Tuesday, November 20, 2007

လေနုအေးကလေးပုံပြင်

လူသူတိတ်ဆိတ်နေတဲ့ တောင်ကုန်းတစ်လုံးပေါ်မှာ အိမ်ကလေးတစ်လုံး ရှိတယ်လို့ ဆိုကြပါစို့။ အဲဒီ အိမ်ကလေးမှာ ပြတင်းပေါက် သေးသေးလေး တစ်ခုရှိတယ်လို့ ဆိုကြပါစို့။ အဲဒီ ပြတင်းပေါက်ကလေး အနားမှာ ဝေ့၀ဲ တိုက်ခတ်နေတဲ့ ညင်သာလေကလေး ရှိတယ်လို့ ဆိုကြပါစို့။

ရာသီဥတု သာယာတဲ့ နံနက်ခင်းတစ်ခုမှာ အရင်က အမြဲတမ်း ပိတ်ထားခဲ့တဲ့ ပြတင်းပေါက် သေးသေးလေး ပွင့်သွားတယ်။ ပြတင်းပေါက်ကလေးကို အရင်က ဘာလို့ ပိတ်ထားခဲ့ပါလိမ့်။ တခုခု ၀င်လာမှာ စိုးလို့လား။ တခုခု ထွက်သွားမှာ စိုးလို့လား။

လေကလေး က ဟို့ဝေ့ဒီဝိုက် အကဲခတ်နေရာကနေ ဖွင့်ထားတဲ့ ပြတင်းပေါက်ကလေးထဲ စူးစူးစမ်းစမ်းနဲ့ ဖြတ်ကနဲ ခုန်ဝင်သွားတယ်။ မဲမှောင်နေတဲ့ အခန်းကျဉ်းကလေးထဲက ဖုန်မှုန့်တွေ ကြပ်ခိုးတွေကို လေကလေးက မှုတ်ထုတ်လိုက်တယ် ။ တောတောင်တွေကို ဖြတ်သန်း သယ်ဆောင်လာခဲ့တဲ့ စိမ်းစိုလတ်ဆတ်မှုတွေကို နေရာချပေးလိုက်တယ်။ ပြတင်းပေါက်ကလေးလည်း အံ့သြပျော်ရွှင်လို့။ လေညင်းကလေးလည်း ၀မ်းသာလို့။

ဒီလိုနဲ့ မနက်မနက်တွေရောက်ရင် လေညင်းကလေးက တောင်ကုန်းပေါ်ကို အပြေးကလေး ရွက်လွှင့်လာတယ်။ ပြတင်းပေါက်ကလေးက အဆင်သင့်ဖွင့်ပြီး စောင့်နေပေးတယ်။ နံနက်ခင်းရဲ့ လန်းဆန်းမှုတွေကို ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ ဖလှယ်ကြတယ်။

လေ ဆိုတော့ အစိုးမရခဲ့။ ရာသီဥတု မသာယာတဲ့ တနေ့မှာ လေညင်းကလေးက လေရူးကလေး အဖြစ်ကို ကူးပြောင်းသွားခဲ့တယ်။ လေပွေလေရူးကလေးက ပြတင်းပေါက် ကလေးကို တိုးဝှေ့ပြီး မူးမူးမိုက်မိုက် ၀င်တိုက်ပစ်လိုက်တယ်။ ပြတင်းတံခါးတွေ လေရူးအဝှေ့မှာ ၀ုန်းဒိုင်း နဲ့ ပိတ်လိုက်ပွင့်လိုက် ဖြစ်သွားတယ်။ အိမ်ထဲမှာလည်း ပစ္စည်းတွေ ဟိုဒီ လွင့်စင်ကုန်တယ်။

ပြတင်းပေါက်ကလေးဟာ လေရူးရဲ့ သဘာဝကို တော်တော် လန့်သွားပုံပေါ်တယ်။ အဲဒီညက မိုးချုပ်လို့ ပိတ်လိုက်တဲ့ ပြတင်းတံခါးလေးဟာ နောက်တနေ့ မိုးလင်းချိန်မှာလည်း ပြန်ပွင့်မလာတော့ဘူး။

