Thursday, November 13, 2008

ကျီးမနိုးခင်ရေးတဲ့စာ

မနှစ်က တန်ဆောင်မုန်း လပြည့်ညက လမင်းကြီးသာနေရင် ကောင်းကင်ကြီးကို ကြည့်ပြီး တခုခုရေးပါလားလို့ ပြောတဲ့လူကပြောလို့ လပြည့်ဝန်းကြီးကို ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ရင်း ဒီစာလေး ရေးဖြစ်ခဲ့တယ်။ ဒီနေ့လည်း ညကျရင် အပြင်ထွက်ပြီး လရောင်ကို လိုက်ဖမ်းဦးမှပါပဲလေလို့ စဉ်းစားတော့ မိုးက တနေ့လုံးရွာနေတယ်။ လသာဖို့ဝေး ကြယ်ကလေး တလုံးတလေ တောင် မရှိဘူး။

ဒါက မနှစ်က လ ပါ။


လတ်တလော သတင်းတွေကြောင့် စိတ်တွေ အရောင်မထွက်နိုင်ပဲ မွဲခြောက်ခြောက် ဖြစ်နေတဲ့ အချိန်မှာ တချိန် တောက်ပခဲ့တဲ့ ဆေးရောင်စုံတွေနဲ့ ပြန်ခြယ်ကြည့်ရရင်တော့ ကျီးမနိုးပွဲ လုပ်ခဲ့တာကို သတိရပါတယ်။

တန်ဆောင်မုန်းလမှာ စောရနက္ခတ်က ကွန့်မြူးသတဲ့။ ဒါကြောင့် လူငယ်တွေဟာ ခိုးချင်ဝှက်ချင် စိတ်တွေ ပေါ်လာပြီး ခင်မင်သူတွေရဲ့ ပစ္စည်းတွေကို ၀ှက်ထားတာတို့ ဟိုနေရာ ဒီနေရာ ရွှေ့ထားတာတို့ လုပ်ပြီး ကျီစယ် နောက်ပြောင်ကြတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာ တက္ကသိုလ် ကျောင်းသူဘ၀က မိန်းကလေးတွေချည်း အတူတူနေကြတဲ့ နေရာတခုမှာ တန်ဆောင်မုန်း လပြည့်ညကို ဖြတ်သန်းခဲ့ကြပုံကို သတိရတယ်။

ကိုယ်ရယ် ကိုယ်နဲ့ ခုတင်ချင်းကပ်လျက် သူငယ်ချင်းရယ် ဘယ်သူ့ကို ဘယ်လို နောက်ရင် ကောင်းမလဲ ဆိုတာ ထိုင်စဉ်းစားကြတယ်။ ညဦးပိုင်းမှာ စဉ်းစားနေကြတုန်းပဲ စာမေးဖို့ဆိုပြီး သူငယ်ချင်း တချို့ အခန်းထဲ ရောက်လာတယ်။ သိပ်တော့ မသင်္ကာလှဘူး။ တကယ်ဆို သူတို့နဲ့ ကိုယ်တို့ကလည်း မေဂျာတူတာမဟုတ်။ အတန်းကလည်း ငယ်သေးတယ်။

သူတို့ပြန်သွားတဲ့အခါ ခုတင်ပေါ်က ဆင်းမယ်ကြံတော့ ပါသွားပြီ။ ဘာမှတ်လဲ။ ဖိနပ်။ အိမ်နေရင်းစီးတဲ့ ဖိနပ်တွေ မရှိတော့ဘူး။ သို့သော်လည်း ဒင်းတို့ ပျော်သွားမှာစိုးလို့ မသိချင်ယောင် ဆောင်ပြီး အသာလေးပဲ နေလိုက်တယ်။ နည်းနည်း ညဥ့်နက်လာတော့ အခန်းအပြင်မှာ ဆူဆူညံညံအသံတွေ ရယ်သံတွေကြားလို့ ထွက်ကြည့်လိုက်တော့…။ အခန်းတွေရဲ့ အလယ် အောက်ထပ်ကိုဆင်းတဲ့ လှေခါးပေါက် မှာ ကြိုးရှည်ရှည် တစ်ချောင်းနဲ့ငါးခြောက်တွေသီသလို သီပြီး တန်းစီချထားတာ ဖိနပ်တွေသာမက အကျီတချို့နဲ့ အတွင်းပစ္စည်းတွေ…။ မိန်းကလေးတွေ အားလုံးလည်း တ၀ါးဝါး တဟားဟား ကိုယ်ပစ္စည်း ကိုယ်ပြန်ရှာကြပေါ့။

