Monday, August 20, 2007

စစ်စစ်စီစီ

စစ်စစ်စီစီ

လူတန်းကြီးကား တမျှော်တခေါ် ရှည်လျားပေစွ။ မြန်မာဘလော့ဂါများ အားလုံး ရောက်ရှိနေကြပြီ။ သူတို့အားလုံး ဘာလို့စုံစုံလင်လင် ရောက်နေကြရသလဲ။ အကြောင်းရင်းကို မည်သူမှ ရေရေရာရာမသိကြ။ “ခဏလိုက်ခဲ့ပါ” ဆိုတော့လည်း လိုက်ခဲ့ရသည်သာ။ တချို့နိုင်ငံများမှ ဘလော့ဂါများအတွက်တော့ ညအချိန်မတော် အိပ်ချင်မူးတူးနှင့်။

“ဘာလုပ်ဖို့တဲ့လဲ”
တန်းစီကြရင်း ရှေ့နှင့်နောက် အချင်းချင်း ပွစိပွစိ ပြောနေကြသည်။


နေရာတကာ စပ်စပ်စုစုသိသော စပိုင်ဂျစ်တူးက
“ဆီစစ်ဖို့အတွက် ဆိုလားပဲ မပန်ရေ ..”
ဟု ပန်ဒိုရာကို တိုးတိုးပြောသည်။
“ဟယ် ဟုတ်ပါ့မလား။ ဆီနဲ့ တို့တွေနဲ့ ဘာဆိုင်လို့လဲဟ။ ကုန်စုံဆိုင်မှ မဟုတ်တာ။”
“ဟာ.. ကျွန်တော်ကြားတာတော့ ဆီးစစ်ဖို့လို့ထင်တာ.. ကျွန်တော်တောင် ရုံးက အမြန်လစ်လာရတော့ အရမ်း သွားချင်နေတာတောင် မသွားခဲ့ဘူး.. ဒီကျမှပဲ ဆိုပြီးတော့.. မဟုတ်ရင်တော့ ဒွတ်ခပဲ.. ။”
သတင်းမွှားများ လိုက်ရာတွင် နောက်ကောက် မကျသော ဂျာနယ်ရှော် ဂေါက်ဂေါက်ခေါ် ဘလာဂေါက်က ၀င်ပြောသည်။
“ဒါဆို စစ်စီတယ် ဆိုတာများလား ဟင်။ အဲဒါကရော ဘာအဓိပ္ပာယ်လဲ။”
ငယ်ငယ်ကတည်းက မြန်မာပြည်က ထွက်လာရသဖြင့် မြန်မာစာ သိပ်မကျွမ်းကျင်ရှာသော ဂျစ်တူးကို ပန်ဒိုရာက လူတတ်ကြီးလုပ်ကာ ရှင်းပြလိုက်သည်။
“စစ်စီတယ် ဆိုတာကတော့ စေ့စေ့ စပ်စပ် နဲ့ ကပ်စေးနည်းတာမျိုးကို သုံးကြတယ် ဂျစ်ဂျစ်ရဲ့။”
“ဟာ ဒါလည်း မဆိုင်သေးပါဘူး။ အင်း ဘာလုပ်ဖို့ပါလိမ့်။ ဆီလို အပေါက်ရှာတယ် ဆိုတာလည်း ကြားဖူးတယ်။ အဲဒါကရော..။”
“ရှုး တိုးတိုးပြော ဟိုမှာ လာပြီ.. မြန်မာစကား ဘာမှတ်နေလဲ.. ရမ်းရမ်းမပြောနဲ့ဟ..။”

မျက်နှာပေါက်ဆိုးဆိုး လူကြီးတစ်ယောက် ထွက်လာသည်။ အားလုံးလန့်သွားကြသည်။
ဘာညာလေးက တိုးတိုးပြောသည်။
“အိ အိ.. မကြီးပန် မကြီးပန်.. နရဲတားဆိုတာ အဲဒါကြီး ထင်တယ်။ အနော်တို့ တေလို့ နရဲပြည်ရောက်နေတာများလား။ အင့် အင့်..။”
လူတွေ အဖြေရှာမရ ဖြစ်နေကြသည်။ လူကြီးကလည်း မျက်နှာထားကြီးနှင့် ခပ်တည်တည်။ နောက်ထပ် လူသုံးလေးယောက် ထပ်ရောက်လာပြီး စာရွက်တစ်ရွက်ကို ဖြန့်ကာ သူတို့အချင်းချင်း ဆွေးနွေးနေကြပြန်သည်။

သတင်းထောက်ကြီး စိုးဇီယ ခေါ် စိုးဇေယျ ကိုသာ အားလုံးက မျှော်နေကြသည်။ အင်း .. သူကတော့ သိနိုင်ကောင်းပါရဲ့။ ဟော.. လာပါပြီ.. စိုးဇီယ အမောတကော။ သူက အသက်ပင် ကောင်းကောင်း မရှုနိုင်ဘဲ တိုးတိုး လိုက်ပြောပြသည်။

သြော် ဟော် ဟော်.. ။ အခုမှရှင်းသွားသည်။ မြန်မာဘလော့ဂါများ ဘလောက်ချင်တိုင်း ဘလောက်လို့ မရတော့ပြီ။ မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော ဒါမှမဟုတ် အခုခေတ်စားနေသော အ Clear Brown ဆိုလား (ကြောက်တတ်သဖြင့် ရောထီးလူမျိုးများ သုံးသော စကားဝှက်ဖြင့် ရေးထားသည်။ မသိပါက ကျွမ်းကျင်သူ ဘလာဂေါက်ကို မေးကြပါကုန်။) အဲ.. အဲဒါ ပျက်စေသော ဘလော့ဂါနာမည်တွေ မပေးရ ။ နိုင်ငံခြား ဘာသာနှင့် နာမည် ပေးထားသူတွေ အဓိပ္ပာယ်ကို ရှင်းပြနိုင်လျှင် ရှင်းပြ။ မရှင်းနိုင်လျှင် အကြောင်းသိသွားမည်။ ဘလော့ဂ်ကို ဖျက်ပစ်ရမည်။ ဟွန်း ဒါပဲ။

