Saturday, October 20, 2007

အပြောင်းအလဲသို့ခြေလှမ်းများ

စာရွက်စာတမ်း တစ်ထပ်ကြီးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ရုံးခန်းပြောင်းရမည် ဆိုတော့ သိမ်းတန်တာသိမ်း လွှင့်ပစ်တန်တာ လွှင့်ပစ် အလုပ်ရှုပ်ပေဦးမည်။ နေသားကျနေသော နေရာတစ်နေရာမှ နေရာအသစ် တာဝန်အသစ်ကို ပြောင်းရွှေ့ရန် မိမိကိုယ်တိုင်ပင် စိတ်လိုလက်ရ တောင်းဆိုခဲ့သည်လေ။

ကံက မည်သို့ဖန်လာသည်မသိ။ ဘ၀ တလျှောက်လုံးတွင် အိမ်ပြောင်း ကျောင်းပြောင်း အလုပ်ပြောင်း နေရာပြောင်း စသည်ဖြင့် အပြောင်းအလဲတွေ များလှပြီ။ တစ်မြို့မှ တစ်မြို့သို့ ပြောင်းသည်။ တစ်မြို့ထဲမှာပင် အိမ်ပြောင်းသည်။ အလုပ်တစ်ခုမှ တစ်ခု ပြောင်းသည်။ အလုပ်တစ်ခုထဲမှာပင် ဌာနပြောင်းသည်။ ပြောင်းရခြင်းတွေ အခုအထိတော့ လက်စမသတ်နိုင်သေး။

ပြောင်းတိုင်းပြောင်းတိုင်း မဖြစ်မနေကြုံရသည်မှာ သိမ်းဆည်း နေရာချထားရခြင်းပင် ဖြစ်သည်။ သာမန်အားဖြင့် ဖြစ်နိုင်လျှင် မည်သူမှ အလုပ်မရှုပ်ချင်ကြ။ အားစိုက် မထုတ်ချင်ကြ။ အကျွမ်းတ၀င် ဖြစ်ပြီးသော ပတ်ဝန်းကျင် တစ်ခုကို ခွာ၍ မရင်းနှီးသေးသော နယ်ပယ်တစ်ခုကို စတင်ရသည်မှာ စွန့်စားမှုလည်းရှိသည်။ သို့သော် လိုအပ်လာလျှင် လိုချင်လာလျှင် အပြောင်းအလဲ လုပ်ကြရသည်သာ။

အပြောင်းအလဲ လုပ်ကြရခြင်း နောက်ဝယ် အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ တချို့က လက်ရှိနေရာမှာ မပျော်ပိုက်လို့။ တချို့ကတော့ လက်ရှိက ကျေနပ်ဖွယ် ဖြစ်သော်လည်း ပိုမိုတိုးတက်ကောင်းမွန်သော အနေအထားတစ်ခုကို လိုချင်လို့။ တခါတလေကျတော့ ကိုယ်က မပြောင်းချင်လည်း ဘေးပတ်ဝန်းကျင် အခြေအနေတချို့က ဖိအားပေးလာ၍ ပြောင်းရသည်မျိုးလည်းရှိတတ်သည်။ တခါတလေ ကျတော့ ကိုယ်တစ်ဖက်တည်း ပြောင်းချင်၍မရ။ တခြားတဖက်မှ သဘောတူညီပါမှ အပြောင်းအလဲ ဖြစ်ရသည်မျိုးလည်း ရှိသည်။ အပြောင်းအလဲ ဖြစ်စေချင်လျှင် ဖြစ်လိုသူကတော့ ပို၍ အားစိုက်ထုတ်ရပေမည်။

