
လက်ဆေးပါ
လက်ဆေးပါ
အချစ်ရေ လက်ဆေးပါ
ဝက်တုပ်ကွေးပိုးတွေက ပျံ့နှံ့နေလို့
လက်ဆေးပါ
ဆေးဖိုးဝါးခ မတတ်နိုင်လို့
လက်ဆေးပါ
ဆောင်းတွင်းရဲ့ ဒုတိယလှိုင်း ရောဂါကပ်မှာ
လူ့အသက်တွေ နှင်းလိုမကြွေအောင်
လက်ဆေးပါ
ညစ်ပေမှုတွေအတွက်ရော
ညစ်ပတ်မှုတွေအတွက်ပါ
လက်ဆေးပါ
စွန်းထင်းမှုတွေအတွက်ရော
အစွန်းတွေအတွက်ပါ
လက်ဆေးပါ
မိတ်ဆွေသူငယ်ချင်းတွေကြား
မသင်္ကာမှုပိုးမွှားတွေလည်း ထကြွနေလို့
လက်ဆေးပါ
ချစ်… ရွှင်… သနား ဘာညာသာရကာများ
နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းနေလို့
လက်ဆေးပါ
မဟာပထ၀ီမြေထုထဲ
ခေါင်းကနေ ဆွဲနှစ်ခံထားရတဲ့ ငရဲသားတွေက
အကျိုးစီးပွား အကျိုးစီးပွားလို့
ဘွားကနဲ ဘွားကနဲ ထထအော်လို့
လက်ဆေးပါ
ကျန်စစ်သားကို စောလူးမင်းက ဆေးလိပ်ဖွာမပျက်ဘဲ
ကိုယ့်ဘ၀နဲ့ ကိုယ့်အကြောင်းပေါ့ လို့ပြောလိုက်မှတော့
လက်ဆေးပါ
ပြီးခဲ့တာတွေလည်း ပြီးပြီ
မပြီးနိုင်တာတွေလည်း လက်စသတ်ဖို့
လက်ဆေးပါ
လောကဓံကို ကုပ်ခွစီးရင်း
သီချင်းလေး တညည်းညည်းနဲ့
လက်ကိုဆေးပါ
လက်တွေကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ
လက်ခုံ လက်ဖမိုး လက်ဖ၀ါး
လက်ဖျားထိပ် လက်ခွကြား လက်ဖနောင့် မကျန်အောင်
အရေပြား အသွေးအသား အရိုးအကြော အဆီအရွတ် မကျန်အောင်
လက်ဆေးပါ
ဖိနပ်တိုက်တဲ့ လက်တွေလည်း လက်ဆေးပါ
သေနတ်ပိုက်တဲ့ လက်တွေလည်း လက်ဆေးပါ
အကြံပိုင်တဲ့ လက်တွေလည်း လက်ဆေးပါ
အလံကိုင်တဲ့ လက်တွေလည်း လက်ဆေးပါ
လမ်းထိပ်မှာ အမှိုက်ပုံဖွနေတဲ့ ဂျလေဘီလေး လက်ဆေးပါ
ဗိုလ်ချုပ်ဈေးထဲက မုန့်လက်ဆောင်းသည် အဒေါ်ကြီး လက်ဆေးပါ
ဗိုက်ထဲမှာ မမွေးရသေးတဲ့ ငါ့တူမကလေး လက်ဆေးပါ
မိုင်ရာထောင်ချီ အကွာအဝေးက ငါမမြင်ဖူးတဲ့ သူငယ်ချင်းများ လက်ဆေးပါ
သမ္မတကြီး အိုဘားမား ခင်ဗျားလည်း လက်ဆေးပါ
အချစ်ရေ လက်တွေကို ဆေးကြောပါ
စင်ကြယ်တဲ့ လက်တွေကို ရှိုက်နမ်းလာမယ့်
ကမ္ဘာမြေရဲ့ ပလေတိုးနစ် မေတ္တာကို စောင့်ရင်း
လက်ဆေးပါ။
ပန်ဒိုရာ
(ဟူး... မောလိုက်တာ..
ပန်ဒိုရာလည်း ကဗျာရေးတဲ့လက်တွေ သန့်စင်အောင် ဆေးကြောဖို့ လိုနေသေးတယ်။ Alright! See you.)
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
2 hours ago





28 comments:
လက်ဆေးပါ .... လက်ဆေးပါ ....
အဲလို တိုက်တွန်းရလောက်တဲ့အထိ ကျနော်တို့ အသွေးအသားတွေ စိတ်ဝိဥာဉ်တွေ
ဘယ်လောက်များ ညစ်ပေစွန်းထင်းနေခဲ့ပြီလဲ
တွေးရင်းတောင် .... မော.......တယ်
လက်ဆေးရဦးမယ်ဗျာ ... ကူးစက်ရောဂါတွေကို အလွယ်ကူဆုံး ကာကွယ်နိုင်တဲ့နည်းပေါ့
အစ်မပန်ရေ.. ကဗျာလေးဖတ်သွားပါတယ်ခင်ဗျ.
yu ya
ကွန်းမန့်ရေးဖို့
လက်ဆေးလိုက်ဦးမယ်...
