သူ…။
သူ့ကို မြင်သူတိုင်းက ကြည့်ကောင်းသည်ဟု ချီးမွမ်းကြသည်။ သူ့မျက်ဆံများက နက်သော်လည်း စိမ်းဝေ့ဝေ့သန်းသည်။ အသားအရေ က ဖြူကြည်သည်။ နေရောင်ထိလျှင် နီရဲလွယ်သည်။ The Guns of Navarone ရုပ်ရှင်ထဲက ဟိုခေက်က မင်းသားကြီး Gregory Peck နှင့် နှုတ်ခမ်း မေး မျက်နှာကျ ဆင်သည်ဟု ပြောကြသည်။ သွယ်ပြီး အနည်းငယ် ဖြေလျော့ ကိုင်းညွတ်သော ကိုယ်ခန္ဓာနှင့် အမျိုးသား တစ်ဦးအတွက် မနိမ့်မမြင့်လွန်းသော အရပ်ကို ပိုင်ဆိုင်သည်။ ပျော့ပျောင်းသော ဆံပင်များ မီးခိုးဘက် သန်းလာချိန်တွင် … ရုပ်ရှင်တခုထဲမှာ ဗိုလ်ဗကိုရဲ့ အဲဒီ ဆံပင်အရောင်မျိုးကို သဘောကျခဲ့တာ.. ဒီအချိန်ကို စောင့်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာပေါ့.. ဟု ခပ်ပြုံးပြုံးပြောပြီး ဘယ်တော့မှ ဆေးမဆိုးခဲ့သူ ဖြစ်သည်။
တချို့က သူ့ကို ဆရာတက္ကသိုလ် ဘုန်းနိုင်၏ ဇာတ်လိုက်တစ်ဦးဦးနှင့် တူသတဲ့။ သူက လက်ဝဲဆန်ခဲ့ဖူးသူ။ တက္ကသိုလ်တွင် တက်ကြွခဲ့သူ။ လျှို့လျှို့ဝှက်ဝှက် ရှိတတ်သလို မည်သူမှ မသိသည့် အားငယ်စိတ်လည်း ရှိခဲ့လေသလားတော့ မသိ။ ပင်မြင့်မှ ကံ့ကော်ပန်းကို ငေးရုံသာငေးခဲ့ပြီး အိမ်အနားက စံပင်ပွင့်ကလေးကိုပဲ လှမ်းဆွတ်ခဲ့သူ ဖြစ်သည်။ စပယ်ရုံကလေးကို ရေလောင်းပေါင်းသင်ကာ ပြုစုပျိုးထောင်ပေးရင်း ဘ၀ကို ရိုးစင်းစွာပဲ ဖြတ်သန်းခဲ့ရလေသည်။
သူက ရောက်လေရာနေရာမှာ သူ့မူလ အလုပ်တာဝန်နှင့် သိပ်မဆိုင်သော ကိစ္စများမှာ ဦးဆောင်ဦးရွက် လုပ်ခဲ့ ရသော်လည်း တကယ်တမ်း ဘ၀မှာ သူလုပ်ချင်တာတွေတော့ သေသေချာချာ လုပ်ခွင့်မကြုံခဲ့ပါ။ တနေ့နေ့ အနားယူချိန်မှာ စာတွေရေးမယ် ဟု မကြာခဏ ပြောခဲ့သည်။ ဒါပေမယ့် သူကိုယ်တိုင်ကပဲ ပုံနှိပ်ခွင့် မရသော စာတစ်အုပ် ဖြစ်သွားခဲ့သည်။
တကယ်တော့ သူက စနစ်တစ်ခု၏ ကျောချခြင်းကို ခံလိုက်ရသော သားကောင် တစ်ကောင်ပင် ဖြစ်သည်။ ငယ်ငယ်ကတည်းက သူကအမြဲ နေရာပေး ဆက်ဆံခြင်းခံရသူ သူ့ကို သူရဲကောင်းသဖွယ် ချစ်ခင်ကိုးကွယ်သူ တစ်ယောက်တော့ ရှိလေသည်။ အဲဒီ စနစ်ကြီး အကြောင်း ပွင့်လင်းနားလည်လာလို့ သူ့ကိုပြောပြ ဆွေးနွေးချင်လာသည့် တစ်နေ့မှာတော့ ဘ၀က သူ့ကို အကြီးအကျယ် ရိုက်ချသွားခဲ့ပြီ။ စိတ်ကြိုးကလေး ပါးလျသွားသော သူ့ကို ရင်နာစွာ……။
အရင်ကလို ရေနွေးကြမ်း တစ်အိုးဘေးချလို့ စကားတွေ အကြာကြီး တညလုံး ထိုင်ပြောလိုက်ချင်သည်။ သူက ငေးလျှက် ကြည့်နေမှာလား။ ဒေါသတွေထွက်ပြီး ထအော်မှာလား။ ငါဘာမှ မသိဘူး ဟု ပလုံးပထွေးနှင့် သနားစဖွယ် ပြန်ပြောမှာလား။ ဟိုအရင်အချိန်များ ခဏလောက် ဖြစ်ဖြစ် ပြန်ရချင်ပါသည်။
နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် မွေးနေ့မှသည် ချစ်တဲ့မိသားစုနဲ့ ကျန်းမာပျော်ရွှင်စွာ အချိန်အကြာကြီး နေထိုင်နိုင်ပါစေ ချစ်ဖေဖေ။
Friday, November 30, 2007
30 Nov 2007
Thursday, November 29, 2007
WAY BACK INTO LOVE
ပျော်ရွှင်စရာ သီချင်းလေးတွေနဲ့ ဘ၀မှာ ပေါ့ပေါ့ပါးပါး တခါလောက် နေကြည့်ပါလား။
ချစ်ခြင်းမေတ္တာဆီ အတူတကွ ပြန်သွားကြပါစို့။
DJ ယောဆရာ ကို အားကျလို့ DJ ပန် လုပ်လိုက်တယ်။ အဟဲ။
တကယ်တော့ ဒီသီချင်းလေးကို သဘောကျနေတာ လွန်ခဲ့တဲ့ သုံးလေးလလောက် ကတည်းကပါ။ ချစ်စရာကောင်းတဲ့ Music and Lyrics ဆိုတဲ့ ရုပ်ရှင်ကားလေးထဲကပါ။ Alex Fletcher အဖြစ် Hugh Grant နဲ့ Sophie Fisher အဖြစ် Drew Barrymore က သရုပ်ဆောင်ထားတယ်။ အဲဒီရုပ်ရှင်မှာ သဘောကျတဲ့ စကားပြောလေးတွေလည်း ရှိသေးတယ်။ ဒီလို..
Alex Fletcher: It doesn't have to be perfect. Just spit it out. They're just lyrics.
Sophie Fisher: "Just lyrics"?
Alex Fletcher: Lyrics are important. They're just not as important as melody.
Sophie Fisher: I really don't think you get it.
Alex Fletcher: Oh. You look angry. Click your pen.
Sophie Fisher: A melody is like seeing someone for the first time. The physical attraction. Sex.
Alex Fletcher: I so get that.
Sophie Fisher: But then, as you get to know the person, that's the lyrics. Their story. Who they are underneath. It's the combination of the two that makes it magical.
သီချင်းကို မြန်မာလိုပါ လိုက်ဆိုလို့ရအောင်လို့ စာလုံးထည့်ကြည့်မိတယ်။ ဒီတော့ ဘာသာပြန်တာက အတိအကျ ဖြစ်ချင်မှဖြစ်မယ်။ (ကိုယ်ညံ့တာကို ကြို ကာ ထားတာ။) ကော်ပီ ကော်ပီနဲ့ နာမည်သာဆိုးတာ စကားလုံးဆရာတွေရဲ့ အလုပ်ကလည်း မလွယ်ဘူးပဲ။ တော်တော် ခေါင်းစားတယ်။ ကိုယ်တိုင် လုပ်ကြည့်မှသိတယ်။ ဆိုကြည့်နော်.. စကားလုံး ထောက်သေးရင်လည်း မှတ်ချက်မှာ အကြံပြုသွားပါဦး။ ခေါင်းစဉ်ကိုလည်း ဘယ်လိုပြန်ရမလဲ ချန်ထားခဲ့တယ်။
I've been living with a shadow overhead
အရိပ်တွေအုပ်မှောင်လွှမ်းခြုံ..အမြဲပဲ နေ..ခဲ့..ရ..
I've been sleeping with a cloud above my bed
အိပ်ရာထက်မှာဖုံးအုပ် .. မိုးသား..တိမ်တွေ…နဲ့
I've been lonely for so long
ဘ၀က ကိုယ့်တစ်ယောက်သာ..အထီးကျန်
Trapped in the past, I just can't seem to move on
အတိတ်တို့က အကျဉ်းချလို့ ရုန်း..မထွက်..နိုင်ခဲ့..