အဲဒီလိုနဲ့ ညဥ့်နက်လို့ လူတွေ အိပ်တဲ့လူအိပ်နေပြီ။ ကိုယ်တို့အခန်းမှာက ကိုယ်တို့ နှစ်ယောက်အပြင် နောက်တစ်ယောက်ရှိသေးတယ်။ သူက သိပ်ပြီးရိုးသလောက် သဘောလည်းကောင်းပါတယ်။ ကြံစည်ထားတဲ့အတိုင်း ကိုယ့်သူငယ်ချင်းက သူ့ကို အခန်းပြင် ခဏ ခေါ်ထုတ်သွားတဲ့အချိန်မှာ လှုပ်ရှားပါတော့တယ်။

နောက်တော့ သူတို့ ပြန်ဝင်လာတယ်။ ကိုယ်တို့ နှစ်ယောက်က စောစော အိပ်တော့မယ် ဆိုပြီး အိပ်ရာဝင်ပြီး အိပ်ကြပါတော့တယ်။ ရိုးသားတဲ့ သူငယ်ချင်းလေးက စာကျက်နေတော့ တော်တော်နဲ့ မအိပ်သေးဘူး။ အိပ်ချင်ယောင်ဆောင်နေတဲ့ နှစ်ယောက်ဟာ သူအိပ်တော့မယ့် အချိန်ကို စောင့်နားထောင်နေကြတယ်။ သူစာကျက်ပြီးလို့ အိပ်မယ်ဆိုပြီး ခြင်ထောင်ကို ဆွဲချသံကို ကြားလိုက်ရတယ်။ အဲဒီမှာ တွေ့တော့တာပဲ။

ဝရုန်းသုန်းကားနဲ့ ခြင်ထောင်ကို ဟိုဘက်ထောင့်ကဆွဲချကြည့် ဒီဘက်ထောင့်က ဆွဲချကြည့်နဲ့ နဲ့ ဘယ်လိုမှမရလို့ သူ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ ဒီလိုပါ။ အကြောင်းကတော့ သူအဆင်သင့် ပြင်ထားတဲ့ ခြင်ထောင်ကို ကိုယ်က ပြောင်းပြန်လှန်ပြီး ပြန်ထောင်လိုက်တာကိုး။ ဆွဲချရမယ့် အပိုင်းက ခေါင်မိုးပေါ်မှာ ရောက်နေတာပေါ့။ နောက်တော့ သဘောပေါက်သွားတယ်။ ကိုယ်တို့လုပ်တယ်ဆိုတာ သူ သိတော့သိမှာပေါ့။ ကိုယ်တို့ကို တစ်ခွန်းနှစ်ခွန်း လှမ်းခေါ်ကြည့်သေးတယ်။ ဒါပေမယ့် ဒီက တုတ်တုတ်မလှုပ် အိပ်ချင်ယောင်ဆောင်နေတယ် ဆိုတော့ ဘာမှမပြောတော့ပဲ ခြင်ထောင်လေး ပြန်ဖြုတ် ပြန်ထောင်ပြီး အိပ်သွားပါတော့တယ်။

