Friday, July 30, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၅

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၂ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၃ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၄ သို့

ဘဲငန်းလေးတွေ အများကြီးဆိုတော့ နာမည်ကို အကုန်လိုက်မှည့်ဖို့တော့ မဖြစ်နိုင်တော့ဘူး။ ညီမလေးက ဥကပေါက်ပေါက်ချင်း ဘဲငန်းလေးတွေကို အရောင်ကြည့်ပြီး “၀ါနှစ်”၊ “၀ါနု”၊ “၀ါဖျော”့ အဲဒီလို ခေါ်လေ့ရှိပါတယ်။ အဲဒီကောင်လေးတွေ အမွှေးအတောင်ကြမ်းတွေ ပေါက်လာတဲ့အရွယ် ရောက်လာတော့ ဘယ်ကောင်က ဘယ်ကောင်မှန်း မခွဲနိုင်တော့ဘူး။ တစ်ကောင်ချင်း လည်ပတ် နဲ့ ပတ်ပြီး မှတ်ထားတာမျိုးလည်း မဖြစ်နိုင်ဘဲကိုး။

ထူးထူးခြားခြား နာမည်ရသွားတဲ့ ဘဲငန်းလေး နှစ်ကောင်တော့ရှိတယ်။ တစ်ကောင်က “တောင်ပံကား” တဲ့။ သူက အတောင်မာတွေ ပေါက်လာချိန် ရောက်တော့ အတောင်တွေ ကိုယ်မှာစုသိမ်းထားတဲ့ အခါ သူများတွေလို သပ်သပ်ရပ်ရပ် ၀င်မသွားဘူး။ အတောင်ပံ တချို့က အမြဲ ထိုးထိုးထောင်ထောင် အပြင်ထွက်နေတယ်။ နောက်တော့ သေသေချာချာ ကိုင်ကြည့်တော့မှ သူ့အတောင်ပံရိုး အနေအထားကိုက လိမ်တိန်တိန်လေး ဖြစ်နေတာကို တွေ့ရတယ်။ ငယ်ငယ်တုံးက ဒိန်းဒေါင်းတိုက်ခံရတဲ့ အကောင်လေးများလား မသိပါဘူး။ နောက်တစ်ကောင်ကတော့ ထူးထူးခြားခြား လည်ပင်းမှာ မီးခိုးရောင် အစင်းကြောင်းလေးတွေ အပြောက်ပြောက်လေးတွေ အဆင်ပါလို့ “စင်းပြောက်” လို့နာမည်ပေးထားတယ်။ (စကားလိမ် လုပ်မကြည့်ရ။)

မိုးလင်းလာရင် လူတွေက ဘယ်လောက်ပဲ အိပ်ရာထ နောက်ကျချင်ပေမယ့် သူတို့က အော်နေလို့ ဘဲငန်းခြံကို ဖွင့်ပေးပြီး အစာကျွေးရတာလည်း ၀တ္တရားတစ်ခုပါပဲ။ ဘဲငန်းအလတ်တွေရော နောက်အသစ် အကောင်ပေါက်ကလေးတွေပါ မိသားစုက တစ်သားမက ဖြစ်လာတော့ ဘဲခြံက ကျပ်လာပါတယ်။ ဒါနဲ့ သူတို့လည်း ဘဲခြံထဲမှာ မနေတော့ဘဲ လွှတ်ကျောင်းစနစ် ဖြစ်သွားပါတော့တယ်။ ညဆိုရင် သူတို့က ရေမ၀ပ်ဘဲ ခြောက်သွေ့တဲ့ မြေအမြင့်ပိုင်းဖြစ်တဲ့ ခေါင်းရင်းအခြမ်းက အိမ်အောက်ထဲမှာ လွတ်လွတ်လပ်လပ် လာအိပ်ကြပါတယ်။

ဘဲငန်းတွေရှိတာ အိမ်လုံပါတယ်။ လူစိမ်းကပ်ရင် အော်တော့တာပဲ။ သူတို့ ဘဲခြံထဲ မနေတော့ပဲ ဒီအတိုင်းပဲ အိမ်အောက်မှာ အိပ်ကြတဲ့အခါ သူတို့ကို သူခိုးလာခိုးမလားလို့ ပူရသေးတယ်။ သူတို့ နေထိုင်သွားတဲ့ ကာလတလျှောက် တစ်ခါမှ ဘဲငန်းတွေ အပျောက်အရှ မရှိခဲ့ပါဘူး။

ဘဲငန်းလေးတွေ ချစ်စရာကောင်းတာက တစ်ပိုင်း၊ သူတို့တွေများလာတော့ စားရေးနေရေး (၀တ်ဖို့တော့မလို) တာဝန်ကြီးလာတာက တစ်ပိုင်းပေါ့။ ဘဲငန်းအကြီးသုံးကောင်တည်း ရှိတုန်းကဆိုရင် ဆန်ကွဲကျွေးပါတယ်။ ကိုယ့်အိမ်မှာ စားတဲ့ဆန်ထဲကနေ တတ်နိုင်သမျှ ဆန်ကွဲချပြီး ကျွေးတာ။ နောက်တော့ မလောက်တော့လို့ ၀ယ်ရပါတယ်။ ဘဲငန်းအင်အား ကြီးထွားလာတော့ ဆန်ကွဲဖိုးက တော်တော်ထိလာတယ်။ ဖွဲနုနဲ့ရောတဲ့ ဆန်ကွဲအသေးစားလေးတွေ ၀ယ်ကျွေးတော့လည်း သူတို့စားအားနဲ့ ပြိုက်ခနဲပါပဲ။ ဒါနဲ့ စပါးကို အိတ်လိုက် ၀ယ်ပြီး ကျွေးပါတယ်။

ပထမပိုင်းတော့ စပါးခွံက ကြမ်းတာနဲ့ သူတို့က မစားချင်ကြဘူး။ မစားလည်း ဒါပဲရှိတယ်ဆိုပြီး ချကျွေးထားတော့မှ စားလာကြပါတယ်။ ဘဲပေါက်စလေးတွေကတော့ စပါးကို မ၀ါးနိုင်သေးတဲ့အတွက် အကြီးတွေ လုမစားအောင် ခြင်းနဲ့အုပ်ပြီး ဆန်ကွဲကို သတ်သတ် ကျွေးရပါတယ်။ အကြီးတွေမစားပဲ ကျန်နေတဲ့ စပါးတွေက အပင်လေးတွေ ပေါက်လာတာရှိတယ်။ ဘဲငန်းပေါက်စလေးတွေက အဲဒီ စပါးပင်ပေါက်လေးတွေကို နှုတ်စားရတာကို အရမ်းကြိုက်ကြပါတယ်။ တစ်ခါတလေလည်း ဘဲငန်းပေါက်စလေးတွေဟာ စပါးပင်ပေါက်ကလေးတွေကို အားရပါးရ ဆွဲနှုတ်လိုက်ရင် ပက်လက်လန်ကျ ထိုင်ကျသွားတတ်ပါတယ်။

တစ်ခါကတော့ တအိမ်သားလုံး သွားစရာကိစ္စတစ်ခု ရှိတာနဲ့ အိမ်တံခါးပိတ်ပြီး သူတို့ကို တနေ့လုံး ထားခဲ့ပါတယ်။ ခါတိုင်းဆိုရင်တော့ တစ်နေ့ကို ဘယ်နှစ်ကြိမ်ဆိုပြီး သူတို့ကို အစာခွက်ထဲ မပြတ် ထည့်ကျွေးနေကျပေါ့။ အဲဒီနေ့ကတော့ အပြင်မထွက်ခင်မှာ အစာခွက်ထဲ ခပ်များများလေး ထည့်ပေးခဲ့ပြီး ထားခဲ့ရပါတယ်။

ညနေစောင်းလို့ပြန်လာတဲ့အခါ အိမ်ခြံဝင်းထဲ လှည့်ပတ်ကြည့်လိုက်တော့.. အားပါးပါး… တခြံလုံးမှာ သူတို့စားနိုင်သမျှ လျှောက်တူးစားထားလိုက်တာ ကုန်ပါရောလား။ အိမ်ခြေရင်း ရေချိုးခန်းနားမှာ ငွေပန်းပင်ရုံကြီး တစ်ရုံ ရှိပါတယ်။ အဲဒီပန်းရုံက မိုးတွင်းဆိုရင် ငွေပန်းတွေပွင့်တာ အိမ်မှာ ဘုရားပန်း မပြတ်တင်ဖို့ လောက်ငတဲ့အပြင် အိမ်နီးချင်းတွေကိုလည်း အများကြီး ဝေပေးရပါသေးတယ်။ ပန်းပင်တွေက နွေဘက်ဆိုရင် ခြောက်သွားပြီး အမြစ်တွေ ဥတွေက မြေထဲမှာ ရှင်နေတော့ မိုးတွင်းရောက်တိုင်း ပြန်ပြန်ပွင့်တာပါပဲ။ အဲဒီလို ရှိလာတာ နှစ်ပေါင်းများစွာကြာပေါ့။

အဲဒီနေ့ကတော့ ဂိုဂိုတို့ မိသားစုတွေဟာ သူတို့ကို ထားခဲ့လို့ စိတ်ဆိုးဆိုးနဲ့ ရှိသမျှ ငွေပန်းပင်အမြစ်တွေ ဥတွေကို အကုန်တူးပြီး စားပစ်လိုက်ကြပါတယ်။ တခါတည်းကို ပန်းတွေ မျိုးတုံးသွားတော့တာ။ တကယ်တော့ အဲဒီ ပန်းရုံရှေ့ဘက်က မြေကွက်လပ်မှာလည်း အရင်တုန်းကဆို အမြဲခူးစားလို့ရတဲ့ မြင်းခွာရွက်ခင်းကြီး ရှိနေခဲ့သေးတယ်။ ပိုပို မိုမို ဂိုဂိုတို့ သုံးကောင် စားလိုက်လို့ ကုန်သွားခဲ့တာပါ။ ကိုယ့်အိမ်ကဟာတွေ စားတာက တော်ပါသေးတယ်။ နောက်တော့ သူများ နယ်မြေကိုပါ ကျူးကျော်တတ်လာပါတယ်။

အိမ်နောက်ဖေးဘက်က ခြံမှာ အိန္ဒိယလူမျိုး မိသားတစ်စု နေထိုင်ကြပါတယ်။ (ပြောရလွယ်အောင် ခေါ်နေကျအတိုင်း ကုလားလို့ပဲ ခေါ်လိုက်ကြပါစို့၊ ဘယ်လိုမှ သဘောမထားပါနဲ့။) အဲဒီက ကိုရွှေကုလား စိုက်ထားတဲ့ ငှက်ပျောပင်တွေကို ဂိုဂို နဲ့အပေါင်းပါတွေက သွားပြီး ထိပါးလာပါတော့တယ်။ အစပိုင်းကတော့ ကိုရွှေကုလားက အားနာလို့ အိမ်ကိုလာမပြောဘူး။ ဒါပေမယ့် ခြေရင်းအိမ်က ဘကြီးကိုတော့ ဘဲငန်းတွေ သူ့ငှက်ပျောပင်တွေကို လာစားနေတယ် လို့ ပြောလို့ ဘကြီးက မေမေ့ကို ပြန်ပြောပြပါတယ်။

