Saturday, August 15, 2009

ပတ်သက်ခဲ့ဖူးတဲ့အချိန်တွေ



ပတ်သက်ခဲ့ဖူးတဲ့အချိန်တွေ


နာရီတစ်လုံး ပြက္ခဒိန်တစ်ခုက
ငါတို့ခြေရာတွေကို တိုက်စားသွားခဲ့ပြီ။

ကံကြမ္မာ ကြိုးစင်ပေါ်မှာ
ထုံးနှောင်မိတဲ့ ကွင်းလျောတစ်ခုဟာ
အတိတ်ကို ဘေးကန်ထုတ်လို့
ရဲရဲခြေစုံ ခုန်ချခဲ့ပြီးပြီပဲ။

မတူ့တတူ ခဲခြစ်ရာပုံတစ်ပုံ
လက်ရေးနှစ်မျိုးနဲ့ ကဗျာတစ်ပုဒ်
ခြောက်ခမ်းသွားတဲ့ ဒိုင်ယာရီတစ်အုပ်
ဒီနေရာကနေ နှုတ်ဆက်လိုက်ပါရဲ့။

ပဲ့တင်သံတွေဆိုတာ
အရောင်ပြောင်းတတ်တယ်
နားလည်…
ငါကတော့ မေ့တတ်တယ်။

တခါတခါ
ငါ့အချစ်ဆိုတာလည်း
ငါ့ချစ်ခြင်းအပေါ် ချစ်တဲ့အချစ်သာ
ဖြစ်ပေလိမ့်။



ပန်ဒိုရာ


(တချိန်က ရေးခဲ့တာပေါ့။ ဘယ်အချိန်လဲ လို့ မမေးပါနဲ့။ ;) )

18 comments:

မယ့်ကိုး said...

မရေ ...
ကဗျာလေး ကြိုက်လိုက်တာ။

ငါ့အချစ်ဆိုတာလည်း
ငါ့ချစ်ခြင်းအပေါ် ချစ်တဲ့အချစ်သာ
ဖြစ်ပေလိမ့်။
တဲ့ ။ အဲဒီစာသားလေး အကြိုက်ဆုံးပဲ။

ကိုပေါ said...

ဘယ်အချိန်ကလဲ မမေးနဲ့ဆိုတော့ ဘယ်သူ့ကြောင့် ရေးဖြစ်တာလဲ မေးရမလိုဖြစ်နေပြီ။

ဘော်ဒါတွေရဲ့ ဓါတ်ပုံတွေကို ဖြန့်ခင်းထားတဲ့ ဘန်နာအသစ်ကို ကြည့်ရှုစစ်ဆေးသွားပါသည်။း-)

Yu Ya said...

အချိန်မေးခြင်း သီးခံကြပါခင်ဗျာ။.. အဟီး.. အစ်မ ပန်ဒိုရာအစား ၀င်ပြီး ကူညီ ပြောပေးတာပါ..။

yu ya

ရန်ကုန်သား said...

ဟောဗျာ အစ်မ မယ်ကိုးဦးသွားပြီ ကျွန်တော် ပြောမယ့် ဟာကို မရဘူးဗျာ ထပ်ပြောမယ် :D ......
တစ်ခါတစ်ခါ
ငါ့အချစ်ဆိုတာလည်း
ငါ့ချစ်ခြင်းအပေါ် ချစ်တဲ့ အချစ်သာ
ဖြစ်ပေလိမ့် .....

အစ်မ တစ်ခါတစ်ခါ မဟုတ်ဘူး ဗျာ အမြဲ အမြဲ .... .. လှပတဲ့ ကဗျာလေး အတွက် ကျေးဇူး အစ်မ
ပျော်ရွှင်ပါစေ ..... :D
(ရန်ကုန်သား)

အိန္ဒြာ said...

ဟဲဟဲ....

နည်းနည်းတော့ မေးချင်တယ်....

မဖြေနေပါ..သိပြီးသား...

ငါ့ချစ်ခြင်းတွေကို ချစ်နေတဲ့ အချိန်ကပေါ့..

အခု သူ့ချစ်ခြင်းတွေကိုပါ..ကူချစ်ပေးနေရတဲ့ အချိန်..း)

Anonymous said...

ကဗျာက ရက်စက်ပါ့ တီတီပန်..

emayarKhin said...

