Showing posts with label review. Show all posts
Showing posts with label review. Show all posts

Sunday, August 16, 2015

အင်တာနက်ထဲက စုပေါင်းစပ်ပေါင်းကဗျာများ



အင်တာနက်ထဲက စုပေါင်းစပ်ပေါင်းကဗျာများ



“ကဗျာတစ်ပုဒ် နှစ်ယောက်တွဲရေးတာ ဘာမှ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ရှေ့မှာ အများကြီး။ ကျွန်တော်ကတော့ fcebook သုံးရင်း FB ရဲ့ ဖန်ရှင်တွေကိုအသုံးချပြီး လုပ်လို့ရတဲ့ ကဗျာအလုပ်တစ်ခု လုပ်ကြည့်ဖို့ စိတ်ကူးမိတာပါလေ။ Group page တစ်ခုဖွင့်၊ ကော်မန့်ရေးစရာ ဘောက်စ်တွေနေရာမှာ ကဗျာရိုက်ထည့်ရင်း အပြန်အလှန်ရေးကြပေါ့”

ကဗျာတစ်ပုဒ်ကို ကဗျာဆရာတစ်ဦးထက်ပိုပြီး စုပေါင်းရေးသားကြတာ ယခင်ကတည်းက offline မှာ ရှိခဲ့ပါတယ်။ အင်တာနက်ပေါ်ပေါက်လာတဲ့အခါမှာတော့ အကွာအဝေးတွေဟာ ကျုံ့လာတဲ့အတွက် ကဗျာရေးသူ တစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှုတွေဟာ ပိုပြီး မြန်ဆန် လွယ်ကူလာပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ပေါ်ထွက်လာတဲ့ ဥပမာတစ်ခုကတော့ ၂၀၁၅ ဖေဖေါ်ဝါရီက ထုတ်ဝေလိုက်တဲ့ ကဗျာဆရာမောင်ယုပိုင်ရဲ့ “Double Poetry Project” ဖြစ်ပါတယ်။ အထက်စာပိုဒ်ပါ စာသားတွေကတော့ Double Poetry Project ရဲ့ အမှာစာထဲက ကောက်နုတ်ထားတာဖြစ်ပါတယ်။ မြိတ်မြို့မှာ နေထိုင်သူ မောင်ယုပိုင်ဟာ အင်တာနက်ကို သုံးပြီး မြန်မာပြည်အခြားဒေသတွေနဲ့ နိုင်ငံရပ်ခြားနေထိုင်သူ အပါအဝင် ကဗျာဆရာ၊ဆရာမ ၄၄ဦးနဲ့အတူ “နှစ်ယောက်တစ်ပုဒ်” (အနည်းငယ်ကတော့ သုံးယောက်တစ်ပုဒ်) ကဗျာစုစုပေါင်း ၄၂ ပုဒ် ကို ရေးသားထုတ်ဝေနိုင်ခဲ့ပါတယ်။ “ကဗျာခေါင်းစဉ်ပူးပေါင်းမှု” မှာ အခြားသော ကဗျာဆရာ၊ဆရာမ ၁၆ ဦးလည်း ပါဝင်ခဲ့ကြပါတယ်။

၂၀၁၅ ကမ္ဘာ့ကဗျာနေ့မှာ အခမဲ့ကော်ပီတွေကို ဖြန့်ဝေခဲ့ပြီး ပုံနှိပ်စာအုပ်ထွက်လာဖို့ စီစဉ်နေဆဲဖြစ်တဲ့ ကဗျာဆရာရဲမြင့်သူ ရဲ့“ရဲမြင့်သူ နှင့် အခြားစစ်ပွဲများ (Collage & Collaboration)” ကဗျာတွေဟာလည်း ထိုနည်းတူဖြစ်ပါတယ်။ မောင်ယုပိုင်က facebook ပေါ်မှာ ပူးပေါင်းမဲ့ ကဗျာဆရာဆရာမ အားလုံးပါဝင်တဲ့ secret group page တစ်ခု တည်ထောင်ပြီး status နဲ့ comment တွေကတဆင့် ရေးသားခဲ့ပါတယ်။ ရဲမြင့်သူကတော့ facebook ပေါ်မှာ secret group page တစ်ခုစီ ကို ကဗျာဆရာ အခြားကဗျာဆရာ ၁၆ ယောက် တစ်ဦးချင်းနဲ့ သီးသန့်စီ တည်ထောင်ပြီး status နဲ့ comment တွေကတဆင့် ကဗျာပူးပေါင်းရေးသားခဲ့တယ်။

မောင်ယုပိုင်ရဲ့ နှစ်ယောက်တစ်ပုဒ်တွေမှာ ရေးသူနှစ်ဦးရဲ့ စာကြောင်းများ ပြန်လည်ရောနှောထားခြင်း တည်းဖြတ်ထားခြင်း မျိုး မတွေ့ရဘဲ ဘယ်သူက ဘယ်စာပိုဒ်ကို ရေးတယ်ဆိုတာကိုလည်း ကဗျာထဲမှာ နာမည်အတိုကောက်နဲ့ ဖော်ပြထားပါတယ်။ ရဲမြင့်သူကတော့ ရေးသူနှစ်ဦးရဲ့ စာကြောင်းတွေကို ပြန်လည်တည်းဖြတ် ရောနှောထားတယ် လို့ဆိုပါတယ်။ ဘယ်စာကြောင်းကို ဘယ်သူရေးတယ်ဆိုတာမျိုး ခွဲခြားဖော်ပြခြင်း မရှိပါဘူး။ ၂ ဦး ပေါင်းရေးရတာ တွဲဖက်ညီတာရှိသလို အဆင်မပြေတာလည်း ရှိတယ်၊ အာရုံခံစားမှုချင်း၊ စာကြောင်းချင်းဆက်စပ်မရလို့ ကဗျာဟာ မကောင်းဘူးလို့ ယူဆတဲ့အတွက် စာအုပ်ထဲ မထည့်ဖြစ်တော့တဲ့ ကဗျာတွေလည်းရှိတယ်လို့ ရဲမြင့်သူက ပြောပါတယ်။

ကဗျာတစ်ပုဒ်ကို ပူးပေါင်းရေးသားတဲ့နေရာမှာ ၂ ဦး သို့မဟုတ် ၃ ဦး ပူးပေါင်းတာတွေကို တွေ့ရပေမဲ့ အဲဒီထက်ပိုများတဲ့ ပူးပေါင်းမှုကတော့ တွေ့ရတာ နည်းပါတယ်။ အောက်ဖော်ပြပါကဗျာကတော့ တွေ့မိသမျှထဲမှာ ကဗျာရေးသူအရေအတွက် အများဆုံး ပူးပေါင်းမှုတစ်ရပ်ဖြစ်ပါတယ်။ စာကြောင်းအချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

တံတားကို အကာအကွယ်ယူပြီး
……
တံတားဆရာ FBI တွေကြားမှာ
တံတားကို အကာအကွယ်ယူထားသူကရော
တံတိုင်းတွေ ခုထိလုံခြုံစွာ ပုန်းခိုနေကြတုန်း
လူထုဆီ
လူရွှင်တော်တွေဆီမှာ
တံတားဆရာနားလည်စပြုလာပြီ
ကက်ဘိနက်မှာ တံတားအကြောင်း ဆွေးနွေးကြမယ်တဲ့
တံတား ခု အဲ့နေရာမှာ ရှိသေးလား
တစ်ယောက်ယောက်က စောင့်ကြည့်နေခဲ့တာ/ဆဲ
တစ်ယောက်ကို တစ်ယောက်က နေသားတကျစောင့်ဆိုင်း
London bridge is falling down
Falling down falling down
ဘယ်သူ နာသွားသလဲ ဘယ်သူတွေ သာသွားသလဲ
တံတားဆရာ အပျော်ဆုံးနေ့ပဲ
ခွေးလာလို့မရအောင် ကြောင်တွေ
နောက်ကွယ်က ကြိုးကိုင်ခဲ့တာ
…..
အထက်ပါကဗျာကို ကဗျာဆရာ ၂၂ ယောက်က တစ်ယောက်ကို စာကြောင်းအနည်းငယ်စီနဲ့ စုပေါင်း ရေးသားခဲ့ပါတယ်။ facebook ပေါ်က comment တွေမှာ ရှေ့ကရေးတဲ့သူရဲ့ စာကြောင်းကို ကြည့်ပြီး နောက်က ဆက်ရေးကြတာဖြစ်ပါတယ်။ ကဗျာထဲမှာ ပါဝင်ခဲ့တဲ့ ကဗျာဆရာ ၃ - ၄ ယောက်နဲ့တွေ့တဲ့အခါ ဒီလိုကဗျာမျိုးရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ မေးမြန်းမိတဲ့အခါ အားရမှု သိပ်မရှိကြောင်း ပြောခဲ့ကြပါတယ်။ သူတို့ပြောပြချက်အရ အွန်လိုင်းမှာ ဒီလို လူတွေအများကြီး စုရေးရတာ လွဲချော်မှုတွေလည်း ရှိတတ်ပါတယ် တဲ့။ ကိုယ့်ရှေ့က မှတ်ချက်ထဲက ကဗျာစာကြောင်းကို ကြည့်ပြီး လိုက်ရေးလိုက်တဲ့ စာကြောင်းဟာ ကော်နက်ရှင် အခြေအနေကြောင့် တော်တော်နဲ့ တက်မလာခင် အခြားသူတစ်ဦးရေးလိုက်တဲ့ စာကြောင်းက မှတ်ချက်ထဲမှာ တက်သွားလို့ အဆက်အစပ်မဲ့သွားတာ ဒါမှမဟုတ် အိုင်ဒီယာထပ်သွားတာမျိုး ရှိတတ်ပါသတဲ့။

