Tuesday, January 22, 2013

ဧရာဝတီစာပေပွဲတော် (Irrawaddy Literary Festival)



ဧရာဝတီစာပေပွဲတော် (Irrawaddy Literary Festival)

မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာ စာပေပွဲတော်တစ်ခုဖြစ်တဲ့ “ဧရာဝတီစာပေပွဲတော်” ကို ၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ကျင်းပသွားပါမယ်။ အဲဒီ ပွဲတော်ကို အဓိက ပံ့ပိုးပေးသူက British Council ပါ။
ဒီပွဲတော်မှာ နိုင်ငံတကာ စာရေးဆရာ အများအပြားနဲ့အတူ မြန်မာစာရေးဆရာ ၁၀၀ ကျော်က ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ စာပေရွတ်ဖတ်ပွဲတွေမှာ ပါဝင်ဆင်နွှဲသွားကြမယ်လို့ သိရပါတယ်။ အင်းလျားလိတ် ဟိုတယ်အတွင်းက အစီအစဉ်တွေကို လာရောက်နားထောင်ကြည့်ရှုဖို့အတွက် တစ်ယောက်ကို ဝင်ကြေး ၁၅၀၀ ကျပ်တန် လက်မှတ်တွေလည်း ရောင်းချပေးနေပါတယ်။ Myanmar Book Centre, Monument Booksအင်းလျားလိတ်ဟိုတယ်နဲ့ British Council တွေမှာ ဝယ်ယူလို့ရပါတယ်။ စီစဉ်သူတွေရဲ့ အီးမေးလ်ကို ပို့ပြီးတော့လည်း ကြိုတင်မှာထားလို့ရပါတယ်။ info@irrawaddylitfest.com  

အင်းလျားလိတ်ဟိုတယ် ခန်းမတွေထဲကို ဝင်ကြေးပေးပြီး ဝင်စရာမလိုတဲ့ ပြင်ပအစီအစဉ်တွေမှာတော့ စာအုပ်အရောင်းဆိုင်တွေ၊ ရုပ်သေးပြပွဲတွေ၊ မြန်မာ့ရိုးရာ အနုပညာ လက်မှုပညာ ပြပွဲတွေ၊ စားသောက်ဆိုင်တန်းတွေ စသည်ဖြင့် ခင်းကျင်းထားမှာဖြစ်ပြီး ဘယ်သူမဆို လာရောက် ကြည့်ရှု အားပေးနိုင်တယ်လို့ သိရပါတယ်။
ဒီပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်က patron အဖြစ် ပါဝင်ဆင်နွှဲသွားမှာပါ။ ပွဲတော်မှာ ပါဝင်ဆွေးနွေးကြမယ့် နိုင်ငံတကာနဲ့ ပြည်တွင်းက ဆရာ၊ဆရာမတွေရဲ့စာရင်းကို ဝက်ဘ်ဆိုက်မှာ အခုလိုတွေ့နိုင်ပါတယ်။ (စာရင်းတွေက update လုပ်နေတုန်းလို့ ထင်မိပါတယ်။ မြန်မာစာရေးဆရာတွေ နာမည်ကို ထည့်ဖို့ ကျန်နေပါသေးတယ်။)   http://irrawaddylitfest.com/

·         Aung San Suu Kyi
·         Fergal Keane
·         Jung Chang
·         Rory MacLean
·         William Dalrymple
·         George FitzHerbert
·         Josceline Dimbleby
·         Nick Danziger
·         Sudha Shah
·         Rupert Arrowsmith
·         Timothy Garton Ash
·         Caroline Courtauld
·         Thierry Falise
·         Victor Chan
·         Frank Dikotter
·         Akash Kapur
·         Michael Vatikiotis
·         Rory Stewart
·         Dina Roma
·         James Byrne
·         Jonathan Powell
·         Vikram Seth
·         Thant Myint U
·         Pascal Khoo Thwe
·         Pandora
·         Zarganar
·         U Thaw Kaung
·         Dr Ma Thida
·         Pe Myint
·         Zaw Thet Htwe
·         Zeyar Lynn
·         Ju
·         Mya Thwe Ni
·         Sein Myo Myint
·         Htine Win
·         Soe Thaw Dar
·         Ko Ko Thett
·         U Khin Maung Nyo
·         Daw Ma Ma Naing
·         Nyein Way