အခုတော့ လေရူးကလေးက လေနုအေးအဖြစ် ပြန်လည် ငြိမ်သက်သွားခဲ့ပြီ။ မနက် လင်းလာရင် လေညင်းကလေးက ပြတင်းပေါက်ကလေးကို သွားသွားချောင်းသတဲ့။ စေ့စေ့ပိတ်ထားတဲ့ ပြတင်းတံခါးနဲ့သာ ရင်ဘတ်အောင့်အောင် ၀င်တိုးမိပြီး လှည့်ပြန်ခဲ့ရတယ်။

ဒီလိုနဲ့ တစ်ရက် နှစ်ရက် သုံးရက်.. ။ ပြတင်းပေါက်ကလေးကတော့ ပွင့်မလာတော့ပါဘူးတဲ့။ လေညင်းကလေးဟာ ကြေကွဲလွန်းလို့ တောင်ကုန်းပေါ် တက်လိုက် ဆင်းလိုက် ဂနာမငြိမ်။ လေနုအေးကလေး အေးသထက် အေးလာတယ်။ လေကလေးဟာ ခိုက်ခိုက်တုန်အောင် ချမ်းလို့။ နောက်ဆုံးတော့ မျက်ရည်တွေ သွန်ချပြီး ချုံးပွဲချ ငိုကြွေးတော့တာပဲ။ အဲဒါကို မိုးရွာတယ်လို့ ခေါ်ကြသတဲ့။

လူသူတိတ်ဆိတ်နေတဲ့ တောင်ကုန်းကလေး တစ်လုံးပေါ်မှာ ပြတင်းပေါက်သေးသေးကို ခပ်တင်းတင်း ပိတ်ထားတဲ့ အိမ်ကလေးတစ်လုံးပေါ် မိုးတွေ သည်းသည်း ရွာ…လို့။ အဲဒီမြင်ကွင်းကို မြင်ရတာလောက် ဘယ်တုန်းကမှ ၀မ်းမနည်းခဲ့ဖူးဘူး။


ပန်ဒိုရာ

15 comments:

Mdm paw said...

Nice writing.:)

Ko Paw said...

အရင်နှစ်ကြိမ်က မှော်တလှဲ့ စုန်းတလှဲ့ ချီးမွန်းမိလို့ အောက်လမ်းဆရာတွေနဲ့ချည်း နှိုင်းတယ်ထင်နေဦးမယ်။
သည်တခါတော့ “အရေးရော အတွေးပါကောင်းတယ်”လို့ ရိုးရိုးလေးဘဲ မှတ်ချက်ချလိုက်ပါတယ်။

ဂျစ်တူး - gyit_tu said...

ခံစားသွားတယ် မပန်ရေ ။

PeTi said...

လေက သူ့ဘာသာသူ တိုက်ချင်သလိုတိုက်၊ မိုးက သူ့ဘာသာသူရွာတာကို ခံစားတတ်အောင်းရေးတတ်တယ်။ လေးစားပါတယ် ပန်ဒိုရာ။

ညိမ်းညို said...

ကဝေမှော်ပေါက် စုန်းအတတ်မြောက်နေတဲ့ မကြီးပန်ရေ
ko paw ပြောသလို အောက်လမ်းတွေနဲ့ချည်း နှိုင်းတယ်လို့လည်းမထင်နဲ့ဦးနော်
စာအရေးကောင်းလွန်းလို့ဗျ။ပျော်ရွှင်ပါစေ :)

pandora said...

ိမဒမ်ပေါနဲ့ ကိုပေါ မိသားစုလိုက် အားပေးသွားတာ ကျေးဇူး အထူးတင်ပါတယ်။
ဂျစ် နဲ့ ပီတိလည်း ကျေးဇူး ။
ညိမ်းညိုရေ ဒါဆိုလည်း မထူးတော့ဘူး ပြုစားနည်းတွေပါ သင်လိုက်ဦးမှပဲ။

metta campaign said...