အပြင် offline မှာတော့ Creative Writing သင်တန်းတွေမှာ  ဂိမ်းဆန်ဆန် ဒီလိုကဗျာရေးကြတဲ့ ရေးနည်းတစ်ခုကို ကြုံတွေ့ခဲဖူးပါတယ်။ ကျောင်းသား အများအပြားရှိတဲ့ အတန်းထဲမှာ စာရွက်လွတ်တစ်ရွက်ကို ပေးပြီး ကဗျာစာကြောင်းတစ်ကြောင်းစီ ရေးခိုင်းပါတယ်။ ဒုတိယရေးသူက ပထမဆုံးရေးသူရဲ့ ကဗျာစာကြောင်းကို ကြည့်ပြီး လိုက်ရေးရပါတယ်။ အဲဒီနောက် ပထမရေးသူရဲ့ စာကြောင်းကို စာရွက်ထဲမှာ ခေါက်ထားလိုက်ပါတယ်။ ဒီလိုနဲ့ နောက်ဆက်ရေးသူတွေက ကိုယ့်ရှေ့က ရေးသူရဲ့ စာကြောင်းက လွဲလို့ ဟိုးရှေ့က ရေးထားတဲ့ စာကြောင်းတွေကို မမြင်ရအောင် စာရွက်ကို ဆက်ဆက် ခေါက်သွားကြပါတယ်။ အားလုံးပြီးသွားတဲ့အခါကျမှ စာရွက်တစ်ရွက်လုံးကို ဖြန့်ကြည့်ပြီး ဘယ်လို ကဗျာမျိုး ထွက်လာတယ်ဆိုတာကို ကြည့်ကြပါတယ်။ ဒီလို အခြေအနေမှာတော့ အွန်လိုင်းမှာလို ကော်နက်ရှင် ပြဿနာ ကြုံစရာအကြောင်းမရှိလို့ ပိုစနစ်ကျစေပါတယ်။ ဒါပေမဲ့ ကဗျာဆရာ အများအပြားကို အခုလို စုပြီး ရေးသားဖို့ ဆိုရင်တော့ အားလုံး တစ်စုတစ်စည်း တစ်ထိုင်တည်း ဆုံတွေ့ဖို့ဟာ အွန်လိုင်းထက် အများကြီး ခက်ခဲပါတယ်။

အမေရိကန်ကဗျာဆရာကြီး မာဗင်ဘဲလ် (Marvin Bell) နဲ့ အိုင်အိုဝါတက္ကသိုလ်က IWP ဒါရိုက်တာ ခရစ္စတိုဖာမာရေးလ်တို့ဟာ “Everything at once” ဆိုတဲ့ နှစ်ဦးပေါင်း စကားပြေကဗျာစာအုပ် ဖြစ်မြောက်လာဖို့အတွက် ခရစ္စတိုဖာမာရေးလ်က ပြည်ပနိုင်ငံတွေမှာ ရှိနေပြီး မာဗင်ဘဲလ်က အမေရိကန်နိုင်ငံမှာ ရှိနေခဲ့ချိန်မှာ တစ်ဦးနဲ့တစ်ဦး ၁၅ လကြာအောင် အီးမေးလ်ကတဆင့် အပြန်အလှန် ကဗျာတွေ ပို့ ဆွေးနွေးတိုင်ပင်ပြီး ထုတ်ဝေခဲ့ကြတာဖြစ်ပါတယ်။ “ကဗျာဆရာ ၇ ယောက်၊ လေးရက်တာ၊ စာအုပ်တစ်အုပ်( seven poets, four days, one book)”  လို့ ခေါင်းစဉ်ပေးထားတဲ့ စာအုပ်တစ်အုပ် အတွက်တော့ ခရစ္စတိုဖာမာရေးလ်ဟာ ကဗျာဆရာ ၆ ယောက်ကို အိုင်အိုဝါမြို့ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမှာ လေးရက်တာ နေထိုင်တဲ့အခိုက် ပထမဦးဆုံး ခရစ္စတိုဖာမာရေးလ်က ကဗျာတစ်ပုဒ်ကို အရင်ရေးပါတယ်။ သူ့ကဗျာထဲက စာကြောင်းတွေကို ကျန်ကဗျာဆရာတစ်ယောက်စီက ပထမဆုံး စာကြောင်းအဖြစ်ယူပြီး အသီးသီး ကဗျာဆက်ပြီး ရေးကြပါတယ်။ ပြီးတော့ အဲဒီကဗျာဆရာအသီးသီးရဲ့ စာကြောင်းတွေကို တခြားကဗျာဆရာတွေက ပထမဆုံးစာကြောင်းအဖြစ် ခွဲဝေယူပြီး ဆက်ရေးကြပြန်ပါတယ်။ အဲဒီလိုနဲ့ ချိတ်ဆက်ဖြစ်ပေါ်လာတဲ့ ကဗျာတွေကို စုစည်းပြီး ထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံရပ်ခြားက သူတို့ရဲ့ အွန်လိုင်း အော့ဖ်လိုင်း ကဗျာပူးပေါင်းမှုတွေ ဖြစ်ပါတယ်။

အင်တာနက်ထဲက စုပေါင်းစပ်ပေါင်း ကဗျာမျိုးတွေထဲမှ အကြောင်းအရာ၊ Theme ဒါမှမဟုတ် ခေါင်းစဉ်တစ်ခုတည်းကို မတူညီတဲ့ ကဗျာဆရာတွေက တစ်ယောက် တစ်ပုဒ်စီ တမင်ရည်ရွယ် ဝိုင်းရေးကြတာတွေလည်း ရှိပါတယ်။ “ကျွန်တော်မသိဘဲ မိုးတွေရွာသွားတယ် မကြည်ဖြူ” နဲ့ အခြားသော မကြည်ဖြူခေါင်းစဉ်ပါ ကဗျာတွေကို ဇာတိ၊ နေ့သစ်၊ သူရဿဝါ၊ မိငြိဏ်းခက် စတဲ့ကဗျာဆရာ အသီးသီးကရေးခဲ့ကြတယ်။ “ဆိတ်” နဲ့ပတ်သက်တဲ့ ကဗျာတွေကို PEM Skool ကဗျာဆရာတွေ တစ်ယောက်တစ်ပုဒ် ရေးခဲ့ကြတယ်။ တချို့သော ခေါင်းစဉ်တူတွေကတော့ တိုင်ပင်တာမဟုတ်ဘဲ တိုက်ဆိုင်မှု ဒါမှမဟုတ် ယေဘုယျဆန်လွန်းသော ခေါင်းစဉ်ဖြစ်လို့ လည်းတူညီတာဖြစ်နိုင်တယ်။ ဥပမာအားဖြင့် “မိသားစု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးသူတွေ အင်တာနက်ထဲမှာ အများအပြားရှိပါတယ်။

“သန်းခေါင်ယံကဗျာရေးပွဲတော်” လို့ အမည်ပေးထားတဲ့ ကဗျာစုစည်းမှုမှာတော့ ကဗျာဆရာ ဒီလူကလေးဟာ ကမ္ဘာ့ကဗျာနေ့ ညဘက်မှာ အချိန်တစ်ခု သတ်မှတ်ပြီး facebook ထဲက သူတင်ထားတဲ့ status အောက်မှာ မိမိတို့ကဗျာတွေကို comment ဝင်ရေးဖို့ ကဗျာဆရာအများအပြားကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှတ်ချက်ကဗျာတွေကို စုစည်းပြီး ကဗျာစုစည်းမှုစာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

မြန်မာတွေကြား Facebook ခေတ်မစားခင် forum ၊ blog ၊ chat room၊ gtalk တွေထဲမှာလည်း လျှို့ဝှက်အုပ်စုဖွဲ့လို့ဖြစ်စေ၊ အများမြင်နိုင်တဲ့ public နေရာမှာဖြစ်စေ၊ တစ်ဦးနဲ့တစ်ဦး ခေါင်းစဉ်တူ ကဗျာရေးဖို့ tag ကြတာ၊ comment တွေ အပြန်အလှန်ပြောစကားတွေကို အသုံးပြုပြီး ပူးပေါင်းကဗျာရေးကြတာတွေ ရှိခဲ့ပါတယ်။ ဆက်သွယ်ရေး လွယ်ကူမြန်ဆန်စေတဲ့ အင်တာနက်သုံးစွဲမှုဟာ စုပေါင်းလုပ်ဆောင်ရတဲ့ ကဗျာလှုပ်ရှားမှု အတော်များများကို အထောက်အကူပြုခဲ့တာကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ အင်တာနက်ရဲ့ လျှင်မြန်မှုနဲ့ လွယ်ကူမှုဟာ စုပေါင်း ကဗျာတွေရဲ့အရည်အသွေးကိုရော သိသိသာသာ ပိုကောင်းလာစေသလား ဆိုတာကတော့ အပြင် offline မှာလိုဘဲ နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှု၊ တည်းဖြတ်မှု၊ အာရုံခံစားတူညီမှု စတာတွေမှာ မူတည်နေတာမို့ ပြောရခက်နေပါသေးတယ်။


ပန်ဒိုရာ
၁၃-၁၈.၆.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အတွဲ ၂ အမှတ် ၁ တွင် ဖော်ပြပြီး)

Expand..