တညနေမှာတော့ ကိုယ့်မျက်စိရှေ့တင် ဂိုဂိုတို့ ဘဲငန်းတပ်ကြီးဟာ ကိုယ့်အိမ်ခြံဝင်းနောက်ကနေ ငှက်ပျောပင်တွေဆီ ချီတက်သွားကြတာကို တွေ့လိုက်ရပါတယ်။ ငှက်ပျောတစ်ပင်ကို ၀န်းရံလိုက်ပြီးတော့ ငှက်ပျောပင်ခြေရင်းကို တစ်ယောက်တစ်ချက် နှုတ်သီးနဲ့ ၀ိုင်းထိုးလိုက်ကြတာ မိနစ်ပိုင်းအတွင်းမှာပဲ ငှက်ပျောပင်ဟာ မြေပေါ်တုံးခနဲ လဲကျသွားပါတော့တယ်။ အဲဒီတော့မှ ဘဲငန်းကြီးလတ်သေး ပိစိကွေးမကျန် ငှက်ပျောအူတွေကို အားပါးတရ ထိုးဖောက်စားကြတော့တာ။

နောက်တော့ မေမေလည်း ကိုရွှေကုလားကို တောင်းပန်ရတာပေါ့။ ကိုရွှေကုလားကတော့ ဂိုဂိုတို့ကို စိတ်ဆိုးနေပေမယ့် ရပါတယ် လို့ပဲ ပြောရှာပါတယ်။ အလျော်လည်း မတောင်းရှာပါဘူး။ နောက်တော့ သူ့အပင်တွေလုံအောင် ဂိုဂိုတို့ ကျော်မတက်နိုင်တဲ့ အမြင့်အထိ ခြံပတ် ကာထားပါတော့တယ်။ အိမ်နီးနားချင်းတွေ ပြန်ပြောတာကတော့ သူက ဓားတစ်လက်ကိုင်ပြီး နောက်တစ်ခါ အပင်တွေ လာလှဲရင် နင်တို့ကို ခုတ်ပစ်မယ် လို့ ဂိုဂိုတို့ကို ကြိမ်းတယ် ဆိုပဲ။

သားသမီးမကောင်း မိဘခေါင်း ဆိုသလိုပါပဲ။ မွေးထားတဲ့ ဘဲငန်းတွေအတွက် ပိုင်ရှင်မှာ မျက်နှာပျက်ရတာပေါ့။ အစာတွေ နိုင်သလောက် မပြတ်ကျွေးနေတဲ့ ကြားထဲက ခုလိုဖြစ်ရတယ်ဆိုတော့ ဆုံးမဖို့တော့ လိုလာပြီ။ ဒါနဲ့ ညီမလေးက ဂိုဂိုတို့ တမိသားစုလုံးကို အိမ်ရှေ့မြေကွက်လပ်ကို ခေါ်ပြီး နောက်တစ်ခါ သူများအပင်တွေဘက် သွားပြီး မဖျက်ဆီးရဘူး လို့ ပြောလည်းပြော ဆူလည်းဆူ ပိုပို မိုမို ဂိုဂိုတို့ အကြီးသုံးကောင်ကို တုတ်ကလေးနဲ့ ဘုတ်ဘုတ်လို့ ခတ်ဆတ်ဆတ် တစ်ချက်နှစ်ချက် ရိုက်ပေးလိုက်ပါတယ်။ သူတို့က နားတော့ နားလည်ပုံပေါ်တယ်။ အဲဒီအချိန်တည်းက ငှက်ပျောပင်တွေဘက်ကို ခြေဦးမလှည့်ကြတော့ပါဘူး။

သူတို့ဟာ အုပ်စုလိုက် လျှောက်သွားနေကြတဲ့အခါ ပြဿနာတွေက စုံပါတယ်။ တစ်ခါကတော့ အိမ်ဘေးအိမ်က အီအီးတွင်းထဲကို ဘဲငန်းအလတ်တစ်ကောင် ပြုတ်ကျသွားပါတယ်။ ဖြစ်ပုံကတော့ အဲဒီအိမ်က ရေလောင်းအိမ်သာရဲ့ အိမ်သာကန်ပေါ်မှာ သူတို့က အင်္ဂတေနဲ့ မမိုးပဲ ဓနိနဲ့ပဲ ဖြန့်ကာထားပါတယ်။ ဘဲငန်းလတ်တွေက အလေးချိန် နည်းနည်း ရှိလာပြီဆိုတော့ အဲဒီ ဓနိမိုးပေါ်က ဖြတ်လျှောက်တဲ့အခါ ဓနိကပေါက်သွားပြီး ကျွံကျသွားတာပါ။

ဒီလိုကိစ္စမျိုးကို ကိုင်တွယ်ဖို့ကတော့ အိမ်မှာ ကိုလေးကိုပဲ အားကိုးရတာပေါ့။ ကိုလေးက အီအီးတွင်းထဲမှာ နစ်မလိုဖြစ်နေတဲ့ ဘဲငန်းလေးကို အတောင်ပံကနေ ချုပ်ပြီး ဆယ်ယူရပါတယ်။ အတောင်တွေ ဖလန်းဖလန်း ဖြန့်ခါလိုက်ရင် အကုန်စင်ကုန်မှာလေ။ အော့အော့..။ ကိုလေးခမျာ ဘဲငန်းလေးကို အသေအချာ စင်ကြယ်အောင် ရေချိုးပေးလိုက်ရတာ သူခပ်ထည့်ထားရတဲ့ ရာဝင်စဥ့်အိုးတစ်လုံး ပြောင်လုနီးပါးပါပဲ။

အဲဒီနေ့က အီအီးတွင်းထဲကို လက်နှိုက်ပြီး ဆယ်ပေးထားရတဲ့ ကိုလေးအနားကို မောင်နှမတွေက မကပ်ကြတော့ဘူး။ ကိုလေးကတော့ သူက လုပ်လည်းလုပ်ပေးရသေးတယ် ဆိုပြီး ဒေါပွနေပါတယ်။ ဘဲငန်းမိသားစုမှာလည်း အီအီးပေထားခဲ့တဲ့ ဘဲငန်းလေးအနားကို ဘယ်သူမှ မကပ်ပဲ နှစ်ရက်သုံးရက်လောက်အထိ ရှောင်ခွာခွာ လုပ်နေကြတယ်။ သူက လိုက်ကပ်လိုက် ဟိုကောင်တွေက ထွက်ပြေးလိုက် ဖြစ်နေကြနေတာကို တွေ့တော့ ရယ်ရသေးတယ်။

(ဆက်ရန်)

ပန်ဒိုရာ

(ပုံတင်လို့မရ ဖြစ်နေပါတယ်။)

Expand..

Wednesday, July 28, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၎

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၂ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၃ သို့

(အလွန်တရာ ၀မ်းနည်းတတ်သူတွေနဲ့ ကလေးသူငယ်တွေ ကျော်ဖတ်ဖို့ တချို့စာပိုဒ်တွေကို font အဖြူရောင် ပြောင်းပေးထားတယ်။ ဖတ်ချင်သူတွေက select လုပ်ပြီးဖတ်ပါ။)

ဘဲငန်းလေးတွေ ရှိတဲ့ လမ်းထိပ်အထိ တအိမ်လုံးနီးပါး အပြေးအလွှား ထွက်ကြည့်ကြတဲ့အခါ ဘဲငန်းကလေးတွေကို ရပ်ကွက်ထဲကလူတွေက ကောက်ချီလာပြီးတော့ ဘဲငန်းအကြီးတွေက အော်ပြီး နောက်ကနေ လိုက်လာတာကို တွေ့ရတယ်။

ဘဲငန်းကလေး တစ်ကောင်ကတော့ ဗိုက်ကွဲသွားပြီး ကလီစာလေးတွေ ထွက်ကျနေပါပြီ။ သူ့ကိုတော့ ဘယ်လိုမှ မကယ်နိုင်တော့ဘူး။ အမွှေးကြမ်းမထွက်သေးတဲ့ အရွယ်ဖြစ်လို့ အလွယ်တကူနဲ့ အရေခွံက ကွဲသွားတာပါ။ သေသွားရှာတဲ့ အဲဒီဘဲကလေးကို မြေကြီးထဲ မြုပ်လိုက်ရပါတယ်။

ဘဲငန်းကလေး သုံးကောင်က ခြေထောက်၊ အတောင်ပံနဲ့ မျက်လုံးနားမှာ အသီးသီး ဒါဏ်ရာရသွားပါတယ်။ သွေးစလေးတွေ ပေကျံနေတာပေါ့။ မျက်မြင်တွေ့သူတွေရဲ့ ပြောပြချက်အရ ဘဲငန်းအုပ်ကြီးဟာ ရေတွေစိုနေတဲ့ လမ်းမကြီးအတိုင်း လျှောက်သွားကြတယ် တဲ့။ အဲဒီအချိန်မှာ ရေပက်ခံထွက်တဲ့ ဒိန်းဒေါင်း (တချို့ဒေသတွေက ထော်လာဂျီလို့ခေါ်ပါတယ်) က ရောက်လာတော့ ပြေးလို့မလွတ်နိုင်တဲ့အခါ ဂိုဂိုက ရှေ့ဆုံးကနေ အဲဒီ ဒိန်းဒေါင်းကို နှုတ်သီးနဲ့ ပြေးထိုးသတဲ့။ ဒိန်းဒေါင်းကရပ်လိုက်တော့ အရှိန်ကကျန်ပြီး ဘဲငန်းတွေကိုဝင်တိုက်တာ ကံကောင်းလို့ ဂိုဂိုက ဘီးနှစ်ခုကြား အလယ်ကို ၀င်သွားလို့တဲ့။ ဘီးအောက်ကို ၀င်သွားလို့ကတော့ သူလည်း မလွယ်ဘူး။

ပိုပို မိုမိုနဲ့ ကျန်တဲ့ ဘဲငန်းလေးတွေကတော့ ဘာမှ မပွန်းမပဲ့လိုက်ကြဘူး။ ဒဏ်ရာရသွားတဲ့ ဘဲငန်းလေးတွေကို ဆေးလိမ်းပေး ရေတိုက်ပေးနဲ့ ပြုစုရပါတယ်။ သူတို့လည်း နာကျင်လို့ အော်လိုက်ကြတာ ခဏပါပဲ။ နောက်နေ့ကျတော့ ကျိုးဆော့ ကန်းမော့ ဆိုသလိုပါပဲ။ ခြေနာ အတောင်ပံနာ ထားတဲ့ ဘဲလေးတွေကလည်း ထော့နဲ့ထော့နဲ့ ဟိုတက်ဒီတက် ဆော့လိုက်ကြတာ မပြောပါနဲ့တော့။ မျက်စိနားမှာ သွေးတွေထွက်ထားတဲ့ ဘဲငန်းလေးကလည်း စောင်းငန်းစောင်းငန်းနဲ့ အတင်းကြည့်ပြီး လျှောက်သွားနေတာပါပဲ။ တပတ်လောက် ကြာတော့ သူ့ဘာသာ ဒဏ်ရာတွေ ကျက်သွားပြီး နေကောင်းသွားကြပါတယ်။ အဲဒီအချိန်ကစပြီး ဂိုဂိုတို့လည်း မှတ်သွားပုံ ပေါ်ပါတယ်။ လမ်းမကြီးအထိရောက်အောင် ဘယ်တော့မှ ဦးဆောင် မသွားတော့ဘူး။