အပြင်မှာတော့ အဲဒီည ဘယ်သူတွေ ဘယ်လိုဆက် သောင်းကျန်းကြလဲ မသိပါဘူး။ အိပ်လိုက်ကြတယ်။ မနက်တော့ ၅ နာရီလောက်မှာ အသာလေး အိပ်ရာထကြတယ်။ ညက ဖိနပ်လာခိုးထားတဲ့ သူငယ်ချင်းတွေထဲက နှစ်ယောက်ရဲ့ ရုပ်ပြောင်ပုံကို ကိုယ်ကဆွဲတယ်။ ပြီးတော့ အလိုရှိသည် ဆုငွေ ဘယ်လောက် ဆိုပြီး သူတို့ အခန်းရှေ့မှာ သွားကပ်တယ်။ နောက်တခန်းကိုကျတော့ အခန်းရှေ့ကနေ တုတ်တချောင်းနဲ့ ကန့်လန့် ခံထားလိုက်တယ်။ ပြီးတော့မှ အသာလေး ကိုယ့်အခန်း ပြန်အိပ်နေတော့တာပေါ့။ မိုးလင်းလာတော့ ဆူဆူညံညံပေါ့လေ။ မသိချင်ယောင် ဆောင်နေလိုက်တယ်။ အမယ်.. ကာတွန်းပုံ အဆွဲခံရတဲ့ နှစ်ယောက်က သူတို့ပုံတွေ တူတယ်ဆိုပြီး သဘောတောင်ကျလို့ ဆိုပဲ။ တုတ်နဲ့ အပိတ်ခံရတဲ့ အခန်းကတော့ ထွက်မရလို့ ဘေးခန်းက ဖွင့်ပေးရတယ်။

အခုလည်း ကျီးမနိုးပွဲကို ဘလောဂ့်တွေထဲမှာ ဘယ်လိုလုပ်လို့ရနိုင်မလဲ ဆိုပြီး တွေးကြည့် နေမိသေးတယ်။ ရပ်ကွက်ထဲမှာ ဆိုင်းဘုတ်တွေ ပြောင်းချိတ်ကြသလို ဘန်နာတွေ ပြောင်းချိတ်လို့ရရင် ရယ်ရမယ်။ တံခါးဝမှာ ကန့်လန့်ခံ ထားသလို ဆီပုံးတွေကို သွားဆို့လိုက်ရမလား။ အချစ်ကဗျာ နုနုရွရွရေးတဲ့ ဘလောဂ့်မှာ တရားစာရေးတဲ့ ဘလော့ဂ်က သံဝေဂပို့စ်ကို ဖြုတ်ခိုးပြီး သွားတင်လိုက်တာတို့ ဘာတို့။ ဒီလို လိုက်မွှေလို့ရရင် ဘယ်လိုနေမလဲပေါ့။ ကျီစားသန်က ရန်များ၏ တော့ မဖြစ်အောင် သတိထားရမယ်။

အားလုံး ခဏဖြစ်ဖြစ် ပြုံးပျော်နိုင်ကြပါစေ။


15 comments:

khin oo may said...

13 Nov 08, 00:38
kom: ဒါတ်ပုံလေးကလှလိုက်တာ.
13 Nov 08, 00:37
kom: N2 post ကို pandora စီပုံးထဲထည့်သွားပါတယ်။ :P
13 Nov 08, 00:36
kom: http://naynaynaing.blogspot.com/2008/11/voice-and-video-chat-in-gmail.html
13 Nov 08, 00:36
kom: Video ကို Full Screen ပြောင်းလို့ရတယ်။
13 Nov 08, 00:35
kom: ပေါ်လာတယ်။ Gmail Chat ထဲမှာ ကိုယ့်နာမည်ရဲ့ ဘေးမှာလည်း Video Icon လေးပေါ်တာတယ်။ ဒါဆို Microphone, Speaker နဲ့ Camera သာရှိမယ်ဆို Voice-Video Feature ကို သုံးလို့ ရပြီ။ နည်းနည်းပဲ စမ်းကြည့်ရသေးတယ်။ Video
13 Nov 08, 00:35
kom: Plugin တစ်ခု Install လုပ်ဖို့ လိုတယ်။ Plugin install လုပ်ပြီး စမ်းကြည့်ဖြစ်တယ်။ Plugin Install လုပ်ပြီး၊ Browser Restart လုပ်ပြီးရင် Gmail ရဲ့ Setting --> Chat --> Voice and video chat ဆိုတာလေး ပေါ်လာတ
13 Nov 08, 00:34
kom: ဒီမနက် အိပ်ယာထ သတင်းတွေ လိုက်ကြည့်ရင် Gmail Chat မှာ Voice နဲ့  Video သုံးလို့ ရပြီဆိုတဲ့ အကြောင်း ရေးထားတာ တွေ့ လိုက်ရတယ်။ Gmail ထဲ ၀င်ပြီး Chat ထဲကို sign in ၀င်ယုံနဲ့  အသုံးပြုလို့  မရဘူး။ Plugin တ

flowerworld said...