မကြာမီကာလတွင် နေရာအသစ် ကွန်ပျူတာအသစ်ဖြင့် တာဝန်အသစ်များကို စလုပ်ရတော့မည်။ တာဝန်အသစ်က ကိုယ်နှင့်ပို၍ လိုက်ဖက်မည်၊ ကိုယ့်ကို တိုးတက်မှု ပိုပေးနိုင်မည်ဟု ယုံကြည်မှု ထားခဲ့သည်။ သေသေချာချာလည်း ကြိုတင်လေ့လာခဲ့သည်။ သို့သော် ကံသေကံမတော့ မပြောနိုင်။ အနည်းဆုံး သေချာတာကတော့ တစ်ယောက်တည်း လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သော ရုံးခန်းတစ်နေရာမှ အခြားလူများနှင့် ခွဲဝေထိုင်ရမည့် နေရာတစ်နေရာကို ရောက်ရတော့မည်။ အားလပ်ချိန်တွင် မြန်မာစာဖတ်နိုင်ရင် တပ်ဆင်ထားသော ကွန်ပျူတာ တစ်လုံးကိုထားခဲ့၍ ဘာပရိုဂရမ် ဘာဖောင့်အသစ်မှ မတပ်ဆင်နိုင်ရန် တားမြစ်ထားသော ကွန်ပျူတာတစ်လုံးကို သုံးရတော့မည်။ ရစရာက ရဖို့မသေချာခင် ပေးစရာကတော့ အသေအချာ ပေးဆပ်လိုက်ရပြီ။ လူ့ဘ၀ ဆိုတာကြီးကိုက နေရာတကာ သည်လိုပဲ မဟုတ်ပါလား။

အပြောင်းအလဲတိုင်းတွင် ရွှေရောင်ဝင်းလက်သော နေခြည်ဖြာ နံနက်ခင်း ရှိချင်ရှိမည်။ ရှိချင်မှလည်း ရှိမည်။ အပြောင်းအလဲတိုင်းတွင် အာမခံချက်များ ကျေနပ်မှုများ ရှိနိုင်သလို မရေရာမှုများ နာကျင်မှုများ လည်း ရောနှောပါဝင်လျက်ရှိသည်။ အပြောင်းအလဲ တစ်ခု အတွက် အကြီးမားဆုံး အဟန့်အတားကတော့ “ကြောက်စိတ်နှင့် ပျင်းရိမှု” ဖြစ်သည်။ အပြောင်းအလဲတစ်ခု ဖြစ်မြောက်လာရန် အကြီးမားဆုံး လှုံ့ဆော်မှုမှာ “မပြောင်းလျှင် မဖြစ်တော့ဘူး” ဆိုသည်ကို ပြတ်သားစွာ သိရှိနားလည် သဘောပေါက်ခြင်း ဖြစ်သည်။ စကားတစ်ခုတော့ ရှိသည်။ ကောင်းသော(good) အနေအထားတစ်ခုက အကောင်းဆုံး (best) အနေအထားသို့ ရောက်မလာအောင် အဟန့်အတားဖြစ်သွားတတ် သတဲ့။ လက်ရှိက တကယ်ပဲ ကောင်းသော အနေအထား ဟုတ်ပါသလား။ မပြောင်းလျှင် ဖြစ်မဖြစ် ပြောင်းဖို့လိုမလို သိနိုင်ရန်တော့ မျက်စိဖွင့် နားစွင့်ထားဖို့လိုပါသည်။ ထိုင်နေလို့တော့ဖြင့် ဘာမှ ဖြစ်မလာပါလေ။


ပန်ဒိုရာ

6 comments:

Anonymous said...

အပြောင်းအလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်လိုက်တဲ့အခါမှာ သေချာတာကတော့ မျှော်လင့်ခြင်းတွေစောင့်နေပြီ။စိန်ခေါ်မှု၊အဆင်ပြေမှု၊မပြေမှု၊ ၀န်းကျင်အသစ်နှင့်သဟဇာတ၊ အတားအဆီး၊ ပိုမိုကောင်းမွန်သောအနာဂါတ်.. ဒါတွေအားလုံးက ရှေ့မှာ စောင့်နေတာ သိထားတဲ့အတွက် ရင်ဆိုင်ရမယ့်အရာရာအတွက် ကြိုတင်ပြင်ဆင် သက်လုံကောင်းအောင်လုပ်ထားရမှာပဲ။ဒီအတွက်ရှေ့မှာ ဘာကြုံရဦးမယ် ၊အကောင်းအဆိုး မသိသေးပေမယ့် ကြီုတင်ပြင်ဆင်ထားတဲ့မိမိအတွက်ကလောလောဆယ်တင်အမြတ်ထွက်သွားပြီ။ ကိုယ်ရည်ကိုယ်သွေးတဆင့် လှမ်း တက်ခြင်းဆိုတာပေါ့..လူတစ်ဦးချင်းမှသည်..လူ့ ဘောင်တစ်ခု..နိုင်ငံတစ်ခုအထိ ပြောင်းလဲရမယ့်အထိဆန့် တွေးမိ လျက်..

All the best…

Anonymous said...

