Monday, June 23, 2008

ကယ်ရီကေးချားပုံတူ

D&D မှာ အလကားရလို့ ကယ်ရီကေးချား ဆွဲခိုင်းလိုက်တာပါ။ နမူနာပြထားတဲ့ ပုံမှာတော့ ဂျက်ကီချန်းပုံကို ဆွဲထားတာ တူသား။ အခုကျတော့ ပန်ဒိုရာနဲ့ တူလို့လား..။




(အရိပ်အမြွက်။ ။ ဟဲဟဲ တူရင် ဒီမှာ ဘယ်တင်ပါ့မလဲ။)


Expand..

Friday, June 20, 2008

အရှုပ်အရှင်းများကို စဉ်းစားအဖြေရှာ ဗျူဟာချခြင်း

ပေါ့ပေါ့ပါးပါး အနေနဲ့ workshop တခုက မှတ်သားခဲ့ရတဲ့ စဉ်းစားတွေးခေါ်ခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ ပုစ္ဆာလေးတွေကို ဝေမျှလိုက်ပါတယ်။ ကိုယ့်ဘာသာ သေသေချာချာ စဉ်းစား တွက်ချက်ကြည့်ပြီး မရတော့မှ အဖြေကို ကြည့်စေလိုပါတယ်။ သိဖူး ကြားဖူးပြီးသား ဖြစ်ရင်လည်း သည်းခံကြပါလေ။

ပထမဆုံး ပေးထားတာကတော့ အောက်ကပုံလေးပါ။ စတုရန်းတခုဖြစ်ပါတယ်။ အဲဒီအထဲမှာ လေးပုံတပုံဧရိယာ ဖြစ်တဲ့ စတုရန်းအသေးကို အရောင်ခြယ်ထားပါတယ်။ လုပ်ရမယ့် အလုပ်ကတော့ အရောင်ခြယ်မထားတဲ့ အဖြူဧရိယာမှာ နှစ်ခြမ်းအညီအမျှ (symmetric) ဖြစ်စေမယ့် အပိုင်း၂ ပိုင်းရအောင် မျဉ်းဖြောင့် ဆွဲရမှာဖြစ်ပါတယ်။ မျဉ်းဖြောင့်အရေအတွက် ကြိုက်သလောက် ဆွဲလို့ရပါတယ်။ အနည်းဆုံး ဖြစ်ရပါမယ်။




ကြိုးစားကြည့်ပါ။ အဖြေကိုသိဖို့ အောက်ကို ဆက်သွားပါ။

----
----
----
----
----
----
----
----
----
----
----
----
----
----
----




တွေ့တဲ့ အတိုင်းပါပဲ။ အနည်းဆုံးအရေအတွက် ဖြစ်တဲ့ ထောင့်ဖြတ်မျဉ်း တစ်ကြောင်းဆွဲရုံနဲ့ အညီအမျှ အပိုင်း ၂ ပိုင်းရပါပြီ။ သိပ်မခက်ပါဘူးနော်။

ဒုတိယလုပ်ရမှာကတော့ စောစောက ဧရိယာမှာပဲ အညီအမျှဖြစ်စေမယ့် အပိုင်း ၃ ပိုင်း ရအောင် မျဉ်းဖြောင့်တွေဆွဲရမှာပါ။ ကဲ ၃ ပိုင်းရအောင် ဆွဲကြည့်ပါဦး။ ဧရိယာကို မှတ်မိဖို့ ပထမဆုံးပုံကို ပြန်ကြည့်ပါနော်။

----
----
----
----
----
----
----
----
----
----
----
----
----
----
----





ဒါလည်း သိပ်ခက်မယ် မထင်ပါဘူး။ မျဉ်း ၂ ကြောင်း ဆွဲလိုက်တာနဲ့ အပိုင်း ၃ ပိုင်းရပါပြီ။ နောက်ထပ်လုပ်ရမှာကတော့ အဲဒီ ဧရိယာမှာပဲ ထပ်တူညီအပိုင်း ၄ ပိုင်း ဖြစ်အောင် လုပ်ဖို့ပါပဲ။ ကဲ ဆွဲကြည့်ကြပါဦး။ ဧရိယာကို မှတ်မိဖို့ ပထမဆုံးပုံကို ပြန်ကြည့်ပါနော်။
----
----
----
----
----
----
----
----
----
----
----
----
----
----
----

နည်းနည်းဦးဏှောက်စားသွားသလား။ လုပ်ရမှာကတော့ အောက်မှာ ပြထားသလို မျဉ်းတွေ ဆွဲလိုက်ပါ။



ပြီးရင်တော့ အောက်မှာ ပြထားသလို ခြယ်ပြီး ပိုင်းကြည့်လိုက်ရင် ထပ်တူညီ အပိုင်း ၄ ပိုင်း ရပါပြီ။ စဉ်းစားရတာ နည်းနည်းတော့ ပိုရှုပ်ထွေးသွားတာပေါ့လေ။




နောက်ဆုံးလုပ်ရမှာကတော့ အောက်ကဖော်ပြထားတဲ့ ဧရိယာမှာဖြစ်ပါတယ်။ အ၀ါရောင် ခြယ်ထားတဲ့ စတုရန်းငယ် အပိုင်းလေးကို ဖယ်ရှားလိုက်ပါပြီ။ အခုမြင်ရတဲ့ စတုရန်းကြီး တခုလုံးမှာ ထပ်တူညီ အပိုင်း ၇ ပိုင်းရအောင် ပိုင်းပေးပါဦး။


----
----
----
----
----
----
----
----
----
----
----
----
----
----
----

ဒါကို ဖြေရှင်းဖို့ အချိန်ဘယ်လောက်ကြာကြာ သုံးလိုက်ရသလဲ။ အမြန်ဆုံးနဲ့ တိုက်ရိုက်စဉ်းစားပြီး ဖြေရှင်းနိုင်ခဲ့ရင်တော့ သင်ဟာ အတွေးရှင်းရှင်းနဲ့ ဗျူဟာကျွမ်းကျင်သူတစ်ဦး ဖြစ်ဖို့နီးစပ်သွားပါပြီ။ ဖြေရှင်းပုံက လွယ်လွယ်လေးပါ။ အလျားလိုက်ဖြစ်ဖြစ် ဒေါင်လိုက်ဖြစ်ဖြစ် မျဉ်းဖြောင့်တွေ အခုလို ဆွဲပြီး ပိုင်းလိုက်ရင် ၇ ပိုင်းမက ကြိုက်သလောက် အပိုင်း အညီအမျှ ပိုင်းလို့ရတာပေါ့။ ကန့်လန့်ဖြတ်မျဉ်းတို့ လေးထောင့်စိတ်ကြည့်ဖို့တို့ စဉ်းစားမိကြသေးသလား။



ဒီပုစ္ဆာတွေက ဘာကို ပြောသလဲဆိုတော့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ရှေ့ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက စဉ်းစားတွေးခေါ်ပုံကို လွှမ်းမိုးသွားတတ်ပါတယ်။ တချို့အရာတွေဟာ ရိုးရိုးလေး စဉ်းစားပြီး ဖြေရှင်းရင် ရနိုင်ပါလျက်နဲ့ အတိတ်က ဖြေရှင်းပုံတွေရဲ့ လွှမ်းမိုးမှုကြောင့် ရွာပတ်ပြီး စဉ်းစားနေမိတတ်ပါတယ်။ အတွေးရှင်းပြီး အတိတ်ကို အတိတ်မှာပဲထားလို့ ပြဿနာ တခုစီကို သီးသန့် ချဉ်းကပ်ခဲ့သူကတော့ အမြန်ဖြေရှင်းသွားနိုင်မှာပါ။ သည့်အပြင် အခြားအခြားသော သင်ခန်းစာများလည်း ရကောင်းရနိုင်ပါတယ်။ တွေ့ရင် မှတ်ချက်ရေးသွားကြပါဦး။

(သိလိုသူများအတွက် ။ ။ ပန်ဒိုရာတယောက်ကတော့ နောက်ဆုံးမှာ အားလုံးကို ဖြေရှင်းနိုင်သော်လည်း နည်းနည်း ရွာလည်သွားခဲ့တဲ့ အစားထဲကပါပဲ။)


Expand..

Thursday, June 19, 2008

19 June 2008

ဆုတောင်း

အတူတကွ
ငြိမ်းချမ်းပါရစေ။

Expand..