မမပန်ဒိုရေ..ဟားဟလို့ပဲအော်ပြီးရယ်လိုက်တယ်
ပြုံးရုံပဲဆိုမခံနိုင်လို့။ဟိဟိ....ရယ်ချင်သေးတယ်
အရှိန်ကမသက်သေးဘူး...
ပျော်ရွှင်ဖွယ်ကောင်းကောနေ့လေးဖြစ်ပါစေနော်

Moe Cho Thinn said...

တက္ကသိုလ်ကျောင်းသူဘ၀က ပျော်စရာလေးတွေ ပြန်ရေးတော့ အခုကလေးတွေ ဒီလို ပျော်မှ ပျော်နိုင်ကြရဲ့လား လို့ ဆွေးမိပါတယ် ပန်ပန်ရေ..

ကိုပေါ said...

ကျီးမနိုးသေးပေမယ့် လူက မအိပ်သေးတော့ စောစောစီးစီး လာဖတ်သွားပါတယ်။

ကျီးမနိုးသေးပေမယ့် လူက မအိပ်သေးတော့ စောစောစီးစီး လာဖတ်သွားပါတယ်။

အိပ်မရသေးတဲ့အတူတူ ကားငှားသွားပြီး မြန်မာသံရုံးရှေ့က ကျူတန်းစီတဲ့ စာရင်းစာရွက်မှာ ဘလော့ဂါ အယောက် ၁၀၀ လောက်နာမည်ကို တန်းစီချရေးခဲ့မှနဲ့တူတယ်။ မနက်ဖန် အခွန်လာဆောင်မယ့် ပရိသတ် စိတ်ညစ်သွားအောင်။း-)

ကိုပေါ said...

ဆောရီး....ဟစ်ဟော့ပ်တေးတွေကို သဘောကျလို့ နှစ်ကြောင်းထပ်ရေးသွားတာမဟုတ်ပါဘူး။ ကွန်မင့်ဘောက်စ်မှာ ရေးပြီးသားစာကြောင်းလေးကို နောက်ထပ် ထပ်ပေ့စ်တဲ့အခါ ဖျက်ဘို့မေ့သွားလို့ပါ။

သစ်နက်ဆူး said...

ပန်ဒို...
သူများကိုသွားစမယ်ဆို...ကိုယ့်ဘိနပ်ကို အရင်သိမ်းနော်...။

ညိမ်းညို said...

ကျီးနိုးပီလားတော့ မသိဘူး
မောင်ညိမ်းညိုတော့ မအိပ်သေးတာမို့ ကွန့်မန့်ပွတ်သွားပီ မကြီးပန်ရေ :)

ခိုးမဲ့ခိုး ဖိနပ်တော့ မခိုးတော့ပါဘူးဗျာ
ဘလော့တခုလုံး မ,သွားလိုက်တော့မယ် :P

ကိုအောင် said...

ဒီပို့စ်လေးက လက်ရာမြောက်လိုက်တာ။ စာဖတ်
နေတဲ့ အချိန်အတွင်း ကျောင်းသား ဘ၀ကို
ခဏ ပြန်ရောက် နေရသလိုဘဲ ...
ကောင်းတယ်ဆိုတာထက် ကောင်းပါတယ်
မပန်ရေ။

Anonymous said...

အဟိ .. ဖတ်ပြီး ပြုံးမိ ... မနက်စော၂စီး၂ ဒီလိုလေး ဖတ်လိုက်ရတာ စိတ်ချမ်းသာပါ၏ ။

Anonymous said...

