(၁)
UK က ထုတ်ဝေတဲ့ Modern Poetry in Translation မဂ္ဂဇင်း ယခုနောက်ဆုံး issue
မှာ ကဗျာဆရာမ မအိ၊ ညိုပြာဝိုင်၊ ငယ်ငယ် (ကျောက်ဆည်) နဲ့ မွန်းသူအိမ် တို့ရဲ့
ကဗျာဘာသာပြန်တွေကို ဖော်ပြထားပါတယ်။ အဲဒီမဂ္ဂဇင်း ထဲမှာ
မြန်မာကဗျာဆရာမတွေကို အထူးကဏ္ဍတစ်ရပ်အနေနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ သူတို့က
ကြိုးညှိခြင်းထဲမှာ ပါဝင်ခဲ့တဲ့ ဆရာမတွေထဲက လိုချင်တယ် ဆိုလို့ ၂၀၁၃
နှစ်စပိုင်းလောက် ကတည်းက UK က ကဗျာဆရာမ ၎
ဦးနဲ့ အတူ ပူးပေါင်းပြီး ဘာသာပြန်ခဲ့ကြတာဖြစ်ပါတယ်။ စာမျက်နှာ
အကန့်အသတ်ကြောင့် မြန်မာကဗျာဆရာမ ၄ ဦးကိုသာ ဖော်ပြနိုင်ခဲ့ပါတယ်။
ကြိုးညှိခြင်းထဲမှာ မပါဝင်ခဲ့ပေမဲ့ ကျွန်မ ထည့်စေချင်တဲ့ အခြား ကဗျာဆရာမတွေ
နောက်ထပ် အသစ်ပေါ်လာတဲ့ လူငယ်မျိုးဆက်တွေကိုတော့ မထည့်နိုင်ခဲ့ပါဘူး။
အခွင့်အရေးရရင် အမျိုးသမီးတွေ အပါအဝင် မြန်မာကဗျာဆရာတွေရဲ့ ကဗျာတွေကို
နိုင်ငံတကာက အထင်ကရ မဂ္ဂဇင်းတွေမှာ ဒီ့ထက်ပိုပြီး ပါဝင်စေချင်ပါသေးတယ်။
မြန်မာကနေ အင်္ဂလိပ်ကို ကဗျာတွေ ဘာသာပြန်တဲ့အခါ ကျွန်မအနေနဲ့ တစ်ဦးတည်း
ဘာသာပြန်တာထက် မိခင်ဘာသာ အင်္ဂလိပ်စကားပြောသူများနဲ့ တွဲပြန်ရဖို့ကို
ပိုစိတ်ဝင်စားပါတယ်။ ကျွန်မရဲ့ လိုအပ်ချက်တွေကို သင်ယူချင်လို့ ဖြစ်ပါတယ်။
ကဗျာဆရာမ မအိရဲ့ ကဗျာတွေကို ဘာသာပြန်တဲ့အခါ Stephanie Norgate ဆိုတဲ့
အင်္ဂလိပ်ကဗျာဆရာမက သူ့ရဲ့ အတွေ့အကြုံလေးတွေကို အခုလို ရေးထားခဲ့ပါတယ်။ http://www.mptmagazine.com/article/the-challenges-of-working-on-versions-of-ma-eis-poems-69/
(၂)
အာရှနွယ်ဖွား အမေရိကန် ကဗျာဆရာမ ပါဗီရှား (Purvi Shah) ရဲ့ "You hear a song in your
wings" ကဗျာကို မြန်မာလို ဘာသာပြန်ပေးခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်တဲ့ ပါဗီရှားရဲ့ ကဗျာပရောဂျက်တစ်ခု ဖြစ်ပါတယ်။ မူရင်းရော ဘာသာပြန်ပါ
အိုင်အိုဝါက ပြည်သူ့စာကြည့်တိုက်ရဲ့ မှန်ပြတင်းတွေမှာ ကပ်ပြီး အခုလို
ခင်းကျင်းပြသထားပါတယ်။ (photo by Purvi Shah)
Friday, July 24, 2015
ဘာသာပြန်ပရောဂျက်များ ၂၀၁၅
Monday, January 26, 2015
ကျွန်မတင်ပါးသို့ ဂါရဝ (လူစီးလ် ကလစ်ဖ်တန်)
Wednesday, July 31, 2013
ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”
ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”
(မှတ်ချက်။
။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့
လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က “ဂူလာလာနိုရိ”
နဲ့ နယူးဇီလန်က “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း” တို့အကြောင်းကို
ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊
အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း
ဟုတ်ကြပါမယ်။ သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော
ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့
ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊
ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့
လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့
မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ
တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း
ဖြစ်ပါတယ်။)

(photo by Ariel Manuel)
ဖိလစ်ပိုင်နိုင်ငံက ကဗျာဆရာမ၊ စာရေးဆရာမ၊ ဘာသာပြန်သူ တစ်ဦးဖြစ်တဲ့ ဂျင်းန်ဗီး အယ်လ် အာစန်ဂျို (Genevieve L. ASENJO) ဟာ
ကျေးလက်ဒေမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ကဗျာကို ငယ်စဉ်ကတည်းက
ယဉ်ပါးခဲ့ပါတယ်။ သူတို့ဆီက ကျေးလက်လူထုထဲမှာ ကဗျာစပ်ခြင်းနဲ့
ကဗျာရွတ်ခြင်းဆိုတာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား အလေ့အထတစ်ခုဖြစ်တယ်လို့
ကျွန်မကို ပြောပြခဲ့ပါတယ်။ ကျေးလက် လူမှုရေး အခမ်းအနားတွေမှာ အမျိုးသား
အမျိုးသမီးတွေဟာ လက်တန်း ကဗျာတွေကို အပြိုင်အဆိုင် ရွတ်ဆိုလေ့ရှိကြတဲ့
ဓလေ့ရှိတဲ့အကြောင်း သူက ကျွန်မကို ပြောပြပါတယ်။ ဒီလိုဓလေ့မျိုးဟာ
ကျွန်မတို့ မြန်မာနိုင်ငံက ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားအချို့မှာလည်း
ရှိကြတယ်ဆိုတာ မှတ်သားဖူးတာမို့ ဗဟုသုတချင်း ဖလှယ်ဖြစ်ခဲ့ကြပါသေးတယ်။
ဂျင်းန်ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ ကဗျာက သူ့ဘဝကို မြှင့်တင်ပေးပြီး အဆင့်အတန်းရှိတဲ့ အလုပ်အကိုင်တစ်ခုကိုပါ ဖန်တီးပေးခဲ့တယ် ဆိုတာပါပဲ။
သူ့ရဲ့ ကဗျာတွေကို တက္ကသိုလ်က နှစ်သက်သဘောကျတဲ့အတွက် သူဟာ
တက္ကသိုလ်ဆရာမတစ်ဦး အဖြစ် အလုပ်ရခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင်
အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့
ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့
အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ
ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့
ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဂျင်းန် ဟာ စာအုပ် ၎
အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့
အမျိုးသား စာအုပ်ဆု (National Book Award) ကို ချီးမြှင့်ခံခဲ့ရပါတယ်။
သူ့ရဲ့ ဝတ္ထုတိုတွေနဲ့ ကဗျာတွေဟာ မဂ္ဂဇင်းတွေမှာ၊ စုစည်းမှုတွေမှာ
ဖော်ပြခံရပါတယ်။ ဂျင်းန် ဟာ ဖိလစ်ပိုင်ရဲ့ ဘာသာစကားတွေဖြစ်တဲ့ ကီနာရေ-အ၊
