Thursday, November 20, 2008

ချစ်ခြင်းမေတ္တာနဲ့ လွဲခဲ့သူ

ကျွန်တော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ ဆိုတဲ့ အခန်းဆက် ၀တ္တုလေးတွေ ကို ဖတ်ဖြစ်ရာကနေ သူအပါအ၀င် သူတို့တွေရဲ့ ဘ၀ကို စာနာမှု ပိုရှိလာရတယ်။ ဘလော့ဂ် ပရိုဖိုင်းမှာ .. လူပျိုမသိုးတသိုးပေါ့ဗျာ .. လို့ရေးထားတော့ ပြုံးချင်ချင် ဖြစ်မိသေးတယ်။ ချယ်ရီပန်းတွေပုံ ဘန်နာ တင်ထားခဲ့တော့ ချယ်ရီမှချယ်ရီ ဖြစ်မနေနဲ့လေ တခြားပန်းတွေလည်း လှပါတယ်လို့ နောက်ကြသေးတယ်။ အဲဒီလိုနေတုန်း ဗြုန်းဆို ငယ်ရွယ်ရိုးသားတဲ့ ကရင်အမျိုးသမီးလေး တယောက်နဲ့ အိမ်ထောင်ပြုတော့မယ် ဆိုတော့ ၀မ်းသာကြလို့လေ။ အခုတော့ ပျော်ရွှင်စရာ မိသားစုဘ၀ကလေးမှ ပီပီပြင်ပြင် ဖြစ်မလာသေးခင် ချစ်ခြင်းမေတ္တာတွေနဲ့ အလွဲကြီး လွဲခဲ့ရပြန်ပြီပေါ့။

သူဟာ နာမည်ကြီးတဲ့လူတော့ မဟုတ်ပါဘူး။ ဘ၀နဲ့ရင်းပြီး လူမသိ သူမသိ စွန့်လွှတ်စွန့်စားနေကြတဲ့ အညတရတွေထဲက တယောက်ပါပဲ။ ယုံကြည်ချက်တခုကို တပ်ဆင်ပြီး အိမ်ကနေ ရွက်လွှင့်ခဲ့ရသူတွေထဲက တယောက်ပါပဲ။ အခုတော့ အိမ်မပြန်နိုင်တော့တဲ့ လမ်းခုလတ်မှာ ကြွေလွင့်ခဲ့ရှာပြီမို့ အလွန် ၀မ်းနည်းကြေကွဲမိပါတယ်။

ဒီ့ထက်ဝမ်းနည်းစရာ ကောင်းတာကတော့ လူတယောက် ကွယ်လွန်တာကို ၀မ်းနည်းကြောင်း ရေးဖို့ကို အကြိမ်ကြိမ် စဉ်းစားနေမိပြီး ကြောက်လန့်နေရတဲ့ အနေအထားကိုပါပဲ။ ဘယ်ကလူလဲ သိရဲ့လား။ ဘယ်လောက်သိသလဲ။ ဘယ်လိုသိသလဲ။ စောင့်ကြည့်ချင်လည်း ဘာမှ မတတ်နိုင်ဘူး။ နိုင်ငံတူက မွေးဖွားခဲ့တဲ့ လူမျိုးတူ ကိုယ့်သွေးသားရင်းတွေ အချင်းချင်း အဟန့်အတား အနှောင်အဖွဲ့တွေက လွတ်လပ်ရာလို့ ထင်တဲ့ ဘလော့ဂ်တွေထဲမှာ လည်ပတ်ရင်း အင်တာနက်ကမ္ဘာမှာ ဖြတ်သန်းမိကြရုံ ဆိုတာလောက်ပဲလေ။ နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ကြားမှာ ခြားထားတဲ့ တံတိုင်းကြီးတွေ ကင်းဝေးရာမှာ လွတ်လပ် အေးချမ်း ပျော်ရွှင်စွာ မိတ်ဆွေဖြစ်ကြရပါစေ လို့ဆုတောင်းလိုက်ပါရဲ့။



10 comments:

ဂျစ်တူး - gyit_tu said...

:(

ကိုပေါ said...
This comment has been removed by the author.
ကိုပေါ said...

