Sunday, January 31, 2010

ဖြတ်သန်းခဲ့တဲ့ တောလမ်း

၂၀၀၇ ခုနှစ်က ကဗျာနှစ်ပုဒ် ဖြစ်ပါတယ်။

ဆရာနှင်းခါးမိုးက တောလမ်းခရီးကဗျာကို အရင်ရေးခဲ့တယ်။
ပန်ဒိုရာက ခရီးတောလမ်းကဗျာကို နောက်မှရေးခဲ့တာပါ။

ဖွဲ့ပုံတွေ ရိုးစင်းနိုင်ပါတယ်။ ပြာစင်လတ်ဆတ်တဲ့ တောရနံ့ကို လရိပ်တခြမ်းအောက်မှာ ပြန်ဖမ်းကြည့်ရုံပါ။





တောလမ်းခရီး

သည်တောက
နက်တယ်....
မုဆိုးလည်းပေါ
သားကောင်လည်းပေါပါဘိ။

လမ်းမပေါက်ဘူး
စခန်းမထောက်ဘူး
နေပြောက်မထိုးဘူး
အော်သံတွေမှာ နာမည်ပါသလိုလို
သစ်ရိပ်တွေနောက်
တကောက်ကောက်လိုက်နေတဲ့မျက်လုံးများ
ကိုယ့်တောတိုးသံမှာ
ကိုယ်ပြန်ခြောက်ခြားကြရ။

သည်တောကို ဖြတ်ရမယ်
တလမ်းစာဖြစ်ဖြစ်
ခုတ်ထွင်ရှင်းလင်းကြရမယ်
တောခြောက်တိုင်း
လမ်းပျောက်နေလို့မဖြစ်ဘူးလေ။

လူမကွဲစေနဲ့
ခြေဦးတည့်ရာမသွားနဲ့
စွတ်ကြောင်းတွေနောက် ရမ်းမလိုက်နဲ့
ရေအိုင်တွေမှာ ထောင်ချောက်တွေနဲ့
သားကောင်က ခြေရာဖျောက်တယ်
မုဆိုးက လင့်စင်ဆောက်တယ်
လန့်လန့်ပြီးထပျံတဲ့ငှက်တွေကြောင့်
တို့ခရီး နှောင့်ရတယ်။

သည်တောက
နက်တယ်...
သားကောင်နဲ့ မုဆိုး
ကံကြမ္မာက အတူတူပဲ။

နှင်းခါးမိုး


.............................................

ခရီးတောလမ်း

သည်တောမို့
မောမိတယ်…
မုဆိုးလား သားကောင်လား
ဝေေ၀၀ါးဝါး စိတ်ထွေပြားတယ်။

အာရုံမွှေနှောက်
ခြောက်တဲ့အခါခြောက်လိုက်
ကန်ရေပြာမာလာအေးနဲ့
ဟိုအဝေးကမြှူလာလိုက်
ခလုတ်တိုက် သွေးစိမ်းထွက်
ခယောင်းခက် အဆိပ်သင့်တယ်။

ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။

မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။

သည်တောက
ခက်တယ်…
သားကောင်တလှည့် မုဆိုးတလှည့်
ကံကြမ္မာကို အမဲလိုက်ကြတယ်။


ပန်ဒိုရာ





Expand..

Saturday, January 30, 2010

ဒင်-ဒို ဂန္ထ၀င်ရှင်းတမ်း

တနေ့သ၌ ကျွန်ုပ်ပန်ဒိုရာသည် လွန်စွာမှပင် အလုပ်ရှုပ် စိတ်ရှုပ်နေသည့်အထဲမှ ခဏတဖြုတ် ဟု ဂျီတော့ခ်သို့ ၀င်လိုက်လေရာ ဘလော့ဂ်လောကတွင် ဂမ္ဘီရ ၀တ္ထုများရေးသားရာတွင် လွန်စွာမှပင် ကျော်ကြားလေသော ဘလော့ဂ်ရေးဆရာ ဦးမင်းဒင်တစ်ယောက် မီးစိမ်းကလေး ပြနေသည်ကို တွေ့လိုက်ရသည်။ သူ၏ထုံးစံအတိုင်း ခေတ်ဟောင်းသီချင်းကလေး တစ်ပုဒ်ကို ညည်းဆိုနေသော ဦးမင်းဒင်ကို ပဋိသန္ဓာရ နှုတ်ခွန်းဆက်စကား ဆိုရင်း ရောက်တတ်ရာရာ စကားအနည်းငယ် ပြောဆိုဖြစ်ကာ အကြောင်းအရာ တစ်ခုဆီသို့ ဆိုက်ရောက်လာလေသည်။

ဒင်။ ။ ကျုပ်ကတော့ ဘလော့ဂ်ရေးရာမှာလည်း အတတ်နိုင်ဆုံး သတ်ပုံမှန်စေချင်တာပါပဲ။
ဒို။ ။ ဟုတ်ပါတယ် အန်ကယ်။ အတတ်နိုင်ဆုံးပေါ့။ ကိုယ်တိုင်လည်း အတော်မှားပါတယ်။
ဒင်။ ။ သတ်ပုံတွေမှားကြတော့ တကယ့် ဂန္ဓ၀င်တွေကို ဟ တောင် မဟရဲတော့ဘူး။
ဒို။ ။ …
(တအောင့်အကြာ)

ဒင်။ ။ ဂန္တ၀င် ဖြစ်မယ်။
ဒို။ ။ ဂန္ထ၀င်လို့ ပေါင်းတယ် ထင်ပါ့ အန်ကယ်။ အောက်က ထဆင်ထူးဖြစ်ရမယ်။
ဒင်။ ။ တ၀မ်းပူ လို့ထင်ပါတယ်။
ဒို။ ။ တစ်ခါ မှားဖူးတယ်ဗျ။ ထဆင်ထူးက အမှန် မှတ်တယ်။
ဒင်။ ။ တ၀မ်းပူသာ ဖြစ်သင့်တယ်လို့ ကျုပ်တော့ထင်တာပဲ။ ကိုင်း.. သတ်ပုံကျမ်းများ ရှာကြည့်ရင် မသင့်ပေလား။


ဤသို့လျှင် အတန်ငယ် အငြင်းပွားကြလေရာ ကျွန်ုပ်လည်း မိတ်ဆွေတစ်ဦး ကျေးဇူးပြုထားသော အီလက်ထရွန်းနစ်ဗားရှင်း သတ်ပုံကျမ်းကလေးကို ကွန်ပြူတာထဲရှိ မြောက်မြားလှစွာသော folder များအောက်မှ မြောက်မြားလှစွာသော ဖိုင်များတွင် လှန်လှော ရှာလေရာ တော်တော်နှင့် မတွေ့နိုင်ဖြစ်နေလေ၏။ ထိုစဉ် တိန် ကနဲ မက်ဆေ့ခ်ျကလေး ရောက်လာလေသည်။

ဒင်။ ။ ဂန် ဆိုတဲ့ အသံထွက်နဲ့ ပတ်သက်တဲ့ မြန်မာစာလုံးမှာ ထဆင်ထူးကို အောက်က ထားတဲ့စာလုံးမတွေ့မိပေဘူး။
ဂန္တဝင်
ဂန္ထန္တရ
ဂန္ဓမာဒနတောင်
ဂန္ဓမာပန်း
ဂန္ဓာရုံ
http://myanmarwords.pikay.org/search?updated-max=2008-12-23T16%3A52%3A00%2B06%3A30&max-results=1
ကိုင်း.. ကျေနပ်တော့ နော်။

ကျွန်ုပ်လည်း အထွန့်တက်လိုက်လေသည်။

ဒို။ ။အွန်လိုင်းကကျမ်းက မှန်ချင်မှ မှန်မှာထင်ပါတယ်။ စာတွေက ပြန်ရိုက်ထားတာကိုး။
ဒင်။ ။လက်ထဲမှာလည်း စာအုပ်ရှိတယ် ပြန်ကြားရေးထုတ် မြန်မာစာဌာနက ကွဲ့။

ကျွန်ုပ်လည်း ဇဝေဇ၀ါဖြစ်ကာ ငါတွေ့ခဲ့သော ထဆင်ထူးနှင့် ဂန္ထ၀င်သည် မော်ဒယ်လ် မင်းသမီး ဂန္ထ၀င်၏ နာမည်စာလုံးပေါင်းသာ ဖြစ်နေရော့သလားဟု တွေးမိတွေးရာ တွေးလိုက်လေသည်။

ဒို။ ။ ဒါဆို ဟိုဂန္ထ၀င်က မင်းသမီးနာမည် စာလုံးပေါင်းပဲ ထင်တယ်။ ဒါဆို ဂန္ထ လောက (မဂ္ဂဇင်း) ကရော ဘာအဓိပ္ပါယ်ဖြစ်မလဲ။ အဲဒီမှာလည်း ထဆင်ထူး လို့ပဲ မှတ်တာပဲ။
ဒင်။ ။ ဂန္တဝင်ဆိုတာ မှတ်တမ်းဝင် ဂန္တလောက ဆိုတာ လောက မှတ်တမ်းလို့ ဆိုလိုဟန်ပေါ်တယ်။

ကျွန်ုပ်လည်း ဂန္ထဝင်စာပေ ဂန္ထဝင်ဂီတ ဟု ဆိုလျှင် အကြမ်းဖျဉ်းနားလည်ခဲ့သည့် classic, classical ဟူသည့် အဓိပ္ပါယ်မျိုးသာမက ‘ဂန္တ” သို့တည်းမဟုတ် “ဂန္ထ” ၏ အဓိပ္ပါယ်ကို အကိုးအကားဖြင့် အသေအချာ သိလိုစိတ် ပြင်းပြလာလေ၏။ သိမ်းထားခဲ့သော အီလက်ထရွန်းနစ် သတ်ပုံကျမ်းမှာမူ ရှာမတွေ့နိုင်တော့ချေ။ ထို့နောက် ဂူဂဲလ်တွင် စာလုံးများရိုက်ကာ အမျိုးမျိုးရှာဖွေလေရာ အောက်ပါလင့်ခ်တွင် ဆွေးနွေးချက်များကို ၀မ်းသာအားရ တွေ့ရှိလိုက်ရတော့သည်။

http://www.ainmat.com/forum/view_topic.php?pid=315
ပါဌ်ဆင့်တွေကို လွယ်ကူစွာအသုံးပြုနိုင်စေဖို့ တကူးတက ဖော်ပြပေးတာ ကျေးဇူးပါရှင် ...
နည်းနည်းလောက်တော့ ပြင်ပေးပါရစေဦး ... ။