Tuesday, June 2, 2015

အင်တာနက်ပေါ်က ကဗျာစီးရီးစ်တွဲများ



အင်တာနက်ပေါ်က ကဗျာစီးရီးစ်တွဲများ

ငါမရောက်ဖူးတဲ့မြို့မှာ
ငါမတွေ့ဖူးတဲ့ လူတစ်ယောက်က
ငါမသိတဲ့ နာမည်စာပြား ကိုင်ဆောင်ထားပြီး
ငါ့ကိုကြိုဆို
ဟဲလို

လူအချို့ဟာ အထက်ပါကဗျာထဲက အဖြစ်ကို ကြုံဖူးကြပါလိမ့်မယ်။ မထူးဆန်းခဲ့ပေမဲ့ အခုလို ကဗျာထဲမှာ မီးမောင်းထိုးပြထားလိုက်တော့ တွေးစရာငေးစရာဖြစ်သွားမယ်။ မိမိအတွေ့အကြုံကို ပြန်လည်မြင်ယောင်ပြီ….း ဟုတ်ပေသားပဲ လို့ ရေရွတ်မိမယ်။ ရေးသူက ကဗျာဆရာ”လင်းဇင်ယော်” ဖြစ်ပါတယ်။ ကဗျာရဲ့ခေါင်းစဉ်က “လေယာဉ်(၂၅)”။ လေယာဉ်(၂၅) ဖြစ်ရခြင်းအကြောင်းရင်းက ဒီကဗျာဟာ လေယာဉ်လို့ အမည်ရတဲ့ ကဗျာတွေထဲက ၂၅ ပုဒ်မြောက် နံပါတ်စဉ်ထိုးထားတဲ့ ကဗျာ ဖြစ်လို့ပါ။

၁၃.၅.၂၀၁၅ အထိ facebook ပေါ်မှာ နောက်ဆုံးတွေ့ရတဲ့ လေယာဉ်ကဗျာကတော့ အခုလို ဆရီယယ်ဆန်နေပါတယ်။

လေယာဉ် (၆၁)

ခရီးဆောင်အိတ်ကိုဆွဲဖွင့်လိုက်တော့
လျှို့ဝှက်သယ်ဆောင်လာတဲ့လေယာဉ်တွေ
ဖလပ်ဖလပ်နဲ့ ပျံထွက်သွား

ပထမဆုံး လေယာဉ်ကဗျာမှာတော့ ကွန်ဆက်ချူရယ်ဆန်ဆန် အချက်အလက်တွေ ကောက်ယူချရေးထားရုံပါ။

လေယာဉ် (၁)

စင်ကာပူစံတော်ချိန် ၄:၄၅
ဘန်ကောက်စံတော်ချိန် ၃:၅၀
လန်ဒန်စံတော်ချိန် ၈:၅၀
နျူးယောက်စံတော်ချိန် ၃:၅၀
မြန်မာစံတော်ချိန် ၃:၂၅

လင်းဇင်ယော်ဟာ မြိတ်မြို့မှာနေထိုင်တယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်ကနေ စတင်ပြီး မြိတ်မြို့ကနေ အင်တာနက်ထဲကို တင်လိုက်တဲ့ အမှတ်စဉ် ၁ ကနေ ၆၀ ကျော်အထိ ကဗျာတွဲကို မြန်မာပြည် အခြားဒေသတွေမှာသာမက ကမ္ဘာအရပ်ရပ်မှာ နေထိုင်တဲ့ စာဖတ်သူတွေဟာ အင်တာနက်ရှိရင် သူတင်လိုက်တဲ့အချိန်နဲ့ တပြေးညီ အစဉ်မပြတ် ဖတ်ရှုလို့ရတယ်။ ကဗျာတွေမှာ ရေးဟန်ကန့်သတ်မှုမရှိဘူး။ လေယာဉ်ကို ဦးတည်ထားပေမဲ့ အမြင်ထောင့်လည်း ကန့်သတ်မှုမရှိဘူး။ လေယာဉ်ပေါ်မှာ၊ လေယာဉ်အောက်မှာ၊ လေယာဉ်ကွင်းမှာ၊ စိတ်ကူးထဲမှာ၊ ရုပ်ရှင်ထဲမှာ၊ ဖီလော်ဆော်ဖီထဲမှာ၊ နေရာတကာမှာ။ အများစုက ကဗျာတိုတွေဖြစ်တယ်။ တစ်နေရာမှာ တစ်ထိုင်ထဲ ရေးတဲ့ကဗျာတွေ မဟုတ်သလို အားလုံးကို ပြန်လည်ဖတ်ရှု တည်းဖြတ်ပြီးမှ အများဖတ်နိုင်အေင် တပြိုင်နက် ထုတ်ဝေတာမျိုးလည်းမဟုတ်ဘူး။ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်ချင်းကို စဉ်းစားရင်း၊ ပြုလုပ်ရင်း ကျေနပ်တဲ့အခါ မိမိကိုယ်တိုင် facebook status အနေနဲ့ တင်လိုက်ရင်း၊ ဆက်ဆက်ရေးသွားတယ်လို့ ယူဆရတယ်။

မောင်ယုပိုင် ရဲ့ ဒရာမာ နဲ့ ကျွန်းမြို့မှတ်စု ၊ ခင်အောင်အေးရဲ့ ဘီအာ နဲ့ ငှက်ကလေး၊  ဟံလင်းရဲ့ မိသားစု၊ မှုးနေဝန်းရဲ့ လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင်၊ အေဖန့်ဖန့်ရဲ့ ရွှေရောင်လျှာ အစရှိတဲ့ ကဗျာတွဲတွေဟာလည်း ထိုနည်းတူပါပဲ။ ကဗျာဆရာ ခရမ်းပြာထက်လူကတော့ ကဗျာရှည်တစ်ပုဒ်ရဲ့ စာကြောင်းတွေကို facebook status မှာ ခွဲခွဲပြီး တင်ခဲ့တယ်။ ဒါဟာ ဥပမာ အနည်းငယ်သာရှိသေးတယ်။ ယနေ့အင်တာနက်ထဲက ကဗျာဆရာ အများအပြားဟာ စီးရီးစ်တွဲလိုက်ကဗျာတွေ အများအပြား ရေးလာကြတာကို တွေ့ရတယ်။  

အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ခေါင်းစဉ်တူဖြစ်စေ၊ နံပါတ်စဉ်ထိုးလို့ဖြစ်စေ၊ ခေါင်းစဉ်ကွဲနဲ့ဖြစ်စေ ကဗျာတို ကဗျာလတ်တွေ အများအပြား အတွဲလိုက်ရေးသားတာဟာ မြန်မာပြည်မှာရော နိုင်ငံတကာမှာပါ ယခင်ကတည်းကရှိခဲ့ပါတယ်။ မဂ္ဂဇင်း၊စာစောင်တွေထဲမှာ ဆက်တိုက်ဖော်ပြတာတွေရော၊ စာအုပ်အနေနဲ့ စုစည်းထုတ်ဝေတာရော ရှိပါတယ်။ ဒီလိုရေးသားပုံမျိုးဟာ အသစ်အဆန်းမဟုတ်ပါဘူး။ အင်တာနက်ထဲမှာ စီးရီးစ်တွဲ ကဗျာတွေရေးသားတဲ့အခါ ပုံနှိပ်မှာ ဖော်ပြတဲ့ စီးရီးစ်တွဲတွေနဲ့ ဘာကွာသလဲလို့ မေးရင်တော့ ခပ်ပါးပါးသာရှိမယ်။ အဲဒါကတော့ ဖတ်သူရော ရေးသူမှာပါ ပုံနှိပ်မှာ မဖြစ်ပေါ်နိုင်တဲ့ ခံစားနိုင်ခွင့်တွေ ရှိလာနိုင်တာ ဖြစ်တယ်။

အခြေခံအချက်အလက် တစ်ခုအနေနဲ့တော့ အင်တာနက် စာမျက်နှာထဲမှာတော့ နောက်ဆုံးတင်ထားတဲ့ စာပိုဒ်တွေကို အရင်မြင်ရပြီး ရှေ့ကကဗျာတွေကို အောက်ဆင်းပြီး ဖတ်မှ နောက်မှ မြင်ရတယ်။ ဒီတော့ အစဉ်တစ်စိုက်ဖတ်ရှုသူမဟုတ်တဲ့ စာဖတ်သူအသစ်ဟာ ကဗျာစီးရီးစ်တစ်တွဲကို facebook status ကနေ ဖြစ်စေ blog ထဲမှာဖြစ်စေ ဖတ်ရှုတဲ့အခါ နောက်ဆုံးတင်ထားတဲ့ ကဗျာကနေ စဖတ်ဖို့ ဖြစ်လာမယ်။ အစဉ်တစိုက် လိုက်ဖတ်နေသူကတော့ အဟောင်းတွေဟာ အောက်မှာ ကျန်ရစ်ပြီး ကဗျာနံပါတ်စဉ် အသစ်ပေါ်လာတာနဲ့ ချက်ချင်းမြင်နိုင်တဲ့ အကျိုးကိုရမယ်။ တစ်ခါတလေလည်း လူကြိုက်များတာ၊ နောက်ဆုံး like ထား၊ comment ရေးထားတာ၊ tag ထားတာ ဒါတွေပေါ်မှာ မူတည်ပြီး မိမိရဲ့ timeline ပေါ်မှာ အထက်အောက် အစီအစဉ်တွေ ပေါ်ချင်သလို ပေါ်နေနိုင်ပါသေးတယ်။ ပုံနှိပ်ဖော်ပြမှုမှာတော့ အရာရာဟာ အစီအစဉ်တကျဖြစ်တယ်။ ဖတ်ရှုသူက ဖတ်ချင်သလို ရွေးချယ်ဖတ်နိုင်တယ်။