ဟီလီဂေနွန်နဲ့ ဖလစ်ပီနို ဘာသာတွေကို ဘာသာပြန်ဆိုပါတယ်။ Balay Sugidanun
(Storytelling House) ရဲ့ တည်ထောင်သူဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ De La
Salle University-Manila ရဲ့ စာပေနဲ့တီထွင်ဖန်တီးစာရေးသားခြင်း ဌာနမှာ
လက်ထောက်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
မေး။
။ဆရာမက စာရေးဆရာလည်းဖြစ်တယ် တက္ကသိုလ်ဆရာမ တစ်ယောက်လည်း ဖြစ်တယ် ဆိုတော့
ဘယ်အသက်မွေးဝမ်းကျောင်းကို အရင် စလုပ်ဖြစ်တာပါပဲ။ ဘယ်လိုများ လုပ်ခဲ့ပါသလဲ။
ဖြေ။
။ကျွန်မ တက္ကသိုလ်ဆရာမ ဖြစ်လာရတာက စာရေးဆရာတစ်ယောက်မို့လို့ပါ။ ကျွန်မ
ဆက်ပြီး စာရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်အတွက်ရော
တက္ကသိုလ်ထဲမှာပါ လူထုနဲ့ ဆက်သွယ်မှုတွေ သုတေသနတွေ လုပ်ရလို့ပါ။ အလုပ်ရဖို့၊
အလုပ်သက်တမ်းတိုးဖို့၊ ရာထူးတက်ဖို့နဲ့ အမြဲခန့်ရာထူးကို ရဖို့
စာရေးသားထုတ်ဝေဖို့ လိုပါတယ်။ ဒါကြောင့် တချို့ အခြေအနေတွေက လွဲလို့
ကျွန်မဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတယ်လို့ ခံစားရပါတယ်။
ကျောင်းအလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါမှာတော့ စာရေးဖို့ လိုအပ်တဲ့
အာရုံစူးစိုက်မှုအတွက် အချိန်ပေးရတာ အားမွေးရတာ သိပ်ကို ခက်ခဲပါတယ်။
မေး။ ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။
။ ကျွန်မ စာတွေကို အတိတ်မှတ်တမ်းနဲ့ အနာဂတ်အမြင်အဖြစ် ရေးပါတယ်။
ဒါကြောင့်မို့ စာရေးခြင်းဆိုတာ ကျွန်မအတွက် အဓိပ္ပာယ်ရှိပြီး ထင်ရှားတဲ့
အတိတ်က ဇာတ်လမ်းတွေကို မှတ်မိခြင်းနဲ့ အဓိပ္ပာယ်ဖော်ခြင်း
လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ငယ်ဘဝ၊ ဒေသရဲ့သမိုင်းတွေ၊ နေရာတွေ
လိုမျိုးပေါ့။ ဒီတော့ ဒါတွေဟာ အဆက်မပြတ်ဖြစ်လာပြီး ကျွန်မတို့ဟာ အတွေးတွေ
အပြုအမူတွေရဲ့ ပုံစံကို ခြေရာခံနိုင်မယ်။ ခေတ်ပြိုင် စာဖတ်သူတွေကလည်း
အဲဒီလို သတိရခြင်းတွေမှာ ပါဝင်လာနိုင်မယ် ဒါမှမဟုတ် တူညီတဲ့ ဘာသာစကားနဲ့
အမှတ်တရတွေကတဆင့် လူ့အဖွဲ့အစည်းတွေဟာ ရှေ့ဆက်လာမယ်လို့ မျှော်လင့်ပါတယ်။
အနာဂတ်အမြင်လို့ ပြောရခြင်းကတော့...................
ဘာသာပြန်ကဗျာ ၂ ပုဒ်အပါအဝင် အပြည့်အစုံကို ရသကမ်းခြေ လပွတ္တာ အွန်လိုင်းမဂ္ဂဇင်းမှာ ဆက်ဖတ်ပါ။
http://www.lptmagazine.net/2013/07/blog-post_28.html
Posted by
pandora
at
10:43 AM
1 comments
Labels: interview, others' works, poem, translation
Wednesday, July 3, 2013
အာဂမိန်းမ (ဘာသာပြန်ကဗျာ)
Poem Hunter website ကို
သွားလည်လိုက်တိုင်းမှာ မာယာအန်ဂျလို (Maya Angelou) ရဲ့ အာဂမိန်းမ (Phenomenal