သို့ကလိုဖြစ်ရခြင်းမှာ ဟိုတလောက မြန်မာနိုင်ငံမှ အထင်ကရ သတင်းစာ တစ်စောင် ထဲတွင် ဥရောပ ဘာသာစကားတစ်ခု လိုလို ဘာလိုလိုနှင့် …. (ဤနေရာတွင် ဆင်ဆာ ဖြတ်ထားပါသည်။) သြော်.. ရှုပ်ထွေးပွေလီ ဤလောကီပေတကား။

“ကဲ ကဲ.. အားလုံး အဖွဲ့ခွဲရမယ်။ နာမည်ခေါ်မယ်။ ဒီခေါင်းစဉ်အောက်က လူတွေ ဒီဘက်ကိုလာ။ ဟိုခေါင်းစဉ်ကလူတွေ ဟိုဘက်ကိုသွား။”
လူတန်းကြီး လှုပ်လှုပ်ရွရွဖြစ်သွားသည်။ အားလုံးကို အဖွဲ့အမျိုးမျိုးခွဲလိုက်သည်။
“ခင်ဗျားတို့က ရဲတွေပဲ လုပ်ကြပေါ့။”
ခင်မင်တတ်တဲ့ ဇင်ကိုလတ်က ဘန်းစကား တစ်ခုကို မကြားတကြား ရွတ်သည်။

အမှန်အကန်များ (စစ်ဆေးရန်မလို) ဆိုသောခေါင်းစဉ်အောက်က လူတွေကတော့ နာမည်ရင်းများဖြင့် ဘလော့ဂ်ရေးသော ကိုရဲမွန်၊ ကိုစိုးထက်၊ ရန်အောင်၊ စိုးဇေယျထွန်း၊ မျိုးကျော်ထွန်း၊ ချမ်းမြစိုး၊ ကိုမင်းကျော် အစရှိသူတို့။
ကိုရဲမွန်က “ကျုပ်တို့ကတော့ ဘွင်းဘွင်းပဲဗျ” ဟု ပြုံးပြုံးကြီးပြောသည်။ သြော်.. စင်ပေါ်ကလူများပါပေ။

ညီညီ(သံလွင်) နှင့် နေဘုန်းလတ် ကိုတော့ အရေးကြီး ဆိုသော ခေါင်းစဉ်အောက်မှာ နှစ်စ်ယောက်တည်း ထားသည်။ ထို့နောက် လူနှစ်ဦး သုံးဦး ခြံရံကာ သီးသန့်ခန်းထဲ ခေါ်သွားကြသည်။

“ညီညီ့နာမည်က ဘာဖြစ်လို့လဲ။ ကျွန်တော်တော့ စဉ်းစားမရဘူး။”
ဇင်ကိုလတ်က ပြောသည်။
“အေးလေ ညီညီ တစ်ယောက် စပိတ်တစ် ၀တ္တုထဲမှာ ကတည်းက ကံခေနေရှာတယ်။ အဲဒီထဲမှာလည်း ခေါင်းကွဲလိုက်သေး။ အင်း ကဗျာရေးတဲ့ ကလောင်နာမည်ကို ခေလွန်း လို့ မှည့်လိုက်လို့ ကံခေနေရလား မသိပါဘူး။”
ကိုဖြိုးက မှတ်ချက်ချသည်။
“ဒါဆို နေဘုန်းလတ် ကျတော့ရော”
အားလုံးအတွေးရကျပ်နေသည်။ ကိုဖြိုးဝါးနေသော ကွမ်းတစ်ရာ ညက်သွားသည့်အချိန်မှ သူတို့နှစ်ယောက် ပြန်ထွက်လာတော့ အားလုံးက ၀ိုင်းမေးကြသည်။
“ဒီလိုခင်ဗျ။ သူမ ၏ ကဗျာဆရာ ထဲက “သူမ” ဆိုတာ ဘယ်သူ့ကို ပြောတာလဲ တဲ့ဗျာ။ ကျွန်တော့်ချစ်သူပါ ဆိုတာ တော်တော် ရှင်းပြလိုက်ရတယ်။ ဟူး…။”
နေဘုန်းလတ်ကလည်း ပြောပြသည်။
“ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်ဆိုတာ ငါတို့ကိုရွဲ့တာလား တဲ့ဗျာ။ တော်သေးတာပေါ့ ဒီနာမည်က လွှတ်ချခဲ့တဲ့မြို့တော်က အစပြုတာ ဆိုတာ သူတို့မသိလို့။ နို့မို့ရင် ပိုရှင်းရခက်မယ်။”