အင်တာနက်ထဲမှာ ကဗျာစီးရီးစ်အသစ်တစ်ပုဒ်ကို issue တစ်ခုပြီးမှ တစ်ခု အချိန်မှန်ထွက်လာတဲ့   ပုံနှိပ်စာစောင်လို တစ်ပတ်၊ တစ်လ တိတိကျကျ စောင့်မျှော်စရာမလိုဘူး။ ဒါပေမဲ့ ဘယ်နေ့ ဘယ်အချိန် ထွက်ပေါ်လာမယ်လို့ အာမဘန္တေလည်းမရှိဘူး။ ကဗျာဆရာပေါ်မှာပဲ မူတည်တယ်။ ကဗျာတစ်ပုဒ်နဲ့ တစ်ပုဒ် အချိန်အကွာအဝေးဟာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလည်း ဖြစ်နိုင်သလို လနဲ့၊ နှစ်နဲ့လည်း ချီကြာသွားနိုင်တယ်။

ကဗျာရေးသူတွေဘက်ကရော အင်တာနက်ထဲမှာ စီးရီးစ်တွဲကဗျာတွေ အများအပြား ပိုရေးလာကြတာ ဘာကြောင့်လဲ။ ဆရာခင်အောင်အေးကတော့ သူ့ကဗျာအတော်များများကို facebook status ပေါ်မှာ တိုက်ရိုက် ချရေးဖြစ်တယ်လို့ဆိုပါတယ်။ သူ့ ကွန်ပျူတာ ထဲမှာတောင်မှ ချက်ချင်း file မသိမ်းဖြစ်ဘဲ တစ်လတန်သည် နှစ်လတန်သည် အချိန်တစ်ခုရောက်မှ status တွေထဲကို ပြန်သွားပြီး file အဖြစ် စုစည်းဖြစ်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ အတွဲလိုက် ကဗျာတွေနဲ့ ပတ်သက်လို့ တစ်ခါတလေလည်း ကဗျာတစ်ပုဒ်ကို စရေးချိန်က မရည်ရွယ်ဘဲ နောက်မှ စီးရီးစ်တွေ ဆက်ရေးဖြစ်တာမျိုး ရှိတယ်လို့ ပြောပါတယ်။ ဥပမာအားဖြင့် ငှက်ကလေးကဗျာတစ်ပုဒ်ကို ပထမဆုံး စရေးပြီးတဲ့အခါ တခြားပုံစံတွေနဲ့ ရေးကြည့်ဦးမှပဲ ဆိုပြီး လေးလုံးစပ်ပုံစံ၊ ဟိုက္ကူပုံစံ စသည်ဖြင့် ရေးကြည့်ပြီး ငှက်ကလေးပေါင်းများစွာ ဆက်လက်ရေးသားဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အင်တာနက်ကိုဖွင့်ပြီး facebook status ပေါ်မှာ လက်ကွက်ကိုအသင့်ပြင်ထားပြီး တစ်ချိန်တည်းမှာပဲ အွန်လိုင်းစာမျက်နှာပေါ် တက်လာတဲ့ အခြားသော ကဗျာရေးသူများရဲ့ ကဗျာတွေကိုလည်း မြင်ရ ဖတ်ရတဲ့အခါ  သူ့အတွက်တော့ ကဗျာတွေရေးဖြစ်အောင် လှုံ့ဆော်ပေးစေတယ် လို့လည်း ဆရာခင်အောင်အေးက ပြောပြခဲ့ပါတယ်။

အင်တာနက်ပေါ်မှာ မြင်ရတဲ့ ကဗျာစီးရီးစ်တွဲတွေနဲ့ ယခင်ပုံနှိပ်မှာ တွေ့နေကျ စီးရီးစ်တွဲတွေ ရေးသားဖတ်ရှုခြင်းဟာ ဘာခြားနားသလဲ၊ အွန်လိုင်းဆိုင်ရာ နည်းပညာတိုးတက်မှုဟာ မြန်မာကဗျာစီးရီးစ်တွဲတွေ အများအပြားပိုရေးဖြစ်အောင် အထောက်အပံ့ ဘယ်လောက်ဖြစ်/မဖြစ် ဆိုတာ အပြင်ပန်း လေ့လာရုံနဲ့ ထင်ထင်ရှားရှား ကောက်ချက်ချနိုင်ဖို့ရာ သိမ်မွေ့လွန်းလှပါတယ်။ ဖတ်သူတွေရော ရေးသူတွေပါ ကူညီစဉ်းစားဖို့ လိုအပ်ပါမယ်။ 

·         ရေးသူဟာ မိမိတစ်ဦးတည်း ဖတ်မဲ့ မှတ်စုစာအုပ်လိုမျိုးမှာ ချရေး သိမ်းဆည်းပြီး နောက်တစ်ပုဒ်ကို ဆက်ရေးတာနဲ့ စာရင် ကွန်ပျူတာရှေ့ထိုင်ကာ တစ်ပုဒ်ပြီး တစ်ပုဒ် ရေးချပြီးလိုက်တိုင်း အများဖတ်ရှုဖို့ မိမိဘာသာ ထုတ်ဝေနိုင်တဲ့အခါ စီးရီးစ်တွဲလိုက် ပိုရေးချင်စိတ်ဖြစ်သလား။   
·         ဖတ်သူရဲ့ တုံ့ပြန်မှု (like, comment, share) စတာတွေဟာ ကဗျာစီးရီးစ်တွဲတွေ ပိုရေးဖြစ်စေသလား။ ဒီလိုမဟုတ်တောင် အနည်းဆုံးတော့ ကဗျာရေးသူဟာ ဖတ်သူဆီကို အင်တာနက်ထဲမှာ ချက်ချင်းအရောက်ပို့နိုင်တယ်လို့ အသိစိတ်နဲ့ ရေးနေတဲ့အခါ စီးရီးစ်လိုက် ဆက်ရေးဖြစ်ဖို့အတွက် စိတ်ကူးဥာဏ် ကွန့်မြူးမှုကို အထောက်အပံ့ဖြစ်သလား။
·         ကဗျာဖတ်သူဟာ ကဗျာစီးရီးစ်တွဲအားလုံးကို အတူတကွ မြင်နိုင်တဲ့ စာအုပ်ထဲမှာ တစ်ရွက်ပြီး တစ်ရွက် လှန်ဖတ်တာနဲ့ အင်တာနက်ထဲမှာ တင်ပြီးသား ကဗျာတွေကို scroll down လုပ်ပြီး ဖတ်ရတာနဲ့ အရသာခြင်း ခြားနားမှုရှိသလား။
·         အင်တာနက်ထဲက ကဗျာစီးရီးတစ်ပုဒ်နဲ့ နောက်အသစ်စီးရီးတစ်ပုဒ်မလာခင် ခြားထားတဲ့၊ ပုံမှန်လည်း ဟုတ်ချင်မှဟုတ်မဲ့ အချိန်နေရာလပ် (irregular space) ဟာ ဖတ်သူနဲ့ ရေးသူတို့အတွက် ပိုမိုစိတ်ဝင်စားမှု၊ ပိုမိုလွတ်လပ်မှု စတဲ့ သက်ရောက်မှုတွေဖြစ်စေသလား။
·         ကဗျာရေးနေရင်းနဲ့ တစ်ချိန်တည်းမှာ အခြားသော ကဗျာရေးသူတွေ၊ ရေးဖော်ရေးဖက်တွေရဲ့ ကဗျာတွေ ကို အင်တာနက်ထဲမှာ မြင်နေရတာ၊  အင်တာနက်ထဲက search engine နဲ့ အကြောင်းအရာတွေကို အလွယ်တကူရှာဖွေနိုင်တာ ဟာ စီးရီးစ်တွဲ ကဗျာတွေရေးဖြစ်ဖို့ လှုံ့ဆော်မှု၊ ကုန်ကြမ်း၊ စတဲ့ တစ်နည်းတစ်ဖုံ အထောက်အပံ့ဖြစ်စေသလား။


ပန်ဒိုရာ
၁၃-၁၅.၅.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အတွဲ ၇ တွင် ဖော်ပြပါရှိပြီး)




Expand..