နွေရာသီကျောင်းပိတ်ရက်မို့ ညီမလေးနဲ့ ကိုလေးက သူတို့ကို မျက်စိဒေါက်ထောက် ကြည့်နေနိုင်ပါတယ်။ ခွက်လေးဆယ်ဝင် စဥ့်အိုးကွဲတစ်ခြမ်းကို အနားတွေ မရှအောင် ချောထားပြီးတော့ အိမ်ခေါင်းရင်း မြေကြီးမြင့်တဲ့နေရာမှာ တွင်းတူးပြီး ထည့်မြုပ်ပေးထားတာ ရှိတယ်။ ရေမပြတ်ဖြည့်ပေးထားတော့ ရာသီဥတု ပူတဲ့အခါ သူတို့ ရေ၀င်ချိုးလို့ရပါတယ်။ ဖေဖေကတော့ အဲဒီ စဥ့်အိုးကွဲရေကန်ကို ငန်းတို့ပျော်ရာ ရေကန်သာ လို့ တင်စားပြောလိုက်သေးတယ်။

ဘဲငန်းတွေဟာ စင်္ကာပူကို မရောက်ဖူးပေမယ့် ကိုယ်ထူကိုယ်ထ တန်းစီ (queue) စနစ်ကို ကောင်းကောင်း ကျင့်သုံးတတ်တာကို တွေ့ရသေးတယ်။း) ဘဲငန်းလေးတွေက ရေကန်ထဲမှာ တစ်ကောင်ပြီးမှ တစ်ကောင်ရေချိုးဖို့ တန်းစီလေ့ရှိကြပါတယ်။ အဲဒီအချိန်မှာ ဆူဆူညံညံ အော်သံကြားရလို့ သွားကြည့်ရင်တော့ ရေကန်ထဲမှာ အချိန်သိပ်ကြာတဲ့ အထိ မထွက်သေးတဲ့ကောင်ကို ၀ိုင်းအော်ကြတာ ဖြစ်နေတတ်တယ်။ ဒီလိုဖြစ်လာရင်တော့ အဲဒီလို ဆိုးတဲ့ကောင်ကို တုတ်နဲ့တွန်းတင်တာဖြစ်ဖြစ် ကူအော်ပေးရတာဖြစ်ဖြစ် ဖိအားပေးရပါတယ်။

ဘဲငန်းဆိုတာ ရေထဲချလိုက်တာနဲ့ ရေကူးတာကို မသင်ရပဲ တတ်မြောက်တဲ့ အမျိုးပါ။ ဒါပေမယ့် ဘဲငန်းလေးတွေ ငယ်သေးတဲ့အခါ စောစောက ပြောတဲ့ ရေကန်သာမှာ ရေနစ်တာကိုလည်း ကြုံရသေးတယ်။ အော်နေတဲ့ အသံလေးတွေ မူမမှန်လို့ သွားကြည့်လိုက်ရင် တစ်ကောင်ကောင် ရေနစ်ပြီး ယက်ကန်ယက်ကန် ဖြစ်နေတာကို တွေ့ရမယ်။ အဲဒီလိုဆိုရင် အကောင်လေးကို ကပျာကယာဆယ်ပြီး နေပူထဲ ချထားပေးရတယ်။ ညနေဘက်ဖြစ်နေရင်တော့ မီးဖိုပြီး မီးကင်ပေးရတယ်။ မီးကင်တဲ့နေရာမှာလည်း ခပ်ဝေးဝေးကနေ အမွှေးလေးတွေ ခြောက်သွားအောင် လောင်လည်းမလောင်အောင် လှည့်လှည့်ပေးရတယ်။ အရှိန်များပြီး ဘဲကင်ဖြစ်သွားမှာ စိုးရတယ်လေ။

ဘဲငန်းအုပ်က များလာတာနဲ့ အန္တရာယ်တွေက မျိုးစုံပါပဲ။ တစ်ခါတော့ ဘဲငန်းလေးတစ်ကောင်မှာ သွေးတွေစို့ပြီး ဒဏ်ရာရလာတယ်။ ကြည့်လိုက်တော့ ခွေးကိုက်ရာလို့ သိသာနေတယ်လေ။ ရပ်ကွက်ထဲမှာလည်း ခွေးက ဘယ်နှစ်ကောင်ရှိတာလိုက်လို့။ ကိုကြီးက စိတ်ဆိုးပြီး ကိုက်တဲ့ခွေးကို သွားရိုက်ပစ်မယ် လုပ်နေတာ။ မေမေက ဒီလိုပဲပေါ့ ခွေးဆိုတာ ဘဲငန်းမြင်ရင် ကိုက်မှာပဲ ဆိုပြီး တားထားရတယ်။ ခွေးပိုင်ရှင်နဲ့ကလည်း ရင်းနှီးနေတော့ သိသွားအောင် ပြောပြလိုက်ပါတယ်။ ခွေးပိုင်ရှင်ကတော့ သားလေးက ကျီစားတာပါကွယ် လို့ ပြောတယ်။ ကျီစားတတ်ရန်ကောနော်။ ဖြစ်ချင်တော့ အဲဒီခွေးနာမည်ကလည်း ပိုပို မိုမို ဂိုဂိုတို့နဲ့ ကာရန်တူ ဘိုဘိုဆိုပဲလေ။ ဟွန်း။

တိရစ္ဆာန်လောကမှာတော့ အားကြီးသူက နည်းသူကို ဒီလိုအနိုင်ကျင့်တာကတော့ ရှိစမြဲပါ။ ဘဲငန်းလေးတွေကိုယ်တိုင်လည်း အဲဒီလိုဆန်ဆန် လုပ်ကြတာရှိပါတယ်။ ပိုပိုနဲ့မိုမိုတို့ နောက်ထပ်တစ်သားပေါက်တော့ ပထမသားတွေက အတောင်ပံအမာတွေ ပေါက်ခါစ အလတ်အရွယ်လောက်ဖြစ်နေပြီ။ နောက်ထပ်ပေါက်တဲ့ အမွှေးနုနုနဲ့ ဘဲငန်းပေါက်စလေးတွေကို တွေ့ရင် အလတ်ကောင်တွေက နှုတ်သီးနဲ့ ထိုးပါတယ်။ တခါကများဆိုရင် ဘဲငန်းပေါက်စလေးက ယိုင်နဲ့ယိုင်နဲ့ လမ်းလျှောက်နေတုန်း အလတ်ကောင်တစ်ကောင်က နှုတ်သီးနဲ့ ထိုးလိုက်တာ ပက်လက်လန်သွားရော။ အဲဒါနဲ့ အကောင်ပေါက်ကလေး ပြန်ထဖို့ လုပ်နေတုန်း နောက်တစ်ကောင်က လာထိုးပြန်တော့ သူ့ခမျာ မထနိုင်ဘူးဖြစ်နေရော။ အဲဒီလို ဘဲငန်းပေါက်လေးခမျာ ထမယ်ကြံလိုက် တစ်ကောင်က လာထိုးလိုက် လုပ်နေတော့ အလတ်ကောင်တွေကို တုတ်နဲ့ ခပ်ဆတ်ဆတ်ရိုက်ပြီး ဆုံးမလိုက်ရတော့တယ်။ နောက်ကျတော့ သူတို့ကို အတူတူ ပေးမလွှတ်တော့ဘူး။ အလတ်ကောင်တွေ ထွက်သွားရင် အကောင်ပေါက်ကလေးတွေကို ခြင်းနဲ့ အရင်အုပ်ထားရတယ်။

ဘဲငန်းအလတ်ကလေးတွေဟာ သိပ်ဆော့ပါတယ်။ တစ်ခါကဆို သူတို့ဟာ ကြွက်သေးသေးလေး ကို ဘယ်ကနေဘယ်လို ဖမ်းမိလာသလဲ မသိဘူး။ အမြီးကနေ ကိုက်ချီပြီး ရေကန်ထဲမှာ နှစ်လိုက်ဖေါ်လိုက် လုပ်နေပြန်ရော။ တစ်ကောင်ကဆော့လို့ ၀တော့ ကြွက်ကလေးကို ကုန်းပေါ်ပြန်တင်ထားတယ်။ ကြွက်ကလေးက ရေမွမ်းပြီး မထနိုင်ဖြစ်နေတုန်း ဘဲငန်းအလတ် နောက်တစ်ကောင်က လာချီပြန်ရော။ အဲလိုနဲ့ နောက်ဆုံးတော့ ကြွက်ကလေးသေသွားလို့ မြေကြီးထဲမြုပ်ပေးလိုက်ရပါတယ်။ အဲဒီလို အဖြစ်အပျက်တွေက အများကြီးရှိပါသေးတယ်။

(ဆက်ရန်)

ပန်ဒိုရာ

(ပိတ်သတ်ကြီးရေ.. ခုတလော အလုပ်များနေလို့ ပုံတော့မဆွဲဖြစ်တော့ဘူး။ သူများတွေလင့်ခ်က ဓာတ်ပုံတင်မလို့ဟာလည်း functionတွေ ဘာဖြစ်နေလဲမသိ။ တင်မရဘူး။ သည်းခံကြလော့။)

Expand..

Sunday, July 25, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၃

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့
ပိုပို မိုမို ဂိုဂို - အပိုင်း ၂ သို့



သူတို့တွေ ရင်းနှီးသွားကြတာက လူတွေထက်မြန်ပါတယ်။ နောက်နေ့ကစပြီး ပိုပိုနဲ့မိုမိုကို ဘယ်တစ်ပွေ ညာတစ်ပွေ တွဲခုတ်လာတဲ့ ဂိုဂို့ကို လမ်းမပေါ်မှာ မြင်ကြရတာပေါ့။ မချောနှစ်ယောက် ကိုယ်တစ်ယောက် ဖြစ်နေပေမယ့် ဘဲငန်းမတွေကတော့ လူတွေလို သ၀န်ကြောင်တာ ရှိပုံမပေါ်ပါဘူး။ သုံးကောင်စလုံး ချစ်ချစ်ခင်ခင် ရန်မဖြစ်ပဲ သွားကြလာတာကို တွေ့ရတယ်။

ဘဲငန်းတွေမှာ လည်ရှည်မျိုးနဲ့ လည်တိုမျိုးဆိုပြီး ရှိတယ်တဲ့။ ဂိုဂိုနဲ့ ယှဉ်လိုက်တော့မှ ပိုပိုမိုမိုတို့က လည်ပင်းရှည်တဲ့အမျိုး မဟုတ်မှန်း ပိုထင်ရှားလာတော့တာ။ နောက်ပိုင်းတော့ သွားရင်းလာရင်း တခြားဘဲငန်းတွေကို တွေ့မိတဲ့အခါ ပိုပိုတို့ထက် လည်ပင်းပိုတိုတာကိုလည်း တွေ့ရတယ်။ ပိုပိုမိုမိုတို့က အစပ်တွေဖြစ်နိုင်တယ်။ ဂိုဂိုကတော့ လည်ရှည်မျိုး အစစ်ဖြစ်မယ်။ အထီးမို့လို့ လည်ပင်း ပိုရှည်တာလည်း ပါမယ်။

ဘဲငန်းတွေရဲ့ အရောင်ကလည်း ကွဲပြားကြပါတယ်။ ပိုပိုမိုမိုဂိုဂို တို့အားလုံးဟာ ဆွတ်ဆွတ်ဖြူနေတဲ့ အမွှေးအတောင်ပိုင်ရှင် တွေတော့မဟုတ်ဘူး။ သူတို့အတောင်ပံတွေက မီးခိုးရောင် နည်းနည်းသန်းပါတယ်။ တချို့ တခြားဘဲငန်းတွေက ပိုဖြူကြတာ ရှိပါတယ်။