Sunday, June 15, 2008

မြေအုတ်များ ကျောက်အုတ်များ နှင့် သွေးစက်နီနီ

သည်ညမှာ သမီးက ကျွန်တော့ကို စကားတွေ အများကြီး ထူးထူးခြားခြား ပြောလေသည်။

စတွေ့ခါစက သမီးသည် ကျွန်တော့မျက်နှာကို စေ့စေ့မကြည့်။ ဖေဖေ ဟု နှုတ်မှခေါ်ရန် အချိန်တော်တော်ကြာအထိ တွန့်ဆုတ်သော သမီးသည် စကားကို နာမ်စားမဲ့ ပြောခဲ့သည်။ လေယာဉ်ပေါ်က ဆင်းလာလာချင်းတွင် သမီးသည် ဆယ်စုနှစ်တခုစာ ခွဲခွာခဲ့ရသော အဖေကို ရုပ်ရှင်တွေ ဗီဒီယိုတွေမှာ ရိုက်ပြသလို ဖေဖေ ဟုခေါ်ကာ အတင်း ပြေးမဖက်ခဲ့ပါ။ “ဒီမှာ သမီး ဖေဖေလေ” ဟု တယောက်ယောက်က ပြောသောအခါ “ဟုတ်ကဲ့ သမီးသိပါတယ် ဓာတ်ပုံတွေ ထဲမှာ မြင်ဖူးတာပဲ” ဟု အသံတိုးတိုးဖြင့် ခေါင်းငုံ့ကာ ဆိုခဲ့လေသည်။

သမီးရောက်ချိန်တွင် သည်ဒေသရှိ သစ်ပင်များသည် နီဝါရောင်သစ်ရွက်များဖြင့် ဖုံးလွှမ်းလျက်။ သမီးက သစ်ရွက်တွေကို တအံ့တသြ လိုက် ကြည့်သည်။ အနားညီညာသော ရွက်ကြွေ တချို့ကို တယုတယ ကောက်ကာ သူ့စာကြည့်စားပွဲပေါ်တင်ပြီး အစီအရီ ထပ်ထားသည်။ အဲဒီ ဗီဇကလေးကတော့ သူ့မေမေဆီက မဟုတ်မှန်း ကျွန်တော် ကောင်းကောင်း သိပါသည်။ တချိန်က စွယ်တော်ရွက်ကလေးများ ကံ့ကော် ပွင့်ဖတ်ခြောက်ကလေးများကို စာအုပ်ထဲညှပ်ကာ သူ့မေမေကို မကြာခဏ ပေးခဲ့သော ဆယ်ကျော်သက်အရွယ် လူငယ်လေး တစ်ယောက်သည် ကျွန်တော်ကိုယ်တိုင် ဖြစ်သည်။

သမီးမွေးစက ကလေးနီတာရဲလေးကို ကြည့်ကာ ချစ်တာလား မချစ်တာလား မဝေခွဲတတ်။ ချီလည်းမချီတတ်။ ရှက်ရွံ့သလိုလို။ စိတ်ရှုပ်ထွေးမိသလိုလို။ ကျွန်တော် ကိုယ်တိုင်ကလည်း အသက် ၂၀ ကျော်သာ ရှိခဲ့သည် မဟုတ်ပါလား။ ထိုအသက်၂၀ကျော် လူငယ်လေးသည် အရွယ်နှင့် မလိုက်အောင် တက်ကြွခေါင်းမာခဲ့သည်။ တာဝန်တွေ မနိုင်မနင်း ယူခဲ့သည်။ စကားကြီး စကားကျယ်တွေ ပြောပြီး စွန့်စားမှုတွေ လုပ်ခဲ့သည်။ နောက်ဆုံး ပေးဆပ်လိုက် ရသည်ကတော့ နာကျင်မှုများဖြင့် လေးဖက်လေးတန် အပိတ်ခံခဲ့ရသော လူငယ်ဘ၀ နှင့် လေအတိုက်မှာ လွင့်သွားသော သစ်ရွက်ကြွေလို မိခင်ပင်စည်မှ ကွာကျခဲ့ရခြင်း ပင် ဖြစ်သည်။

“အကြာကြီးထားခဲ့လို့ သမီးက ဖေဖေ့ကို စိတ်ဆိုးနေလား” ဟု ကျွန်တော်က မေးလိုက်သောအခါ “ဟင်.. လူများတွေ အတွက် အရေးကြီးတာတွေကို လုပ်နေတာပဲ ဘာလို့စိတ်ဆိုးရမှာလဲ” ဟု မျက်လုံးကလေး လှန်ကြည့်ကာ ပြန်ဖြေပါသည်။ သမီး တကယ်ပဲ ဆိုလိုသလား။ ရွဲ့စောင်း ပြောလိုက်လေသလား။ တယောက်ယောက်က တခုခု ပြောလိုက်တိုင်းမှာ မသင်္ကာစိတ်ဖြင့် စောကြောတတ်မှုကို ဆယ်စုနှစ် နှစ်ခု၏ ခါးသီးမှုများက သင်ပေးခဲ့သဖြင့် အကျင့်ပါနေခဲ့ပြီ။ နားမလည်နိုင်သလို မော့ကြည့်နေသော သမီး၏ မျက်လုံးဝိုင်းကလေးများမှာ အပြစ်ကင်းစင်သော အရိပ်အယောင်ကို ဖတ်လိုက်ရသောအခါ ကျွန်တော် ရင်အေးသွားခဲ့ပါသည်။

သမီးသည် ရောက်လာလာချင်းတွင် ကျွန်တော်တည်ခင်းသော ဥရောပညစာကို မျက်မှောင်ကုတ်ကာ စေ့စေ့ကြည့်သည်။ ခဏငြိမ်သက်နေပြီးမှ မပြောမဆိုနှင့် မီးဖိုခန်းထဲကို ၀င်သွားကာ ဟိုရှာသည်ရှာ ရှာသည်။ ခေါက်ဆွဲခြောက်တချို့ ကြက်ဥတချို့နှင့် ၀က်အူချောင်းများကို တွေ့သောအခါ သွက်လက်စွာ လှုပ်ရှားပါတော့သည်။ အခုမှ ရောက်သော သမီးသည် မီးဖိုပစ္စည်းများ အစားအသောက်များ အားလုံးကို သူ့အိမ်သူ့ယာတွင် စီမံနေသကဲ့သို့ မတွန့်မဆုတ်။ ကျွန်တော့်ကို ခွင့်လည်းမတောင်း။ ဟုတ်တော့လည်း ဟုတ်သည်လေ။ ဒါက သူ့အဖေအရင်း၏ အိမ်ပေပဲ။ ကျွန်တော့်ကို သတိတရ ပြန်လှည့်ကြည့်ပြီး မေးသည်မှာ “နှစ်ယောက်စာ လုပ်လိုက်ရမှာလားဟင်” ဟူသည့် စကားတခွန်းသာ ဖြစ်သည်။ ကျွန်တော်က “ရတယ် ကိုယ့်အတွက် မလုပ်နဲ့တော့” ဟု ပြောရုံမှအပ တအံ့တသြ ငေးမောကြည့်ရုံသာ တတ်နိုင်သည်။

ကျွန်တော့်ကိုများ စိတ်ဆိုးနေရော့သလားဟု စောစောကရှေ့မှာ ပြောခဲ့သော မေးခွန်းကို ကျွန်တော်က မေးခဲ့ပါသည်။ သမီးသည် စိတ်ဆိုးစိတ်ကောက်ဟန် မပြ။ သူကိုယ်တိုင် ကြော်ထားသော ခေါက်ဆွဲကြော်ကိုသာ တည်ငြိမ်စွာဖြင့် ဆက်စားနေခဲ့သည်။ တကယ်တော့ အဲဒီအချိန်ကတည်းက တခုခုကို ကျွန်တော်ရိပ်မိခဲ့ဖို့ ကောင်းပါသည်။


……………..


ကျွန်တော်တို့ သားအဖ၏ ဆောင်းဦးပေါက်ရက်များသည် ထူးထူးခြားခြား မရှိခဲ့ပါ။ သမီးသည် သူတက်ရသော ကျောင်းသို့ ကျွန်တော့်ကို တရက်သာ လိုက်ပို့ခိုင်းသည်။ အမိမြေ၏ အစိုးရကျောင်းမှာပင် သင်ကြားထားခဲ့သော သမီး၏ အင်္ဂလိပ်စာသည် သာမန် အနေအထားလောက်သာ ရှိသော်လည်း ကျွန်တော် ပူပန်နေသကဲ့သို့ ဆက်သွယ်မှုအတွက် အခက်အခဲလည်း သိပ်ရှိပုံမပေါ်ပါ။ တပတ်ခန့် အကြာတွင် သူနှင့်ရွယ်တူ အဖြူမကလေး တစ်ယောက်ကို အိမ်ကို ခေါ်လာသည်။ သူ့အခန်းထဲတွင် တတွတ်တွတ် စကားပြောကြသည်။ တလခန့်အကြာတွင် သမီးသည် စုပေါင်းစာကျက်ခြင်း အားကစားလုပ်ခြင်း စသည်ဖြင့် သူငယ်ချင်းများနှင့် အချိန်ပုံမှန် လည်ပတ်နေပြီ။ ရေစိမ်းမြေစိမ်းတွင် အဖေ့မျက်နှာ တရွာထင်ကာ နေရတော့မည် ဟူသော ကျွန်တော့် အတွေးများ တက်တက်စင်အောင် လွဲမှားခဲ့ပါသည်။