Tuesday, May 12, 2015

ကဗျာထဲက ယဉ်ကျေးမှုအရ အငြင်းပွားဖွယ် စကားလုံးများ



ကဗျာထဲက ယဉ်ကျေးမှုအရ အငြင်းပွားဖွယ် စကားလုံးများ

အင်တာနက်ထဲမှာ တွေ့ရတဲ့ ကဗျာတွေထဲမှာ သတိထားမိတဲ့ အချက်တစ်ချက်ကတော့ လူမှုဝန်းကျင်ရဲ့ အသားကျနေတဲ့ ထုံးတမ်းစဉ်လာကနေ ခွဲထွက်လာတဲ့ အသုံးအနှုန်းတွေ၊ အယူအဆတွေပဲ ဖြစ်ပါတယ်။ သတင်းစာတွေထဲမှာ ပြောလေ့ရှိတဲ့ စကားအတိုင်းဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်နေတယ်လို့ ဆိုရပါမယ်။ ဂန္ထဝင်ကဗျာယဉ်ကျေးမှု၊ ကဗျာ့ထုံးတမ်းစဉ်လာ၊ ဆန်းကျမ်းတွေနဲ့ တိုင်းတာမယ်ဆိုရင်လည်း ကဗျာရေးတဲ့အခါ  ဒီလို ရေးသားမှုတွေကို စကားလုံးကြမ်းတမ်းတဲ့ ဂါမ္မဒေါသသင့်တယ်လို့ ဆိုကြပါလိမ့်မယ်။

မြန်မာစကားမှာ ယဉ်ကျေးမှု ဆိုတဲ့ ဝေါဟာရကိုက မရှင်းမရှင်း ဖြစ်တတ်ပါတယ်။ polite (ယဉ်ကျေးသိမ်မွေ့တယ်) ဆိုတဲ့ အဓိပ္ပာယ်နဲ့ civilization (ပြောင်းလဲဖြစ်ပေါ်နေတဲ့ သမိုင်းယဉ်ကျေးမှု အလေ့အထ) ဆိုတဲ့ အဓိပ္ပာယ်ကို ရောရောထွေးထွေး ပြောတတ်ကြပါတယ်။ ကဗျာဟာ polite ဖြစ်စရာ မဖြစ်မနေ လိုအပ်ပါသလား။ civilization ဟာ ပြောင်းလဲတတ်တယ်ဆိုရင် ကဗျာ့ civilization ထဲမှာ ဘယ်ဟာက polite ဖြစ်တယ် ဘယ်ဟာက polite မဖြစ်ဘူး ဆိုတဲ့ လူတွေရဲ့ သတ်မှတ်ချက်နဲ့ အယူအဆတွေကရော အမြဲတစေ တသမတ်တည်း ဖြစ်နေနိုင်ပါဦးမလား။ ဒါတွေဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။  ပြောင်းလဲတတ်တဲ့ ယဉ်ကျေးမှုစံ၊ တန်ဖိုးတွေနဲ့ ပတ်သက်လို့ ပြောဆိုရတာ အင်မတန် ခက်ခဲလှပါတယ်။

မသင့်တော်ဘူးလို့ ယူဆကြတဲ့ စကားလုံးတွေကို ပုံနှိပ်မီဒီယာထက် အင်တာနက်ထဲက ကဗျာတွေထဲမှာ အဓိက မြင်တွေ့လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုက လွတ်လပ်မှုနဲ့ဆိုင်ပါတယ်။ ဒီလို ရေးသားလာကြတာ ယနေ့ခေတ်မှ လို့တော့ တပ်အပ်ပြောရတာ ခက်ပါတယ်။ ပုံနှိပ်မီဒီယာမှာရေးကြတဲ့ ကဗျာဆရာတွေထဲမှာလည်း ယခင်ကတည်းက ဒီလို ရေးသားခဲ့ကြတာမျိုး ရှိနိုင်ပေမဲ့ အများပြည်သူ ဖတ်ရှုနိုင်တဲ့ နေရာတွေမှာ မြင်တွေ့ခွင့်ရဖို့တော့ ခက်ခဲပါတယ်။ (၁) စိစစ်ရေးကြောင့်ပါ။ (၂) အယ်ဒီတာတွေရှိလို့ပါ။ အခုအချိန်ကာလမှာတော့ စိစစ်ရေး မရှိတော့ပေမဲ့ အယ်ဒီတာတွေ ရှိနေပါသေးတယ်။ လူမှုဝန်းကျင်အတွက် အငြင်းပွားဖွယ် အရေးအသားတွေနဲ့ ကဗျာတစ်ပုဒ်ကို ပုံနှိပ်စာစောင်ပေါ်ကို ဖြတ်သန်းပေးဖို့ အယ်ဒီတာ့အနေနဲ့ ခက်ခဲနေဦးမှာပါ။ 

ဒီနေရာမှာ ကဗျာရည်ရွယ်ချက်က အရေးကြီးတယ်လို့ ယူဆပါတယ်။ ဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရအောင် တမင်ရေးသားကြတယ်၊ တစ်ယောက်ရေးလို့ အားကျမခံ လိုက်ရေးတယ်လို့ ထင်မြင်စရာတွေလည်း အများကြီး ရှိပါတယ်။ တချို့က တီထွင်စမ်းသပ်မှု ကဗျာ့နည်းစနစ်ဆိုင်ရာ၊ ကဗျာဝါဒဆိုင်ရာကြောင့် ရေးသားကြတာဖြစ်နိုင်ပါတယ်။ အမေရိကန် flarf ကဗျာဆရာမ နာဒါဂေါဒင်က ကဗျာထဲကို ထည့်ရေးဖို့ မသင့်တော်ဘူး လို့ ယူဆကြတဲ့ စကားလုံးတွေကို သူတို့ရဲ့ flarf ကဗျာတွေမှာ တမင် ထည့်ရေးလေ့ရှိတယ်လို့ ၂၀၁၂ ခုနှစ်က မြန်မာပြည်ကို သူအလည်လာခဲ့စဉ် ကျင်းပတဲ့ ကဗျာ workshop မှာ ပြောပြသွားခဲ့ပါတယ်။ flarf ကဗျာကို လိုက်စားကြတဲ့ PEM Skool က ကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာ ဒီလို စကားလုံးတွေ တွေ့နိုင်ပါတယ်။ တချို့က သဘာဝကျအောင် လိုအပ်တယ် ထင်လို့ ရေးသားကြတာ ဖြစ်နိုင်ပါတယ်။ facebook ခေတ်မစားခင် blog တွေထဲမှာ ကဗျာဆရာ မြေမှုန်လွင်ရဲ့သဘောပေါက်တဲ့အခါ ရီဝေမှုတွေနဲ့ မျှော်နေမှာပေါ့”  ဆိုတဲ့ ကဗျာတစ်ပုဒ်ကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ဧရာဝတီစာပေပွဲက ဆွေးနွေးပွဲတစ်ခုမှာတော့ ဆရာမြေမှုန်လွင်က သူ့ရဲ့ရေးသားမှုတွေဟာ တကယ်တော့ realism တွေဖြစ်ကြောင်း၊ လူငယ်တွေရဲ့ အပြင်လက်တွေ့လောကမှာ ပြောဆိုနေကြတဲ့ အသုံးအနှုန်းတွေ၊ ဖြစ်ပျက်နေကြတဲ့ အဖြစ်အပျက်တွေကို သူက အရှိအတိုင်း ပြန်ပြောပြခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ ပွင့်လင်းရဲတင်းတဲ့ အသုံးအနှုန်းတွေ၊ အရိုအသေ ကင်းမဲ့တယ်လို့ ယဉ်ကျေးမှုအရ သတ်မှတ်ကြတဲ့ ပြောဆိုမှုတွေ၊ ဆဲရေးတယ်လို့ သတ်မှတ်ထားတဲ့ စကားလုံးမျိုးတွေကို  အင်တာနက်ထဲက ကဗျာအချို့မှာ တွေ့မြင်နေရပါတယ်။ လူငယ်အမျိုးသားတွေသာမက လူငယ်အမျိုးသမီးတွေပါ ဒီလို ရေးသားနေတာကလည်း အထူးအဆန်း မဟုတ်တော့ပါဘူး။ ကဗျာဆရာမ ချိုပိန်းနောင်ရဲ့ ကဗျာတစ်ပုဒ်ကို တင်ပြလိုက်ပါတယ်။