(၁) ကတ္ထူစက္ကူ မဟုတ်ပါ။ ကတ်ထူ စက္ကူ ဖြစ်ပါတယ်။ (ထူသောကတ်ဖြင့် ပြုလုပ်ထားသော စက္ကူ)
(၂) ကုလသမ္မဂ မဟုတ်ပါ။ ကုလသမဂ္ဂ ဖြစ်ပါတယ်။
(၃) ဂန္တ၀င် မဟုတ်ပါ။ ဂန္ထ၀င် (အောက်က ထဆင်ထူး၊ ဂန်ထ၀င် ဖြစ်ပါတယ်။)
(၄) ဋ္ဌာပနာ မဟုတ်ပါ။ ဌာပနာ ဖြစ်ပါတယ်။ ဌ ၀မ်းဘဲ ရိုးရိုးဖြင့် ရေးရပါတယ်။
လည်ရစ်ပါသော ဌ၀မ်းဘဲ (ဋ္ဌ) ဆိုတာက ဋ္ဌ = ဋ + ဌ ဖြစ်ပါတယ်။ (ဥပမာ - အ႒မ = အဋ္ဌမ = အတ္ဌမ)
(၅) နက္ခတ္တာရာ ဟု ရေးရန် မလိုပါ။ နက္ခတ်တာရာ ဟုရေးလျှင် ရပါတယ်။
(၆) ပြဌာန်း မဟုတ်ပါ။ ပြဋ္ဌာန်း ဖြစ်ပါတယ်။ ပြ+ဋ်+ဌာန်း = ပြတ်ဌာန်းဟု အသံထွက်ပါတယ်။
(၇) ပြဿဒ် မဟုတ်ပါ။ ပြာသာဒ် ဖြစ်ပါတယ်။ ပါသာဒ ဟူသော ပါဠိမှ ဆင်းသက်လာတဲ့စာလုံးပါ။
(၈) ဖိန်းနွဲခါ မဟုတ်ပါ။ ဖိန်းနွှဲခါ ဖြစ်ပါတယ်။ နငယ် ၀ဆွဲ ဟထိုး နောက်ပစ် ဖြင့် ပေါင်းရပါတယ်။
(၉) ဗုဒ္ဓော ဟု မရေးရပါ။ ဗုဒ္ဓေါ ဟု မောက်ချဖြင့် ရေးမှ မှန်ပါတယ်။
(၁၀)မြဉ္ဇူရီ မဟုတ်ပါ။ ရရစ်မပါပါ။ မဉ္ဇူရီ ဖြစ်ပါတယ်၊ (မင်ဇူရီ ဟု အသံထွက်ပါတယ်။)
(၁၁) ဠင်းတ (ဠကြီးဖြင့် ရေးရန်မလိုပါ) လင်းတငှက်ကို လ-ဖြင့်သာရေးပါတယ်)
(၁၂) အဗ္ဘုတရသ ကို အဗ္ဘုတရသ လို့ တချောင်းငင် အကြီးဖြင့် ရေးပါတယ်။
(၁၃) အဉ္ဖလီ ... အောက်က ဖဦးထုတ်ဖြစ်နေပါတယ်။ အဉ္ဇလီ (အင်ဇလီ- ဇကွဲဖြစ်ရပါမယ်။)
(၁၄) ဣတ္ဆိယ ... အောက်က ဆလိမ်ဖြစ်နေပါတယ်။ ဣတ္ထိယ (ထဆင်ထူးဖြစ်ရပါမယ်။)


ဆက်လက်ပြီး အောက်ပါ လင့်ခ်မှ တဆင့် သတ်ပုံကျမ်း ဖိုင်ကို ဒေါင်းလုဒ် လုပ် ရယူနိုင်ခဲ့လေသည်။

http://www.yamc.info/archive/forum/viewtopic.php?f=17&t=2798

http://www.megaupload.com/?d=CRNO4ZWG

သတ်ပုံကျမ်းထဲတွင်ကား ဂန္ထ၀င် ဟု ထဆင်ထူးဖြင့် ပေါင်းထားသည်ကို ထင်ထင်ရှားရှား တွေ့လိုက်ရတော့သည်။
ထို့နောက် ဦးမင်းဒင်ထံသို့ အောက်ပါအတိုင်း ၀မ်းသာအားရ သတင်းပို့လိုက်လေသည်။

ဒို။ ။ သေချာတယ်ဗျို့ ထဆင်ထူးပဲ။ စာအုပ်ထဲမှာကို တွေ့တာ။ အွန်လိုင်းကျမ်းမှာက ပီကေ တစ်ယောက် စာပြန်ရိုက်တာ မျက်စိလျှမ်း သွားပုံရတယ်။
ဒင်။ ။ ခဏနေအုံး။ စာအုပ်ပြန်လှန်နေတယ်။
ဒို။ ။ ဟုတ်။
ဒင်။ ။ ၁၉၆၆ ခုနှစ်ထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း နှင့် ခွဲထား
ဒို။ ။နောက်ဆုံးပေါ်ထုတ် ကိုကြည့်ပါ ကျနော်လင့်ခ်ပေးမယ် ဒေါင်းလုဒ်လုပ်။
http://www.yamc.info/archive/forum/viewtopic.php?f=17&t=2798
ဒင်။ ရပြီဗျို့။ ဟား။ ထဆင်ထူး ဖြစ်နေပြန်ပါပေါ့လား။
ဒို။ ။ အမှန်ကိုး ဗျ။
ဒင်။ ။ လက်ထဲက စာအုပ်က ၁၉၆၆ ဆိုတော့ ၂၀၀၃ ကို အမှန်ယူသင့်ပေတယ်။ လက်ခံပါပြီ။
ဒို။ ။ ဟဲ.. ဒါဆို နောင်လာနောက်သားတွေ မမှားအောင် စာလေးတစ်ပုဒ်လောက် ရေးလိုက်ရင် မကောင်းဘူးလား အန်ကယ်။
ဒင်။ ။ ကောင်းလေစွ။ ကျေးဇူးတင်ပါတယ်ဗျာ။ အခုလို အမှန်ထောက်ပေးတာ။ ကိုယ်ကလည်း တော်ရုံ အလျှော့ပေးချင်သူ မဟုတ်ဘူး။
ဒို။ ။ ဟုတ်။ ပိုပြည့်စုံသွားအောင် ပါဠိ အတိုင်ပင်ခံ ဆရာတစ်ယောက်ကိုလည်း လှမ်းမေးလိုက်ပါဦးမယ်။

ဤသို့ဖြင့် စကားပြောခန်းများကို ပြန်လည် တည်းဖြတ်ပြင်ဆင်ကာ အန်ကယ်ဦးမင်းဒင်၏ ခန့်ညားသော အရေးအသားစတိုင်ကို အတုယူရေးထားသည့် အနည်းငယ်လည်း ငန်ကျိကျိနိုင်သော အထက်ပါစာတစ်ပုဒ် ဖြစ်ပေါ်လာလေသတည်း။ (ဆားချက်ခြင်း။)

နောက်ဆက်တွဲ။ ။ ပါဠိဆရာ၏ ရှင်းလင်းချက်။



“ဘတစ္စတူတာ” ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို သိချင်လို့ စာသင်သားက စာချဘုန်းကြီးကို မေးတော့ ဘုန်းကြီးခမျာ ပိဋကတ်သုံးပုံ ပါဠိစာပေ စုံအောင် လိုက်ရှာတာ မတွေ့တဲ့အဆုံး လောကီလောကုတ် စွယ်စုံ ဘုန်းကြီးတပါးကို ပြောတော့မှ ဘတစ္စတူတာ(Batistuta) ဆိုတာ အာဂျင်တီးနား ဘောလုံးသမားမှန်း သိသတဲ့။ အခုလည်း ဂန္ထ၀င်ဆိုတော့… ဂန္ထ၀င်ပဲ လို့ ထင်မိတယ်ဗျ။

ဂန္ထ
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်
(၁) (က) ကျမ်းဂန်။ (ခ) ကျမ်းဂန်-ပရိယတ်-ကိုဆောင်ခြင်း။
(၂) ထုံးဖွဲ့-နှောင်ဖွဲ့-ရစ်ပတ်-ဆက်စပ်-ခြင်း၊ ထုံးဖွဲ့-နှောင်ဖွဲ့-ရစ်ပတ်-ဆက်စပ်-တတ်သောတရား၊ ဂန္ထတရား။
(၃) သီကုံးခြင်း။

ဦးဟုတ်စိန် ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်
ထုံးဖွဲ့ခြင်း။
စာပေကျမ်းဂန်။
(m.) bond; fetter; a composition; a text, a bond, a tie; a literary composition, book

Pali Text Society Pali-English Dictionary
Gantha
1. a bond, fetter, trammel
2. [Only in late Pali, and in Sk.] composition, text, book

ဝံသ
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်
(၁) (က) ဝါး။ (ခ) (ခေါင်အုပ်) သစ်၊ ဝါး (ဂ) ဝါးတိုင်၊ (၂) ဝါးချုံ။
(၃) နွှဲ၊ ပြွေ။
(၄) (က) အမျိုး၊ အနွယ်၊ အစဉ်အဆက်၊ အဆက်အနွယ်။ (ခ) (ဂုဏ်တို့၏) အနွယ်၊ အဆက်။
(၅) ဓလေ့၊ ထုံးစံ၊ အစဉ်အလာ။
(၆) အရိယဝံသသုတ်။
(၇) ဝံသတိုင်း၊ ဝံသဇနပုဒ်။
(ဂ) (သစ်ပင်၏) ပင်စည်။
(၉) (က) (သစ်ပင်၏) အခွ-အကြား။ (ခ) (ဆင်စသည်တို့၏)-ကျောက်ကုန်းလယ်အရပ်။
(၁ဝ) (သင်္ဂါယနာတင်မထေရ်တို့မှစ၍ ဆရာစဉ်ဆက်ဆောင် ယူခဲ့သော) အယူဝါဒ၊ အဋ္ဌကထာ၏အစဉ်။

ဦးဟုတ်စိန် ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်
ဝါး။
အနွယ်။
1, a race; lineage; family; 2, a bamboo tree; 3, a bamboo flute. A bamboo; a shrill flute, a pipe; race, family, lineage; dynasty; hereditary custom, tradition

Pali Text Society Pali-English Dictionary
Vaṃsa
1. a bamboo
2. race, lineage, family
3.tradition, hereditary custom, usage, reputation
4. dynasty
5.a bamboo flute, fife
6. a certain game


ဒါတွေက တစ်ပုဒ်စီရဲ့ အဓိပ္ပါယ်တွေ။ ပိဋကတ်မှာတော့ ဂန္ထ၀ံသလို့ တိုက်ရိုက် ဝေါဟာရမတွေ့မိဘူး။ ဒါပေမယ့် စူဠဂန္ထ၀ံသလို့ အမည်ရတဲ့ ကျမ်းရဲ့ အဖွင့်ဂါထာတစ်ပုဒ်မှာတော့ ဒီလိုလာတယ်။

ဂန္ထ၀ံသမ္ပိ နိဿာယ၊ ဂန္ထ၀ံသံ ပကထိဿံ။
“ပိဋကတ်သုံးပုံကျမ်းအစဉ်ကို အမှီပြုပြီး ဂန္ထ၀င်ကျမ်းငယ်ကို ဖွင့်ဆိုမယ်”

ရှေ့ ဂန္ထကို ပိဋကတ်ကျမ်းဂန်လို့ ဆိုလိုပြီး နောက် ဂန္ထကို ကျမ်းအငယ်စား (စူဠဂန္ထ)လို့ ဆိုလိုတာ။

ဗုဒ္ဓ၀ံသ, ထေရ၀ံသ, သဒ္ဓမ္မ၀ံသ, အာစရိယ၀ံသ, ရာဇ၀ံသ, ဒီပ၀ံသ, မဟာဝံသ စတဲ့ ဝေါဟာရတွေကိုလည်း ပါဠိစာပေမှာ တွေ့မိတယ်။
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်မှာ ဒီလို ဖွင့်ဆိုထားတယ်။

[ဗုဒ္ဓ+ဝံသ]
(၁) ဘုရားရှင်တို့၏-အစဉ်အဆက်-ဖြစ်တော်စဉ်-ကို အကျယ်ပြဆိုရာ ကျမ်း၊ ဗုဒ္ဓဝင်ကျမ်း။
(၂) ဘုရားအစဉ်အဆက်၊ ဘုရားအနွယ်။

[ရာဇ+ဝံသ]
(၁) (လူ) မင်းတို့၏-အမျိုး-အနွယ်-အဆက်၊ ရာဇဝင်။
(၂) မြင်းမင်းတို့၏-အမျိုး-အနွယ်-အဆက်၊ မြင်းမင်းရာဇဝင်။


ဗုဒ္ဓ၀င်, ရာဇ၀င်စတဲ့ ဝေါဟာရတွေကိုတော့ ပါဠိသက်လို့ ခေါ်မလားမသိ။ မြန်မာပြည်မှာ ပါဠိစာပေရဲ့ လွှမ်းမိုးသက်ရောက်မှုတွေက အထင်အရှားပါပဲ။ တခါတလေ ပါဠိသက်ကတောင် ပိုပြီး ခေတ်ဆန်သလိုလို ဖြစ်နေတတ်တယ်။ ငယ်ငယ်က ကျော်ဟိန်းနဲ့ ကော်နီ စုံတွဲshowပွဲတစ်ခုအတွက် titleရွေးတာ “ဒွန်”ဆိုတဲ့ ဝေါဟာရကို သုံးလိုက်တယ်လို့ ထင်တာပဲ။ “ဒွန္ဒ” ကို ဦးဟုတ်စိန် အဘိဓာန်မှာ ဒီလို ဖွင့်တယ်။
နှစ်ခု နှစ်ခု။
အစုံ။
a pair; couple; dyad.