I've been hiding all my hopes and dreams away
အိပ်မက်တွေဝေးကွာ ကိုယ့်မျှော် လင့်..ချက်.တွေ..လည်း.. ကွယ်ဝှက်
Just in case I ever need em again someday
တနေ့မှာ ထပ်လိုအပ်နေ.မိ..ခဲ့..ရင်..များ..အတွက်
I've been setting aside time
အချိန်လေးများ ဘေးကို ခဏ.သိမ်း..ထား
To clear a little space in the corners of my mind
စိတ်ထောင့်ကလေးရှင်းလို့ ကိုယ် ကွက်…လပ်..ချန်.ထား
All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့..မယ့်. လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ်ကို မတွေ့ပဲ ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
Oh oh oh
အို အို အိုးးး
I've been watching but the stars refuse to shine
စောင့်နေတုန်းပဲ ကိုယ့်ကို အလင်း.မပေး.ချင်.တဲ့..ကြယ်တွေ
I've been searching but I just don't see the signs
အရိပ်အရောင်လေးတောင် မတွေ့တော့ မောပေါ့ လိုက်..ရှာခဲ့
I know that it's out there
တကယ်ဆိုဟိုအနားလေးမှာ
There's got to be something for my soul somewhere
တနေရာမှာတစုံတရာတော့ ရှိမယ် ကိုယ့်ဝိညာဉ်အတွက်
I've been looking for someone to shed some light
လိုက်ရှာခဲ့တာ အလင်းရောင် ထွန်းပေးနိုင်မယ့် သူတစ်ယောက်
Not just somebody just to get me throught the night
ကိုယ့်ကို ညတွေ ဖြတ်ကျော် ပေးဖို့ အတွက် မကဘူး
I could use some direction
လိုတာ သူ ညွှန် လမ်းပြပေး
And I'm open to your suggestions
ဒါဆို အကြံဥာဏ်ပေးမလား ကိုယ်..ဖွင့်..ထား
All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့မယ့် လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ်ကို မတွေ့ပဲ ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
And if I open my heart again
တကယ်လို့များ နှလုံးသားလေး ပြန်ဖွင့်ခဲ့ရင်
I guess I'm hoping you'll be there for me in the end
ကိုယ်ထင်တယ် မင်းလေးတနေ့တော့ရောက်မယ် ကိုယ်..မျှော်နေမိသေး
Oh oh
အို အို
There are moments when I don't know if it's real
အစစ်အမှန် လားလို့ မခွဲတတ် ဆွတ်ပျံ့အချိန်..လေး..များ
Or if anybody feels the way I feel
ကိုယ့်လိုပဲလေ ထပ်တူ တယောက်ယောက် ခံစား..သလား
I need inspiration
လိုအပ်ခဲ့ အကြည်ဓာတ်ကလေး
Not just another negotiation
နောက်ထပ်တွေ့ရတဲ့ ညှိနှိုင်းမှုမဟုတ်သေး
All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့..မယ့် လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ် မှမပါရင် ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
And if I open my heart to you
ကိုယ်ရင်ကိုဖွင့်ပြလိုက်ရ..လို့ရင်
I'm hoping you'll show me what to do
ဘာတွေကိုယ်လုပ်ဖို့ မင်းညွှန်..ပြမလား
And if you help me to start again
တကယ်လို့များ အသစ်စဖို့ကူ..ပေးရင်
You know that I'll be there for you in the end
နောက်ဆုံးတော့ ရှိနေမယ် ကိုယ်အမြဲတမ်း မင်းအတွက်ပဲ
Oh oh
အို အို
Wednesday, November 28, 2007
အပြောင်းအလဲသို့ တိုးအ၀င်
ပြောင်းမယ် ပြောင်းမယ်နဲ့ ဒီနေ့တော့ တကယ်ကိုပဲ ရုံးစားပွဲအသစ်ကို ပြောင်းပါပြီ။ လက်ပ်တော့ပ် အသစ်တစ်လုံး ပေးတယ်။ ထင်ထားတဲ့ အတိုင်းပဲ ဖောင့်အသစ် ထပ်ထည့်ဖို့ လုံခြုံရေး ပေါ်လစီအရ ခွင့်မပြုပါဘူး။
အရင် ကွန်ပြူတာကတော့ ဇော်ဂျီ လက်ကွက် မရှိပေမယ့် ဇော်ဂျီဖောင့်လေး ရှိတော့ ရုံးကဆိုရင် မောင်လှရဲ့ ၀င်းဇော်ဂျီ ကွန်ဗာတာထဲမှာ စာရိုက်ထည့် လို့ရသေးတယ်။ ဒါမှမဟုတ်လည်း ၀င်းအင်းဝလို တခုခုနဲ့ရိုက် နောက်မှ ဇော်ဂျီပြန်ပြောင်း။ အခုတော့ ရုံးမှာ အားချိန်ဆိုရင် မြန်မာစာ လုံးဝရိုက်လို့မရတော့ဘူး။ ဂျီမှာလည်း မြန်မာလို မမြင်ရတော့ဘူးပေါ့။ (ဂျီတော့ခ် တောင် တပ်လို့ ရမရ မသိသေးဘူး။) အီးအိုတီ လုပ်မထားတဲ့ ဆိုဒ်တွေဆိုရင်လည်း မြင်ရမှာမဟုတ်တော့။
မျှော်လင့်ပြီးသားပဲလေ။ တခုခုလိုချင်ရင် တခုခုကို ပေးရတယ်။ ကိုယ့် စိတ်ဝင်စားမှု ပျော်ရွှင်မှု အချင်းချင်းကို compromise လုပ်လိုက်ရတာပဲ။ ဒီ့ထက် ကြီးကျယ်တဲ့ အရာတွေ ကျရင်တော့ ဘ၀ကို ဘ၀နဲ့ပဲ လဲရမှာများလား။
ရုံးကနေ အားချိန်မှာ မြန်မာစာရိုက်တာ ဒါနောက်ဆုံး ဖြစ်မယ်။ (အိမ်မှာ အားလပ်ချိန်ပဲ လုပ်ဖြစ်တော့မှာပေါ့။) မကြာခင်မှာ ဒီကွန်ပျူတာ အဟောင်းထဲက ဖိုင်တွေ အကုန်ဖျက်တော့မယ်။ အကောင်းဘက်က ပြောရရင်တော့ အလုပ်ချိန်မှာ (တကယ်တော့ အားချိန်၊ နေ့လည်စာ စားချိန်တွေပါ) အာရုံအပိုတွေ မလုပ်ဖြစ်တော့ရင် အလုပ်ထဲလည်း ပိုပြီး အာရုံစူးစိုက်မှု ရလာမှာပေါ့လေ။ အာရုံလွင့်ခဲ့တာလည်း တော်တော်ကြာပေါ့။
Tuesday, November 27, 2007
ပန်ဒိုရာ ဘာကိုကြောက်
Chaos က ရေးခိုင်းထားတာပါ။
ဘာမှ မကြောက်ဘူးကွ။
အဲဒီလို ဟစ်ကြွေးလိုက်ချင်ပေမယ့် လူဆိုတာ တခုခုတော့ ကြောက်ကြတာချည်းပဲ ဆိုတော့ ပန်ဒိုရာလည်း ကြောက်တာလေးတွေ ရှိပါတယ်။ ဒီနေရာမှာ မြန်မာစကားက ရွံရှာတာကို ဖြစ်ဖြစ် ထိတ်လန့်တာကို ဖြစ်ဖြစ် စိုးရိမ်ပူပန်တာကိုဖြစ်ဖြစ် ကြောက်ရွံ့တာကိုဖြစ်ဖြစ် ကြောက် ဆိုတဲ့ စကားတစ်လုံးနဲ့ပဲ သုံးချင်သုံးတတ်တာကို မှတ်သားမိပါတယ်။ ဥပမာ ဆိုရရင် သရဲကို ကြောက်တာနဲ့ ကြွက်ကို ကြောက်တာနဲ့ ကြောက်ပုံကြောက်နည်း တော့ တူမယ်မထင်။ စကားကတ်တယ် လို့တော့ မထင်ပါနဲ့။
Phobia ဆန်ဆန်ကြောက်တာနဲ့ ပတ်သက်လို့ကတော့ ပန်ဒိုရာက တွန့်တွန့်တွားသွား သတ္တ၀ါ (creepy crawly creature) တွေကို အလွန် ရွံကြောက်ပါတယ်။ ကိုယ့်အသားနဲ့ ထိသွားမှာကို သိပ်စိုးတယ်။ တီကောင်လို ပြောင်ချောချောဆို ပိုဆိုး။ စေ့စေ့တောင် မကြည့်ချင်ဘူး။ အိ အိ။ (လာတို့တဲ့လူကို တသက်မခေါ်ဘူးမှတ်။) ဖားတို့ ကြွက်တို့တော့ မကြောက်ပါ။ ငယ်ငယ်ကဆို မိုးဦးကျမှာ လမ်းဘေးမှာ ဖားပေါက်စလေးတွေ အပြိုင်းအရိုင်း ပေါနေချိန်ဆို ၀ှက်ထားပြီး ကြောက်တတ်တဲ့ သူငယ်ချင်းကို ဘာမပြောညာမပြောနဲ့ လက်ထဲထည့်ပေးတာ။ (အဟီး.. သူများကိုတော့ သွားစတယ်။ အခုတော့ အဲဒီအကျင့်တွေ မရှိတော့ပါဘူး။ ယုံလိုက်။)
ထိတ်လန့်ကြောက်ရွံ့တာ ဆိုရင်တော့ သရဲ တစ္ဆေနဲ့ ပတ်သက်လို့ တကယ်ရှိတာ မရှိတာ အသာထား၊ သာမန် သူလိုကိုယ်လိုပဲ ကြောက်ခဲ့ဖူးတာပဲ။ (သရဲကားတော့ ကြည့်ရတာ ကြိုက်တယ်။) ဒါပေမယ့် လူသူနည်းပါးတဲ့ အဆောက်အဦကြီးတစ်ခုမှာ သရဲခြောက်တယ်လို့ ကြားဖူးခဲ့တဲ့ အခန်းတစ်ခန်းရဲ့ မျက်စောင်းထိုးက အခန်းလေးတစ်ခုမှာ နှစ်နဲ့ချီပြီး တစ်ယောက်တည်း နေခဲ့ဖူးတယ်။
စိုးရိမ်တာမျိုးဆိုရင်တော့ ကိုယ်ချစ်ခင်တဲ့လူတွေ စိတ်ဆိုးမှာကို စိုးတတ်တယ်။ အထူးသဖြင့် သူ ပေါ့။ မကြိုက်နိုင်တာတွေ လုပ်မိတာ လျော့အောင်တော့ အတတ်နိုင်ဆုံး စိတ်ကိုဆုံးမ ကြိုးစားနေတာပဲ။
မပြည့်ဝသေးတဲ့ လူ ဆိုတော့လည်း တရားသဘောအရ တွေ ဘာတွေဆိုရင်တော့ ကြောက်သင့်တာတွေ မကြောက် မကြောက်သင့်တာတွေ ကြောက်လည်း ဖြစ်ချင်ဖြစ်နေမှာပဲ။ လောလောလတ်လတ် ခေါင်းထဲမှာ ရှိနေတာ အနေနဲ့ အကြောက်ဆုံးကတော့ အကြောက်တရား ကိုယ်တိုင်ကို ဖြစ်နေတယ်။
The only thing we have to fear is fear itself ဆိုတဲ့ စကားလေး တော်တော်များများ ကြားဖူးကြမှာပါ။ ပြောခဲ့သူကတော့ အမေရိကန် သမ္မတ (ဟောင်း) Franklin D. Roosevelt ပါ။ ဒီမှာ ပြောခဲ့ပါတယ်။
အဲဒီလို အကြောက်တရားမျိုး ရဲ့ အကျိုးဆက်လို့ စဉ်းစားလိုက်ရင် အော့ဇ၀စ်ခ်ျ နာဇီအကျဉ်းစခန်းကြီးကို မြင်ယောင်လာတယ်။ ဟီရိုရှီးမား မှာ ကြဲချလိုက်တဲ့ နျူကလီးယား မှိုပွင့်ကြီးကို မြင်ယောင်လာတယ်။ World Trade Centre ကြီး မြင်လာတယ်။ တန်ခိုးရှင်ရဲ့ တစုံတရာ အမိန့်အောက်မှာ ဖုံမှုန့်တွေ ဖုံးလွှမ်းလို့ ကျောက်တောင်လို မာကျောတဲ့ နှလုံးသားတွေနဲ့ အသက်ကိုစတေးဖို့ ၀န်မလေးကြသူများကို မြင်ယောင်လာတယ်။ အနီးကပ်ဆုံး တနေရာမှာတော့ သနားစရာကောင်းတဲ့ မျက်လုံးဝိုင်းတွေနဲ့ ဘာကိုမှန်းမသိ စောင့်မျှော်ကာ ပါးစပ်ပိတ်ပြီး သည်းခံနေကြတဲ့ သိမ်မွေ့တဲ့ နှလုံးသားတွေကို မြင်လာတယ်။ အပြန်အလှန် ကြောက်ကြတယ်။ ကြောက်လို့ ပြန်ခြောက်တယ်။ ခြောက်လို့ ပိုကြောက်တယ်။ အကြောက်တရားနဲ့ ကစားတဲ့ပွဲတွေက အရင်းအနှီး ကြီးလှတယ်။
ရုစဗဲ့ ရဲ့ စကားက မဆုံးသေးပါဘူး fear itself ဆိုတာကို အခုလို ဆက်လင်း ထားပါသေးတယ်။
"… let me assert my firm belief that the only thing we have to fear is fear itself—nameless, unreasoning, unjustified terror which paralyzes needed efforts to convert retreat into advance...."