ခဏ..လေးနော်..ပန်ပန်.....း)
တကိုယ်လုံးရေချိုးလာခဲ့တယ်...
အထူးတလည် လက်ဆေးဖို့ လိုသေးတာလား...
းဝ)
လက်ဆေးပြီးမှကဗျာလာဖတ်တာနော်
မမရေ
ကဗျာလေးဖတ်ပြီးမှ
လက်ဆေးရတော့မယ် ထင်တယ်...
စိတ်ရိုင်း စိတ်ညစ်တွေ
အတွေးညစ်ညစ်တွေ
အတ္တညစ်ညစ်တွေအတွက်
လက်ဆေးမှဖြစ်မှာပါ....
မဆေးရသေးသော လက်နဲ့ ရေးသွားပါသည် မပန်။ ဆပ်ပြာကောင်းကောင်း တစ်တုံးတော့ လိုနေတယ်။
ဆရာမရဲ့ ကဗျာတွေ စာတွေ ကောင်းကြောင်းကတော့ အထူးအထွေ ထပ်မံပြောကြားဖို့ မလိုတော့တာ သိသော်ငြား
ဒီကဗျာအား ချီးကျူးစကားဆိုပါရစေ။
တကယ့်တကယ် ကဗျာကောင်း၊ ကဗျာစစ်၊ ကဗျာမွန်၊ ကဗျာမြတ် ရှားရှားပါးပါး ကဗျာရတနာပါပဲခင်မျာ။
but still need hygenic hand-wash soap..
Y
လက်မဆေးချင်လို့ လှည့်ပြန်သွားတဲ့ သူတွေထဲမှာ အောင်သာငယ်ကို စာရင်းတို့လိုက်ပါ...
ကဗျာလေးကို ဖတ်ရင်း “လက်တစ်နဲ့ တစ်ဖက်ကို ပွတ်သပ်ဆေးကြောသလို ဦးနှောက်နဲ့ နှလုံးသားကို ဆေးကြော, နှလုံးသားနဲ့ ဦးနှောက်ကို ဆေးကြောကြဖို့” စဉ်းစားမိတယ်။
ဖုတ်ဖက်ခါပြီး ပြန်သွားပါတယ်။ အိမ်ရောက်မှပဲ လက်ဆေးတော့မယ်။
ဘလော့ဖတ်လည်း လက်ဆေးရမယ်လား။
လူတွေအများကြီးလက်ဆေးကြမှာမို့
ကျနော်လက် မဆေးတော့ပါဘူး..
လိုအပ်ရင်.လက်ကိုဖြတ်တာပေါ့..
မပန်ရေ လက်တော့ ဆေးလိုက်တယ်။ သန့်တော့သွားသလိုပဲ။ အညှီနံ့တော့ နည်းနည်း စွဲနေသေးတယ်။
(ကျေးဇူးပါပဲ။ ဒီရက်ပိုင်း စိတ်နည်းနည်း ပုတ် နေတာ။)
မနက်တည်းက လက်ဆေးပါဆိုလို့
ဆေးလိုက် စိတ်တိုင်းမကျလိုက်
ပြန်ဆေးလိုက်နဲ့ ခုမှကဗျာလာဖတ်ဖြစ်တယ်း))
လောလောဆယ်တော့ အဲဒီလက်နဲ့ပဲ
ကွန်မင့်ရေးခဲ့ပါတယ်။
“ဖိနပ်တိုက်တဲ့ လက်တွေလည်း လက်ဆေးပါ
ကြံပိုင်တဲ့ လက်တွေလည်း လက်ဆေးပါ
အလံကိုင်တဲ့ လက်တွေလည်း လက်ဆေးပါ
လမ်းထိပ်မှာ အမှိုက်ပုံဖွနေတဲ့ ဂျလေဘီလေး လက်ဆေးပါ
ဗိုလ်ချုပ်ဈေးထဲက မုန့်လက်ဆောင်းသည် အဒေါ်ကြီး လက်ဆေးပါ
ဗိုက်ထဲမှာ မမွေးရသေးတဲ့ ငါ့တူမကလေး လက်ဆေးပါ
မိုင်ရာထောင်ချီ အကွာအဝေးက ငါမမြင်ဖူးတဲ့ သူငယ်ချင်းများ လက်ဆေးပါ
သမ္မတကြီး အိုဘားမား ခင်ဗျားလည်း လက်ဆေးပါ
အချစ်ရေ လက်တွေကို ဆေးကြောပါ
စင်ကြယ်တဲ့ လက်တွေကို ရှိုက်နမ်းလာမယ့်
ကမ္ဘာမြေရဲ့ ပလေတိုးနစ် မေတ္တာကို စောင့်ရင်း
လက်ဆေးပါ။”
လက်တွေ မသန့်တာတော့အမှန်ပါပဲ..ခက်တဲ့ မသန့်တာကလည်း လက်တစ်ခုတည်းမဟုတ်...မဆေးတော့ပါဘူး....ကမ္ဘာမြေရဲ့ ပလေတိုးနစ်မေတ္တာကလည်း ဒီကောင့်ဆီ ရောက်မလာတော့မယ် အတူတူ
လက်ဆေးမလို့ပါပဲ။
ဒါပေမဲ့ လက်ဆေးဖို့ ဘုံဘိုင်မှာ တန်းစီနေသူတွေကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတသိန်း စောင့်ရအုံးမှာ..