မဂ္ဂဇင်း အမည်ပေးဖို့ “ဂန္ထ” နဲ့ “လောက” ဝေါဟာရ ပေါင်းစပ်ထားတာ သိပ်လှတယ်။ တစ်ပုဒ်စီ ယူသုံးထားတာပဲ။ မြန်မာဝေါဟာရဆိုရင် သူ့လောက်ပြောင်မြောက်ချင်မှ ပြောင်မြောက်မှာ။ အဲ…တစ်ခုတော့ ရှိတယ်။ “ဖွဲ့+တည်ရာ”ကတော့ အတော် အလင်္ကာမြောက်တဲ့ ဖန်တီးမှုလို့ ထင်မိတယ်။ copy cat လား own tune လားတော့ မသိဘူးဗျ။ အသုံးအနှုံးတွေအကြောင်း အကျယ်တ၀င့် ပြောနေရင်တော့ မျိုးမမပကာသနီ ဖြစ်နေတော့မယ်။ ဂန္ထ၀င်ဆိုတဲ့ ဝေါဟာရကိုလဲ ခုခေတ်သုံးစွဲပုံကတော့ သိတဲ့အတိုင်းပဲ။ ၀ံသကို ဒီလို သုံးနေတော့ postတစ်စောင် pageတစ်ဖွဲ့ ရေးလို့ရတဲ့ blogလဲ ၀ံသနဲ့ ပေါင်းပြီး blog၀ံသ=ဘလော့ဂ်ဝင်လို့ ဖြစ်လာနိုင်တာပေါ့ဗျာ။

တွေ့မိတွေးရာ ရေးလိုက်တာမို့ အဆင်မပြေရင် ဆောရီးပါဗျာ။

နတ္ထိ
--


ပန်ဒိုရာ


Expand..

Wednesday, January 27, 2010

ဒီမြို့ထဲကို နောက်တခေါက်

ဒီကဗျာကို ၂၀၀၇ သြဂတ်စ် လ လောက်မှာ စရေးပြီး စက်တင်ဘာလ ၂ရက်နေ့မှာ အပြီးသတ်ခဲ့ပါတယ်။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းကြီး ကဗျာဆရာတစ်ယောက်ကတော့ ဒီကဗျာကို သူ့အနေနဲ့ မကြိုက် မနှစ်သက်တဲ့အကြောင်း စကားစပ်မိတိုင်း ပြောလေ့ရှိပါတယ်။ ကျန်တဲ့ အတော်များများကတော့ နားမလည်နိုင်ဘူး ဆိုတာမျိုးလောက် ပြောပါတယ်။ ဒီကဗျာကို ရေးနေခိုက်မှာတော့ (ခေတ်နောက်ပြန်ဆွဲတယ် ပဲ ပြောပြော) Coleridge ရဲ့ လွှမ်းမိုးမှုတချို့ ခေါင်းထဲမှာ ရှိနေတာကိုတော့ ၀န်ခံရမှာပါ။ မိတ်ဆွေ တယောက်ဖြစ်တဲ့ M.Y. က သူ့ရဲ့ ထင်မြင်ချက်တွေကို အရှည်ကြီး ရေးပေးခဲ့ပါတယ်။ သူ့ထင်မြင်ချက်တွေကိုလည်း သူရေးခဲ့တဲ့ အရှိအတိုင်း ပြန်တင်လိုက်ပါတယ်။ (အဲဒီမှတ်ချက်က ကဗျာထက် ပိုပြီး ဖတ်လို့ကောင်းနေတာ တွေ့ရမယ်။)

အလုပ်များလို့ ခေါင်းထဲမှာနေရာလွတ်မရှိ စာအသစ်မရေးဖြစ်တဲ့ အချိန်မှာ ဒီကဗျာကို မဖတ်ဖြစ်ခဲ့သူတွေအတွက် ဖတ်ချင်ရင် ဖတ်လို့ရအောင် ပြန်တင်လိုက်တာ ဖြစ်ပါတယ်။




ဒီမြို့ထဲမှာ

( ၁)

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး^..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်
လွယ်အိတ်တစ်လုံးစာ သက်ပြင်းတွေကြား
စားပွဲပုလေးတွေပဲ ဓားစာခံပြားသွားကြတယ်
အဲဒီ မုတ်ဆိတ်ကျိုးကျဲတွေရဲ့
ခြေဦးတည့်ရာနောက်က
တရွတ်တိုက်လမ်းမကြီးက ရှက်ဝမ်းနည်းမိတယ်။


(၂)

ဝမ်းမီးတောက်ဖို့တောင်
မီးစာကုန် ဆီခန်းတော့
လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်
ထသွား ထလာ ၀တ်သင့်တဲ့
ဖြူညစ်ညစ် အင်္ကျီတစ်ထည် ကိုတောင်
နောက်ဆုံးညစာအတွက် ရှို့ပစ်ဖို့စဉ်းစားနေပြီ
ကဲ ဘာဆက်လုပ်ကြမလဲ
ယုံကြည်ချက်ဆိုတာ
မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
မရှင်သန်နိုင်ဘူး
ဟိုကောင်တွေလည်း ငေးငေးငိုင်ငိုင်
လွယ်အိတ်ထဲက လက်ကျန်အကြွေတွေ
ချိုးချိုးချွင်ချွင်နဲ့ စားပွဲပေါ်ကလိမ့်ကျ
ဘယ်သူမှ ထမကောက်ကြဘူး
အဲဒီအခိုက် ကားတစ်စီး ဝေါခနဲအဖြတ်
ဖုန်တထောင်းထောင်းထသွား
အဲဒီင်္ဖုန်တွေ အမှိုက်တွေပါ
အုတ်ခဲရင့်ရောင်ထဲ ဖျော်စပ်လို့
ပျစ်ပျစ်နှစ်နှစ်ကြီး
ရင်ဘတ်ထဲအရောက် မော့ချလိုက်ကြတယ်။


(၃)

နေကမြင့်မြင့်လာတယ်
ဆိုင်ကနေ လမ်းအခွဲ
တံလျှပ်ရဲ့ဖမ်းစားမှုမှာ
ဘာဖြစ်သွားလဲမသိဘူး
အုတ်ခဲရင့်ရောင်တွေ ကြည်လင်
ရွှေအိုရောင် ဖိတ်ဖိတ်စင်သွားတယ်
လမ်းမကြီးက ဒယိမ်းဒယိုင်လိုက်လာတယ်
အဲဒီမှာ
အဲလ်ဘက်ထရော့စ်* (ငှက်) ကို
ငါတို့ထဲကတချို့ဟာ
မြင်ရာမဆိုင်း ပစ်ချလိုက်မိတယ်
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်
ကျိန်စာတွေခ သွေးမြေကျခဲ့တယ်။


(၄)

မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်
အတိတ်ကိုအတိတ်မှာပဲ ထားလိုက်ကြမယ်
ပင်လယ်ကိုဖြတ်သန်းမှတော့
ပင်လယ်ရဲ့အနမ်းကိုခံနိုင်ရည်ရှိရမယ်
လက်တွေ့အရ ဖြစ်မလာဘူး
သဘောတရားအရ မှန်ကန်တယ်
ဒါဆိုငါတို့မှန်ခဲ့တယ်
ဒါဆိုငါတို့မှားခဲ့တယ်
သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
ဖြတ်ခနဲ အက်ရာထင်သွားတယ်။


(၅)

အတူတူဆက်ထွက်လာခဲ့ကြတယ်
အဲလ်ဘက်ထရော့စ် အပုပ်ကောင်ကို
လည်ပင်းမှာဆွဲထားတဲ့ကောင်တွေလည်းပါတယ်
တရွက်တိုက် လမ်းမကြီးက အိပဲ့အိပဲ့နဲ့ လိုက်လာတယ်
တစ်ချက်အကွေ့ ငါတို့ကျောအလစ်မှာ
လမ်းမကြီးက ငါတို့ကို
ကျောက်စရစ်ခဲတစ်လုံးလို
ပိုးစိုးပက်စက် ကန်ထုတ်လိုက်တယ်
အုတ်ခဲရင့်ရောင်တွေ ဖိတ်လျှံ အန်ကျကုန်တယ်
အုတ်ခဲရင့်ရောင် စွန်းထင်းပေပွ ဒီလမ်းမဟာ
အော့ကြောလန်စရာ ဖြစ်လာလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့ကြမှာလဲ
ရင်ဘတ်အောင့်နေအောင် နံရံကိုဝင်တိုးမိမှ
မျက်မှန်တစ်လက်ကို ဆွေးဆွေးမြေ့မြေ့ တမ်းတမိတယ်။


(၆)

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး
ဖြူညစ်ညစ်အင်္ကျီလည်း အမွှာမွှာကွဲ
အာရုံတွေေ၀၀ါးကုန်ပြီ
လုံးတီးဘ၀ ရှက်ကြသတဲ့
ဖုန်တွေကိုပဲ လုံခြုံနိုးနဲ့
တချို့လူးလှိမ့်ဝတ်ဆင်ကုန်ကြတယ်
မဲ မှောင် စွန်း ထင်း
တစ်ယောက်နဲ့တစ်ယောက်လည်း
မမှတ်မိတော့ဘူး
အချင်းချင်း ကုတ်ခြစ်ဖို့
မာန်ဖီသံတွေကြားနေရတယ်
အုတ်ခဲရင့်ရောင်မိုးတွေရယ်
ပိန်းပိန်းပိတ်ပိတ် လွှမ်းခြုံသွားအောင်
ရွာချလိုက်
ရွာချလိုက်
ရွာချလိုက် ပါ ကွယ်။


(၇)

အုတ်ခဲရင့်ရောင် မိုးကခေါင်တယ်
ကိုယ့်ဘာသာပဲ ဖျော်စပ်ဖို့
အုတ်ခဲကိုထုခွဲကြရင်း
အဖိတ်အစင်တွေ ရှိသွားတယ်
ဟေ့ကောင် ဟေ့ကောင်…
စကားတွေအများကြီးမပြောနဲ့ မောနေမယ်
ဟေ့ကောင် ဟေ့ကောင်…
မကြာခင် ရောက်လာကြတော့မှာပါ
ဟေ့ကောင် ဟေ့ကောင်…
အားတင်းထားကွာ
ဟေ့ကောင် ဟေ့ကောင်…
ငါတို့လုပ်စရာတွေ တန်းလန်းကြီးကွ
ဟေ့ကောင် ဟေ့ကောင်…
ဆောရီး.. ဒီအချိန်မှာ ဒါတွေခေါင်းထဲ မထည့်နဲ့တော့နော်
ဟေ့ကောင် ဟေ့ကောင်…
ငါပြောနေတာ ကြားရဲ့လား
ဟေ့ကောင် ဟေ့ကောင်…
ဟေ့ကောင် ဟေ့ကောင်…
ဟေ့ကောင် ဟေ့ကောင်…
......
......
......
မင်း... ကွာ...။


(၈)

မုန်တိုင်းစဲခါစ
ကောင်းကင်က သူမဟုတ်ခဲ့သလိုပေါ့
တသက်လုံးသောက်ခဲ့တဲ့
အုတ်နီခဲရင့်ရင့်အရောင်တွေဟာ
မျက်နှာငယ်နဲ့ အငွေ့သေပြီး စောင့်နေတယ်
လူစုံပြီလား ခွက်စုံပြီလား
ဟိုကောင်တွေသာ ရှိရင်ကွာ…..
ဘယ်သူမှ စကားပြန်မရဘူး
ဆို့
နင့်

စားပွဲပုလေးပေါ် ပစ်ချထားတဲ့
လွယ်အိတ်တွေထဲက
ချိုးချိုးချွင်ချွင်သံပဲ တစ်ချက်ထွက်လာတယ်
နောက်တစ်ခါ ဒီဆိုင်မှာပြန်ထိုင်ရင်
ဘယ်နှစ်ယောက်ကျန်ဦးမှာလဲ..
ငေးမိငေးရာငေးခိုက်
လမ်းမကြီးကိုလှိုင်းစီးလာတဲ့
အဲလ်ဘက်ထရော့စ်ကို
ဖုန်တထောင်းထောင်းကြား
မှုန်ဝါးဝါးမြင်လိုက်ရသေးတယ်…။ ။


ပန်ဒိုရာ
၂ စက်တင်ဘာ ၂၀၀၇

^Byronic unhappiness
*Albatross


M. Y. ၏ မှတ်ချက်

ကဗျာအဖွင့်မှာ ဘိုင်ရွန် ဆန်သော မပျော်ရွှင်မှုဆိုတာနဲ့ စဖွင့် လိုက်တယ်ဆိုကထဲက ကဗျာရှင် နောက် တော်တော်လိုက်ယူရမယ်ဆိုတာ သဘောပေါက်လိုက်တယ်.. မြင့်တော့မြင့်တယ်.. ကဗျာအဖွဲ့ ထက် ပေးချင်တဲ့ Message ကိုပြောတာပါ..