ကျိုးကြောင်းဆီလျော်မှု မရှိသော၊ တိုးတက်မှုကို ဟန့်တားစေသော၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အပြောင်းအလဲတစ်ခုကို ပိတ်ဆို့စေသော၊ အဓိပ္ပာယ်မဲ့ အကြောက်တရားတွေကို ဘယ်လို အတူ ဖယ်ရှားကြမလဲ။
Sunday, November 25, 2007
တန်ဆောင်မုန်း၏ လပြည့်ရိပ်ဝယ်
တန်ဆောင်မုန်း လပြည့်ည ရောက်ပြီ။ သည်အချိန်ဆို ချစ်သော အမိမြေမှာတော့ အလင်း၏ အဆင်တန်ဆာ မျိုးစုံတို့ဖြင့် ညကို ခြယ်သ အလှဆင်နေကြရော့မည်။
တန်ဆောင်မုန်း၏ ရွှန်းမြမြလသည် ကိုယ့်အတွက် အမှတ်တရ ရောင်ခြည်တို့ကို ဖြန့်ကျက်စေခဲ့သည်။ ရှစ်တန်း အရွယ်က နေထိုင်ခဲ့သော မြို့ကလေးတွင် အဲဒီနှစ်က နံရံကပ်စာစောင် ပြိုင်ပွဲ ကျင်းပခဲ့သည်။ တမြို့လုံး အသက် အရွယ် အကန့်အသတ်မရှိ။ ဆောင်းပါး ၀တ္တုတို ကာတွန်း ပိုစတာ အစုံပေါ့။ ဆီမီးရောင်မှုန်း တန်ဆောင်မုန်း အမည်ဖြင့် ဆောင်းပါးတိုလေး တစ်စောင်ရေးပို့ခဲ့သည်။ အဲဒီမှာ ဒုတိယဆု ရသည်။ မထမဆုံး အနေဖြင့် ကိုယ့်စာလေးကို အများပြည်သူ လာကြည့်နိုင်အောင် ဖော်ပြခွင့်ရသည်မှာ ပျော်စရာလည်း ကောင်း စိတ်လှုပ်ရှားစရာလည်း ကောင်းလှသည်။
ဆီမီးရောင်မှုန်း တန်ဆောင်မှုန်း ဆောင်နှုန်းခေါ်သကား။ ဟထိုးပျောက်ကာ ပြောင်းရွှေ့ကာ မုန်းသာ ခုထင်ရှား.. တဲ့။ (အနည်းငယ် မှားကောင်းမှားမည်။) စာထဲမှာ ထည့်ရေးမိတာတွေ တချို့ သတိရသေးသည်။ ပုဂံခေတ် ကျောက်စာတွေမှာတော့ တန်ဆောင်မှုန် လို့ရေးကြသတဲ့။ ဟထိုးပျောက်ပြီး တန်ဆောင်မုန်းလို့ ဖြစ်သွားသတဲ့။ အဲဒီတုန်းက သတင်းစာ အပါအ၀င် စာအုပ်တွေ ဟိုဖတ်ဒီဖတ်နှင့် ရေးခဲ့တာကိုတော့ သတိရသေးသည်။ အကိုးအကား အတိအကျတော့ မမှတ်မိတော့။
တန်ဆောင်မုန်း လပြည့်ဟာ ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပ ပြီး လတွေထဲမှာ အကြည်လင်ဆုံး ရာသီပိုင်ရှင်တဲ့။ လပြည့်ကြီး ပိုဝိုင်းတာကို ကြည့်ချင်လျှင်တော့ လပြည့်ကျော် ၁ ရက်မှာ ပိုဝိုင်းသည် ဆိုတာလည်း မှတ်သားဖူးသည်။ ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း ဆိုတာလည်း ရှိသေးသည်။ စပါးပင်တွေမှာ စပါးသီးတွေ အစေ့အဆန် တည်လို့ နို့ရည်များဖြင့် ဖုံးတုန်း လုံးတုန်း ဖြစ်လာချိန်ဟု ဖတ်ဖူးခဲ့သည်။
ဆေးပေါင်းခသည့် ညကလည်း တန်ဆောင်မုန်း လပြည့်ညပေပဲ။ အိမ်မှာဆိုလျှင်တော့ မယ်ဇလီဖူး သုတ်စားကြတာကို သတိရမိသည်။ တန်ဆောင်မုန်းလမှာ မြွေပါးကင်းပါးလည်း ထွက်တတ်သည်။ ငယ်ငယ်က လေးနှစ်လောက်အရွယ် အမျိုးတွေရှိသော နယ်ကို သွားလည်ရင်း ရေချိုးနေတုန်း ကင်းအကိုက်ခံရလို့ ငိုတာ တော်တော်နဲ့မတိတ်ဘူးဟု မေမေကပြန်ပြောဖူးသည်။ သြော်.. လက်ကိုကိုက်တာပါတဲ့။
လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ခဲ့ရသော ငယ်နုစဉ် ကာလတချို့က ကျီးမနိုးပွဲ လုပ်ကစားကြတာကို အမှတ်ရသေးသည်။ စောရနက္ခတ် အကြောင်းပြကာ ပျော်တတ်သူတို့က စိတ်မဆိုးကြစတမ်း ပျော်စရာရှာချိန်မှာ မီးထွန်းသူကထွန်း၍ ကထိန် သင်္ကန်း မသိုးသင်္ကန်း ယက်လုပ်ပြိုင်ပွဲများဖြင့် ကုသိုလ်ပြုသူက ပြုပေမည်။ ချစ်စရာ့ မြန်မာဓလေ့များ။
ဗုဒ္ဓဘာသာဝင်တို့ အတွက်တော့ ဤညသည် အဇာတသတ်မင်းကြီးကို သာမညဖလ သုတ်တော် ဟောကြား ခဲ့သော သာမညဖလ အခါတော်နေ့ အဖြစ်လည်း အလေးအမြတ် ရှိကြသည်။ တချိန်ကတော့ တန်ဆောင်မုန်း လပြည့်ညတစ်ညသည် ပူပန်နောင်တများဖြင့် လူးလိမ့်ကာ အိပ်မပျော်နိုင်သော အဖသတ်သား တစ်ယောက်ကို တရားဖြင့် အေးမြစေခဲ့သည်။ ဤသို့ဆန်ဆန် ကျူးလွန်ပြစ်မှား ဂိုဏ်းသင့်သူ အချို့ကတော့ တန်ဆောင်မုန်း လပြည့်နေ့ ရောက်လည်း နောင်တဆိုတာ အဘိဓာန်ထဲမှာ ရှိပါသေးရဲ့လားမသိ။
လပြည့်ကို မျှော်ကြည့်ရင်း ပုံရိပ်အချို့ ဖမ်းယူခဲ့သည်။ တိမ်များလွင့်နေသဖြင့် ကင်မရာကို အတော် ချိန်ရိုက်ရသည်။ ကိုယ့်မြေ၏ ရာသီဥတု အနေဖြင့် အကြည်လင်ဆုံး ကောင်းကင်ကို တန်ဆောင်မုန်းလက ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ဤကျွန်းပိစိတွင် သာသော တန်ဆောင်မုန်း လပြည့် ကတော့ သူရိန်မီးခိုးတို့ မကင်းပါလားဟု မကျေမနပ် ဖြစ်မိသည်။ ကမ္ဘာ၏ အခြား တဖက်မှာတော့ လမင်းကို မမြင်ရသောသူများပင် ရှိနေပါလားဟု တွေးမိပြန်တော့လည်း…..။
ပန်ဒိုရာ
Thursday, November 22, 2007
ပန်ဒိုရာ ဘာကောင်လဲ
ဒီကြွေးရှင် က ပူနေတော့ ကြွေးပူကို အရင်ဆပ်လိုက်ပါတယ်။
ပုံပန်းသဏ္ဍာန်
ခြုံပြောရလျှင် ထူးထူးခြားခြားမရှိပါ။ လှသည်မမည် ရုပ်ဆိုးသည်လည်းမဟုတ် သာမန်ရုပ်ရည်ဖြစ်။ လူကြားထဲ ထင်းနေသည့် ရုပ်ရည်ပိုင်ရှင်မျိုး မဟုတ်။ စပိုင် လုပ်ငန်းများ လုပ်ရန် အထူးသင့်တော်သည်။
စိတ်နေသဘောထား အကျင့်စရိုက်
အကောင်းဆုံးအချက်။ ။ မိမိစိတ်ဝင်တစား ခင်မင်လိုသူ တစ်ဦးဦး တွေ့ပါက နှစ်ရှည်လများပင် ကြိုးစားရပါစေ၊ စိတ်ရှည် သည်းခံစွာ မရရအောင် လိုက်လံခင်မင်တတ်သည်။ ထိုသူများသည် ကံကောင်းသူများ ဖြစ်သွား တတ်သည်။
အဆိုးဆုံးအချက်။ ။ စကားကြီးစကားကျယ် ပြောကာ ဆရာကြီး လုပ်တတ်သည်။ မယုံက နိဂုံးစာပိုဒ်ကို ဖတ်ပါလေ။
ခြုံပြောရလျှင် ကိုယ့်စိတ် ကိုယ့်အကြောင်းကို ကိုယ်တိုင် အသေအချာ သိလို့ကတော့ အောင်မြင်သော အေးချမ်းသော လူသား တစ်ယောက် ဖြစ်နေမှာပေါ့။ သတိ ဆိုတာကလည်း ခက်သား။ စိတ်၏ အနားသတ်တွင် စင်္ကြန်လျှောက်ရင်း ကံကြမ္မာလေကို ဆန်ကာ ရှင်သန်ခြင်း မီးအိမ်ကို ထွန်းညှိဖို့ ကြိုးစားနေသူသည် ပန်ဒိုရာဖြစ်သည်။
Tuesday, November 20, 2007
လေနုအေးကလေးပုံပြင်
ရာသီဥတု သာယာတဲ့ နံနက်ခင်းတစ်ခုမှာ အရင်က အမြဲတမ်း ပိတ်ထားခဲ့တဲ့ ပြတင်းပေါက် သေးသေးလေး ပွင့်သွားတယ်။ ပြတင်းပေါက်ကလေးကို အရင်က ဘာလို့ ပိတ်ထားခဲ့ပါလိမ့်။ တခုခု ၀င်လာမှာ စိုးလို့လား။ တခုခု ထွက်သွားမှာ စိုးလို့လား။
လေကလေး က ဟို့ဝေ့ဒီဝိုက် အကဲခတ်နေရာကနေ ဖွင့်ထားတဲ့ ပြတင်းပေါက်ကလေးထဲ စူးစူးစမ်းစမ်းနဲ့ ဖြတ်ကနဲ ခုန်ဝင်သွားတယ်။ မဲမှောင်နေတဲ့ အခန်းကျဉ်းကလေးထဲက ဖုန်မှုန့်တွေ ကြပ်ခိုးတွေကို လေကလေးက မှုတ်ထုတ်လိုက်တယ် ။ တောတောင်တွေကို ဖြတ်သန်း သယ်ဆောင်လာခဲ့တဲ့ စိမ်းစိုလတ်ဆတ်မှုတွေကို နေရာချပေးလိုက်တယ်။ ပြတင်းပေါက်ကလေးလည်း အံ့သြပျော်ရွှင်လို့။ လေညင်းကလေးလည်း ၀မ်းသာလို့။