အဲဒီအစီအစဉ်မှာ လူငယ်တွေအတွက် အက်ဆေးပြိုင်ပွဲတွေလည်း ပါဝင်မှာဖြစ်ပြီး အသေးစိတ်ကို ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။  ဆွေးနွေးပွဲတွေမှာ မြန်မာစာရေးဆရာ အများစု ပါဝင်မှာဖြစ်ပြီး အင်္ဂလိပ်လိုရော မြန်မာလိုပါ ဆွေးနွေးကြမှာဖြစ်ပါတယ်။ မြန်မာလိုသီးသန့် ဆွေးနွေးမယ့် အစီအစဉ်တွေလည်း ပါပါတယ်။ ကျွန်မတို့ရဲ့ ထုံးတမ်းစဉ်လာ စာပေဟောပြောပွဲတွေလို စာရေးဆရာတစ်ဦးတည်းက ပြောပြတာမျိုးမဟုတ်ဘဲ စာရေးဆရာအချင်းချင်းနဲ့ ပရိတ်သတ်ကြားမှာ အပြန်အလှန် တုံ့ပြန်ပြောဆိုတဲ့ ပုံစံနဲ့ စာပေအကြောင်းအရာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ လက်ရှိ ရေးသားနေဆဲဖြစ်တဲ့ ခေတ်ပြိုင်စာရေးဆရာတွေ အများအပြား တက်ရောက်ကြမှာဖြစ်လို့ ဆွေးနွေးပွဲပြင်ပ အားလပ်ချိန်တွေမှာလည်း သူတို့တွေနဲ့ ချိတ်ဆက်ပြောဆိုပြီး မြန်မာစာရေးဆရာတွေအနေနဲ့ နိုင်ငံတကာ စာပေမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ သိလိုသမျှ မေးမြန်းဆွေးနွေးနိုင်ခွင့် ရနိုင်ပါတယ်။ 

ကဗျာကဏ္ဍအနေနဲ့ ဆရာမောင်သာနိုး၊ ဆရာသစ္စာနီ၊ ဆရာဇေယျာလင်း၊ ဆရာငြိဏ်းဝေ၊ ဗြိတိသျှ ကဗျာဆရာ ဂျိမ်းစ်ဘန်း၊ ကိုကိုသက်၊ လူငယ်ကဗျာဆရာ သိုးထိန်းနဲ့ ပန်ဒိုရာ တို့က ကဗျာနဲ့လူ့အဖွဲ့အစည်း၊ ခေတ်ပြိုင်ကဗျာမြင်ကွင်း စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးသွားမယ့်အပြင် ကဗျာဆရာ အများအပြား ပါဝင်မယ့် ကဗျာရွတ်ပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ 

ကျွန်မအနေနဲ့ကတော့ ဒီပွဲမှာ ကော်မတီဝင်လည်း မဟုတ် ဦးဆောင်စီစဉ်သူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကဗျာကဏ္ဍနဲ့ ပတ်သက်လို့ စည်စည်ကားကားလေးဖြစ်အောင် ဆရာမောင်ပြည့်မင်း၊ ဆရာဇေယျာလင်း စတဲ့ ဆရာတွေနဲ့ တိုင်ပင်ပြီး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် တတ်နိုင်သမျှ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ကဗျာဆိုင်ရာ ဆွေးနွေးပွဲတွေ၊ ရွတ်ဖတ်ပွဲတွေမှာ ပါဝင်သွားမှာဖြစ်သလို ဘလော့ဂါတွေနဲ့ အင်တာနက်ထဲက စာပေအကြောင်း ဆွေးနွေးတဲ့နေရာမှာလည်း ပါဝင်မှာဖြစ်ပါတယ်။ 

ကျွန်မတို့နိုင်ငံမှာ ကာလရှည်ကြာ အထွေထွေ အားနည်းခဲ့တဲ့ ခေတ်စနစ်ကြောင့် မြန်မာတို့ရဲ့ အနာဂတ်ကို မယုံမရဲ ဖြစ်ခဲ့ကြတယ်။ အဲဒီအကျိုးဆက်ဟာ ကိုယ့်ဘာသာစကားနဲ့ စာပေကိုလည်း သက်ရောက်မှုရှိခဲ့တယ်။ အခုလတ်တလောမှာ မြန်မာစာပေ လေ့လာလိုက်စားဖို့ မဆိုထားနဲ့ မြန်မာဘာသာစကားကိုတောင် သင်ယူမှု မရှိတော့တဲ့ မြန်မာကလေးတွေကို ပြည်ပပြောင်းရွှေ့သွားသူတွေမှာသာမက ပြည်တွင်းမှာကို မြင်တွေ့နေရပါတယ်။ အနာဂတ်မျိုးဆက်သစ်တွေကြားမှာ မြန်မာဘာသာစကားနဲ့ စာပေကို စိတ်ဝင်စားမှု ပြန်လည် မြှင့်တင်ဖို့ ဒီလိုပွဲမျိုးတွေဟာ အရေးကြီးတယ်လို့ ထင်မိပါတယ်။ 