ဂျပန် ဆိုသော ခေါင်းစဉ်အောက်တွင် ယူဆဂိ၊ ဟနစံ တို့နှင့်အတူ ကိုအန်ဒီမြင့်တို့ မိသားစု ။
“ကျွန်တော်တို့က ဘာလို့ ဂျပန်အဖွဲ့ထဲ ရောက်နေရပါလိမ့်။”
ကိုအန်ဒီမြင့်က အိပ်ပျော်နေသော ကလေးကို လက်တစ်ဖက်က ချီကာ တစ်ဖက်က ခေါင်းကိုကုတ်ရင်း ပြောသည်။
“အသာနေလိုက်ပါ ကိုယ့်ဆရာ။ ကြည့်ရတာ ဘိုးတော်တို့ ဂျပန်အဖွဲ့က သက်သာမယ့်ပုံ။ မီးစင်ကြည့်ကလိုက်။ ကလေးမနိုးခင် ပြီးပြတ်သွားဖို့အရေးကြီးတယ်။”
တိုင်းရင်းသား ခေါင်းစဉ်အောက်က ကိုစောဘုန်းလူက လှမ်းပြောသည်။ ကိုစောဘုန်းလူနဲ့အတူရှိနေသူများကတော့ ကလိုစေးထူး၊ ခွန်မြလှိုင်၊ စိုင်းလားရှိုး၊ ခွန်မောင် စသူတို့ဖြစ်သည်။

ကိုရုပ်ဆိုးကြီး ၏ အသံကျယ်ကြီးထွက်လာသည်။
“ကဲ ကဲ ဂျပန်နာမည် ပေးထားတဲ့အဖွဲ့တွေ လာကြ။ ဂျပန်ဘာသာ အဓိပ္ပာယ်တွေတော့ တို့အထဲက ဘာသာပြန်တဲ့လူ ပြောပြလို့သိပြီးပါပြီ။ ဟန ဆိုတာက ပန်းကလေး။ ယူဆဂိ ဆိုတာက ယုန်ကလေး ဟုတ်တယ်နော်။”
မဟနစံနှင့် ယူဆဂိ တို့က ခေါင်းညိတ်ပြသည်။
“၀ီရှီမီကတော့ စားစရာပဲ။”
ကိုအန်ဒီမြင့် မျက်လုံးပြူးသွားသည်။
“ဟုတ်တယ်လေ.. ဂျပန်စာ ငါးအစိမ်း လွှာထားတာမဟုတ်လား။ သိပြီးသားပါ ဟဲဟဲ။”
ဝီရှီမီကို ဂျပန်ဘာသာစကားထင်ပြီး စာရှိမိ sashimi နဲ့ မှားပြောတာကိုး။ ကိုအန်ဒီမြင့်က သိပ်မကျေနပ်ချင်၊ ဒီလောက် အနှစ်သာရနှင့် ပြည့်စုံသော နာမည် WeSheMe သေသေချာချာ ရွေးထားတာကို စာရှိမိနဲ့များ မှားရတယ်လို့။ ရှင်းပြဖို့ တစ်ချက်ပြင်သည်။ မဒမ်အန်ဒီမြင့်က ရှင်ဘာလျှာရှည်ချင်လို့လဲ၊ အိမ်မြန်မြန်ပြန်ရဖို့အရေးကြီးတယ် ဟူသော မျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်မှ ငြိမ်သွားသည်။
“ကဲ အားလုံးပြန်နိုင်ပါပြီ။ နိပွန် ဘီရုမာ ဘန်ဇိုင်း။”
“နိပွန် ဘီရုမာ ဘန်ဇိုင်း”
ခါးကလေးကိုင်း ခေါင်းကလေးများညွှတ်ကာ အောင်မြင်စွာပြီးဆုံးသွားသည်။

ပါဠိ ခေါင်းစဉ်အောက်မှာတော့ ကိုပုထုဇဉ်၊ မမေဓာဝီ၊ ကိုဥပေက္ခာ၊ အဉ္ဖလီ၊ ပီတိ၊ မသဒ္ဓါ တို့စုဝေးနေကြသည်။
“နတ္တိ..”
ကိုရုပ်ဆိုးကြီးက နာမည်ခေါ်သည်။
“မရှိ”
အားလုံးက ပြန်အော်သည်။
“နတ္တိ..”
ကိုရုပ်ဆိုးကြီးက ထပ်ခေါ်သည်။
“မရှိ”
အားလုံးက ပြန်အော်သည်။ ကိုရုပ်ဆိုးကြီးက မျက်လုံးပြူးကြည့်သည်။
“ဘာလဲ နောက်စရာမဟုတ်ဘူးနော်။ နတ္တိဆိုတာ မရှိ ဆိုတာ ငါတို့ သိတယ်။”
“အာ.. အဲဒီဘလော့ဂါက ဘလော့ဂ်မရေးတော့ဘူး။ မရှိတော့ဘူး လို့ပြောတာ။”
တစ်ယောက်က၀င်ပြောတော့မှ ရှက်ရမ်းရမ်းကာ ရေရွတ်သည်။
“ဟင်း နာမည်တွေကလည်း ဘုန်းကြီးတွေ မယ်သီလရှင်တွေ ကျနေတာပဲ။ ဒီလို လှလှပပလေးဆို ဟုတ်တုတ်တုတ်။ အဉ္ဇလီတဲ့။ အဉ္ဖလီ ဆိုတာ ဘယ်သူလေးလဲကွဲ့”
မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးကြီးဖြင့် ရီရီဝေေ၀ကြည့်သည်။ ဂျင်းဘောင်းဘီ တီရှပ်ကလေးဝတ်ကာ ဆံပင်ကုတ်ထောက်ဖြင့် ထွက်လာသူကိုတွေ့တော့ မျက်နှာကြီး ရှုံ့မဲ့သွားသည်။
“ဟင် အဉ္ဇလီ ဆိုတာ မင်းလား။”
“ဟုတ်ကဲ့ခင်ဗျ”
လူကြီးက မျှော်လင့်ချက် ပျက်သုဉ်းသွားသော သက်ပြင်းကြီးတစ်ချက်ကိုချကာ
“ဟူး.. ကဲ ကဲ ပါဠိအဖွဲ့တွေလည်း သွားကြတော့။ ဟင်း ရှာရှာဖွေဖွေ နာမည်တွေ မှည့်ကြတော့ တို့တွေက အလုပ်ရှုပ်ရတယ်။ ကလောင်နာမည်ပေးလည်း မသကာ သဲလေး တို့ ညလေးတို့ ချစ်လေပြေလို နာမည်လေးတွေဆို ရိုးရိုးလေးနဲ့ တယ်ခေါ်လို့ကောင်း.. တဲတဲရေး.. ညညရေး.. ချစ်.ချစ်..”
“ခင်ဗျားကြီး ကျုပ်နှမတွေကို ရိတိတိ မလုပ်ပါနဲ့ဗျ”
မဟုတ်မခံတတ်သော ရပ်ကွက်လူကြီးအမည်ရ ကဒေါင်းညင်သာက ဒေါပွနေသဖြင့် အနားမှ မောင်ကင်း ခေါ် ကင်းမြီးကောက်က ဆွဲထားရသည်။ သူတို့ကတော့ အကောင်ပလောင်နာမည်များ ခေါင်းစဉ်အောက်တွင် ဖြစ်သည်။