ဒီလိုနဲ့ မနက်မနက်တွေရောက်ရင် လေညင်းကလေးက တောင်ကုန်းပေါ်ကို အပြေးကလေး ရွက်လွှင့်လာတယ်။ ပြတင်းပေါက်ကလေးက အဆင်သင့်ဖွင့်ပြီး စောင့်နေပေးတယ်။ နံနက်ခင်းရဲ့ လန်းဆန်းမှုတွေကို ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ ဖလှယ်ကြတယ်။
လေ ဆိုတော့ အစိုးမရခဲ့။ ရာသီဥတု မသာယာတဲ့ တနေ့မှာ လေညင်းကလေးက လေရူးကလေး အဖြစ်ကို ကူးပြောင်းသွားခဲ့တယ်။ လေပွေလေရူးကလေးက ပြတင်းပေါက် ကလေးကို တိုးဝှေ့ပြီး မူးမူးမိုက်မိုက် ၀င်တိုက်ပစ်လိုက်တယ်။ ပြတင်းတံခါးတွေ လေရူးအဝှေ့မှာ ၀ုန်းဒိုင်း နဲ့ ပိတ်လိုက်ပွင့်လိုက် ဖြစ်သွားတယ်။ အိမ်ထဲမှာလည်း ပစ္စည်းတွေ ဟိုဒီ လွင့်စင်ကုန်တယ်။
ပြတင်းပေါက်ကလေးဟာ လေရူးရဲ့ သဘာဝကို တော်တော် လန့်သွားပုံပေါ်တယ်။ အဲဒီညက မိုးချုပ်လို့ ပိတ်လိုက်တဲ့ ပြတင်းတံခါးလေးဟာ နောက်တနေ့ မိုးလင်းချိန်မှာလည်း ပြန်ပွင့်မလာတော့ဘူး။
အခုတော့ လေရူးကလေးက လေနုအေးအဖြစ် ပြန်လည် ငြိမ်သက်သွားခဲ့ပြီ။ မနက် လင်းလာရင် လေညင်းကလေးက ပြတင်းပေါက်ကလေးကို သွားသွားချောင်းသတဲ့။ စေ့စေ့ပိတ်ထားတဲ့ ပြတင်းတံခါးနဲ့သာ ရင်ဘတ်အောင့်အောင် ၀င်တိုးမိပြီး လှည့်ပြန်ခဲ့ရတယ်။
ဒီလိုနဲ့ တစ်ရက် နှစ်ရက် သုံးရက်.. ။ ပြတင်းပေါက်ကလေးကတော့ ပွင့်မလာတော့ပါဘူးတဲ့။ လေညင်းကလေးဟာ ကြေကွဲလွန်းလို့ တောင်ကုန်းပေါ် တက်လိုက် ဆင်းလိုက် ဂနာမငြိမ်။ လေနုအေးကလေး အေးသထက် အေးလာတယ်။ လေကလေးဟာ ခိုက်ခိုက်တုန်အောင် ချမ်းလို့။ နောက်ဆုံးတော့ မျက်ရည်တွေ သွန်ချပြီး ချုံးပွဲချ ငိုကြွေးတော့တာပဲ။ အဲဒါကို မိုးရွာတယ်လို့ ခေါ်ကြသတဲ့။
လူသူတိတ်ဆိတ်နေတဲ့ တောင်ကုန်းကလေး တစ်လုံးပေါ်မှာ ပြတင်းပေါက်သေးသေးကို ခပ်တင်းတင်း ပိတ်ထားတဲ့ အိမ်ကလေးတစ်လုံးပေါ် မိုးတွေ သည်းသည်း ရွာ…လို့။ အဲဒီမြင်ကွင်းကို မြင်ရတာလောက် ဘယ်တုန်းကမှ ၀မ်းမနည်းခဲ့ဖူးဘူး။
ပန်ဒိုရာ
Sunday, November 18, 2007
ဘာညာအတွက် ဘာဂါ
နိုဝင်ဘာ ၈ ရက်နေ့က ဘာညာလေးမွေးနေ့ကို လက်ဆောင်မပေးဖြစ်ခဲ့ဘူး။ ဒါနဲ့ သူက ကိုယ့်အသည်းလေးကို လာဖဲ့တယ်။ အသည်းတော့ အဖဲ့မခံနိုင်ဘူး။ ဘာဂါ တစ်လုံး ကျွေးမယ်လို့ နှစ်သိမ့်လိုက်ရတယ်။ အခုတော့ နောက်ကျလက်ဆောင် ဘာဂါလာပြီ။ ဘလော့ဂ် စရေးခါစကတည်းက အခုအချိန်အထိ ခင်မင်ခဲ့ရတဲ့ ညီမကလေး။ အချိန်ကြာလာတာနဲ့ ခင်မင်မှုတွေ ပိုလို့သာ တိုးလာခဲ့ရတဲ့ ဘာညာလေး.. ဘ၀တလျှောက် စိတ်ချမ်းသာမှုများနဲ့သာ ကြုံတွေ့ရပါစေ…လို့။ (ဘာညာရေ မြန်မြန်လာ။ သူများတွေယူသွားမယ်။)
ချစ်ညီမလေး ဘာညာဘာညာ အတွက်
ငိုရင် အိအိ ရယ်ရင် ကွိကွိ လို့မြည်တတ်သော
နိုင်ငံတရှဲရှဲကျော်သော ဘလောက်ဂါလေး အတွက်
ဘာဂါ၀၀လေး တစ်လုံး ပေးလိုက်မယ်
နိုင်ငံတရှဲရှဲကျော်သော ဘလောက်ဂါလေး အတွက်
ငိုရင် အိအိ ရယ်ရင် ကွိကွိ လို့မြည်တတ်သော
ချစ်ညီမလေး ဘာညာဘာညာ အတွက်
အမြဲ ပျော်ရွှင်ပါစေနော်
Belated Birthday Burger for Blogger Barnyar.
ပန်ဒိုရာ သေတ္တာထဲမှာ ဘာရှိသလဲ
ဒီမေးခွန်းကိုမေးတဲ့လူက တော်တော် သတ္တိကောင်းသူပဲ ဖြစ်မယ်။ ဂရိပုံပြင်ထဲက ပန်ဒိုရာရဲ့ သေတ္တာထဲက ထွက်လာတဲ့ ကမ္ဘာမြေအတွက် လက်ဆောင်တွေကတော့ ကြောက်စရာ။ တကယ် ထုတ်ပြလိုက်ရမလား။ ဒါပေမယ့် ဒီပန်ဒိုရာကတော့ ပုံပြင်ထဲက ပန်ဒိုရာမှ မဟုတ်ပဲနော်။ ကဲ.. ဒီပန်ဒိုရာရဲ့ အိတ်ထဲမှာတော့ ဘာတွေရှိသလဲ ကြည့်ရအောင်။
- လက်ထိပ်တစ်စုံ
- ပစ္စတိုတစ်လက်
- ဓားမြှောင်တစ်ချောင်း
- အသေးစား ဖောက်ခွဲရေးကိရိယာ…
အဲဒီလိုရှိရအောင် စုံထောက်လည်း မဟုတ်၊ စပိုင်လည်း မဟုတ်။ ဟဲဟဲ…။ နေရင်းထိုင်ရင်း အကြမ်းဖက် ဆူပူသူလည်း ဖြစ်နေပါဦးမယ်။
ရိုးရိုးပါပဲ။ ဒါတွေရှိတယ်။
၁) ပိုက်ဆံအိတ် (Wallet) ။ အဲဒီထဲမှာ ရထား၊ ဘတ်စကား စီးသော ကဒ်။ မှတ်ပုံတင်ကဒ်။ အကြွေးဝယ်ကဒ်၊ ဘဏ်ကဒ်၊ ဘာကဒ် ညာကဒ် မျိုးစုံနဲ့ ငွေစက္ကူအချို့၊ ဘောက်ချာအချို့။ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက်ရဲ့ ပတ်စပို့ပုံ တစ်ပုံ။
၂) လက်ကိုင်ဖုန်း ၂ လုံး။ ဘာလို့ နှစ်လုံး ဖြစ်ရပါလိမ့်။ သြော်.. pandora-and-pandora လေ။
၃) ဖတ်လက်စ စာအုပ်တစ်အုပ်။ ပါချင်ပါမယ်။ မပါချင်မပါဘူး။ တကယ်တော့ ရထားပေါ်မှာ ကားပေါ်မှာ စာဖတ်ရင် ခေါင်းမူးတတ်တယ်။
၎) အလှပြင်ပစ္စည်း ထည့်သော အိတ်ကလေး တစ်လုံး။ အဲဒီအထဲမှာ ဘီးသေးသေး တစ်ချောင်း။ powder foundation ဗူးတစ်ဗူး။ နှုတ်ခမ်းဆိုးဆေး (သို့) lip gloss တစ်တောင့်။ လန်းဆန်းစေသည့် အသီးနံ့တစ်ခုခု ပါသော ရေမွှေး roll-on လေး တစ်ခု။ (ဒါတွေပြောရတာ ရှက်လိုက်တာ။)
၅) အရုပ်ပုံပါတဲ့ တစ်ရှုးလေး တစ်ထုပ်။ ရွေးစရာရှိရင် လှပတဲ့ တစ်ရှုးထုပ်လေးပဲ ၀ယ်တယ်။ တစ်ရှုးလှလှ ကြိုက်တဲ့ ချစ်မမတစ်ယောက် ဆီက ရထားတဲ့ အကျင့်။
၆) name card holder ။ ဘယ်သူပါ ဘယ်ဝါပါ။ အကူအညီလိုရင် ပြောပါနော်။ ဘာညာသာရကာပေါ့ .. ဟဲဟဲ။
ရ) လက်ကိုင်ဖုန်း တစ်လုံးနှင့် တွဲသော earphone ။ စိတ်လိုလက်ရ ရှိရင် လက်ကိုင်ဖုန်းထဲက အမ်ပီသရီး နားထောင်တယ်။ MP3 Player သီးသန့်မ၀ယ်ပါ။ နားထဲကို earphone ထည့်ပြီး ကြာကြာ နားမထောင်တတ်ပါ။ headphone ဆိုရင်တော့ နည်းနည်းရတယ်။
၈) thumb drive ဟိုဟာဒီဟာ အိမ်က ရုံးသယ်။ ရုံးက အိမ်သယ်။
၉) ထီး တစ်ချောင်း။ မိုးရွာလည်းဆောင်း ၊ နေပူလည်း ဆောင်းတယ်။
၁၀) သော့တွဲ နှစ်တွဲ။ အိမ်တစ်ခု ရုံးတစ်ခု။ ပုံထဲမှာတော့ တစ်ခုပဲ ပြထားတယ်။
ဘာတွေလဲဆိုတာ နံပါတ်ထိုးရမှာ ပျင်းတယ်။ ကိုယ့်ဖာသာ ရှာကြည့်နော်။