Woman) ကဗျာဟာ top 500 ကဗျာတွေထဲမှာ အမြဲ နံပါတ် ၁ ဖြစ်နေတာကို တွေ့ရတယ်။
အဲဒီကဗျာကို ကျွန်မ ဘာသာပြန်ခဲ့ပြီး ၂၀၁၂ ဧပြီလမှာ ကောင်းကင်မဂ္ဂဇင်းမှာ
ဖော်ပြခံခဲ့ရပါတယ်။ ဒီနေ့ ဂျူလိုင် ၃ ရက်နေ့ဟာ အမျိုးသမီးများနေ့ ဖြစ်တဲ့အတွက်
ဒီကဗျာကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။
အာဖရိကန် လူမည်း အမျိုးသမီးတစ်ဦး
ဖြစ်တဲ့ မာယာအန်ဂျလိုကို ၁၉၂၈ ခုနှစ်မှာ မစ္စစ္စပီ စိန့်လူးဝစ် မှာ
မွေးဖွားခဲ့ပါတယ်။ အခုထိ သက်ရှိထင်ရှား ရှိနေဆဲပါ။ ဣတ္ထိယဝါဒီ လို့ ထင်ရှားတဲ့
မာယာအန်ဂျလိုရဲ့ စာပေလက်ရာတွေကို ထိထိရောက်ရောက် ခံစားနိုင်ဖို့အတွက် သူ့ဘဝရဲ့
အတက်အကျ နောက်ကြောင်းတွေကိုလည်း အနည်းငယ် သိဖို့လိုအပ်ပါတယ်။ သူ အသက် ၃
နှစ်အရွယ်မှာ မိဘတွေဟာ ကွာရှင်းခဲ့ကြပါတယ်။ အာကန်ဆန်မှာ နေထိုင်တဲ့ အဘွားဆီကို ၅
နှစ်ကြာ ပို့ထားခံရပါတယ်။ အဲဒီဒေသမှာ လူမျိုးရေး ခွဲခြားဖိနှိပ်မှုကို
တွေ့ကြုံခဲ့ရပါတယ်။ အာဂမိန်းမ ကဗျာဟာ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်တဲ့ သူမရဲ့
အောင်မြင်မှုတစ်ခုကိုလည်း ဖော်ညွှန်းချင်တာလို့လည်း ဆိုကြပါတယ်။ အသက် ၇ နှစ် ၈ နှစ်
အရွယ်မှာ သူဟာ သူ့အမေရဲ့ရည်းစားက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာကို ခံခဲ့ရပြီး ၅
နှစ်လောက် စကားမပြောပဲ ဆွံ့အ နေခဲ့ပါတယ်။ အာဂမိန်းမကဗျာဟာ နှုတ်ဆိတ်နေခဲ့ရတဲ့
ကာလတွေအတွက် ပြန်လည် အလျော်အစား ပေးထားတာ လို့လည်း သုံးသပ်ကြပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ကျောင်းထွက်ခဲ့ပြီး ဆန်ဖရန်စစ္စကိုရဲ့ ပထမဆုံး အာဖရိကန်
အမေရိကန် အမျိုးသမီး ကေဘယ်ကား လက်မှတ်ရောင်းသူ ဖြစ်လာခဲ့ပါတယ်။ နောက်တော့
အထက်တန်းကျောင်းမှာ ပြန်တက်နေတုန်း စီနီယာနှစ်မှာ ကိုယ်ဝန်ရပြီး သားလေးတစ်ယောက်
မွေးဖွားခဲ့ပါတယ်။ ကလေးကို စောင့်ရှောက်ရတဲ့ တစ်ဦးတည်းမိခင် အနေနဲ့ ဘဝမှာ
အတော်ရုန်းကန်ခဲ့ရပါတယ်။ စားပွဲထိုး၊ ထမင်းချက် အဖြစ် အသက်မွေးခဲ့ရပါတယ်။
အဲဒီအတောအတွင်းမှာပဲ
သူ့ရဲ့ ဝါသနာဗီဇ ဖြစ်တဲ့ ဂီတ၊ အက၊ သရုပ်ဆောင်ခြင်းနဲ့ ကဗျာရေးခြင်းကို
အားထုတ်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ဂရိ သင်္ဘောသားတစ်ယောက်နဲ့ လက်ထပ်ပြီး
ညကပွဲတွေမှာ သီချင်းဆိုခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ ကလေးဘဝနာမည်နဲ့ အိမ်ထောင်နာမည်ကို
ပေါင်းစပ်ပြီး မာယာအန်ဂျလို ဆိုတဲ့ နာမည်ကို ယူခဲ့ပါတယ်။ အိမ်ထောင်က
မတည်မြဲခဲ့ပေမယ့် အဆိုတော်ဘဝ၊ အကမင်းသမီး ဘဝကတော့ ဆက်လက်ခဲ့ပါတယ်။ ၁၉၅၄ ၅၅
ခုနှစ်တွေမှာ ဥရောပကို သရုပ်ဆောင်တင်ဆက်ဖို့ သွားခဲ့ရပါတယ်။ ၁၉၅၇ ခုနှစ်မှာ သူ့ရဲ့
ပထမဆုံး အယ်လဘန်ကို ထုတ်ဝေခဲ့တယ်။ မော်ဒန်အကကို လေ့လာခဲ့တယ်။