၂ဝ ရာစုကိုအလွှမ်းမိုးနိုင်ဆုံး အတွေးအခေါ်ပညာရှင်လို တင်စားတဲ့ ဘာ့(တ)ထရန် ရပ်ဆဲ(လ) နဲ့  ချီလာပြီ.. ဘိုင်ရွန်နဲ့ စဖွင့်လိုက် က ထဲက လူ့ အသိုင်းအ၀န်းတစ်ခုလုံးနဲ့ ဆိုင်တဲ့ ဒသနတွေ၊ စိတ်မတိုက်ဆိုင်စရာ အဖြစ်အပျက်တွေကို ပြောချင်နေတာတွေ ပါလာတော့မယ်လို့ တွက်လိုက်တယ်… (ဒီနေရာမှာ ဘိုင်ရွန်မပျော်ရွှင်မှုများ ရဲ့  ဖခင် ဘာ့(တ)ထရန် ရပ်ဆဲ(လ) ကိုတော့မိတ်ဆက်ပေးဖို့ လို မယ်မထင်ပါဘူး..) Nobel Prize in Literature in 1950 ပါ။ ဘိုင်ရွန်ဆန်သောမပျော်ရွှင်မှုကို ကဗျာရှင် ဘာကြောင့်သုံးထားပါသလဲ…စကားလုံးဖောင်းပွရုံသက်သက်ပဲလား.. ကြည့်ရအောင်..

ဒသနိက၀ါဒ ကို ချေပခဲ့ တဲ့ ဘာ့(တ)ထရန် ရပ်ဆဲ(လ) ရဲ့  လူမှု အသိုင်းအဝန်းမှာ ဒီမိုကရေစီကျကျ ပျော်ရွှင်မှုဆိုတာလူသားတစ်ဦးအနေ နဲ့ ရကိုရ ရမယ့်အရာ..တိတိကျကျဆိုရရင် အောင်အောင်မြင်မြင်ကို ဆွတ်ခူးနိုင်ရမယ့်အရာဖြစ်တယ်လို့ ဆိုတယ်…

ဘာ့(တ)ထရန် ရပ်ဆဲ(လ) ရဲ့ ဂန္ထဝင်The Conquest of Happiness ထဲမှာချပြခဲ့တဲ့ ဘိုင်ရွန်ဆန်သော မပျော်ရွှင်မှု Byronic unhappiness … က တော့

မရိုးဖြောင့်တဲ့အတ္တ၀ါဒ ကို ရေသောက်မြစ် ခံထားပြီး အားလုံးမှားယွင်းနေရင်တော့ ကမ္ဘာကြီးကိုစိတ်ကုန်နေလောက်အောင်မပျော်ရွှင်ခြင်းတွေ နဲ့  သာမွန်းကျပ်နွမ်းလျ နေလိမ့်မယ်…ဒါမှမဟုတ် ပညာဥာဏ် ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့သူ လိုမျိုး လဲ ဖြစ်ခွင့် ရှိနေသေးတာပဲ..ဒီနှစ်ခုအကြား မျှခြေ ရှာနိုင်ဖို့ လို အပ်တယ်..

ဒါပေမယ့် ရပ်ဆဲ(လ) က ဒီ ပျော်ရွှင်မှုကိုအောင်နိုင်ခြင်း ဆိုတာ ကို ဆင်းရဲမွဲတေမှု၊ အဆုံးစွန်ကျဆင်းမှု၊ စိတ်ဒါဏ်ရာစတဲ့ အခြေအနေတွေကို ကုစားဖို့ မစွမ်းတဲ့သူတွေအတွက်ရေးခဲ့တာ တော့မဟုတ်ဘူး။
အဖက်ဖက်က ပိတ်ဆို့ တိုက်ခိုက်မခံတဲ့ လူမျိုးတွေအတွက်သာရည်ရွယ်ခဲ့တယ်..

ဖြစ်တည်မှု အတွေးအခေါ်ပညာရှင်ကြီးတစ်ချို့  ရဲ့ အစာမကြေတဲ့ ရှုထောင့်တွေ လိုမျိုးပေါ့..

လူသားတွေရဲ့ ပြသနာ ၊ အဓိက ကတော့ သမားရိုးကျမှာပျင်းရိငြီးငွေ့ လာမှု၊ ဗလာခံစားမှု ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ လောင်းကစား လိုမျိုး စိတ်ကျေနပ်တဲ့ ခံစားမှုတစ်ခု ရဖို
အလုပ်ဒါဏ်.. ဒါဏ်ပိမှု၊ လိုချင်တာတွေ စိတ်ဝင်စားစရာတွေများပြားလွန်းတာကရလာတဲ့ ဒါဏ် ၊ တစ်ခါတစ်လေမှာ သိပ်လိုအပ်လှတာလဲမဟုတ်ပဲနဲ့ လောဘတွေဇောတွေ ကြောင့်ပြန်ရလာတဲ့မပျော်ရွှင်မှု၊ နောက်တစ်ခါ မကောင်းမှု အပြစ် ကို သိနေမှု…ကြောင့်ရလာတဲ့မပျော်ရွှင်မှု…မူမမှန်စိတ္တဇ တွေနဲ့ လူ့ အသိုင်းအ၀န်းတစ်ခုလုံးကျဆုံးမှု၊

နောက်ကြောင်းခင်းပြနေတာနဲ့ ရှည်သွားပါပြီ။ ဒါပေမယ့် ကဗျာတစ်ခုလုံးရဲ့ အသက်လို့ ခံစားရလို့ ဒီ နောက်ကြောင်းကိုသိထားမှရပါမယ်..မဟုတ်ရင် ဒီမြို့ ထဲမှာ နဲ့ အလှမ်းဝေးသွားမယ်..ကဲကဗျာကိုပြန်သွားရအောင်..
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး…
ဒါကတော့ရှင်းပါတယ်.. အနီးမှာ ဘာမှမမြင်ရလောက်အောင်ဘာတွေက ဖုံးကွယ်ထားတာတဲ့လဲ..နောက်ပြီး အဝေးမှုန်တယ်ဆိုတော့ ကိုယ်နဲ့ နေသာသပ လေညာက ဆိုလို့ ရတဲ့ ဘ၀တွေ ကို ကုစားပေးဖို့ ရော …လိုအပ်တာတွေကိုယ်ကိုအဆုံးစွန် စွန့် လွှတ်လုပ်ဆောင်ပေးနိုင်ပြီလား..

ဒီ မေးခွန်းနဲ့ တင် အထက်က ဘိုင်ရွန်ဆန်သော မပျော်ရွှင်မှုဇာတ်လမ်းကစလာပါပြီ..

အုတ်နီခဲရင့်ရင့်အရောင်တွေ … ဆိုတဲ့ သင်္ကေတ ကို စဉ်းစားကြည့်မိတယ်..အရောင်ကိုတွေ့ မှ ဖြစ်မယ်..တွေးကြည့်ပါ. နီညိုရင့်ရင့်.. ခပ်ပျစ်ပျစ်အရောင်.အဲ ဒီအရောင်က စိတ်ဓာတ်လား၊ကိုယ်ထဲက သတ္တိသွေးအရောင် လား.. သောက်လို့ ရောရသလား… ဒီမြို့ ထဲမှာ….. ယူတတ်သလို ခံစားနိုင်ပါတယ်..

၂။
ဝမ်းမီးတောက်ဖို့တောင် မီးစာကုန် ဆီခန်းတော့ လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်….
အင်း ဒါလဲ Fatigue တစ်မျိုးပဲ။ ဘိုင်ရွန်ထဲမှာသူလဲပါတယ်…အင်္ကျီဖြု ကတော့ ရှင်းပါတယ်.. ကိုထူးအိမ်သင်သီချင်းပဲကြားယောင်မိပါတယ်.. ဒီအကျီင်္ ဖြုကိုပြန်ရှက်နေရလောက်အောင် ကိုယ့်ဂုဏ်သိက္ခာကို ထုခွဲလိုက်ကြဖို့ စဉ်းစားတဲ့လူတွေအကြောင်း…
လွယ်အိတ်ထဲက လက်ကျန်အကြွေတွေ ဆိုတဲ့ အဖွဲ့ ကိုသတိထားကြည့်ပါ။ သူကနောက်ပိုင်းမှာဇာတ်ကောင်အဖြစ်ပြန်ပါလာတယ်..လက်ကျန်ဆိုကထဲက မက်လောက်စရာတော့သိပ်မရှိဘူး။ ထလဲကောက်မနေနဲ့ ။ ခုနက အုတ်နီခဲရင့်ရင့်အရောင် ကလဲ အမှိုက်တွေဖုံတွေနဲ့ ရောသွားပြီဆိုကထဲက မူလဓာတ်မရှိတော့ဘူး။ စိတ်ပဲဖြစ်ဖြစ် သွေးပဲဖြစ်ဖြစ်။ ယူတတ်သလို ခံစားနိုင်ပါတယ်. ဒီမြို့ ထဲမှာ…..

၃။
နေကမြင့်မြင့်လာတယ် ဆိုတော့ နေမြင့်ရင် စိတ်မမှန်တဲ့သတ္တဝါလဲ ရောဂါကရင့်ရင့်လာမယ်…အချိန်ဒီရေ..ကာလကြာစောင့်ဆိုင်းနေရမှုတွေ အမြင့်ဆုံး peak ကိုရောက်လာမယ်လို့ ဆိုချင်လဲဖြစ်တယ်…အဲ ဒီမှာ အုတ်ခဲရင့်ရောင်က ဘာလို့ ကြည်လင်လာရတာလဲ…ရွှေအိုရောင်ကရောဘာလို့ လမ်းမပေါ်ပြန့် ကျဲသွားရတာလဲ… albatross ကရောဘာကောင်လဲ….

တစ်နေ့ ပြီးတစ်နေ့ 
အသက်မရှု၊မလှုပ်ရှားနိုင်အား
ဆေးချယ်ထားတဲ့ဆွံ့ အသင်္ဘောတစ်စင်းလိုပ
ဆေးချယ်ထားတဲ့ပင်လယ်ပြင်ပေါ်
ငါတို့ ပိတ်မိနေလို့ …

နေရာတိုင်းမှာ ရေ..ရေတွေ..
လှေတစ်စင်းလုံးကျုံ့ သထက်ကျုံ့ 
နေရာတိုင်းမှာ…ရေ..ရေတွေ..
တစ်စက်မှ..သောက်သုံးဖို့ တော့မဟုတ်…

The Rime of the Ancient Mariner by Samuel Taylor Coleridge မှ


နိမိတ်ြပကောင်းပေးမယ့် သင်္ဘောနောက်က ပျံသန်းလိုက်ပါလာတဲ့ albatross ငှက်ကလေးကို သင်္ဘောပေါ်ကတစ်ယောက်ကပစ်ချလိုက်တယ်.. albatrossတွေ မြို့ ရဲ့  လမ်းမတွေမှာ ရောက်လာတဲ့အခါမှာတော့………..
အပေါ်ကအယ်လဘတ်ထရော့ စ က အများအတွက်ထွက်လာတယ်… ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်… ကျိန်စာတွေခ သွေးမြေကျခဲ့တယ်.. ဆိုရင်ရှင်းသွားပါပြီ..မဆင်မခြင်မိုက်မဲမှုကြောင့်ရလာမယ့် ဆိုးကျိုးတွေ..နမိတ်ဆိုးတွေ..ရှေ့မှာသင်္ဘောနစ်ဖို့ ကံကြမာဆိုး ကစောင့်နေတယ်… ဒီမြို့ ထဲမှာ…..