ထူးခြားချက်။ အမ်ပီသရီး ပလေယာ MP3 Player မရှိခြင်း။ ပြောပြီးတဲ့အတိုင်း နားကမခံနိုင်၍ ၀ယ်ရန် အစီအစဉ် မရှိ။ မွေးနေ့လက်ဆောင်တွေ ဘာတွေလည်း လာမပေးနဲ့နော်။ ပီဒီအေ PDA မရှိခြင်း။ မေ့တတ်၍ တစ်ကြောင်း၊ ရုံးမှာ တချိန်လုံးနှင့် အိမ်ပြန်ရောက် လျှင်ပါ ကွန်ပျူတာရှေ့ မျက်နှာအပ်နေသဖြင့် လမ်းမှာပါ ကွန်ပျူတာနှင့် မဝေးနိုင် ဆိုလျှင် ခက်ကမည်ဟု ကိုယ့်ကိုယ်ကို ဒဏ်ပေးထားတာက တစ်ကြောင်း မ၀ယ်သေးပါ။ ကင်မရာ ကိုတော့ အိတ်ထဲ အမြဲ မဆောင်ပါ။ လေးလို့။ အခုတော့ ထူးခြားတာလေး ရှိရင် ဘလော့ဂ်မှာ တင်ရအောင် ဆောင်ရမလား စဉ်းစားနေတယ်။ လက်ကိုင်ဖုန်းက ကင်မရာက resolution လုံလောက်အောင် မကောင်းပါ။
မေ့တတ်တယ်။ ပုံထဲမှာ ဘာကျန်ခဲ့လဲ။ သြော်.. ဘောလ်ပင် တစ်ချောင်း။ ဒီ့အပြင် များသောအားဖြင့် ဘီလ်များ ဘောက်ချာများ စာရွက်စာတန်း များနှင့် လေးလံနေတတ်။ ယခု ရှင်းထား၍။ ဒါဆိုရပြီနော်။ ဂျစ်ဂျစ်ရေ ကျေနပ်တော့။
အိတ်ကလေး တစ်လုံးကတော့ ပြောခဲ့တဲ့ စုံစီနဖာတွေကို ထည့်ပေးသလောက် မျိုချထားတယ်။ အိတ်ပိုင်ရှင်ကတော့ ကမ္ဘာလောကကြီး တစ်ခုလုံးကို တနင့်တပိုး မျိုချဖို့ ကြိုးစားနေလေရဲ့။
ပန်ဒိုရာ
Friday, November 16, 2007
စိမ်းရွက်နုပေါ်က မိုးရေစက်များ
သားရေကွင်းကလေးတွေနဲ့ပင် ကစားနည်းကစုံလို့။ အကိုရယ် သူ့သူငယ်ချင်းတွေ ရယ်နှင့် ဆိုလျှင် လမ်းမမှာ ၀ါးခြမ်းပြားတိုလေး စိုက်၊ တစ်ယောက်ကို ဘယ်နှစ်ကွင်းကျဆိုပြီး အဲဒီမှာတင်။ သတ်မှတ်ထားတဲ့ အဝေး တစ်နေရာကနေ အလှည့်ကျပစ်။ သားရေကွင်း ထွက်ကျသွားအောင် ပစ်နိုင်ရင် ပစ်နိုင်သူကယူ။ နောက်တစ်မျိုးက စည်းဝိုင်းကလေး ၀ိုင်းပြီး သားရေကွင်းကလေးကို အဝေးက တစ်ကွင်းချင်း လက်ဝါးပေါ် တင်ပြီး တစ်ယောက်တစ်လှည့် ပစ်ချ။ ကွင်းလေးအချင်းချင်း ထပ်သွားလျှင်ယူ။ မိုးတွေဘာတွေရွာလို့ အိမ်အောက် မဆင်းရဘူး ဆိုလျှင်တော့ နံရံမှာ သံတစ်ချောင်းစိုက် သားရေကွင်းတွေချိတ် အဝေးကလှမ်းပစ်။ ပြုတ်ကျလျှင်ယူ။
မိန်းကလေးတွေ ကစားနည်း ကျတော့တမျိုး။ သားရေကွင်းတွေ အများကြီး ချိတ်ဆက်ကာ ကြိုးလုပ်သည်။ ပြီးတော့ နှစ်ယောက်က ကြိုးတစ်ဖက်တစ်ချက်မှာ ကိုင်ထားပြီး တစ်ယောက်က ကြိုးပေါ်မှာ ခုန်သည်။ ခုန်ပုံခုန်နည်းက အဆင့်ဆင့်။ သတ်မှတ်ထားသော ပုံစံမျိုးစုံနှင့်။ ကြိုးတန်းက တဖြေးဖြေး မြင့်လာသည်။ ခုန်နေတုန်း အမှားဖြစ်သွားလျှင် ကိုယ်က ကြိုးတန်းကိုင်လုပ်။ သူများက ခုန်။ တခါတလေကျတော့ ယောင်္ကျားလေးတွေပါ လာကစားသည်။ မူလတန်းအရွယ်က နေ့လည်စာစားချိန်တွေမှာ ဒီကစားနည်းက ကျောင်းမှာ တော်တော် ခေတ်စားသား။
သားရေကွင်းနဲ့ကစားနည်းလို ဆန်ဆန် တခြားနည်းတွေရှိသေးသည်။ ရွှံ့ဖြင့်လုပ်သော လောက်စာလုံး ဖန်ဂေါ်လီ ၀မ်ဒိုးဟု ခေါ်သောအလုံးမျိုးစုံ ရှိသည်။ အဲဒီလို အလုံးလေးတွေကို စုပုံကာ လှိမ့်သည်။ ကျင်းတူးပြီး ၀င်အောင်လှိမ့်သည်။ တခါတလေ ဂျင်ပေါက်သည်။ ဂျင်ကတော့ သံချောင်းပါလို့ နည်းနည်း အန္တရာယ်ရှိသည်။ ဒိုးထိုးသည်။ မန်ကျည်းစေ့ ခရေစေ့များနှင့် ဇယ်တောက်ကစားနည်း။ အပုံပုံကာ အကွက်ရွှေ့ကစားနည်း ဒါတွေရှိသေးသည်။
မိန်းကလေးဆန်ဆန် စွဲစွဲလန်းလန်း ကစားတာ တစ်ခုကတော့ အရုပ်တမ်း ကစားသည်ဟု ကိုယ့်ဖာသာခေါ်ကြသော ကစားနည်း ဖြစ်သည်။ စက္ကူကို ရှည်ရှည်လေးခေါက် ပြန်ချိုးချပြီး လက်ပုံစံ စက္ကူချောင်းကလေးကို ညှပ်ထိုးကာ မျက်နှာပုံကိုရေးဆွဲပြီး အရုပ်ကလေး လုပ်သည်။ ပြီးတော့ အ၀တ်စလေးတွေ ညှပ်ကာ အကျီအ၀တ်အစား မျိုးစုံဆင်သည်။ စက္ကူဗူးတွေ စုဆောင်းကာ အိပ်ခန်း ဧည့်ခန်း စသည်ဖြင့် အိမ်ဆောက်သည်။ အခုခေတ်လို ဘာဘီရုပ်တွေ ၀မ်းဆက် ဈေးကြီးပေး ၀ယ်ခဲ့ရသည်မဟုတ်။ အားလုံး ကိုယ့်ဖာသာ လုပ်ကြသည်ချည်း။ အရုပ်ပိုင်ဆိုင်သမျှ ကိုယ်တကယ်ပိုင်ရသလို ပျော်ရသည်။
ကလေးတွေ စုမိပြီး လူစုံလျှင် စနေတနင်္ဂနွေလို ပိတ်ရက်ကို အသေအချာ ကြိုချိန်းကာ ကစားကြသည့် ကစားနည်းတွေလည်း ရှိသေးသည်။ တစ်နည်းကတော့ မုန့်ဈေးရောင်းတမ်း။ အဲဒါက အစကတည်းက ကိုယ်ဘာရောင်းမည်ဆိုတာ ကြိုညှိထားကြရသည်။ ထမင်းဟင်း ရောင်းမည့်လူနှင့်၊ ခေါက်ဆွဲကြော် ရောင်းမည့်လူနှင့်။ ကုန်ကြမ်း ရောင်းမည့်လူက ရှိသေးသည်။ အဲဒီကစားနည်းဆိုလျှင် အိမ်လမ်းကြား တစ်ခုခုမှာ ကိုယ့်နေရာဖြန့်ခင်း ပြီး ဈေးတန်းကြီး လုပ်ကြသည်။ ပစ္စည်းပစ္စယ အတော်လိုသည်။ လူများဖို့လည်း လိုသည်။ ခင်းထိုင်စရာ ပလတ်စတစ်ပြား ထိုင်ခုံ အိုးခွက်ပန်းကန် ခင်းကျင်းကြ။ သစ်ရွက်ကလေးတွေ အသီးလေးတွေ ပန်းပွင့်ကလေးတွေ လှီးကြချွတ်ကြ ။ သဲတွေ ရေတွေလည်းပါပေါ့။
အဲဒီလို ချိန်းပွဲကစားတာတွေမှာ မည်သူမှ သိပ်ကစားဖူးမည် မထင်တာကတော့ ကတန်းခုန်တန်း ကစားတာ ဇာတ်ထောင်တာ ဖြစ်သည်။ အဲဒီနည်းက အကိုအမ ၀မ်းကွဲတွေ ငယ်ငယ်ကတည်းက စခဲ့တာဖြစ်သည်။ အမျိုးတွေရှိသော နယ်ကို သွားလည်လျှင် အဲဒီမှာ အသက်ဆယ်နှစ်ကျော်ကျော် အကိုဝမ်းကွဲ သူဌေးသား တစ်ယောက်ရှိသည်။ ဇာတ်ပွဲတွေ စတိတ်ရှိုးတွေ ကြည့်ပြီးလျှင် သူကပိုးမသေ။ ဘက်ထရီမီး အ၀တ်အစား တီးမှုတ်တူရိယာ အားလုံး စပွန်ဆာလုပ်ကာ ပွဲထောင်သည်။ ကလေးတွေဆော့သောပွဲကို လူကြီးတွေပါ လာကြည့်ကြသည်။ ငယ်ငယ်က သူ့ကို အားကျသည်။ ကိုယ် ငါးတန်းအရွယ်လောက် ရောက်လာတော့ အိမ်က အစ်ကိုအပါအ၀င် သူငယ်ချင်းတွေကို စည်းရုံးသည်။ ဖျော်ဖြေမည့်သူက ဖျော်ဖြေဖို့ လာကြည့်မည့် သူကလည်း လာကြည့်ဖို့။ အိမ်မှာကလည်း တီးမှုတ်တူရိယာ အတော်များများရှိသည်။ ပုဝါတွေ အ၀တ်အစားတွေ စုဆောင်းကြ။ ရေဆေးရောင်စုံ ဗူးကလေးတစ်ခု ရှိတော့ ဆိုင်းဘုတ်တွေ နဖူးစည်းတွေ ဘာတွေ စာလုံးဖောက် ရေး။ ဇာတ်ညွှန်းရေး ဇာတ်တိုက်။ အမယ်.. သီချင်းတောင် စပ်လိုက်ကြသေးသည်။ ဒီကြားထဲ စိတ်ကောက်သူနှင့် အိမ်ကသိသွားလို့ အဆော်ခံရသူနှင့် ဇာတ်ခေါင်းခဏခဏ ကွဲကြရသေးသည်။