ဤသို့ဖြင့် အဖွဲ့အသီးသီးကို မေးမြန်းကြရာ ရာသီဥတု အဖွဲ့အောက်တွင် မိုးလှိုင်ည ၊ မိုးညို၊ နွေလှိုင်ဿုဉ်း၊ နှင်းမိုးဝေ စသည်ဖြင့်၊ ကျေးလက် အဖွဲ့တွင် ကိုမောင်ရင်၊ မောင်လှ၊ လေးမ စသည်ဖြင့် (ကျန်အဖွဲ့များကို စာရှည်မှာစိုးသဖြင့် ကိုယ်တိုင်တွေးတောယူနိုင်ရန် ချန်လှပ် ခဲ့ရပါသည်။) အလှည့်ကျ အသီးသီး အသက အသက ရှင်းလင်း ပြီးစီးကုန်ကြ လေသည်။

မယ်လိုဒီမောင်၊ အိုအေစစ် မစ္စတာပွတ်၊ ခရီရေတာ၊ တက်စလာ၊ မောင်တိန် (ခေါ်) Imaginary Clouds No2 နှင့် ပန်ဒိုရာတို့ကတော့ ဒွေး ဟုခေါ်သော ခေါင်းစဉ်အောက်မှာ စုရသည်။ သူတို့အဖွဲ့ကတော့ ဟိုး နောက်ဆုံးမှာဖြစ်သည်။
“အိမ်းကွယ်.. သူများအဖွဲ့တွေကတော့ ဟုတ်ပါပြီ။ တို့များက ဘာလို့ ဒွေးဖြစ်ရပါလိမ့်။ ရုပ်ရှင်မင်းသား ဒွေး ကတော့ ကွယ်လွန်ရှာပြီ။”
မောင်ပွတ်က ပညာရှိစတိုင် မေးကလေးပွတ်ကာ စဉ်းစားခန်းဖွင့်သည်။
ခရီရေတာက အလန့်တကြားထပြောသည်။
“ဟာ. ဒါဆို ကျနော်တို့ကို ဒွေးသွားရာလမ်းကို ပို့မလို့လားမသိ။”
မယ်လိုဒီမောင်က တအီးအီး နှင့် ထ ငိုတော့သည်။
“မီးမီး တေချင်တေးဝူး မီးမီးကြောက်ကြောက်။”

နောက်ဆုံးတော့ အရုပ်ဆိုးသူကြီးက ဘီလူးရယ်သို့လဖြဲတည်း စတိုင်နှင့် အားရပါးရ ရယ်ကာ ရောက်လာပါသည်။ “ဟင်းဟင်း မင်းတို့တွေက အီးဂလိပ်လို နာမည်တွေ ပေးထားလို့ အမေကျော် ဒွေးတော်လွမ်းကြတဲ့အဖွဲ့ ဆိုတော့ ဒွေး လို့ အတိုကောက် နာမည်ပေးထားတာကွ”
အဲ.. အခုမှ ရှင်းတော့သည်။ မှားပါသည်။ ဒွေးတော်လွမ်းမိ အပြစ်ရှိခဲ့သည်တကား။

“ကဲ မင်းတို့ နာမည်ကို မြန်မာလိုအဓိပ္ပာယ် သေသေချာချာ ပြောရမယ်။ မပြောနိုင်ရင်တော့ ဘလော့ဂ်ကိုဖျက်ရမယ်။ ပြောစမ်း။”
မယ်လိုဒီမောင်က သွက်သွက်လက်လက် ဖြေသည်။
“မယ်လိုဒီဆိုတာ သံစဉ်ကိုပြောတာပါရှင့်။ ဘလော့ဂ်ခေါင်းစဉ်မှာလည်း ရေးထားတယ်လေ။”
တက်စလာက သိပ္ပံပညာရှင်ကြီးတစ်ဦးထံ မှယူထားသော နာမည် ဖြစ်ကြောင်း၊ အိုအေစစ်မောင်ပွတ်ကလည်း အိုအေစစ်၏ အဓိပ္ပာယ် နှင့် ၀က်ဝံ ကာတွန်းရုပ်ကလေး အကြောင်း ခရီရေတာကလည်း ဖန်ဒီးရှင် ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောပြကြလေသည်။