စင်မြင့်မှာဖျော်ဖြေတဲ့ မင်းသမီးတစ်ယောက် ဖြစ်လာပြီး ရုပ်မြင်သံကြားပွဲတွေမှာလည်း
တင်ဆက်ခဲ့ပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ သူဟာ စာရေးဆရာတစ်ယောက်အဖြစ်
အရည်အချင်းတွေကို ပိုပြီး တိုးတက်အောင်လုပ်ဖို့ စိတ်အားသန်လာပါတယ်။ Harlem
Writer’s Guild ကို ဝင်ရောက်ခဲ့ပြီး နိုင်ငံသားအခွင့်အရေး
လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အာဖရိကမှာ အချိန်တစ်ခုအထိ
နေထိုင်ခဲ့ပြီး ဂါနာတက္ကသိုလ်မှာ နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တယ်။ အမေရိကကို
ပြန်လာတဲ့အခါ ဒေါက်တာ မာတင်လူသာကင်းနဲ့ အလုပ်လုပ်ခဲ့တယ်။ အာဖရိက က အမျိုးသမီးတွေဘဝ
မြှင့်တင်ရေးအတွက် မာယာဟာ အများကြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ သူအသက်ကြီးလာလေလေ
သူ့ကဗျာတွေဟာလည်း ပိုပြီး အောင်မြင်ကျော်ကြားလာလေလေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့
ဆယ်စုနှစ်တွေမှာ အမေရိကန် သမ္မတတွေက မာယာကို အမျိုးမျိုးသော ဂုဏ်ထူးဆောင်
သတ်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ မာယာဟာ ရုပ်မြင်သံကြားမှာ ဇာတ်လမ်းနဲ့
မှတ်တမ်းအစီအစဉ်တွေ အများအပြားကို ရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ ၇
အုပ်အပါအဝင် စာအုပ်ပေါင်း ၃၀ ကျော် ထုတ်ဝေခဲ့ပါတယ်။
မာယာဟာ ဒီကဗျာကို
ရိုးရှင်းပြီး နားလည်လွယ်တဲ့ အရေးအသားနဲ့ ရေးခဲ့ပါတယ်။ ဒီကဗျာနဲ့
မိန်းမတစ်ယောက်ရဲ့ အောင်မြင်တဲ့ဘဝကို ချီးမွမ်းခဲ့တယ်။ စင်ပေါ်ကနေ ပရိသတ်ကို
ဖျော်ဖြေ သရုပ်ဆောင်ပြဖို့ အားကောင်းတဲ့ ဇာတ်ဆန်တဲ့ ကဗျာတစ်ပုဒ်လည်း
ဖြစ်ပါတယ်။ ဒီကဗျာကို ကြားတဲ့အခါ ကဗျာရေးသူရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုကိုပါ မြင်ယောင်ကြည့်လို့ရပါတယ်။
ချစ်စရာသွယ်သွယ်လျလျ ဖက်ရှင်မော်ဒယ်တွေရဲ့ အပေါ်ယံ အရေပြားတစ်ထောက်
အလှအပမျိုး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေရဲ့ တကယ့်သက်ရောက်မှု
ဟာ ဘာလဲ ဆိုတာ ရှင်းပြခဲ့တယ်။ ဆွဲဆောင်မှုတွေရဲ့ လျှို့ဝှက်ချက်၊
ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် ဂုဏ်ယူမှု ကို
ဒီကဗျာမှာ ရဲရဲဝံ့ဝံ့ချပြခဲ့ပါတယ်။ ကျိုးကြောင်းမဲ့ ဘဝင်မြင့်တာမျိုးမဟုတ်ဘဲ
ဘာကိုမှ ဦးညွှတ်စရာ မလိုအပ်တဲ့ အမျိုးသမီးစစ်စစ်တစ်ယောက်ရဲ့ သဘာဝခွန်အားတွေအတွက်
ပျော်ရွှင်ကျေနပ်မှုကို ဒီကဗျာနဲ့ လူအများကို မျှဝေခံစားခဲ့ပါတယ်။
ရည်ညွှန်းကိုးကား
http://en.wikipedia.org/wiki/Maya_Angelou
http://mahmag.org/blog/2011/05/09/review-of-the-poemphenomenal-woman-by-m-badihian/
http://www.skoool.ie/examcentre_sc.asp?id=4754