၎။
အကျပ်အတည်းကိုအတူဖြေရှင်း၊ သောကကို ဝေမျှခံစားမှ ရဲ ဘော်ရဲဘက်အစစ်မဟုတ်လား ၊ အာဃာတတွေ မေ့ ထားလိုက်တော့။ လှိုင်းထန်တဲ့ ပင်လယ်ကိုဖြတ်ရဲပြီဆိုမှတော့ မုန်တိုင်းကို တွေးကြောက်နေလို့ ဖြစ်မတဲ့လား။ လုပ်ရမယ့်အရာကို လုပ်ခဲ့တယ်။ မှားသလား..မှန်သလား…ယုတ္တိဗေဒ တွေနဲ့  ဓာတ်ပြားဟောင်းတစ်ချပ် လာထပ် မဖွင့်နဲ့ တော့.. ဒီမြို့ ထဲမှာ…..

၅။
ခရီးကမပြီးသေးဘူး။ ခုနက အယ်လဘတ်ထရော့ စ ကိုပစ်ချပြီး သူ့ ခန်ဓာကို ထမ်းတောင်လာဝံ့တဲ့ကောင်လဲ ဒီလမ်း ဒီခရီး ကိုလျှောက်ရမှာပဲ။ လျှောက်နေရတာပဲ။
ခရီးကတော့ ပေါက်လှတာမဟုတ်… သတိတစ်ချက် လွတ်သွားတဲ့အခိုက်မှာတော့ နောက်ကျောကနေ ထိုးလာတဲ့ဓားချက်တွေ…. အုတ်နီခဲရင့်ရင့်ရောင် တွေက လမ်းမပေါ် မှာ… ဖွားခနဲ… နောက်တစ်ချီ.. သွားပြန်ပြီ… ရှေ့မှာဘာမှလမ်းမရှိတော့လောက်အောင် ကာဆီးခံရ၊ ထွက်ပေါက်တွေ ပိတ်ဆို့ နေပြီဆိုတော့မှ..ကိုယ်နဲ့ ဝေးနေ တယ်ထင်ခဲ့တဲ့ အရာတွေကို မြင်အောင်မကြည့်ခဲ့မိတဲ့ ဆင်ခြင်တုံတရားမဲ့မှုကို နောင်တရနေလဲ..နောက်တော့ကျသွားခဲ့ပြီ…ဒီမြို့ ထဲမှာ…..

၆။
ကဲ..အဲဒါတွေကြောင့်ပါပဲ… ဘယ်သူမှ ပြီးပြည့်စုံတဲ့ပျော်ရွှင်ခြင်းမရှိဘူး။ ဘိုင်ရွန်ဆန်သောမပျော်ရွှင်ခြင်းတွေနဲ့ ပဲအဆုံးသတ်ရပြီ။အလိုမကျမှု၊ငြီးငွေ့ မှု၊ဆင်းရဲမှု၊ လောဘ၊ မောဟ၊ အတ္တ.တွေနဲ့ တောက်လောင်.ကိုယ့်ကျင့်တရားတွေကိုရောင်းချဖလှယ်ကြ၊ အ၀ိဇ္ဇာတွေနဲ့ ညစ်နွမ်းစွာ ကိုယ့်ကိုကိုယ်တန်ဆာဆင်ကြ..ဘယ်ဟာအမှန်တရားလဲမခွဲခြားနိုင်တော့ဘူး။ ကိုယ့်စားကျက်ထဲဝင်လာရင်ကိုယ့်စားခွက်လုတယ်ပဲမှတ်နေတော့ ဘယ်နည်းနဲ့ ဖြစ်ဖြစ်တိုက်ထုတ်ပစ်ရမှာလဲဝန်မလေးတော့ဘူး…

တစ်ချိန်ကတစ်သွေးထဲတစ်သားထဲ စိတ်ဓာတ်တွေကိုပဲတောင့်တမိတယ်…မိုးလိုရွာချလိုက်ပါဦးလား.. ခွန်အားတွေထပ်ဖြည့်ပေးပါဦးလား… ဒီမြို့ ထဲမှာ တောင်းဆိုတယ်…

၇။ ကဗျာရှင်က ဆိုတယ်…ကိုယ်တတ်နိုင်သလောက်နဲ့ ကိုယ်စွမ်းသမျှလေး ပြန်တည်ဆောက်ကြည့်ရအောင်..အုတ်ခဲရင့်ရောင်စိတ်ဓာတ်ဖြစ်ဖြစ်၊ သတ္တိသွေးဆိုဆိုပေါ့… မပြိုလဲဖို့ လိုတယ်။အချင်းချင်းအားပေးတယ်။ဒါပေမယ့်..ဟေ့ကောင်...ဟေ့ကောင်. ဟေ့ကောင်. ဟေ့ကောင်...ဟေ့ကောင်. ဟေ့ကောင်….အထပ်ထပ်သတိပေးတယ်..ပြောတယ်..ခေါ်တယ်..ခွန်းတုန့် မပြန်တာလား.. သေသွားတာလား… ဝေးရာရောက်သွားတာလား.. ပျောက်သွားတာလား… အဖက်မလုပ်တော့တာလား… အဲဒိဟေ့ကောင်က ရဲ ဘော်ရဲဘက်လား.. စိတ်ဓာတ်လား.. သတ္တိလား….. မင်းကွာ ဆိုတဲ့ မချင့်မရဲသံပဲ ပဲ့တင်ထပ်သွားတယ်….. ဒီမြို့ ထဲမှာ…

၈။
အဆုံးမှာ ကဗျာရှင်က ဘိုင်ရွန်ဆန်ဆန်မပျော်ခဲ့တဲ့ ဟိုးအစကို ပြန်ခေါ်သွားတယ်.. မပျော်ရွှင်မှုဇာတ်လမ်းကမပြီးသေးဘူး။ လူအများကြီးတကယ်ပျော်ကြရဲ့ လား။ လူအများကြီးအတွက်အရေးပါတဲ့ ဆောင်ရွက်ချက်တွေ၊ လုပ်လို့ ပြီးပြည့်စုံသောပျော်ရွှင်ခြင်းတွေ ရအောင်လုပ်ချင် စိတ်ရှိသေးလား... အုတ်နီခဲရင့်ရင့် အရောင်တွေက အုတ်နီခဲရင့်ရင့်ရောဟုတ်သေးရဲ့ လားလို့ နောက်ဆုံးပိုဒ် အရောက်မှာ ကျွန်တော်သံသယဝင်သွားပြီ... ကျွန်တော်လဲဘိုင်ရွန်ဆန်ဆန်မပျော်ရွှင်ခြင်းတွေ သုံးသပ်မိ သွားပြီ..

ပြီးပြည့်စုံသော ပျော်ရွှင်မှုဆိုတာ ပလေတို တို့ ခေတ်ကစပြီးအတွေးအခေါ်ပညာရှင်တွေ ထင်မှတ်ချပြခဲ့သလောက်မရိုးရှင်းဘူး လို့ ရပ်ဆဲ (လ) ကဆိုခဲ့တယ်.. ရပ်ဆဲ (လ) က သိပ်ပံပညာရှင်တွေကိုတော့သဘောကျတယ်။ သူ တို့ ရဲ့ လောကကြီးအတွက်ရှာဖွေ တီထွင်ပေးမှုက ရှိသမျှစွမ်းအင်တွေ အကုန်ထုတ်သုံးပြီး ရလာတဲ့ရလာဒ် က သူတစ်ဦးထဲအတွက် လူတွေအများကြီး အတွက်အရေးပါတာကိုး။

ဒါပေမယ့်ရပ်ဆဲ(လ)ခေတ်တုန်းက စိတ်ကျရောဂါတွေဓာတုဇီဝ နည်းပညာတွေ ပဋိဇီဝတွေ စိတ်ပညာတွေ ထွန်းကားခဲ့တာမဟုတ်သေးတော့ သူ့ တွေးခေါ်ချက်တစ်ချို့ က ဒီနေ့ ခေတ်နဲ့ ချိန်လိုက်ရင် ခေတ်တော့နောက်ကျနေပြီလို့ လဲ ဆိုကြတယ်။

ကျွန်တော်လဲထင်တယ် ရပ်ဆဲ(လ) ရဲ့  ဘိုင်ရွန်ဆန်သော မပျော်ရွှင်ခြင်းဆိုတာ ဗုဒ္ဓဘာသာနဲ့ များ ချဉ်းကပ်ခဲ့ရင် တော့ ဒိထက်ကောင်းတဲ့ ဒသနတွေသူချပြသွားနိုင်မလားလို့ ပါ။

သူတို့ စုစည်းပြီး ဒီ.မြို့ ထဲကိုစောင့်ကြည့်နေတဲ့နေရာလေးရဲ့ ခပ်လှမ်းလှမ်းမှာ အများအတွက်နမိတ်ကောင်းကလေးတွေပြပေးမယ့် ကယ်တင်ရှင် အဲလ်ဘက်ထရော့စ် ကိုမသဲမကွဲ မြင်လိုက်ရပြန်ပြီ… ကဲဒီတစ်ခါ…ကျွန်တော်ဘာလုပ်မလဲ…ခင်ဗျားဆိုရင် ရောဘာလုပ်မလဲ.. အရင်တစ်ခါ အဲလ်ဘက်ထရော့စ်ကို အောင်သေအောင်သားစားသုံးခဲ့တဲ့သူတွေရောဘာလုပ်မလဲ….. ဒီမြို့ ထဲမှာ…



ပန်ဒိုရာ ရဲ့ ဒီကဗျာ ကပေးတဲ့ Message နဲ့ အတွေးကို ကျွန်တော်ခံစားမိတဲ့ရှုထောင့်အရ နှစ်သက်တယ်။ ဒါပေမယ့် အဖွဲ့ ပိုင်းမှာ သင်္ကေတပိုင်းတွေကလွဲပြီး.. သွယ်ဝိုက်ထားတဲ့ဟာတစ်ချို့ က အပိုင်း ခြောက်ရောက်တဲ့ အထိ ရင်ထဲကို ရောက် သွားအောင်သယ်မသွားနိုင်ဘူး။အင်မတန် လေးနက်တဲ့ အကြောင်းအရာကိုတော့ ရတယ်..

