Friday, August 10, 2007

မင်္ဂလာတရားတော်နှင့် အညီ ဘလော့ဂ်တွင်နေထိုင်ခြင်း

မင်္ဂလာတရားတော်နှင့် အညီ ဘလော့ဂ်တွင်နေထိုင်ခြင်း

ပန်ဒိုရာ ဘလောက်ဗကေးရှင်း ယူနေတဲ့အချိန်က WeSheMe တို့က ၃၈ဖြာ မင်္ဂလာ တရားတော် အကြောင်း ဒီလို ရေးပါတယ်။ သူတို့ကို ကိုတေးအေးရိပက တက်ဂ် ထားတာပါ။ ဆရာကြီး ဦးသုခရဲ့ သုခမှတ်စုက ထုတ်နုတ်ထားတဲ့ ၃၈ဖြာ မင်္ဂလာ တရားတို့ကိုတော့ ကိုမျက်လုံး ရဲ့ ဘလော့ဂ်မှာ တွေ့နိုင်ပါတယ်။ ဒါတွေကို ဖတ်မိတော့ ပန်ဒိုရာက ဘလော့ဂ်ရေးခြင်းဖြင့် ၃၈ဖြာ မင်္ဂလာတရားတော်နဲ့အညီ ဘယ်လိုနေထိုင်နိုင်မလဲလို့ အတွေးပေါက်မိပါတယ်။ ဒါနဲ့ WeSheMe မှာ ကွန်မန့်လေး သွားချတော့ ပန်ဒိုရာကို ဒါနဲ့ပတ်သက်လို့ တစ်ခုခု ရေးဖို့ တက်ဂ်လိုက်ပါတယ်။

မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေဟာ နေ့စဉ်လူ့ဘ၀မှာ လက်တွေ့လိုက်နာ ကျင့်သုံးဖို့လို့ အကြမ်းဖျဉ်းအားဖြင့် ရိုးရိုးပဲ နားလည်မိပါတယ်။ အပြင်မှာ လူအချင်းချင်း မျက်ဝါးထင်ထင် ထိစပ်တွေ့ကြုံနေရတဲ့ လူ့လောကကနေ အခုလို virtual world အတုကမ္ဘာမှာ အဆင်းအသံမဲ့ နေထိုင်သွားလာ ကြတဲ့အခါ ဒီတရားတော်တွေကို ဘယ်လို အသုံးချလို့ ရနိုင်မလဲလို့ စဉ်းစားမိပါတယ်။ ဒါနဲ့ပဲ မင်္ဂလာတရားတော်ရဲ့ ၃၈ ဖြာလုံး မဟုတ်သော်လည်း စိတ်ကူးမိသလောက် တိုက်ဆိုင်နိုင်တာတွေကို အခုလို ချရေးလိုက်ရပါတယ်။

ဘလော့ဂ်တွေ ဖတ်တဲ့အခါ ကိုယ်မသိသေးတဲ့ အချက်အလက် တွေ၊ ကိုယ်မစဉ်းစား မိသေးတဲ့ အတွေးခေါ်တွေ၊ ကိုယ်ဂရုမပြု မိသေးတဲ့ မှတ်သားနာယူဖွယ်တွေ တွေ့ရမယ်။ ဒီလို တွေ့သိမှတ် ရခြင်းဟာ ဗာဟုသစ္စဉ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း ကိုဖြစ်စေပါတယ်။

ဒီလိုမှတ်သားခြင်းဖြင့် မရှင်းမလင်းတဲ့အခါဖြစ်စေ၊ ပိုမိုအသေးစိတ်သိချင်ရင်ဖြစ်စေ မိမိထက် တတ်သိနားလည်သူထံ ဆီပုံး ကွန်မန့်တွေကနေ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း၊ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း ဖြင့်ချဉ်းကပ်မေးမြန်းနိုင်ကြပါတယ်။ ဝေမျှသူများကလည်း မိမိသိတဲ့ ပညာဗဟုသုတကို ပေးလှုတဲ့အတွက် ဒါနဉ္စ = အလှူပေးခြင်း တစ်မျိုးပါပဲ။