သည့်နောက်တော့ ကျွန်တော်လည်း ပုံမှန်အလုပ်များဖြင့် ခေါင်းမဖော်နိုင် ဖြစ်ခဲ့ပါသည်။ တခါတခါတော့ တွေ့ဆုံပွဲများ အစည်းအဝေးများသို့ သမီးကို ခေါ်သွားဖြစ်ပါသည်။ ဖြူသွယ်ကာ ချစ်စရာကောင်းသလောက် ချက်ချက်ချာချာ ပြောဆိုတတ်သော သမီးသည် ကျွန်တော့်မိတ်ဆွေများကြားတွင် နှစ်လိုဖွယ် အိုအေစစ်ကလေး ဖြစ်သည်။ မိတ်ဆွေများက သူ့ကို ဦး…..ရဲ့သမီးလေး ဟု နာမ်စားသုံးနှုန်းကာ ပြောမိလျှင်တော့ သမီးနာမည် …. ပါ ဟု ချက်ချင်း တုန့်ပြန်လေ့ရှိသည်ကို ကျွန်တော် သတိထားမိခဲ့ပါသည်။

တည ကျွန်တော် ဧည့်ခန်းမှာ တီဗွီကြည့်နေစဉ် သမီးက ကျွန်တော့်ကို ချဉ်းကပ်လာသည်။
“ဖေဖေ” သမီး၏ ခေါ်သံသည် ကျွန်တော့်နားဝယ် ဆန်းနေသည်။
“သမီး ဖျားနေလား မသိဘူး။”
အား.. သေတော့မှာပဲ။ တအိမ်လုံးမှာ နှစ်ယောက်ပဲရှိတာကို နောက်တယောက်က နေမကောင်းမှန်း ကျွန်တော် ဘာလို့ မသိခဲ့ရသလဲ။ သမီး နဖူးလေးကို ပျာပျာသလဲ စမ်းကြည့်လိုက်တော့ ခပ်နွေးနွေး အငွေ့ကို တွေ့ရသည်။

သမီးသည် ကျွန်တော် ဖျော်တိုက်သော ကော်ဖီနှင့် ဆေးကို ငြိမ်ငြိမ် သောက်နေရင်းမှ “မေမေ့ကို သတိရတယ်” ဟု ဆိုလေသည်။ ကျွန်တော် တဒင်္ဂမျှ ငြိမ်သက်သွားခဲ့သည်။

ရောက်ကတည်းက ဘာမှ မဖြစ်သလို နေနေခဲ့သော သမီးသည် သူ့မေမေကို လွမ်းဆွတ်ကြောင်း ဘာလို့ ပြောမပြခဲ့သလဲ။ ကျွန်တော်ကရော ဘာလို့ နွေးထွေးတဲ့ နှစ်သိမ့်မှုကို မပေးဖြစ်ခဲ့တာလဲ။ အဲသည်နေ့က ပထမဆုံးအကြိမ် သမီးခေါင်းကလေးကို ပွတ်သပ်ကာ ချော့မော့ဖြစ်သည်။ ပိုးသားလိုနူးညံ့သော သမီးဆံပင်လေးများက သူ့မေမေရဲ့ အမွေဖြစ်သည်။ အဲဒီဆံပင်လေးများ အောက်က ခေါင်းမာမာကလေး ကတော့ ကျွန်တော့အမွေများ ဖြစ်နေရော့မလားဟု စိုးရိမ်သွားမိပါသည်။ အဲသည်ညက ကောင်းကင်မှောင်မှောင်ဝယ် မေမေ ဟူသော ကြယ်တပွင့်ကို ကျွန်တော်တို့ သားအဖ အတူတူ ရှာဖွေကြည့်ခဲ့ကြသည်။

ထိုအချိန်ကစလို့ကျွန်တော်တို့နှစ်ဦးကြား အပြန်အလှန် ချည်နှောင်မှု ပိုမိုခိုင်မာ လာသည်ဟု ဆိုရမည်။ အိမ်မလှမ်းမကမ်းရှိ ထင်းရူးတောအုပ်ကလေးတွင် သားအဖနှစ်ယောက် ညနေတိုင်း လမ်းလျှောက်တတ်ခဲ့ပြီ။ ကျွန်တော်၏ သွေးထွက်သံယို ချီတက်ပွဲများ၊ နံရံလေးဘက်မှ အိမ်မက်ဆိုးများ၊ ငှက်ဖျားတက် ခရီးကြမ်းများ၊ ဗုံသံလွှမ်းသော ပွဲတော်ညများ နှင့် တက်ခဲ့ရသော ကျောင်းတော်မှ စာအုပ်ထူထူများ အကြောင်းသည် သမီးအတွက် အိပ်ရာဝင် ပုံပြင်တို့ ဖြစ်ခဲ့ပြီ။ သမီးကတော့ ဆောင်းညတို့၏ ပိန်းပိတ်နေသော ကောင်းကင်တွင် ကျွန်တော်တဦးတည်းအတွက် လင်းပေးသည့် လရောင်ဖြစ်ခဲ့ပါသည်။

“တကယ်တော့ သမီးက အိမ်ပြန်ချင်တာ။”

တောအုပ်ကလေးမှ လမ်းလျှောက်ပြီး အပြန် တနေ့ သမီးက သည်လို ပြောလာပါသည်။

ကျွန်တော်က “အင်းလေ အခု အိမ်ကိုပဲ တန်းပြန်မှာပဲ။ ပြီးတော့ ညစာစားကြတာပေါ့” ဟု ခပ်ပေါ့ပေါ့ ပြောလိုက်ပါသည်။

“မဟုတ်ဘူး ဒါကိုပြောတာ မဟုတ်ဘူးလေ။” ကျွန်တော့်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်ပြီးမှ သူ့ဖာသာ ရေရွတ်ပါသည်။

“ဖေဖေမသိပါဘူး။ ဒီအချိန် သမီးတို့ဆီမှာဆို သီတင်းကျွတ်ပြီလေ။”

“ဖေဖေမသိပါဘူး” ဟူသော စကားက ကျွန်တော့်နား၀၀ယ် ဗုံးသံကဲ့သို့ မြည်ဟီးသည်။ ဖေဖေ ဘာလို့ မသိရမှာလဲ။ ကျွန်တော် ဘာလို့ မသိရမှာလဲ။ ကျွန်တော် မွေးဖွားကြီးပြင်းခဲ့ရာ နေရာမှ ရာသီပွဲတခုအကြောင်း ကျွန်တော်က ဘာလို့ မသိရမှာလဲ။ သမီး တကယ့်တကယ် ဆိုလိုလိုက်သော“အိမ်” ဆိုသည့်အရာကိုလည်း ကျွန်တော်က ဘာလို့ မသိရမှာလဲ။ သမီးနှင့် ကျွန်တော်ကြား ဝေးကွာနေသည်မှာ အချိန်ဆိုသည့် သတ်မှတ်ချက် တခု မက ဖြစ်ခဲ့ပြီလား။ သမီး ပြောပြောနေတတ်သည့် “သမီးတို့ဆီမှာ” “သမီးတို့ဆီမှာ” ဆိုသော အသုံးအနှုန်းတွင် ကျွန်တော့်ကိုရော ထည့်သွင်းပါဝင်ရဲ့လား။ သမီးတို့ဆီသည် ကျွန်တော်တို့ဆီ နှင့် အတူတူပင် မဟုတ်ဘူးလား။ ကျွန်တော်က .. အင်း.. ကျွန်တော်တို့က သီးသန့် လူတန်းစားတမျိုး ဟုများ သမီးက ထင်မြင်နေလေရော့သလား။ ကျွန်တော်တို့သည် ပင်လယ်ကို ဖြတ်သန်းရင်း ရေကြည်ချိုကို ဆုံးရှုံးရသူများ ဖြစ်နေခဲ့ပြီလား။ ကျွန်တော် အတွေးခေါင်ခေါင်နှင့် ယောက်ယက်ခတ် တွေးရင်း ၀မ်းနည်းသွားခဲ့ပါသည်။ အဲသည်ညနေ အိမ်အပြန်လမ်းက တိတ်ဆိတ်လွန်းလှသည်။


……………..


မည်သူမျှ မတွက်ချက်နိုင်ခဲ့သော အပြောင်းအလဲတို့ ပေါ်ပေါက်လာခဲ့သည်။ အမိမြေက လမ်းမတွေပေါ်မှာ ရွှေဝါရောင်တွေ စီးဆင်းခဲ့ပြီ။ အဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။ ပထမပိုင်းတွင် တက်ကြွမှုများ နှင့် မျှော်လင့်ချက်များ။ နောက်တော့ ကြေကွဲစရာ ခံပြင်းစရာ ရင်နာစရာများ။ ကျွန်တော်လည်း အစည်းအဝေးများ ခရီးတိုများနှင့် နေ့မအိပ် ညမအိပ် အလုပ်များချိန် သမီးကလည်း ကွန်ပြူတာရှေ့ဝယ် တချောက်ချောက်။ သည်ကြားထဲမှာ သမီးနှင့် ကျွန်တော် စကားကောင်းကောင်း မပြောဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲ။

ထို့နောက်ပိုင်းတွင် ကျွန်တော်တို့၏ သက်ပြင်းသံများသာ ပိုမိုရှည်လျားခဲ့ရသည်။ သမီး စာမေးပွဲအောင်ခြင်း သူသင်ယူချင်သော အထူးပြုဘာသာရပ်ကို ၀င်ခွင့်ရခြင်း စသည်တို့မှလွ္ဂဲ၍ ထူးထူးခြားခြား ပျော်ရွှင်စရာများ ကျွန်တော်တို့ကြားတွင် ရှိမလာခဲ့ပါ။ ကျွန်တော်က စာအုပ်များကြား အာရုံနှစ်ကာ ပိုအလုပ်များလာသလို သမီးကလည်း တယ်လီဖုန်းခေါ်ဆိုသံ ပိုများလာသည်။ သူနှစ်သက်သော ဟစ်ပ်ဟော့ပ်သီချင်းများ ပိုမို ဆူဆူညံညံ ဖွင့်လာသည်။ ကွန်ပြူတာရှေ့တွင် အချိန် ပိုကုန်လာတတ်သည်။

