Thursday, October 25, 2007

အနှစ် ၂၀ အကြာ ကဗျာဆရာ

ခင်ဗျားရဲ့ကဗျာတွေဟာ
ကဗျာမဆန်တော့ဘူး သိရဲ့လား။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
တစ်ရွက်လှုပ်ရင် တစ်ခက်လုံးနာကြ
သစ်ပင်ရဲ့ဒေါသအား မုန်တိုင်းကို ၀ပ်တွားစေမယ်လို့ ကြုံးဝါးမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
အနောက်တောင်လေမိုက် ဆောင်းမှာတိုက်လို့
ရာသီဥတု ငိုက်စိုက်ကျစပြုပြီလို့ မှတ်ချက်ချမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရေမြေမမှန် မျိုးမသန်လို့
အချိန်မတန်ခင် ကြွေလုလု ရွက်ပျိုနုတွေရယ်လို့
အံကြိတ်ကာ ခေါင်းယမ်းမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
နေရောင်ခြည် နမ်းသွားတဲ့ အစိမ်းရောင်တန်း
ငှက်ငယ်ခြေရာ ဖြတ်သန်းတယ်လို့ ရေရွတ်မယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
လေတိုက်လို့သစ်ရွက်လှုပ်တာလား
သစ်ရွက်တွေလှုပ်လို့လေတိုက်တာလားလို့
ရှေ့နောက်ဖြစ်စဉ်သဘော ကန့်လန့်တိုက် စောကြောမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရာသီဗီဇ လေရူးခလို့ယိမ်းယိုင်ကြတာ
သဘာဝပါလေလို့ မတုန်မလှုပ်ပြောမယ်။

သစ်ရွက်လှုပ်ခြင်းက ခင်ဗျားကို အပြစ်ကင်းစွာ မရယ်မောစေတော့
ခင်ဗျားဟာ လွန်ခဲ့တဲ့အနှစ်၂၀ ကခင်ဗျား မဟုတ်တော့ဘူး
ခင်ဗျားကဒီစနစ်ကြီးကို ပြောင်းလဲဖို့ကြိုးစားနေတုန်းမှာ
ဒီခေတ်ကြီးကခင်ဗျားကို တော်တော်ပြောင်းလဲလိုက်ပြီပဲ။

ခင်ဗျားက အကြမ်းဖက်သမား
ခင်ဗျားက ပတ်ဝန်းကျင် ထိန်းသိမ်းသူ
ခင်ဗျားက နိုင်ငံရေး အကဲဖြတ်
ခင်ဗျားက အင်ပရက်စ်ရှင်နစ်
ခင်ဗျားက ဖြစ်တည်မှုဝါဒီ
ခင်ဗျားက ဘုရားမဲ့။

ခင်ဗျားရေးတဲ့ ကဗျာတစ်ပိုဒ်တိုင်းက
မျက်နှာကိုဖြတ်ဖြတ်ရိုက်နေလို့။ ။


ပန်ဒိုရာ

14 comments:

imaginary clouds no 2 said...

‘ဒီကဗျာကို အတော်ကြိုက်တယ်။ကိုယ့်ဆရာ

Andy Myint said...

ခင်ဗျားရေးတဲ့ ကဗျာတစ်ပိုဒ်တိုင်းက
မျက်နှာကိုဖြတ်ဖြတ်ရိုက်နေလို့။ ။

Yaw Han Aung said...

သစ်ရွက်လှုပ်တာကို ရယ်မောလိုက်ဖို့ မေ့နေခဲ့တာ အတော်ကြာပီ။ သတိပေးလိုက်သလို ဖြစ်သွားတယ်။

ပီကေ said...

အောင်မယ်လေးဗျ။ ကဗျာလေးလာဖတ်ပါတယ်။ ပါးကိုဖြတ်ရိုက်တယ်ဗျ။ ပါးဖောင်းဖောင်းလေးဖြစ်ချင်ရင် ဒီကဗျာလာလာ ဖတ်မှပဲ။

Unknown said...

အနှစ် ၂၀ ကြာတဲ့ အခါ …
တစုံတယောက်ရဲ့ အတွေးအခေါ်တွေဟာ
ဖြူစင် သန့်ရှင်း မနေကြတော့ဘူး …
လွတ်လပ် ဆန်းသစ် မနေကြတော့ဘူး …
အပြစ်ကင်း စင်ကြယ် မနေကြတော့ဘူး …

နှလုံးသားတွေဟာလည်း တခုပြီးတခု ရစ်ပတ်ဖုံးလွှမ်း ခံရပြီး
ညစ်ညမ်းလို့ပဲ …
ဦးနှောက်တွေဟာလည်း တစုံတရာရဲ့ လွှမ်းမိုးမှုကြောင့်
မှိုတက် အောက်သိုးလို့ပဲ …

အဲဒီတစုံတယောက်ဟာ …
နောက်ထပ် အနှစ် ၂၀ ထပ်ကြာတဲ့အခါ …
အားလုံးကို ခ၀ါချနိုင်ပြီး
ဖြူစင်ခဲ့တဲ့ဘ၀ကို ပြန်ရနိုင်မယ်ဆိုရင်တော့ …
ကဗျာဆရာရဲ့ ကဗျာလည်း
ကဗျာပြန်ဆန်လို့ …
ကဗျာတပိုဒ်တိုင်းက နှလုံးသားကို ရိုက်ခတ်နိုင်မယ်လို့ … ထင်တာပါပဲ … ။
***
ခုချိန်ထိတော့ ပန်ဒိုရာရဲ့ ကဗျာတိုင်းဟာ ကိုယ့်နှလုံးသားကို ရိုက်ခတ်နေဆဲပါ … ။
ကျေးဇူးပါ ပန်ဒိုရာ။

Layma said...