ဘလော့ဂ်တွေ အချင်းချင်းဆိုတာလည်း လူအချင်းချင်း ဆက်ဆံနေကြတာပါပဲ။ ကိုယ့်သဏ္ဍာန် ကိုယ့်အသံကို မမြင်မကြားရလို့ မမြင်ကွယ်ရာ ရောက်နေတယ်လို့ ပြောချင်တာပြော သဘောမထားဘဲ အသက်ဂုဏ်ဝါကို မူတည်ပြီး တစ်ဦးနဲ့တစ်ဦး အရိုအသေလည်း မပျက်ဘဲ ချစ်ခင်စွာ ရေးသားပြောဆို ဆက်ဆံကြခြင်းဟာ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း နဲ့ညီသလို သုဘာသိတစ ယာဝါစာ = ကောင်းစွာဆိုခြင်း ကိုဆောက်တည်နိုင်တာပါပဲ။

အခုတလော အမည်မဖော်သူများက တချို့ဘလော့ဂ်တွေရဲ့ ဆီပုံးတွေထဲမှာ ရုန့်ရင်းကြမ်းတမ်းသော စကားတွေနဲ့ လာရောက် ဆဲရေးတိုင်းထွာ နေတာတွေ ကြားနေရပါတယ်။ ဒီနေရာမှာတော့ အတတ်နိုင်ဆုံး ခန္တီ = သည်းခံခြင်း တရားကို နှလုံးသွင်းနိုင်ရင်တော့ အကောင်းဆုံး ဖြစ်မှာပါလေ။ ကိုယ်တိုင် အဆဲမခံရတော့လည်း ကိုယ်လည်း တကယ့်တကယ်ဆို ခံနိုင်ရည် ရှိမရှိ မသိပါဘူး။ စိတ် ထားနိုင်ခဲ့ရင်တော့ တရားတော်အရ ဖြစ်သင့်တာကိုပဲ ပြောပြတာပါ။

လောကဓံတရားတွေဟာ လူတွေအတွက် မရှောင်လွှဲနိုင်ပါဘူး။ ဘလော့ဂ်ထဲလည်း ပြေးမလွတ်ပါဘူး။ အတိမ်အနက်သာ ကွာပါမယ်။ လောကဓံတရား ၈ ပါး ကတော့ လဘော အလဘော ယသော အယသော နိန္ဒံ ပသံသံ ဒုက္ခံ သုခံ (လာဘ်ရခြင်း - လာဘ်မရခြင်း၊ အခြွေအရံပေါများခြင်း- အခြွေအရံနည်းခြင်း၊ ချီးမွမ်းခြင်း-ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း- ဒုက္ခဖြစ်ခြင်း) တို့ဖြစ်ပါတယ်။ဒီအထဲမှာ ဘလော့ဂ်နဲ့ပတ်သက်တဲ့ ဥပမာအနေနဲ့ ပြောရရင် - သာမန်အားဖြင့် ဘလော့ဂါတွေဟာ ကိုယ့်စာကို လူတွေ လာဖတ်စေချင်ကြတယ်။ ကိုယ့်ကို ခင်စေချင်ကြတယ်။ ကိုယ့်ကို အဖက်လုပ် ဆီပုံးထဲရေးသွားတာ ကွန်မန့်ရေးထားတာ မြင်ရင် သူသူကိုယ်ကိုယ် ၀မ်းသာ တတ်ကြပါတယ်။ အကြောင်းကြောင်းကြောင့် လူလာတာနည်းတဲ့နေ့ဆိုရင် ရင်ထဲမှာ ဟာတာတာနဲ့ ရှိတတ်ကြပါတယ်။ ဒီတော့ လူတွေ လာချီးမွမ်းကြတိုင်းလည်း ၀မ်းသာလုံး မဆို့ဘူး။ လာပါ့မလားလို့လည်း မစိုးရိမ်ဘူး။ ချီးမွမ်းခန်းတွေကို မက်မက်မောမော စွဲလန်းမနေဘူး။ ကဲ့ရဲ့ဝေဖန်သွားရင်လည်း စိတ်တည်ငြိမ် နိုင်မယ်ဆိုရင် နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း၊ အသောကံ = လောကဓံ တရားတို့နှင့် တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း၊ ၀ိရဇံ = လောကဓံတရားတို့ တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း၊ ခေမံ = လောကဓံ တရားတို့ တွေ့သော် စိတ်၌ဘေးမရှိခြင်း တို့နဲ့နေထိုင်နိုင်ပါတယ်။ သတိပါပဲ။

