မေလထဲမှာ မုန်တိုင်းကြားက ဘ၀များသို့ ဆိုပြီးတော့ ကိုလှထွန်းဆိုတဲ့ လူတစ်ယောက်အကြောင်း ရေးခဲ့ဖူးတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ အခုတော့ ခြောက်လကြာခဲ့ပြီ။ ပြန်လည်ထူထောင်ရေးတွေ လုပ်နေကြဆဲပါ။ ဒီနှစ် မိုးတွင်းကာလ ကိုတော့ ကျော်လွန်ခဲ့ပြီ။ နောင်နှစ်ခါ မိုးဦးကျကို ရင်ဆိုင်ဖို့ ဘယ်လောက် အဆင်သင့် ဖြစ်နေပြီလဲ ဆိုတာတော့ ကွင်းဆင်းနေတဲ့လူတွေက အသိဆုံး ဖြစ်မယ်။ စီးပွားရေး အကြပ်အတည်းတွေ အစားအစာ ရှားပါးလာမှုတွေနဲ့အတူ ကမ္ဘာကြီးရဲ့ အနားမညီတဲ့မျဉ်းတွေကတော့ ပိုပို တိမ်းစောင်းလာနေပြီ။ လိုအပ်နေတဲ့ လိုအပ်ဦးမယ့် အကူအညီတွေ သွေးအေးသွားပြီလား။ မေ့မသွားစေဖို့ ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း မုန်တိုင်းကြားက ကြားဖူးခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြန်ရေးလိုက်ပါတယ်။
………………………………………………
မသီတာဟာ ဘိုကလေးမြို့နဲ့ မနီးမဝေး ရွာလေးတရွာမှာ နေပါတယ်။ သူ့ယောင်္ကျား ကိုမောင်ငြိမ်းက န၀လီစပါးကြိတ်တဲ့ ဆန်စက်တွေက ဆန်တွေကို မြို့နဲ့ရွာနဲ့ ကြားမှာ အသယ်အပို့ လုပ်တယ်။ အိမ်ထောင်ကျတာ နှစ်နှစ်တောင် မပြည့်သေးတဲ့ သူတို့မောင်နှံမှာ ချစ်စရာကောင်းတဲ့ ၅ လအရွယ် သားဦးလေးလည်း ရှိတယ်။ နှစ်ဘက်စလုံးက မိဘတွေ မရှိကြတော့တဲ့ ဥတလုံးမောင်နှံမို့ မိသားစု သေးသေးလေးဟာ သိပ်ကို တွယ်တာ ချစ်ခင်ကြပါတယ်။
မေလဆိုတာက မြစ်ဝကျွန်းပေါ်ဒေသက အိမ်တွေအတွက် မိုးဦးလေဦးကျ အတွက် ပြင်ဆင်ရမယ့် အချိန်ပဲလေ။ အိမ်ကို ဓနိအသစ် ပြန်မိုးရမယ်။ ကုန်ကျစားရိတ်တွေ ရှိတယ်။ ဒါကြောင့် ကိုမောင်ငြိမ်းဟာ မိုးမကျခင်မှာ အလုပ်ကို ပိုပြီး ကြိုးစားလုပ်ပါတယ်။ မေလဆန်းမှာတော့ မုန်တိုင်းလာမလိုလို သတင်းက ကြားနေရတယ်။ အဲဒီအချိန်မှာပဲ ဆန်တွေက ဘိုကလေးကို သွားပို့စရာ ရှိနေတယ်။ မသီတာက ဖြစ်နိုင်ရင် ကိုမောင်ငြိမ်းကို မသွားစေချင်ဘူး။ ဒါပေမယ့်လည်း သတင်းသိရသလောက် မုန်တိုင်းက ၄၅ မိုင်၊ မိုင်၅၀ နှုန်းလောက်ပဲ။ စိတ်မပူနဲ့။ ပို့ပြီးပြီးချင်း ချက်ချင်း ပြန်လာခဲ့မယ် ဆိုပြီး ကိုမောင်ငြိမ်းဟာ မြို့ပေါ်ကို စပါးပို့ဖို့ စက်လှေနဲ့ တက်သွားပါတယ်။