နေ့များ လများက တထစ်ထစ် ဖြတ်ကျော်လာသည်။ အံ့သြစရာ သို့သော် မနှစ်မြို့စရာ အဖြစ်တို့က သည်လောက်နှင့် ရပ်တန့်မနေခဲ့ပါလေ။ သမီးမွေးနေ့ မေလ ၂ ရက်နေ့အတွက် ညစာ ပြင်ဆင်နေသည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ထိုအဖြစ်ဆိုးကြီးတခုကို ကြားလိုက်ရလေသည်။ ကျွန်တော်တို့ ကောင်းကောင်း ထမင်းမစားနိုင်ကြတော့။

သတင်းတို့က တနေ့ထက် တနေ့ ဆိုးဆိုးလာသည်။ ရာဂဏန်းမှသည် ထောင်ဂဏန်း နောက်တော့ သောင်းဂဏန်း သိန်းဂဏန်း။ သစ်ပင်ကြားမှာ မြစ်ထဲမှာ လယ်ကွင်းထဲမှာ အပျက်အစီးများ အော်ဟစ်ငိုယိုသံများ အတားအဆီးများ..။ မျှော်လင့်ချက်ရောင်ခြည်တို့ ရေးရေး ပေါ်လာသည်။ ပြန်လည် ပျက်သုဉ်းလုလု ဖြစ်ပြန်သည်။ ခေါင်းမာမှုများနှင့် အကြောက်တရားတို့၏ အနိုင်အရှုံး ကစားပွဲများကြားတွင် လူ့အသက်များ ဘ၀များကို ချခင်းကာ လောင်းကြေးထပ်ကြလေသည်။

ခုတလော အပြင်ကိုမထွက်ပဲ အိမ်ထဲတွင်သာနေကာ အပြီးသတ်ရမည့် စာတမ်းများကို ရေးနေခဲ့သည်။ နေ့လည်ခင်း ငြီးငွေ့လာချိန်တွင် ခဏနားကာ အိမ်ကို ရှင်းလင်းရင်း ဘဏ်ငွေသွင်း ဖြတ်ပိုင်းကလေးတခုကို သမီးအခန်းဝမှာ သွားတွေ့ပါသည်။ ဒါ သမီး၏ ဘဏ်စာရင်းပေပဲ။ ဂဏန်း ၅လုံးစာ ငွေကြေးပမာဏက ကျွန်တော့်ကို မျက်ခုံးပင့်သွားစေခဲ့သည်။

သမီး ဒီလောက်များတဲ့ ပိုက်ဆံတွေ ဘယ်ကရတာပါလိမ့်။

သမီးနေသော အခန်းကို ၀င်ရောက်စစ်ဆေးခြင်းမျိုး ကျွန်တော် ဘယ်တုန်းကမှ မလုပ်။ သမီးဆံပင်ကို ဆေးနီနီဆိုးတာ စကပ်တိုတိုဝတ်တာ သူငယ်ချင်းများနှင့် အပြင်ထွက်တာ စသည့် လူငယ်ဘာဝ အသေးစိတ်များကို ကျွန်တော်ဘယ်တုန်းကမှ မဟန့်တားခဲ့ပါ။ သို့သော် ဤမျှများပြားသော ငွေကြေးကို ကျွန်တော်လည်း မပေးခဲ့။ သမီးက အလုပ်လုပ်နေသူမဟုတ်။ ကျောင်းသူ တယောက်သာ။ ကျွန်တော်ပေးသော မုန့်ဖိုးကိုသာ သုံးစွဲနေရသူ။ ကျွန်တော် ဟိုတွေး သည်တွေးဖြင့် ပူလောင်စပြုလာသည်။ သမီး ဘာတွေ လျှောက်လုပ်နေပါလိမ့်။ ကျွန်တော်ဟာ အရွယ်ရောက်နေသော သမီးတစ်ယောက်ကို မည်သည့် အခြေအနေမျိုး ရောက်နေသည်ကိုမသိ မည်သို့ ဆုံးမထိန်းကျောင်း ရကောင်းမှန်းမသိအောင် အသုံးမကျသည့် ဖခင်တယောက် ဖြစ်နေပြီလား။

ညစာစားပွဲတွင် ကျွန်တော့်ပူပန်မှုများကို သမီးက ခပ်အေးအေးသာ တုံ့ပြန်ခဲ့ပါသည်။

“ဒါလား။ အလှူငွေတွေပါ။ သမီးတို့အဖွဲ့က ကောက်တာလေ။”

“သမီးတို့အဖွဲ့ဟုတ်လား။ ဘယ်သူတွေလဲ။ ဘာလုပ်ဖို့ကောက်တာလဲ။”

“အကူအညီပေးဖို့ပေါ့။ အခုကတော့ လောလောဆယ် လိုနေတဲ့ အကူအညီတွေကို အထဲကို ပေးဖို့လေ။ အဖွဲ့ကတော့ လူတွေ အများကြီးပါပဲ။ ဟိုမှာ ဒိုင်ခံလုပ်ပေးနေတဲ့ သမီးသူငယ်ချင်းတွေက အများစုပေါ့။ ဒီက သူငယ်ချင်းတွေလည်းပါတယ်။ တခြားနိုင်ငံကလည်း ပါတယ်။ စုမိတာကတော့ ကြာပြီပဲ။”

“ဘယ်ကတည်းကလဲ။”

“မနှစ်က စက်တင်ဘာလလောက် ကပါ။”

ကျွန်တော် သဘောပေါက်သွားခဲ့ပြီ။ ကျွန်တော်သည် သမီးကို သည်လိုကိစ္စမျိုးတွေတွင် ပါဝင်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့။ ကျွန်တော့် အိပ်ယာဝင်ပုံပြင်များ နားထောင်ခဲ့စဉ်ကလည်း လေးလေးစားစား စိတ်ဝင်စားမှုဖြင့် သမီးမျက်လုံးကလေးများ တောက်ပနေခဲ့သော်လည်း ထူးထူးခြားခြား တက်ကြွပါဝင်လိုမှုမျိုးကို သမီးက တခါမှမပြောပြဖူးခဲ့လေ။ အင်း.. ကျွန်တော်က မေးမကြည့်မိတာလည်း ပါမည်။

အဲသည်ညက သမီးက ကျွန်တော့်ကို စကားတွေ အကြာကြီး ပြောခဲ့သည်။ သမီးတို့၏ သူငယ်ချင်း လူငယ်ကလေးများ၊ သတင်းများ၊ ဘလော့ဂ်များ၊ ၀က်ဘ်ဆိုဒ်များ၊ ကူညီမှုများ၊ လှုပ်ရှားမှုများ။ သမီးနှင့် ကျွန်တော် စကားပြောခဲ့ဖူးသမျှထဲတွင် ဒီတခါ သူ့အသံကလေးက အကျယ်လောင်ဆုံး အတက်ကြွဆုံးဖြစ်သည်။ တကယ်တော့ ကျွန်တော် အပြီး မသတ်နိုင်ခဲ့သော လျှောက်မဆုံးနိုင်သေးသော လမ်းတခုတွင် သမီး၏ ခြေရာ သေးသေးလေးတွေလည်း ပါဝင်ခဲ့သတဲ့။ ကျွန်တော်က ၀မ်းသာရမည်လား။ စိတ်မကောင်း ဖြစ်ရမည်လား။ ဂုဏ်ယူရမည်လား။ စိတ်ပူရမည်လား။

မည်သို့ပင်ဖြစ်စေ သမီး၏ စကားများ အဆုံးတွင် “ဒါမှဖေ့ဖေ့သမီးကွ..” ဟု ကျွန်တော်က သူ့ခေါင်းကလေးကို ပုတ်ရင်း ရယ်မောကာ ပြောလိုက်ပါသည်။

သမီးက ပြုံးပါသည်။ ပြီးတော့ ကျွန်တော့်ကို ကြည့်သည်။ သည်မျက်နှာပေးက သူရောက်ရောက်ချင်းညက ဥရောပညစာကို မစားချင်၍ သူ့ဘာသာ ခေါက်ဆွဲကြော် ထကြော်စဉ် မျက်နှာမျိုး။ ကျောင်းကို နောက်နေ့ လိုက်ပို့စရာမလိုတော့ ဟု ပြောစဉ်က မျက်နှာမျိုး။ ဦး… ရဲ့သမီးလေး ဟု မိတ်ဆွေများက သူ့ကိုခေါ်စဉ် သမီးနာမည် … ပါဟု တမဟုတ်ချင်း တုန့်ပြန်ပြောသော မျက်နှာမျိုး။

“သမီးက ဖေ့ဖေ့ရဲ့ သမီးပါပဲ။ ဒါပေမယ့် သမီးက သမီးပဲလေ..။”

