Sunday, August 26, 2007

လရောင်ဆမ်းတဲ့လမ်းတစ်ပုဒ်

ဒီညနေမှာ မလျှောက်တာ ကြာပြီဖြစ်တဲ့ လမ်းကလေးတစ်ခုကို ရောက်လာခဲ့တယ်။ တံတားလေး တစ်စင်းရယ်၊ ဖြည်းဖြည်း စီးဆင်းနေတဲ့ ရေတချို့ရယ်၊ မြောင်းနံဘေးမှာ အေးအေးဆေးဆေး လမ်းလျှောက်နေတဲ့ ငှက်ဖြူဖြူလေးတွေရယ်၊ ခပ်လှမ်းလှမ်းကနေ ကိုယ့်ကို ခပ်တည်တည်ကြည့်နေတဲ့ မြို့ပြရဲ့ သေသပ်လှပတဲ့ အဆောက်အဦ တချို့ရယ်ဟာ ရင်ကို ငြိမ်းသွားဖို့ မလုံလောက်စေခဲ့ဘူး။ တံတားလေးပေါ်မှာ ရပ်ရင်း ကိုယ်ဟာ လမ်းကလေးကို ငေးနေတုန်းပဲ။ လမ်းကလေးကတော့ မျက်လုံး စုံမှိတ်ထားလေရဲ့။ ကိုယ့်ကို ဘယ်အထိ ခေါ်သွားနိုင်မလဲ ။ မေးခွန်းကို သူပြန်မဖြေဘူး။ အဲဒီခဏ လေပြေအေးလေးက ရှုပ်ထွေးနေတဲ့ ကိုယ့်စိတ်ထဲ အထိ ကြည်ကြည်လင်လင် ပွတ်သပ်ဖြတ်တိုက်သွားတယ်။ ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်တယ်။ ညမှ ထွက်ခွင့်ရမယ့် လဟာ တိမ်ပြာပြာ နောက်မှာ မရဲတရဲ ချောင်းကြည့်နေတာ ကိုယ်သိသွားတာပေါ့။ နွမ်းနွမ်းလျလျ အပြုံးတွေ ဖလှယ်လိုက်ကြတယ်။ ခံစားချက်ဆိုတာ တခါတခါ သိပ်ထူးဆန်းတဲ့ ရောနှောမှုတွေပဲ။ ကဗျာတစ်စ ထွက်ကျလာတယ်။


လရောင်ဆမ်းတဲ့လမ်းတစ်ပုဒ်

လရောင်ရိုးရဲ၊ ဖြန့်ကျဲပြိုကျ
တိမ်ပြာစနှင့်၊ ခွန်းဟဆိုစဉ်
ဝီရသိင်္ဂါ၊ ကဗျာမူးမူး
လမ်းဖြူးဖြူးဝယ်
ကွယ်…
လမ်း.. တဲ့
ဟိုတစ်ခြမ်းဖြင့်၊ ကြမ်းကာဆိုးဆိုး
အချိုးအကွေ့၊ အဝေ့အ၀ိုက်
ရှိုက်ရှိုက်ငင်ငင်၊ တင်တင်ကျကျ
လျှောက်ဖြစ်ရပြီ၊ ရှတစူးရဲ
လမ်းကျဲကျဲမှာ၊ လှမ်းရဲကြ..တဲ့
ကဲ..ခဏမေ့လိုက်၊ ခြေရာမိုက်တို့
တွန်းတိုက်ကျော်လွှား၊ ဘယ်သူမှားလည်း
မနားတူရူ၊ လျှောက်သူမရှိ
လမ်းမသိလျှင်၊ လမ်း၏အသွင်
လမ်းမထင်လေ၊ နီကျင်စွန်းစွန်း
ထွန်းထွန်းအိုင်အိုင်၊ ဒီလမ်းတိုင်အောင်
သံပြိုင်သီကြွေး၊ မှတ်တိုင်ရေးခဲ့
နှေးကွေးနာကျင်
နှေး ကွေး နာ ကျင်
နှေး ကွေး နာ ကျင်
ဟင်……..
ဒီလိုနှင့်ပင်၊ မိုးလျှင်စုန်းစုတ်
ချုပ်တော့မှာလား၊ အလင်းကြားက
ေ၀၀ါးထွက်ကျ၊ ပါးလျတိမ်တောင်
လေညင်းဆောင်စဉ်၊ လရောင်ရှိုက်သွင်း
ရင်တွင်းခဏ၊ အပူစဖြေ
ခရီးရှည်သေး
ခ ရီး ရှည် သေး
ခ ရီး ရှည် သေး
……..
ညနေမစောင်း၊ လမဟောင်းခင်
ချိန်ကောင်းလျှောက်ရပေဦးမည်…။

ပန်ဒိုရာ

9 comments:

Anonymous said...

ဂျစ်အဖေလည်း လေးလုံးစပ်တွေ ရေးတယ် ။ မပန်ရဲ့ လေးလုံးစပ်ကို ဖတ်ရှု လေ့လာ ဆည်းပူးသွားပါတယ်း)

မေငြိမ်း said...

ပန်ရေ..ကြည်အေး အလွမ်းပြေပါပဲ။
ပြီးတော့ အမဘာမှ မရေးနိုင်တဲ့ီးရက်တွေထဲ ဒီကဗျာလေးဖတ်လိုက်ရတာ စိတ်အာသာပြေတယ်။
ကျေးဇူးပါ...

Anonymous said...