အာဂမိန်းမ
ကျွန်မရဲ့လျို့ဝှက်ချက်ရှိရာကို
မိန်းမချောလေးတွေ သိချင်နေကြ
ကျွန်မက
ချစ်စရာလည်းမကောင်း ဖက်ရှင်မော်ဒယ်လိုလည်း အချိုးတကျမဟုတ်
ဒါပေမယ့် ကျွန်မ
ပြောပြတိုင်း
သူတို့က လိမ်ညာနေတယ်ပဲ
ထင်နေကြ
ကျွန်မပြောပြမယ်
အဲဒါဟာ
ကျွန်မလက်မောင်းတွေရဲ့ အလှမ်းအကမ်း
ကျွန်မတင်ပါးဆုံရဲ့
အကျယ်အဝန်း
ကျွန်မရဲ့ ဆင်မယဉ်သာ
ခြေလှမ်း
ကျွန်မနှုတ်ခမ်းရဲ့
အကွေးအတွန့်
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
အခန်းတစ်ခန်းထဲ
လမ်းလျှောက်ဝင်သွားတယ်
ပူရိသတို့ဘဝင်ခိုက်လောက်အောင်
ခပ်မိုက်မိုက်
လျှောက်သွားတယ်
ငနဲသားတွေရပ်နေကြ
ဒူးထောက်ခယ
ကျွန်မအနားကို
ဝိုင်းကပ်လာ
ပျားအုံတစ်အုံလိုပေါ့
ကျွန်မပြောပြမယ်
အဲဒါ
ကျွန်မမျက်ဝန်းတွေထဲက မီး
ကျွန်မသွားတွေရဲ့
ရောင်ပြန်
ကျွန်မခါးတွေရဲ့
အလှုပ်အယမ်း
ပြီးတော့
ကျွန်မခြေထောက်တွေထဲက ပျော်ရွှင်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
ယောင်္ကျားတွေ ကိုယ်တိုင်
သိချင်ကြ
ကျွန်မဆီမှာ
ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း
ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇျတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့
ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို
မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့
ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့
နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့
တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
အခုတော့ ရှင်သိပြီ
ဘာကြောင့်
ကျွန်မဦးခေါင်းမညွတ်တာ
မအော်ဟစ်တာ
ဆွေ့ဆွေ့ခုန်မဖြစ်တာ
စကားကျယ်ကျယ်ကို
ပြောစရာမလိုတာ
ကျွန်မဖြတ်လျှောက်သွားတာကို
ရှင်မြင်တဲ့အခါ
ရှင်ဂုဏ်ယူသင့်တာပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မ
ဒေါက်မြင့်ဖိနပ်ရဲ့ ခွာသံ
ကျွန်မဆံပင်ရဲ့
အယိမ်းအနွဲ့
ကျွန်မလက်တွေရဲ့ ဖဝါးနုနု
ကျွန်မဂရုစိုက်တာကို
လိုအပ်မှု
ဘာကြောင့်လဲဆိုတော့
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
မာယာအန်ဂျလို
(အမေရိကန် ကဗျာဆရာမ Maya
Angelou ၏ Phenomenal Woman ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်ပါသည်။)
Tuesday, February 19, 2013
နယူးဇီလန်မှ ကဗျာဆရာ စာရေးဆရာ “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း”
Posted by
pandora
at
12:09 PM
2
comments
Labels: interview, others' works, poem, translation
Saturday, January 26, 2013
အမြင့်မူးရောဂါ (ကိုရီးယား ဘာသာပြန်ဝတ္ထုတို) အပိုင်း ၃ ဇာတ်သိမ်း
(အပိုင်း ၂ မှ)
