ဒီလိုပဲပေါ့..
ရေအကြောင်း မြေအကြောင်း
မိုးအကြောင်း လေအကြောင်း
တောအကြောင်း တောင်အကြောင်း။
မျောက်ကြိုးခွေ ဒေါင်းအိုးဝေတွေမရှိ
ဒက်ဖိုဒေလ် ပန်းဝါ၀ါတွေလည်း ယိမ်းမက
ရိတ်သိမ်းရာသီ ကောက်လှိုင်းထုံးတွေနဲ့
မျက်စိတဆုံးကွင်းပြင်ဆိုတာဝေး
လောက၀တ်ဆန်ဆန် တိမ်တုက
တတ်မှတ်သမျှ ခပ်ကျဲကျဲ ရွာချတာလောက်နဲ့
မှိုင်းအုံ့နေတဲ့ မနက်ဖြန်တွေပဲ ရှိနေတဲ့အခါ…။
ပယောဂ အမှောင့်ပူးထားတဲ့
ဟောဒီ ကာလ ဒေသ ထဲမတော့
ပြတင်းပေါက်မရှိတဲ့ အခန်းကျဉ်းတစ်ခု
ကြေမွနေတဲ့ အ၀တ်အစားတချို့
လေသလပ်နေတဲ့ အစာကြေဆေး တစ်ပုလင်း
ပက်လက်လန်နေတဲ့ ပိုးဟပ်သေတစ်ကောင်
ခုတင်ပေါ်မှာ ပြိုကျနေတဲ့ စာအုပ်ပုံတစ်ပုံ
ကီးဘုတ်ချောင်နေတဲ့ ကွန်ပြူတာတစ်လုံးနဲ့
ဒီရေဒီမြေကို အရမ်းလွမ်းသလောက်
ဒီမိုးဒီလေတွေကို စိတ်ပျက်မိနေတဲ့
တောရောက်တောင်ရောက် အတွေးတွေရယ်….. ။
ပန်ဒိုရာ
Tuesday, October 30, 2007
ရာသီဖွဲ့
Monday, October 29, 2007
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေကို လွတ်လပ်စွာ ပျံသန်းစေတဲ့အခါ
Sunday, October 28, 2007
ပန်းချီဆွဲတဲ့လက် - ၂
ပြင်သစ်လို့ ပြောလိုက်ရင် ပန်းချီတွေ ရုပ်တုတွေ အနုပညာတွေ ဆိုတဲ့ အငွေ့အသက်ကို ခံစားကြရမယ်လို့ ထင်ပါတယ်။ ဒါဆို ပြင်သစ်နိုင်ငံ အတွက် အရေးအကြီးဆုံး ပန်းချီကားက ဘာလဲလို့ မေးလိုက်ရင် အပြင်လူတွေအတွက် တော့ နီယိုကလပ်စစ်ကယ် ပန်းချီဆရာတွေ ဖြစ်တဲ့ ဒါဗီး (Jacques-louis David)၊ အန်းဂ် (Jean-Auguste- Dominique Ingres) ဒါမှမဟုတ် ဒီဘက် အင်ပရက်ရှင် ခေတ်ပိုင်းက မိုနေး (Claude Monet) ၊ မာနေး (Edouard Manet) တို့ရဲ့လက်ရာတွေကိုပဲ ဗြုန်းဆို မြင်ယောင်သွားကြမလားပဲ။
ဒါပေမယ့် ပြင်သစ်လူမျိုးတွေကို မေးကြည့်ရင်တော့ Ferdinand Victor Eugène Delacroix (1798 – 1863) (အနီးစပ်ဆုံး အသံထွက်ရရင် “ဒလခွာ” လို့ထွက်နိုင်မယ် ထင်တယ်။ ပြင်သစ် “r” သံတွေက မြန်မာလို ပြောပြရတာ ခက်တယ်။) ရေးဆွဲခဲ့တဲ့ Liberty Leading the People (La Liberté guidant le peuple) လို့အမည်ရတဲ့ ဒီပန်းချီကားကို သူတို့မျက်စိထဲ မြင်ယောင်လာပါလိမ့်မယ် တဲ့။
ဒီပန်းချီကားကို ၁၈၃၀ ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ် တော်လှန်ရေးကို ရည်ညွှန်းပြီး ဆွဲခဲ့တယ်။ ဒီပန်းချီဟာ နိုင်ငံရေးပိုစတာ တစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ပါသတဲ့။ နံပါတ် တစ်ဆယ်မြောက် ချားလ်စ် ဘုရင် (Charles X) ကို အောင်အောင်မြင်မြင် ဖြုတ်ချနိုင်ခဲ့တဲ့ ပြင်သစ် တော်လှန်ရေးကြီးအတွက် ဒီပန်းချီကားလေးတစ်ချပ်ဟာ ဘယ်လောက်တောင် အရေးပါခဲ့ပါလိမ့်။
စုတ်ချက်များဟာ မော်ဒန်ဆန်တာ ရှိသော်လည်း သဘောတရားအားဖြင့် သရုပ်မှန်ရော စိတ်ကူးယဉ်စံပြုမှုရော (both realistic and idealistic) ရောထွေးနေတဲ့ ပန်းချီလို့ သုံးသပ်ကြပါတယ်။ ပန်းချီရဲ့ နောက်ခံကတော့ ယမ်းငွေ့ မီးခိုးငွေ့များနဲ့ မြို့ပြရဲ့ စစ်မြေပြင် ဖြစ်တယ်။ ပန်းချီကား တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် အထင်ရှားဆုံး ကတော့ သုံးရောင်ခြယ် အလံကို တစ်ဖက် ပြောင်းရှည် သေနတ် တစ်လက်ကို တစ်ဖက် ကိုင်စွဲရင်း ပြေးလွှားချီတက်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။