မောင်တိန်အလှည့် ရောက်လာသည်။
“အင်.. အင်မေဂျင်နာ.. ဟာ.. ဒါက ဘယ်လိုနာမည်လဲ မင်းက ဘယ်လိုဖြစ်ရတာလဲ”
“ဒီလိုပါခင်ဗျ Imaginary Homelands ကို သိတယ်မဟုတ်လား”
လူကြီးက ဟမ် ခနဲ ဖြစ်သွားသည်။
“ဒါဆို Salman Rushdie ကိုတော့ သိမှာပေါ့”
“ဟာ… ဘာတွေ လာပြောနေတာလဲ”
အခြေအနေ ဟန်ပုံ မရသဖြင့် ပန်ဒိုရာက လူကြီးကို အသာမျက်ရိပ်ပြကာ လက်ဟန် ခြေဟန်ဖြင့် သင်္ကေတတစ်ခု လုပ်ပြလိုက်ရသည်။ ဒီတော့မှ ကိုရုပ်ဆိုးကြီးက ဘယ်လို သဘောပေါက် သွားသည် မသိ ခေါင်းတဆတ်ဆတ်ညိတ်ကာ
“အေးအေး ဟုတ်ပြီ မင်းသွားနိုင်ပြီ.. ညတွေဆို စောစောအိပ် ဟုတ်ပြီလား”
ဟု ဆိုကာ သွားခွင့်ပြုလိုက်လေသည်။
ထွက်သွားသော မောင်တိန် နောက်ကိုကြည့်ကာ "ငယ်ငယ်လေးရှိသေးတာပဲ ကျွတ်ကျွတ်" ဟု ခပ်တိုးတိုးညည်းသည်။

နောက်ဆုံးတော့ ပန်ဒိုရာအလှည့်ရောက်လာသည်။ အဟမ်း.. ဒွတ်ခ နဲ့ လှလှ တော့ တွေ့ကြလေပြီ။ ဂရိက သေတ္တာကြီး ကိစ္စကိုတော့ ပြောလို့မဖြစ်။ အင်္ဂလိပ်လိုတောင် မဟုတ်ဘဲ အခြားဥရောပစကားက ဆင်းသက်လာတာ ဆိုလျှင် ပြဿနာက ပြေးလွတ်မှာမဟုတ်။ တေဘီဆရာ။
….
….
….
သို့သော် ပန်ဒိုရာက လူလည်ပဲ။ ငှဲငှဲ။
“အဟဲ.. ပန်ဒိုရာဆိုတာ တကယ်တော့ အင်္ဂလိပ်စကား မဟုတ်ပါဘူး။ အိန္ဒိယက ဘာသာစကားပါ။”
“ဟမ်.. ဘာလဲ.. ကုလားစကားကို ပြောတာလား.။”
“ဟုတ်တယ်။ ပန်ဆိုတာ ကွမ်းယာကိုပြောတာ။ ဒို ဆိုတာကတော့ အေး၊ ဒို၊ တင်း၊ ကျား၊ ပန့် (ek dho theen chaar paanch) ၁ ၂ ၃ ၄ ၅ ။ ၂ ဂဏန်းကိုပြောတာပါ။ ရာ ကတော့ မြန်မာလို ရာပဲ ပေါ့။ ဒီတော့ ကွမ်းယာ၂ ယာ ကိုပြောတာပါ။”
ကိုရုပ်ဆိုးကြီးက မသင်္ကာစွာ မှုန်ကုတ်ကုတ် တချက်ကြည့်သည်။
“ဟင်း မဟုတ်သေးပါဘူး။ ဘာလို့ ယပက်လက်နဲ့မယာပဲ ရကောက်နဲ့ရာသလဲ။”
“သြော် ဒါကတော့ နိုင်ဂံဂျား ရောက်တာ ကြာပြီဆိုတော့ စာလုံးပေါင်းလေး မှားတဲ့အခါတော့ မှားပေမပေါ့။ မယုံရင် ဘလော့ဂ် လိပ်စာကိုကြည့် Pandora and Pandora နှစ်လုံးဆင့် ကွမ်း နှစ်ယာ..ကဲ”
မှတ်ထား။ ဒီလို စေ့စေ့စပ်စပ် ပြောတော့ လူကြီး ငိုင်ကျသွားသည်။
“သွားတော့ သွားတော့ တယ်လည်း ရှုပ်ရှုပ်ယှက်ယှက် နိုင်ကြတာပဲ”
ဤသို့ဖြင့် ပန်ဒိုရာ တစ်ယောက်လည်း ရင်ကော့ ခေါင်းမော့ကာ ဖြတ်ကျော် လာနိုင်ခဲ့ လေသတည်း။
ငှက် ငှက် ငှက်…


ပန်ဒိုရာ

(ဘလော့ဂါ မောင်နှမများ၏ နာမည်များကို ရင်းနှီးချစ်ခင်စွာ ထည့်သွင်းကျီစယ်ထားပါသည်။ ဖိုးချမ်းတို့ မောင်ရန်တို့ ပြောသလိုပြောရရင် “ချစ်လို့ချတာ၊ ချိတ်မချိုးနဲ့နော် အရုပ်ဆိုးတတ်တယ်ကွဲ့။ မကျေနပ်ရင် ပြန်စ။”)

34 comments:

P.Ti said...