ကျွန်တော်ကလည်း သူ့ကို
ပြန်ခေါင်းညွတ်လိုက်ပါတယ်။ အဲဒီ ရှာပလူမျိုး က ဆံပင်ကောက်ကောက် အသားနက်နက်
ရိုးရိုးသားသားပုံစံနဲ့ တကယ့်ကို တောင်ပေါ်ရွာသားရုပ်ပါ။ ကျွန်တော်တို့
လက်ဆွဲနှုတ်ဆက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ကြတယ်။ သူ့နာမည်က ပြာဘ။ သူ့ဟာ
ကက်တ်မန်ဒူမြို့က ခရီးသွားအကျိုးဆောင် ကုမ္ပဏီက ငှားထားတဲ့ ဧည့်လမ်းညွှန်ပါ။
၃။ ဒုတိယအဆင့်
လူကလာ ကနေစပြီးတော့ ၃၄၄၀ မီတာမြင့်တဲ့ နမ်ချီကို သုံးရက်လောက် လမ်းလျှောက်ပြီး ဖြတ်ခဲ့ကြတယ်။ ကျွန်တော့်ကို စားသောက်ဆိုင်မှာ တောင်တက်သမားကြီးက သတိပေးထားတဲ့အတိုင်းပါပဲ။ မီတာ၈၀၀၀ ထောင်မတ်နေတဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေရှိတဲ့ ခမ်ဗျုဒေသကို ဖြတ်ရတဲ့ တောင်တက်သမားတွေအဖို့ အမြင့်မူးရောဂါ စွဲကပ်လာတာလောက် အန္တရာယ်ကြီးတဲ့ အရာ မရှိတော့ပါဘူး။ အမြင့်မူးရောဂါကို အကောင်းဆုံးကုသနည်းကတော့ ကြိုတင်ကာကွယ်ဖို့ပါပဲ။ အဲဒါကတော့ တစ်နေ့ကို မီတာ ၃၀၀ ထက်မပိုဘဲ ဖြည်းဖြည်းလမ်းလျှောက်ဖို့ပါ။
အမြင့် ၃၉၇၃ မီတာရှိတဲ့ မွန်လ ဆိုတဲ့ နေရာကို ရောက်တယ်ဆိုရင်ပဲ အမြင့်မူးရောဂါကို ပထမဆုံး အကြိမ် စခံစားရပါတော့တယ်။ နမ်ချီကနေ ထွက်လာတော့ နှင်းတွေလည်း ပတ်ဝန်းကျင်တစ်ခုလုံး မှုန်မှိုင်းသွားအောင် သည်းသည်းမဲမဲ ကျလာတယ်။ နှင်းတွေဟာ ကျွန်တော့ ခေါင်းပေါ်မှာ တစ်ယောက်ယောက်က ငရုပ်ကောင်းမှုန့်တွေ ဆက်တိုက် ဖြူးချလိုက်သလို တစစ်စစ်နဲ့ နာကျင်စေပါတယ်။ နှင်းထဲမှာ သုံးနာရီလောက်ကြာအောင် လမ်းလျှောက်ပြီးတဲ့အခါ ကျွန်တော်ဟာ တဖြည်းဖြည်း အာရုံတွေဝေဝါးလာပြီး အိပ်မက်ထဲမှာ လမ်းလျှောက်ရသလို ဖြစ်လာပါတယ်။
လေးနာရီလောက်ကြာအောင် လမ်းလျှောက်အပြီးမှာ နားနေခန်းကိုလည်း ရောက်ရော ကျွန်တော်ဟာ စကားဟဟတောင် မပြောနိုင်တော့ဘဲ ခြေကုန်လက်ပန်း ကျသွားပါတယ်။ မီတာ ၅၀၀ ကျော်ကို တက်လာတဲ့ အဲဒီတစ်နေ့တာအပြီးမှာ ကျောပိုးအိတ်ကို ချလိုက်တာနဲ့ မူးဝေလာတော့ပါတယ်။ ရှူးဖိနပ်နဲ့ ခြေအိတ်ကို ချွတ်ဖို့လုပ်တော့ ကျွန်တော့် လက်တွေက လိုက်မလာတော့ဘူး။ တကိုယ်လုံး တုန်တုန်ယင်ယင်နဲ့ လေကို အငန်းမရ ရှူနေရတယ်။ ထပ်ခါထပ်ခါ သုတ်ပစ်လည်း နှာရည်တွေက တုတ်တုတ်ကျနေပါတယ်။ ဝီစကီပုလင်းပေါင်းများစွာကို သောက်ထားသလို ကျွန်တော့် ကိုယ်ခန္ဓာဟာ ဒယီးဒယိုင် ဖြစ်နေပါတယ်။
အဆက်မပြတ် ချောင်းဆိုးနေတဲ့အတွက် တစ်ညလုံး အိပ်မရခဲ့ပါဘူး။ အနုတ် သုံးဆယ့်ငါး ဒီဂရီ စင်တီဂရိတ်ရှိတဲ့ အပူချိန်မှာ ပါးလျနေတဲ့ အောက်ဆီဂျင်ကို ရနိုင်ဖို့အတွက် လေအေးတွေကို တစ်ညလုံး အသက်ပြင်းပြင်း ရှူသွင်းခဲ့ရလို့ နှာခေါင်းကလည်း အေးခဲနေပါပြီ။ အိမ်က နွေးထွေးတဲ့ အိပ်ရာနဲ့ မိန်းမရဲ့ အပွေ့အဖက်ကိုသာ ပြန်တမ်းတနေမိပါတော့တယ်။