ပြင်သစ်တော်လှန်ရေးမှာ ခေတ်စားခဲ့တဲ့ လွတ်လပ်မှုဦးထုပ်လို့ အမည်ရတဲ့ ဦးထုပ်ကို ဆောင်းထားတဲ့ သူမဟာ တိုက်ပွဲထဲကို ငဲ့စောင်းကြည့်ရင်း ရင်ဝတ်ပြေလျော့စွာ ခြေဗလာနဲ့ ချီတက်နေပါတယ်။ သူမရဲ့သဏ္ဍာန်ဟာ တ၀က်တပျက် နတ်သမီးဆန်သလို လူသားလည်း ဆန်နေခဲ့တယ်။ သူမရဲ့ နိမိတ်ပုံကို တချို့ကတော့ ခွန်အားရှိသော ရင်အစုံနဲ့ သန်မာသော အမျိုးသမီး လို့ တင်စားခေါ်ဝေါ်ခဲ့ကြသတဲ့။
သူမရဲ့ ဘေးမှာ ပြောင်းတိုသေနတ်နှစ်လက်ကို ကိုင်ပြီး ချီတက်နေတဲ့ ၁၂ နှစ်လောက်အရွယ် ချာတိတ် ကလေးကတော့ ပြင်သစ် စာရေးဆရာ ဗစ်တာဟူးဂိုး (Victor Hugo) ရဲ့ Les Misérables ၀တ္တုထဲက လမ်းကြမ်းပိုးလေး ဂဗိုး (Gavroche) ဆိုတဲ့ တော်လှန်ရေးသမား ဇာတ်လိုက်ကလေးကို တင်စားထားတာ ဖြစ်မယ် လို့ ဆိုကြတယ်။
အမျိုးသမီးရဲ့ ဗယ်ဘက်က အနည်းငယ်ရွဲ့စောင်းနေတဲ့ ဦးထုပ်ရှည်ကို ဆောင်းထားတဲ့ တော်လှန်ရေးသမားက ဘယ်သူလဲဆိုတာ တော်တော် ငြင်းခုံကြပါတယ်။ တချို့ကတော့ ပန်းချီဆရာကိုယ်တိုင် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ သူ့ဘေးက လူက သေနတ်မကိုင်ပဲ ဓားတစ်လက်ကို ကိုင်ထားတာကလည်း စဉ်းစားစရာပါ။
ပန်းချီကားရဲ့ အပေါ်ပိုင်းက တက်ကြွနေတဲ့ ပုံရိပ်တွေကို ဆန့်ကျင် (contrast) လုပ်ထားကတော့ ပန်းချီကား အောက်ပိုင်းက လှုပ်ရှားမှု ကင်းမဲ့စွာ မြေမှာလဲလျောင်းနေတဲ့ သက်မဲ့ပုံရိပ်တွေ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အရင်းအနှီးတွေလို့ပဲ ဆိုရလေမလား။ အ၀တ်အစား အကျွတ်ကျွတ်နဲ့ လဲနေသူတစ်ယောက်ရယ် ယူနီဖောင်းလိုမျိုး ၀တ်ထားသူ တစ်ယောက်ရယ်ကို တွေ့ရသလို လေးဘက်တွားသွားရင်း အမျိုးသမီးကို မျှော်လင့်ချက်များစွာနဲ့ မော့ကြည့်နေတဲ့လူ တစ်ယောက်ကိုလည်းတွေ့ရမယ်။
ဒီပန်းချီကားက တွေးတောစရာအမျိုးမျိုးကို ပေးပါတယ်။ ဝေဖန်ချက် တစ်ခုက ပြောပြန်ပါတယ်။ တိုက်ပွဲမှာ ပါဝင်ခဲ့ကြသူတွေဟာ လူထုလူတန်းစား အလွှာအသီးသီးက ဖြစ်တာကိုလည်း ပုံတွေက ကိုယ်စားပြုပါသတဲ့။ ဥပမာဆိုရရင် ဦးထုပ်ရှည်ဆောင်းထားသူက ဓနရှင် ဘူဇွာ လူတန်းစားထဲကဖြစ်ပြီး သေနတ်အတို ကိုင်ထားတဲ့ ချာတိတ်ကလေးကတော့ အခြေခံလူတန်းစားကို ဖော်ကျူးချင်တာ ဖြစ်မယ်လို့ ဆိုကြတယ်။
လွတ်လပ်တဲ့ ကာလတစ်ခုရောက်လာတဲ့ အခါမှာတော့ ပန်းချီဆရာရဲ့ ပုံရိပ်နဲ့အတူ ဒီပန်းချီကားကို ငွေစက္ကူထဲကို ထည့်သွင်း ပုံနှိပ်ထုတ်ဝေခဲ့ကြပါတယ်။
လွတ်လပ်ရေး တိုက်ပွဲအဆက်ဆက်မှာ ထင်ဟပ်ခဲ့တဲ့ ပန်းချီဆွဲတဲ့လက်တွေထဲက တစ်ခုအကြောင်း ဖြစ်ပါတယ်။
source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။
Thursday, October 25, 2007
အနှစ် ၂၀ အကြာ ကဗျာဆရာ
ခင်ဗျားရဲ့ကဗျာတွေဟာ
ကဗျာမဆန်တော့ဘူး သိရဲ့လား။
ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
တစ်ရွက်လှုပ်ရင် တစ်ခက်လုံးနာကြ
သစ်ပင်ရဲ့ဒေါသအား မုန်တိုင်းကို ၀ပ်တွားစေမယ်လို့ ကြုံးဝါးမယ်။
ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
အနောက်တောင်လေမိုက် ဆောင်းမှာတိုက်လို့
