Sunday, October 28, 2007

ပန်းချီဆွဲတဲ့လက် - ၂

ပြင်သစ်လို့ ပြောလိုက်ရင် ပန်းချီတွေ ရုပ်တုတွေ အနုပညာတွေ ဆိုတဲ့ အငွေ့အသက်ကို ခံစားကြရမယ်လို့ ထင်ပါတယ်။ ဒါဆို ပြင်သစ်နိုင်ငံ အတွက် အရေးအကြီးဆုံး ပန်းချီကားက ဘာလဲလို့ မေးလိုက်ရင် အပြင်လူတွေအတွက် တော့ နီယိုကလပ်စစ်ကယ် ပန်းချီဆရာတွေ ဖြစ်တဲ့ ဒါဗီး (Jacques-louis David)၊ အန်းဂ် (Jean-Auguste- Dominique Ingres) ဒါမှမဟုတ် ဒီဘက် အင်ပရက်ရှင် ခေတ်ပိုင်းက မိုနေး (Claude Monet) ၊ မာနေး (Edouard Manet) တို့ရဲ့လက်ရာတွေကိုပဲ ဗြုန်းဆို မြင်ယောင်သွားကြမလားပဲ။

ဒါပေမယ့် ပြင်သစ်လူမျိုးတွေကို မေးကြည့်ရင်တော့ Ferdinand Victor Eugène Delacroix (1798 – 1863) (အနီးစပ်ဆုံး အသံထွက်ရရင် “ဒလခွာ” လို့ထွက်နိုင်မယ် ထင်တယ်။ ပြင်သစ် “r” သံတွေက မြန်မာလို ပြောပြရတာ ခက်တယ်။) ရေးဆွဲခဲ့တဲ့ Liberty Leading the People (La Liberté guidant le peuple) လို့အမည်ရတဲ့ ဒီပန်းချီကားကို သူတို့မျက်စိထဲ မြင်ယောင်လာပါလိမ့်မယ် တဲ့။




ဒီပန်းချီကားကို ၁၈၃၀ ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ် တော်လှန်ရေးကို ရည်ညွှန်းပြီး ဆွဲခဲ့တယ်။ ဒီပန်းချီဟာ နိုင်ငံရေးပိုစတာ တစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ပါသတဲ့။ နံပါတ် တစ်ဆယ်မြောက် ချားလ်စ် ဘုရင် (Charles X) ကို အောင်အောင်မြင်မြင် ဖြုတ်ချနိုင်ခဲ့တဲ့ ပြင်သစ် တော်လှန်ရေးကြီးအတွက် ဒီပန်းချီကားလေးတစ်ချပ်ဟာ ဘယ်လောက်တောင် အရေးပါခဲ့ပါလိမ့်။

စုတ်ချက်များဟာ မော်ဒန်ဆန်တာ ရှိသော်လည်း သဘောတရားအားဖြင့် သရုပ်မှန်ရော စိတ်ကူးယဉ်စံပြုမှုရော (both realistic and idealistic) ရောထွေးနေတဲ့ ပန်းချီလို့ သုံးသပ်ကြပါတယ်။ ပန်းချီရဲ့ နောက်ခံကတော့ ယမ်းငွေ့ မီးခိုးငွေ့များနဲ့ မြို့ပြရဲ့ စစ်မြေပြင် ဖြစ်တယ်။ ပန်းချီကား တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် အထင်ရှားဆုံး ကတော့ သုံးရောင်ခြယ် အလံကို တစ်ဖက် ပြောင်းရှည် သေနတ် တစ်လက်ကို တစ်ဖက် ကိုင်စွဲရင်း ပြေးလွှားချီတက်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။

ပြင်သစ်တော်လှန်ရေးမှာ ခေတ်စားခဲ့တဲ့ လွတ်လပ်မှုဦးထုပ်လို့ အမည်ရတဲ့ ဦးထုပ်ကို ဆောင်းထားတဲ့ သူမဟာ တိုက်ပွဲထဲကို ငဲ့စောင်းကြည့်ရင်း ရင်ဝတ်ပြေလျော့စွာ ခြေဗလာနဲ့ ချီတက်နေပါတယ်။ သူမရဲ့သဏ္ဍာန်ဟာ တ၀က်တပျက် နတ်သမီးဆန်သလို လူသားလည်း ဆန်နေခဲ့တယ်။ သူမရဲ့ နိမိတ်ပုံကို တချို့ကတော့ ခွန်အားရှိသော ရင်အစုံနဲ့ သန်မာသော အမျိုးသမီး လို့ တင်စားခေါ်ဝေါ်ခဲ့ကြသတဲ့။

သူမရဲ့ ဘေးမှာ ပြောင်းတိုသေနတ်နှစ်လက်ကို ကိုင်ပြီး ချီတက်နေတဲ့ ၁၂ နှစ်လောက်အရွယ် ချာတိတ် ကလေးကတော့ ပြင်သစ် စာရေးဆရာ ဗစ်တာဟူးဂိုး (Victor Hugo) ရဲ့ Les Misérables ၀တ္တုထဲက လမ်းကြမ်းပိုးလေး ဂဗိုး (Gavroche) ဆိုတဲ့ တော်လှန်ရေးသမား ဇာတ်လိုက်ကလေးကို တင်စားထားတာ ဖြစ်မယ် လို့ ဆိုကြတယ်။