၂၀၀၈ မေလ၂ ရဲ့ ဧည့်ဆိုးနာဂစ် လာပါပြီ။ မွန်းလွဲလာတာနဲ့ ရွာထဲကို လေတွေ စတိုက်လာတယ်။ မသီတာဟာ ကလေးကိုချီရင်း ရွာထိပ်က တံတားလေးမှာ ကိုမောင်ငြိမ်းကို သွားစောင့်နေတယ်။ စက်လှေကတော့ ဆိုက်မလာသေးဘူး။ ချက်ချင်း ပြန်ထွက်လာခဲ့တယ်ဆိုရင် ညနေမစောင်းခင်မှာ ရောက်လာသင့်တာပေါ့လေ။
မှောင်ရီပျိုးစမှာတော့ ချောင်းထဲကနေ ရေတွေ စတက်လာတယ်။ လေက တော်တော်အရှိန်ပြင်းလာပြီ။ ကလေးငယ်ငယ်လေးနဲ့ အိမ်ထဲမှာပြန်နေပါဟယ် လို့ လူတွေက ပြောတာနဲ့ မသီတာလည်း အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့ မိုးကလည်း ယိုလိုက်တာ။ စောစော အိမ်မိုးမထား နိုင်ခဲ့တာ ခက်ရပြီပေါ့။ မသီတာဟာ ကလေးကို မိုးရေလွတ်တဲ့ နေရာမှာ ကျစ်ကျစ်ဖက်ထားရင်း မိုးတွေ စဲပါစေတော့လို့ ဆုတောင်းနေရုံပဲ တတ်နိုင်တယ်။
ညနေခြောက်နာရီ ထိုးလောက်မှာတော့ မိုးတွေလေတွေက အသည်းဆုံးအချိန် ရောက်ပြီပေါ့။ ရေတွေ အိမ်ထဲဝင်စပြုလာပြီ။ မသီတာဟာ ကလေးကို ပုဆိုးတစ်ထည်နဲ့ သေသေချာချာပတ် အ၀တ်လျှော်တဲ့ ကော်ဇလုံထဲ ထည့်ပြီး ဘုရားတရားသာ တနေရတယ်။ သိပ်မကြာဘူး ရေတွေက ရွာလေးကို ဖုံးသွားပြီ။ အိမ်ကလေးလည်း သိမ့်သိမ့်ခါပြီး ပြိုကျသွားတော့တယ်။ မသီတာလည်း ကလေးထည့်ထားတဲ့ ဇလုံကို ကိုင်ထားရင်း လှိုင်းတချက် အပုတ်မှာ ရေစီးနဲ့အတူ ကူးရင်းခတ်ရင်း မျောထွက်လာပါတော့တယ်။
ကိုမောင်ငြိမ်းတယောက်ကတော့ လမ်းခုလတ်မှာလား မြို့ပေါ်မှာပဲ ရှိနေသလား။ စိတ်ပူပူနဲ့ တွေးရင်းတောရင်း အနားမှာတွေ့ရတဲ့ ပျဉ်ချပ်လိုလို အပြားတစ်ခုကို အတင်း ဖက်တွယ်ထားလိုက်တယ်။ ကလေးကိုလည်း မလွတ်စေအောင် ကိုင်ထားရတာပေါ့။ သည်လိုနဲ့ ညမှောင်မှောင်ထဲ ကူးနေခတ်နေလိုက်တာ အချိန်တော်တော်ကြာသွားပြီ။ အတော်လည်း ခြေကုန်လက်ပန်း ကျနေပြီ။ အဲဒီအချိန်မှာ လှိုင်းခပ်ကြီးကြီး တစ်ချက် ပုတ်လိုက်တဲ့အခါ မသီတာလည်း ရေတွေမွှန်သွားပြီး မိုက်ခနဲ သတိလစ်သွားတော့တယ်။