ရာသီဥတု ငိုက်စိုက်ကျစပြုပြီလို့ မှတ်ချက်ချမယ်။
ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရေမြေမမှန် မျိုးမသန်လို့
အချိန်မတန်ခင် ကြွေလုလု ရွက်ပျိုနုတွေရယ်လို့
အံကြိတ်ကာ ခေါင်းယမ်းမယ်။
ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
နေရောင်ခြည် နမ်းသွားတဲ့ အစိမ်းရောင်တန်း
ငှက်ငယ်ခြေရာ ဖြတ်သန်းတယ်လို့ ရေရွတ်မယ်။
ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
လေတိုက်လို့သစ်ရွက်လှုပ်တာလား
သစ်ရွက်တွေလှုပ်လို့လေတိုက်တာလားလို့
ရှေ့နောက်ဖြစ်စဉ်သဘော ကန့်လန့်တိုက် စောကြောမယ်။
ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရာသီဗီဇ လေရူးခလို့ယိမ်းယိုင်ကြတာ
သဘာဝပါလေလို့ မတုန်မလှုပ်ပြောမယ်။
သစ်ရွက်လှုပ်ခြင်းက ခင်ဗျားကို အပြစ်ကင်းစွာ မရယ်မောစေတော့
ခင်ဗျားဟာ လွန်ခဲ့တဲ့အနှစ်၂၀ ကခင်ဗျား မဟုတ်တော့ဘူး
ခင်ဗျားကဒီစနစ်ကြီးကို ပြောင်းလဲဖို့ကြိုးစားနေတုန်းမှာ
ဒီခေတ်ကြီးကခင်ဗျားကို တော်တော်ပြောင်းလဲလိုက်ပြီပဲ။
ခင်ဗျားက အကြမ်းဖက်သမား
ခင်ဗျားက ပတ်ဝန်းကျင် ထိန်းသိမ်းသူ
ခင်ဗျားက နိုင်ငံရေး အကဲဖြတ်
ခင်ဗျားက အင်ပရက်စ်ရှင်နစ်
ခင်ဗျားက ဖြစ်တည်မှုဝါဒီ
ခင်ဗျားက ဘုရားမဲ့။
ခင်ဗျားရေးတဲ့ ကဗျာတစ်ပိုဒ်တိုင်းက
မျက်နှာကိုဖြတ်ဖြတ်ရိုက်နေလို့။ ။
ပန်ဒိုရာ
Monday, October 22, 2007
ကဗျာရေးတဲ့လက် - ၂
ပီ. ဘီ. ရှယ်လီ (Percy Bysshe Shelley 1792-1822) လို့ဆိုလိုက်ရင် စိတ်ကူးယဉ်ဆန်တဲ့ အင်္ဂလိပ်လူမျိုး ကဗျာဆရာ တစ်ယောက်မှန်း သိကြပါလိမ့်မယ်။ Ozymandias, Ode to the West Wind, To a Skylark ကဗျာတွေဟာ သူရေးခဲ့တဲ့အထဲက နာမည်အကြီးဆုံးလို့ ဆိုနိုင်မယ် ထင်ပါတယ်။
ငယ်စဉ်ဘ၀မှာ မိန်းကလေးဆန်ဆန်တောင် နူးညံ့ ပျော့ပျောင်းသူလို့ အများက သိခဲ့ကြတဲ့ ရှယ်လီဟာ အဖေကိုယ်တိုင်က လွှတ်တော်အမတ်ဖြစ်ပေမယ့် သူဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ကို ပြည်သူနေရာက ထဲထဲဝင်ဝင် ခံစားပြီး သူ့ကဗျာတွေမှာ ပြင်းပြင်းထန်ထန် ထင်ဟပ်စေခဲ့သူပါ။ ၁၈၁၉ ခုနှစ်က အင်္ဂလန် လို့ အမည်ရတဲ့ ဆွန်းနက် (sonnet) အမျိုးအစား ကဗျာတစ်ပုဒ်ကို ခံစားကြည့်မိပါတယ်။ မူရင်းကတော့ဒီလိုပါ။
England in 1819
An old, mad, blind, despised, and dying king,--
Princes, the dregs of their dull race, who flow
Through public scorn,--mud from a muddy spring,--
Rulers who neither see, nor feel, nor know,
But leech-like to their fainting country cling,
Till they drop, blind in blood, without a blow,--
A people starved and stabbed in the untilled field,--
An army, which liberticide and prey
Makes as a two-edged sword to all who wield,--
Golden and sanguine laws which tempt and slay;
Religion Christless, Godless--a book sealed;
A Senate,--Time's worst statute unrepealed,--
Are graves, from which a glorious Phantom may
Burst, to illumine our tempestous day.