အမေဟာ စောက်ဆန်းကြီး

အမေဟာ တစ်နှစ်မှာ တစ်ခါလောက်ကျမတို့ကို စောက်ဆန်းကြီးတွေ လုပ်လုပ်ပြတယ်
လုပ်ပြတိုင်းလည်း ကျမတို့ ထင်မထားတဲ့ရက် ထင်မထားတဲ့ အချိန်တွေမှာချည့်ပဲ
အခုလည်း လွန်ခဲ့တဲ့ ၈ ညက ကျမကဗျာစာအုပ်တစ်အုပ်လက်ဆောင်ရလာတယ်
တစ်ခါမှ ကဗျာမဖတ်တဲ့ အမေက ပြစမ်းဆိုပြီး စာအုပ်လာလှန်တယ်
ကျမပြလိုက်တော့ ငါဝယ်မယ်ဆိုပြီး ပိုက်ဆံပေးသွားတယ်
ကျမမှာ စောက်ဆန်းကြီးဖြစ်လို့
နောက်ရက်တွေမှာ သူနဲ့အတူအိပ်နေကျ အဖေနဲ့ မအိပ်တော့ဘူးဆိုပြီး အဖေ့ကို ကုတင်ပေါ်က မောင်းချတယ်
အဖေက စောက်ဆန်းကြီးဖြစ်ပြီး အပြင်ကို ထွက်အိပ်တယ်
အမေက နှစ်ယောက်အိပ်ကုတင်ပေါ်မှာ အကျအနမှောက်
ဘေးက မှန်အိမ်ကို မီးစာအဆုံးထိမြှင့်ပြီး
ကဗျာစာအုပ်ကို ကောက်ဖတ်တယ်
ဖတ်ရင်း ဖတ်ရင်း တစ်ခါတစ်လေ အင်း အင်းဆိုပြီး သူ့ဟာသူ စာအုပ်ကို ခေါင်းတွေညိတ်ပြတယ်
သုံးလေးရက် ဒီတိုင်းလုပ်နေတယ်
ကျမက တံခါးကြားက ခိုးကြည့်နေတော့ သူဘာလုပ်လဲမြင်ရတယ်
တစ်မနက်ကျ ဒီစာအုပ်ထဲ နင့်ကဗျာတွေပါတယ် ဒီလိုမှန်းသိ ငါမ၀ယ်ပါဘူးဆိုပြီး အတင်းလာပြန်ပေးတယ်
ကျမပြန်ပေးလိုက်တော့ အင်တင်တင်နဲ့ ပြန်ယူသွားတယ်
နေ့လယ်စာ စားပြီးတော့ သူကျမကိုလာပြောတယ်
“ဒီကဗျာစာအုပ်ထဲက ကဗျာဆရာတွေလက်မှတ်ငါလိုချင်တယ်”
ကျမနဲ့ သိပ်မသိတဲ့ ကဗျာဆရာတွေဆီ ကျမသွားတယ်
လက်မှတ်လေးထိုးပေးပါလို့ သွားတောင်းဆိုတယ်
အားလုံး ကြည်ကြည်သာသာလက်မှတ်ထိုးပေးကြတယ်
ဒီမှာ လက်မှတ်တွေပါလာပြီ လာကြည့်စမ်းလို့ အိမ်ရောက်ရင် ပြောလိုက်မယ်လို့ ၀မ်းသာပြီး ကျမအားခဲလာတယ်
သူဝမ်းသာသွားမှာပဲ
အိမ်ပြန်ရောက်တော့ ဒီမှာလက်မှတ်တွေပါလာပြီ လာကြည့်စမ်းလို့ ကျမသူ့ကိုပြောလိုက်တယ်
အေး ဒီမှာချထား
ကျမ သူ့ကိုကြည့်ပြီး သူပြောတဲ့နေရာမှာ စာအုပ်ချထားပေးလိုက်တယ်
အဲဒီညက သူအလုပ်များတယ်
ကျမကလည်း ညဘက်အိမ်ပြန်မအိပ်ဘူး
နောက်ရက်တွေလည်း ကျမအိမ်ပြန်မအိပ်ဖြစ်ဘူး
သူ့သတင်းကိုလည်း ကျမ မကြားဘူး
နောက်ရက် ကျမအိမ်ပြန်တယ်
ကဗျာစာအုပ်ကို ကျမမေ့နေတယ်
ညဘက်ရောက်မှ အမေမှန်အိမ်ကိုင်နေမှ သတိရပြီး သူ့ကို မေးလိုက်တယ်
အမေ ကဗျာစာအုပ်ရော
သူက ပြန်ပြောတယ်
အေး ငါမေ့နေတာ ရှိတယ် ဟုတ်တယ် ဟုတ်တယ်
ဆိုပြီး ကဗျာစာအုပ်ကို မီးဖိုချောင်ထဲက သွားဆွဲထုတ်လာပြီး အနောက်ဖက်ထွက်သွားတယ်
ကျမ သူဘာလုပ်မလဲသိရအောင် သူ့နောက်လိုက်သွားတယ်
အိမ်နောက်က မြေကွက်လပ်မှာ သူစာအုပ်ကိုချတယ်

လေတိုက်နေတော့ စာရွက်တွေက တဖျတ်ဖျတ်လန်နေတယ်
ကဗျာဆရာတွေရဲ့ လက်မှတ်မည်းမည်းတွေကို လရောင်အောက်မှာ မည်းမည်းမြင်ရတယ်
စာအုပ်ကိုကြည့်နေတော့ သူ့လက်ထဲက ရာဘာတုံးလေးနဲ့ မီးခြစ်ကို သတိမထားမိဘူး
  
အမေဟာ စတင်မီးရှို့တော့တာပဲ
ကျမ သူ့ကိုကြည့်နေတယ်
သူ ကျမကိုပြန်ကြည့်တယ်

ပြီးတော့ စာအုပ်တကယ်ပြာကျ မကျ ပြန်ကြည့်တယ်
ပြာကျသွားတော့ မီးလောင်စာတွေကို ရေနဲ့ပြန်ပက်တယ်
ငါ့စာအုပ်လေး နှမြောစရာလို့ သူရွတ်တယ်
ဂွတ်နိုက်လို့ သူပြောတယ်
ငါမနက် အလုပ်သွားရဦးမယ်
အမေဟာ ဒီအချိန်ဆို တရှူးရှူးအိပ်ပျော်နေမှာပဲ
အမေဟာတကယ်
စောက်ဆန်းကြီးပဲ။         ။

ချိုပိန်းနောင်
(3/28/15) (Saturday) (11:16 PM)
(Thanks Mom. I inspired you! )

ရိုးရှင်းတဲ့ ဖွဲ့စည်းပုံနဲ့ ရေးထားတဲ့ ချိုပိန်းနောင်ရဲ့ ကဗျာမှာ အဓိက ဆန်းပြား အငြင်းပွားဖွယ် အချက်ကတော့ အနန္တဂိုဏ်းဝင်လို့ မြန်မာ့ထုံးတမ်းစဉ်လာအရ၊ အထူးသဖြင့် ဗုဒ္ဓဘာသာအရ သတ်မှတ်ထားတဲ့ မိခင်ကို ဆဲရေးတဲ့စကားလုံးလို့ သတ်မှတ်ကြမဲ့ ဘန်းစကားတစ်ခုနဲ့ ယှဉ်တွဲထားတာပါပဲ။ ရှေ့မှာ ဖော်ပြခဲ့သလို ကဗျာ့ရည်ရွယ်ချက်က အရေးကြီးပါမယ်။ ကဗျာပါ အကြောင်းအရာဟာ တကယ့်အဖြစ်အပျက်နဲ့ ဆက်စပ်နေပါတယ်။ သိရသလောက် ချိုပိန်းနောင်ရဲ့ အမေဟာ ကဗျာစာအုပ်ကို ဖတ်တာ၊ ကဗျာဆရာတွေကို လက်မှတ်ထိုးခိုင်းတာ တကယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကဗျာတစ်ပုဒ်လုံးကို အတည်ယူဖို့ကတော့ ခက်ပါတယ်။ ယနေ့ခေတ်မှာ မသုံးတော့တဲ့ မှန်အိမ်နဲ့ စာဖတ်တယ် ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကို သတိပြုမိတဲ့အခါ၊ အမေက စာအုပ်ကို မီးရှို့တယ်ဆိုတာကလည်း တကယ် ဖြစ်ခဲ့တာ ဟုတ်မဟုတ်၊ ဒါဆိုရင် ကဗျာထဲမှာ မိခင်ကို မလေးစားတဲ့ ရည်ရွယ်ချက်နဲ့ အငြင်းပွားဖွယ် ဝေါဟာရကို သုံးလိုက်တာရော ဟုတ်ပါ့မလား၊ ဆရာမြေမှုန်လွင်ပြောခဲ့သလို ဒီဝေါဟာရဟာ ယနေ့ခေတ် လူငယ်တို့ကြားမှာ သာမန်အသုံးတစ်ခုမို့ ပြောဆိုနေကျ သဘာဝအတိုင်း ထည့်သွင်းထားသလား ဆိုတာကို စဉ်းစားစေပါတယ်။ တကယ်လို့ ဆဲရေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တယ်ဆိုရင်ရော၊ ဒါဆိုရင် လူငယ်တွေရဲ့ စံတန်ဖိုးတွေကို နားလည်ဖို့ လိုအပ်လာပါပြီ။ 

မူဝါဒရေးဆွဲသူတွေ၊ ယဉ်ကျေးမှု ထိန်းသိမ်းသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒါမှမဟုတ် ခေတ်သစ်အဖွဲ့အစည်းကို အားပေးလိုသူတွေ၊ တီထွင်ဆန်းသစ်လိုသူတွေ၊ အမျိုးမျိုးသော ဝါဒရေးရာတွေအတွက်တော့ ဒီတွေ့ရှိချက်အပေါ်မှာ ကဲ့ရဲ့ခြင်း၊ တားမြစ်ခြင်း၊ တိုက်တွန်းခြင်း၊ ချီးကျုးခြင်း စသည်ဖြင့် ဘက် တစ်ဘက်ဘက်ကနေ တစ်ခုခု အရေးယူဆောင်ရွက်ကောင်း ဆောင်ရွက်ပါလိမ့်မယ်။ လေ့လာသူအတွက်ကတော့ ဒီလို အရေးအသားတွေနဲ့ ပတ်သက်လို့ တွေ့ရှိချက်ကို အင်တာနက်ထဲက ကဗျာအချို့ရဲ့ စရိုက်လက္ခဏာ အချက်အလက်တစ်ခုအဖြစ် မှတ်သားရုံသာ ဖြစ်ပါတယ်။ 

ပန်ဒိုရာ
၁၄.၄.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အမှတ် ၅ တွင် ဖော်ပြပါရှိပြီး)

Expand..