ကျွန်တော်အကြိုက်ဆုံး က အပိုင်းသုံးမှာ အယ်လ ဘတ်ထရော့(စ) စ၀င်လာတဲ့နေရာပဲ။ ပစ်ချလိုက်တဲ့နေရာရောက်တော့ ရင်ထဲမှာတော်တော်လေး ယူကြုံးမရဖြစ်သွားမိစေတယ်။ အပိုင်း ၇မှာ ဟေ့ကောင်. ဟေ့ကောင်…အထပ်ထပ်အော်သံက ဆို့ ဆို့ နင့်နင့်ကြီး ဖြတ်ဝင်လာတယ်။ မလိုအပ်ပဲ စကားလုံးတွေထပ်ထားတာမဟုတ်တဲ့ ဒီနေရာကိုတကယ်ခံစားရတယ်…

ကျွန်တော် တတ်သိတဲ့ပညာရှင်မဟုတ်ပါ။ ခံစားမိတဲ့အတိုင်းအလွန်ရှည်လျားစွာကွန်မန့် တာပါ။ ဒီကွန်မန့် ရေးဖို့  အချိန် အများကြီးယူရပါတယ်။ ဘာမှတော့မဟုတ်ပါဘူး။

ကြုံလာလို့ ဘာတရန်ရပ်ဆဲ တို့ မပျော်ရွှင်မှု အကြောင်းတရား တို့ ကို ဝေမျှခံစားချင်တဲ့စိတ်သက်သက်ပါ။ အခုဖြစ်ပျက်နေတာတွေကိုလဲကိုယ်စားပြုနေတယ်ထင်လို့ ပါ။ သူ့ ကဗျာက ရှည်သလို နောက်ကြောင်းကလဲ ပေတော်တော်ရှည်တာကိုး။ ဒါမျိုးက တစ်ခါတစ်ခါကျတော့စာဖတ်သူနဲ့ အလှမ်းဝေးသွားတတ်တယ်။ ကျွန်တော်ခံစားမိသလောက် အချိန်ကုန်မခံနိုင်သူတွေ ခံစားနိုင်ဖို့ ဒီမှာ လာပေရှည်လိုက်မိပါတယ်။ နောက်တစ်ခေါက် အစအဆုံးပြန်ဖတ်ကြည့်ပါလား… ကျွန်တော့်လို ခံစားရမလားလို့…

ခြုံရရင် ဒီမြို့ထဲမှာ….. ရဲ့ subject, message နဲ့ symbolism တွေကို သဘောကျတယ်။ ကဗျာ အဖွဲ့ ကိုတော့ တစ်ချို့ နေရာတွေမှာ နည်းနည်း လျော့နေသလိုထင်မိတယ်။ ကျွန်တော်ရေးရင်လဲ ဒီလောက်ကောင်းချင်မှ ကောင်းမှာပါ။ ကျွန်တော်အတွက်ကတော့ ဒီလို တွေးပြီးခံစားရတဲ့ နောက်ကွယ်က hidden message တွေနောက်လိုက်ရတာကိုပိုပျော်တယ်။ စာလဲများများဖတ်ဖြစ်သွားတယ်။ ဒီနောက်ရေးတဲ့ အပေါ်က ကဗျာ အမှန်တရား ကဗျာ ကိုတော့ ဒီမြို့ ထဲမှာလောက် မခံစားရဘူး။

M.Y.

Expand..

Friday, January 22, 2010

DON’T BE SO SURE

တရေးနိုးသော် အကြံပေါ်တော့ မဟုတ်ပါဘူး။ မအိပ်ရသေးတာပါ။ အလုပ်တွေ ပါလာပြန်တယ်။ အခုပဲ အလုပ်ကို လက်စသတ်၊ အီးမေးလ်ပို့ပြီး ရုံးပိုင် လက်ပ်တော့ပ်ကို ပိတ်ပါတယ်။ ညဥ့်နက်လုပ်ရတဲ့အတူတူ မထူးဘူးဆိုပြီး စလုံးတွေစတိုင် အတုခိုးလို့ လုပ်နေရတဲ့အချိန်ကို ဘော့စ်သိအောင် အထာလေးနဲ့ အီးမေးလ်ပို့လိုက်တယ် ဆိုပါတော့။း)

ပြောချင်တာက ဒါ မဟုတ်ပါဘူး။ ညကြီးသန်းခေါင် မျက်လုံးကြောင် ရူးကြောင်မူးကြောင် ဖြစ်နေတယ် ထင်လည်း သည်းခံကြပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက သူငယ်ချင်းကြီး ကဗျာဆရာ တယောက်က ဆရာဇေယျာလင်းရေးတဲ့ Bernstein စာအုပ် ဖတ်နေတယ် ပြောပါတယ်။ သူသဘောမတူနိုင်တာ အချို့ရှိတယ် လို့လည်း ပြောပါတယ်။ ကိုယ်တော့ မသိပါ။ မဖတ်ရသေးပါ။ ဖတ်သင့်သော စာအုပ်တိုင်း မ၀ယ်/ဖတ် ဖြစ်/အား ပါ။း)

ဒါနဲ့ပဲ ဒီရက်ပိုင်း အားချိန်လေးတွေမှာ အင်တာနက်ထဲမှာ Charles Bernstein ရဲ့ စာအချို့ ပြန်လှန်လှောဖြစ်ပါတယ်။ အင်တာဗျုးတစ်ခုမှာ ပါလာတဲ့ ကဗျာလေးကိုတော့ ခေါင်းစဉ်မြင်တာနဲ့ ပြုံးမိတယ်။ ဖာဒီနန် ဒီဆောရှား (Ferdinand de Saussure, Linguistics ရဲ့ ဖခင်ကြီးတဦး) ကို နောက်ထားတာကို သဘောကျမိတာပါ။ ကိုယ်တို့မြန်မာပြည်က Linguist ဆရာတွေ နာမည်ကိုလည်း ဒီလို သံတူကြောင်းကွဲနဲ့ ယူနောက်ရင် ဘယ်နှယ်နေမလဲ တွေးမိသေးတယ်။

သူငယ်ချင်းလေး ကဗျာဆရာတစ်ယောက်ကို ဒီကဗျာကို ပြဖြစ်တော့ အစ်မဆိုက်မှာ ပြန်တင်ပါလား ဆိုလို့ တင်ကြည့်လိုက်တာပါ။ ဘာသာစကားကဗျာတွေက ဘာသာပြန်ရ ခက်ပါတယ်။ ဒီအတိုင်းပဲ ဖတ်ကြည့်ပေါ့။

DON’T BE SO SURE
(DON’T BE SAUSSURE)

My cup is my cap
& my cap is my cup
When the coffee is hot
It ruins my hat
We clap and we slap
Have sup with our pap
But won’t someone please
Get me a drink

Charles Bernstein

Reference: http://home.jps.net/~nada/bernstein.htm



Expand..

Saturday, January 16, 2010

Avatar (သို့မဟုတ်) ခရမ်းပြာတောအုပ်က သဘာဝနဲ့ ရစ်ပတ်နွယ်ငင်


ပုံ ဒီက

James Cameron ရဲ့ Avatar ကို လူပြောများနေတာကြာပါပြီ။ ကြည့်ရင်ကောင်းမလား စဉ်းစားနေတုန်း မိတ်ဆွေတစ်ယောက်က တိုက်တွန်းလာတာနဲ့ 3D version ကိုသွားကြည့်ဖြစ်ခဲ့ပါတယ်။

James Cameron ဟာ ဒီဇာတ်လမ်းကို စိတ်ကူးခဲ့တာ ကြာပေမယ့် ဇာတ်လမ်းနဲ့ လိုက်မီဖို့ နည်းပညာ တိုးတက်မှုအတွက် အချိန်ယူ စောင့်ခဲ့ရတယ် လို့ဆိုပါတယ်။ ဒီဇာတ်ကား အကြောင်းကို ဘလော့ဂ်ထဲမှာ တခြားသူတွေလည်း အတော်များများ ပြောကြပြီးဖြစ်ပါတယ်။ မှတ်မိသလောက် တောကျောင်းဆရာက နောက်ခံအကြောင်းအရာတွေကို အဓိကထားပြီး
ဒီနေရာမှာ ပြောခဲ့ပြီး ညီလင်းဆက်ကလည်း ဇာတ်လမ်းအကျဉ်းကို ဒီမှာ ဖော်ပြခဲ့ပါတယ်။ ဒါတွေကို တော့ အသေးစိတ် ပြန်မပြောတော့ပါဘူး။ အဲဒီမှာပဲ အရင် သွားဖတ်ကြပါ။ ကိုယ်ကတော့ တွေးတောမိတဲ့ အပိုင်းတွေကို အဓိက ပြောချင်ပါတယ်။

ဇာတ်လမ်းစစချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်စေတဲ့ (3D ကိုပထမဆုံး ကြည့်ဖူးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်) ရိုက်ကူးချက်တွေကို စတွေ့ရတယ်။ ဇာတ်လိုက်မင်းသား Jack က Na’vi မျိုးနွယ်ရဲ့ ကိုယ်ခန္ဓာထဲကို သူ့စိတ်ဝိညာဉ်ကူးပြောင်းဖို့ စက်ထဲဝင်တဲ့အချိန်မှာ ပထမဆုံး သွားသတိရမိတာကတော့ Matrix ရုပ်ရှင်ပါ။ (Avatar မှာတော့ သိပ္ပံနည်းအရ လုပ်တဲ့ DNA ဘာညာတွေ ရှင်းပြထားပါသေးတယ်။) Matrix ထဲမှာက ဒီဘက်ကစိတ်နဲ့ ဆက်သွယ်ဝင်ရောက်သွားပြီး အခြားတဖက်က ပြန်ထွက်လာတဲ့ သဏ္ဍာန်ဟာ virtual world ထဲမှာပါ။ အခု Avatar မှာကတော့ အခြား သက်ရှိ ကိုယ်ခန္ဓာ တစ်ခုမှာဖြစ်တယ်။

Matrix ဇာတ်ကားက ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဒိုင်ယာလော့ခ်တွေ ပါတယ်လို့ နာမည်ကြီးခဲ့ပါတယ်။ အခုဇာတ်ကားမှာလည်း ဗုဒ္ဓဘာသာရဲ့ သဘောတရား တွေကို ဖြတ်ခနဲ ဖြတ်ခနဲ ခံစားနေရတယ်။ ထင်ရှားတာ တစ်ခုက ဇာတ်လမ်းထဲမှာ Na’vi ကိုယ်ခန္ဓာနဲ့ Na’vi မျိုးနွယ်အုပ်စုထဲကို ရောက်သွားတဲ့ မင်းသား Jake ကို ဘာလာလုပ်သလဲ လို့ မေးပါတယ်။ သူက ဒီမျိုးနွယ်တွေဆီက သင်ယူချင်လို့ လာတာပါဆိုတော့ Na’vi အုပ်စုအကြီးအကဲရဲ့ အမျိုးသမီးက “ပြည့်နှက်နေပြီးသား ခွက်တစ်လုံးထဲ ထပ်ဖြည့်ရတာခက်တယ်” လို့ ပြောတယ်။ ဒီတော့ မင်းသားက “ငါ့ခွက်က အလွတ်တစ်လုံးပါ ” လို့ပြန်ပြောတယ်။

သတိရသွားတာက ဒလိုင်းလားမား လူဝင်စားကို လိုက်ရှာတဲ့ ဇာတ်လမ်းဖြစ်တဲ့ Little Buddha ရုပ်ရှင်က ဇာတ်ဝင်ခန်းတစ်ခုပါ။ တိဘက်ဘုန်းကြီးက ရေနွေးခွက်ထဲကို ရေနွေးတွေ လောင်းချတယ်။ ပြည့်နေလည်း ဆက်လောင်းတော့ ဖိတ်လျှံမှောက်ကျကုန်တယ်။ အဲဒါကို ပြပြီး ပြည့်နေရင် ဘာမှထပ်ဖြည့်လို့မရတာကို ဥပမာ ပေးတယ်။ မကြာသေးခင်ကမှ ကြည့်ခဲ့တဲ့ 2012 ရုပ်ရှင်မှာလည်း အဲဒီလို အခန်းတစ်ခန်း ပါပါတယ်။ ဟိမ၀န္တာတောင်တန်းက တရုတ်ဆရာတော်ကြီးနဲ့ ဦးဇင်းငယ် တို့ ပြောဆိုကြတဲ့ အခန်းမှာ ဒါမျိုးကိုပဲ ဥပမာ ပေးထားခဲ့တယ်။ အရှေ့ရဲ့ ဇင်ဗုဒ္ဓဘာသာ ဆန်ဆန် သဘောတရားတွေကို ထည့်ချင်ရင် အဲဒီ ပြည့်နေတဲ့ရေခွက် ဥပမာကို အနောက်နိုင်ငံသား ဒါရိုက်တာတွေ အကြိုက်တွေ့ကြတယ် ထင်ပါတယ်။