ဒီနည်းအားဖြင့် အတုကမ္ဘာ ဘလော့ဂ်ထဲမှာလည်း အတ္တသမာပဏီဓိစ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။ အဲဒီလို လက်တွေ့ကမ္ဘာကအချိန်နဲ့ အင်တာနက်ကမ္ဘာက အချိန်ကို သင့်တင့်မျှတစွာ ဝေမျှပြီး မင်္ဂလာတရားတွေနဲ့ နေထိုင်နိုင်ရင်တော့ အင်တာနက် ကမ္ဘာဟာ ကိုယ့်အတွက် ပတိရူပ ဒေသ ၀ါသောစ = သင့်တင့်သော အရပ်၌ နေထိုင်ခြင်း ပါပဲ။

အခုပြောတာ နမူနာတွေလောက်ပဲ ဖြစ်ပါတယ်။ အများကြီး ရှိပါဦးမယ်။ အခု ဒါတွေ စဉ်းစားတဲ့နေရာမှာလည်း မှားကောင်းမှားနေဦးမယ်။ အားလုံးဖတ်ဖို့ တံခါးဖွင့်ထားတဲ့ ဘလော့ဂ်ဆိုတော့ အခုရေးထားတာတွေကို တစ်ယောက်ယောက်က အမြင်မတော်လို့များ ထောက်ပြသွားခဲ့ရင် ကိုယ်မှားတာပြုပြင်ဖို့ စိတ်ထား နိုင်ရင်တော့ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း နဲ့ ညီနိုင်ပါသေးတယ်။


အားလုံးငြိမ်းချမ်းကြပါစေ။
ပန်ဒိုရာ


(ကိုအန်ဒီက ဆက်ပြီး တက်ဂ်ပေးပါဆိုလို့ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း နဲ့ညီသွားအောင် ဆက်လက်ဆွေးနွေးဖို့ ဆရာလေး မမေဓာဝနဲ့ အလုပ်များတဲ့ မြို့စားကြီး နေဘုန်းလတ် တို့ကို တက်ဂ် လိုက်ပါတယ်။ ကဲရေးကြပေတော့။)

14 comments:

Andy Myint said...

ပြည့်ပြည့်စုံစုံကို ရေးသွားတာပဲ။ ဒီလို စဉ်းစားမိတော့လည်း ဘလော့ဂ်ရတာ ကုသိုလ်တောင် ရနိုင်သေးတယ်။ ကျေးဇူးပဲ မပန်ဒိုရာ။

Anonymous said...

မပန်.. တယ်ကြိုက်သွားပြီ..း)

ဒီပို့စ်ဖတ်ပြီး ဂျစ်တူးတယောက် (ဗာဟုသစ္စဉ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း) ဖြစ်သွားပြီး)

မေငြိမ်း said...

ဟဲဟဲ..ဒီလိုလည်းရသကိုး..
လိမ်မာရေးခြားရှိလှပါဘိခြင်း။
ဟဲဟဲ..ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ သတိရသွားပါကြောင်း...

Layma said...

ဟုတ်ပါ့…မှန်ပ့ါ….ရေးတတ်ပ့ါ….ပေးတတ်ပ့ါ….မပန်ရယ်…
Blog မှာ လက်ခဏာ(နှစ်လုံးဆင့်တွေရိုက်လို့ မရဖြစ်နေလို့ နော်) ရေး ၃ ပါးကိုလဲ ဆင်ခြင်
လို့ ရသေးတယ်…..။ 

ရွက်ဝါ said...

