုးရှင်း လုပ်ပေးသလို ဖြစ်နေပြီ။ ကော်မရှင် သွားတောင်းမှ
ဇင်ကိုလတ် > နောက်ဆို စားချင်ရင် ညနေတိုင်း အိမ်နားလာလာချောင်း
သဲလေး > တိဒယ် ၀က်ရိုးက ပိုချိုတာပေါ့ ဈေးကြီးတယ်။ ကြက်ရိုးက ၁ ကျပ်ဖိုး ၃ ချောင်း..ဘလော့ဂ်စဖီးယား တစ်ခုလုံးကျွေးမှာဆိုတော့ ပေါချောင်ကောင်းပဲလုပ်လိုက်တယ် (…လို့ မဆိုလိုပါဘူး..လို့)
ကိုပု > စည်းစနစ်မကျတဲ့လူဆိုတော့ အနုပညာလေး ဘာလေးနဲ့ ခပ်တည်တည် ရွှီးရတာပ။ ဟီး။
ဘီလူးဂျီး >အောင်မြင်ပါစေ။
မလေး.. > ကံကောင်းတဲ့လူလားး.. အင်း ကံအကောင်းဆုံးလူပေါ့။

Anonymous said...

ကိုပီတိပြောတဲ့ အင်းလေးက ကြေးအိုးဆိုတာ တော်၂ဆိုးတာပဲ ။ မပန်ရဲ့ ကြေးအိုးကိုတော့ ဒီတခေါက် မမှီလိုက်တော့ဘူး ။ သဲသဲလေး ကြေးအိုးကို စောင့်စားရမယ်း)

မေဓာဝီ said...

အဟုတ်ပဲ …
တကယ်လုပ်စားဖြစ်ရင်တော့
ခွန်အားရှိသောစာ … အရသာရှိသောစာဖြစ်မှာ…
ဖတ်ရုံတင် ဖတ်မိလို့ကတော့ ၀မ်းဟာစေသောစာ … သွားရည်ယိုစေသောစာပဲ …
ဟင်းးးး လုပ်ရက်ပါပေ့ မပန်ပန် …

Hteink Min said...

တစ်ကိုယ်တည်းနေထိုင်ကာ မချက်တတ် မပြုတ်တတ်သူများအဖို့.. ပုံကြည့်ရင်း သွားရည်ယို.... တဲ့

ပြောထားဦးပေါ့ဗျာ.. ချင်ကာပူရောက်လို့ရတော့ ချင်ကာပူသူတွေ ချားချရာ မချိအောင် .. အတီးအရွက်တွေ အကုန်ဝယ်သွားမယ်..ဟက်ဟက်ဟက်

Anonymous said...

i've been paintakingly looking for local mustard at the ntuc in ang mo kio but in vain :-(

can you pls tell me where i can get it??

do you think it's better to put "tayoke masala" in the soup??

thanks! thanks! thanks a zillion in advance!

pandora said...

to Paysi>> I found local mustard in ntuc fair price at clementi and boonlay. but not everyday. Saturday would be the best. You may also find it in coldstorage.

I dont know about "tayoke masala". I did not put any spices in the soup but just a little bit ginger and garlic.

Neo said...
This comment has been removed by the author.
Neo said...

Sound so interesting...
May I know where you get those formula? Or you know from your Mummy? Or your someone special teach you how to do...?
I really like to eat NOW....
If you do it at next time, invite me, can?