Sunday, November 4, 2007

ကြီးမြတ်သောလှိုင်း



လှိုင်း… လှိုင်း၏ ရိုက်ခတ်မှုက အင်အားကိုလည်း ဖြစ်စေတတ်သတဲ့။ ညင်သာသော သို့သော် လန်းဆန်းသော လေသည် မိုင်ပေါင်း ရာထောင်ချီ အရပ်မှ အရှိန်ယူ တိုက်ခတ်လာ၏။ ပျော့ပျောင်းသော ရေပြင်ကျယ်နှင့် တဖြည်းဖြည်း ပေါင်းဆုံ အားကောင်းလာသောအခါ ….။

သမုဒ္ဒရာသည် အပုပ်များ၊ အမှိုက်သရိုက်များ၊ မလိုလားအပ်သည့် အရာများကို ကမ်းစပ်သို့ တွန်းတင် ရိုက်ပုတ်ကာ အန်ချ ပေးလိုက်သတဲ့။ လှိုင်းတို့ကိုယ်တိုင်ပင် လှိုင်းသဘာဝဖြင့် ပင်လယ်ကို သန့်စင် ဆေးကြောပေးရန် ကြိုးစားခြင်းပေပဲ။ သဘာဝသည် ရိုင်း၏။ သဘာဝသည် ယဉ်ပြန်၏။ သဘာဝ နိယာမတို့က အံ့သြစရာ။ လှိုင်းက ကမ်းစပ်ကို မမေ့။ ကမ်းစပ်၏ ဂုဏ်သတ္တိကိုလည်း မမေ့ပါလေ။

လူကလည်း လူ့သဘာဝ။ စိတ်တွေကလည်း စိတ်၏သဘာဝ။ လှိုင်း သဘာဝကတော့ ရိုက်ခတ်နေဦးမည်။ သို့သော် အသိဥာဏ် နှင့် နားလည်မှု ဟူသော အနားသတ်တစ်ခုက ငြိမ်သက် အေးဆေးစွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ပေးသောအခါ ရိုက်ခတ်မှုတို့၏ လားရာသည် အပြုသဘောကို ဆောင်နိုင်လေသည်။ ညစ်ထေးမှု တို့ကို ဖြိုချ သန့်စင် ပေးမည့်လှိုင်း၊ ကြိုဆိုရမည့် ကြီးမြတ်သော လှိုင်းများအဖြစ် လှိုင်း၏ ခွန်အားဖြင့် အကျိုးဆောင်စရာ များစွာ ရှိနေသေးသည်လေ။ အနန္တ ကောင်းကင်ကြီးကတော့ တိုက်ခတ်လေ ရေပြင်နှင့် လှိုင်းတို့ကို အစဉ်ကြင်နာစွာ ငုံ့ကာ အုပ်မိုးပေးနေသယောင်။

လှိုင်းတို့ကို မတုန်မလှုပ် တူရူစူးစိုက် ကြည့်မိသည်။ လှိုင်းက ခွန်အားရှိစွာ ပြီးတော့ တည်ကြည်စွာ စေ့စေ့ပြန်ကြည့်၏။ သည်လို ဆိုတော့လည်း ပင်လယ်ကျယ်ကျယ်ထဲမှ တက်ကြွသော လှိုင်းတံပိုးတို့သည် အဆုံးအစ မရှိသော မိုးသားအောက်ဝယ် ၀ီရ ရသ မြောက်သော ပန်းချီကားတစ်ချပ် ဖြစ်လို့နေနိုင်ပြန်သည်။

ပန်ဒိုရာ

3 comments:

ကလိုစေးထူး said...

စာတွေလာဖတ်သွားတဲ့ အထဲကမှ အခုနောက်ဆုံးတင်ထားတဲ့ လှိုင်း ပို့စ်နှစ်ခုကို သတိထားပြီးတော့ လေးငါးခေါက်ထက် မနည်း ပြန်ဖတ်ဖြစ်တယ်။
ကျနော်စဉ်းစားတာက လှိုင်းနဲ့ ကမ်းစပ်တွေ့ဆုံတိုင်းမှာ ပဋိပက္ခတွေချည်းပဲ ရှိနေတာလား ဆိုတာပဲ။ တခါတလေတော့လဲ လှိုင်းက ကမ်းစပ်ရဲ့ အလှတရားကို ဖျက်ဆီးပစ်သလို တခါတခါကျပြန်တော့လဲ ကမ်းစပ်ဆိုတာ ညင်သာတဲ့ လှိုင်း၊ အတန်အသင့်အင်အားရှိတဲ့ လှိုင်းရှိမှပဲ ပြီးပြည့်စုံတဲ့ ကမ်းစပ်ဖြစ်နေပြန်တယ်။

Nyein Chan Aung said...

လိုင်းတွေကပဲ ကမ်းစပ်ဆီကိုလာတယ်..။ ကမ်းစပ်က လိုင်းတွေဆီကို ဘယ်တော့မှာ မသွားဘူး။ ချစ်သူတွေက ခုံတန်းကလေးဆီကို လာတယ်။ ခုံတန်းကလေးက ချစ်သူတွေဆီကို ဘယ်တုံးကမှ မသွားဘူး။ အမေက ဈေးကလေးဆီကို သွားတယ်။ ဈေးကလေးက အမေ့ဆီဘယ်တုံးကမှ မလာဘူး..။

ဒါသဘာဝလား..အလှလား။

“လိုင်းကြီးလှေအောက်” ဆိုတဲ့ စကား သစ္စာတရားလား ...။

pandora said...

ကိုစေးထူး
ပဋိပက္ခတွေကြားမှာ အချင်းချင်းတည်မှီမှု ဖြစ်နေပြန်တယ်လေ

ကိုငြိမ်းချမ်းအောင်
ပထမဆုံးမှတ်ချက်ရေးသွားလို့ ကျေးဇူးပါ။
မြုပ်သွားတဲ့လှေတွေ ကတော့ မမြင်လိုက်ရလို့လည်း ဖြစ်နိုင်တယ်။ ဘယ်လိုဖြစ်ဖြစ် လှိုင်းကြီးလှေအောက်လို့ပဲ ကြွေးကြော်ပြီး တိုက်ပွဲဝင်နေကြတဲ့ စိတ်ဝိညာဉ်တွေကတော့ လူသားတွေရဲ့ သဘာဝသတ္တိအလှ နောက်တခုဖြစ်မယ်ထင်မိတယ်။