Percy Bysshe Shelley
ရှယ်လီဟာ ဂျော့ဘုရင်အပေါ်မှာ မကျေနပ်တဲ့ သူ့ရဲ့ခံစားချက်များစွာကို နာမ၀ိသေသနများနဲ့ ဖွဲ့ဆိုလိုက်ပါတယ်။ အိုတွ ရူးသွပ် မျက်ကန်း မုန်းစရာ့ သေခါနီး ဘုရင် ပေါ့။ အဲဒီ အိုကြီးအိုမ ဘုရင်ကြီးနဲ့ သူ့ရဲ့ အသုံးမကျတဲ့ မင်းဆွေမင်းမျိုး အနွယ်တော်တွေဟာ ပြည်သူအများရဲ့ ရွံရှာမှု မခန့်ညားမှု အောက်မှာ ရွှံ့နွံအလား စီးဆင်းနေရတာပါပဲ။ ရွှံ့နွံတွေလိုပဲ အသိအမြင်မဲ့ ခံစားချက်ဗလာ အုပ်ချုပ်သူများဟာ ဖျော့တော့ အားနည်း နိုင်ငံမွဲမှာ ကပ်ပါးကောင်လို ခိုကာ သွေးစုပ် နေကြသတဲ့။ ဘယ်လောက်များ မလျော့တမ်း ခဲနေဦးမလဲ ဆိုတာကတော့ သွေးအလိမ်းလိမ်း ဖုံးလို့ မမြင်မကန်း ပြုတ်ကျတဲ့အထိပဲလေ။ အဲဒီအချိန်မှာ ဓားထိုး ခံထားရသလို ပြည်သူ လူထုကတော့ ကွင်းပြင်ရိုင်းထဲ ဆာလောင်မွတ်ငတ်လို့။ လွတ်လပ်ခြင်းကို လက်စတုံး ပေးသူက စစ်တပ်ကိုယ်တိုင် ဖြစ်နေတယ်။ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်ရင်း လှုပ်ရှားရုန်းကန်သူ အားလုံး အတွက် အသွားနှစ်ဖက်နဲ့ ဓားလို ရပ်တည်နေတယ်။ သွေးပေစွန်းနေတဲ့ ခန်းနားကြီးကျယ် ဥပဒေသ တွေကလည်း တရားမျှတတဲ့ ဥပဒေလို့ မဆိုနိုင်တော့ဘူး။ သတ်ဖြတ်ခြင်းတွေ နှိပ်ကွပ်ခြင်းတွေ အတွက် အသုံးချခံ နေရတယ်လေ။ ဒီလိုနဲ့ ချိတ်ပိတ်ခံရတဲ့ စာအုပ် တစ်အုပ်အလား ဘုရားမဲ့ တရားမဲ့ ဘာသာရေးကို ကင်းမဲ့သွားရတဲ့ အဖြစ်တွေရယ်၊ အချိန်တိုင်းမှာ အဆိုးဆုံးဖြစ်တဲ့ ပြင်ဆင်ဖျက်သိမ်းမှု ဘယ်တုန်းကမှ မရှိခဲ့တဲ့ အုပ်ချုပ်မှုစနစ်ဆိုး (လွှတ်တော်) ရယ်နဲ့ တိုင်းပြည်ဟာ ဘယ်လောက်တောင် ယိုယွင်းနေခဲ့ပြီလဲ။ ဒါပေမယ့်လည်း ဒါတွေ တနေ့တော့ နိဂုံး ချုပ်ရတော့မှာပါလေ။ ခန်းနားတဲ့ ယုံကြည်မျှော်လင့်ချက်တစ်ခုက သယ်ဆောင်သွားမယ့် လင်းလက်တဲ့ အောင်ပွဲနေ့သစ် ပေါက်ကွဲ ထွန်းပလာတဲ့အခါပေါ့။
သမိုင်းဆိုတာ တစ်ပတ်ပြီး တစ်ပတ်လည်တတ်သတဲ့။ အတိတ်ကသမိုင်းတွေဟာ ပစ္စုပ္ပါန်မှာ ရောင်ပြန်ဟပ်တတ်သတဲ့။ အားကြီးဖိနှိပ်သူကို အဖိနှိပ်ခံတို့က တွန်းလှန်ခဲ့တဲ့ တိုက်ပွဲတွေ လူ့သမိုင်း ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်၊ မြေရှင် ပဒေသရာဇ်စနစ်၊ ကျေးကျွန်စနစ်၊ ကိုလိုနီ နယ်ချဲ့စနစ်၊ အာဏာရှင် အုပ်ချုပ်သူ စနစ် ဘယ်လိုခေတ်တွေ စနစ်တွေပြောင်းပြောင်း ဘယ်လိုနာမည် တပ်တပ် လူသားတွေဟာ တိုက်ပွဲဝင်ခဲ့ကြတာ တရားမျှတမှုအတွက် လွတ်လပ်ရေးအတွက်ပါ။ ရှယ်လီရဲ့ ဒီကဗျာတစ်ပုဒ်က အဲဒီအထဲက တစ်ခုဖြစ်တဲ့ ၁၈၁၉ ကာလများက အင်္ဂလန်ရဲ့ အခြေအနေကို ဖွဲ့ဆိုထားခဲ့တယ်။ နှစ်ပေါင်း ရာချီ ကြာခဲ့ပြီပေါ့။ လူတွေရဲ့ တရားမျှတမှုအတွက် လွတ်လပ်ရေးအတွက် တိုက်ပွဲတွေကတော့ လိုအပ်လာတဲ့ ခေတ်တိုင်းမှာ ဖိမရနှိပ်မရ ဆက်ရှိနေဦးမှာပဲ။ အောင်ပွဲတွေလည်း ရကြဦးမှာပဲ။