ဂျွန်အက်ဖ်ကနေဒီက ပြောခဲ့သည်။ “လူသားမျိုးနွယ်တွေက စစ်ကို အဆုံးသတ်ရမည်။ သို့မဟုတ်ပါက စစ်က လူသားမျိုးနွယ်ကို အဆုံးသတ်သွားလိမ့်မည်” တဲ့။ (Mankind must put an end to war, or war will put an end to mankind. ~John F. Kennedy, 1961) ကျွန်တော်တို့ကလည်း “မျိုးဆက်တွေက တိုက်ပွဲကို အဆုံးသတ်ရမည်။ သို့မဟုတ်ပါက တိုက်ပွဲတွေက မျိုးဆက်ကို အဆုံးသတ်သွားလိမ့်မည်” ဟု ပြောခဲ့သည်။ တိုက်ပွဲတွေက အဆုံးမသတ်သေးတာတော့ သေချာလှသည်။ မျိုးဆက်တဆက်၏ သီးကင်းကလေး တခုကတော့ ကျွန်တော့်ရှေ့တွင် တောက်ပစွာ ဖူးငုံနေလေသည်။

တကယ်တော့ သမီးသည် ကျွန်တော့်နောက်မှ တချိန်လုံး ထပ်ကြပ်မခွာ လိုက်ပါခဲ့သည်ပဲ။ သို့သော် ကျွန်တော့်လောင်းရိပ်တွင် မခိုခဲ့။ ကျွန်တော်ရှိခဲ့၍ သမီးရှိခဲ့သည်။ ကျွန်တော်တို့ရှိခဲ့၍ သမီးတို့ရှိခဲ့သည်။ ထိုတည်ရှိခဲ့မှု ကိုလည်း သမီးက သိသည်။ အသိအမှတ်လည်း ပြုသည်။ သို့သော် သမီးသည် သီးသန့် ဖြစ်တည်ခဲ့ပြီ။ ကျွန်တော်တို့က အတိတ်တို့ဖြင့် ဖိစီးလေးလံနေချိန်တွင် သမီးတို့က လျှင်မြန်စွာ လိုက်လျောညီထွေ ရွေ့လျားနေကြသည်။ ဒီတခါ ကျွန်တော်နားလည်အောင် ဖတ်ရမည့် စာအုပ်တအုပ်သည် သမီးပင်ဖြစ်လေသည်။



ပန်ဒိုရာ


Expand..

Saturday, June 14, 2008

မွေးနေ့ ၄၃

ဇွန်လ ၁၄ ရက်က မမေငြိမ်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ နောက် တပတ်ကြာရင် မခင်မင်းဇော်ရဲ့ မွေးနေ့တဲ့။

အသက်အရွယ်ဆိုတာ ရှင်သန်ခြင်းရဲ့ ဖြတ်သန်းမှုတွေပဲ မဟုတ်လား။ အရေအတွက်တွေက အဓိပ္ပာယ်တခုခုကို ပြောပြနေတယ်။ ပန်ဒိုရာက အသက်လေးဆယ်ကျော်ပိုင်း အရွယ်တွေရဲ့ ဘ၀ကို စိတ်ဝင်စားတယ်။ ခါးသက်မှုတွေကို မြိုးမြက်ခံစားရချိန်မှာ ချိုမြိန်မှုတွေနဲ့လည်း လတ်ဆတ် စိုစွတ်နေသေးတယ်။ အားကောင်းနေသေးတဲ့ ရေစီးကြောင်းတွေကို တည်ငြိမ်မှုဘောင်က ဘေးနားကွပ်လို့။ အဲဒီအချိန်ရဲ့ ဖြတ်သန်းမှုတွေ တွေးခေါ်မှုတွေဟာ ဘယ်လိုနေမလဲ။ အဲဒီကာလ အပိုင်းအခြားထဲမှာမှ မျက်နှာချင်းဆိုင် ဂဏန်းနှစ်လုံးရဲ့ သင်္ကေတက ဘာကို နိမိတ်ပုံညွှန်းချင်နေသလဲဆိုတာ စိတ်ဝင်စားစရာ။



ချစ်ခင်ရတဲ့ အစ်မကြီးနှစ်ယောက် အတွက် ဒီပုံလေးကို မွေးနေ့လက်ဆောင် ပေးလိုက်ပါတယ်။ ဘလော့ဂါ မိတ်ဆွေ အစ်ကိုအစ်မများထဲမှ ဒီနှစ်ထဲမှာ ၄၃ နှစ် ပြည့်ပြီးသူများ ပြည့်လုလုများ အားလုံးအတွက်လည်း တလက်စတည်း ဆုတောင်းလိုက်ပါတယ်။ အေးချမ်းပျော်ရွှင်ကြပါစေ။

Expand..

သူမသည် ကမ္ဘာမြေကို မျှား၏

သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ၂ အမှတ် ၁ (၂၀၀၈ ဧပြီ ) မှာ ဖော်ပြခဲ့ဖူးတဲ့ ၀တ္ထုတိုကလေးဖြစ်ပါတယ်။

၂၀၀၈ ဇူလိုင်လထုတ်မယ့် သံလွင်အိပ်မက် မဂ္ဂဇင်းအတွက် စာမူများပေးပို့ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ စာမူပိတ်ရက်က ၂၀၀၈ ဇွန်လ ၃၀ ရက်နေ့ပါ။ thanlwinainmat@gmail.com ကိုပေးပို့နိုင်ကြပါတယ်။ သံလွင်အိပ်မက်ရဲ့ မူအရ ဘယ်မှာမှ ဖော်ပြထားခြင်း မရှိသေးတဲ့ စာမူအသစ်များကို ပို့စေလိုတယ်လို့ သိရပါတယ်။ မဂ္ဂဇင်းမှာ ဖော်ပြပေးမယ့် သံလွင်စကားဝိုင်း မှာလည်း ပါဝင်နိုင်ကြပါတယ်။ အသေးစိတ် သိလိုသည်များရှိပါက ညီညီ(သံလွင်)၊ ဇင်ကိုလတ် နဲ့ အိုအေစစ်မောင်ပွတ် တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

----------------------------

သူမသည် ကမ္ဘာမြေကို မျှား၏



ကန်ရေပြင်က သစ်ပင်အရိပ်တို့ အုပ်မိုးကာ စိမ်းဖန့်ဖန့် ညိုမှောင်မှောင်။ ကန်ကို ဖြတ်တိုက်လာသော လေနုအေးသည် တောရိပ်တောင်ရိပ်တို့ကြားမှ အုံ့တုံ့တုံ့ မှုန်မှိုင်းမှိုင်း အနံ့တို့ကိုပါ သယ်ဆောင်လာ၏။ ပြုပြင်ဖန်တီးမှု နည်းပါးသော သဘာဝသည် ကျေနပ်လောက်ဖွယ် ပျော်ရွှင်မှုကို သူ့ချည်းသက်သက် ပေးနိုင်ပါရဲ့လား။ သဘာဝတို့ ထုံမွှန်းထားသော ကန်တစ်ခုဘေးဝယ် ထိုင်ကာ သဘာဝမကျသော နည်းလမ်းဖြင့် ငါးမျှားကာ ပျော်ရွှင်မှုကို ရှာနေသူမှာ သူမဖြစ်သည်။

သူမ လက်ထဲမှာ ကိုင်ထားသော ငါးမျှားတံက တင်းကနဲ ဖြစ်သွားသည်။ ဟော.. ငါး.. ငါး.. ငါးတွတ်နေပြီ။ သူမ၏ နှုတ်မှ အသံ တပိုင်းတစတို့ ထွက်ကျသွားသည်။ မျက်မှောင်ကျုံ့သံ တစ်ခုကို စိတ်နားဝယ် ဖြတ်ကနဲ ကြားလိုက်ရတော့ သူမ ဖွဖွပြုံးလိုက်သည်။ ကန်ရေပြင် ဟိုဘက်ခြမ်း မလှမ်းမကမ်းကို လှမ်းကြည့်လိုက်လျှင် ဘယ်ရီဦးထုပ်ပြားလေး ငိုက်ငိုက် ဆောင်းထားသည့် အဘိုးကြီး တစ်ယောက်ရှိမည်။ တကယ်တော့ ဒီကန်တစ်ခုလုံးမှာ ငါးလာမျှားတာဆိုလို့ သူမရယ် အဲဒီ အဘိုးကြီးရယ်။ ဒါပဲ။ အဘိုးကြီးက သူမကို စကားတစ်လုံးမှ မပြော။ သူမကလည်း အဘိုးကြီးကို မပြော။ ငါးမျှားနေစဉ် သူမထံက အသံတစ်ခုခု ထွက်လာလျှင် သူမကို မျက်မှောင်ကျုံ့ကာ တစ်ချက်ကြည့်မည်။ ဒါပဲ။ ဒီလိုနဲ့ တနင်္ဂနွေနေ့တစ်ခု ကုန်ဆုံးချိန်နီးလျှင် သူမက အဘိုးကြီးကို လက်တစ်ချက်ဝှေ့ယမ်းပြကာ နှုတ်ဆက်ပြီး ပြန်မည်။ အဘိုးကြီးက မပြုံးမရယ် မျက်မှောင်ကျုံ့ကာ တစ်ချက်ပြန်ကြည့်ပြီး မျက်နှာလွှဲသွားမည်။ ဒါပဲ။ သူမအတွက် တနင်္ဂနွေ တစ်နေ့တာဆိုတာ ဒါပဲ။