နောက်တစ်နည်း ကြံကြံဖန်ဖန် ကစားတာကတော့ ပန်ဒိုရာဟု တောင်ရေးမြောက်ရေး လျှောက်ရေး ဖြစ်လာမည့် အလောင်းအလျာလေးက ဗီဇပြခြင်း ဖြစ်သည်။ စာပေကို ၀ါသနာပါသော ဖေဖေက ကိုယ်ငယ်ငယ်က စာအုပ် အရောင်းအငှား နှင့် စာရေးကိရိယာ ဆိုင်ကလေး အိမ်မှာ ဖွင့်ထားသည်။ ပန်ဒိုရာသည် စာအုပ်တွေကြား ကြီးပြင်းလာခဲ့ရသည်ဟု ပြောနိုင်သည်။ ကျောင်းအားချိန်မှာ စာအုပ်ဆိုင်လည်း ကူထိုင်ရသည်။ အဲဒီ ငါးတန်းနှစ်လောက်မှာပဲ ဖတ်ရုံတင်မက ရေးချင်တဲ့ပိုးက ရွလာသည်။ ဗလာစာရွက်များကို လေးခေါက်ခေါက် စာအုပ်ကလေး ဖြစ်အောင်ချုပ်ကာ တိုလီမုတ်စတွေ ရေးတော့သည်။ ၀ါသနာတူ သူငယ်ချင်း တစ်ယောက်ကို စည်းရုံးသည်။ ပြီးတော့ နှစ်ယောက်ပေါင်းကာ စာအုပ်ပေါက်စကလေးတွေကို အတန်းထဲမှာ သူငယ်ချင်းတွေကို ငှားစားသည်။ သူတို့က ဖတ်ချင်လျှင် ဗလာစာရွက် အလွတ်နှင့် ပေးချေကာ ငှားရသည်။ အဲဒီရလာသော စာရွက်လွတ်များမှာ ကိုယ်တို့က အသစ်ထပ်ရေးနှင့် ဟန်ကိုကျလို့။ နေပါဦး .. အဲဒီတုန်းက ကလောင်နာမည် .. တက္ကသိုလ် ပန်ဦးတဲ့ … ဟားဟား။ သူငယ်ချင်းနာမည်ကလည်း တက္ကသိုလ် တော့ ပါသည်။ မေ့သွားပြီ။ ကလေးတွေ ကြံကြံဖန်ဖန်။ အခုပန်ဒိုရာ နာမည်ယူတော့ အဲဒီတုန်းက တက္ကသိုလ် ပန်ဦးကို မေ့နေသည်။ ပန်ချင်း တိုက်တိုက်ဆိုင်ဆိုင်။ အခုဒီစာရေးမှ သတိရသည်။
အဲဒီကိစ္စတွေ ငါးတန်းကျောင်းပိတ်ခါနီးမှာ နိဂုံးချုပ်သွားပုံကတော့ ဒီလို။ ပန်ဒိုရာက အဲဒါတွေလုပ်နေတာကို အိမ်ကသိသွားမှာတော့ ရှက်သည်။ အစ်ကိုကိုလည်း ပြန်မပြောဖို့ ပိတ်ထားသည်။ စာအုပ်ကလေးတွေ အားလုံးကို သူငယ်ချင်း တစ်ယောက်ထံမှာ အပ်ထားသည်။ ကျောင်းဆင်းလျှင် သူက သိမ်းပေးသည်။ တနေ့တော့ သူ့အဖေက တွေ့သွားသတဲ့။ ကလေးတွေဖြစ်ပြီး ၀တ္တုတွေ ချစ်ကြောင်းကြိုက်ကြောင်း ပါတာတွေ ရေးရမလား ဆိုပြီး သတင်းစာလို့ရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကလွဲလို့ ကျန်အားလုံး ဖြဲဆုတ်လိုက် သတဲ့။ အဲဒီခေတ်က အပြင်စာဖတ်လျှင် ကလေးတွေ ရည်းစားထားမည်စိုးကာ တချို့မိဘတွေက တားမြစ်ချင်သော ခေတ်ပေကိုး။ အခုတော့ ဘာအမှတ်တရမှ မကျန်ခဲ့တော့ပါလေ။
နောက်ထပ် လူအများနဲ့ ကစားသည့် ကစားနည်းတွေကတော့ အားလုံး ကစားဖူးမည့် ရွှေစွန်ညို ၀ိုင်းကြီးပတ်ပတ် ထုတ်ဆီးတိုးတမ်း ဖန်ခုန်တမ်း စစ်တိုက်တမ်း ။ နည်းနည်းပိုပြီး အားကစားဆန်လာတာကတော့ ဘောလုံးကန် ကြက်တောင်ရိုက် ကျားထိုး စစ်တုရင်ထိုး။ အစ်ကိုနဲ့က မတိမ်းမယိမ်းဆိုတော့ ပေါက်ကရလုပ်ဖို့ တော်တော် အဖော်ရသည်။ ဘယ်မှ မထွက်ရဆိုလျှင်လည်း မောင်နှမနှစ်ယောက် အင်ဒိုး ကစားဖို့တော့ အဖော်ရနေသေးတာပဲ။ မောင်လေးကိုတော့ ငယ်ငယ်က တော်တော်ရှုပ်သည်ထင်သည်။ သူ့ကိုမခေါ်လို့လည်း မရ။ ကစားဖို့ သူငယ်ချင်းတွေဆီသွားလျှင် ကလေးပါခေါ်သွားဟု မေမေက တခါတည်း ကလေးထိမ်းခိုင်းသည်။ ကိုယ်က သိပ်မကြည်။ နောက်ပိုင်း သူတော်တော်လေး ကြီးလာတော့မှ ကစားတာ နည်းနည်း အဖော်ရ လာသည်။
နောက်ထပ် ကစားနည်းတွေ ပြောရမည်ဆိုလျှင် တကယ်တော့ အများကြီး ကျန်သေးသည်။ မှန်ကို နေရောင်မှာ ထိုးကာ ပလတ်စတစ် အရုပ်ကလေးများချ ပိတ်ကားထောင်ကာ ရုပ်ရှင်ပြတန်းတို့။ စက္ကူလှေ သစ်သားလှေ ကလေးတွေ ရေမြောင်းထဲ လွှတ်တာတို့၊ သဲအိမ်ကလေးတွေဆောက်တာတို့ စသည် စသည်။ နည်းနည်း လူကြီးဆန်ကာ ညစ်လာသည့် ဖဲရိုက်တာ ကက်ဆွဲတာလို ကစားနည်းကတော့ ရှစ်တန်း ကိုးတန်း အရွယ်လောက်မှ စတတ်မြောက်သည်။ အဲဒီအရွယ်ကတော့ ကလေးလေးလို့ မခေါ်နိုင်တော့ ထင်သည်။
ငယ်ငယ်က ကစားပုံ ကစားနည်းတွေဟာ ကြီးပြင်းလာတဲ့ ဘ၀နဲ့ ဘယ်လို ဆက်စပ်မလဲ ဆိုတာ တွေးကြည့်မိ နေသေးသည်။ အဲဒီအချိန်ကတော့ ကစားချိန် လုံလောက်တယ် လို့ကို မထင်လေ။ ကလေးဆိုတာ ကစားရမည် ဆိုလျှင် ၀ သည်လို့ကိုမရှိ မဟုတ်လား။ အခု ပြန်တွေးကြည့်တော့ အခုခေတ် ကလေးတွေနဲ့ ယှဉ်လျှင် ထူးထွေဆန်းပြား ကစားစရာတွေ မရှိသော်လည်း အိမ်ထဲရော အိမ်ပြင်မှာပါ တော်တော် ကစားချိန်ရခဲ့သည်ဟု ဆိုနိုင်သည်။ အပြင်စာတွေ ဆိုလည်း အိမ်မှာ ရှိတာတွေ ဖတ်နိုင်လို့ကတော့ လွတ်လပ်စွာ ဖတ်ခွင့်ရခဲ့သည်ပဲ။ ဒါတွေကြောင့် ကျောင်းစာကိုလည်း မလစ်ဟင်းခဲ့ပါ။ ကျူရှင်လည်း တက်စရာမလို။ အခုကြီးလာတော့ ဘာဖြစ်လာခဲ့သလဲ။ ဘယ်လိုဆက်စပ်သလဲ။
တကယ်တော့ ကလေးဘ၀က ကစားကြတာတွေဟာ ဘ၀သေးသေးလေးတွေကို စိတ်ကူးယဉ်ပြီး အစမ်း တည်ဆောက်ကြည့် နေကြတာ ဟုပင် ပြောနိုင်မည်ထင်သည်။ ငယ်ငယ်က ကစားနည်းတွေမှာလည်း ညှိနှိုင်းရတာတွေ ပါသည်။ စည်းမျဉ်းစည်းကမ်းတွေ ပါသည်။ လောဘလေးတွေ ပါသည်။ ပျော်ရတာတွေ ပါသည်။ ရန်ဖြစ်ရတာတွေ ပါသည်။ နိုင်တာ ရှုံးတာတွေလည်း ပါသည်။ ကစားပွဲ ပြီးတော့လည်း ပြီးသွားတာပဲ။ ကလေးတွေ ကတော့ ဖြူစင်ပါသည်။ အဲဒီလို ကလေးဘ၀က ဘယ်လိုပဲ အစမ်းတည်ဆောက်ခဲ့ ပေမယ့်လည်း အခုကြီးလာတော့ရော လူ့လောကရဲ့ သတ်မှတ်ထားတဲ့ စည်းတွေကြားမှာ လောဘဒေါသတွေ ချုပ်ထိန်းလို့ ဘ၀မှာ နေပျော်အောင် အနေတတ်ပါပြီတဲ့လား။ ပြီးပြီးပျောက်ပျောက်ရော သဘောထား နိုင်ပါသေးရဲ့လား။ အင်း… စိတ်ကူးယဉ်မှုတွေကရော ပြီးဆုံးခဲ့ပြီလား။
အပြင်ကို ငေးကြည့်လိုက်တော့ သစ်ရွက်တွေပေါ်က သွယ်တန်းကျနေတဲ့ မိုးရေစီးကြောင်းတွေကို လေရူးက အပိုင်းပိုင်း ဖြတ်တောက်လို့ ဟိုလွင့်ဒီလွင့်။
ပန်ဒိုရာ
Tuesday, November 13, 2007
ပန်ဒိုရာကို ရိုက်ချိုးခြင်း
“ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…”
ဒီလို ငါပြောခဲ့တယ်
ပြောမိသမျှစကားတွေ
ကဗျာထဲ ထည့်ခွေနေမိတော့
ငါက ကဗျာကောင်ကြီး ဖြစ်ဖြစ်လာတယ်
ကဗျာကောင်ကြီးက ကဗျာတွေကိုအန်ချရမှ
နေသာထိုင်သာရှိတယ်
ကဗျာကောင်ကြီးက လိုက်လိုက်အာချောင်
ကဗျာကောင်ကြီးက လက်တစ်ဆုပ်စာဦးနှောက်နဲ့
ကဗျာကောင်ကြီးက ထိလွယ်ရှလွယ်
ကဗျာကောင်ကြီးကို ဝေးဝေးရှောင်ကြ
ငါကပေးထားချက်တွေကြားက
အသန့်ရှင်းဆုံးကစားချင်တဲ့ကောင်ပါ
ဘ၀မှာ ဘယ်နှစ်ခါ အ၀ါကဒ် အထိခံနိုင်သလဲ
တချို့က စကားလုံးတွေကိုခုတုံးလုပ်တယ်
ငါကပန်ဒိုရာကိုခုတုံးလုပ်တယ်
အသာနေစမ်းပါ့ကွယ်
ငါက အကြည်ညိုမပျက်ချင်ပါဘူး
ငါ့မော်ဒန်အကြည်ဓာတ်လည်း အပြတ်မခံနိုင်ဘူး
ငါကအနာဂတ်အပြည့်နဲ့နေထိုင်သူလေ
“ငါ့နှလုံးသွေးတို့ စီးဆင်းစေကာ
ငါ့ဝိညာဉ်ကို ဆေးကြောအံ့
အတွင်းအပ ထပ်တူကျ တည်ပါစေသတည်း”
အနုပညာ ချောက်ကမ်းပါးက
လွယ်အိတ်တစ်လုံးငိုက်စိုက်ချ
ကိုင်းညွတ်နေသော မိုးလှိုင်ည ရေ
မင်းကတော့ ပစ်ချစရာ ဖေဖော်ဝါရီ ရှိခဲ့
ငါကတော့ ငါ့ကိုယ်ငါပဲ ရိုက်ချိုးရတယ်။