source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။
Saturday, October 20, 2007
အပြောင်းအလဲသို့ခြေလှမ်းများ
စာရွက်စာတမ်း တစ်ထပ်ကြီးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ရုံးခန်းပြောင်းရမည် ဆိုတော့ သိမ်းတန်တာသိမ်း လွှင့်ပစ်တန်တာ လွှင့်ပစ် အလုပ်ရှုပ်ပေဦးမည်။ နေသားကျနေသော နေရာတစ်နေရာမှ နေရာအသစ် တာဝန်အသစ်ကို ပြောင်းရွှေ့ရန် မိမိကိုယ်တိုင်ပင် စိတ်လိုလက်ရ တောင်းဆိုခဲ့သည်လေ။
ကံက မည်သို့ဖန်လာသည်မသိ။ ဘ၀ တလျှောက်လုံးတွင် အိမ်ပြောင်း ကျောင်းပြောင်း အလုပ်ပြောင်း နေရာပြောင်း စသည်ဖြင့် အပြောင်းအလဲတွေ များလှပြီ။ တစ်မြို့မှ တစ်မြို့သို့ ပြောင်းသည်။ တစ်မြို့ထဲမှာပင် အိမ်ပြောင်းသည်။ အလုပ်တစ်ခုမှ တစ်ခု ပြောင်းသည်။ အလုပ်တစ်ခုထဲမှာပင် ဌာနပြောင်းသည်။ ပြောင်းရခြင်းတွေ အခုအထိတော့ လက်စမသတ်နိုင်သေး။
ပြောင်းတိုင်းပြောင်းတိုင်း မဖြစ်မနေကြုံရသည်မှာ သိမ်းဆည်း နေရာချထားရခြင်းပင် ဖြစ်သည်။ သာမန်အားဖြင့် ဖြစ်နိုင်လျှင် မည်သူမှ အလုပ်မရှုပ်ချင်ကြ။ အားစိုက် မထုတ်ချင်ကြ။ အကျွမ်းတ၀င် ဖြစ်ပြီးသော ပတ်ဝန်းကျင် တစ်ခုကို ခွာ၍ မရင်းနှီးသေးသော နယ်ပယ်တစ်ခုကို စတင်ရသည်မှာ စွန့်စားမှုလည်းရှိသည်။ သို့သော် လိုအပ်လာလျှင် လိုချင်လာလျှင် အပြောင်းအလဲ လုပ်ကြရသည်သာ။
အပြောင်းအလဲ လုပ်ကြရခြင်း နောက်ဝယ် အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ တချို့က လက်ရှိနေရာမှာ မပျော်ပိုက်လို့။ တချို့ကတော့ လက်ရှိက ကျေနပ်ဖွယ် ဖြစ်သော်လည်း ပိုမိုတိုးတက်ကောင်းမွန်သော အနေအထားတစ်ခုကို လိုချင်လို့။ တခါတလေကျတော့ ကိုယ်က မပြောင်းချင်လည်း ဘေးပတ်ဝန်းကျင် အခြေအနေတချို့က ဖိအားပေးလာ၍ ပြောင်းရသည်မျိုးလည်းရှိတတ်သည်။ တခါတလေ ကျတော့ ကိုယ်တစ်ဖက်တည်း ပြောင်းချင်၍မရ။ တခြားတဖက်မှ သဘောတူညီပါမှ အပြောင်းအလဲ ဖြစ်ရသည်မျိုးလည်း ရှိသည်။ အပြောင်းအလဲ ဖြစ်စေချင်လျှင် ဖြစ်လိုသူကတော့ ပို၍ အားစိုက်ထုတ်ရပေမည်။