တနင်္ဂနွေနေ့မနက်တွေမှာ အိပ်ရာနိုးထသည်နှင့် ကော်ဖီထည့်ထားသော ဓာတ်ဗူးလေး တစ်လုံးရယ်၊ ပေါင်မုန့်တချို့ ၀က်ပေါင်ခြောက်တချို့ ကြက်ဥကြော်တစ်လုံး စပျစ်သီးခြောက်တချို့တို့ကို အဆီအငေါ်မတည့်စွာ ထည့်ထားသော ဗူးပြားပြားလေး တစ်ဗူးရယ်၊ ခင်းထိုင်ရန် ပလတ်စတစ် ဖျာခေါက်ကလေးတစ်ခု၊ ငါးမျှားတံတစ်ချောင်း၊ ငါးစာဗူးတစ်ဗူးရယ် နှင့် သူမထွက်လာမည်။ ခေါင်းရင်းအိမ်က အဘွားကြီးက ထုံးစံအတိုင်း မလိုတမာအကြည့်ဖြင့် သူမကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မကြားတကြား မဲ့ရွဲ့ ပြောပြီး ကျန်ရစ်မည်။ မိန်းကလေးတန်မဲ့ စောစောစီးစီး အကုသိုလ်အလုပ် လုပ်တော့မယ် ဆိုလား။ အဲဒါမျိုးဆန်ဆန် ဖြစ်သည်။

သူမသည် ငါးကို အကောက်မပါသော ငါးမျှားချိတ် (တကယ်တော့ ငါးမျှားချိတ်လို့ပင် မခေါ်နိုင်နော်။) ဖြောင့်ဖြောင့်မှာ ငါးစာကိုစွပ်ကာ မျှားလေ့ရှိတာ အဲဒီမိန်းမကြီးမသိ။ ငါးကိုစားချင်လို့ ငါးမျှားတာမဟုတ်မှန်း အဲဒီမိန်းမကြီးမသိ။ အို.. သူမက ငါးကိုလိုချင်လို့ ငါးမျှားတာတောင် မဟုတ်မှန်း အဲဒီမိန်းမကြီးမသိ။ ညနေတိုင်းပြန်လာချိန်မှာ ဘာကြောင့် ငါးတစ်ကောင်တလေမှ အိမ်ပြန်ပါမလာသလဲ ဆိုတာ အဲဒီမိန်းမကြီးမသိ၊ သူမဘက်ကရော။ ချက်ပြုတ် စားလေ့မရှိတဲ့ သူမအတွက် ငါးပါလာလျှင် အဲဒီမိန်းမကြီးက ငါးလိုချင်တဲ့ မျှော်လင့်ချက် ထားနေသလား ဆိုတာ သူမမသိ။ သူမ အပြင်ထွက်တိုင်း ဒီမိန်းမကြီးတစ်ယောက် ချောင်းမြောင်းစပ်စုကာ ဘာကြောင့် မမောမပန်းနိုင် စကားတင်း ပြောနေနိုင်သလဲဆိုတာ သူမမသိ။ လောကမှာ ဒီလိုနဲ့ သူ့အကြောင်း ကိုယ်မသိ၊ ကိုယ့်အကြောင်း သူမသိ၊ မသိတာကို အသိလုပ်ခဲ့တာတွေ ဘယ်လောက်တောင် များနေပြီလဲ။ အဲဒီမသိခြင်းတွေကို နောက်မှာ ချန်ခဲ့ရင်း တနင်္ဂနွေနေ့တိုင်း သူမ ငါးမျှားထွက်မည်။

ဒီတစ်ခါတိုက်သောလေက ပိုစိမ့်လာသည်။ မိန်းမိန်းမူးမူး ငိုက်မျည်းချင်စရာ။ အိပ်ချင်ပြေအောင် ၀ါးနေသော စပျစ်သီးခြောက်တွေကို ပါးစပ်ထဲ အကုန်လောင်းချလိုက်တော့ လက်ဖ၀ါးက စေးကပ်ကပ် အတွေ့တို့သာ ကျန်ခဲ့သည်.။ အဲဒီ လက်ဖ၀ါးတွေဟာ.. အဲ… ဒီ…. လက်ဖ၀ါးတွေဟာ..။ ဟေး.. ဟိုင်း.. ဟဲလို.. အနောက်တိုင်းဆန်ဆန် ခပ်ပေါ့ပေါ့ နှုတ်ဆက်သံတွေ… အဲဒီ လက်ဖ၀ါးတွေဟာ.. လူပေါင်းစုံရဲ့ ချွဲကျိတဲ့ အဆီပြန် လက်ဖ၀ါးတွေ.. အေးစက်စက် လက်ဖ၀ါးတွေ.. အာရုံငါးပါးတို့ ပူရှိန်းနေတဲ့ လက်ဖ၀ါးတွေ.. .. နဲ့.. အကြိမ်ပေါင်းများစွာ နီရဲမတတ် ဆွဲ.. ယမ်း.. နှုတ်.. ဆက်.. လို့။ အဲဒီ.. လက်ဖ၀ါးတွေဟာ… ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် တုန်းကတော့ လူငယ်လေး တစ်ယောက်ရဲ့ မရဲတရဲ ဆုပ်ကိုင်မှုမှာ တွန့်တိုစွာ… ရှက်ရွံ့စွာ… ကြည်နူးရင်ခုန်စွာ… စိတ်လှုပ်ရှားခဲ့ဖူးတယ် ဆိုရင်တော့ ယုံနိုင်ဖွယ်ပင် မရှိနော်။ အဲဒီလက်ဖ၀ါးတွေဟာ .. အခု လောလောဆယ်တော့ ငါးမျှားတံ တစ်ချောင်းကိုသာ ကျစ်ကျစ် ဆုတ်ကိုင်ထားသည်။

“ခင်ဗျားက သိပ်ကိုတော်တာပဲ နော်..” ပညာသားမပါတဲ့ အထင်တကြီး ခပ်ပိန်းပိန်း ချီးမွမ်းသူတွေ။ “မ ကလေ လှတယ်ဆိုတာထက် သိပ်ဆွဲဆောင်နိုင်တာ သိလား။” မျက်လုံးချင်းဆုံအောင် ခပ်ရဲရဲကြည့်ရင်း မထိတထိ အပြောတွေ။ “အိမ်မှာ အဆင်မပြေဘူးကွာ။ ကလေးနဲ့ အခုလို စကားပြောနေရတာတော့ စိတ်ချမ်းသာတယ်။” ဆီရွှဲအောင်လိမ်းထားတဲ့ ခေါင်းကြီးကို ယမ်းခါရင်း ပြောတဲ့ မျက်နှာထူအမ်းအမ်းတွေ။ ရှောင်ကာ.. တိမ်းကာ.. ကကာ… သီကာ.. ရယ်ကာ.. မောကာ… အိုး.. ပြာလဲ့လဲ့ မီးရောင်တွေကြားမှာ.. လူဂုဏ်တန်တွေရဲ့ တွေ့ဆုံပွဲတွေမှာ… ဖန်ခွက်ချင်း တချွင်ချွင် ထိတိုက်သံတွေကြားမှာ.. ပိုးဖဲဝတ်ရုံ ပွတ်တိုက်သံ တရွှမ်းရွှမ်းတွေကြားမှာ… စီးကရက်မီးခိုးနံ့.. ရေမွှေးနံ့.. စူးရှရှ ရီဝေေ၀ ရနံ့တွေကြားမှာ.. ကြော်ကြားမှုဆိုတာ ဘာလဲ။ အောင်မြင်မှုဆိုတာ ဘာလဲ။ မိန်းမတစ်ယောက်ရဲ့ အရေးပါမှုဟာ… အလုပ်အကိုင်.. ၀င်ငွေ.. လှပမှု .. ဘယ်နေရာမှာလဲ။

အဲဒါတွေက ကင်းလွတ်တဲ့ တနင်္ဂနွေနေ့ တစ်နေ့ မှာတော့ သူမ ငါးမျှားချင်ပါသည်။ ဘာငါးတွေကို မျှားမှာလဲ။ ဈေးသွားရန် ဟင်းချက်ရန် ၀ါသနာမပါသော သူမ… ငါးအမျိုးအစားတွေကို မသိပါ။ အို.. သိစရာလည်းမလိုပါ။ သူမ သိတာက ငါးစာနောက်မှာ ငါးမျှားချိတ် ပါမှန်းသိလို့ ကွင်းရှောင်သွားတဲ့ငါး… ငါးစာကို ဘေးက ပါးပါးနပ်နပ် တွတ်စားသွားတဲ့ငါး..။ အင်း… အစာတပ်ထားတဲ့ ငါးမျှားချိတ်ဖြောင့်ဖြောင့် တစ်ခုလုံးကိုပင် မျိုချတဲ့ ငါးမျိုးကတော့ လောဘကြီးတဲ့ငါး.. အဟပ်ကြီးတဲ့ငါး.. အစူးစမ်းအဆင်ခြင်မရှိတဲ့ငါး.. ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်တဲ့ငါး.. အဲဒီငါးမျိုးတွေပဲ ဖြစ်မည်။ သိပ်ပါးနပ်တဲ့ငါး ကျတော့လည်း အန္တရာယ်မပေးမှန်း ရိပ်မိလို့ မသိချင်ယောင်ဆောင်ပြီး တမင်မျိုချတာ ဖြစ်ကောင်းဖြစ်မည်။ ဒါဆိုရင်တော့ ပွဲက နှစ်ဖက်စလုံးအတွက် ပျော်စရာ ဖြစ်နိုင်သားနော်။