ဒီဇာတ်ကားထဲက ပန်ဒိုရာလို့အမည်ရတဲ့ ဂြိုဟ်ရံလ တလုံးပေါ်မှာ ကျက်စားနေထိုင်ကြတဲ့ Na’vi မျိုးနွယ်တွေဟာ လူနဲ့တူတယ်။ ကိုယ်ခန္ဓာမြင့်မား သန်စွမ်းတယ်။ ပြာလဲ့လဲ့အဆင်း ရှိတယ်။ အမြီးပါတယ်။ မျက်နှာက ကြောင်လိုလို ခြင်္သေ့လိုလို တောတိရစ္ဆာန်ဆန်တယ်။ သဘာဝနဲ့ လိုက်လျောညီထွေ နေထိုင်တယ်။ သူတို့ရဲ့ ကိုးကွယ်ယုံကြည်ပုံက စိတ်ဝင်စားစရာပါ။ သူတို့မှာ Eywa နတ်ဘုရားဆိုတဲ့ ကိုးကွယ်မှု တစ်ခုကို တွေ့ရပေမယ့်လည်း အယူသည်းသည်းနဲ့ တစုံတရာကို ကြောက်လန့် ကိုးကွယ်တာမျိုး မဟုတ်ဘဲ အဲဒီထက် အဆင့်မြင့်သာလွန်တဲ့ ယုတ္တိဗေဒနဲ့ အယူအဆတွေကို ပြောပြထားတယ်။

Na’vi တွေဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရင် I see you လို့ နှုတ်ဆက်လေ့ ရှိပါတယ်။ အဲဒီစကား ဟာ “မင်းရဲ့နှလုံးသားနဲ့ ငါ့နှလုံးသား၊ မင်းရဲ့စိတ်နဲ့ ငါ့ရဲ့စိတ်၊ ပြီးတော့ ဘုရားရဲ့ နှလုံးသားနဲ့စိတ် အားလုံးဟာ တသားထဲ ရှိတာကို ငါခံစားနားလည်ပါတယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုးအထိ ကျယ်ဝန်းစေတယ်။ ဒါကို နေရာအတော်များများမှာ ထင်ဟပ်ပြထားခဲ့တယ်။ မင်းသား Jack နဲ့ မျိုးနွယ်စုအကြီးအကဲရဲ့ သမီး Neytiri စတွေ့တွေ့ချင်းမှာ မင်းသမီးက ပြောတယ်။ မင်းဟာ ကလေးလေးလိုပဲ ဘာမှမသိဘူး တဲ့။ ဒါဆို ငါ့ကို သင်ပေးပါ လို့Jack က ဆိုတယ်။ Neytiri က ပြောတယ်။ မင်းတို့ sky people (သူတို့ဆီကို လူသားတွေလာရင် ယာဉ်တွေနဲ့ ပျံလာလေ့ရှိလို့ sky people လို့ခေါ်တာ ထင်ပါတယ်) တွေက ဘယ်တော့မှ သင်ယူမှာမဟုတ်ဘူး “Sky People cannot learn, you do not see.” လို့ပြောတယ်။ Jack က “Then teach me how to see.” ဆိုတော့ “No one can teach you to see.” လို့ ပြောတယ်။ ဒီရုပ်ရှင်ထဲက “See” ဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို တွေးတောဖို့ပါ။

နောက်တော့ Jack ကို Neytiri က Na’vi တွေရဲ့ ဘာသာစကားနဲ့ နေထိုင်ပုံကို လေ့ကျင့်သင်ကြားပေးရပါတယ်။ သူတို့ဟာ သစ်ပင်တောတောင်တွေကို ဖြတ်သန်း သွားလာကြတယ်။ Jack ကို အမြင့်ကြီးကနေ မြေပေါ်ခုန်ချခိုင်း တဲ့အခါ Jack က ကြောက်နေခဲ့တယ်။ “မင်းကိုယ်ခန္ဓာကို ယုံကြည်လိုက်ပါ” လို့ မင်းသမီးက ပြောပါတယ်။ Trust ဆိုတာရဲ့ အရေးပါမှုဟာ စိတ်ဝင်စားစရာ။

Na’vi တွေမှာ ခေါင်းနောက်ပိုင်း ကနေ သွယ်တန်းကျလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တခုဖြစ်တဲ့ ကျစ်ဆံမြီးဆန်ဆန် ကြိုးတစ်ချောင်းရှိတယ်။ အဲဒီမှာ ထိုးထိုးထောင်ထောင် အာရုံကြော ဖြူဖြူလေးတွေ ရှိတယ်။ အဲဒီ အာရုံကြောတွေကို မြင်း (မြင်းလိုအကောင်)တို့ နဂါးပျံ (ဒိုင်နိုဆောလိုလို နဂါးလိုလို ပျံနိုင်တဲ့ သတ္တ၀ါ) တို့ စီးတဲ့အခါ အဲဒီသတ္တ၀ါတွေမှာ ရှိတဲ့ အာရုံကြောနဲ့ ဆက်သွယ်ရတယ်။ ပလပ်ပေါက် ထိုးသလိုပါပဲ။ အဲဒီအခါ သတ္တ၀ါနဲ့ ကိုယ့်ရဲ့စိတ်ဟာ တသားတည်း ဖြစ်သွားတယ်။ ကိုယ်ကောင်းရင်ကောင်းသလို ကိုယ်ဆိုးရင် ဆိုးသလို ကြောက်နေရင်လည်း ကြောက်နေသလို ကိုယ့်ထိန်းချုပ်မှုအတိုင်းပါပဲ။ စိတ်ကိုထိန်းချုပ် ကိုယ်တွယ်တတ်ခြင်း စိတ်ထားတတ်ခြင်းဟာ အခြားသက်ရှိသက်မဲ့တွေနဲ့ Na’vi တွေနဲ့ ဆက်သွယ်မှုရဲ့ အဓိကသော့ချက်ပဲ။ ကိုယ်ဟာ ကိုယ့်စိတ်သာဖြစ်တယ် လို့ဆိုလိုဟန်ရှိတယ်။

ဝိညာဉ်နဲ့ ပရလောက ဆန်ဆန် အကြောင်းအရာတွေကိုလည်း တွေ့ရတယ်။ Na’vi တွေရဲ့ အာရုံကြိုးဟာ သစ်ပင်ပေါ်က တွဲလွဲကျနေတဲ့ နွယ်ကြိုးတွေရဲ့ အာရုံကြိုးနဲ့ ဆက်သွယ်လိုက်တဲ့အခါ သေလွန်သွားတဲ့ ဘိုးဘွားတွေကို ကြားရတယ် ခံစားရတယ်။ လူခန္ဓာကိုယ်ထဲက ၀ိညာဉ်ကို စက်တွေအကူအညီမပါပဲ Na’vi တွေရဲ့ စိတ်အာရုံကြိုးတွေ ဆက်စပ်ကာ Eywa နတ်ဘုရားကို တိုင်တည်ပြီး Na’vi ခန္ဓာကိုယ်ထဲကို ဖလှယ်ခေါ်ယူတဲ့ အခန်းကိုလည်း တွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ရေမြေတောတောင်တွေ၊ သဘာဝဖြစ်စဉ်တွေ၊ အရာဝတ္ထု သက်ရှိ သက်မဲ့ အချင်းချင်း ဆက်စပ်ပတ်သက် မှီတည်နေတဲ့ ဂေဟစနစ်၊ ဒါတွေကို ဒီရုပ်ရှင်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားစေတယ်။ ဒီဇာတ်လမ်းအရ လူသားတွေက သဘာဝရဲ့ လက်ဆောင်တွေကို ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုအတွက် အသုံးချ (exploit) ဖို့ပဲ ကြိုးစားနေကြတယ်။ သတ္ထုတူးဖော် ရောင်းစားဖို့ ပန်ဒိုရာလပေါ်က သစ်ပင်ကြီးကို လာဖြိုတာကို ပြထားတယ်။ ပန်ဒိုရာ လ မှာနေထိုင်တဲ့ မျိုးနွယ်တွေကတော့ သဘာဝရဲ့ တန်ဖိုးကို နားလည်ပြီး သဘာဝနဲ့ အပြန်အလှန်မှီတည် နေထိုင်ကြတဲ့သဘော ကို ထင်ဟပ်ထားတယ် လို့ တွေ့မိပါတယ်။ ဇာတ်လမ်းထဲက သိပ္ပံပညာရှင် အမျိုးသမီးကလည်း ဒါဟာ ကွန်ယက်လို ဆက်နွယ်နေတဲ့ သဘောတစ်ခု network ပဲလို့ ရှင်းပြထားတာ တွေ့ရပါတယ်။

တောထဲမှာ ညဘက် တိရစ္ဆာန်ရိုင်းတွေ ၀ိုင်းကိုက်လို့ ဒုက္ခရောက်နေတဲ့ Jake ကို ကယ်တင်ခဲ့စဉ်က မင်းသမီးက တိရစ္ဆာန်ရိုင်းတွေကို တိုက်ခိုက်သတ်ဖြတ်ရတဲ့အခါ ဒီအကောင်တွေ သေဖို့မလိုအပ်ဘူး မင်းအမှားပဲ (မင်းအနေအထိုင်မတတ်လို့) ဆိုပြီး Jake ကို အပြစ်တင်ပါတယ်။ သဘာဝထဲက အရာတွေကို တိုက်ခိုက်ရန်မူခြင်း ဖျက်ဆီးခြင်းက Na’vi တွေရဲ့ အသက်ရှင်နေထိုင်ပုံမှာ အရေးပါတဲ့ နေရာမှာ မရှိပုံပါ။ သို့သော်လည်း ဇာတ်သိမ်းပိုင်းမှာတော့ ပန်ဒိုရာလကို တိုက်ခိုက်ဖျက်ဆီးလာတဲ့ လူတွေကို လပေါ်မှာ ရှိတဲ့ သတ္တ၀ါအားလုံးက ထွက်လာပြီး ပြန်တိုက်ခိုက်ကြပုံကို ပြထားတယ်။ ဒါဟာ ကိုယ့်စိတ် ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ကံဖြစ်တယ်။ ကောင်းရင် ကောင်းသလို မကောင်းရင်မကောင်းသလို ခံရမယ် ဆိုတဲ့ အကျိုးနဲ့အကြောင်း သဘောတရားကို ဆိုလိုလိုက်တာလား။ Na’vi တွေ ဆုတောင်းကြတဲ့ Eywa နတ်ဘုရားရဲ့ ကယ်တင်မှုလား။ နတ်ဘုရားနဲ့ တသားတည်း ဖြစ်နေတဲ့ သဘာဝရဲ့ အလိုအလျောက် တုန့်ပြန်မှုလား။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတဲ့
Pantheism နဲ့ Panentheism ဆိုတဲ့ ဝေါဟာရ နှစ်ခု အကြောင်းကိုလည်း နည်းနည်း ပြောချင်ပါတယ်။ Na’vi တွေရဲ့ ကိုးကွယ်မှုဟာ Pantheism ဆိုတဲ့ “အရာရာဟာ ဘုရားဖြစ်တယ်” လို့အယူအဆ နဲ့တချို့အပိုင်းတွေမှာ ဆင်ပါတယ်။ ဒီသဘောတရားက ဘုရားဟာ သဘာဝထဲမှာရှိတယ်။ စကြ၀ဠာမှာ၊ ရေမြေတောတောင်တွေမှာ၊ သင့်ခန္ဓာကိုယ်ထဲမှာ ဆိုတာမျိုး။ Panentheism ကတော့ “အရာရာက ဘုရားရဲ့ အထဲမှာ ရှိနေတယ်” သဘာဝဖြစ်စဉ်တွေက ဘုရားရဲ့အောက်မှာ၊ ဘုရားက အားလုံးရဲ့ အထက်မှာ ဆိုတာမျိုး။ Eywa ဆိုတဲ့ သူတို့ရဲ့ ဘုရားကို Na’vi တွေ ဆုတောင်းဝတ်ပြုကြတဲ့ အခါမှာ ဒီ Panentheism သဘောမျိုးရှိတယ်။ ဒါပေမယ့်လည်း အဲလို ဆုတောင်းဝတ်ပြုတဲ့အခါ သူတို့ရဲ့ အာရုံကြိုးတွေအားလုံးကို ဆက်သွယ်ထားပုံက ဘုရားနဲ့ တသားတည်း ဖြစ်ဟန်တူလို့ Pantheism ပြန်ဆန်နေပြန်ပါရော။