ပန်ဒိုရာစံ.... စုရုံးစုရုံးနဲ့ ဆိုတော့ လှမ်းကြည့်မိတယ်၊ ဒီလက တို့သမိုင်းမှာ အပစ်အခတ်များတော့ လူစည်ရာရှောင်တဲ့ ဒူကဘာလဲ ခပ်လှမ်းလှမ်းကနေ လက်မဆေးပဲ ပြန်သွားတယ်။
ပန်ရေ… လက်တွေဆေးလွန်းလို့  အိမ်ကလူက ဂေါက်နေပြီဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်…
လက်ကလဲ သတိထားကမှ ပိုပိုဆေးရသလိုပဲနော်…သားဆေးပေးရ ကိုယ်တိုင်ဆေးရ အိမ်ကလူဆေးခိုင်းရနဲ့ …ဟူး…မောလိုက်တာ…
ဖိနပ်တိုက်တဲ့ လက်တွေလည်း လက်ဆေးပါ
သေနတ်ပိုက်တဲ့ လက်တွေလည်း လက်ဆေးပါ
အကြံပိုင်တဲ့ လက်တွေလည်း လက်ဆေးပါ
အလံကိုင်တဲ့ လက်တွေလည်း လက်ဆေးပါ
ဆေးတော့ဆေးချင်ကြမှာပါ
ရေမရှိလို့  မဆေးဖြစ်ကြသေးတာ ..တဲ့ :)
ထိလွယ်ရှလွယ် ကဗျာဆရာက လက်ဆေးဖို့ပဲ တိုက်တွန်းတာ။
တချို့ကတော့ ခြေလည်း ဆေးတယ်ခင်ည။ အိုင်လေးဘာလေး တွေ့ရင်ပေါ့လေ…။ တခါတလေ… ငါးတောင် ပက်လိုက်သေး။း-)
တကယ်တော့ ညီမပန်ရေ အဲဒီလက်ဆေးတဲ့ ရောဂါက သမ္မာကျမ်းစာထဲမှာ Jesus ကို သေမိန့်ချလိုက်တဲ့ ရောမဧကရာဇ်က စတာထင်တယ်။ ဒီဘဲကြီးက လက်ဆေးတဲ့စိတ္တဇနဲ့ပဲ သေသွားရတယ်။ အစ်မတို့လည်း ခု လက်ဆေးတဲ့ စိတ္တဇဝေဒနာ စွဲကပ်စ ပြုနေကြပြီ .. လက်ဆေးရင်းပဲ သေရမယ်ထင်ပါရဲ့ ..
လက်ဆေးရလွန်းလို့  ရေနူးလက်ဖြစ်နေပြီး)
ဟုတ်တယ် ပန်ဒိုရာရေ လက်ဆေးဖို့ သတိပေးသင့်တယ်
လက်ဆေးဖို့ ပျင်းတဲ့သူတွေရှိတယ်နော်။ လာလည်တဲ့သူ တွေလက်ဆေးခိုင်းအုံးး) အချွန်နဲ့ မသွားတယ်။
ပို စ့်လေးအတွက် ကျေးဇူးပါ။
မရေ...လက်ဆေးပါဆိုလို့  လက်ဆေးဖို့ ပြန်သွားပြီနော်။ လက်ဆေးရမယ်။ သေချာဆေးရမယ်။ ဟုတ်သားပဲ။
စိတ်ရောဂါ အထူးကုဆေးရုံကြီးမှာ တချိန်လုံး (ငါးမိနစ် တခါလောက်) လက်ဆေးနေတတ်တဲ့ မိန်းမတယောက် အကြောင်းကြားဖူးတယ်။ အဲဒါဟာ စိတ္တဇ ဝေဒနာရှင်တွေရဲ့ ရောဂါလက္ခဏာတွေထဲမှာ တခုအပါအဝင်လို့ ကောက်ချက်ချနိုင်သတဲ့...
အခုရော... ကိုယ်တို့အားလုံး ဒီလောက်တောင် လက်တွေ ဆေးဖို့ လိုအပ်နေကြရင်...
Hunk...Don't say like that... :(
I adore your wp internet template, where did you get a hold of it?
Post a Comment