မပန်ရော .. သစ်ရွက်လှုပ်တာ ဘာကြောင့်လို့ထင်လဲ...။ ဟုတ်တယ်နော်... သစ်ရွက်လှုပ်တာကိုမရယ်ချင်တော့ဘူး...။ဘယ်တုန်းကမှလဲ မရယ်မိခဲ့ပါဘူးလေ...။ လေးမက သစ်ရွက်လှုပ်တိုင်း ကဗျာရေးချင်ခဲ့တာ...။

Nway Hlaing Thoone said...

ကဗျာကို သဘောကျသဗျာ။

မျှားပြာ said...

ခင်ဗျားရေးတဲ့ ကဗျာတစ်ပိုဒ်တိုင်းက
အသက်ရှု ရပ်ရပ်သွားတယ်။

Anonymous said...

လောကကြီးရဲ့ သင်္ခန်းစာ၊ ကျင်လည်ရာလောကီရဲ့  ဖျားယောင်းစေခိုင်းမှုမှာကျင်လည်ခဲ့ရတဲ့ရင့်ကျက်သွားတဲ့ လူတစ်ယောက် ကပြောင်းလဲမှုအမျိုးမျိးကိုဆင်ခြင်တယ်။ သစ်ရွက်ကြွေဒသနတွေအမျိုးမျိုးဆွဲထုတ်ပြလာတယ်။အချိန်မတိုင်ခင်၊အချိန်လွန်၊ အချိန်မှန်ကြွေလွင့်ရတဲ့ ရွက်ကြွေ ဒသနတွေကတဆင့် အကြောင်းကြောင့်အကျိုးဖြစ်တာကို ဆင်ခြင်ပြ နေတဲ့သူကိုယ်တိုင် ကာလယန္တာရားနဲ့ အခြေအနေမုန်တိုင်းတွေရဲ့  ပြောင်းလဲခြင်းခံလိုက်ရတဲ့အခါ ပွင့်အံထွက်လာတဲ့ ဒသနတွေကဟိုးတုန်းကလိုကဗျာဆန်ချင်တိုင်းဆန်ခွင့်မပေးတော့ဘူး. ..မျက်နှာတောင်ခပ်ဖျင်းဖျင်းစပ်ခနဲ့ ဖြစ်သွားသလို..

ကျွန်တော့်အနေနဲ့ဆိုရင်တော့လေတိုက်လို့  သစ်ရွက်ကြွေတာလေးကို အကြောင်းမရှိ အူလှိုက်သည်းလှိုက်ရယ်မော ရတဲ့ ဆယ်ကျော်သက် ဘ၀ ဖြစ်တဲ့ ဟိုးတုန်းက လွန်ခဲ့တဲ့ အနှစ်၂၀ဆိုတဲ့ ကာလမှာပဲရပ်တန့် ထားချင်တယ်…ဆယ်ကျော်သက် ကျောင်းသား လေး ဘ၀ဟာထာဝစဉ်အပူအပင်တွေကင်းမဲ့လို့  …အဲဒါဆိုဘယ်လောက်ကောင်းလိုက်မလဲနော..

Anonymous said...

သေချာပြန်ဖတ်ပြီးပြီး) ကဗျာအပိုဒ်တိုင်းက မျက်နှာကို ဖြတ်၂ရိုက်သွားပြီ ။

ခွန်မြလှိုင် said...

၃ခေါက် ဖတ်ယူလိုက်ရတဲ့ ကဗျာပဲ မျက်စိနဲ့ တခါ၊ ဦးနှောက်နဲ့ တခါ၊ နှလုံးသားနဲ့ တခါ… မျက်နှာကို အခါခါ ဖြတ်ရိုက်သလိုလို… ကြယ်တွေလတွေလို အတွေးတွေ လင်းလက်လို့…

ညီညီ(သံလွင်) said...

သိပ်ကောင်းတဲ့ကဗျာ တစ်ပုဒ်ပဲ မပန်။ လေးစားပါတယ်။ :)

pandora said...

ဒီကဗျာကို လာဖတ်သူများ အားလုံးကျေးဇူးပါ။
ခင်ဗျားတို့ ကွန်မန့်တွေက နှလုံးသားကို ဖြတ်ရိုက်သွားတယ်ဗျို့။

Anonymous said...

:D
Once in a life time,
It made me feel everytime,

Whenever U think of urself,
Pls think for the fans U have....

Thanks.
It made me think..