ပြောစရာတွေ ကျန်ဦးပေမယ့် ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါမယ်။ ဒီဇာတ်ကားမှာ ကြောက်လန့်စရာ ရွံရှာစရာ အခန်းတွေ ပါတယ်လို့ မမြင်ပါ။ ရှည်ရှည်လျားလျားတွေ ခုလို လျှောက်မတွေးချင်လည်း လူကြီးတွေရော ကလေးတွေအတွက်ပါ ဒီခေတ်အနေနဲ့ ထွန်းထွန်းပေါက်ပေါက် သာမန်ထက်ထူးခြားတဲ့ ဖျော်ဖြေမှုမျိုး ပေးစေတယ်လို့ ထင်မိပါတယ်။ အတွေးအခေါ်နဲ့ ပေးချင်တဲ့ message တွေကတော့ အသစ် ဖြစ်ချင်မှဖြစ်ပါမယ်။ အဲဒီ message ကို ယူဆောင်လာပုံက ဆန်းသစ်တာ ဖြစ်မယ်။ မေးကြည့်မိသလောက် လူအတော်များများဟာ ဒီရုပ်ရှင်ကို နှစ်ခါ သုံးခါ ပြန်ကြည့်ကြတာ တွေ့ရပါတယ်။ ကိုယ့်သဘောအရ ပြောရမယ် ဆိုရင်လည်း ဒီရုပ်ရှင်ဟာ ဖြစ်နိုင်ရင် အနည်းဆုံး နှစ်ခါ ပြန်ကြည့်သင့်တဲ့ ကားပါ။ ပထမ တစ်ခါက ဖျော်ဖြေမှုနဲ့ နည်းပညာဆန်းတွေကို စိတ်သွင်းပြီး ခံစားဖို့အတွက်၊ ဒုတိယတစ်ခါက ဇာတ်ကားက ပေးတဲ့ တွေးတောစရာတွေကို စောင့်ကြည့်ပြီး သယ်ယူလာနိုင်ဖို့အတွက်ပါ။

ဒါရိုက်တာက ပေးစရာရှိတာ ပေးဖို့ အကောင်းဆုံး ကြိုးစားပြီးတဲ့အခါ သူ့တာဝန် ကျေသွားပါပြီ။ ကြည့်သူတွေအတွက်တော့ ခံစားတွေးတောစရာတွေက တယောက်နဲ့တယောက် တူချင်မှလည်း တူပါလိမ့်မယ်။ တူစရာလည်း လိုမယ်မထင်ပါ။ လူတွေဟာ ကိုယ်ရှာတာ ကိုယ်ရတယ် မဟုတ်လား။ Thanks, James Cameron. I hope “I see you”.


ပန်ဒိုရာ

(Wall-E တုန်းက တိုက်တွန်းခဲ့သလို အခုလည်း ကြည့်ဖြစ်အောင် တိုက်တွန်းခဲ့တဲ့ မိတ်ဆွေကို အထူးကျေးဇူးတင်ပါတယ်။)





Expand..

Tuesday, January 12, 2010

ရေးဖြစ်ခဲ့တဲ့ သရုပ်ဖော်ပုံ အချို့

ပုံဆွဲရတာ ပျော်တဲ့အတွက် ဆွဲချင်စိတ် ပေါ်လာတဲ့အခါ ဆွဲတတ်သလို ဆွဲပါတယ်။ ပန်းချီဆရာ တယောက်ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိပါ။ စနစ်တကျလည်း မသင်ယူဖြစ်သေးပါ။ အင်တာနက်ထဲက ပုံအများစုကို MS paint နဲ့ Photoshop7 သုံးပြီး ရေးခြစ်ပါတယ်။ အခုဝယ်ထားတဲ့ Bamboo Pen & Touch နဲ့တော့ ပုံတွေ သေသေချာချာ ဆွဲမကြည့်ရသေးပါဘူး။ mouse ဒါမှမဟုတ် laptop က touchpad ကိုပဲသုံးနေသေးတယ်။

သူများတွေအတွက် ရေးဖြစ်ခဲ့တဲ့ သရုပ်ဖော်ပုံတချို့ကို ကိုယ့်ဘလော့ဂ်ပေါ်မှာ ပြန်စုစည်းကြည့်တာပါ။


ပြိုင်တူလင်းတဲ့ကောင်းကင် အီလက်ထရွန်းနစ်ကဗျာစာအုပ်မှာ ကိုအောင်သာငယ်ရဲ့ တမ်းတခြင်းနွေဦး ကဗျာအတွက် ရေးဖြစ်ခဲ့တဲ့ပုံ



နှင်းခါးမိုး (ကိုဝေလင်း) ရဲ့ မေ၏အပြုံး



နှင်းခါးမိုး ရဲ့ ပန်းစိုက်တဲ့ မိုးရေစက်



နှင်းခါးမိုး ရဲ့ သစ်ခွစိုက်မယ့်သူ


သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့အထဲက


မိုးလှိုင်ညရဲ့ စာမျက်နှာတွေဆုတ်ဖြဲထားတဲ့ သမိုင်းဖတ်စာ



သိုးထိန်းရဲ့ဘယ်လိုမှရပ်စဲလို့ မရတဲ့ကိစ္စ



ခေလွန်းရဲ့ အမှောင်ထဲကကောင်


မိခင်များနေ့အတွက် ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ ၂၀၁၀ ကဗျာစာအုပ်မှာ



စိုင်းလောင်ဝိန်းရဲ့ အမေအတွက် ကဗျာ ၃



ရွှေပြည်သူရဲ့ ကတိ



အိန္ဒြာ ရဲ့ အမေကတော့ကျမကို လက်ဆောင်အဖြစ်ပေးလိုက်ပြီ


ကောင်းကောင်း မကောင်းကောင်း ကြည့်သွားကြပေါ့နော်။ :) စာရေးဖို့တော့ လောလောဆယ် တိုင်ပတ်နေလို့ မရေးနိုင်သေးဘူး။

ပန်ဒိုရာ

Expand..

Thursday, January 7, 2010

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀

"ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀" လို့အမည်ရတဲ့ မိခင်မေတ္တာဘွဲ့ ကဗျာစု အီလက်ထရွန်းနစ်စာအုပ် ထွက်ပါပြီ။

ကိုရင်ညိန်း စီစဉ်ပါတယ်။ စာရေးဆရာ ဆရာမတွေနဲ့ ဘလော့ဂ်ထဲကစာရေးသူတွေရဲ့ ကဗျာတွေကို စုဆောင်းထားတာဖြစ်ပါတယ်။ ပန်ဒိုရာရေးတဲ့ "အဆုံးအစမဲ့သော" ဆိုတဲ့ ကဗျာအသစ်တစ်ပုဒ်လည်း ပါဝင်ပါတယ်။ သရုပ်ဖော်ပုံလည်း နည်းနည်း ကူဆွဲပေးဖြစ်ပါတယ်။

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀



အဆုံးအစမဲ့သော



အို…. အေးစက်တိတ်ဆိတ်မှုမှာ ချောင်းမြောင်းပျော်ဝင်နေတာ မျက်လုံးစိမ်းဖန့်ဖန့်တွေပဲ
သိန်းစွန်ခြေသည်းများအသည်းတယားယား ဆောက်တည်ရာမဲ့ ကြက်သားပေါက်ငယ်လို
လေဟာနယ်ထဲအာခေါင်ခြောက်ကပ်တစစ်စစ်ဝေဒနာကြောင်ပါးကြီးတွေရဲ့မြီးတံတိုတွေနဲ့
စုန်ဆင်းသွားတဲ့ မြစ်ရေယဉ်က ပါးပြင်ကိုပွတ်တိုက်လာမယ့် နူးညံ့လေပြည် ဘယ်မှာလဲ
ရွှေဗျိုင်းငယ်ငယ် တောင်ပံခတ်မယ့် အေးအေးအိုအို တေးသံချိုချို ဘယ်မှာလဲ
ဆူးခက်ကြမ်းတမ်း သွေးစိမ်းဖြန်းဖြန်း ယိုင်လဲပြိုအိ ခလုတ်တွယ်ငြိစဉ်
ဟင်…. ညိုးရော်ခြောက်သွေ့ရာမှ ပြုံးမွေ့နိုးထလာသော နွေနေလယ်မြက်ပင်ရိုင်း
ခပ်လှမ်းလှမ်းက သင်းသင်းသာသာ လွင့်ပါးပျောင်းနွဲ့ ငြင်းသွဲ့သဏ္ဍာန် ၀ိုးတ၀ါးအသံ
အလို …. ထစ်ချုန်းပြိုးပြက် တခဲနက်နက် လျှပ်ရောင်ဝင်းလက်သွား ၀င်းလက်သွား
အသွေးအသားစိမ့်ဝင်ပေါက်ဖွားသွန်းချဖြန့်ဝေအဖြူရောင်မေတ္တာစက်တွေမတ္တာစက်တွေ
ဟော… အားပါးတရ သောက်မျိုချိုထွေး အနွေးဓာတ်ငတ်မပြေ ငတ်မပြေ…
ဖ၀ါးလက်နှစ်လုံးနဲ့ အားယူထစ်ထစ် ကုတ်ခြစ်တွယ်တက်မိတာ မြင့်မိုရ်တောင်စွန်းမှာ…။


ပန်ဒိုရာ

မနှစ်ကလည်း ထုတ်ဝေခဲ့ပါတယ်။ မနှစ်ကစာအုပ်ကိုတော့ ဒီနေရာမှာ ပြန်ဖတ်လို့ရပါတယ်။

Expand..

Sunday, January 3, 2010

အလကား

အလကားရတဲ့ နေရာမှာ
အလကား ဖော်ပြထားသော
အလကားအရာများ
အလကားတွေက လက်ကြီးကားပြီး လမ်း မသလားနိုင်
အလကားတွေက ပြေးလမ်းမပေါ်မှာ နေရာယူအသင့် မဖြစ်ရှာဘူး
အလကားရှိရာ ဇောချွေးတွေတော့ လိုက်လို့မရွာပါ
အလကားက မနက်မနက်ဆို အိပ်ရာထနောက်ကျ လေကလေးချွန်လို့
အလကားက အလကားပေးရုံ
အလကားက ဖရီးပေါ့ (ပိုက်ဆံမပေးရဘူး)
ယူသွားကြပါကွယ် အလကားတွေ ဖရီး
ကုန်တိုက်ကြီးတွေက အရောင်းမြှင့် ကြော်ငြာသလို
buy 1, get 1 free
(မဟုတ်သေးဘူး)
get 1 free, get 1 more free, get all free (come on!)
ကိုယ့်အမေ့အိမ်မှာ ညစာ အလကား သွားစားရသလို ဖရီး
မီးမရှိတဲ့ရွာမှာ လရောင်က တလမ်းလုံးကို အလကား လင်းပေးလိုက်သလို ဖရီး
မြစ်တွေက ရေကို ပင်လယ်ဆီ အလကား သယ်ဆောင်သွားကြသလို ဖရီး
အိပ်ပျော်သွားရင် အလကား ပေါ်ပေါ်လာတဲ့ အိပ်မက်ရောင်စုံတွေလို ဖရီး
အဲဒီမှာ တယောက်ယောက်က အလန့်တကြား ရုန်းကန် အော်ပြေးလာတယ်
ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ဖရီး ... တဲ့
ဒါကို နောက်တယောက်က ဒမ်း… လို့ (ဘိုဆန်ဆန်) မူးတူးငိုက်ဝေ ဆဲရေးလိုက်သလိုပ
ဖရီးဒမ်း ကို အလကား လို့ ဘယ်သူဘာသာပြန်လိုက်သလဲ။

ပန်ဒိုရာ


(လွတ်လပ်ရေးနေ့ အကြို ဂုဏ်ပြုကဗျာလို့ မမှတ်လိုက်ကြပါနဲ့။ ဘာရယ်မဟုတ် ရေးလိုက်တာပါ။ အလကား… အလကား… :P )

Expand..

Friday, January 1, 2010

Happy New Year 2010!!!

Expand..