ပြောင်းလဲခြင်း အကြောင်းကို သုံးသပ်ပြသွားတာကျေးဇူးပါ...အရီးရေ..။ အပေါ်က ဦးကြီးပြောသလိုပဲ ဆန့်တွေးချင်စရာပဲ...။ အိမ်ပြေန်ရောက်မှ ဘလော့ဂ်နိုင်တော့မှာလား..ဟင်..။

Anonymous said...

သေချာတဲ့ ပြောင်းလဲခြင်းတခုကတော့ အလုပ်မှာ ဂျီရိပ်အောက် မ၀င်နိုင်တာ ၊ ဘလောဂ့်တွေ မကြည့်နိုင်တော့တာ .. ဒီတော့ အလုပ်ပိုပြီးအောင် လုပ်နိုင်မှာပေါ့လေး)

ကောင်းသောပြောင်းလဲခြင်းဖြစ်မှာပါလို့ အားပေးလျက် ။

ပီကေ said...

တစ်ရွာမပြောင်း သူကောင်းမဖြစ် တဲ့။
သေချင်ကျားတောပြောင်း တဲ့။
ဘယ်ဟာကို အတည်ယူမလဲ ဆိုတာကိုတော့ ကိုယ့်အပေါ်မှာ မူတည်မယ်ထင်တယ်။
ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး ဆိုတဲ့ သီချင်းဆိုလည်း နားထဲမှာစွဲလို့ပေါ့။
ထိုင်နေ့ရင်အကောင်းသား ထသွားမှကျိုးမှန်းသိ ဆိုတဲ့ စကားပုံကလည်း ချိန်းခြောက်နေပြန်တယ်။
ဘာပဲဖြစ်ဖြစ် အပြောင်းအလဲ ဆိုတာကြီးကို အသစ်အဆန်းအနေနဲ့ရော စိန်ခေါ်မှုအနေနဲ့ပါ လက်ခံပြီး ရဲရဲရင်ဆိုင် ချင်ပါတယ်။
ဒါလုပ်ပြီး ဘာနောင်တမှ မရစေရဘူးလို့ ကိုယ့်ကိုယ်ကို အာမခံချက်ပေးနိုင်ရင်ပေါ့။ ဆုံးရှုံးသွားရင်တောင် မရရဘူး။

Anonymous said...

ကိုယ်ကတော့ အပြောင်းအလဲဆိုတဲ့ အရာကို အမြဲ ကြိုဆိုနေ လေ့ရှိတယ်။ နေရာတစ်ခုခု၊ အရာဝတ္တု တစ်ခုခုကို အမြဲမှီတွဲ စွဲဖက်မနေတတ်ဘူး။ ဘ၀ရဲ့ အတက်အကျ အနိမ့်အမြင့် ကိုလည်ုး ရင်ခုန်စွာနဲ့ ကြုံတွေ့ချင်သူပေါ့။ တွေ့ကြုံရမယ့် ဝေဒနာ၊ သောက၊ ပျော်ရွှင်မှု၊ ကြည်နူးမှု တွေကိုလည်း ခေါင်းမာမာနဲ့ လက်ခံဖို့ အမြဲတမ်း အသင့်ရှိနေတယ်။ ဒါတွေဟာ ကိုယ်တို့တွေ အတွက် စိတ်ကုန်ကြမ်းတွေလို ဆိုရလေမလား။

pandora said...

ကိုမောင်ရင် အားလုံးကို မြင်နေတော့တာပဲနော်။
လေးမရေ ပြောင်းပြီးရင်တော့ အိမ်ရောက်မှ ဘလော့နိုင်တော့မှာ။ (အမယ် အခုလည်း ရုံးမှာဆို မဘလော့ပါဘူးနော်.. ဟဲ.. ဖတ်ရုံလေး ဖတ်တာ)
ဂျစ် အားပေးတာ အားရှိသွားတယ်။
ပီကေ ဟုတ်တယ် ကိုယ်လုပ်ချင်တာတခု ကို အသေအချာစဉ်းစား ဆုံးဖြတ် ကြိုးစားရင် အနည်းဆုံး နောင်တတော့ ရစရာမရှိပါ။
ကိုလွမ်းလူ.. ဒီနေရာမှာ စိတ်ချင်းအတူတူပါပဲ။ မတူညီတဲ့ နေ့သစ်တိုင်းကို ဖြတ်သန်းချင်သူပါ။