ဂိုဂိုရဲ့ အနေအထိုင်က ထူးခြားတာတွေရှိတယ်။ ပိုပို မိုမိုတို့ဆိုရင် သူတို့အစာစားတဲ့ အစာခွက်ထဲ ဆန်ကွဲနဲ့ရေကို ထည့်ကျွေးတာအပြင် မေမေက နောက်ဖေးကြမ်းပြင်မှာ အိုးခွက်ပန်းကန်ဆေးရင်း ထမင်းကြမ်း ကျန်တာရှိရင် သူတို့ဆီကို ပစ်ကျွေးတဲ့အခါ အားပါးတရ စားကြပါတယ်။ ပန်းကန်ဆေးတဲ့ ကြမ်းပြင်အောက်ကို ၀င်ပြီးတော့လည်း သူတို့ စားချင်တာကို တူးယက်ပြီး စားကြတာမျိုးရှိတယ်။ ဂိုဂိုကတော့ သူ့ကို အဲလို မြေကြီးပေါ်ကို ပစ်ကျွေးတာမျိုးကို လုံးဝမစားဘူး။ အစာခွက်ထဲ ထည့်ကျွေးတာကိုပဲ စားတယ်။ အိမ်အောက်ထဲကို ၀င်ရင်လည်း ရေကပြင်ဘက် အိမ်သာဘက်တွေ မသွားဘူး။ ပိုပိုတို့ မိုမိုတို့ လျှောက်သွားရင် သူက ခပ်လှမ်းလှမ်းကပဲ ရပ်စောင့်ပေးနေတယ်။ ဂိုဂိုက အဲဒီလို ကြီးကျယ်ပါတယ်။ နည်းနည်း ပိုဇာတ်မြင့်တဲ့ ဘဲလားတော့ မသိပါဘူး။

အဲဒီလိုနဲ့ နောက်ထပ်နှစ်လကျော်လောက် ကြာတဲ့အခါ ပိုပိုနဲ့ မိုမိုတို့ နောက်တစ်သား ဥချပါတော့တယ်။ သူတို့ ၀ပ်နေချိန်မှာ ဂိုဂိုက ဘဲခြံပြင်ကနေ မီးစောင့်ပေးပါတယ်။ တစ်ကောင်ကို ဆယ့်လေးငါးလုံးစီ ဥချပြီးတဲ့အခါ အကောင်လေးတွေ ပေါက်အောင် ဆက်ဝပ်ကြပါတယ်။ ဒီတစ်ခါတော့ လေဥ မဟုတ်တော့ဘူးပေါ့။ ဘဲငန်းဥတွေဟာ အကုန်လုံးတော့ ပေါက်လေ့မရှိဘူးတဲ့။ မအောင်မြင်တဲ့ ဥတွေလည်း ရှိတတ်တယ်။ ပေါက်တဲ့အခါမှာလည်း ဥတိုင်းတပြိုင်နက် တစ်နေ့ထဲ ထပေါက်ကြတာမျိုးတော့ မဟုတ်ဘူး။ တချို့အကောင်တွေက ရက်နည်းနည်း နောက်ကျတတ်ပါတယ်။

ဘဲငန်းလေးတွေ စပေါက်လာတဲ့အခါ မပေါက်သေးတဲ့ဥတွေကို အကောင်ပေါက်မယ့် ဥ ဟုတ်မဟုတ် သိအောင် စမ်းသပ်လို့ ရပါတယ်။ ရေဇလုံထဲကို ဘဲဥလေးတွေ ချကြည့်ရပါတယ်။ အကောင်ပေါက်မယ့်ဥဆိုရင် ရေပေါ်ပေါ်ပြီး ရေကူးပါတယ်။ မပေါက်တော့မယ့် ဥ(ပုပ်နေတဲ့ ဥ)ကတော့ နစ်သွားတယ်။ အဲဒီလို စမ်းတဲ့ အခါမှာလည်း မျက်နှာသုတ်ပုဝါဟောင်း တစ်ထည်ကို အနားမှာ ချထားရတယ်။ ကောင်းတဲ့ဥတွေကို ရေစင်အောင် (ကွဲလည်းမကွဲအောင်) မြန်မြန်သုတ်ပြီး သူ့အမေဗိုက်ထဲမှာ အနွေးဓာတ်ရအောင် ချက်ချင်း ပြန်ထည့်ပေးရပါတယ်။ မကောင်းတဲ့ဥတွေကိုတော့ မြေကြီးထဲ မြုပ်ပစ်လိုက်တယ်။ ဘဲငန်းဥရဲ့ အရွယ်အစားက သာမန်ဘဲဥရဲ့ နှစ်ဆခွဲလောက် ရှိတဲ့အတွက် ဘဲငန်းပေါက်ကလေးကလည်း ၀မ်းဘဲပေါက်ကလေးတွေထက် အများကြီး ပိုကြီးပါတယ်။ အမွှေးလေးတွေလည်း ပိုရှည်ပါတယ်။

ကွိကျိကွိကျိ အသံလေးတွေ စကြားရတဲ့ နံနက်ခင်းကတော့ ကြည်နူးပျော်ရွှင်စရာပါပဲ။ ဘဲငန်းနဲ့ ပတ်သက်လို့ အိမ်သားတွေအတွက်လည်း သားဦး ဆိုပါတော့။ ညီမလေးဆိုရင် ဘယ်နှစ်ရက်ကြာရင် ပေါက်မယ်ဆိုတာ ပြက္ခဒိန်တကြည့်ကြည့်နဲ့ နေ့တိုင်းစောင့်နေတာလေ။ ပိုပိုနဲ့ မိုမိုတို့ နှစ်ကောင်ပေါင်းမှာ ကလေး အကောင်နှစ်ဆယ်လောက် ပေါက်လာပါတယ်။ ဘဲအင်ပိုင်ယာကြီး ကြီးထွားလာတာပေါ့။


(ဘဲငန်းပေါက်ကလေးတွေကို မမြင်ဖူးမှာစိုးလို့ ဂူဂယ်လ်ကနေ ပုံလေး ရှာပြီး တင်ပေးလိုက်ပါတယ်။ From here.)

ဥကပေါက်စ ဘဲငန်းလေးတွေဟာ ညိုဝါ၀ါ အမွှေးနုနုလေးတွေနဲ့ အိစက်နေပါတယ်။ မျက်နှာပေါက် ကလေးတွေကလည်း ကလေးရုပ်လေးတွေဆိုတော့ ချစ်စရာလေး။ သူတို့ရဲ့ အမူအယာ နေထိုင်ပုံကို စောင့်ကြည့်ရတာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ညဘက်ဆိုရင် သူတို့က အမေဗိုက်ထဲမှာ မအိပ်ကြဘူး။ သူတို့ဘာသာပဲ တိုးဝှေ့ အိပ်လေ့ရှိကြပါတယ်။

ဘဲငန်းလေးတစ်ကောင်က စအိပ်ပျော်သွားတယ်။ နောက်တစ်ကောင်က သူ့အပေါ်ကို တက်မှီပြီး အိပ်ပါတယ်။ အဲဒီလိုနဲ့ တစ်ကောင်ပြီး တစ်ကောက် အချင်းချင်း လာမှီ ပုံထပ်ပြီး အိပ်လိုက်ကြတာ မိုးလင်းလို့ သူတို့ခြံထဲကို သွားချောင်းကြည့်လိုက်ရင် ဘဲငန်းပေါက်စလေးတွေ အပုံလိုက်ဖြစ်ပြီး အိပ်ပျော်နေကြတာကို တွေ့ရပါတယ်။ ဆောင်းတွင်းကာလများဆို ချမ်းလို့ အဲဒီအပုံလေးက တုန်တုန်ယင်ယင် ဖြစ်နေတတ်သေးတယ်။ အဲဒီအချိန်မှာ အောက်ဆုံးမှာ အိပ်ပျော်နေတဲ့ ဘဲပေါက်ကလေးကများ အရင်နိုးပြီး မတ်တပ်ရပ်လိုက်လို့ရင် အမွှေးလေးတွေ အိနေတဲ့ ဘဲအပုံကလေး ပြိုကျသွားပြီး အပေါ်က ဘဲငန်းလေးတွေ အိပ်ချင်မူးတူး လန့်နိုးလာကြတာ သိပ်ရယ်စရာကောင်းတဲ့ မြင်ကွင်းပါ။ အခုခေတ်လို ဒစ်ဂျစ်တယ်ကင်မရာတွေ ကင်မ်ကော့်ဒါတွေ အလွယ်တကူရှိလို့ကတော့ ဗွီဒီယိုရိုက်ထားရတာပေါ့နော်။

ဆူဆူညံညံ အသံပေးလိုက်၊ ဆော့ကစားလိုက်၊ ခဏခဏ အိပ်လိုက် ဆိုတာ လူလေးဖြစ်ဖြစ် တိရိစ္ဆာန်လေးဖြစ်ဖြစ် ကလေးတွေရဲ့ သဘာဝဟာ အတူတူပဲဖြစ်မယ်။ ဘဲငန်းပေါက်စလေးတွေဟာ နေ့လည်ခင်းတွေမှာလည်း မကြာခဏ အိပ်ငိုက်ပါတယ်။ တခါတလေဆိုရင် အုပ်လိုက် သွားနေကြတုန်း ဘဲငန်းပေါက်ကလေး တစ်ကောင်နှစ်ကောင်က အိပ်ငိုက်ပြီး ကျန်ခဲ့တာမျိုးလည်း ရှိသေးတယ်။ သူတို့ အဖေအမေက ပြန်လှည့်ပြီး ခေါ်ရတယ်။ အိမ်နီးနားချင်းတွေ အတွက်လည်း ဘဲငန်းအကြီး သုံးကောင်တည်း ရှိစဉ်ကာလလို မဟုတ်တော့ဘူး။ ဘဲအုပ်ကြီးနဲ့ အတော်ကို ဆူဆူညံညံ ဖြစ်လာပါပြီ။

ဒီလိုနဲ့ ဧပြီလကို ရောက်လို့ အတာကူးတဲ့ သင်္ကြန်အခါတော်ကို ရောက်လာခဲ့တယ်။ ရေရှားတဲ့ မြို့ကလေး ဖြစ်ပေမယ့်လည်း သူများနည်းတူ သင်္ကြန်မှာ စိုရွှဲကြတာပါပဲ။ ရေသံကိုကြားတဲ့အခါ ဘဲငန်းတွေလည်း မြူးလာတာပေါ့။ အိမ်ခြံဝင်းတံခါး ပိတ်ထားတာကို ဂိုဂိုက တကြော်ကြော်အော်ပြီး ဖွင့်ခိုင်းပါတယ်။ ကလေးတပြုံကြီးနဲ့မို့ အခုလို လူစည်နေတဲ့ အချိန်မှာ လမ်းမကို မထွက်စေချင်ဘူးလေ။ အိမ်ရှေ့တည့်တည့်က လမ်းမက လမ်းသွယ်ပါ။ အများအားဖြင့်တော့ ရေလှည်းတွေ စက်ဘီးတွေ ဆိုက္ကားတွေပဲ သွားလာကြတာရှိတယ်။ အဲဒီလမ်းကနေ ဆက်ထွက်သွားလိုက်ရင် လမ်းမကြီးကိုရောက်တယ်။ အဲဒီလမ်းမကြီးမှာတော့ အဝေးပြေးကားတွေ ဒိန်းဒေါင်းတွေ သွားကြပါတယ်။

ဂိုဂို ဦးဆောင်တဲ့ ဘဲအုပ်ကြီးဟာ ဘယ်အချိန်ဘယ်လို လစ်ပြီး သင်္ကြန်လည် ထွက်သွားကြသလဲ မသိဘူး။ ဒီအိမ်က ဘဲငန်းတွေကို လမ်းထိပ်မှာ ရေပက်ခံထွက်တဲ့ ဒိန်းဒေါင်းက တိုက်လို့ ဆိုပြီး တစ်ယောက်က အပြေးအလွှား လာပြောတော့ အိမ်သားတွေလည်း ပြာသွားကြတာပေါ့။

(ဆက်ရန်)

ပန်ဒိုရာ

Expand..

