Thursday, November 22, 2007

ပန်ဒိုရာ ဘာကောင်လဲ

ဒီကြွေးရှင် က ပူနေတော့ ကြွေးပူကို အရင်ဆပ်လိုက်ပါတယ်။

ပုံပန်းသဏ္ဍာန်

  • ဆံပင် ။ ။ သဘာဝအမည်းရောင်။ ဆေးဆိုးမထား။ ပခုံးခန့်ရှည်လျား။ ဆံပင်လုံးသေးမျှင် အဖျားတွန့်ကောက်။
  • နဖူး။ ။ လေးထောင့်ကျ။ မကျယ်ပါ။ မပြောင်ပါ။
  • မျက်လုံး မျက်ခုံး။ ။ အမည်းရောင်။ မျက်နှာတခုလုံးတွင် ကြည့်ပျော်ရှုပျော် အရှိဆုံးအရာဟု သူငယ်ချင်းများက နှစ်သိမ့်ပြောကြ။ သို့သော် တချိန်ချိန် မျက်မှန်တပ်ရလျှင် မမြဲသော တရားသဘောဖြင့် အဖုံးကွယ်ခံ သွားရလေမည်။
  • နှာတံ။ ။ မချွန်လွန်း မပြားလွန်း မကြီးလွန်း မသေးလွန်း
  • နှုတ်ခမ်း။ ။ မထူလွန်း မပါးလွန်း
  • မုတ်ဆိပ်ကျင်စွယ်။ ။ Not Applicable
  • နားရွက်။ ။ ကြည့်ကောင်းရုံ ပညာရှိပီသရုံ အချိုးတကျ ကားသည်။ (မောင်တက်စ်တို့လို အရုပ်ဆိုးစွာ ကားခြင်းမဟုတ်.. ခွိခွိ၊)။ နားပေါက်၂ ဘက် ရှိသည်။ ၂၀၀၆ ကမှ ဖောက်ခဲ့။
  • မျက်နှာပေး။ ။ အလေးအနက် စဉ်းစားနေချိန်တွင် မှုန်ကုတ်ကုတ် ရှိတတ်။ သဘောကျနေလျှင် သွား ၃၂ချောင်း ပေါ်အောင်ရယ်တတ်။ စိတ်ကူးယဉ်နေလျှင် တယောက်တည်း ပြုံးစိစိ စပ်ဖြဲဖြဲ ဖြစ်နေတတ်။
  • အသားအရောင်။ ။ မဖြူပါ။ သို့သော် မညိုလွန်းပါ။
  • အရပ်အမောင်း။ ။ မနိမ့်ပါ။ မမြင့်ပါ။
  • ကိုယ်လုံးကိုယ်ထည်။ ။တချိန်က အလွန်အမင်း ပိန်ခဲ့ဖူး။ ယခု BMI ထဲ ၀င်ဆန့်လာပြီ။ အသက်ကလေး ရလာသဖြင့် နောင်တွင် ပုံပျက်အောင် ၀ကောင်း ၀မည်။ အာမမခံ။

ခြုံပြောရလျှင် ထူးထူးခြားခြားမရှိပါ။ လှသည်မမည် ရုပ်ဆိုးသည်လည်းမဟုတ် သာမန်ရုပ်ရည်ဖြစ်။ လူကြားထဲ ထင်းနေသည့် ရုပ်ရည်ပိုင်ရှင်မျိုး မဟုတ်။ စပိုင် လုပ်ငန်းများ လုပ်ရန် အထူးသင့်တော်သည်။

စိတ်နေသဘောထား အကျင့်စရိုက်
  • ပို့စ်များကို ကြည့်၍ အကဲခတ်နိုင်သည်။ (ပြောပြရမှာ စိတ်မရှည်ခြင်း)
  • ပြန်ဖတ်ရမှာ ပျင်းသလား။ ကဲ.. ဒါဆိုလည်း အတိုချုပ်ပြောရမှာပေါ့။ (စိတ်ကောင်း အနည်းငယ် ရှိတတ်ခြင်း)
  • တကယ်တော့ လူဟာလူစိတ်ပဲပေါ့..ကဲ။ (တခါတလေ ဘုကျကျပြောတတ်ြခင်း)
  • ပရိုဖိုင်းမှာလည်း ရေးထားပြီးသားပဲ။ (အပျင်းခိုခြင်း)
  • အရက်သေစာ လောင်းကစား . အာ..ဒါတွေနဲ့တော့ အားလုံး လုံးဝ ကင်းစင်တယ်။ စိတ်ချ။ (တခါတလေ လိမ်တတ်ခြင်း.. အဲလေ..)
  • ဘာအရောင်ကြိုက်သလဲ ဘာညာတွေတော့ မပြောချင်ဘူး (လျှို့ဝှက်တတ်ခြင်း)
  • မြန်မာထမင်းဟင်းကို ပိုနှစ်သက်တတ်တာတွေ ဘာတွေလည်း ပြောမနေတော့ဘူး။ (ရှေ့ကဖုံးလည်း နောက်ကပေါ်တတ်ခြင်း)
  • တကယ်တော့ ဒါမျိုးတွေ မရေးချင်ဘူး ကြွေးရှင်ကလာပူနေလို့ရေးရတာ။ (အားနာတတ်. ကြောက်တတ်ခြင်း)
  • တော်ကြာမရေးလို့ လာမလည်တော့ရင်ဒုက္ခ (အပေါင်းအသင်း မင်ခြင်း)
  • အခုတော့ ကိုယ့်အကြောင်းတွေ သိကုန်ပြီ။ ဘလော့ လာဖတ်သူတွေ များလာဦးမှာပဲ အဟိ.. (စိတ်ကူးထဲ တိုက်အိမ်ဆောက်ခြင်း)
  • ဒါပေမယ့်လည်း တကယ်ကတော့ ပန်ဒိုရာဆိုတာ နာမည်ကျော်ပြီးသားပါလေ ငှက်ငှက်.. (ကြွားတတ်ခြင်း၊ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း)