မကြာမီကာလတွင် နေရာအသစ် ကွန်ပျူတာအသစ်ဖြင့် တာဝန်အသစ်များကို စလုပ်ရတော့မည်။ တာဝန်အသစ်က ကိုယ်နှင့်ပို၍ လိုက်ဖက်မည်၊ ကိုယ့်ကို တိုးတက်မှု ပိုပေးနိုင်မည်ဟု ယုံကြည်မှု ထားခဲ့သည်။ သေသေချာချာလည်း ကြိုတင်လေ့လာခဲ့သည်။ သို့သော် ကံသေကံမတော့ မပြောနိုင်။ အနည်းဆုံး သေချာတာကတော့ တစ်ယောက်တည်း လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သော ရုံးခန်းတစ်နေရာမှ အခြားလူများနှင့် ခွဲဝေထိုင်ရမည့် နေရာတစ်နေရာကို ရောက်ရတော့မည်။ အားလပ်ချိန်တွင် မြန်မာစာဖတ်နိုင်ရင် တပ်ဆင်ထားသော ကွန်ပျူတာ တစ်လုံးကိုထားခဲ့၍ ဘာပရိုဂရမ် ဘာဖောင့်အသစ်မှ မတပ်ဆင်နိုင်ရန် တားမြစ်ထားသော ကွန်ပျူတာတစ်လုံးကို သုံးရတော့မည်။ ရစရာက ရဖို့မသေချာခင် ပေးစရာကတော့ အသေအချာ ပေးဆပ်လိုက်ရပြီ။ လူ့ဘ၀ ဆိုတာကြီးကိုက နေရာတကာ သည်လိုပဲ မဟုတ်ပါလား။
အပြောင်းအလဲတိုင်းတွင် ရွှေရောင်ဝင်းလက်သော နေခြည်ဖြာ နံနက်ခင်း ရှိချင်ရှိမည်။ ရှိချင်မှလည်း ရှိမည်။ အပြောင်းအလဲတိုင်းတွင် အာမခံချက်များ ကျေနပ်မှုများ ရှိနိုင်သလို မရေရာမှုများ နာကျင်မှုများ လည်း ရောနှောပါဝင်လျက်ရှိသည်။ အပြောင်းအလဲ တစ်ခု အတွက် အကြီးမားဆုံး အဟန့်အတားကတော့ “ကြောက်စိတ်နှင့် ပျင်းရိမှု” ဖြစ်သည်။ အပြောင်းအလဲတစ်ခု ဖြစ်မြောက်လာရန် အကြီးမားဆုံး လှုံ့ဆော်မှုမှာ “မပြောင်းလျှင် မဖြစ်တော့ဘူး” ဆိုသည်ကို ပြတ်သားစွာ သိရှိနားလည် သဘောပေါက်ခြင်း ဖြစ်သည်။ စကားတစ်ခုတော့ ရှိသည်။ ကောင်းသော(good) အနေအထားတစ်ခုက အကောင်းဆုံး (best) အနေအထားသို့ ရောက်မလာအောင် အဟန့်အတားဖြစ်သွားတတ် သတဲ့။ လက်ရှိက တကယ်ပဲ ကောင်းသော အနေအထား ဟုတ်ပါသလား။ မပြောင်းလျှင် ဖြစ်မဖြစ် ပြောင်းဖို့လိုမလို သိနိုင်ရန်တော့ မျက်စိဖွင့် နားစွင့်ထားဖို့လိုပါသည်။ ထိုင်နေလို့တော့ဖြင့် ဘာမှ ဖြစ်မလာပါလေ။
ပန်ဒိုရာ
Wednesday, October 10, 2007
ဟင်းလင်းပြင်ထဲက လင်းလက်တဲ့သံစဉ်တွေ
အမှန်တရားဆိုတာ
လမ်းမတွေပေါ်မှာ စီတန်းလှည့်လည်တယ်
သံတိုင်တွေနောက်မှာ အံကြိတ်ခံတယ်
မီးသဂြိုလ်စက်ထဲက တိတ်တိတ်ပုန်း ပြာတွေနဲ့အတူ ပျံ့လွင့်တယ်
တကယ်တော့ အမှန်တရားဆိုသာ
ဆေတန်နတ်ဆိုး ကွယ်လျှိုးထားတဲ့
နက္ခတ်တာရာတွေဖြစ်တယ်။
ခေတ်ကြီးကိုက မကောင်းလှပေဘူး
တက်မပါ လက်ဗလာနဲ့ လှော်ရတဲ့ခေတ်
ရေနစ်သူဆွဲတဲ့ကောက်ရိုး ပိုးထိုးနေတဲ့ခေတ်
သစ္စာတရား ခြစားခံထားရတဲ့ခေတ်။
စင်္ကြာဝဠာကို ဆုပ်ကိုင်ကြည့်ချင်သေးတဲ့
ဒီကောင်ရဲ့လက်တွေကတော့ သေးကွေးလွန်းလှပါတယ်
ကြယ်ဖြစ်ခွင့်မရသေးတဲ့ ဂြိုဟ်ပဲ့မို့
နဂါးငွေ့တန်းကိုတမ်းတတယ်
လရောင်ကိုချဉ်ခြင်းတပ်ကာမှ
နေပူပြင်းတွေပဲ တစ်စင်းပြီးတစ်စင်း ထွက်လာတယ်။
ဟင်းလင်းပြင်ရဲ့ နိယာမက
