Tuesday, November 11, 2008

အနှစ်နှစ်ဆယ်



အနှစ်နှစ်ဆယ်

ဒါဟာ ကလီရှေးဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခုဖြစ်တယ်
ဟိုနားဒီနား လျှောက်သွားနေတဲ့ ဝေါဟာရ
ဒါပေမယ့် ရွေးချယ်စရာက မရှိတော့ဘူး
ရှေ့မှာ အနှစ်နှစ်ဆယ်စာကြီးက ပက်လက်မျောနေတယ်
နောက်ပြန်လှည့်ကြည့်လိုက်တော့လည်း မျောခဲ့တာ အနှစ်နှစ်ဆယ်ပဲ
ခေါင်းငုံ့နေလိုက်မလား ကြာသွားမယ်အနှစ်နှစ်ဆယ်
ဒါဆိုခေါင်းမော့ကြည့်ရဲသလား တွေ့သွားမယ်အနှစ်နှစ်ဆယ်
အနှစ်နှစ်ဆယ်လုံးလုံး အိပ်မက်ကတစ်မျိုးထဲရယ်
အနှစ်နှစ်ဆယ်ထောင်ချောက်ထဲမှာ အနှစ်နှစ်ဆယ်တေးတွေပဲ တီးကြဆိုကြ
ဒီလိုဆို နောင်အနှစ်နှစ်ဆယ်ကြာဘ၀တွေထဲကလည်း
အသက်နှစ်ဆယ် ထည့်ထည့်နုတ်နေကြရဦးမယ်
အနှစ်နှစ်ဆယ်ကိုရင်းပြီး အနှစ်နှစ်ဆယ်ကို ဖဲ့ထုတ်ဖို့တဲ့
သို့ဖြစ်လေရာ ခင်ဗျားတို့နဲ့ ကျုပ်တို့ စကားတစ်ခွန်းလောက် ပြောလိုက်တိုင်းမှာ
အနှစ်နှစ်ဆယ်စာ တန်နေတာ ဘယ်တော့မှ မမေ့ပါနဲ့ …။




ပန်ဒိုရာ



25 comments:

ကိုအောင် said...

နောင်အနှစ် နှစ်ဆယ်ကြရင် ပင်စင်ရုံးမှာ တွေ့ဆုံပြီး
လွန်ခဲ့တဲ့ အနှစ်လေးဆယ် အကြောင်း ထပ်ပြော ကြတာပေါ့ဗျာ ..ကောင်းပါတယ် မပန်။

Anonymous said...

မုန်းတယ်...

Anonymous said...

တကယ်တော့ အနှစ်နှစ်ဆယ်က အနီးဆုံး ဂဏန်းတစ်ခုပါပဲ.. ဒီထက်ပိုကြာခဲ့ပေါ့..
ကဗျာ ကြိုက်တယ် ပန်ပန်...

ငြိမ်းချမ်းအောင်

သစ်နက်ဆူး said...

ပန်ဒို...
ကဗျာကို ကြိုက်တယ်ဗျာ....
မပန်ဆီက အဲဒီလိုကဗျာတွေ ဖတ်ချင်တာ...။
အတွေးကောင်း ၊အရေးကောင်းလွန်းလို့ ချီးကျူးပါတယ်ဗျာ...။

Anonymous said...

"အနှစ် နှစ်ဆယ် ..."
အဲဒီစာလုံးကို မြင်ရတာ လောလောဆယ် ခါးသက်လွန်းတယ်။

အပြစ်ရမယ်ရှာတဲ့
အနှစ်နှစ်ဆယ်ပါပဲ ..............
:(

ATN said...

ဒီကဗျာကို
အနှစ်နှစ်ဆယ်ကြာမှ
ဖတ်ရတယ်ဆိုတာ....
ကျိန်စာ..လိုလို...။

ဒီကဗျာကိုပဲ
နောက်အနှစ်နှစ်ဆယ်ထဲမှာ
ပြန်ဖတ်ရမယ် ဆိုပါစို့...

အနှစ်လေးဆယ်အချိန်မှာ
ကျိန်စာ ပြေပျောက်
ပြက္ခဒိန် အသစ်တခုလောက်
ကောက်ရလိမ့်မယ် ထင်ပါရဲ့....

အဲလို ပြောနေရတာကိုက
အနှစ်နှစ်ဆယ် ရေစီးကြောထဲမှာ....

ဆောင်းယွန်းလ said...