ဟားဟား ပန်ဒိုရာ တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။

ပီတိ ဆိုသော အင်မတန်လှသောာ နာမည်ကို ဘုန်းကြီးတွေ မယ်သီလရှင် နာမည်ဟု ပြောသောကြောင့် ၄င်း၊
လာခေါ်ပြီး ပီတိ အကြောင်း နာမည်သာပါ ဘာမှဇာတ်ကွက် မပါသော ဇတ်လမ်းကို ရေးသောကြောင့် ၄င်း၊

ပန်ဒိုရာဟုခေါ် မယ်ကွမ်းနှစ်ယာ အား ပီတိကို ညစာကောင်းကောင်း နှင့် ကျွေးမွေးရမည် ဟု … ပြစ်ဒဏ်ပေးလိုက်သည်။
ဤအပြစ်ကို မလိုက်နာပါက တသက်လုံး ချက်ပြုတ်ကျွေးမွေးရမည့် အပြစ်ကို ပေးခြင်း ခံရပါမည်။

ကိုဖြိုး said...

ဘာမှလည်း မကျွေးဘူး

မေငြိမ်း said...

ဟွန့် ဟွန်း.. မကျေနပ်ပါဘူး..
တူညားကျတော့ ဘယ်အဖွဲ့ထဲ နေရမှာလဲလို့။
ရှင်းရှင်းပြောပါလား..
ရှင်းရှင်းပြောပါလား..
ခပ်ရှင်းရှင်းပြောကွယ်..။

Unknown said...

haha ----. u r really good one make fun to ur sisters and brother. make me laught

Anonymous said...

မမကွမ်းယာ... ဟားဟား အဲဒီလို များများရေးနော်။ ဒါဖြင့် ပုံရိပ် ဆိုတဲ့ နာမည်ကရော ဘယ်အုပ်စုထဲ ပါလည်း

Ye-Mon said...

အင်း ဒွေး တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ ဘလောက်ဂါလောကကြီး လှုပ်ခါသွားဦးတော့မှာပဲ။ ဒါနဲ့ အဲဒါ အိပ်မက်လား ရှေ့ဖြစ်ဟောတာလားဟင်။
ဆရာမ မမေငြိမ်းကတော့ “ကျေးလက်” အဖွဲ့က မှတ်လား။ :p
ပုံရိပ် ... ပုံရိပ် ... ပုံပြီးရိပ်နေတာဆိုတော့ အရုပ်ဆိုးဆိုး လူကြီးနဲ့ တစ်ဖွဲ့ထဲထင်တယ်။ စစ်စရာမလို။

Anonymous said...

ဟီးဟီး.. တနလာင်္နေ့မှာ အလုပ်မလုပ်ချင်နေတာနဲ့ မပန်ဟာ ဖတ်ပြီး တခွီးခွီးနဲ့ အားတွေရှိသွားပြီ ။

Yan said...

ခွီးခွီးခွီး……

ရီရတယ်ဗျာ. မပန်ဒီလိုမျိုး စာတွေရေးလေ ကျွန်တော်တို့ အသက်တစ်ရက်ပိုရှည်လေ. ကိုရုပ်ဆိုးကြီး စိတ်ညစ်လေပဲဗျ…

ဟတ်ဟတ်ဟတ်…

တံတားဦးက ကွမ်းနုဝါ
ပန်ဒိုရာကပေး
မေးနေရင် လျှာရှည်ပြောမှာမို့
အသာဝါးလို့ထွေး…

ဟေးဟေးဟေး…

စကားမစပ်. ဒီစာကိုရေးဖို့ ကွမ်းနှစ်ယာညက်သွားတယ်. မပန်က ဟင်ဒီလည်းရတာပဲနော်. တော်ချက်…

Andy Myint said...

ရုံးမှာ ပါးစပ်ကြီးဖြဲပြီး ရယ်နေရတယ်.. နှစ်ခေါက်ရှိပြီ…. တနင်္လာနေ့တိုင်းသာ ဒီလို တင်လာမယ်ဆို နောက်ဆို အရင်နဲ့ ပြောင်းပြန်ဖြစ်ပြီး တနင်္လာနေ့ကိုတောင် မျှော်နေရတော့မယ်…

Tesla said...

ကျနော်မောင်တက်စလာ ဒွေးတော်လွမ်းမိ အပြစ်ရှိ.. ဂိ..
အဲ ဒွေးဒွေးခြင်း အတူတူ တို့ကတော့ သူများလို ကွမ်းယာမရောင်းပါဘူး.. အဆင့်မြင့်မြင့်ဒွေးအေ့..။

hnin said...

မပန်ရေ... ဒီလိုအရေးအသားလေးတွေကြောင့် မပန်ကို သဘောကျနေရတာ။ အမြဲပဲ ဒီလိုမျိုး ရေးနိုင်ပါစေလို့...

Anonymous said...

ပန်ပန်ရေ ... ရယ်လိုက်ရတာ ...
ကိုရန်လေးပြောသလိုပဲ ... ပန်ပန်ရေးတဲ့စာတွေ ဖတ်ရတာ အသက်ရှည်ဆေးပဲ။

ကိုရန်လေးစာချိုးကို အားကျလို့ အတုခိုးလိုက်အုံးမှ။

ကွမ်းရွက်ကယ် ညှာကြွေ
ရေစိမ်တဲ့ဆေး
ကွမ်းနှစ်ယာ ဆင့်ကာဝါးတယ်
အာပေါက်မှထွေး ... ။ ... ။

ပန်ဒိုကွမ်းယာလေး ... ဒီလိုစာတွေ များများ ရေးနိုင်ပါစေ ... ။ :)

MELODYMAUNG said...