အေးစက်တောင့်တင်းလှတယ်
ယုံကြည်ချက်တွေ တွင်းနက်ထဲပြိုကျ
မကြာခဏ ပုံစံပျက်ယွင်း
မလင်းမချင်းတော့ ဖြစ်တည်နေရဦးမယ်။
တချို့က ကောင်းကင်ကိုရှာတယ်
တချို့က အလင်းရောင်ကိုရှာတယ်
တချို့က ဂြိုဟ်စီးဂြိုဟ်နင်းတွေကြည့်တယ်
အဲဒီကြားကနယ်နိမိတ်တွေကို
ဒစ်ဂျစ်တယ်တံခါးနဲ့ ဆွဲဖွင့်လိုက်တော့
ကမ္ဘာကြီးတစ်ခုလုံး ပွက်လောရိုက်စေတယ်။
ပေါက်ကွဲခြင်းဆိုတာ
စကြာင်္ဝဠာအသစ်တောင် အစဖြစ်စေသတဲ့
ပြိုကွဲပွန်းရှ ထွက်ကျလာတဲ့
လွတ်လပ်ခြင်းရဲ့ လင်းလက်တဲ့ သံစဉ်တွေ
ယုံယုံကြည်ကြည်နဲ့ ပဲ့တင်ပြန်ထူးကြမယ်။
ပန်ဒိုရာ
Tuesday, October 9, 2007
ပန်းချီဆွဲတဲ့လက်
ဖရန်စစ္စကို ဂိုယ (Francisco Goya - ၁၇၄၆-၁၈၂၈) ဆိုတာ စပိန်က ပန်းချီဆရာ။ ဘ၀ရဲ့ နောက်ဆုံးချိန်ပိုင်း ကာလများမှာ Black Paintings ဆိုတဲ့ နက်မှောင်မှောင် ချောက်ချားဖွယ် ပန်းချီတွေ အတော်များများ ဆွဲခဲ့တယ်။ အဲဒီအထဲက ထင်ရှားတာက The Great He-Goat or Witches' Sabbath (El aquelarre ) ဆိတ်သိုးကြီး ဒါမှမဟုတ် မကောင်းဆိုးဝါး စုန်းကဝေ ညီလာခံ (အဲဒီလိုပဲ ဘာသာပြန်လိုက်တော့မယ်) ဆိုတဲ့ ဒီကားပါတယ်။
ပုံက ချောက်ချားစရာ အရောင်တွေနဲ့ မှိုင်းမှုန်ရီဝေ မှောင်လို့။ စုန်းတစ္ဆေအမှုး ဆိတ်သိုးကြီးရဲ့ ရှေ့မှာ စုဝေးနေရတဲ့ လူတွေ (စုန်းကဝေတွေ) အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြတာကို အတိုင်းသား မြင်ရမယ်။ ဆိတ်သိုးကြီးကိုတော့ ပန်းချီဆရာက အရိပ်မည်းမည်းကြီးသဖွယ် အားလုံးနက်အောင် ခြယ်ထားတယ်။ ခေါင်းတောင် နာလံမထူနိုင်တဲ့ လူအုပ်ထဲမှာ ညာဖက်စွန်းက သီးသန့်ဆန်ဆန်ထိုင်နေတဲ့ အနက်ရောင်ဝတ် မိန်းကလေးတစ်ယောက်ပဲ မကြောက်တန်း စိုက်ကြည့်နေလေရဲ့။
တကယ်ကတော့ ဆေတန်က သူ့သားကို သူပြန်စားနေတဲ့ ပန်းချီကား (Saturn Devouring His Son.) က ပိုနာမည်ကြီးခဲ့တာပါ။ ရောမ ဆေတန်နတ် က သူ့ကလေးကို သူပြန်စားနေပုံကို ကြောက်စရာ သရုပ်ဖော်ထားတယ်။ အနက်ရောင်နောက်ခံမှာ ဆေတန်ရဲ့ ခြေလက်တွေနဲ့ ခေါင်းကြီးကပဲ ထင်းထင်းကြီးထွက်နေတယ်။ မျက်လုံးကြီးတွေလည်း ပြူးလို့ ရူးသွပ်နေတဲ့ မျက်နှာပေးနဲ့။ သူ့လက်ချောင်းတွေက သူ့သားရဲ့ ကျောကို ကုတ်ခြစ် ဖောက်ထွင်းထားတယ်။ သူ့သားရဲ့ ခေါင်းနှဲ့ဗယ်လက်ကိုတော့ ကိုက်ဖြတ်ဝါးမျိုပြီးခဲ့ပြီ။ လှုပ်ရှားမှုမဲ့စွာ တွဲလောင်းကျနေတဲ့ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းက သွေးဆုတ် ဖြူရော်နေတာကို စွန်းပေနေတဲ့ သွေးရဲရဲနဲ့ contrast လုပ်ထားတယ်။ အဲဒီပုံကို ကြည့်ချင်ရင်တော့ ဒီမှာ ပဲ ကြွက်ခေါက်ပြီး ကြည့်ပါတော့။