မပန်ရဲ့ကဗျာကိုကြိုက်တယ်ဗျာ..ဒါလည်းအနှစ်၂၀ထဲက
ရလာတဲ့ခံစားချက်သရုပ်ဖော်ကဗျာလေးတစ်ပုဒ်ပါဘဲ..
အနှစ်၂၀မတိုင်ခင်ကအနှစ်၂၀ပြီးတော့နောက်အနှစ်၂၀
အနှစ်၂၀တေးဂီတတွေကိုဘဲတီးကြမှုတ်ကြရင်းပျင်းရိငြီး
ငွေ့နေရတာလည်းကြာပြီ..
မပန်ရဲ့ကဗျာကိုမဖတ်ရခင်လေးဘဲအနှစ်၂၀ဂီတထဲစီးမြောရင်း ပျင်းရိခြင်းတွေကိုဘလော့ပေါ်မှာသက်ပြင်းမှုတ်ထုတ်မိ
ပြီးသားဖြစ်နေလေရဲ့ဗျာ...
နောက်အနှစ်၂၀မှာဘယ်လိုကဗျာမျိုးဖတ်ရပါလိမ့်...
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ...

ကိုပေါ said...

လူသားမျိုးနွယ်စုတရပ်ဟာ အနှစ်နှစ်ဆယ်လုံးလုံး ပိတ်လှောင်ထားခြင်းခံခဲ့ရတယ်။ ကျိန်စာသင့်ခဲ့တဲ့ ဖုန်းဆိုးမြေ။ ကျိန်စာတွေ ပပျောက်ပစေတော့။

Anonymous said...

ဒါဆိုကျွန်တော်က လေးနှစ်သားပဲရှိဦးမပေါ့ အစ်မရယ်...

P.Ti said...

ခေါင်းငုံ့မလား အနှစ်နှစ်ဆယ်.. မော့ကြည့်ရဲလား အနှစ်နှစ်ဆယ်...
ရွေးချင်တာရွေး အနှစ်နှစ်ဆယ်...

ကဗျာကကောင်းတယ်.. အနှစ်နှစ်ဆယ်က ဆိုးတယ်..

ညိမ်းညို said...

ဘာကြောက့် ဒီကဗျာရေးဖြစ်သွားတယ်ဆိုတာ သိနေသလိုပါပဲဗျာ
စကားတွေလဲ အများကြီးမပြောရဲသေးဘူး အနှစ်နှစ်ဆယ်တန်နေတယ် မကြီးပန်ရာ

နှုတ်တိုက်ကဗျာ၊ အနှစ်နှစ်ဆယ်
ကဗျာနှစ်ပုဒ်ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ဖတ်သွားပါတယ်။
အနှစ်နှစ်ဆယ်က လူတစ်ယောက်ရဲ့ဘ၀ကို နောက်ကောက်ကျသွားစေဖို့များလားဗျာ

Mr.Pooh @ မောင်ပွတ် said...

မပန်ရေ - ကျွန်တော်တို့တွေ ဆောက်တည်ရာမဲ့ ဖြစ်နေကြတယ်။ မပန်ကဗျာထပ်ဖတ်ပြီး ဘာမှကို ပြောမထွက်လောက်အောင်ပါပဲဗျာ။ ခံပြင်းမိတယ်။

ဂျူနို said...

ပန်ဒိုရာကပြောတော့ အနှစ်နှစ်ဆယ်
ကိုယ့်အမေကပြောတော့ အနှစ်ခြောက်ဆယ်
ကိုယ့်သားသမီးတွေက ဘာပြောကြမလဲ
ပန်ဒိုရာရေ ရူးချင်လာပြီနော်
အိပ်ချင်ယောင်ဆောင်တဲ့သူကတော့ ခြောက်ဆယ့်ငါးနှစ် လောက်ထပ်အိပ် ခိုင်းနေတယ်။

တောင်ပေါ်သား said...

ဘာပြောလို့ ပြောရမှန်းကို မသိအောင်ပါ အမရေ .. ခံပြင်းဒေါသတွေ အပြည့်ပဲ ရနေပါတယ်ဗျာ

Moe Cho Thinn said...

ပန်ပန်ရေ
အနှစ် ၂၀ နောက်မှာ နောက်ထပ် သုည ထပ်တိုးသွားမလား စိတ်ပူတယ်။ :)

အနှစ် နှစ်ဆယ်လုံးလုံး အိပ်မက်တခုတည်းကိုပဲ ထပ်ခါထပ်ခါ မက်နေကြသူတွေပါလေ။ အပြင်မှာ တကယ်ဖြစ်လာ မလာဆိုတာတော့..။

mabaydar said...

စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်လို့ ပြောရုံကလွဲလို့.. ထိထိရောက်ရောက်ဘာမှမလုပ်ပေးနိုင်တဲ့ အတွက် ကိုယ့်ကိုကိုယ်လဲမကျေနပ်ဘူး...

M.Y. said...

အနှစ် နှစ်ဆယ်..
နှစ်ပေါင်း ၆၅ နှစ်..
ဘ၀ပေါင်း ၅၂ သန်းအတွက်
ရင်းထားတဲ့ ဘ၀တွေလဲများစွာ..

Anonymous said...

အနှစ် နှစ်ဆယ် ... ဂဏန်းတွေ တိုးလာပေမယ့် အိပ်မက်တွေဆီတော့ မရောက်သေးဖူး ။

ကိုငယ် said...

ကောင်းတယ်ဗျာ.. မပန်...ရင်နဲ့ရင်းပြီးခံစားသွားပါတယ်။

Kaung Kin Ko said...

အမှန်တရားကြီးက အိပ်ပဲ အိပ်ပျော်နေနိုင်လွန်းတယ်။

Minn Yoon Thit said...

မပန်ရေ အဲ့ဒိအနှစ်နှစ်ဆယ်ဆိုတာ ဘာလဲ သေချာသိရင် ဘာပြောရမှန်းတောင် မသိဖြစ်သွားနိုင်တယ်။ ဒါပေမယ့် အမရယ် ဒင်းတို့ကကော နောင်အနှစ်နှစ်ဆယ် သက်ဆိုးရှည်ပါ့မလား..။ အနှစ်နှစ်ဆယ်လုံးကြီး မတရားမှုတွေက အမြဲရှင်သန်နေပါ့မလား..။ ကျွန်တော်တော့ မထင်တော့ဘူး.... သိပ်မကြာတော့ပါဘူး.. ၀ဋ်တွေ ပြန်လည်တော့မှာပါ.... သိပ်မကြာတော့ပါဘူး.... ဒင်းတို့ ခွေးကျပြန်ကျတော့မှာပါ...သိပ်မကြာတော့ပါဘူး.. ဒင်းတို့လဲ သေချင်းဆိုးနဲ့ သေရတော့မှာပါ...။ မေတ္တာဆိုတာ တဦးတလေစူးရင် မသိသာပေမယ့် အများနဲ့ စူးရင်တော့ ကြပ်ကြပ်သာ သတိထားပေတော့...။ (ရေးရင်း ..ရေးရင် .. ပြောချင်တာတွေ များသွားတယ် မပန်ရေ.. ဆောရီး)

pandora said...

အနှစ်နှစ်ဆယ်ကို လာမှတ်ချက်ရေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အနှစ်နှစ်ဆယ်တွေရပ်တန့်ဖို့ ကိုယ်လုပ်နိုင်သမျှ လုပ်သွားကြတာပေါ့လေ။

မေငြိမ်း said...

ခေါင်းငုံ့နေလိုက်မလား ကြာသွားမယ်အနှစ်နှစ်ဆယ်
ဒါဆိုခေါင်းမော့ကြည့်ရဲသလား တွေ့သွားမယ်အနှစ်နှစ်ဆယ်
အနှစ်နှစ်ဆယ်လုံးလုံး အိပ်မက်ကတစ်မျိုးထဲရယ်... အဲဒီအနှစ်နှစ်ဆယ်ကို အလီလီကြုံလည်း ခေါင်းမော့တိုက်တဲ့သူတွေ ရှိနေဆဲ... အဲဒီထဲမှာ ခေါင်းငုံ့ပြီး ၀ှက်တိုက်နေတဲ့သူတွေလည်း ရှိနေဆဲ..။ အနှစ်နှစ်ဆယ်စာအတွက် ဆက်တိုက်နေဖို့တော့ လိုမယ်။

MELODYMAUNG said...

နောက်ထပ် အနှစ်နှစ်ဆယ်စာ ရင်မနာချင်ဘူးဗျာ :(

Dr. Junior said...

အနှစ်နှစ်ဆယ် ...
တကယ်ပါ ...
အံ့သြ ဝမ်းနည်းမိတယ်။