မပန်ရေ ဒွေးတော်လဲ လွမ်းပါဘူး ဒွေးကိုလဲလွမ်းပါဘူး အီးဟီး လိုက်ခဲ့ဆို ခေါ်ပြီးတော့

အူနှိပ်ပြီးရယ်ရတယ် အူနာတွားပီ ရော်ပေးရော်ပေး :P

သန့်ဇော်မင်း said...

ဟီး.... တားတို့လည်း အပါဝူးးးးး :P

မပန်ရေ.. ကောင်းပါ့ဗျာ.. အဲ့လိုစာမျိုးလေးတွေ များများရေးပါဗျို့ :)

tzm

ZawZaw said...

မပန်ကောင်းတယ်ဗျာ ဖတ်လို့၊
ဟဲဟဲ ကျွန်တော်လဲ ဒွေးထဲပါတော့မယ်
မြန်မာစာကို အင်္ဂလိပ် လိုရေးရေးနေလို့
ဒါနဲ့ ကွမ်းတယာလောက် မျှပါဦး

ခင်မင်းဇော် said...

မပန် အမကရော ဘယ်အဖွဲ့မှာလဲ
အမလေး ရယ်လိုက်ရတာ ဖတ်ဖတ်မော..
တော်ပါပေ့ကွယ်ရို့.........
အော် ဒါ့ကြောင့် Pandora and Pandora ဖြစ်နေတာကိုး။
ဟိုတခါပြောတော့ အရိပ်တဲ့တခုက ...
တတ်လည်း တတ်နိုင်ပါပေ့ကွယ်.....

Anonymous said...

ဟိုက်ရှားပါး….ကွန်မန့် တွေလဲအများကြီးပါလား..Celebrity ဆိုတော့လဲဒီလောက်တော့ရှိပေမပေါ့လေ..


“အဉ္ဖလီ ဆိုတာ ဘယ်သူလေးလဲကွဲ့”
မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးကြီးဖြင့် ရီရီဝေေ၀ကြည့်သည်...”

တော်သေးတယ်နော်..ကျွန်တော့်နာမည်က တောကျကျ ခပ်ဂွမ်းဂွမ်း..ပေးထားမိလို့ ..

စာရေးဆရာတွေကိုလကမ္ဘာပို့ သလိုမျိုး…ရေးဖော်ရေးဖက်စာရေးဆရာတွေကို ဇာတ်ကောင်လုပ်ပြီးကလိတတ်တဲ့ ဆရာသော်တာဆွေနဲ့ ဆရာမင်းလူတို့ လိုမျိုးအရေးအသားပါပဲ..ဒါပေမယ့် ဘလော့(ဂ)စာပေလောကမှာတော့ ရေးဖော် ဘလော့ဂရောင်းရင်းတွေကိုဇာတ်ကောင်လုပ်ရေးတာတော့ မပန်ပထမဆုံးဖြစ်မယ်ထင်တယ်.ဘလော့ဂလောကအထိတောင်မှစစ်စစ်စီစီ ဆို.ပြီးတော့ခေတ်ကိုလဲပါးပါးလေးထင်ဟပ်ပြထားတယ်..
နောက်ဆုံးတွေးမိတာက..မမှားအောင် စီစစ် တဲ့ “စီစီစစ်စစ်” ထက် . “စစ်စစ်စီစီ”.ဆိုတာကြီးက ပိုဆိုးမယ့်သဘောကိုဆောင်လို့ သင့်လျော်သော Title လို့ ယူဆပါကြောင်း…

imaginary clouds no 2 said...

မောင်တိန် (ဒွေးတော်လွမ်း) ရောက်လာပါတယ်ခင်ဗျ ။ ခုမှ အိပ်ယာထလို့ပါဗျ ။ ဒါမျိုးလေးတွေးများများလုပ်ပါဗျ ။ အမြဲတမ်း ကတ္တရာ ဗုံးတွေဆို မမိုက်ဘူးတဲ့ ။
ထုံးဖြူ မြန်မာဆေး လေးနဲ့ တစ်ယာလောက်လုပ်ပါဦး ။

Layma said...

သာမီးက လသာရင် ကြက်ဖခွပ် တဲ့ ကျေးလက် အဖွဲ့ ဝင်ပေါ့နော်… ကောင်းပ…ကောင်းပအရီးလေးရယ်….။ ဟား..ဟား….လန့် သွားတာပဲ အရီးလေးကလဲ…။

ဇနိ said...

ရီလိုက်ရတာ။
ကျေးဇူးတင်ပါ့။
သိပ်တော်ပါ့။
ရေးတတ်ပါ့။

Anonymous said...

ရီလိုက်ရတာဗျာ။ အရမ်းကိုတော်ပါပေတယ်။ တော်သေးတယ်၊ အရုပ်ဆိုးဆိုးလူကြီးက ပြန်လွှတ်ပေးလိုက်လို့။ နို့မို့ဆို ဒီလိုမျိုးစာတွေ ဘယ်ဆက်ဖတ်ရတော့မလဲ။

စိုးထက် - Soe Htet ! said...

နောက်ကျသွားးတယ် ...

Anonymous said...

ရီရဒယ်.. ရီရဒယ်.. ဒါပေမဲ့ဟွန့်.. အနော်တို့ကျတော့အဖွဲ့မဲ့နေတယ်.. ကျေနပ်ဘူး.. အူးဝူးဝူး

ဒီဝိုင်း (D'vine) said...

ကွမ်းယာတောင် စားချင်စိတ်ပေါက်လာပြီး)

ယူဆဂိ said...

ယူဆဂိ၊ ဟနစံ ၊ ကိုအန်ဒီမြင့်
တို့ကို ဂျပန်မိသားစုရယ်လို့ မပန်ပြောမှ သိသွားတယ်..
:)
ဒီလိုရေးဖို့စိတ်ကူးလေးဘယ်လိုရလာလဲ ဗျူးပါရစေ

thamudayanwe said...