နောက်ထပ် အဲဒီလို ပန်းချီတွေ သူတော်တော်ဆွဲခဲ့တယ်။ အနုပညာဆိုတာကတော့ ခေတ်အဆက်ဆက်ကို ထင်ဟပ်ခဲ့တာပဲ။ ပန်းချီဆရာ ဘာတွေပြောချင်ခဲ့သလဲ။
source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။
link to Goya page https://www.artsy.net/artist/francisco-de-goya
Monday, October 8, 2007
ပန်းကလေး တိမ်တိုက် လိပ်ပြာ... နေ့လည်စာ
ပန်ဒိုရာ
Sunday, October 7, 2007
ကဗျာရေးတဲ့လက်
တကယ်ကတော့ မောင်တိန် ပြောလာတာပါ။
ပေတောက် Bei Dao ဆိုတာ တရုတ် တော်လှန်ရေးသမား ကဗျာဆရာပေါ့။ ၁၉၈၉ ကာလများ တက်ကြွခဲ့။
http://prelectur.stanford.edu/lecturers/dao/
သူကဒီလိုတောင် ရေးခဲ့တဲ့လူ။
Let me tell you, world,
I—do—not—believe!
If a thousand challengers lie beneath your feet,
Count me as number one thousand and one.
I don’t believe the sky is blue;
I don’t believe in thunder’s echoes;
I don’t believe that dreams are false;
I don’t believe that death has no revenge.
၁၉၉၄ က ဒီအင်တာဗျူးမှာတော့ You can't change society with poetry. လို့ပြောခဲ့တယ်။ တော်တော်တာဝန်ယူရတဲ့ စကားနော်။ ရင်ထဲနင့်သွားတယ် ကိုယ့်ဆရာ။
http://www.umich.edu/~iinet/journal/vol2no1/v2n1_Bei_Dao.html
Bei Dao: Yes, but being a poet in the States is quite different from being one in China, because here poetry depends on the universities for its support. They finance the poets and help them get published. That isn't so in China. But overall it is the same. You can't change society with poetry.
Friday, October 5, 2007
ကောင်းကင်ခေါ်သံ
ကောင်းကင်ခေါ်သံ
ပျံသန်းခွင့် ဆိုတာ ပြောခွင့်မရတဲ့စကားလုံး
အတောင်ပံ ဆိုတာ ဖြတ်ညှပ်ခံထားရတဲ့အရာတစ်ခု
နှုတ်သီးတွေဟာ တေးဆိုဖို့မဟုတ်
အစာစားဖို့ လည်း သွေးစက်တွေနဲ့ နာကျင်ကိုက်ခဲ
လမ်းလျှောက်မယ့် ခြေချောင်းတွေမှာ နှောင်ကြိုးတန်းလန်းနဲ့
ငှက်ခတ်သမားရေ...
သင်ငြိမ်းချမ်းပါစေ လို့တောင် မပြောရတော့ပါလား
မေတ္တာ ဆိုတာ တားမြစ်ထားတဲ့ ဝေါဟာရဖြစ်သွားတယ်
အခုတော့ ...
ယုံကြည်မှုနဲ့ ရစ်ပတ်သထက်ပတ်
နှလုံးသွေးတွေ အထပ်ထပ် ရွာသွန်းကျတဲ့အခါ
ကောင်းကင်ဆိုတာကို လှမ်းမြင်နေရတာပဲ
ကဲ .. စိတ်ဝိညာဉ်ရဲ့အားကို သင်ဘာနဲ့တားမှာလဲ ။
ပန်ဒိုရာ