ဟုတ်ပါရဲ့…ကဖိုးဇေတယောက် သူ့ရည်းစား (နာမည်က အဖွားလေး…ထင်ရဲ့) ကို နေကြာစေ့လှော်တွေ အခွံ့ခွာကျွေးခဲ့တာကို ရေးပြတာကို သတိရမိတယ်။ နေကြာစေ့နွှာပြီးသားတွေ သူက လက်ခုပ်ထဲထည့်ပေးလိုက်ရင် သူ့ရည်းစားက လက်တဆုပ်လိုက် ပါးစပ်ထဲ ပစ်ထည့်ပြီး စားလိုက်တော့…..မောင်ဖိုးဇေတို့ ခွာချက်က နာတယ်…လို့ ရေးခဲတဲ့နေရာလေးရောက်တော့ သူ့ပုံကို မြင်ယောင်ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်ခဲ့မိတာကို သတိရမိတယ်။

မြန်မာတီးရှော့ပ် ဖိုရမ်က စလို့ သိကျွမ်းခင်မင်လိုက်တာ။ လူလည်း တခါမှ အပြင်မှာ တွေ့ဘူးတာမဟုတ်။

အခုတော့လည်း….. သူ့မှာတမ်း ကဗျာထဲကလို ခရီးမတ်တတ်..လမ်းခုလတ်မှာ…ကိုယ်လွတ်ရှောင်ခွာ သွားရပါ၍ ဆိုသလိုပါဘဲ။ မပြီးသေးတဲ့ ခရီးတခုနဲ့ သူချစ်တဲ့ ရဲဘော်တွေ မိတ်ဆွေတွေကို မထင်မှတ်ဘဲ ထားရစ်သွားခဲ့ရပြီ။

ပန်ဒိုရာ ဆုတောင်းသလိုပါဘဲ။
နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ကြားမှာ ခြားထားတဲ့ တံတိုင်းကြီးတွေ ကင်းဝေးရာမှာ လွတ်လပ် အေးချမ်း ပျော်ရွှင်စွာ မိတ်ဆွေဖြစ်ကြရပါစေ လို့ဆုတောင်းလိုက်ပါရဲ့။

Anonymous said...

ဘာပဲပြောပြော..လွတ်လပ်တဲ့ကောင်းကင်တခုမှာ..ငှက်တွေ အုပ်ဖွဲ့ပျံသန်းဖြစ်ခဲ့ကြသေးတယ်။ အဲဒီအတွက် ကျေနပ်လိုက်ကြတာပေါ့။ ပိုမိုလွတ်လပ်တဲ့..ကောင်းကင်ဆီသို့-

Anonymous said...

ယုံကြည်ချက် ဗဟိုပြုထားတဲ့ သူတွေ ကြွေရက်ကယ် စောလှ သကိုး၊ သူ့ချစ်သူ တိုင်းရင်းသူ၊ သူ့ မိတ်ဆွေ၊ ရဲဘော်တွေ ရင်ထဲ ရင်ကွဲမိုး ... ရွာလေရောပေါ့။

Moe Cho Thinn said...

ဒါမျိုးတွေ ကြားတိုင်း စိတ်ထိခိုက်ရပါတယ်။
လောကကြီးကို မကျေနပ်ဘူး။

သစ်နက်ဆူး said...

...ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ်....
ဘ၀ဆိုတာတေါ ထပ်ဖြစ်လာခဲ့ ရင် လွတ်လပ်အေးချမ်းသော ဘ၀ပိုင်ရှင်လေး...ကို
အေးချမ်းတဲ့ တိုင်းပြည်လေးမှာ ပြန်ဆုံချင်ပါတယ်ဗျာ....

Chaos said...

မပန်ရေ စိတ်မကောင်းဘူး......
:((

mirror said...

ရင်နဲ့ထပ်တူ ကြေကွဲရပါတယ်...
ဒီထက်ပိုဘာမှပြောစရာမရှိ....
ဝမ်းနည်းခြင်းအကြောင်းကို လွတ်လပ်စွာရေးခွင့်ကြုံမယ့်နေ့တစ်နေ့တော့ရောက်ချင်လှပြီ

HAPPY CLOUD said...

အမရေ... စိတ်မကောင်းဖြစ်ရတာပဲဗျာ...
ဖိုးမောင်