အမျိုးသမီးရဲ့ ဗယ်ဘက်က အနည်းငယ်ရွဲ့စောင်းနေတဲ့ ဦးထုပ်ရှည်ကို ဆောင်းထားတဲ့ တော်လှန်ရေးသမားက ဘယ်သူလဲဆိုတာ တော်တော် ငြင်းခုံကြပါတယ်။ တချို့ကတော့ ပန်းချီဆရာကိုယ်တိုင် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ သူ့ဘေးက လူက သေနတ်မကိုင်ပဲ ဓားတစ်လက်ကို ကိုင်ထားတာကလည်း စဉ်းစားစရာပါ။

ပန်းချီကားရဲ့ အပေါ်ပိုင်းက တက်ကြွနေတဲ့ ပုံရိပ်တွေကို ဆန့်ကျင် (contrast) လုပ်ထားကတော့ ပန်းချီကား အောက်ပိုင်းက လှုပ်ရှားမှု ကင်းမဲ့စွာ မြေမှာလဲလျောင်းနေတဲ့ သက်မဲ့ပုံရိပ်တွေ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အရင်းအနှီးတွေလို့ပဲ ဆိုရလေမလား။ အ၀တ်အစား အကျွတ်ကျွတ်နဲ့ လဲနေသူတစ်ယောက်ရယ် ယူနီဖောင်းလိုမျိုး ၀တ်ထားသူ တစ်ယောက်ရယ်ကို တွေ့ရသလို လေးဘက်တွားသွားရင်း အမျိုးသမီးကို မျှော်လင့်ချက်များစွာနဲ့ မော့ကြည့်နေတဲ့လူ တစ်ယောက်ကိုလည်းတွေ့ရမယ်။

ဒီပန်းချီကားက တွေးတောစရာအမျိုးမျိုးကို ပေးပါတယ်။ ဝေဖန်ချက် တစ်ခုက ပြောပြန်ပါတယ်။ တိုက်ပွဲမှာ ပါဝင်ခဲ့ကြသူတွေဟာ လူထုလူတန်းစား အလွှာအသီးသီးက ဖြစ်တာကိုလည်း ပုံတွေက ကိုယ်စားပြုပါသတဲ့။ ဥပမာဆိုရရင် ဦးထုပ်ရှည်ဆောင်းထားသူက ဓနရှင် ဘူဇွာ လူတန်းစားထဲကဖြစ်ပြီး သေနတ်အတို ကိုင်ထားတဲ့ ချာတိတ်ကလေးကတော့ အခြေခံလူတန်းစားကို ဖော်ကျူးချင်တာ ဖြစ်မယ်လို့ ဆိုကြတယ်။

လွတ်လပ်တဲ့ ကာလတစ်ခုရောက်လာတဲ့ အခါမှာတော့ ပန်းချီဆရာရဲ့ ပုံရိပ်နဲ့အတူ ဒီပန်းချီကားကို ငွေစက္ကူထဲကို ထည့်သွင်း ပုံနှိပ်ထုတ်ဝေခဲ့ကြပါတယ်။



လွတ်လပ်ရေး တိုက်ပွဲအဆက်ဆက်မှာ ထင်ဟပ်ခဲ့တဲ့ ပန်းချီဆွဲတဲ့လက်တွေထဲက တစ်ခုအကြောင်း ဖြစ်ပါတယ်။

source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။

7 comments:

Anonymous said...

ချစ်မမပန် .. ဂျစ်လို ပန်းချီကို နားမလည်သူတယောက်တွက် ၊ ခုလို ရှင်းပြပြီး မိတ်ဆက်ပေးတာ ၊ သိပ်ကျေးဇူးတင်လို့ မမကြီးကို အာဘွားပေးလိုက်တယ်း)

ဒီပန်းချီကားကို မပန်ရဲ့ ရှင်းပြချက်နဲ့ ခံစားသွားတယ် ။

စိုးထက် - Soe Htet ! said...

ကြည့်ရှုခံစားသွားပါ၏ ... မိုက်တယ်ဗျ ... :)

Yaw Han Aung said...

ပန်းချီဆွဲတဲ့လက်ကို လာကြည့်သွားပါတယ်၊ ပန်းချီကို ဒီလိုရှင်းပြနိုင်သူကလည်း ရှားသား၊ ကျေးဇူးဗျာ၊

Mintasay said...

That's great post. I wanna read that sort of post. Good job, bro.

P.Ti said...

ပန်ဒိုရာ ရေ.. ကျွန်တော်လည်း ပန်းချီကားကို ခံစားကြည့်ရှုသွားပါတယ်။ ရှင်းမပြရင် သာမာန်လိုပါပဲ၊ ရှင်းပြထားတော့မှ ပိုမိုအသက်ဝင်သွားတယ်။

Andy Myint said...

လုဗ်ထဲက ပစ္စည်းတွေကို စီးရီးဆွဲ ဘလောက်မယ် စိတ်ကူးတုန်းက ဒီကားအကြောင်း လေ့လာပြီး ရေးမယ် တေးထားသေးတယ်။ စိတ်သွားတိုင်းတော့ ကိုယ်မပါခဲ့ဘူး။ အခုလို ရေးလိုက်တော့ အရန်သင့် ဖတ်မှတ်ရုံပဲပေါ့။

thetpaingthu said...

မမပန်ရေ..
တော်တော်ကောင်းတဲ့ ပိုစ်လေးပါ။ ကျွန်တော် မသိတာတွေတောင် ပါသေးတယ်
ကျေးဇူးပါဗျာ။
ခင်တဲ့
သပသ