Thursday, March 19, 2015

ကဗျာတွင် ပြောသူနာမ်စား၏အရေးပါမှု နှင့် ကဗျာရေးသူကိုဖတ်ရှုခြင်း

ကဗျာတွင် ပြောသူနာမ်စား၏အရေးပါမှု နှင့် ကဗျာရေးသူကိုဖတ်ရှုခြင်း



အင်တာနက်ထဲမှာ တွေ့ရတဲ့ စာတွေကဗျာတွေရဲ့ ဝိသေသတစ်ခုကတော့ စာဖတ်သူတွေဟာ သိလျက်နဲ့ဖြစ်စေ မသိလိုက် မသိဘာသာဖြစ်စေ စာကိုသာမက စာရေးသားသူကိုပါ အစဉ်တစိုက် လိုက်လံဖတ်ရှုကြတာ ဖြစ်တယ်။ ဒီလိုဖြစ်ရခြင်းဟာ ပုံနှိပ်စာပေနဲ့မတူတဲ့ အင်တာနက်ရဲ့ အပြန်အလှန် တုန့်ပြန်နိုင်စွမ်းမြန်ဆန်မှု ကြောင့် ဖြစ်ပါတယ်။ (ဒါဟာ အတွေ့အကြုံအရ သတိပြုမိခြင်းသာဖြစ်လို့ အတည်ပြုဖို့ သီအိုရီ ကိုးကားရတာတော့ ခက်ခဲပါတယ်။ ပြန်လည် ငြင်းချက်ထုတ်လိုကလည်း ထုတ်နိုင်ကြပါတယ်။) စာရေးသူကို လိုက်လံဖတ်ရှုတဲ့နေရာမှာ စာ၊ကဗျာရဲ့ ဆွဲဆောင်နိုင်စွမ်းတစ်ခုဖြစ်တဲ့ ပုဂ္ဂလိကဆန်မှု ဟာ အရေးပါလာတယ်။ လူတွေရဲ့ စူးစမ်းတတ်တဲ့ သဘာဝအရ ရေးသူဟာ ဘယ်လိုလူမျိုးလဲ၊ ဒီနေ့ ဘယ်လိုစိတ်အခြေအနေရှိသလဲ၊ မနက်ဖြန် ဘာဇာတ်လမ်းကိုပြောပြမလဲ ဆိုတာမျိုးကို စိတ်ဝင်စားလေ့ရှိပါတယ်။ ဒါကြောင့်လည်း နိုင်ငံအသီးသီးမှာ နာမည်အကြီးဆုံး ဘလော်ဂါလို့ ပြောလိုက်ရင် မိမိရဲ့ ပုဂ္ဂလိကဘဝအတွေ့အကြုံတွေကို နေ့စဉ်မပြတ် update လုပ်နေတဲ့ ဘလော့ဂ်မျိုးတွေဟာ ထိပ်တန်းမှာ ရောက်နေတာဖြစ်တယ်။

ကဗျာအနုပညာဖက်ကို ဗဟိုပြုပြီး လေ့လာရမယ်ဆိုရင်တော့ ဒီကနေ့ အင်တာနက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့မြင်ရတဲ့ ကဗျာရေးသူတွေထဲမှာ Minerva Jupiter ဆိုတဲ့ account ပိုင်ရှင် မီနားဗား ရဲ့ ကဗျာတွေအကြောင်း စူးစမ်းချင်ပါတယ်။ မီနားဗား ဆိုတဲ့ အမည်ကတော့ ရောမနတ်သမီးတစ်ဦးရဲ့ အမည်ဖြစ်ပြီး အမျိုးသမီးကိုယ်စားပြု နာမည်တစ်ခုဖြစ်ပါတယ်။  မီနားဗားရဲ့ ကဗျာတွေမှာ  စီးဆင်းမှုလေသံ အေးဆေးပုံ၊ ခံစားချက် အရောင်ပါပုံ၊ မိမိနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြနေပုံတွေက confessional ဆန်တဲ့ အပိုင်းတွေဖြစ်ပါတယ်။ ပြောသူနာမ်စားကို မကြာခဏ အသုံးပြုကာ ခံစားချက်တွေ၊ မိမိရဲ့ပုဂ္ဂလိကဘဝ အတွေ့အကြုံတွေကို အခြေပြု ရေးသားတဲ့ ကဗျာမျိုးကို confessional poetry လို့ခေါ်ပြီး အမေရိကန်ကဗျာမှာ ၁၉၅၀၊ ၆၀ ခုနှစ်တွေလောက်က စတင်ခေတ်စားခဲ့ပါတယ်။ မီနားဗားဟာ အမျိုးသမီးတစ်ဦးရဲ့ ပုဂ္ဂလကိုယ်ပိုင်နာမ်စား တစ်ခုဖြစ်တဲ့ ကျွန်မ (သူ့ရဲ့ စာလုံးပေါင်းအရတော့ “ကျမ”) ဆိုတာကို ကဗျာတိုင်းလိုလိုမှာ ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာ သူ့ကဗျာတွေရဲ့ ထူးခြားတဲ့ တသမတ်တည်း ပုဂ္ဂလိကဆန်မှု ဖြစ်တယ်။ ဒါဟာ ဘာကြောင့်လဲ။ စာဖတ်သူတွေများအောင် အမျိုးသမီးတစ်ဦးအနေနဲ့ ဆွဲဆောင်ဖို့ ဆိုတဲ့ အပေါ်ယံ ယူဆချက်မျိုးထက် ပိုလေးနက်တဲ့ လေ့လာမှုမျိုးကိုပဲ စိတ်ဝင်စားပါတယ်။

ခေတ်သစ်အင်္ဂလိပ်ဘာသာစကားမှာ မိမိကိုယ်ကို ရည်ညွှန်းတဲ့ နာမ်စားတွေဟာ ကတ္တားပုဒ်နေရာမှာ I နဲ့ We ဆိုပြီး ပုဂ္ဂလနဲ့ အများပိုင် နှစ်မျိုးရှိပေမဲ့ မြန်မာစာမှာ ပိုမိုရှုပ်ထွေး စုံလင်တယ်။ ကျားမဖြစ်တည်မှု၊ လေသံ၊ လူမှုအဆင့်အတန်း၊ အသက်အရွယ်၊ ရင်းနှီးမှု အစရှိတဲ့ အခြေအနေတွေ အပေါ်မူတည်ပြီး ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျွနု်ပ်၊ ကျုပ်၊ မိမိ၊ ကိုယ်၊ ငါတို့၊ ကျွန်တော်တို့၊ ကျွန်မတို့၊ ကျွန်ုပ်တို့၊ ကျုပ်တို့၊ မိမိတို့၊ ကိုယ်တို့ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ နေ့စဉ်သုံးစကားတွေထဲမှာ သူများက၊ ခင်က၊ မောင်က၊ သားက၊ သမီးက ၊ ဘုန်းကြီးက စတာတွေ နာမည်အတိုကောက်တွေ သုံးစွဲကြတာလည်း ရှိတယ်။ ကြားနာသူနာမ်စားတွေဟာလည်း ပြောသူနာမ်စားနဲ့ ဆက်စပ်ပြီး လိုက်လျောညီထွေစွာ ကွဲပြားပါတယ်။ အဲဒီလို မတူညီတဲ့သုံးစွဲမှုတိုင်းရဲ့ နောက်ကွယ်မှာ ကွဲပြားတဲ့ အဓိပ္ပာယ်၊ အနှစ်သာရ၊ ဆက်နွယ်မှု တစ်ခုခုရှိနေပါတယ်။

ပုဂ္ဂလနာမ်စားသုံးခြင်းဟာ ရေးသူက ဖတ်သူနဲ့ ဆက်သွယ်မှု ပြုလုပ်ပြီး ဖတ်သူကို အဓိကထား ချိန်ရွယ်ပြောပြသလို ပိုဖြစ်စေပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ I ကို ထည့်စရာမလိုပဲ ရေးသားလို့ ရတဲ့ဝါကျတည်ဆောက်ပုံတွေ ရှိသလို မြန်မာဘာသာစကားမှာ ပြောသူကတ္တားပုဒ် မပါဘဲ အဓိပ္ပာယ်ရှိ ပြီးပြည့်စုံတဲ့ ဝါကျတွေ အများကြီးရေးလို့ရပါတယ်။ ဒါကြောင့် ပြောသူနာမ်စားကို ကတ္တားနေရာမှာ ထည့်မယ်ဆိုရင် မဖြစ်မနေမဟုတ်ဘဲ ရေးသူရဲ့ ရွေးချယ်မှုတစ်ရပ်လို့ ပြောလို့ရပါတယ်။ အနုပညာမြောက် အဖွဲ့အနွဲ့တစ်ခု ရေးသားတဲ့နေရာမှာ အဲဒီကတ္တားကို ရွေးချယ် သုံးစွဲလိုက်တဲ့အခါ အနုပညာဆိုင်ရာ ရည်ရွယ်ချက်တစ်ခုခု ရှိမယ်လို့ ခန့်မှန်းရတယ်။