အစ်မရေ... ကဗျာလေး တစ်ပုဒ်ကို ကျီးမနိုးခင် ခိုးပြီး လာကော်မန့်ပါတယ်ဗျို့...။

တန်ဆောင်မုန်း လပြည့်ကျော် ၁ရက်

အစာအိမ်ထဲမှာ
တကယ်ဗိုက်ဆာနေတဲ့အခါ
ဝက်သားတွေနဲ့
တစ်တုံးဆီ တုတ်ထိုးရောင်းတဲ့ဆိုင်
မီးလုံးလေး တစ်ဘက်တစ်ချက်နဲ့
ရောင်းချရတာ လမ်းဘေးမှာ
အချဉ်တွေနဲ့
တစ်ချောင်းချင်း တို့စားခဲ့ရတဲ့ ခဏမှာ
ပူခြင်း
ချဉ်ခြင်း
ငန်ခြင်း
စပ်ခြင်း
ရေငတ်ခြင်းနဲ့ လျှာမရပ်မနား
ဝါး - မြို - စား - သောက် - အရသာခံရင်း
ပျော်ရွှင်ပါစေ ဆိုင်ရှင်

ခင်မင်စွာဖြင့်
ဟန်သစ်ငြိမ်

Anonymous said...

နောက်ဆုံးပိုဒ်လေးဖတ်ရတော့ တစ်ကယ်များဖြစ်မှာလားလို့ လန့်ပြုံးလေး ပြုံးမိတယ်
ကောင်းတယ် အစ်မရာ...

HAPPY CLOUD said...

အမရေ... သဘောကျမိတယ်ဗျိုး... ကျနော်တို့လည်း.. ပျော်ခဲ့ဖူးတယ်ဗျာ..
(ဖိုးမောင်)

Chaos said...

ကဗျာလှလှ စာတွေအများကြီး ရေးတတ်တဲ့ မပန်ရဲ့ ခံစားတတ်တဲ့ ကဗျာနှလုံးသားကို ခိုးသွားချင်တယ်။ အဟတ်

တန်ခူး said...

ဟိုးတုန်းက အဲဒီလိုနေ့ ဆို အဒေါ်နဲ့ ကိုယ် အိမ်ရှေ့ က တံတားလေးပျောက်လို့ ရှာရတာနဲ့  သူများအိမ်က ခေါင်းလျှော်ရည်ရပြီဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖြုတ်ရတာနဲ့  အမေ့ပန်းအိုးကြီးက လမ်းမတည့်တည့်ကြီးပိတ်နေလို့ အိမ်ထဲပြန်သွင်းရတာနဲ့ အလုပ်တွေရှုပ်ပျော်ခဲ့တာကို သတိရတယ်…

pandora said...

မခင်ဦးမေ.. သတင်းအတွက် ကျေးဇူး။ အရုပ်နဲ့ ချက်ဖို့ စဉ်းတော့စဉ်းစားရမယ်။ ထိုင်နေတာပဲကောင်းပါတယ်။

ပန်းကမ္ဘာရေ..ရယ်သွားတယ်ဆိုလို့ ၀မ်းသာပါတယ်။

မမိုးချိုသင်းရေ.. ခေတ်ကြီးကိုပဲ အပြစ်တင်ရတော့မလားပေါ့။

ကိုပေါရဲ့ ကျီးမနိုးက ငိုချင်ရယ်ချင်ဖြစ်မယ်။

ကိုဆူး.. ဘလော့ထဲတော့ ဖိနပ်စီးစရာမလိုဝူး။

ညိမ်းညို.. ဘလော့တခုလုံးတော့ မ မလိုက်ပါနဲ့.

ကိုအောင်..မှတ်ချက်အတွက် ကျေးဇူး။

ဂျစ် ..ပျော်သွားလို့ ၀မ်းသာပါတယ်။

ဟန်သစ်ငြိမ်... ကဗျာလေးက ချစ်စရာ ကျေးဇူးပါ။

ကိုဂစ်တာ.. မလန့်ပါနဲ့။ ဒါပေမယ့် နောက်တော့ ဖြစ်လာချင်ဖြစ်လာနိုင်တယ်နော်။

Happy clouds .. အခုလည်း ပျော်နိုင်ကြပါစေ။

Chaos.. ဒါလေးတော့ ချမ်းသာပေးပါ။

မတန်ခူး... ငယ်ဘ၀တွေ လွမ်းစရာပါပဲ မတန်ခူးရေ