အကောင်းဆုံးအချက်။ ။ မိမိစိတ်ဝင်တစား ခင်မင်လိုသူ တစ်ဦးဦး တွေ့ပါက နှစ်ရှည်လများပင် ကြိုးစားရပါစေ၊ စိတ်ရှည် သည်းခံစွာ မရရအောင် လိုက်လံခင်မင်တတ်သည်။ ထိုသူများသည် ကံကောင်းသူများ ဖြစ်သွား တတ်သည်။

အဆိုးဆုံးအချက်။ ။ စကားကြီးစကားကျယ် ပြောကာ ဆရာကြီး လုပ်တတ်သည်။ မယုံက နိဂုံးစာပိုဒ်ကို ဖတ်ပါလေ။

ခြုံပြောရလျှင် ကိုယ့်စိတ် ကိုယ့်အကြောင်းကို ကိုယ်တိုင် အသေအချာ သိလို့ကတော့ အောင်မြင်သော အေးချမ်းသော လူသား တစ်ယောက် ဖြစ်နေမှာပေါ့။ သတိ ဆိုတာကလည်း ခက်သား။ စိတ်၏ အနားသတ်တွင် စင်္ကြန်လျှောက်ရင်း ကံကြမ္မာလေကို ဆန်ကာ ရှင်သန်ခြင်း မီးအိမ်ကို ထွန်းညှိဖို့ ကြိုးစားနေသူသည် ပန်ဒိုရာဖြစ်သည်။


14 comments:

Anonymous said...

((အကောင်းဆုံးအချက်။ ။ မိမိစိတ်ဝင်တစား ခင်မင်လိုသူ တစ်ဦးဦး တွေ့ပါက နှစ်ရှည်လများပင် ကြိုးစားရပါစေ၊ စိတ်ရှည် သည်းခံစွာ မရရအောင် လိုက်လံခင်မင်တတ်သည်။ ထိုသူများသည် ကံကောင်းသူများ ဖြစ်သွား တတ်သည်။))

အဲဒီ ကံကောင်းသူများထဲ ဂျစ်တူးလေး ပါလားဟင်း)

zeRoTraSh said...

ဟား အတော်ပဲ Ms.ပန် ကို ကျွန်တော့် အလုပ်တွေလွှဲပေးရမယ် ဆရာလုပ်တတ်တယ်ဆိုလို့ ဒါနဲ့ ခင်ဗျား ဟောက်လဲ ဟောက်တတ်တယ် မဟုတ်လား ဒါဆို ပိုအဆင်ပြေမယ် လူတွေကို ဟောက်ရတာ အင်မတန် ကောင်းတာကိုး ဗျ။ ဟား ဟား ဟား မပန်ရေးထားတာ ဖတ်လို့ ကောင်းပါ့ဗျာ အကြွေးရှင်နားပူတယ်တဲ့ မိုက်တယ်ကွာ လန်ထွက်နေတာပဲ အဟက်ဟက်ဟက် ကျေးဇူးပါမပန်

ညီညီ(သံလွင်) said...

ဟားဟား.. ဖတ်ပြီး ရယ်လိုက်ရတာ မောသွားပြီ :)

ကိုပေါ said...

ပန်ဒိုရာရဲ့ ပုံပန်းသဏ္ဍာန်က တယ်လဲ မဇ္ဇျိမ ပဋိပဒါ ကျလေချေလား။ ဥပမာ- မချွန်လွန်း၊ မပြားလွန်း၊ မကြီးလွန်း၊ မသေးလွန်း၊ မနိမ့်ပါ။ မမြင့်ပါ။ ဧကန္တ မဇ္ဇျိမ ကျွန်းသူဘဲ ဖြစ်ခြိမ့်မည်။
လျို့ဝှက်တတ်သည်ဆိုသော်ငြား မပိရိသဖြင့် ပန်ဒိုရာ ဘယ်သူလဲဆိုတာ ဘူးပေါ်သလို ပေါ်သွားပါပြီ။ ဟိုတနေ့က မြို့ထဲမှာသွားတော့ “ပန်ဒိုရာသေတ္တာထဲမှာ ဘာရှိသလဲ” ထဲက လက်ကိုင်အိတ်ကိုလွယ်သွားတာ တွေ့ခဲ့တယ်။ ဒန်တန့်ဒန်….။

Mr.Pooh @ မောင်ပွတ် said...