ပန်ဒိုရာ
အကြွေးစာရင်း
- ချစ်လေပြေ တက်ဂ် ထားသော ငယ်ငယ်က ကစားနည်းတွေအကြောင်း (ရေးပြီး)
- ဂျစ်တူး တက်ဂ်ထားသော အိတ်ထဲမှာ ဘာရှိသလဲ (ရေးပြီး)
- Chaos တက်ဂ်ထားသော ကြောက်သောသတ္တ၀ါများ (ရေးပြီး)
- ကဗျာထုတ်တဲ့ စက်ရုံကြီး ရေးခိုင်းထားသော ဒါမျိုး
- မွန် တက်ဂ်ထားသော လွမ်းစရာလေးတွေ
- ဘာညာရဲ့ ဘာဂါ (ရေးပြီး)
- ဇီးရိုးထရက်ရှ် တက်ဂ်ထားသော ဘယ်လိုလူလဲ (ရေးပြီး)
- ညိမ်းညို တက်ဂ်ထားသော ရင်ထဲစွဲသည့် စာအုပ်များ
မေ့တယ်လို့ မထင်နဲ့။ မကြာခင် ဖြည်းဖြည်း ရှင်းပါမယ် ကြွေးရှင်တို့။ လာမယ် ကြာမယ်။ လောလောဆယ်တော့ ရင်ဘတ်ထဲက ထွက်ကျတာလေးတွေ ဖတ်နှင့်ဦးနော်။
Monday, November 12, 2007
လူမိုက်
အခုတလော
ငါကလူမိုက်ဆိုပါတော့
ငါ့အသံတွေ တဆတ်ဆတ်အဖျားခတ်-နက်
ငါ့အရောင်တွေ ရင့်ရင့်မှိုင်းမှုန်-ပြာ
ငါ့အရေခွံတွေ ပိန်းပိန်းပိတ်ပိတ်-၀ါ
ငါ့သွေးတွေလည်း မာမာခဲခဲ-နီ
ငါ့အပြုံးတွေ မခိုးမခန့်-စိမ်း
မိုက်တယ်ဆိုတာ… လွယ်ပါသတဲ့
ဦးထုပ်ငိုက်စိုက်နဲ့ ဆေးပြင်းလိပ်ကို ထောက်ခနဲ
ဘယ်လိုလဲ.. လက်ညိုးကလေး ကွေးလိုက်ရမလား
ကဲ.. ဒီမှာ ဒီမှာ ဒီမှာ
ငါ့ကွင်းထဲမှာ ငါသာဒိုင်လူကြီး
မင်းတို့အားလုံးကို အ၀ါကဒ် ပြလိုက်တယ်။
ပန်ဒိုရာ
Saturday, November 10, 2007
ကံကြမ္မာသောင်ကမ်းမှာ လရိပ်တခြမ်းကျနေခဲ့စဉ်
အနုပညာ..တဲ့။ လှပကျယ်ဝန်းတဲ့ အဓိပ္ပါယ်နဲ့ ပြည့်စုံတဲ့ ဝေါဟာရတစ်ခု။ ဘလော့ဂ်ကို ရေးတယ်။ အနုပညာကို ရေးတယ်။ ဘလော့ဂ်က ကိုယ့်ကိုပြန်ရေး၊ အနုပညာက ဘလော့ဂ်ကို ပြန်ရေးသွားခဲ့တယ်။
ဘလော့ဂ်ရေးသားခြင်း ထဲမှာ အနုပညာ စီးကူးမှုတွေရှိခဲ့။ လရိပ်မှုန်ပျပျမှာ ကဗျာဆရာနှင်းခါးမိုးက ဒီလို ဖွဲ့ဆိုခဲ့။ ကိုယ်ရေးမိတဲ့ မှတ်ချက်က ကဗျာတစ်ပုဒ်ဖြစ်ခဲ့။ မေတ္တာရှင် တစ်ယောက်က ဒီပို့စ်ရဲ့ခေါင်းစဉ် ဖြစ်လာဖို့ စကားလုံးတချို့ ထွက်ကျသွားခဲ့။
ခရီးတောလမ်း
သည်တောမို့
မောမိတယ်…
မုဆိုးလား သားကောင်လား
ဝေေ၀၀ါးဝါး စိတ်ထွေပြားတယ်။
အာရုံမွှေနှောက်
ခြောက်တဲ့အခါခြောက်လိုက်
ကန်ရေပြာမာလာအေးနဲ့
ဟိုအဝေးကမြှူလာလိုက်
ခလုတ်တိုက် သွေးစိမ်းထွက်
ခယောင်းခက် အဆိပ်သင့်တယ်။
ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။
မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။
သည်တောက
ခက်တယ်…
သားကောင်တလှည့် မုဆိုးတလှည့်
ကံကြမ္မာကို အမဲလိုက်ကြတယ်။
ပန်ဒိုရာ
Friday, November 9, 2007
ပန်ဒိုရာ နာမည်ပြောင်းရမလား
မင်္ဂလာပါ။
၂၀၀၇ မတ်လ ၂၇ ကစလို့ ပန်ဒိုရာ နာမည်နဲ့ ဘလော့ဂ်ရေးခဲ့ပါတယ်။ အခုတော့ ယူကေက ညီမလေး တစ်ယောက်က ဒီနာမည်နဲ့ ဘလော့ဂ်ရေးပြီး လိပ်စာမှာလည်း ပန်ဒိုရာ ဆိုတဲ့စာလုံး ၂ လုံး ယူပြီး http://www.pandora-pandorabox.blogspot.com/ လို့ ဘလော့ဂ် အသစ် ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်က စရေးထားပါတယ်။ ပန်ဒိုရာဆိုတာ ရှိခဲ့မှန်း သူ မသိခဲ့လို့ နေမှာပါ။ ဆီပုံးမှာ လာပြောသွားပါတယ်။ သူလည်း ဒီနာမည်လေးကို နှစ်သက်ပုံရပါတယ်။
ဒါပေမယ့် နောက်ပိုင်း တခြားဘလော့ဂ်တွေ သွားလည်တဲ့အခါ ပန်ဒိုရာ နာမည်နဲ့ ရေးသား နှုတ်ဆက်တာတွေမှာ ရောထွေးမှာကို မလိုလားပါဘူး။ လာလည်သူများကိုလည်း မရှုပ်ထွေးစေလိုပါဘူး။ ဒါကြောင့်မို့ နာမည်ဆင်တူ မဖြစ်အောင် ဟောဒီ ပန်ဒိုရာက နာမည်ပြောင်းရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။
ပန်ဒိုရာဆိုတဲ့ နာမည်ကို ဘာကြောင့် ယူခဲ့သလဲ ဆိုတာကိုတော့ အခု အချိန်မှာ ပြန်ရှင်းပြ မနေချင်တော့ပါဘူး။ ကိုယ်သေသွားလည်း အားလုံးထားခဲ့ရမယ့် လောကကြီးမှာ အစွဲအလန်း မကြီးတာပဲ ကောင်းမယ် ထင်ပါရဲ့။
နာမည်ပြောင်းရင်တော့ ဘလော့ဂ် လိပ်စာပါ ပြောင်းစရာ လိုကောင်း လိုလာပါမယ်။ နာမည် နဲ့ ဘလော့ဂ် လိပ်စာ ပြောင်းသင့် မပြောင်းသင့် ဆိုတာနဲ့ နာမည်အသစ် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကို ပန်ဒိုရာကို လာဖတ်နေကျ မိတ်ဆွေများနဲ့ တိုင်ပင်ချင်ပါတယ်။ မြန်မာလိုဖြစ်စေ အင်္ဂလိပ်လို ဖြစ်စေ ဒီပို့စ်ရဲ့ မှတ်ချက်မှာ အကြံဥာဏ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ခင်မင်စွာဖြင့်
ပန်ဒိုရာ
(မှတ်ချက်။ ။ ယူကေက ညီမလေးက နာမည်ပြောင်းလိုက်သဖြင့် ပြေလည်သွားပါပြီ။ အားလုံးကို ကျေးဇူးတင်ပါသည်။ )
Thursday, November 8, 2007
8 Nov 2007
စကားလုံးတွေ .........ရေးချလိုက်ရုံနဲ့
ရေပြင်မှာငါးကလေးတွေကူးခတ်သွားသလို
ကောင်းကင်မှာငှက်ကလေးတွေပျံသန်းသလို
လှပပြည့်စုံသွားမယ်လို့ယုံကြည်ခဲ့ပါသလား
ဒါတွေကိုနှလုံးသားတခုလိုသရုပ်ဖော်လို့
မင်းရှိတဲ့ရင်ခွင်ကိုအပြေးကလေး
တိုးဝှေ့ခွင့်များရခဲ့ရင်လေ
မင်းသိသွားအောင်
ပြောပြချင်ရဲ့
ချစ်တဲ့
သူ
မွေးနေ့မှာ ပျော်ရွှင်ပါစေ
ကိုယ့်ကိုပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ချစ်သူရယ်…
Monday, November 5, 2007
Building Trust
Sunday, November 4, 2007
ကြီးမြတ်သောလှိုင်း
လှိုင်း… လှိုင်း၏ ရိုက်ခတ်မှုက အင်အားကိုလည်း ဖြစ်စေတတ်သတဲ့။ ညင်သာသော သို့သော် လန်းဆန်းသော လေသည် မိုင်ပေါင်း ရာထောင်ချီ အရပ်မှ အရှိန်ယူ တိုက်ခတ်လာ၏။ ပျော့ပျောင်းသော ရေပြင်ကျယ်နှင့် တဖြည်းဖြည်း ပေါင်းဆုံ အားကောင်းလာသောအခါ ….။
သမုဒ္ဒရာသည် အပုပ်များ၊ အမှိုက်သရိုက်များ၊ မလိုလားအပ်သည့် အရာများကို ကမ်းစပ်သို့ တွန်းတင် ရိုက်ပုတ်ကာ အန်ချ ပေးလိုက်သတဲ့။ လှိုင်းတို့ကိုယ်တိုင်ပင် လှိုင်းသဘာဝဖြင့် ပင်လယ်ကို သန့်စင် ဆေးကြောပေးရန် ကြိုးစားခြင်းပေပဲ။ သဘာဝသည် ရိုင်း၏။ သဘာဝသည် ယဉ်ပြန်၏။ သဘာဝ နိယာမတို့က အံ့သြစရာ။ လှိုင်းက ကမ်းစပ်ကို မမေ့။ ကမ်းစပ်၏ ဂုဏ်သတ္တိကိုလည်း မမေ့ပါလေ။