မသီတာ သတိရလာတဲ့အချိန်မှာ ကမ်းစပ်တခုမှာ လဲလျောင်းနေလျက်သား ဖြစ်နေတယ်။ ပတ်ဝန်းကျင်ကတော့ မှောင်မဲလို့။ လေတွေကလည်း တိုက်နေတုန်းပဲ။ သူ မသေမပျောက် ဒီနေရာကို ဘယ်လိုရောက်လာသလဲဆိုတာ ဘယ်လိုမှ မသိတော့ဘူး။ ချက်ချင်းပဲ သတိရလိုက်တာကတော့ ကလေးပါပဲ။ ဟာ.. သွားပြီ။ သူ သတိလစ်နေတဲ့အချိန်မှာ ကလေးကို လက်လွှတ်မိသွားပြီပေါ့။ မှောင်မှောင်မဲမဲထဲ အနီးအနားမှာ ကလေးကို လိုက်စမ်းရှာတယ်။ အော်ခေါ်ကြည့်တယ်။ ကလေးငိုသံလည်း မကြားရဘူး။ တခြား ဘယ်သူ့အသံမှလည်း မကြားရဘူး။ ငိုရင်းရှိုက်ရင်းနဲ့ပဲ မသီတာဟာ လျှပ်စီးတချက်တချက် လက်တဲ့ အချိန်မှာ ကုန်းမြေလို့ လှမ်းမြင်ရတဲ့ ဘက်ကို မှန်းပြီး ဆက်လျှောက်ခဲ့တယ်။
လျှောက်ရင်းနဲ့ ခပ်လှမ်းလှမ်းမှာ မီးရောင် ပျပျလေး တွေ့လိုက်တယ်။ လူနေ ရပ်ကွက်တခုကို တွေ့လိုက်ရပါတယ်။ အနီးဆုံး အိမ်တလုံးကို တံခါးခေါက်ရင်း ကျမမုန်တိုင်းမိလာလို့ပါ ခဏ ၀င်နားပါရစေလို့ အားတင်းပြီး ပြောလိုက်တယ်။ အဲဒါဟာ ဘိုကလေးမြို့ရဲ့ ရပ်ကွက်တခုပါပဲ။
အိမ်ထဲမှာတော့ သဘောကောင်းပုံရတဲ့ အိမ်ရှင် မိသားစုရယ်။ သူ့လို မိုးခိုလာကြတဲ့ ဒုက္ခရောက်သူ တချို့ရယ်ကို တွေ့လိုက်ရပါတယ်။ မသီတာဟာ သူ့ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး အဲဒီညအဖို့ အဲဒီအိမ်မှာ နားလိုက်ပါတော့တယ်။ နားထောင်ရသူတွေကလည်း ပျောက်သွားတဲ့ ကလေးအတွက် စုတ်တသတ်သတ်နဲ့ ကရုဏာသက်နေကြတော့တာပေါ့။
နောက်တနေ့မိုးလင်းမှာတော့ မုန်တိုင်းက အရှိန်ပြယ်နေပါပြီ။ တည်းခိုခဲ့တဲ့ တခြားလူတွေကတော့ အိမ်ရှင်ကို နှုတ်ဆက်ပြီး မြို့ထဲကို ထွက်လာကြတယ်။ မသီတာကတော့ တညလုံး မောမောပန်းပန်းမို့ အိပ်ပျော်နေဆဲပါပဲ။ အိမ်ရှင်တွေကလည်း သနားလို့ မနှိုးပဲ ထားလိုက်ကြတယ်။
မြို့ထဲရောက်တဲ့အခါ အဲဒီလူတွေဟာ တခြားအိမ်တွေမှာ မိုးခိုလာခဲ့ကြတဲ့ သူတို့ရဲ့ အသိမိတ်ဆွေတွေနဲ့ မသေမပျောက် ပြန်တွေ့ကြတော့ ၀မ်းသာအားရ နှုတ်ဆက်ကြရင်း သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ ဖလှယ်ကြတယ်။ ကလေးပျောက်ပြီး ရောက်လာတဲ့ မသီတာ အကြောင်းကို ပြောလိုက်တော့ ဟိုလူတွေကလည်း အံ့သြစွာနဲ့ သူတို့ တည်းတဲ့အိမ်ကို ရောက်လာတဲ့ ဇနီးမောင်နှံရဲ့ အကြောင်းကို ပြန်ပြောပြပါတယ်။