မြန်မာဘာသာစကားရဲ့ နာမ်စားနဲ့ပတ်သက်တဲ့ ချဲ့ထွင်ဖွဲ့နွဲ့နိုင်မှုဟာ လေ့လာစရာကောင်းတဲ့ အချက်တစ်ချက်ကို ပေးစွမ်းလာပါတယ်။
အနုပညာလက်ရာတစ်ခု ရေးသားတဲ့အခါ ရေးသူဟာ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ၊ ကျားမ မထင်ရှားသူဖြစ်စေ၊ ပြောသူနာမ်စားကို မိမိနှစ်သက်သလို မိမိရဲ့ ရည်ရွယ်ချက်အတိုင်း ရေးသားနိုင်တာက ရေးသူရဲ့ အခွင့်အရေးပါ။ ယခုလေ့လာမှုမှာ ကဗျာရေးသူမီနားဗားရဲ့ ကဗျာတွေကို ဖတ်မိတဲ့အခါ  - အမျိုးသမီးတစ်ဦးရဲ့ အကြောင်းအရာတွေလား။ အမျိုးသမီးတစ်ဦးရဲ့ ခံစားချက်တွေလား။ အမျိုးသမီးကိုယ်စားပြုတဲ့အတွက် ကဗျာရဲ့ လေသံနဲ့ အကြောင်းအရာမှာ ဘာထူးခြားသွားသလဲ။ ကျွန်မဆိုတဲ့ နေရာတွေမှာ ကျွန်မကို ဖြုတ်ပြီး ကျွန်တော် ဖြစ်ဖြစ် ငါ ဖြစ်ဖြစ် ဘာမှမထည့်ဘဲ ဖြစ်ဖြစ် ပြင်ဆင် ဖတ်ကြည့်ရင် ကဗျာအရသာ အနှစ်သာရ ဘာတွေပြောင်းလဲသွားမလဲ။ - လို့ မေးခွန်းတွေ ထုတ်ကြည့်မယ်ဆိုရင်တော့ ဖတ်ရှုသူရဲ့ လွတ်လပ်စွာ စိတ်ဝင်စားနိုင်ခွင့် ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ကျွန်ုပ်၊ မိမိ ဆိုတဲ့ အသုံးတွေက ကျားမ မကွဲပြားတဲ့ ထုံးတမ်းစဉ်လာ အခန့်သုံး ဖြစ်တယ်။ ငါ ဆိုရင် ရိုင်းတယ်လို့ ယူဆတာလည်းရှိတယ်။ ရင်းနှီးတဲ့ အရိပ်အယောင်ပါတယ်။ ကျားမမခွဲခြားတဲ့ အသုံးဖြစ်တယ်။ မိမိကိုယ်ကိုမိမိ တိုင်တည်ပြောဆိုတဲ့အခါ ငါ ကို သုံးတာနဲ့ ဆီလျော်တယ်။ ပြင်းထန်လေးနက်တဲ့ အကြောင်းအရာတွေကို ရေးရင် ကျွန်ုပ် တို့ ငါ တို့ သုံးရင် ပိုပြီး မာန်ပါတယ်။ ကျွန်တော် ကျွန်မ အသုံးကို ပိုယဉ်ကျေးတယ်လို့ သတ်မှတ်ကြတဲ့အတွက် ပရိသတ် ဒါမှမဟုတ် အခြားတစ်ယောက်ကို တိုင်တည်ပြောဆိုတဲ့အခါမှာတော့ ကျွန်တော် ကျွန်မ က ပိုလိုက်ဖက်ဟန်ရှိတယ်။

မြန်မာစကားရဲ့ ရှုပ်ထွေးမှုမှာ နိုင်ငံရေးဆန်နေတဲ့ အချက်တစ်ချက်ကတော့ စာလုံးပေါင်းသတ်ပုံဖြစ်တယ်။ ကျွန်တော် ကျွန်မ ဆိုတဲ့ အသုံးအနှုန်းပေါ်မှာ အယူအဆတစ်ရပ်ကြောင့် ကျနော် ကျမ လို့ ရွေးချယ်သုံးစွဲတဲ့ မျိုးဆက်တစ်ဆက်ရှိတယ်။ တစ် လို့စာလုံးပေါင်းရမယ်ဆိုတဲ့ ရေတွက်ပုံတွေကို တ လို့ပဲ ဆက်ပေါင်းကြသူတွေရှိတယ်။ ဒီအယူအဆကို ယနေ့ခေတ်ပြိုင်လူငယ်တွေထဲမှာတော့ သိပ်မတွေ့ရပါ။ ကျမ ဆိုတဲ့ စာလုံးပေါင်းပုံနဲ့ သပ်ရပ်တိကျတဲ့ လက်ရာတွေဟာ ကဗျာရေးသူရဲ့ သက်လတ်ပိုင်းအတွေ့အကြုံနဲ့ ခိုင်မာတဲ့ကဗျာရေးသက်တန်းကို ညွှန်ပြနေတယ်။

စာမျက်နှာအကန့်အသတ်ကြောင့် မီနားဗားရဲ့ ကဗျာတွေကို အသေးစိတ် ကောက်နုတ် လေ့လာချက်တွေ အများအပြား မဖော်ပြတော့ပါ။ မီနားဗားဟာ လေသံတူပေမဲ့ အကြောင်းအရာ၊ တင်ပြပုံ၊ သုံးစွဲတဲ့စကားလုံးတွေ မထပ်ဘဲ လှပစုံလင်တဲ့  ကဗျာအများအပြားကို အချိန်တိုအတွင်းမှာ ရေးခဲ့တယ်။ “ကျမ” “ကျမတို့” ဆိုတဲ့ အသုံးကြောင့် မီနားဗားရဲ့ကဗျာတွေကို ဖတ်တဲ့အခါ စီးဆင်းမှု ပျော့ပြောင်းညင်သာတဲ့ အရသာကို ခံစားရတယ်။ ဖတ်သူအနေနဲ့ အမျိုးသမီးတစ်ဦးရဲ့ ခံစားချက် ဆိုတာကို အာရုံထဲရှိနေတဲ့အခါ  ရေးသူပြောချင်တဲ့ သတင်းအချက်အလက်တွေ ဖွဲ့နွဲ့မှုတွေ အိုင်ဒီယာတွေကို နားဝင်အောင် ဖြည်းဖြည်း ပြောပြနေသလို ပိုဖြစ်တယ်။ တချို့ကဗျာတွေဟာ အမျိုးသမီး အကြောင်းအရာဆန်တယ် ဥပမာ “တောင်နဲ့မြူ”၊ “နှင်းလူ” ။ ဒါပေမဲ့ အများစုကတော့ အမျိုးသမီးရဲ့တင်ပြချက် ဖြစ်စရာ တကူးတက မလိုအပ်တဲ့ အတွေးအခေါ်တွေ၊ တင်စားချက်တွေ ဖြစ်တယ်။ တချို့ကဗျာတွေမှာတော့  ပြောသူနာမ်စားကို မထည့်လည်း ရနိုင်လောက်တယ်။ ဥပမာ “မြို့သစ်” ဆိုတဲ့ ကဗျာမှာ ပြောသူနာမ်စား မပါဘဲ တလျှောက်လုံးမှာ မြို့သစ်ရဲ့အကြောင်းတွေကို ဗဟိုပြု ဖွဲ့ဆိုလာပြီး နောက်ဆုံးဝါကျ ရောက်ခါမှ “ကျမစိတ်ထဲဝါးတားတားပဲ” လို့ ထည့်ဖြစ်အောင်ထည့်လိုက်တယ်။ ဒီနေရာမှာ ကျမ ဆိုတဲ့ နာမ်စားမပါဘဲ “စိတ်ထဲဝါးတားတားပဲ” လို့ပြောလိုက်ရင်လည်း ဒါက ကဗျာရေးသူရဲ့စိတ်ထဲ လို့ ဆိုလိုမှန်း နားလည်နိုင်လောက်တဲ့ ဝါကျတည်ဆောက်ပုံဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် Minerva Jupiter ရဲ့ ကဗျာတွေ ဆက်တိုက်စီးဆင်းလာမှုဟာ စောင့်ဖတ်သူတွေအဖို့ စိတ်ဝင်စားစရာကောင်းတယ်။ “ကျမ” ဆိုတဲ့ နာမ်စားဟာ သူ့ကဗျာတွေမှာ အထူးပံ့ပိုးနေတာ ထင်ရှားတယ်။ အခြားသော ရှာဖွေတွေ့ရှိမှုတွေလည်း ရှိနိုင်ပါသေးတယ်။ - မီနားဗားရဲ့ “ကျမ” ဟာ ရေးဟန်တစ်ခု တည်ဆောက်ရုံသက်သက်ပဲလား။ ရေးသူဟာ အမျိုးသမီးတစ်ယောက်ရဲ့ အသံ ဆိုတာကို ဖတ်သူကို မပြတ် သတိပေးချင် သတင်းပို့ချင် နေရုံပဲလား။ အဲဒါဟာ ကဗျာတည်ဆောက်မှုမှာ ဘယ်လို ပိုအရေးပါသွားမလဲ။ တမင်တကာ ရွေးချယ်ထားတဲ့ ပြောသူနာမ်စားကို ရေးသူဟာ ဘယ်လိုရည်ရွယ်ချက် (ကဗျာဆိုင်ရာရည်ရွယ်ချက်) ကြောင့် ကဗျာထဲမှာ တကူးတက ထည့်သွင်းသလဲ။ တစ်ဖက်ကလည်း ကဗျာရေးသူက ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အဲဒီလိုထည့်လိုက်တဲ့အတွက် ကဗျာရဲ့ လေသံ၊ ပေးချင်သောအချက်အလက်၊ နောက်ဆက်တွဲ အနက်ဂယက် စတာတွေအပေါ် ဘယ်လိုထင်ဟပ်ခဲ့သလဲ - ဆိုတာတွေဟာ မြန်မာဘာသာစကားနဲ့ မြန်မာကဗျာအတွက် စိတ်ဝင်စားစရာ လေ့လာချင်စရာကောင်းတဲ့ အချက်တွေလို့ ထင်မြင်မိတဲ့အတွက် ကဗျာလေ့လာသူတွေ ဆက်လက်တွေးတောနိုင်အောင် တင်ပြလိုက်ပါတယ်။

ရည်ညွန်း။ ။ မီနားဗား၏ စာမျက်နှာ link  https://www.facebook.com/profile.php?id=100008148947868&fref=ts

ပန်ဒိုရာ
၂-၇.၃.၂၀၁၅

(နှင်းဆီဖြူဂျာနယ် အတွဲ၁ အမှတ် ၃ တွင် ဖော်ပြပါရှိ)

Expand..