မရေ....
မမေးနဲ့ဆိုမှပိုမေးချင်လာတယ်....
နောက်တာ....ကဗျာလေးက..အစိမ့်လေးနော်...။။။

Angel Shaper said...
This comment has been removed by the author.
Angel Shaper said...

အာ...အပေါ်ကလူတွေ ဦးသွားပြီ။
ပြောစရာမသိတော့ဘူး။ ဟင့်ဟင့်
မရေ ကြိုက်တယ်။ ချပြရမယ်ဆိုရင် တပုဒ်လုံးပဲ။ နောက်ဆုံးပိုဒ်လေး အသေစားတယ်။
မရေ... ဘယ်အချိန်ကရေးခဲ့တာလဲ မေးနဲ့ဆိုလို့ မေးတော့ဘူးနော်။
ဘယ်အချိန်ပတ်သက်ခဲ့တာလဲဟင်။။။။ ဟိဟိ အဲဒါပဲပြောပြ။။။

MANORHARY said...

ပတ်သက်ခဲ့ဖူးတဲ့အချိန်တွေ...တဲ့
မေးချင်ပါဘူး...
(သိတယ်မဟုတ်လား တချို့က မမေးချင်ဘူးဆိုမှ
ပြောချင်တာမို့ တစ်နည်းလှည့်ကြည့်တာ)
:)

rose of sharon said...

ကြိုက်တယ် ကဗျာလေးကို... ဘယ်အချိန်ကရေးခဲ့လဲ ဆိုတာ မမေးနဲ့ဆိုလို့ မမေးတော့ပါဘူး

သက်ဝေ said...

အချစ်ဆိုတာ အတ္တပါပဲ...
ဘယ်အချိန်က ရေးခဲ့တာလဲ လို့ မမေးတော့ပါဘူး...
(မပြောလဲ သိပါတယ်..) ဟဲဟဲ

အိုင်လွယ်ပန် said...

ကဗျာဆုံးသွားတော့ ခေါင်းစဉ်လေးကိုပြန်ဖတ် ..
သဘောကျသွားပါတယ်ဗျာ ...

Anonymous said...

သိပြီးသား

တချိန်က ဆိုတော့

တ-တဲ့အချိန်က ရေးတာ။

ဟုတ်လား ဂျီးတော်ပန်။

မဟုတ်ရင်တော့ မသိ။ :P

win latt said...

မမေးနဲ့ဆိုတာ..မေးချင်အောင် လုပ်တာလားဗျ။
အရင်က ဇာတ်လမ်းလေးပါပဲ...ထင်ပ။
အနားက လူက စိတ်ဆိုးနေပေရော့မယ်။မြင်ယောင်ပါသေးတယ်။

လင်းဒီပ said...

အခွင့်ရရင် ဖတ်ကြည့်ချင်မိသေး..
လက်ရေးနှစ်မျိုးနဲ့ ကဗျာတစ်ပုဒ်...:P

မောင်ဖားကြီး said...

နောက်ဆုံးအပိုဒ်က အမှန်တရားပဲအစ်မရေ ဟုတ်ပါ့ဗျာ ကိုယ့်ကိုကိုယ်ရှာတွေ့သွားတယ်... ဘယ်တုန်းကလဲတော့ မမေးနဲ့နော်

minn thuka said...

အချစ်ကို အတိတ်ကာလထည့်လိုက်တော့
ပျော်စရာထက် လွမ်းစရာတွေက ပိုနေမှာမို့
ထင်မြင်ချက် မရေးရဲပါ...မတော်ပေါ့သွားမှ
ကဗျာကို သွန်ချမိသလိုဖြစ်နေမှာစိုးတယ်..
ဒီအတိုင်းလေးပဲကောင်းပါတယ်...
"တခါတခါ
ငါ့အချစ်ဆိုတာလည်း
ငါ့ချစ်ခြင်းအပေါ် ချစ်တဲ့အချစ်သာ
ဖြစ်ပေလိမ့်။" ဒါလေးကတော့ တော်တော်အတွေးတွေပေးတယ်...
အချစ်ပေါ်အချစ်ဆင့်ပြီး ရင်ပွင့်မတတ်ချစ်ခဲ့တာလား..
ဒါမှမဟုတ်...????