ဘိုကလေး မြို့နယ်ထဲက တခြားရွာတရွာမှာ နေထိုင်ကြတဲ့ ကိုအောင်နဲ့ မခင်လေး တို့ဟာ မုန်တိုင်းမှောင်မှောင် ရေပြင်ထဲမှာ ကူးရင်းခတ်ရင်းနဲ့ ဘိုကလေးမြို့ရဲ့ ကမ်းတနေရာကို ရောက်လာကြတယ် တဲ့။ ရေစပ်စပ်မှာ အထုတ်ကလေး တစ်ထုတ်ကို ၀င်ခလုတ်တိုက်မိသတဲ့။ အသံလိုလို ကြားလိုက်ရလို့ ကောက်ကိုင်ကြည့်လိုက်တာ လသားအရွယ် ကလေးလေး တစ်ယောက် ဖြစ်နေတယ်။ သူတို့ ကောက်ချီလိုက်တဲ့ အချိန်မှာ ကလေးက ထငိုတာမို့ အံ့လည်းအံ့သြ ၀မ်းလည်းဝမ်းသာ သွားကြတယ်။ အနီးအနားမှာ ရှာကြည့်တော့လည်း လူသူ ဘယ်သူမှ မရှိကြဘူး။
ဒီလောက် မုန်တိုင်းတွေကြားထဲက ရှင်ကျန်ရစ်တဲ့ ကလေးလေးကို ဘုရားမ လို့ရတာပဲလို့သာ မှတ်လိုက်ကြတယ်။ သူတို့ ဇနီးမောင်နှံမှာလည်း သားမမီး မထွန်းကားကြသေးတာမို့ ဒါဟာ ကိုယ်နဲ့ထိုက်လို့ ရတဲ့ကလေးပဲ လို့ တွေးလိုက်ကြပါတယ်။ ဒီလိုနဲ့ ရှေ့ကို ဆက်လျှောက်သွားရင်း ဘိုကလေးမြို့ထဲ ရောက်လာပြီး တွေ့တဲ့ အိမ်တအိမ်မှာ ၀င်မိုးခိုတော့ ကလေးကို ကောက်ရခဲ့တဲ့ အကြောင်းနဲ့ ပိုင်ရှင်ရှာမတွေ့ခဲ့ရင် မွေးစားမယ် လို့ ပြောဖြစ်ကြပါတယ်။ တကယ်တော့ ကိုအောင်နဲ့ မခင်လေးတို့လည်း အိုးပျက်အိပ်ပျက် အ၀တ်တထည် ကိုယ်တခု ဘ၀ကို ရောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီလောက်တိုက်တိုက် ဆိုင်ဆိုင် လာတွေ့ရတဲ့ ကလေးလေးကို အေးအတူ ပူအမျှ မွေးစားလိုက်ပါမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီအကြောင်းကို မြို့ထဲလမ်းမှာ ဆုံတွေ့သူ အချင်းချင်း ပြောဖြစ်တဲ့အခါ ဒါ မသီတာ ပျောက်သွားတဲ့ ကလေးများ ဖြစ်နေမလားလို့ ထင်လိုက်ကြတယ်။ ကလေးက ယောင်္ကျားလေးဖြစ်ပုံနဲ့ အသက်အရွယ်ကလည်း တိုက်ဆိုင်နေတယ်လေ။ ဒါနဲ့ပဲ သူတို့ဟာ ကိုယ့်ဒုက္ခတွေကို အသာဘေးချ။ လူခွဲပြီး ကလေးရှိရာ အကြောင်းကြားတဲ့လူက ကြား မသီတာဆီ ပြန်တဲ့လူက ပြန်နဲ့ အလုပ်ရှုပ်သွားကြပါတယ်။
မသီတာ အိပ်ရာက နိုးလာတော့ ဒီသတင်းကို ကြားလိုက်ရပါတယ်။ ကလေးနဲ့ ဆုံတွေ့ရတဲ့အခါမှာတော့.. အို.. ဒါ သူ့ကလေးမှ သူ့ကလေး အစစ်ပဲ။ မျှော်လင့်ချက်တွေ ကုန်ပြီလို့ တညလုံး ငိုထားခဲ့ရတဲ့ မသီတာဟာ ၀မ်းသာလွန်းလို့ ငိုရပြန်ပါတယ်။ ကလေးကောက်ရတဲ့ မောင်နှံရော ဆုံတွေ့ပေးဖို့ လုပ်ပေးကြတဲ့လူတွေရော အားလုံးလည်း ၀မ်းသာဝမ်းနည်းပေါ့။