နောက်တစ်ခု ကျွန်မမျှော်လင့်မိတာကတော့ မြန်မာစာပေကို ဒီ့ထက်ပိုပြီး ကမ္ဘာ့အလယ်မှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရေးပါ။ ကျွန်မတို့ရဲ့ စာရေးဆရာတွေ ရေးသားနေကြတဲ့ စာကောင်းပေကောင်းတွေရဲ့ အရေအတွက်နဲ့စာရင် အင်္ဂလိပ်လိုရော တခြားဘာသာတွေကိုပါ ဘာသာပြန်ပြီး နိုင်ငံတကာကို ရောက်ရှိသွားကြတဲ့ မြန်မာစာပေ အရေအတွက်ဟာ သိပ်ကိုနည်းပါသေးတယ်။ ကျွန်မတို့ဆီမှာ ကမ္ဘာကသိခွင့်မရသေးတဲ့ စာကောင်းပေကောင်းတွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ဒီလိုပွဲတော်မျိုးကနေ မြန်မာစာပေကို ကမ္ဘာက စိတ်ဝင်စားမှု ပိုတိုးပွားလာပြီး မြန်မာစာပေကို ဘာသာပြန်ပြီး နိုင်ငံတကာမှာထုတ်ဝေနိုင်မယ့် အခွင့်အလမ်းတွေ ပိုတိုးတက်လာနိုင်ဖို့ မျှော်လင့်မိပါတယ်။

ဒီပွဲတော်မှာ ဝတ္ထု၊ ကဗျာ၊ သမိုင်း၊ ခရီးသွားစာပေ၊ ရုပ်ရှင်၊ ဓာတ်ပုံသတင်း အစရှိတဲ့ ကဏ္ဍတွေ စုံစုံလင်လင်ပါဝင်မှာ ဖြစ်ပြီး အင်မတန်ကို ကျယ်ပြန့်ပါတယ်။ ဒီလို နိုင်ငံတကာစာပေပွဲတော်တွေ မြန်မာပြည်မှာ ဆက်လက်ပေါ်ပေါက်လာနိုင်ဖို့အတွက် အခုလို ပထမဆုံးပွဲမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့လိုပါတယ်။ ဒီ့အတွက် ပုဂ္ဂိုလ်ရေးတွေ၊ နိုင်ငံရေးတွေ၊ မပြေလည်မှုတွေ ရှိခဲ့ရင်တောင် ခဏဘေးချိတ်ထားပြီး အားလုံးရဲ့ ဝိုင်းဝန်းအားပေးကူညီမှုက အရေးကြီးပါတယ်။

 ပြည်တွင်းပြည်ပက စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အနုပညာဖန်တီးသူတွေ အားလုံးအတွက် ရော၊ စာပေမြတ်နိုးသူ ပရိသတ်တွေ အတွက်ရော၊ မိမိတို့ရဲ့ သား၊သမီး တူ၊တူမ၊ မျိုးဆက်သစ် ကျောင်းသူကျောင်းသားတွေအတွက်ပါ ဒီပွဲတော်အကြောင်းကို လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းပါတယ်။

ပန်ဒိုရာ

4 comments:

ဇွန်မိုးစက် said...

Thanks so much for sharing, Ma Pan! Wish to be a successful literary festival.

ညီလင်းသစ် said...

ဒီအကြောင်းကို စ,ကြားကတည်းက စိတ်ဝင်စားနေ ခဲ့တာ..၊ တက်ခွင့်ရတဲ့ သူတွေအဖို့တော့ တကယ့်ကို တန်ဖိုးရှိတဲ့ အခွင့်အရေးပါပဲ၊ အစီအစဉ် အစအဆုံး ချောမွေ့၊ အောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။

မိုးနတ်ကြယ်စင် said...

ဟင့်...မိုးနတ်လဲ သွားချင်တယ်...
ကိုယ်လေးစားအားကျရတဲ့ စာရေးဆရာ ကဗျာဆရာတွေ
အားလုံးနီးပါးတော်တော်များများကို တနေရာတည်းမှာ
တွေ့ခွင့်ရမဲ့ အခွင့်အရေးလေ..ပြီးတော့အမေ့ကိုလဲ
တွေ့နိုင်မယ်...အားလုံးရဲ့ အနုပညာဖန်တီးနိုင်မှုစွမ်း
အားတွေကိုလဲ အားရပါးရခံစားရမှာ....
ဒါပေမဲ့ ခုကျတော့အဲဒါက အိပ်မက်လို
ဖြစ်သွားပြီ...မိုးနတ်က ခုနယ်ပြန်ရောက်နေပြီလေ:(
လက်မှတ်ဝယ်ဖို့ဆိုတာ တွေးတောင်မတွေးချင်တော့ပါဘူး....:(((((

Anonymous said...

thnx 4 sharing..
wishing u guys success
Anne