ရယ်စရာကောင်းတာ တစ်ခုကတော့ အကောက်မပါတဲ့ ငါးမျှားချိတ်ဖြောင့်တစ်ခုက ပါးဟက်ကို ထိုးဖောက်ငြိတွယ်စေတဲ့ အကောက်တစ်ခုပါတဲ့ ငါးမျှားချိတ်လောက် ငါးကို ဆွဲဆောင်မှု မရှိသလို ဖြစ်နေတာပဲ ဖြစ်သည်။ ဟိုရှေ့က အဘိုးကြီး ငါး လေးငါးကောင်လောက် ဆွဲတင်ပြီးတဲ့ အချိန်မှာ သူမဆီတော့ တစ်ကောင်တစ်လေ လာတွတ်လျှင် တော်တော် ကံကောင်းလှပြီ။ ငါးစာပြုတ်ကျသွားလို့ ပြန်တပ်ရတာလဲ အကြိမ်ကြိမ်။ ဘယ်လိုဖြစ်ဖြစ် သူမကတော့ ဒီလိုပဲ ငါးမျှားနေချင်သေးသည်။

ဗြုန်းဆို လက်ကိုတင်းလာသော အထိအတွေ့ကို သူမ ခံစားလိုက်ရသည်။ ငါးမျှားကြိုးကို သတိကြီးစွာ တဖြည်းဖြည်း ရစ်ပတ် ဆွဲတင်လိုက်သည်။ ဟော.. ငါး.. ငါး။ လေးကနဲ ပါလာသည်။ တော်တော် အကောင်ကြီးမည်ဟု ထင်ရသည်။ ငါးကသိပ်မရုန်းပဲ အလိုက်သင့် ပါလာသည်။ ငါးမျှားတံကို ဆွဲမလိုက်တော့ ကန်ရေပြင်ပေါ်က တစ်ပေခန့် အကွာမှာ အမြီး တဖြတ်ဖြတ်ခါနေသည့် ငါးတစ်ကောင်လုံး ထင်းထင်းပေါ်လာသည်။

ငါးကို သူမ အားရစွာ ကြည့်နေမိသည်။ ငါးက သူမကို တဒင်္ဂမျှ ငေးစိုက်ပြန်ကြည့်သယောင်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်… ငါးက ကန်ရေပြင်ပေါ်ကို ဗွမ်းကနဲ ပြန်ကျသွားသည်။ ဒါပဲ။ အစာလည်း ပါသွားပြီ။ အကောက်မပါသော ငါးမျှားချိတ်ဖြောင့်လေးသာ တန်းလန်း လှုပ်ခါ ကျန်ရစ်သည်။ ကန်ရေပြင်ထဲ ငါးကျသွားရာနေရာမှ ရေဂယက် ၀ိုင်းဝိုင်းကလေးများကို သူမ မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ ခဏကြာတော့ ဂယက်ကလေးများ ပျောက်သွားသည်။ ကန်ရေပြင်က ဘာမှမဖြစ်ခဲ့သလို ပြန်လည် ငြိမ်သက်သွားပြန်သည်။ ဒါပဲ။ သူမအဖို့တော့ ဘ၀ဆိုတာလည်း ဒါပဲဖြစ်သည်။



ပန်ဒိုရာ


Expand..

Thursday, June 12, 2008

စည်း

ခြေသံဖြတ်ဖြတ်
ဆတ်ဆတ်ကြားရင်
ငိုချင်ရယ်ချင်စိတ်နဲ့
တထိတ်ထိတ်ညနေခင်းတွေ…။

သည်ဒန်းကိုစီးလို့
သည်လမ်းကစောင့်နေတုန်းလေ
ဆိတ်ဖလူးပန်းတွေပျံဝဲ
မိုးဖွဲဖွဲကြား
ခိုတွဲနေတဲ့ အရိပ်မှုန်ဝေ...။

ဆံနွယ်ဖားလျား
ဝတ်ရုံလွင့်ပါးပါးမှာ
သနပ်ခါးနံ့တွေသင်းလို့
တေးချင်းသီပျောင်း
စောင်းသံညင်းညင်း
မျက်တောင်စင်းလုလု...။

မိုးမှောင်ခြိမ့်ခြိမ့်
သိမ့်ကနဲအလှုပ်မှာ
အို.. အမိန့်တော်သံရယ်
သည်ကြိုးကို ဖြတ်
အသက်နှင်းအပ်ရင်
လိပ်ပြာချင်းထပ်စေမတဲ့…။

ဝိညာဉ်ဖြူစ
မနုတ်ရက်လို့
လွှတ်ချလိုက်ပြီ
ကျိန်စာဒါဏ်သင့်
လောင်မီးဆင့်ပစေ
သည်သိုက်နန်းကို
မလှမ်းလိုက်ပါနဲ့ကွယ်
ဘ၀ခြားလို့
ထားခဲ့တယ်…။


ပန်ဒိုရာ



Expand..

နိုင်ငံတော်ကိုရွတ်ဖတ်ခြင်း နှင့် ဖွဲ့တည်ရာအသစ်

ပထမအကြောင်းအရာကတော့ နိုင်ငံတော်စုန်းစုန်းမြုပ်ခြင်း ဆိုတဲ့ ပန်ဒိုရာရဲ့ကဗျာကို ဆရာဦးငြိမ်းဝေက ရွတ်ဆိုပြီး ဇွန်လ ၁ ရက်နေ့မှာ အာအက်ဖ်အေကနေ အသံလွှင့်ထားတဲ့ အကြောင်းပါ။ နားမထောင်ရသေးသူတွေ နားထောင်ရအောင် ဝေမျှလိုက်ပါတယ်။ အသံဖိုင်မှာပါတဲ့ သုံးသပ်ချက်များကတော့ ဆရာဦးငြိမ်းဝေရဲ့ အာဘော်ဖြစ်ပါတယ်။ (ဆရာပြောထားတာနဲ့ ပတ်သက်လို့ဒီနေရာမှာ တခုလေးပြောချင်။ ပန်ဒိုရာသည် ပညာရှင် မဟုတ်ပါ။ ပညာသေ ဆိုလျှင် ပိုနီးစပ်ပါဦးမည်။)

naingandaw sone sone myoute chin.mp3 - Nyein Wai

ဒုတိယအကြောင်းအရာက သင့်ကာ၊ ဟန်သစ်ငြိမ် နှင့် အပေါင်းပါများ စီစဉ်သော ဖွဲ့တည်ရာမဂ္ဂဇင်း အမှတ် ၃ ထွက်ပြီဆိုတာ မောင်းထုချင်တာပါ။ ပန်ဒိုရာရဲ့ ဆောင်းပါးတစ်ပုဒ် ပါပါတယ်။ ဘလော့ထဲမှာ ဖော်ပြပြီးသား ပို့စ်တခု ဖြစ်ပါတယ်။ ဘာလဲဆိုတာ သိချင်ရင်တော့ တခြား စာကောင်းပေကောင်းတွေကို ဖတ်ရင်းနဲ့ ရှာဖွေကြည့်နိုင်ပါတယ်။ ဒီနေရာကို သွားပြီးတော့ ဘယ်လို ဒေါင်းလုဒ် လုပ်ရမလဲဆိုတာ ရှာကြည့်လိုက်ပါနော်။

Expand..