မသီတာရဲ့ ခင်ပွန်း ကိုမောင်ငြိမ်းရဲ့ သတင်းကို စုံစမ်းလိုက်တဲ့အခါတော့ စိတ်မကောင်းစရာပဲ။ မုန်တိုင်းသတင်းကြောင့် မြို့ပေါ်ကလူတွေက ၀ိုင်းတားနေကြတဲ့ ကြားထဲက အိမ်ကို ကတိပေးထားတဲ့ အတိုင်း ဆက်ဆက် ပြန်လာခဲ့တဲ့ ကိုမောင်ငြိမ်းရဲ့ စက်လှေတစီးလုံးဟာ လမ်းမှာတင် ပျောက်ဆုံးသွားခဲ့တယ်။
အဲဒီလို ကလေးတစ်ယောက်နဲ့ လက်မဲ့ ကျန်ခဲ့တဲ့ မသီတာကို ဘာမှန်းမသိသေးတဲ့ ရှေ့ဘ၀ ခရီးက ဆီးကြိုနေပါတော့တယ်။
……………………………………
ဒါဟာ မုန်တိုင်းကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တခုကို အခြေခံပြီး နာမည်တွေ ပြောင်းလဲ ရေးထားတာပါ။ ဒီလို ကြေကွဲစရာ အဖြစ်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ မြစ်ဝကျွန်းပေါ် ဒေသမှာ သိန်း သန်း ချီနေလိမ့်မယ်။ တာဝန်ရှိသူတွေ တာဝန်ယူသူတွေက အရှိန်မလျော့တမ်း ဆက်လုပ်ကြဖို့ လိုပါတယ်။ အဝေးရောက်နေသူတွေကလည်း သနားနေရုံနဲ့ မပြီးပါဘူး။ တစ်ကြိမ်တစ်ခါ ရေတို ကူညီလိုက်ရုံနဲ့လည်း ပြေလည်သွားမယ့် ကိစ္စမဟုတ်တဲ့အတွက် ကိုယ်တိုင် ဆက်လက် လုပ်နိုင်တာတွေ ရှိပါသေးတယ်။ ကူညီလိုရင်တော့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ အများအပြား ထဲက MBEAN ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို ညွှန်းဆိုချင်ပါတယ်။
MBEAN ကတော့ ဘလော့ဂါ တစ်ဦးလည်း ဖြစ်တဲ့ ဒေါက်တာရဲမွန်မြင့် ပါဝင်တဲ့ စေတနာဝန်ထမ်း အဖွဲ့တစ်ခုပါ။ ကိုယ့်နိုင်ငံကို ပြန်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားမကူညီနိုင်ပေမယ့် အဝေးကနေ ဆက်လက် ကူညီလိုတယ်ဆိုရင်တော့ တစ်ကျပ်တစ်ပြားဖြစ်ဖြစ် ထည့်ဝင်နိုင်ပါတယ်။ ကိုယ်တွေ တနေ့စားနေတဲ့ ထမင်းတစ်နပ်မှာ နည်းနည်း ချွေတာလိုက်မယ်၊ ဇိမ်ခံကိစ္စတွေ နည်းနည်း လျှော့လိုက်မယ် ဆိုရင် သူတို့တွေရဲ့ ဘ၀တွေအတွက်တော့ အပြောင်းအလဲပဲ မဟုတ်ပါလား။
MBEAN website လိပ်စာ။ http://mbean.org.uk
MBEAN ရဲ့ လုပ်ဆောင်ချက်တွေ သိချင်ရင် အစီရင်ခံစာတွေကိုလည်း အဲဒီမှာ သွားဖတ်နိုင်ပါတယ်။ ငွေကိုလည်း အဖွဲ့ဝင်တွေကတဆင့် ဖြစ်ဖြစ် credit card ကတဆင့်ဖြစ်ဖြစ် paypal ကဖြစ်ဖြစ် လှူဒါန်းနိုင်ပါတယ်။
မုန်တိုင်းကြားက “ဘ၀” များသို့ (၁)
ပန်ဒိုရာ
ဆုံရပ် 1st Dec 2024
-
လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား
ခရီ...