Friday, July 23, 2010

ပိုပို မိုမို ဂိုဂို - အပိုင်း ၂

ပိုပို မိုမို ဂိုဂို - အပိုင်း ၁ သို့

နောက်တစ်နေ့ရောက်တော့လည်း တင်းထဲမှာ ဥ ခြောက်လုံးဖြစ်နေတာကို တွေ့ရပြန်တယ်။ အိမ်သားတွေလည်း ဇဝေဇ၀ါဖြစ်လာပြီး အိမ်နီးနားချင်းတွေကို လိုက်မေးကြည့်တယ်။ ဘဲငန်းမတွေဟာ တစ်နေ့ကို ဘယ်နှစ်လုံးဥလေ့ရှိသလဲပေါ့။ အားလုံးကလည်း သိသလောက်တော့ တစ်နေ့ကို တစ်လုံးပဲ ဥပါတယ်ပေါ့။ အဲဒီလိုနဲ့ ငါးရက်မြောက် မနက်မှာတော့ အဖြေကို တွေ့ရပါတော့တယ်။ ပိုပို ဥချပြီးတဲ့အခါ တင်းထဲကို ၀င်ဝပ်နေတဲ့ မိုမို ရယ်လေ။ လက်စသတ်တော့ မိုမိုကလည်း အမ ဖြစ်နေတာကိုး။ သူပါ လိုက်ဥ နေတော့ တစ်နေ့ကို နှစ်လုံးဖြစ်နေတာ။ ဘဲနှစ်ကောင်လုံး အမ ဖြစ်နေပြီးတော့ လေဥဥကြတာ တဲ့။ ဘဲငန်းတွေဟာ အထီးလည်း မရှိပဲနဲ့ လေဥကို ကိုယ်ဝန်ဆောင်နိုင်တာကိုတော့ အံ့သြမိတယ်။ တခြားဘဲငန်းနဲ့ တွေ့ဖို့ဆိုတာကလည်း အနီးအနားမှာလည်း ဘဲငန်းမွေးထားကြတာ မရှိဘူးလေ။ တော်သေးတာပေါ့ ဘဲငန်းမို့လို့။ သူတို့ဟာ လူ့လောကမှာဆိုရင်တော့ ကလေးအဖေမဖေါ်နိုင်ပဲ ကိုယ်ဝန်ဆောင်လာလို့ သူတကာ တံထွေးခွက် ပက်လက်မျောရမယ့်အဖြစ်။း)

ဘဲငန်းမ နှစ်ကောင်ဟာ တင်းကို တစ်ယောက်တစ်လှည့် လုပြီး ဥနေသလိုဖြစ်လာတော့ မိုမို့အတွက် နောက်ထပ် တင်းတစ်လုံး ပြင်ပေးရတော့တယ်။ ဒီလိုနဲ့ တစ်ကောင်ကို ဆယ်လုံးကျော်ကျော် ဥပြီးတဲ့နောက်မှာ ဆက်မဥတော့ပါဘူး။ ဒီတော့ သူတို့ဘာဆက်လုပ်မလဲ စောင့်ကြည့်ကြတာပေါ့။ လေဥဆိုတော့ အကောင်လေးတွေလည်း ပေါက်မလာနိုင်ဘူးမဟုတ်လား။ သူတို့နှစ်ကောင်ဟာ အစာစားချိန်လေး ခဏလောက်ပဲ ထွက်လာပြီး နေ့ရောညပါ တင်းထဲမှာ ဥတွေပေါ် ကိုယ်စီဝပ်နေပါတော့တယ်။ အဲဒီရက်ပိုင်းအတွင်းမှာ ပိန်သွားလိုက်ကြတာလည်း မပြောပါနဲ့တော့။ အစာကလည်း အရင်လောက် ခဏခဏ ထွက်မစားတော့ဘူး။ ပေါက်လာနိုင်မှာ မဟုတ်တဲ့ ဥလေးတွေအတွက် အားစိုက်ခွန်စိုက် ၀ပ်နေကြတဲ့ မိခင်မေတ္တာကို တွေ့ရတော့ သနားလည်းသနား စိတ်လည်းပူ နဲ့ ဘယ်လိုလုပ်ရမှန်းမသိဘူး။

ဝပ်တာ ရက်တော်တော်ကြာလာတော့ သိတဲ့လူတွေက ပြောကြပါတယ်။ ဘဲငန်းတွေဆိုတာ ဥကို အကောင်ပေါက်တာ မမြင်ရမချင်း ၀ပ်တာတဲ့။ ဒီတော့ ကြာရင် လုံးပါးပါးပြီး သေသွားနိုင်တယ်။ ဥတွေကို သူတို့ မမြင်အောင် တဖြည်းဖြည်း ဖယ်ပစ်ရမယ် တဲ့။ ချက်ချင်း ဗြုန်းခနဲ အကုန်သိမ်းပစ်လိုက်ရင်လည်း သူတို့က သားပျောက်လို့ ရင်ကွဲမှာ တဲ့။ အဲဒါမှ ခက်တော့တယ်။ ဥတွေကို သွားကိုင်ဖို့အတွက်က သူတို့က အခုဆို အရင်နဲ့မတူဘူးလေ။ ခြံထဲမှာ တင်းနားကို သွားကပ်ရင် အော်ချင်တယ်။ ရန်လိုလာတယ်။ သားသမီးဇောပေါ့နော်။

နောက်တော့ သူတို့ အစာစားချိန် လစ်တုန်း ဥတွေကို အသာ သွားခိုးရတယ်။ ပိုပိုနဲ့မိုမိုလည်း ဥတွေ ပျောက်လာမှန်း သိလို့လား မသိပါဘူး။ နောက်ပိုင်းကျတော့ တချိန်လုံးဝပ်နေတာ အစာတောင် ဆင်းမစားတော့ဘူး။ သူတို့ ငတ်ကုန်မှာစိုးလို့ ခြံဝကနေ ၀ပ်တင်းနားကို အစာနဲ့ရေ လှမ်းကျွေးရတယ်။ သူတို့ဝပ်ရင်း အိပ်ငိုက်နေချိန်မှာ ကိုကြီးနဲ့ ကိုလေးက ဘဲခြံအပြင်ကနေ တုတ်ကောက်ကြီးနဲ့ ဥတွေကို လှမ်းချိတ်ဆွဲပြီး လျှောချယူရတယ်။ နောက်ဆုံး ဥတွေအကုန် တင်းထဲကနေ ရှင်းပစ်နိုင်လိုက်တယ်။ (အဲဒီ လေဥတွေကို ဘာလုပ်ပစ်လဲ မေးရင်တော့ အနစ်နာခံပြီး ကြော်စားလိုက်ရတာပေါ့…လို့။ ဟီး။)

ဥတွေ မရှိတော့တဲ့အခါ ပိုပိုနဲ့ မိုမိုလည်း တဖြည်းဖြည်းနဲ့ ပုံမှန် အနေအစား ပြန်ဖြစ်သွားပါတယ်။ ဖေဖေနဲ့မေမေကလည်း ဒီလိုတော့မဖြစ်ချေဘူး ဘဲငန်းအထီးတစ်ကောင် သွားရှာမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

ဘဲငန်းတွေ မွေးမြူကြတာက များသောအားဖြင့် ကွင်းထဲတွေမှာ ရွာတွေမှာလေ။ မြို့ပေါ်မှာ ဘယ်နေရာကို သွားရှာရမှန်း မသိတော့ မေမေက ဟင်းစားဝယ်ဖို့ ဈေးသွားတဲ့အခါ တစေ့တစောင်း ကြည့်ရတယ်။ တနေ့တော့ ကြက်သားဘဲသား ရောင်းတဲ့ဆိုင်မှာ ဘဲငန်းအရှင်ကြီးတစ်ကောင်ကို မပေါ်ခင် ကြိုးနဲ့ချည်ထားတာ တွေ့လိုက်ရတယ်။ မေမေက ဘဲငန်းအထီးဆိုရင် အရှင်ဝယ်ချင်တဲ့အကြောင်း ပြောလိုက်တော့ ဆိုင်ရှင်က အထီးလို့ အာမခံတယ်။ ဒါနဲ့ မေမေလည်း ဘဲငန်းကြီးကို သူ့အလေးချိန်အတိုင်း ပေါက်ဈေးပေးပြီး ၀ယ်လာခဲ့တယ်။ ကံကောင်းလိုက်တဲ့ ဘဲငန်းကြီးပေါ့။ ဓားသွားအောက် ရောက်တော့မယ့်ဆဲဆဲမှာ မွေးထားမယ့်အိမ်ကို ရောက်လာတယ်။

အိမ်သားတွေက ဘဲငန်းကြီးကို ၀မ်းသာအားရ ကြိုဆိုကြတာပေါ့။ သူ့ကို ညီမလေးက ပိုပို မိုမိုတို့နဲ့ ကာရန်တူ ဂိုဂို လို့နာမည်ပေးလိုက်တယ်။ ကိုကို လို့ပေးမလား စဉ်းတော့စဉ်းစားပါသေးတယ်။ ဒါပေမယ့် အိမ်မှာက ကိုကြီးကို မမနဲ့ကိုလေးက ကိုကိုလို့ခေါ်တာဆိုတော့ ရှုပ်ကုန်မယ်လေ။ ဘဲငန်းအသံကလည်း ဂူးဂူးဂေါ်ဂေါ် နဲ့ဆိုတော့ ဂိုဂို ဆိုတဲ့နာမည်နဲ့ လိုက်ပါတယ် လို့ သဘောတူလိုက်ကြတယ်။

ဂိုဂိုဟာ အရွယ်ကောင်းကောင်းရောက်နေတဲ့ ဘဲငန်းထီးပါ။ သူ့ပုံစံကို ကြည့်ရတာ ဘဲငန်းအကြောင်း သိပ်နားမလည်တောင်မှ အထီးမှန်း သိသာပါတယ်။ အမောက်လိုလိုပါတယ်။ မျက်နှာပေါက်ကိုက ပိုပို မိုမိုတို့နဲ့ မတူဘဲ ပိုခန့်ညားတယ်လို့ ထင်ရတယ်။ အကောင်လည်းကြီးတယ်။ လည်ပင်းကလည်း အရှည်ကြီးရယ်။

ရောက်ရောက်ချင်းနေ့မို့ ဂိုဂို့ကို ဘဲခြံထဲထည့် အစာနဲ့ရေ ချကျွေးပြီး အပြင်ကနေ တံခါး ပိတ်ထားလိုက်ပါတယ်။ ပိုပိုနဲ့မိုမိုတို့လည်း အသစ်ရောက်လာတဲ့ ဘဲခန့်ခန့်ကြီးကို အပြင်ကနေ မယောင်မလည်နဲ့ လျှောက်ပြန်သံပေးနေကြတာ တနေ့လုံး အိမ်ခြံဝင်းထဲကနေ အပြင်လမ်းမကိုတောင် မထွက်ကြတော့ဘူး။ ဂိုဂိုက အထဲကနေ တစ်ချက်တစ်ချက် လှမ်းအော်လိုက်၊ ပိုပို မိုမိုတို့ကလည်း ဂိုးဂိုးဂစ်ဂစ်သံ ပြန်ပေးလိုက်နဲ့ အပေးအယူတွေ တည့်နေကြတော့တယ်။

(ဆက်ရန်)

ပန်ဒိုရာ

Expand..

