ငယ်ငယ်က မြေစိုက် စာသင်ကျောင်းကလေး တစ်ကျောင်း။ ကျောင်းနောက်မှာ အလေ့ကျပေါက်နေတဲ့ ရိုးတံရှည်ရှည်နဲ့ နီဝါရောင် ပန်းကလေး ပွင့်တိုင်း သွားသွား ငေးမောခဲ့တဲ့ နေလည်စာစားချိန်တွေ။ အမျိုးအမည်မသိတဲ့ ပန်းတွေပွင့်လို့။ လိပ်ပြာတွေ ၀ဲလို့။ ပိုးဖလံဆန်ဆန် ခပ်နှေးနှေး အကောင်လေးတွေဆိုရင် လက်ဖ၀ါးနဲ့ အသာလေးအုပ်ဖမ်း။ အနီးကပ် သေချာကြည့်။ ပြန်လွှတ်လိုက်။ လက်ဖ၀ါးမှာ အတောင်ပံက အမှုန်လေးတွေ စွန်းပေကျန်ခဲ့မှ နောင်တရ။ ပြီးတော့လည်း ပြန်မေ့တာပဲ။ မိုးတွေရွာရင် ဒူးလောက် ပေါင်လောက် ရေတွေလျှံ။ လွယ်အိပ်ကိုပိုက် ထီးကိုဆောင်းပြီး ပြေးပေတော့။ ကျောင်းရောက်မှ အင်္ကျီ နောက်တစ်စုံ ထပ်လဲ။ ပြတင်းပေါက်နားမှာ ထိုင်ပြီး လှမ်းမြင်နေရတဲ့ လယ်ကွင်းစိမ်းတွေကို ငေးကြည့်။ အဲဒီကတည်းက ပြတင်းပေါက်က စင်လာတဲ့ မိုးစက်မှုန်မွှားတွေကို ချစ်တတ်ခဲ့။ အစားထိုးမရတဲ့ မသိမှုဟာ ပျော်စရာ။ ဖြစ်နိုင်ရင် စကားလုံးမဲ့ ချရေးချင်တဲ့ ပန်းချီကားတွေပေါ့။ စုတ်ခြစ်ရာတွေ ရင်ဘတ် ပေါက်ထွက်မတတ် စူးရှတော့လေ ကိုယ့်လက်ဟာ ကတုန်ကယင်နဲ့။ ထွက်ပေါက်ကို လိုက်ရှာနေတုန်း အချိန်ကျလာတော့ နေ့လည်စာကို ဒေါသတကြီး ၀ါးမိတယ်။ ကဗျာငှက်ကလေး ဟိုအဝေးမှာပ။ ပန်းနုရောင် တိမ်တိုက်က အိပ်မောကျသွားပြန်တယ်။
ပန်ဒိုရာ
ပန်ဒိုရာ
2 comments:
ကဗျာဌက်တွေကတော့ တကယ်ကို အဝေးမှာလား မပန်
အင်း အဝေးမှာနေလိုက် လာဝဲလိုက်ပါပဲ မျှားပြာ။
Post a Comment