ရီရတယ်..

ကလိုစေးထူး said...

စဖတ်ပြီးကတည်းက ကွန်မန့်ရေးမလို့ပါပဲ။ နောက်တခေါက် သေသေချာချာ ထပ်ဖတ်ချင်သေးတာနဲ့ အခု လာထပ်ဖတ်တော့ ကွန်မန့်က ၂၆ ခုတောင် ရှိနှင့်နေပြီ။ မမလေးဒိုရာတယောက် တော်တော်အောင်မြင်တာပဲကိုး။ အရေးအသား သိမ်သိမ်မွေ့မွေ့နဲ့ ပေးချင်တဲ့ မက်ဆေ့လေးတွေကို ဟာသရသလေး နှောပြီး အားလုံး အမြင်ကြည်အောင် ရေးနိုင်စွမ်းကတော့ မချီးကျူးဘဲ မနေနိုင်ဘူး။ တော်တယ်ဗျာ။

sawphonelu2010@hotmail.com said...

မင်းလူ ဝတ္ထု ဖတ်ရ သလိုပဲ ဗျာ ။ ကျွန်တော် ကို တော့ အတိုအစ ခေါင်းစဉ် အောက်မှာ ထည့်ပေး ပါ ခင်ဗျား။ အတိုအစ၊ အကျိုးအပဲ့ ၊ ဟိုတစ်စ ဒီတစ်စ ၊ အပိုင်းအစ ၊ ရောက်မိရောက်ရာ၊ ဟိုရောက်ဒီ ရောက် ၊ စသည့်ဖြင့် ပေါ့ဗျာ ။ ကျွန်တော်က တိုင်းရင်းသား မဟုတ်ပါ။ မွန်၊ ကရင် ရောမည် ထင်ရသော ( ဘိုးဘေး သုံးလေးဆက် က ဖြစ်မည်) ဗမာ စစ်စစ်ပါ။ ဟဲ ဟဲ ။ ကျေးဇူး တင်ပါတယ်။

Anonymous said...

မပန် ညလေးတို့ကျ ဘယ်အဖွဲ့ထဲပါလဲ ရဘူး ပြန်ဖွဲ့ပေး ဒါပဲ။

“တဲတဲရေး.. ညညရေး.. ချစ်.ချစ်..” အာဘွားး

ကွမ်းမကြိုက်တဲ့သူကိုမှ
ကွမ်း၂ယာ ၀ယ်ကာကျွေးလေတော့
စမ်းသပ်ကာ စားကြည့်လေသော်လည်း
ဖန်တန်တန် ခါးသက်သက်ရယ်မို့
အရောင်မနီခင် ထွေးထုတ်ပစ်ရတယ်
မပန်ရေ.... ရေသန့်ဗူးပါပေး :P

ငါ့အစ်မ တအားတော် ရီရတယ်။ ဂယ်ခေါ်မှာလား..

Anonymous said...

မပန်.. ရယ်နေတယ်.. ဒါပဲပြောနိုင်တယ်.. ဟားဟား..

pandora said...

ကွန်မန့်တွေ အများကြီး ရေးသွားကြသူတွေရော ဆီပုံးထဲက ရယ်သွားကြသူတွေရော တိတ်တိတ်ကလေး တခွိခွိနဲ့ ပြန်သွားကြသူတွေရော အားလုံးကို ကျေးဇူးပါ။

ဘလော့ဂါတွေ ဇာတ်လိုက်လုပ်ရေးတာကတော့ ဂျစ်ဂျစ်ရဲ့ ဘလော့ဂ်မှာ အားလုံးစုရေးကြတဲ့ စပိတ်တစ် ၀တ္တုက စတယ် ထင်ပါတယ်။

ဒီစာရေးဖို့ စိတ်ကူးရတာကတော့ ဘယ်လိုရယ်လို့ တိတိကျကျ ပြောရခက်သား။ ဘာကိုမဆို ပေါက်ကရပဲ တွေးကြည့်နေမိသူကိုး။

Thet Oo said...

တကယ့်ကို အတွေးကောင်း၊ အရေးကောင်းပဲ။

zeRoTraSh said...

တနေကုန် အလုပ်ရှုပ်လို့ ပင်ပန်းနေတာ
ခုမှပဲ ရီရတော့တယ် ဟား ဟား ဟား ဟား . . .
သိပ်ကောင်းတယ် ဖတ်ရတာ Good
ကျွန်တော်လည်း ခင်ဗျား ပြောသလိုသာဆို သေပြီ ဆရာပေါ့
ပိုဆိုးသေး ကျွန်တော်က ဖိုးဝ ဖိုရမ်မှာ အဲဒီ့ နာမည် ကိစ္စကို
လျှာရှည်ပြီးရေးထား မိသေးတယ်
သေချာတယ် ကျွန်တော်ဆို မလွတ်လောက်ဖူး
အမြန်ပြန်စဉ်းစားအုံးမှ ဘယ်လို ဖြီးရမလဲဆိုတာ

Anonymous said...

အမလေး..ဘယ်တုန်းကရေးထားမှန်းတောင်မသိဘူး.အိမ်လည်မထွက်ဖြစ်တာကြာလို့ ညီမလေးကတော့ ပြောင်မြောက်တယ်ဟေ့ ကဒေါင်းပုံစံရေးတာ ကွက်တိဘဲ ဟဲဟဲ..နတ္ထိကတော့ မရှိဘဲ.ဟီးဟီး