2 weeks ago
10 comments:
ဝမ်းနည်းနေရုံနဲ့မပြီးဘူးဆိုတာအသေအချာဘဲ.
တတ်နိုင်သမျှကူညီကြရမယ်.တတ်နိုင်သလောက်ကူညီ
ပါ့မယ်မပန်ရေ.
"မေ့လျော့မှုတွေက ငါတို့သမိုင်းကိုကြမ်းရိုင်းစေတာပဲ" တဲ့။ မင်းစိုးရာ ကဗျာလေးထဲက စာသား။ ဟုတ်တယ် ၊ လူတွေက မေ့နေကြလောက်ပြီ။ ဒါပေမဲ့ တစ်ဖက်မှာ ရုန်းနေရတုန်း။ မမေ့သင့်သေးဘူး။
စိတ်ထိခိုက်စရာ ဇာတ်လမ်းတွေက အများကြီးပဲ ညီမရေ ... နိုင်သလောက်ကလေး လုပ်ပေးချင်ပါတယ်။
ချစ်ခင်လျှက်
အစ်မ
ပိုပြီး တတ်နိုင်သလောက် ကူပါ့မယ် ပန်ပန်ရေ။
မမေ့မလျော့တဲ့ ကျေးဇူးကို သာဓုခေါ်လိုက်ပါတယ်။
MBEAN ကို ကြော်ငြာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
မပန်ရေ ဟုတ်တယ် ကြာရင် မေ့သွားတတ်ကြတယ်။ သတိပေးတတ် အတွက် သာဓုပါ။
ဝမ်းနည်းစရာ ဇာတ်လမ်းလေးတွေ အများကြီးထဲက တစ်ပုဒ်ပေါ့နော်...။
သွေးမအေးသွားအောင် သတိပေးထားတဲ့ ပိုစ့်လေးအတွက် သာဓုခေါ်ပါတယ် ပန်ပန်ရေ... တတ်နိုင်သလောက်လဲ ဆက်ပြီး ကူညီသွားမှာပါ...။
ဘယ်လောက်တောင်စိတ်မကောင်းစရာကောင်းတဲ့ဘဝ
တွေရှိနေတယ်မသိ....
ပန်ရေ… ရင်နင့်စရာ… သားအမိနှစ်ယောက်ပြန်ဆုံရပုံက စိတ်လှုပ်ရှားကြည်နူးစရာပါ… MBEAN အဖွဲ့ သားများကို လဲကျေးဇူးပါ… နှိုးဆော်သတင်းပေးသည့် ပန့် ကိုလဲကျေးဇူးပါ…
ကိုဆောင်းရေ.. ကူညီကြတာပေါ့နော်
မစ်စ်သွန်းသွန်း.. မင်းစိုးရာ ကဗျာစာသားလေးက တကယ့်ကို မှန်ပါတယ်။ မမေ့ကြပါစို့။
မတူးတူးသာရေ.. ဟုတ်တယ်။ ဇာတ်လမ်းတွေက အများကြီးရှိသေးတယ်။ ရင်နာလွန်းလို့။
မမိုးချိုသင်းရေ.. လုပ်ကြတာပေါ့နော်။
ကိုရဲမွန်.. ရပါတယ်။ ကူညီရမှာပေါ့။ (နောက်တော့မုန့်ဝယ်ကျွေး)
ပုံရိပ်.. မသက်ဝေ..။အပြန်အလှန် သာဓုပါ။
မနော်ရေ.. ဟုတ်တယ် အများကြီးပေါ့။ အားလုံး ဆက် ကူညီကြရမှာပါ။
မတန်ခူးရေ.. အဝေးရောက်ဘ၀ကနေ တတ်နိုင်သမျှ ပါ။ ကိုယ့်ကိုယ်ကိုလည်း ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်သေး မလုပ်ဖြစ်သေးလို့ မကျေနပ်ဆဲပဲ။
Post a Comment