မပန်ဒိုရာ။ အရမ်းကောင်းတယ်။ တချို့နေရာတွေမှာ သားကိုတိုက်ရိုက် သတိပေးထားသလိုပဲ။ လောကဓံတရားအကြောင်း မြန်မာလိုဘာသာပြန်သွားတာ ၂ ခုလိုသွားတယ်။ လာဘ်မရခြင်း - အခြွေအရံပေါများခြင်း။ သေချာချန်ခဲ့တာလားတော့မသိဘူး။

စိုးထက် - Soe Htet ! said...

သာဓု ...သာဓု ...သာဓု ... ပါခင်ဗျာ ...

pandora said...

လာဖတ်ကြသူများ ကျေးဇူးပါ
ရွက်ဝါရေ စာရိုက်တုန်းက မတော်တဆ delete ဖြစ်သွားလို့ပါ။ ပြန်ထည့်လိုက်ပါပြီ။ ကျေးဇူး။

Ye-Mon said...

သာဓု ပါဗျာ။ ဒီလိုဆိုတော့လည်း ကျောင်းအမက ဘယ်ဆိုးလို့တုန်း။ ရဟန်းအမ လုပ်ဖို့ရော စိတ်များ ကူးနေလား။ :p

Philip Shield said...

ဒီဘလော့ကို အားပေးနေကျပါ... Andy သူငယ်ချင်းပါ... သူက ကျွန်တော်ကိုလည်း Tag ထားလို့ရေးလိုက်ရသေးတယ်။း) ပန်ဒိုရာ ရေးတာ ပိုကောင်းပါတယ်...

hnin said...

မမပန်က သိုးလေး နှစ်သက်တဲ့ ဘလော့ဂါတစ်ယောက်ပါ။ မမပန်ရေးတာ အရမ်းကြိုက်တယ်။ အခုလည်း အရမ်းပြည့်ပြည့်စုံစုံပြောသွားတာပဲ။ သိုးလေးတို့က ပါရမီနုတယ်။ အဲဒီလိုမျိုးထိ မရေးနိုင်သေးဘူး။ အခုလို ဖတ်ရတာတောင် ကံထူးလို့သာပေါ့နော်။ ကျေးဇူး မမပန်။

pandora said...

ကိုရဲမွံကလည်း ပန်ဒိုရာက လူချိုးမဟုတ်ပါဘူးဗျ။ (လူမိုက်ပါ)..
ရဟန်းအမလား.. အင်း .. ရဟန်းဝတ်သွားရင်တော့ ဖြစ်ရမှာပေါ့.. လုပ်ပါနဲ့ဗျ .. အိ ...အိ

ကိုဖြိုးဝေကျော်ကိုလည်း လာဖတ်ဖြစ်ပါတယ်.. ရှုထောင့်မျိုးစုံပေါ့။ ပိုကောင်းတယ်ရယ်လို့ မဟုတ်လောက်ပါဘူး။

သိုးမလေး လာဖတ်တာကျေးဇူးပါ။

ဒီဝိုင်း (D'vine) said...

မပန် မယ်သီလရှင်တော့ဝတ်ပါနဲ့ဦးဗျာ...
ဟီး..နောက်တာ
ကွက်တိ ဒက်ထိတွေပါပဲဗျာ...

pandora said...

ဒီဝိုင်းရေ မ၀တ်သေးပါဘူး.. ခေါင်းက သိပ်မလှလို့ :D

မေဓာဝီ said...

ပန်ပန်ရေ ...
tag ထားတဲ့ မင်္ဂလာတရားကို လောလောဆယ် မရေးအားသေးဘူးမို့ ... အချိန်လေး နည်းနည်း ပေးပါအုံးနော်။
အခု မောနေသေးလို့ .... :)