Chaos က ရေးခိုင်းထားတာပါ။
ဘာမှ မကြောက်ဘူးကွ။
အဲဒီလို ဟစ်ကြွေးလိုက်ချင်ပေမယ့် လူဆိုတာ တခုခုတော့ ကြောက်ကြတာချည်းပဲ ဆိုတော့ ပန်ဒိုရာလည်း ကြောက်တာလေးတွေ ရှိပါတယ်။ ဒီနေရာမှာ မြန်မာစကားက ရွံရှာတာကို ဖြစ်ဖြစ် ထိတ်လန့်တာကို ဖြစ်ဖြစ် စိုးရိမ်ပူပန်တာကိုဖြစ်ဖြစ် ကြောက်ရွံ့တာကိုဖြစ်ဖြစ် ကြောက် ဆိုတဲ့ စကားတစ်လုံးနဲ့ပဲ သုံးချင်သုံးတတ်တာကို မှတ်သားမိပါတယ်။ ဥပမာ ဆိုရရင် သရဲကို ကြောက်တာနဲ့ ကြွက်ကို ကြောက်တာနဲ့ ကြောက်ပုံကြောက်နည်း တော့ တူမယ်မထင်။ စကားကတ်တယ် လို့တော့ မထင်ပါနဲ့။
Phobia ဆန်ဆန်ကြောက်တာနဲ့ ပတ်သက်လို့ကတော့ ပန်ဒိုရာက တွန့်တွန့်တွားသွား သတ္တ၀ါ (creepy crawly creature) တွေကို အလွန် ရွံကြောက်ပါတယ်။ ကိုယ့်အသားနဲ့ ထိသွားမှာကို သိပ်စိုးတယ်။ တီကောင်လို ပြောင်ချောချောဆို ပိုဆိုး။ စေ့စေ့တောင် မကြည့်ချင်ဘူး။ အိ အိ။ (လာတို့တဲ့လူကို တသက်မခေါ်ဘူးမှတ်။) ဖားတို့ ကြွက်တို့တော့ မကြောက်ပါ။ ငယ်ငယ်ကဆို မိုးဦးကျမှာ လမ်းဘေးမှာ ဖားပေါက်စလေးတွေ အပြိုင်းအရိုင်း ပေါနေချိန်ဆို ၀ှက်ထားပြီး ကြောက်တတ်တဲ့ သူငယ်ချင်းကို ဘာမပြောညာမပြောနဲ့ လက်ထဲထည့်ပေးတာ။ (အဟီး.. သူများကိုတော့ သွားစတယ်။ အခုတော့ အဲဒီအကျင့်တွေ မရှိတော့ပါဘူး။ ယုံလိုက်။)
ထိတ်လန့်ကြောက်ရွံ့တာ ဆိုရင်တော့ သရဲ တစ္ဆေနဲ့ ပတ်သက်လို့ တကယ်ရှိတာ မရှိတာ အသာထား၊ သာမန် သူလိုကိုယ်လိုပဲ ကြောက်ခဲ့ဖူးတာပဲ။ (သရဲကားတော့ ကြည့်ရတာ ကြိုက်တယ်။) ဒါပေမယ့် လူသူနည်းပါးတဲ့ အဆောက်အဦကြီးတစ်ခုမှာ သရဲခြောက်တယ်လို့ ကြားဖူးခဲ့တဲ့ အခန်းတစ်ခန်းရဲ့ မျက်စောင်းထိုးက အခန်းလေးတစ်ခုမှာ နှစ်နဲ့ချီပြီး တစ်ယောက်တည်း နေခဲ့ဖူးတယ်။
စိုးရိမ်တာမျိုးဆိုရင်တော့ ကိုယ်ချစ်ခင်တဲ့လူတွေ စိတ်ဆိုးမှာကို စိုးတတ်တယ်။ အထူးသဖြင့် သူ ပေါ့။ မကြိုက်နိုင်တာတွေ လုပ်မိတာ လျော့အောင်တော့ အတတ်နိုင်ဆုံး စိတ်ကိုဆုံးမ ကြိုးစားနေတာပဲ။
မပြည့်ဝသေးတဲ့ လူ ဆိုတော့လည်း တရားသဘောအရ တွေ ဘာတွေဆိုရင်တော့ ကြောက်သင့်တာတွေ မကြောက် မကြောက်သင့်တာတွေ ကြောက်လည်း ဖြစ်ချင်ဖြစ်နေမှာပဲ။ လောလောလတ်လတ် ခေါင်းထဲမှာ ရှိနေတာ အနေနဲ့ အကြောက်ဆုံးကတော့ အကြောက်တရား ကိုယ်တိုင်ကို ဖြစ်နေတယ်။