အဲဒီမြင်ကွင်းကို မြင်ရတာလောက် ဘယ်တုန်းကမှ ၀မ်းမနည်းခဲ့ဖူးဘူး။

pandora said...

ကိုမေတ္တာ ဘာတွေ ၀မ်းနည်းသွားပါလိမ့်

hninhnin said...

ပုံပြင်ပြောသူ မပန်... ပုံပြင်လေး နားထောင်ဖတ်ရှုအပြီးမှာ လေနုအေးလေးတိုက်ခတ်ခံလိုက်ရသလို ရင်ထဲမှာ စိမ့်တိမ့်တိမ့်...

naing said...

ဆိုကြပါစို့ ရဲ့

မေငြိမ်း said...

ပုံပြင်လေးကိုဖတ်အပြီးမှာ ပန်းချီပြန်ရေးချင်စိတ်ပေါ်လာတယ်။ ရေဆေးနဲ့လေ။ မိုးစက်တွေကို မျှောပြီးရေးမယ်။ ပန်းချီကား ထဲမှာ အစိမ်းပုပ်ရောင်ခပ်များများသုံးမယ်။ ပြတင်းပေါက်ကအစ ရေညှိတက်နေတဲ့ အစိမ်းပုပ်ရောင်ပေါ့။ ပန်ပန် သဘောတူတယ် မို့လား။။အဲဒီပန်းချီကားရဲ့ နာမည်ကလည်း လေနုအေးလေးပုံပြင်ပဲ။

MELODYMAUNG said...

အဲဒီမြင်ကွင်းကို မြင်ဖူးတုန်းကလေဘယ်တုန်းကမှ ၀မ်းမနည်းခဲ့ဖူးဘူး။ ဒါပေသိ ဒီပို့စ်လေး ဖတ်ပြီးရင်တော့ ဒီလိုမြင်ကွင်းလေးမြင်မိတိုင်း ၀မ်းနည်းမိတော့မှာပဲ ဒွတ်ခပါပဲ ချစ်ပန်ရယ် (ကိုစေးထူးကြီးရဲ့ ရေချိုးပို့စ်ဖတ်ပြီးကထဲကလဲ သူ့လိုပဲ ရေချိုးချိုးနေမိလို့ အအေးပတ်ပေါင်းများနေပီလေ) အမယ်လေး ဒွတ်ခပဲ ဒွတ်ခပဲ :P

pandora said...

သိုးမလေးရေ အားပေးတာ ကျေးဇူး
နိုင်ဆိုတဲ့အိမ်.. ဆိုကြပါစို့နော်
ဆရာမမေငြိမ်း.. သဘောတူတာပေါ့ အမရယ်.. ပန်းချီကား ဆွဲဖြစ်အောင်သာဆွဲပါလေ
ချစ်မယ်လ်ရေ အလွမ်းလေးနဲ့မှ အရသာရှိတာ မဟုတ်လား။

pandora said...

22 Nov 07, 11:33
Tesla: လေကလေးဟာ ချုံးပွဲချမျက်ရေမိုးတွေကို ခိုက်ခိုက်တုန်ရွာချနေတုန်း ဆောင်းတညမှာပေါ့ကွယ် မျက်ရေတွေဟာ အေးစက်တောင့်တင်းစွာ နဲ့ပဲ နှင်းတွေဖြစ်သွားကြသတဲ့။ ပြတင်းပေါက်လေးကတော့ တင်းတင်းစေ့နေအောင် ပိတ်ထားတုန်းပဲ..

ကြိုက်လို့ ကူးထားတယ် ကျေးဇူး မောင်တက်ရေ

ကိုချစ်ဖေ said...

လေညှင်းကလေးက ပြူတင်းပေါက်ကလေးပွင့်အလာကို
နှစ်ပေါင်းများစွာတိုင်အောင်ပဲ စောင့်ဆိုင်းရင်း......