ဆရာမပြောသလိုပါပဲ
ရိုးရိုး လေးလုံးစပ်အဖွဲ့ ကခွဲထွက်လာခဲ့တဲ့ကြည်အေး ကဗျာတွေ ကိုသတိထပ်ရစေပါတယ်။
၎-၂၊ ၄-၃-၂၊ ၃-၂၊ တွေနဲ့ နရီမှန်နေတယ်.._ါပေမယ့်အဖွဲ့ က လွတ်လပ်နေတယ်..စည်းထဲကမလွတ်ပေမယ့်စည်းထဲမှာမရှိဘး…
ညနေမစောင်းခင် လျှောက်ဖို့ လမ်းတွေကိုတော့ အရင်ရှင်းရပေဦးမည်လို့ ထင်မိကြောင်းပါ။
ပေးချင်တဲ့ message ရပါတယ်..
(Typed with handicapped keyboard)

Anonymous said...

မပန် ကြိုက်တယ်။ ဆရာမ မေငြိမ်း ပြောသလို ဆရာမဒေါ်ကြည်အေး ရဲ့ကဗျာကို သတိရမိပါရဲ့။

hnin said...

မပန်ရေ... မှတ်မှတ်ရရ ဒီနေ့မှ ကြည်အေးရဲ့'တစ္ဆေ' ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီး သဘောကျနေတာ။ တိုတိုလေးပေမဲ့ အရမ်းထိရောက်တယ်။ မပန်လည်း ရှည်ရှည်လေးပေမဲ့ ထိရောက်ပါတယ်။

မေဓာဝီ said...

ပန်ပန်ရဲ့ လရောင်ဆမ်းတဲ့ လမ်းကလေးမှာ လာလျှောက်သွားပါတယ်။
မိုးစုန်းစုန်းချုပ်ခဲ့သည့်တိုင် ခရီးရှည်ကို လျှောက်နိုင်ဖို့ လမ်းကလေးပေါ်မှာ လရောင်အမြဲ ဖြာနေပါစေ … လို့ ….

pandora said...

ဂျစ်.. ဂျစ်လည်း လေ့လာရင် ရေးနိုင်ပါတယ်

ဆရာမ.. စိတ်အာသာပြေတယ်ဆိုလို့ ရေးရကျိုးနပ်သွားပြီ အမရေ

ကိုမောင်ရင်.. တူတိတ်တိပါလား လို့သာပြောချင်လိုက်တယ်. အစက ဒီကဗျာနဲ့အတူ အောက်က မှတ်ချက်လေး ရေးထားတာ။ နောက်တော့ ကြီးကြီးကျယ်ကျယ်ပုံ ပေါက်တာနဲ့ ပြန်ဖြုတ်လိုက်တာ။ ဖတ်ကြည့်။

ပုံရိပ်၊ သိုးမလေး.. နှစ်သက်ကြလို့ ၀မ်းသာပါတယ်

မမေ.. လရောင်ကတော့ ရှိနေမှာပါ.. လို့..
-------------


မှတ်ချက်

၁) လေးလုံးစပ်ဟာ အလွန်တင်းကျပ်တဲ့ ကဗျာပုံစံတစ်မျိုး ဖြစ်တယ်။ တင်းကျပ်တဲ့ ပေးထားချက်တွေ မရှောင်လွှဲနိုင်တဲ့အချိနှ်မှာ လွတ်လပ်ခြင်းရဲ့ တောင်းဆိုမှုတွေကို ထိုးဖောက်ရယူ တွက်ထုတ်နိုင်စရာ နည်းလမ်းဆိုတာ ရှိရမယ်လို့ယုံကြည်တယ်။ ဒါကြောင့် လေးလုံးစပ်ထဲမှာပဲ ခေတ်ပေါ်ဆန်မှုနဲ့ လွတ်လပ်စွာ သွေဖယ်မှုကို မရရအောင် ထည့်ဖို့ ကြိုးစားကြည့်တယ်။

၂) ပုံသဏ္ဍာန်သည်ပင်လျှင် အကြောင်းအရာဖြစ်သည်။ Every utterance is different. (အနုပညာနှင့် ဘာသာဗေဒ ဆယ်သွယ်မှုဆိုင်ရာ ကိုယ်ထင်ရာမြင်ရာ သဘောတရားတချို့၊ စမ်းသပ်ဆဲ။)

(တေးမွန်) said...

ငှဲ..ငှဲ..ငှဲ.. ညှက်ညှက်ညှက်.. (ပန်ဒိုယာအစားရယ်ပေးသည်) လူတော်တွေကြည့်ပါပဲ။ ကျွန်တော်တော့ ရိုးရိုးပဲ ခံစားသွားပါသည်။ မပန်ကို.. ကြယ်လေးပွင့် ပေးမယ်.. :P



နတ်ဆိုး

ကလိုစေးထူး said...

`ကြိုး´ ကဗျာ ဖတ်ပြီးကတည်းက အဲဒီလို ရေးဟန်ကို သဘောကျနေတာ…။ အဲဒါနဲ့ပဲ ချောက်တွန်း…အဲလေ၊ :D အဲဒီလိုပုံစံ နောက်တပုဒ် ရေးပါအုံး တောင်းဆိုမိခိုက်နဲ့ ဒိုရာ ရေးချင်စိတ် ရှိနေခိုက် အဆင်သင့်သွားပုံရတယ်။ လမ်းနဲ့ပတ်သက်တဲ့ အဖွဲ့အနွဲ့က အရမ်းခံစားလို့ ကောင်းတယ်။ ဒီကြားထဲ လမ်းလျှောက်သူတွေခမျာ လမ်းဖြောင့်ဖြောင့် မလျှောက်ရ…၊ လမ်းက ကောက်တာတမျိုး၊ လမ်းက ခလုတ်တွေက တမျိုး၊ လမ်းကိုပါ ဖျက်လိုဖျက်ဆီး လုပ်မယ် တကဲကဲ။ အင်း…။ ခရီးရှည်သေး…၊ ခရီးရှည်သေး…၊ ခရီးရှည်သေး…။