Thursday, July 22, 2010

ပိုပို မိုမို ဂိုဂို

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ရေဘ၀ဲလေး ပေါလ် က အရေးပါတဲ့ တစ်ထောင့်တစ်နေရာက အသုံးတော်ခံသွားခဲ့ပါတယ်။ ပေါလ်က တကယ်ပဲ ဟောကိန်းထုတ်တာလား၊ ပေါလ်ကို ထိန်းသိမ်းသူတွေကပဲ တစ်ခုခု ဆင်ထားသလားတော့ မပြောတတ်ပါဘူး၊ ဟောချက်တွေက ၁၀၀% မှန်နေတော့တယ်။ အဲဒီမှာ ရှုံးတဲ့ဘက်က ဒေါသထွက်သူတချို့ကလည်း ရေဘ၀ဲစုတ် ပြုတ်ပြီးသုတ်စားမယ် တို့ အာလူးနဲ့ချက်စားမယ် တို့ မျိုးစုံကြိမ်းကြတာပဲ။ တချို့ကတော့ အပျော်သက်သက် နောက်ပြောင်တာပါ။ သူငယ်ချင်း တစ်ယောက်ကိုတော့ အဲဒီလိုမပြောပါနဲ့ကွာ ရက်စက်ပါတယ် လို့ပြောမိတယ်။ သူက စားစရာတိရစ္ဆာန်ပဲဟာ ဘာဖြစ်လဲ လို့မေးတယ်။ ဒီတော့ ကိုယ်ကလည်း တခြားသာမန်ရေဘ၀ဲတွေကို အဲလိုတွေ လျှောက်ပြောရင် ပြောနိုင်ပေမယ့် ပေါလ်ကတော့ မတူတော့ဘူး။ သူက အလှမွေးကောင်လို ပိုင်ရှင်(ကျွေးမွေးထိန်းသိမ်းထားသူ) လည်းရှိတယ်။ စားစရာအကောင်ဖြစ်ပေမယ့် လူတွေနဲ့ ဆက်သွယ်မှုတစုံတရာ တကယ်ရှိခဲ့တယ် အသိဉာဏ်လည်း အတိုင်းအတာတစ်ခုအထိ ရှိခဲ့တယ်များ ဆိုရင် သနားစရာပါလို့ ကိုယ်ထင်တာလေး ပြောမိတယ်။ အဲဒီလို ဆက်စပ်ပြီးတော့ တချိန်က အိမ်မွေးတိရစ္ဆာန်လို မွေးခဲ့ဖူးတဲ့ အကောင်လေးတချို့ကို သတိရသွားပြီး အခုလို ရေးချဖြစ်ပါတယ်။
............................................

ပိုပို မိုမို ဂိုဂို

ဖေဖေ ခရီးကနေ အိမ်ပြန်ရောက်တော့ ဆိုက်ကားပေါ်မှာ ထူးထူးခြားခြား ဧည့်သည်တစ်ယောက် ပါလာတယ်။ အဲ.. ဧည့်သည်တစ်ကောင်လို့ ပြောရမယ်။ ဆိုက်ကား နောက်ထိုင်ခုံပေါ်မှာ အသားဖြူဖြူနဲ့ လည်တံကို ဟိုဆန့်ဒီဆန့်လုပ်ပြီး ပြူးတူးကြောင်တောင် ကြည့်နေတာ ဘဲငန်းလေးတစ်ကောင်ပေါ့။

အဲဒီအကောင်ကလေးကို ရွာကလူတွေက စက်လှေထဲ အတင်းထည့်ပေးလိုက်တာဆိုပဲ။ အိမ်ပြန်ရောက်ရင် ချက်စားဖို့ပေါ့လေ။ ဖေဖေလည်း ငြင်းလို့ ဘယ်လိုမှ မရတဲ့အဆုံး ဒီအကောင်လေးကို ယူလာခဲ့ရတယ်။ ဘဲငန်းလေးက ငယ်ပါတယ်။ အသက်က သုံးလေးလ လောက်ပဲ ရှိဦးမယ်။ မေမေလည်း စိတ်ညစ်သွားတာပေါ့။ ဒီဘဲငန်းလေးကို ဘယ်လိုလုပ် သတ်ရက် သတ်ရဲမှာလဲ။ သူက ကြက်တို့ ၀မ်းဘဲတို့လို မဟုတ်ဘဲ အကောင်လည်းကြီးတယ် အသက်လည်း ပြင်းတယ်လေ။


ဒါနဲ့ပဲ အိမ်ပေါ်ကို ခေါ်တင်ထားပြီး တံခါးပိတ်ထားလိုက်တယ်။ ခြံထဲမှာ အောက်ကိုချထားရင် ပျောက်သွားမှာ စိုးရတယ်လေ။ ဖိနပ်ချွတ်နေရာလေးမှာ သူ့ကို ရေနဲ့ ဆန်ကွဲတချို့ ချကျွေးပြီး ထားလိုက်ပါတယ်။ ဘဲငန်းလေးက သူ့ကိုပေးထားတဲ့ နေရာမှာပဲ တနေ့လုံး မနေဘူး။ တစ်အိမ်လုံး လျှောက်သွားတာပေါ့။ ပြောင်အောင်တိုက်ထားတဲ့ ဧည့်ခန်းကြမ်းပြင်တွေမှာ သူ့ခြေရာတွေ ထင်ကုန်ရော။ မစင်စွန့်ရင်တော့ စောစောက ဖိနပ်ချွတ်နားမှာပဲ ပြန်သွားစွန့်ပါတယ်။

ဒီလိုနဲ့ တစ်ပတ် နှစ်ပတ်ကြာတော့ အိမ်ကလူတွေကို သူက မျက်မှန်းတန်းမိပုံရတယ်။ နေ့ခင်းဘက်ဆို ညီမလေးရယ် ကိုလေးရယ်က ကျောင်းသွား၊ ကိုကြီးရယ် ဖေဖေရယ် ကလည်း အလုပ်သွားချိန်ဆိုရင် သူက အိမ်မှာ မေမေ့နောက်ကို တကောက်ကောက် လိုက်နေတယ်။ ညညဆိုရင်တော့ သူ့ကို ပေးထားတဲ့ နေရာလေးကို သွားပြီး အိပ်တယ်။

သုံးပတ်လောက်ကြာတော့ အိမ်ကို နယ်က ဧည့်သည်တချို့ လာလည်ပါတယ်။ သူတို့က ဘဲငန်းလေးကို အိမ်ပေါ်မှာ တွေ့တော့ မေးကြတာပေါ့။ ဖေဖေက သတ်မစားရက်လို့ မွေးထားတဲ့အကြောင်း ပြောလိုက်တယ်။ အဲဒီဧည့်သည်တွေက ဘဲငန်းလေးကို လှည့်ပတ်ကြည့်ပြီး ဒါ အမလေး ပဲ တဲ့။ ကိုယ့်အိမ်သားတွေကလည်း ဘဲငန်းအရေးကျွမ်းကျင်သူ မဟုတ်တော့ ဧည့်သည်တွေပြောမှပဲ အမလေးမှန်း သိတော့တယ်။ အထီးတစ်ကောင် အဖော်ရအောင် ထားပေးလိုက်ပေါ့ လို့ ဧည့်သည်တွေက ပြောကြတယ်။ ရွာက ယူလာပေးမယ်လေ ဆိုပြီး နောက်တစ်ပတ်လောက်ကြာတဲ့အခါ ဘဲငန်းတစ်ကောင် လာပေးပါတော့တယ်။

အသစ်ရောက်လာတဲ့ ဘဲငန်းလေးက ပထမကောင်ထက် ပိုငယ်တယ်။ ပထမကောင် ရောက်ခါစက အရွယ်အစားမျိုး။ နှစ်ကောင်ဖြစ်သွားတော့ ဟိုဘဲ ဒီဘဲ နဲ့ ခေါ်လို့ မကောင်းတာနဲ့ နာမည်ပေးဖို့ စဉ်းစားရတော့တယ်။ ညီမလေးက အကြီးကောင်ကို ပိုပို လို့နာမည်ပေးပြီး အငယ်ကောင်ကို မိုမိုလို့ ခေါ်လိုက်တယ်။

သူတို့နှစ်ကောင်တောင် ဆိုတော့ အိမ်ပေါ်မှာ ထားလို့ မဖြစ်တော့ပြန်ဘူး။ ဒါနဲ့ပဲ အိမ်အောက်မှာ အိမ်တိုင်လေးတိုင်ကို ရိုင်တွေနဲ့ကာပြီး ခြံခတ်လိုက်တယ်။ တစ်ဖက်ကိုတော့ အပွင့်လုပ်ပြီး နှစ်တစ်လက်မနဲ့ ခြံတံခါး လုပ်ပေးလိုက်တယ်။
အိမ်အောက်မှာဆိုတော့ အလင်းရောင်တို့ လေတို့က တချိန်လုံးပိတ်ထားရင် မကောင်းဘူး။ ညအိပ်ချိန်မှာ သူတို့ခြံတံခါးကို ပိတ်ထားပြီး နေ့ခင်းဘက်ဆိုရင် ဖွင့်ပေးလိုက်ပါတယ်။ ပိုပိုနဲ့ မိုမို တို့လည်း အဖော်ရသွားပြီ့း ဟိုဟိုဒီဒီ လျှောက်သွားကြတာပဲ။ ကိုယ့်အိမ်ခြံဝင်းထဲတင် မကဘူး၊ အနီးအနားအိမ်တွေရော လမ်းမကိုပါ ထွက်လည်တတ်လာတယ်။

အဲဒီလိုနဲ့ သူတို့ရောက်လာတာ သုံး လေး လကြာလို့ သီတင်းကျွတ်လ ရောက်လာပြီ။ သူများတကာတွေ ပြောကြတာ ဘဲငန်းတွေက ၀ါတွင်းဆိုရင် မဥဘူး ဆိုပဲ။ ၀ါကျွတ်ရင်တော့ စပြီး ဥတယ် ဆိုလို့ သတိတော့ ထားကြည့်နေရတယ်။ ပိုပို့ကို ကြည့်ရတာလည်း တနေ့တခြား အတော်လေးဝလာတယ်လေ။

တနေ့တော့ ပိုပိုက တဂူးဂူးတဂါးဂါး အော်ပြီးတော့ အိမ်ခေါင်းရင်းက ခတ္တာပန်းခြုံတွေကြားကို တိုးပြီး ၀ပ်နေလေရဲ့။ ခဏနေ ပိုပို ထွက်သွားတော့ ညီမလေးက သွားကြည့်လိုက်တဲ့အခါ ဘဲငန်းဥ တစ်လုံးကို တွေ့ပါတော့တယ်။ မေမေလည်း တောင်းတစ်လုံး ကမန်းကတမ်းရှာပြီး ၀ပ်တင်း (၀ပ်ကျင်း) ပြင်ပေးရတယ်။ တင်းထဲကို ဘဲငန်းဥလေး ကောက်ထည့်လိုက်ချိန်မှာ ဥက ပျော့စိလေး။ ဥသွားခါစမို့ ထင်ပါတယ်။ အသည်းယားစရာပေါ့။

တင်းကို သူတို့ခြံထဲ ထည့်ပေးထားလိုက်တယ်။ နောက်နေ့ကစပြီး ပိုပိုက တင်းထဲကို လာပြီး ဥချပါတယ်။ ဒုတိယနေ့မနက်မှာ ပိုပို ၀ပ်သွားပြီး တင်းထဲမှာ ဥ နှစ်လုံးဖြစ်သွားတာပေါ့။ တတိယနေ့ရောက်တော့ တင်းကို စစ်လိုက်တဲ့အခါ ဥက လေးလုံးဖြစ်နေတယ်။ အားလုံး အံ့သြသွားကြတယ်။ ဘဲမက တစ်နေ့ကို တစ်လုံးပဲ ဥတာကို ဘယ့်နှယ် သုံးရက်မှာ လေးလုံးဖြစ်နေရပါလိမ့်။

(ဆက်ရန်)


ပန်ဒိုရာ

Expand..