လူကလည်း လူ့သဘာဝ။ စိတ်တွေကလည်း စိတ်၏သဘာဝ။ လှိုင်း သဘာဝကတော့ ရိုက်ခတ်နေဦးမည်။ သို့သော် အသိဥာဏ် နှင့် နားလည်မှု ဟူသော အနားသတ်တစ်ခုက ငြိမ်သက် အေးဆေးစွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ပေးသောအခါ ရိုက်ခတ်မှုတို့၏ လားရာသည် အပြုသဘောကို ဆောင်နိုင်လေသည်။ ညစ်ထေးမှု တို့ကို ဖြိုချ သန့်စင် ပေးမည့်လှိုင်း၊ ကြိုဆိုရမည့် ကြီးမြတ်သော လှိုင်းများအဖြစ် လှိုင်း၏ ခွန်အားဖြင့် အကျိုးဆောင်စရာ များစွာ ရှိနေသေးသည်လေ။ အနန္တ ကောင်းကင်ကြီးကတော့ တိုက်ခတ်လေ ရေပြင်နှင့် လှိုင်းတို့ကို အစဉ်ကြင်နာစွာ ငုံ့ကာ အုပ်မိုးပေးနေသယောင်။
လှိုင်းတို့ကို မတုန်မလှုပ် တူရူစူးစိုက် ကြည့်မိသည်။ လှိုင်းက ခွန်အားရှိစွာ ပြီးတော့ တည်ကြည်စွာ စေ့စေ့ပြန်ကြည့်၏။ သည်လို ဆိုတော့လည်း ပင်လယ်ကျယ်ကျယ်ထဲမှ တက်ကြွသော လှိုင်းတံပိုးတို့သည် အဆုံးအစ မရှိသော မိုးသားအောက်ဝယ် ၀ီရ ရသ မြောက်သော ပန်းချီကားတစ်ချပ် ဖြစ်လို့နေနိုင်ပြန်သည်။
ပန်ဒိုရာ
Saturday, November 3, 2007
လှိုင်း
လှိုင်း တဲ့။ လှိုင်း ဟုဆိုလိုက်လျှင် မတည်ငြိမ်ခြင်း ရိုက်ခတ်ခြင်း လှုပ်ရှားခြင်း ဟူသော သဘောတစ်ခုက ထပ်ကြပ်မကွာ လိုက်လာမည်။
ရေလှိုင်း ဆိုလျှင်တော့ လှိုင်းဖြစ်ဖို့ ရေပြင်လိုအပ်မည်။ လှိုင်းက လှိုင်း ဟု အခေါ် မခံရခင်က သာမန်ရေပြင် တစ်ခုသာပဲ။ ခဲလုံးကျသလို မဟုတ်ပဲ သဘာဝအားဖြင့် လှိုင်းတွေ ဖြစ်လာဖို့ ဆိုလျှင် တိုက်ခတ်မည့် လေ လိုအပ်မည်လေ။ လရောင်ခြည်ရဲ့ ဆွဲငင်မှုကလည်း ပံ့ပိုးကူညီ ပေးချင်ပေးမည်။ လသာသာမှာ ညင်သာလေ အောက်က သိမ့်သိမ့်ကလေး လှုပ်နေတဲ့ ရေလှိုင်းတွေဟာ လှပတဲ့ သိင်္ဂါရ ပန်းချီကားတစ်ချပ်ပေါ့။
လူတွေရဲ့ ရင်ဘတ်တွေထဲက သဘာဝလှိုင်းတွေကရော။ မလိုအပ်တဲ့ ရိုက်ခတ် လှုပ်ရှားမှုကို ကြောက်သူရဲ့ အပေါ်ယံ တင်းအောင် ကြိုးစားမှုတစ်ခုဟာ အခြယ်အသ ကင်းမဲ့သော မျက်နှာထား တင်းတင်း ဖြစ်ချင်ဖြစ်မည်။ ရယ်သွမ်းသွေး ချင်ယောင် ဆောင်ထားသော စကားလုံး ပြင်းပြင်း ဖြစ်ချင်ဖြစ်မည်။ စကားပြောလျှင် ထည့်ထည့် သုံးသည့် ထောင့်မကျိုးသော နာမ်စားတစ်ခု ဖြစ်ချင်ဖြစ်မည်။ အဲဒီလို အခွံမာပါးပါး အုပ်လိုက်ရုံနှင့် ပျော့ပျောင်းမှု တစ်ခုဟာ အလုံးစုံ ဖုံးပိတ် လုံခြုံ သွားနိုင်လျှင်တော့ ကောင်းမည်နော်။
နူးညံ့မှုရဲ့ နောက်ကွယ်မှာ လှိုင်းတွေ ရှိနိုင်သည်။ ညင်သာသော လေညင်း ကလေးက ငြိမ်သက်နေတဲ့ ကန်ရေလွှာနုနုကို လှပသေးကွေးသော လှိုင်းကလေးတော့ ဖြစ်စေတတ် သတဲ့။ ရေလှိုင်းမဟုတ်တဲ့ တခြား မြင်ရတဲ့ မမြင်ရတဲ့ လှိုင်းတွေလည်း များစွာ များစွာ ရှိပါသေးသည်။ သူတို့ရဲ့ အင်အား အစွမ်းကလည်း အံ့သြစရာ။ မိုင်ပေါင်း ရာထောင်ချီ ခြားနေတဲ့ အရောင်တူ စကားတူ လူသားတွေ ကြားကိုလည်း မမြင်ရတဲ့ လှိုင်းတွေက ဆက်သွယ် ပေးသွားနိုင်သတဲ့။ ဟော.. ဟိုမှာ တဝေ့ဝေ့ လာနေပြီလား။ တိုးတိတ် ညင်သာစွာ။ သိမ်မွေ့စွာ။ တိတ်ဆိတ်ခြင်းထဲမှာ အသံတစ်ခု တဒိတ်ဒိတ် ပဲ့တင် ပျော်ဝင်နေသလား။ လှိုင်းတွေ ဆက်လက် ပုတ်ခတ်လာဦးမှာလား။
တကယ်တော့ ရိုက်ခတ်မှုရဲ့ အဆုံးသတ်မှာ အနားသတ် ကမ်းစပ်ကတော့ အမြဲ ရှိနေသည်။ ရေပြင်ဆိုတာက အဆုံးအစမဲ့ ဖြန့်ကျက်ပိုင်ခွင့် ဘယ်ရှိပါ့မလဲ။ ဘောင်ခတ် ထားလို့လည်း လူးလာရိုက်ခတ် လှိုင်းဖြစ်ခွင့်ရသည် မဟုတ်လား။ လှိုင်းက လှိုင်းကလေး ဖြစ်ရုံ ဆိုလျှင်တော့ လှပနိုင်ပါသေးသည်။ ကမ်းစပ်နဲ့ ဝေးကွာလေလေ ရေပြင် နယ်နိမိတ် ကျယ်ပြန့်ခွင့် ရလေလေ လှိုင်းကလေး အဖြစ်ကနေ အနှောင့်အယှက် ပေးသော ဖျက်ဆီးသော အရုပ်ဆိုးသော လှိုင်းကြီးကြီး ဖြစ်လာဖို့ အခွင့်အရေး ပိုလာလေလေ ဖြစ်မည်။ ဒါဆိုလျှင်တော့ မသေချာမှုများ မာယာများဖြင့် ပြည့်နှက် နေသော ပင်လယ်ပြင်ကျယ်ကို ထားခဲ့တော့မည်။ လူတိုင်းကို အေးချမ်း ကြည်နူး စေသော လှပ ရိုးရှင်းသည့် လှိုင်းဂယက်ကလေးတွေ အတွက်တော့ ကမ်းစပ် ဘောင်နီးနီးက ကန်ရေပြင် သေးသေးကလေးပဲ ကောင်းမည် ထင်ပါသည်။
ပန်ဒိုရာ
Thursday, November 1, 2007
ကောင်းကင်အစစ်မှာ စီးဆင်းချင်တဲ့ ဖြူနီမြစ်တစ်စင်း
စစ်ပွဲ၊ ဒုက္ခသည်၊ ကပ်ဆိုက်မှုများ...တဲ့
ထည့်မစဉ်းစားဖြစ်ခဲ့တဲ့ ဝေါဟာရတွေနဲ့
ကျည်အပြည့်ထိုး မောင်းတင်ထားတဲ့ ကဗျာတွေ
ဒီကောင့်ရင်ဝတည့်တည့်ရောက်မှ
ခလုတ်ဖြုတ်ချနေတော့ပါလား။
အီလက်ထရွန်းနစ်လှိုင်းကိုဖွင့်
စက်တင်ဘာ ရေချိန်မြင့်လာတော့
အနီရောင်ရင့်ရင့်နဲ့ အဖြူရောင်မပွင့်တပွင့်တွေ
ရောနှော စီးဆင်းခဲ့ကြတယ်
အဲဒီမှာ စိတ်ဓာတ်တွေတက်တယ်
အဲဒီမှာ စိတ်ဓာတ်တွေကျတယ်
အဲဒီမှာ သွေးတွေကြွတယ်
အဲဒီမှာ သွေးလေချောက်ချားတယ်။
ဒီခေတ်ကြီးထဲမှာ….
ဒီခေတ်ကြီးကိုက….
တခါလာလည်း ဒီခေတ်ကြီး
တခါလာလည်း ဒီခေတ်ကြီး နဲ့
ဒီခေတ်ကြီးကို ပခုံးထမ်းသယ်ပိုးလို့
ဘယ်တော့များမှ အရည်ကျို အရောင်ချွတ်
ကြေးညှော်ခွာချ ထုဆစ်ကြမှာလဲ။
အိပ်မက်အသေနဲ့ ဗလာဇာတ်မှာ
အရုပ်ကြိုးပြတ် အသုံးတော်ခံနေရတဲ့
မသိကျိုးကျွံတို့ရေ...
ဟောဒီမှာ ခင်ဗျားတို့ အတွက် တဲ့
အသက်ထွက်သူထွက်
ဘ၀ပျက်သူပျက်
အခန်းဆက်မြစ်ရေ အကြိမ်ကြိမ်လျှံကျ
အဲဒါ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်မကဘူး။
သက်ပြင်းချတယ်
မော့မော့ကြည့်မိတယ်
မသင်္ကာမှုကောင်းကင်ကတော့
ချိုးဖြုငှက်တွေအတောင်ဆန့်ဖို့
နိမ့်ကျကျဉ်းမြောင်းလွန်းတယ်
မဟာတံတိုင်းကိုဖြိုချနိုင်မလား
သေးကွေးတဲ့လက်ကို ဆုပ်မိဖြန့်မိတယ်။
အို.. နားလည်ယုံကြည်မှု နဲ့ ချစ်ခြင်းမေတ္တာ
ကျေးဇူးပြု၍ လက်ကမ်းခေါ်လှည့်ပါ…။
ပန်ဒိုရာ
အခုတလော ပြန်ဖတ်ဖတ်နေတဲ့ ဒီကဗျာတွေ နဲ့ ဒီကဗျာတွေ ကြောင့် အခုလို ကဗျာတစ်ပုဒ် ရေးဖြစ်ဖို့ လှုံ့ဆော်စေပြီး အာရုံရခဲ့တယ်။ ကဗျာခေါင်းစဉ်ကို ရှည်ရှည် ပေးမိသွားတာကတော့ နောက်ကဆရာရဲ့ ပယောဂ မကင်းဘူး။
ဟဲဟဲ.. ဘာဂါတော့ဝေစားမယ် အသဲတော့ဝေမစားဘူးဆိုတဲ့ အမကြီး.. Belated Birthday Burger for BarNyar (BBBB) အတွက်မွားးးးးးးး။
ဘလောက်တုန်း ဘလောက်စဲ ဘလောက်လတ္တံ သောကာလတွေမှာ ဒီလို ဒီလို အမတွေနဲ့ စုံသိရ ဒီလိုဒီလို ပိုစ့်လေးတွေလက်ဆောင်ရတာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကျေးဇူးများကြီးတင်ပါတယ် မကြီးပန်။
ချစ်တဲ့
ဘာညာ