မပန်ပုံကို စိတ်မှန်းနဲ့ ပုံဖေါ်ထားတာရှိတယ်။ http://tinyurl.com/2dpfdy အဲဒီမှာကြည့်နော်။ ကျွန်တော်လည်း ကံကောင်းသူဖြစ်ပါရစေ။

P.Ti said...

ဂျစ်တူးပြောသလို ကျွန်တော်လည်း ကံကောင်းသူထဲမှာ ပါပါသလား။

ဇီးရိုးပြောသလို ရေးထားတာက အင်မတန်ကောင်းပါတယ်။

ညီညီပြောသလို ဖတ်ပြီး ရီနေရတယ်။

ကိုပေါ ပြောသလိုကျွန်တော်လည်း တွေ့လိုက်သလိုပဲ.. ဟီး

မောင်ပွတ်က စိတ်မှန်းတော်တယ်နော်။ ဟီးဟီး

ကျွန်တော်သိသော ပန်ဒိုရာ သည် အားပေးအားမြှောက်ပြုရာတွင် အင်မတန် တော်၏။ စာမရေးတတ်သော ကျွန်တော့်ကို စားရေးဖြစ်အောင် တိုက်တွန်းသူထဲတွင် သူက ထိပ်ကပါသည်။ (ပုံရိပ်၏ စကားနဲ့ဆို ကျွန်တော် လူမိုက်ဖြစ်နေပါပြီ)
ပန်ဒိုရာသည် စာရေးခြင်းတွင် အင်မတန်တော်သည်။ အနုပညာမြောက်အောင် ဖန်တီးနိုင်သည်။ (လေတိုက်သည်၊ မိုးရွာသည်ကို စာတပုဒ် ဖြစ်အောင် ရေးဖွဲ့တတ်သည်။)
၅မီနစ် အတွင်း ကဗျာကို ဘာသာပြန်ပေးသည်ကို လက်တွေသိလိုက်တော့ စိတ်ပါလျှင် ချက်ချင်းလုပ်တတ်သည်။ (သတိ ခြေမြန်လက်မြန်ရှိသည်။)
အချုပ်အားဖြင့် ကူညီတတ်ပြီး ချစ်ဖို့ကောင်းတဲ့ အမကြီးဖြစ်ပါသည်။ (ဟီး…တွေ့ရင် မုန့်ကျွေးမယ်လို့်)

Tesla said...

တခုကျန်နေသေးတယ်..
ပညာရှိများအား စော်ကား မော်ကား ပြောဆိုတတ်ခြင်း။ ဥပမာ။ ။(မောင်တက်စ်တို့လို အရုပ်ဆိုးစွာ ကားခြင်းမဟုတ်.. ခွိခွိ၊)

Anonymous said...

သြော်.....အရီးပန်က ဂလိုလူစားမျိုးလား.....။

ခင်မင်းဇော် said...

အော်
ဒီမျှားက ပန်ပန့်ဆီလဲ ရောက်သကိုး...
ကံကောင်းသူထဲ အမပါတယ်နော် ဟဟ..
အမကတော့ ဓါတ်ပုံပိစိလေးကို မြင်ဘူးပါတယ်..
ဟိ... ဒါမဲ့ ဘာကိုမှ မသဲကွဲ...

nu-san said...

ရီလိုက်ရတာ မပန်ရ.. ရေးလည်းရေးတတ်ပါ့... မပန်က ကြိုးစားပြီး စိတ်ရှည်သည်းခံစွာ မရရအောင် လိုက်ခင်မင်တဲ့ ကံကောင်းသူက ဘယ်သူဖြစ်မလဲ... ?? :)

pandora said...

ပန်ဒိုရာ ဘာကောင်လဲ လာစပ်စုသူများကို အထူးကျေးဇူးတင်ပါတယ်။ အားလုံး ကံကောင်းကြမှာပါ။
အိတ်လွယ်သွားတာ တွေ့လိုက်တယ် ဆိုသူများ . အဟတ်ဟတ်.။

Anonymous said...

အေးဗျာ...ဖတ်ရတာအားရတယ်...
ကျွန်တော်တောင်ရေရမှာပျင်းလို့....voice-blog လေးလုပ်မလားလို့....
ဘယ်လိုယူဆလဲဟင်??

Unknown said...

မမ ရေးတာကောင်းတယ်ဗျာ...ရယ်ရတယ်...ဟီးးးး....

Anonymous said...

(မျက်နှာပေး။ ။ အလေးအနက် စဉ်းစားနေချိန်တွင် မှုန်ကုတ်ကုတ် ရှိတတ်။)

ဒါဆို ဒီက အမြဲတန်း အလေးအနက် စဉ်းစားနေသည့်ပုံ။ :P