The only thing we have to fear is fear itself ဆိုတဲ့ စကားလေး တော်တော်များများ ကြားဖူးကြမှာပါ။ ပြောခဲ့သူကတော့ အမေရိကန် သမ္မတ (ဟောင်း) Franklin D. Roosevelt ပါ။ ဒီမှာ ပြောခဲ့ပါတယ်။
အဲဒီလို အကြောက်တရားမျိုး ရဲ့ အကျိုးဆက်လို့ စဉ်းစားလိုက်ရင် အော့ဇ၀စ်ခ်ျ နာဇီအကျဉ်းစခန်းကြီးကို မြင်ယောင်လာတယ်။ ဟီရိုရှီးမား မှာ ကြဲချလိုက်တဲ့ နျူကလီးယား မှိုပွင့်ကြီးကို မြင်ယောင်လာတယ်။ World Trade Centre ကြီး မြင်လာတယ်။ တန်ခိုးရှင်ရဲ့ တစုံတရာ အမိန့်အောက်မှာ ဖုံမှုန့်တွေ ဖုံးလွှမ်းလို့ ကျောက်တောင်လို မာကျောတဲ့ နှလုံးသားတွေနဲ့ အသက်ကိုစတေးဖို့ ၀န်မလေးကြသူများကို မြင်ယောင်လာတယ်။ အနီးကပ်ဆုံး တနေရာမှာတော့ သနားစရာကောင်းတဲ့ မျက်လုံးဝိုင်းတွေနဲ့ ဘာကိုမှန်းမသိ စောင့်မျှော်ကာ ပါးစပ်ပိတ်ပြီး သည်းခံနေကြတဲ့ သိမ်မွေ့တဲ့ နှလုံးသားတွေကို မြင်လာတယ်။ အပြန်အလှန် ကြောက်ကြတယ်။ ကြောက်လို့ ပြန်ခြောက်တယ်။ ခြောက်လို့ ပိုကြောက်တယ်။ အကြောက်တရားနဲ့ ကစားတဲ့ပွဲတွေက အရင်းအနှီး ကြီးလှတယ်။
ရုစဗဲ့ ရဲ့ စကားက မဆုံးသေးပါဘူး fear itself ဆိုတာကို အခုလို ဆက်လင်း ထားပါသေးတယ်။
"… let me assert my firm belief that the only thing we have to fear is fear itself—nameless, unreasoning, unjustified terror which paralyzes needed efforts to convert retreat into advance...."
ကျိုးကြောင်းဆီလျော်မှု မရှိသော၊ တိုးတက်မှုကို ဟန့်တားစေသော၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အပြောင်းအလဲတစ်ခုကို ပိတ်ဆို့စေသော၊ အဓိပ္ပာယ်မဲ့ အကြောက်တရားတွေကို ဘယ်လို အတူ ဖယ်ရှားကြမလဲ။
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
2 weeks ago
10 comments:
အကြောက် တရားနဲ့ ကြီး လာခဲ့တာ ... အခုတော့ နဲနဲ လျော့လာပါပြီ .. :D
မပန်ရေ.. အမလည်း တွန့်တွန့်နဲ့သွားတာတွေကို တော်တော်ကြောက်တယ်.. မြွေတို့ ကျွတ်တို့ပေါ့.. :)
အကြောက်တရားရဲ့ ကစားပွဲဆိုတဲ့ အပိုဒ်လေးကို ပိုကြိုက်တယ်မပန်..