Tuesday, June 3, 2008

ဟတ္ထိ

မိဘတွေကျေးဇူးနဲ့ ၁၉၆၀/၇၀ ခေတ်များက မဂ္ဂဇင်းတွေ ဖတ်ခဲ့ရပါတယ်။ အဲဒီ မဂ္ဂဇင်းတွေမှာပါတဲ့ ၀တ္တုတိုကောင်းတချို့ကို အခုအထိ အမှတ်ရနေတတ်ပါတယ်။ အဲဒီအထဲကမှ ဟတ္ထိ လို့ အမည်ရတဲ့ ဘာသာပြန် ၀တ္တုတိုလေး တစ်ပုဒ်ကို အခုတလော ဘာရယ်မဟုတ် သွားသတိရနေမိပါတယ်။ ဟတ္ထိဆိုတာ ပါဠိဘာသာနဲ့ ဆင် လို့ခေါ်တယ်လို့ သိထားပါတယ်။ အမှတ်သညာက မကောင်းတဲ့အတွက်ကြောင့် အဲဒီဝတ္တုကို ဘာသာပြန်ထားတဲ့ စာရေးဆရာဟာ ဆရာမောင်ထင်လား ဆရာ တက္ကသိုလ်ထင်ကြီးလား ဆိုတာလည်း ဝေေ၀၀ါးဝါး ဖြစ်နေပါတယ်။ (ထင်တော့ ထင်ပဲ)။ သို့သော် မျှဝေချင်တဲ့အတွက် ပြန်ရေးလိုက်ပါတယ်။ ကိုယ်ပိုင်ဇာတ်လမ်း မဟုတ်ပါ။ တချိန်က ဖတ်ဖူးတဲ့ ဇာတ်လမ်း ကျောရိုးကို ပြန်မြင်ယောင်ပြီး မှတ်မိသလောက် စိတ်ကူးပြီး ပြန်ရေးထားတယ်ဆိုတာကို ထပ်မံ ပြောလိုပါတယ်။ ဝေမျှခံစားလို၍ ဖြစ်ပါတယ်။



ဟတ္ထိ

တိရိစ္ဆာန်ရုံ အမှုထမ်းနှစ်ဦး အဖို့ ဤကနေ့ လုပ်ရသော အလုပ်မှာကား ခါတိုင်းနှင့် မတူပါပေ။

မနက်ဖြန်တွင် ကျောင်းတစ်ကျောင်းမှ လေ့လာရေးခရီး လာမည်။ ဆင် ကိုလည်း လာကြည့်မည်။ အဆင်သင့်ဖြစ်ပါစေ ဟု အုပ်ချုပ်ရေးမှုးက တချက်လွှတ် မိန့်မှာထားသည်။ ဒါဟာ အထက်ကလာသော အမိန့်ဖြစ်သည်။ စောဒက မတက်ရဲ။ အုပ်ချုပ်ရေးမှုး မျက်နှာမပျက်ပဲ ညွှန်ကြားချက် ပေးနိုင်ပုံ ထောက်လျှင် အကြံအစည် တခုခုတော့ ရှိရမည်။

ညနေခင်းတွင် အထက်ဖော်ပြပါ အမှုထမ်းနှစ်ဦးထံသို့ လေမထိုးရသေးသော ရာဘာရုပ်တစ်ရုပ် ရောက်လာသည်။ အဖြစ်အပျက်များကို မရိပ်မိသေးဘူး ဆိုပါက ၀န်ထမ်းနှစ်ဦး၏ အောက်ပါ အချီအချ စကားများမှ သိရှိနိုင်ပါသည်။

“ငါတို့ အုပ်ချုပ်ရေးမှုးကလည်းကွာ။ မရှိဘူးဆိုလဲ မရှိဘူးလို့ပဲ ညွှန်ကြားရေးမှုးကို ပြန်ပြောလိုက်တာ မဟုတ်ဘူး။ တို့တိရိစ္ဆာန်ရုံမှာ ဆင်မရှိတာ ကြာမှပဲ။”

“မဟုတ်ဘူးကွ။ ဟိုတလောကမှ အထက်ကို ပို့လိုက်တဲ့ လပတ် အစီရင်ခံစာထဲမှာ ဆင်ရှိကြောင်း။ တိရိစ္ဆာန်အားလုံး အမျိုးစုံလင်စွာ ကျန်းမာချမ်းသာစွာ ရှိကြောင်း တင်ပြပြီးသွားပြီ ဆိုပဲ။”

“ခက်တယ်။ နောက်ဆုံးတော့ တို့ဆီကိုပဲ ၀န်ပိုက ရောက်လာပြီ။ တကယ်ဆို ဒါဟာ ငါတို့အတွက် သတ်မှတ်ထားတဲ့ တာဝန်ရဲ့ ပြင်ပမှာဖြစ်နေပြီ”

“စကားများမနေနဲ့ မှုတ်သာမှုတ်..။”

“…….”
“…….”

ညသန်းခေါင်ကျော်ပြီ။ ရာဘာဆင်ရုပ်၏ တ၀က်ပင် မပြည့်သေး။

“အား….. ညောင်းလိုက်တာ။”

“ဘယ်လိုလုပ်မလဲ။ ဆင်မှုတ်ဖို့အတွက် တညလုံး အိုဗာတိုင်ဆင်းနေရတယ် ဆိုရင် အိမ်ကမိန်းမကလည်း ဘယ်လိုမှ ယုံမှာမဟုတ်ဘူး။”

ဝန်ထမ်းတယောက်က မျက်လုံးကို ဟိုဟိုဒီဒီကစားသည်။ ဖျော်ဖြေရေး ဆက်ရှင် မိုးပျံပူဖောင်း အရောင်းဌာနမှ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ပုံးကို သွားတွေ့သည်။

ဤသို့ဖြင့် လေတ၀က် ဓာတ်ငွေ့တ၀က်ဖြင့် ဆင် ပြုလုပ်ခြင်း အမှုကိစ္စ ပြီးစီးသွားပြီ။

“ဟဲဟဲ..။ အကြံကောင်းတော့လည်း လွယ်လွယ်လေးပဲ။ ကဲ အိမ်ပြန်လို့ရပြီ။”

“နေဦး။ ဆင်ကို အစာတွေဘာတွေ လာကျွေးနေရင် ဟိုဟာဒီဟာလုပ်ခိုင်းနေရင် ဘယ်လိုလုပ်မလဲ။”

“ဒါများကွာ။ ဒီလိုလုပ်။”

-----

မနက်မိုးလင်း တိရိစ္ဆာန်ရုံ ဖွင့်ချိန်တွင် ဆရာမက ဦးဆောင်ကာ တူညီဝတ်စုံဖြင့် ကျောင်းသားကလေးများ တန်းစီ ၀င်လာကြ၏။

နားရွက်ဖားလျား ကြီးမားသော ကိုယ်ခန္ဓာဖြင့် ဆင်သည် ဣနြေ္ဒရစွာ ရပ်နေ၏။ ဆင်ရှေ့တွင် “ဆင်။ အလွန်ပျင်းသော ဆင်ဖြစ်သည်။ ရွေ့လျားမှု နည်းသည်” ဟု စာလုံးကြီးကြီးဖြင့် ရေးထားသည်ကို ဖတ်ရသည်။

ကလေးတယောက်က စိတ်လှုပ်ရှားသော အသံကလေးဖြင့် “မိုမိုရေ” ဟု ခပ်အုပ်အုပ် ခေါ်ကြည့်သည်။ ဆင်ကမထူးပါ။

“ဆင်ဆိုတာ ကုန်းသတ္တ၀ါတွေထဲမှာ အကြီးမားဆုံးဖြစ်တယ်။”

ဆရာမက စတင်ရှင်းပြလေသည်။ ကလေးများသည် မှတ်စုစာအုပ်ကလေးများ ထုတ်ကာ လိုက်မှတ်ကြသည်။

“ဆင်ဟာ သူ့ရဲ့အင်အားနဲ့ သစ်ကိုင်းတွေကို ချိုးတယ်။ တောကိုတိုးတယ်။”

ကလေးတို့သည် မှတ်စုလိုက်မှတ်ရင်း ဆင်ကို လေးစားခြင်း ကြီးစွာဖြင့် ကြည့်နေကြ၏။ ထိုစဉ် လေပွေသည် တိရိစ္ဆာန်ရုံကို ဖြတ်သန်း တိုက်ခက်လာ၏။ ဆင်သည် အနည်းငယ် လှုပ်ခါသွားသည်။

“အလေးအပင်တွေကို ချီမနိုင်တယ်။ သစ်တုံးတွေကို သယ်ဆောင်နိုင်တဲ့အတွက် သစ်ထုတ်လုပ်ရေးစခန်းတွေမှာ ဆင်ကို သုံးလေ့ရှိတယ်။”

လေပွေက ပိုပြင်းလာသည်။ ဆင်သည် တုန်တုန်ရီရီ ဖြစ်လာ၏။

“အရွယ်ရောက်တဲ့ ဆင်ရဲ့ ကိုယ်အလေးချိန်ဟာ ပျမ်းမျှအားဖြင့် ဆိုရင် ပေါင်တသောင်းလောက် လေးလံတယ်။”

ဆင်သည် ဘယ်ယိမ်း ညာယိမ်းဖြစ်လာပြီး အားလုံး၏ မျက်စိရှေ့တွင်ပင် ကောင်းကင်သို့ ပျံတက်သွားတော့သည်။ အချိန်အတန်ကြာ လွင့်ဝဲနေပြီး သစ်ပင်ကြီးတပင်၏ သစ်ကိုင်းတွင် သွားငြိသည်။ ထို့နောက် ပွန်းပဲ့ပြီး ပေါက်သွားကာ ဓာတ်ငွေ့များကုန်သော် တနေရာသို့ ထိုးကျသွားလေသည်။

-----

နောက်ဆက်တွဲ…

ထိုလေ့လာရေးခရီးတွင် လိုက်ပါလာခဲ့ကြသော ကလေးများသည် ကြီးပြင်းလာကြသောအခါ လမ်းသရဲကလေးများ ဖြစ်သွားကြလေသည်။ သူတို့သည် စာသင်ခန်းမှ ခုံများကိုရိုက်ချိုးခြင်း ပြတင်းပေါက်မှန်များ ခွဲခြင်း စသည်တို့ကို ပြုလုပ်ကြသည်။

ထို့အပြင် သူတို့၏ ဘ၀တွင် ဆင် ဆိုသည်ကို လုံးဝ အယုံအကြည် မရှိကြတော့ပါ။

Expand..