Tuesday, July 20, 2010

အပြာရောင်ကျွန်း - ၃





အပြာရောင်ကျွန်း - ၃

အဲဒီညခင်းမှာ
အပြာရောင်ဟာ ရေထုထဲ စိုက်ဆင်းလာတယ်
ညှီစို့စို့အငွေ့အသက်တွေ ပြားကပ်လို့
ကောင်းကင်မှာ မီးညွန့်တွေ ရဲရဲလွန့်လို့
စိမ်းညို့လေထုထဲ တိတ်ဆိတ်သံတွေတုန်ယင်လို့
ခရုတစ်ကောင်ကို ပင်လယ်ထဲ ပြန်ပို့ပေးလိုက်တယ်
အုန်းသီးတွေ ဂူအတွင်းဘက် ရွှေ့ထားလိုက်တယ်
မီးပုံလေးကို မငြိမ်းအောင် ထိုးဆွရင်း
တိရိစ္ဆာန်တွေ ပကတိစိတ်နဲ့ သိမြင်သလို
ငါ့ရင်ထဲမှာလည်း လှိုက်လှိုက်ဖိုဖို
အဲဒီခဏ
ငြိမ်
သက်
အေး
စက်
တခဲနက်အမှောင်..
ဟော.. ဟိုမှာ
အသက်ရှူသံတွေ တဝေါဝေါ အုံကြွလို့
ရေညှိနွယ်တွေ ဦးခေါင်းထက်ဖြန့်ကားလို့
ဆံစဖျားမှာ မိုးရေစက်တွေ တောက်တောက်ကျလို့
လျှပ်စစ်မျက်ဝန်းတွေ ၀င်းဝင်းတောက်လို့
ပင်လယ်ကြီးကို ချော့မော့ပွေ့ပိုက်ရင်း
ဂျိုးဂျိုးဂျိမ့်ဂျိမ့် တစ်လှမ်းချင်းလှမ်းလာသူဟာ
သူ
သူ
တစ်လှမ်းချင်း တစ်လှမ်းချင်း
ပြိုးပြက်တဲ့ ရယ်သံတွေနဲ့
သွားစွယ်ဖွေးဖွေးတွေနဲ့
အကြေးခွံလက်လက်ထ အမြီးတစ်စ
လင်းခနဲ ဖြတ်ခနဲ
ဗြုန်းဆို ပင်လယ်ကို ငါ့ဆီ ပစ်ပေးလိုက်လေရဲ့
အလို… တစစီ တစစီ
ပင်လယ်ဟာ အပိုင်းပိုင်းအတစ်တစ် ပြတ်ကျ
အလို… ငါ့မျက်စိရှေ့မှောက်မှာ
ငါ့ဝိညာဉ်ကြိုးကလေး
အဆုံးစွန်ထိ တင်းလို့ ဆွဲထားလိုက်ပေါ့
ဗလုံးဗထွေးမြည်ဟီးသံ
ခြင်္သေ့လည်ဆံလိုလို မြွေဟောက်ပါးပျဉ်းလိုလို
သွေးရူးသွေးတန်း ဟိန်းဟောက် မာန်ဖီသံ
ဝေါဝေါ၀ုန်းဝုန်း တိုက်စားယူဆောင်သွားသံ
အဖြူရောင်ထုက ဖုံးလွှမ်းသွားလိုက်
အပြာရောင်ထုက ရစ်ငင်သွားလိုက်
အနက်ရောင်ထုထဲ ဦးစိုက်ဆင်းသွားလိုက်
ပြီးတော့….
………
………
…..…
ဘာတွေဖြစ်သွားသလဲ
ဘာတွေဖြစ်ခဲ့သလဲ
အို.. ပြန်ခေါ်ပေးပ
ခြောက်ကပ်သွားတဲ့ ဒီလှိုင်းဖတ်တွေသာ ကျန်ခဲ့
အေးခဲသွားတဲ့ အုန်းလက်တွေကို လှုပ်နှိုးမိ
ပြန်မလာတော့တဲ့ ပဲ့တင်သံကို လိုက်ရှာမိ
အားလုံး ဖရိုဖရဲ အလဲလဲအကွဲကွဲ
ပင်လယ်လေ အမွှာမွှာအပိုင်းအစများ
သဲသောင်ခုံပေါ်က ပဋိပက္ခခြေသံများ
ကျောက်ဆောင်ပေါ်က အက်ကွဲရှရာများ
သူ…..
သူ လာသွားခဲ့တယ်
တကယ် လာသွားခဲ့တယ်
ငါ ဟစ်အော်လိုက်တယ်
ငါ့ ဟစ်အော်သံ
ငါ ဟစ်အော်လိုက်တဲ့အသံ
ကြားသလား……..
ဟုတ်တယ်
တွေ့ခဲ့တယ်
ဒီလိုပါ ဂျွန် ရယ်
ငါတို့… ရေသူမကို တွေ့ခဲ့ကြတယ်။


ပန်ဒိုရာ



အပြာရောင်ကျွန်း - ၁ သို့

အပြာရောင်ကျွန်း - ၂ သို့

Expand..

Friday, July 9, 2010

သူ့အသွင် ကိုယ့်အသွင် (သို့) သင်္ကေတများကိုဖြတ်ကျော်စဉ်(၃)

“ခင်ဗျားလည်း ၀ လာပြီနော်.. ၀ လာပြီ”
“ဟွန်း.. လူကို အပြစ်ရှာနေပြန်ပြီ”
“အပြစ်ရှာတာ မဟုတ်ဘူး.. အမှန်ပြောနေတာ။ ဒီမှာကြည့်စမ်း၊ အရင်တုန်းကဆို ဒီနေရာမှာ ဒါမျိုးတွေ မရှိဘူး”
“အင်.. ဘယ်လိုလုပ်မလဲ”
“လေ့ကျင့်ခန်းလုပ် အစားလျှော့လေ”
“ရုံးဆင်းရင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မှမရှိတာ.. အစားလျှော့ရင်လည်း ဗိုက်ဆာမှာပေါ့၊ အစာအိမ်က သိပ်ကောင်းတာမဟုတ်ဘူး”
“ပြောလိုက်ရင် ဆင်ခြေချည်းပဲ.. ပျင်းတာကိုး”
“သူနဲ့လိုက်ဖက်အောင်လို့ သူများခမျာ အနစ်နာခံပြီး ရုပ်ဆိုးပေးရတာကိုများ”
“သြော်.. သြော်…”


(ပုံ internet )
------------------------------------------------------------

ယောင်္ကျားလေးတွေဟာ မားစ်လို့ဆိုတဲ့ အဂါင်္ဂြိုဟ်က လာပြီး မိန်းကလေးတွေက ဗီးနပ်စ်လို့ ခေါ်တဲ့ သောကြာဂြိုဟ်က လာသတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက မားစ် စိုးမိုးတဲ့ စကော်ပီယို (ဗြိစ္ဆာ) ရာသီဖွားဖြစ်ပြီး ကိုယ်ကတော့ ဗီးနပ်စ် လွှမ်းမိုးတဲ့ တောရပ်စ် (ပြိဿ) ရာသီဖွားဖြစ်နေပြန်တယ်။ ဆယ့်နှစ်ရာသီခွင် စက်ဝိုင်းထဲမှာ တိတိကျကျ ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်နေတဲ့ ရာသီခွင်နှစ်ခုလည်း ဖြစ်တယ်။ မားစ်ရဲ့ ဓာတ်တွေ စိမ့်ဝင်နေသူနဲ့ ဗီးနပ်စ်ရဲ့ ရောင်ခြည်တွေ ခြုံလွှမ်းထားသူတို့ရဲ့ အသွင်တွေဟာ ဘယ်လိုဆောင်နေမလဲ။

----------------------------------------------------------------

“ဟိတ်.. ဒီစပို့ရှပ် ဆိုရင် ဘယ်လိုနေမလဲ”
“ပြောထားတယ်လေ ကန့်လန့်စင်းက လူကို ပိုပြီး ၀စေတယ် ပုစေတယ် .. ဒီလို ဒေါင်လိုက်စင်းလေးတွေနဲ့ ရှပ်အင်္ကျီကို ၀တ်ပါလား”
“အိုကေလေ.. ခင်ဗျားကြိုက်တာပဲ ယူလိုက်ပါမယ်”
“ကြိုက်တာမဟုတ်ပါဘူး.. ပိန်ရှည်ရှည်လူလေး သာဆိုရင်တော့ အဲဒီကန့်လန့်စင်းလေးက ပိုလှသားပဲ.။ အခုတော့ သူ့ပုံစံနဲ့ လိုက်တာကိုပဲ အကြံပေးရတာပေါ့.. ခွိခွိ”
“ဟင်း..”
“ဒါနဲ့.. ဟိုမှာ ချိတ်ထားတဲ့ ဂါဝန်လေး မလှဘူးလားဟင်”
“ခင်ဗျားက အဲဒီ့လောက် ပျော့ပျော့ရှည်ရှည် အင်္ကျီကြီးတွေနဲ့ ကြည့်ကောင်းမှာ မဟုတ်ဘူး.. အရောင်ကလည်း တောက်လွန်းတယ်… သူများတကာကိုသာ ပြောနေတယ် သူကျတော့ ကိုယ်နဲ့ မလိုက်တာတွေချည်း သိပ်လုပ်ချင်တာပဲ..”
“ဟာ… တို့နဲ့ဆိုရင် မလိုက်ဘူးဆိုတာ မရှိဘူး၊ ကြိုက်တာ မကြိုက်တာပဲ ရှိတယ် သိရဲ့လား.. ၀တ်မယ်.. အဲဒီဂါဝန်အရှည်ကြီး ၀တ်မယ်”
“မလိုက်ဘူး”
“နေကာမျက်မှန်အကြီးကြီးတပ်မယ်”
“မလိုက်ဘူး
“ဖိနပ်ထိပ်ချွန်ချွန်လေး စီးမယ်”
“မလိုက်ဘူး”
“ဒါဆို ဒီလူကြီးနဲ့ တွဲသွားရတာရော ”
“မလိုက်ဘူး.. ဒီလူက သိပ်ခန့်ညားနေတယ်”
“၀ါးဟားဟား”