အစ ပိုင်းမှာ ဘာမှမကြောက်ဘူးလို့ ကြွေးကြော်လို့ အဟုတ်မှတ်သွားတယ်။ :-D
အစပိုင်းအပိုဒ်တွေ့ မှာ ပေါ့ပေါ့ပါးပါးလေးရေးထားပြီး နောက်ဆုံး လေးပိုဒ်လောက်မှာ လေးနက်သွားတဲ့ အဖွဲ့ ဟာ အရမ်းလှပါတယ်။
မပန်ရေ မပန်ရဲ့
လို့တောင် ကျွန်မအော်ယူသွားလောက်အောင်ကို
အရေးအသားက အရမ်းကောင်းပါတယ်
အမကို တီနဲ့လာတို့တာ ဟိဟိ
ချိတ်ချိုးနဲ့နော်
ခေါ်ဦးမှာမလား
:P :D
ဖားတို့ ကြွက်တို့ဆို ငယ်ငယ်က ကြော်စား၊ ချက်စားတယ်။ လယ်ကြွက်ကိုပြောတာပါ။
စင်ကာပူမှာလည်း ဖားဟင်း ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ တခါတလေ ဟော့ကာ စင်တာမှာ စားရတာ ကျောမလုံဘူး။ နောက်က မှန်ပုံးထဲက ဖားက ကိုယ့်ကို လှမ်းချောင်းနေတတ်လို့။
ဒါပေမယ့် အဲသည် ဖားတို့ ကြွက်တို့ကို ကြောက်တဲ့ အကြောက်တရားက ဖျောက်ဖျက်လို့လွယ်တယ်။ တချို့သော အကြောက်တရားတွေကတော့ ဖယ်ဖျောက်လို့ မလွယ်ပေဘူး။
လောကကြီးမှာ ဘာမှမကြောက်လို့တော့ မရဘူး။ အကုန်လုံး ကြောက်နေရတာကလည်း မဟုတ်ပြန်သေးဘူး။ ကြောက်စိတ်က လူ့သဘာဝလေ။ သဘာဝဆိုတာ လွန်ဆန်ရ ခက်သားကလား။ သတိကို အသိကပ်ပြီး ပိုင်းခြားထိမ်းသိမ်းဖို့ ပြောကြပေမယ့် လက်တွေ့ကျ ထင်သလောက် မလွယ်ပြန်ဘူး။ ဒီအားနည်းချက်ကို အသုံးချနိုင်တဲ့သူတွေက လူပေါ်လူဇော်လုပ်တယ်။ တကယ်ကျ သူတို့ကိုယ်တိုင်လည်း တခုခုကို ပြန်ကြောက်နေပြန်ရော။
အရင်းခံကတော့ ကြောက်သင့်တာကိုမကြောက်၊ မကြောက်သင့်တာကို ကြောက်ကြတဲ့ အမှားပဲ။ အဲဒီ မှားပြီးကြောက်နေကြတဲ့ အကြောက်မှားကြီးကို ပန်ဒိုရာက ပေါ်အောင်ရေးပြနိုင်ခဲ့လို့ ကျေးဇူးတင်တယ်။
တီကောင် ကို ယူလာပြီး တို့မယ် ဟိ
အမကတော့ မြွေနဲ့ခွေးကို အကြောက်ဆုံး..
ကိုစိုးထက်..လျော့သထက် လျော့နိုင်ပါစေ
မနုစံ.. မြွေကမှ အရည်ခွံမာသေးလို့ တော်သေးတယ် .ပျော့တဲ့ကောင် ပိုကြောက်တယ်
ကောင်းကင်ကို.. choas အားပေးသမျှ ကျေးဇူးပါ
ကိုပေါ.. မလွယ်လည်း ကြိုးစားနေကြရဦးမှာပါ နို့မို့ ဘယ်ရောက်နိုင်တော့မလဲနော။
ကိုဝေလင်း .. ကျေးဇူးပါ။ မှတ်ချက်က ပိုပေါ်လွင်သွားစေပါတယ်.
မခင်မင်းဇော်.. တီနဲ့တို့ရင်ခေါ်တော့ဝူးနော်။
တီကောင်ကိုကြောက်တာလားဒဒါမှမဟုတ်ရွံတာလား။
Post a Comment