---------------------------------------------------------

“ပွဲက တော်တော် အသည်းယားဖို့ကောင်းတယ် မန်ယူကလည်းကွာ အပြတ်အသတ်လည်း ဖိမနေဘူး.. အာစင်နယ်တို့ ချယ်လ်စီးတို့ ပွဲတွေနဲ့များ ကွာပါ့”
“ဒါက အဘိုးကြီးရဲ့ ပရိယာယ်တွေပါ တချို့ပွဲတွေမှာ ချန်ထားရတယ်”
“ဟင်း.. ယူတို့ကတော့ ရှုံးတောင်မှ အဘိုးကြီးက ဒီပွဲမှာ တမင် အရှုံးပေးခိုင်းလိုက်တာလို့ ပြောဦးမယ်။ မန်ယူကို အားပေးတာလား ဖာဂူဆန်ကို အားပေးတာလား”
“၈၆ ခုနှစ်ကတည်းက သူအုပ်ချုပ်လာတာ.. သူရောက်လာပြီး နောက်ပိုင်းကနေ အခုအထိ ဆက်တိုက် အောင်မြင်နေတာပဲ မဟုတ်လား”
“အင်း”
“မန်ယူက တသင်းလုံး လေယာဉ်ပျက်ကျလို့ သေသွားဖူးတယ်.. ကြာတော့ကြာပြီ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကပေါ့”
“သြော်.. ဟုတ်လား”
“ပရီမီယာလိဂ်မှာ ဖာဂူဆန် လက်ထက်မှာ ရတဲ့ ၁၁ကြိမ် အပါအ၀င် စုစုပေါင်း ၁၈ ကြိမ်တောင် ဗိုလ်စွဲတာ မန်ယူပဲလေ”
“လစ်ဗာပူးလ်လည်း ပရီမီယာလိဂ် ဖလား ၁၈ ခါလား ရဖူးတယ်ဆို”
“ဒါကတော့ အတိတ်က ရွှေထီးဆောင်းခဲ့တာကိုး။ လတ်တလောကို ကြည့်ရမယ်လေ.. သိပ်အချိန်ကြာသွားရင် တချို့အရာတွေက အကျုံးမ၀င်တော့ပါဘူး.. ဟဲဟဲ”
“သိပါဘူး.. သူများကတော့ သူအားပေးတဲ့အသင်းကို အားပေးတာပါ… ဟိ”
“ဟာ.. ဟိုမှာ ဂိုးတော့မယ်.. ဆွဲပြေးထား ဆွဲပြေးထား… ဟာကွာ…”
“ဟာကွာ…”

----------------------------------------------------------------

“ဟောဒီမှာ ဘာပါလာသလဲ ကြည့်”
“၀ိုး.. ကဗျာစာအုပ်တွေပါလား။ သုခမိန်လှိုင်ရဲ့ အငြိမ့်၊ လူဆန်း၊ မိုးဝေး … တယ်ဟုတ်ပါလား”
“ကိုယ်ယူလာတာတွေကို သိပ်ကြိုက်သွားပြီ မဟုတ်လား။ တော်တယ် နော်”
“မဆိုးပါဘူး… ဟင်းဟင်း”
“၀န်မခံချင်ဘူးပေါ့လေ”
“အင်း.. ဒီလိုလုပ်ပါလား သူလည်း တခါလောက် ကဗျာလေး တစ်ပုဒ်လောက် ရေးကြည့်ပါလား သူများအကြောင်းပဲ ဖြစ်ဖြစ်ပေါ့ ဟီဟိ”
“ရေးပါ ခင်ဗျားတို့ပဲ ရေးကြပါ”
“ဟင်… ဘာဖြစ်လို့လဲ.. မခက်ပါဘူး.. ဘာစည်းမျဉ်းမှ မလိုဘူး.. စိတ်ထဲရှိတာလေး ရေးကြည့်လိုက်လေ၊ တိုတိုလေးဖြစ်ဖြစ်”
“၀ါသနာမပါပါဘူး။ ဝေဒနာတွေ ခံစားချက်တွေကို လက်သပ်မွေးထားကြတဲ့သူတွေပဲ ကဗျာရေးကြတာ။ ပျော်ရွှင်နေရင် ကဗျာမရေးကြတော့ဘူး။ ဒါကြောင့် ခင်ဗျားကိုလည်း သိပ်မပျော်အောင် ထားပေးရမယ် ဟင်းဟင်း”
“အောင်မယ်… ဒီသီအိုရီက တမျိုးပါလား…။ ဘယ်သူပြောလဲ ကဗျာဆရာတွေက မပျော်တဲ့အခါပဲ ကဗျာ ရေးတယ်လို့”
“သေသေချာချာ ရှာကြည့်လိုက်လေ.. ကဗျာတွေထဲမှာ ပျော်စရာ ဘယ်နှစ်ပုဒ်ပါလို့လဲ… ခက်ခဲတာတွေ ခံစားတာတွေ သနားစရာတွေ အချဉ်ပေါက်တာတွေချည်း များနေတာ”
“ဒီလောက်လည်း မဟုတ်ပါဘူး”
“မယုံရင် ဥပမာ ဒီစာအုပ်ကိုကြည့်လိုက်.. ကဗျာဆရာပေါင်းစုံရေးထားတဲ့ မဂ္ဂဇင်းပါ ကဗျာများ တဲ့ လိုက်ရှာကြည့်.. ဟော.. မောင်ပြည့်မင်းရဲ့ အပိုအလျှံရှိတဲ့နေ့ တဲ့။ ဒီကဗျာလေးတစ်ပုဒ်ပဲ ပျော်စရာပါတယ် တွေ့လား”
“တို့ရေးတာတွေကတော့ အစုံပါပါတယ်.. ဒီမှာ သူများရေးထားတာတွေ အကုန်လုံး ဖတ်ကြည့်ပါလား”
“ ၀ှား…”
“အိပ်မငိုက်နဲ့၊ ဖတ်.. အခုဖတ်”

----------------------------------------------------------------

“ဘာစားမလဲ ကိုယ်သွားဝယ်မယ်လေ ဒီစားပွဲကစောင့်နေ”
“ဟို ခေါက်ဆွဲလေ.. ဖက်ကလေးထဲမှာ ထည့်ထားတာ။ ပရောင်းမီး ဆိုလား ဘာလား။ ပုစွန်နဲ့ ခေါက်ဆွဲလုံးဖြူဖြူ အရည်စပ်စပ်လေးနဲ့ ပဲပင်ပေါက်နဲ့”
“ဟုတ်လို့လား ခေါက်ဆွဲ တကယ်စားချင်လို့လား”
“အင်း.. အဲဒါကို ကြိုက်တယ်”
……
…...
“ရော့.. ဒါကိုလည်းယူစား ထမင်းနဲ့ ကုလားစာ”
“ရော့ ခေါက်ဆွဲစား တ၀က်လောက်ပဲ ကုန်တယ်”
“ခင်ဗျားက တကယ်တော့ ထမင်းစားချင်တာ”
“ဟုတ်ပါဘူး”
“မညာပါနဲ့ မနေ့ကလည်း အပြင်မှာပဲ ဂျပန်စာစားဖြစ်တော့ ဖြစ်နိုင်ရင် အိမ်ပြန်ပြီး ထမင်းဟင်း ချက်စားချင်နေတာ မဟုတ်လား”
“ဟင်းဟင်း.. ရပါတယ်။ တခါတလေလည်း အပြင်မှာစားတာပေါ့၊ ချက်ရသက်သာတာပေါ့”
……
……
“စားလေ.. ဘာတွေ ပြုံးစိစိလုပ်နေတာလဲ”
“၀တ္ထုလေးတစ်ပုဒ် သတိရလို့ပါ။ နာမည်ကြီးပဲ။ အိုဟင်နရီရေးတဲ့ ၀တ္ထုတိုလေး”
“အင်း”
“အဲဒီအထဲမှာ သိပ်ချစ်ကြတဲ့ စုံတွဲဟာ ခရစ်စမတ်မှာ လက်ဆောင်ပေးချင်တော့ အမျိုးသားက သူနှစ်သက်တဲ့ နာရီကို ရောင်းပြီး အမျိုးသမီးရဲ့ ဆံပင်ရှည်တွေနဲ့လိုက်မယ့် ဆံညှပ်အစုံ ၀ယ်လိုက်တယ်။ အမျိုးသမီးကျတော့
သူမြတ်နိုးတဲ့ ဆံပင်ရှည်တွေကို ဖြတ်ရောင်းပြီး အမျိုးသားအတွက် နာရီလက်ပတ်ကြိုးလေး ၀ယ်လိုက်တယ်တဲ့”
“အင်း”
“တစ်ယောက်နဲ့ တစ်ယောက် ပေးကြတဲ့ လက်ဆောင်တွေကို တွေ့ကြတဲ့အခါ ၀မ်းသာဝမ်းနည်းစရာ ဖြစ်သွားတာပေါ့”
“အင်း”
“အခုလည်း အဲလိုမျိုးလေ။ ယူက အိုင်ကြိုက်တဲ့ ထမင်းကိုမှာပြီး အိုင်က ယူကြိုက်တဲ့ ခေါက်ဆွဲကို မှာတာ”
“သြော်.. စိတ်ကူးတွေ ယဉ်နေပြန်ပြီ”
“ဟင်း…. နေပေါ့”


ပန်ဒိုရာ

(အချစ်များစွာဖြင့် တက်ဂ်သော မသက်ဝေအတွက်)
သင်္ကေတများကိုဖြတ်ကျော်စဉ် (၁)
သင်္ကေတများကိုဖြတ်ကျော်စဉ် (၂)
ဘ၀လက်တွဲဖော်

Expand..

Monday, July 5, 2010

အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား



အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား

ယဉ်ကျေးမှုနှင့်မလျော်ညီသော ၀တ်လစ်စလစ်အောင်ပွဲခံမှုများကို
ဘုရားသခင်က အချိန်မီတားမြစ်ပြီးပါကြောင်း
ဘောလုံးတစ်လုံးသည် လက်တစ်လုံးထက် ပိုလုံးသောကြောင့်သာ
အနိုင်အရှုံးကို ခန့်မှန်းရခက်တာဖြစ်ပါကြောင်း
လက်တစ်လုံးစာသည် နှစ်တစ်နှစ်ဆိုပါက
ဥပမာ - နှစ်ထောင့်တစ်ဆယ်ဆိုလျှင် နှစ်ထောင့်တစ်ဆယ့်နှစ်သို့
လက်နှစ်လုံးအလိုမှာ ရှိနေပါကြောင်း
ထို့ကြောင့် သွားလိုက်တော့ နင်သွားလိုက်တော့ ဟု သုံးနှုန်းလိုလျှင်
မည်သူ့ကိုမှ မကိုးကားပဲ အလွတ်သဘော ပြောဆိုနိုင်ပါကြောင်း
အကြောင်းတွေဟာ အကြောင်းကြောင်းကြောင့်သာဖြစ်၍
အကျိုးတွေဟာ ထိုင်နေရင်အကောင်းသားဖြစ်ပါကြောင်း
ဒီလိုအဖြစ်မျိုးလည်း လောကမှာရှိပါကြောင်း
ကျွန်တော်မျိုးကြီးလည်း သေသင့်ပါကြောင်း စသည်ဖြင့်။ ။


ပန်ဒိုရာ

Expand..