…………………
လမ်းလျှောက်တာ ဆယ့်နှစ်ရက် ကြာသွားတဲ့နေ့မှာ ၄၄၅၀ မီတာမြင့်တဲ့ မက်ဟာမို တောင်ထိပ်က ရပ်နားစခန်းမှာ နေ့လည်စာစားရင်း နေပူဆာလှုံနေတုန်း သူ့ကို တွေ့လိုက်ပါတယ်။ ခေါက်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ အသက်ကြီးကြီး ရှာပလူမျိုး တစ်ယောက် ပါ။ သူဟာ ဟိုးအဝေးက နှင်းဖုံးတောင်တန်းတွေကို ငေးကြည့်ရင်း စီးကရက်သောက်ပြီး အေးအေးဆေးဆေး အပန်းဖြေနေပုံပါ။ ရာသီဥတုကလည်း သာယာနေပါတယ်။
“ဒီနေ့ရာသီဥတုက သာယာလိုက်တာဗျာ.. မဟုတ်ဘူးလား”
ရှာပအဘိုးကြီးက ကျွန်တော့်ဘက်ကို ခေါင်းလှည့်ပြီး အသိအမှတ်ပြုလိုက်ပါတယ်။ သူ့မျက်လုံးတွေကတော့ မှိတ်ထားဆဲ။ သူ့မျက်နှာက မဲပြောင်နေပြီး ပါးရေနားရေ တွန့်လိပ်နေပါတယ်။ ဒါပေမယ့် နှုတ်ခမ်းမွှေးပေါ်က သိမ်းငှက်နှုတ်သီးလို နှာခေါင်းကောက်ကြီးကတော့ သူ့ရဲ့ မာန်ကို ဆောင်နေပါသေးတယ်။ အပန်းဖြေခန်းပိုင်ရှင်ဆီမှာ ညတုန်းက ကြားခဲ့ရတာက ဒီအဘိုးကြီးဟာ နိုင်ငံပေါင်း မြောက်များစွာက တောင်တက်လာသူတွေနဲ့ အတူတူ ဒီဧဝရတ်တောင်ကို ငယ်ငယ်ကတည်းက အကြိမ်ပေါင်း များစွာ တက်ခဲ့တယ်တဲ့။ သူ့ကို နန်းတော်မှာ ဘုရင်ကတောင် မှတ်တမ်းတင်ဂုဏ်ပြု ထားရပါသတဲ့။
“အခုတော့ သာယာနေတာပေါ့။ ဒါပေမယ့် ခဏနေရင် နှင်းတွေအများကြီး ကျတော့မယ်”
အဘိုးကြီးရဲ့အသံက ချွဲကပ်သံ ပါနေပေမယ့် အင်္ဂလိပ်စကားတော့ အတော်ကောင်းကောင်း ပြောနိုင်ပါတယ်။ ကျွန်တော်က သူ့ဘေးမှာထိုင်လိုက်တယ်။ ကျွန်တော်တို့ အတော်ကြာကြာ စကားစမြည် ပြောဖြစ်ကြတယ်။ အဲဒီအချိန်မှာပဲ တောင်ကြားထဲက ပဲ့တင်ထပ်လာတဲ့ စက်သံကြီးတစ်ခုကို ကြားလိုက်ရတယ်။
“ဘာသံလဲ”
“အဲဒါ ဟယ်လီကော်ပတာသံပေါ့။ ဒီခေတ်လူတွေက ဘယ်လို သက်တောင့်သက်သာ သဘောထားရမယ် ဆိုတာ မသိကြဘူး။ တောင်တက်တယ်ဆိုတာက ဖြစ်စဉ်တစ်ခုရယ်ပါ။ ကိုယ့်ကိုယ်ကို အရမ်း တွန်းတွန်းတိုက်တိုက် လုပ်ရင် ဒါတွေ ဖြစ်လာတတ်တယ်”
“ဘာတွေဖြစ်လာတတ်တာလဲ။ သူတို့က ဘာလို့ ဟယ်လီကော်ပတာကို ဒီအထိ ပျံလာရတာလဲ”
“တခါတလေ ဒီလိုပဲ။ ငါလည်း တစ်ကြိမ်တော့ အဲဒီလို ဟယ်လီကော်ပတာထဲ လိုက်လာဖူးတယ်။ တစ်ကြိမ်ပါပဲ။ ရေခဲပြင်အက်ကွဲကြောင်းထဲကို ပြုတ်ကျပြီးတော့ ရေခဲတုံးညပ်ပြီး ငါ့ညာခြေထောက် ကျိုးသွားခဲ့တယ်။ ကြိုးကွင်း ကယ်ပေလို့သာပေါ့။ ဒါပေမယ့် ငါ တောင်တက်တာ နားလိုက်ရတော့တယ်။ ဒီနေရာကို နောက်တစ်ခါ အဲဒီလိုလာဖို့ မစဉ်းစားတော့ဘူး”
အဘိုးကြီးရဲ့ ဆေးလိပ်မီးခိုးငွေ့ တွေကို ရှူသွင်းရင်း ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ သူ့ဘေးမှာ တောင်ဝှေးတစ်ချောင်းချထားတာကို အခုမှ သတိထားမိတယ်။
“မင်းက ပထမဆုံးအကြိမ် တောင်တက်မယ့်လူလို့ ကြားတယ်။ နေထိုင်ကောင်းရဲ့လားကွ”
“ပြီးခဲ့တဲ့ သုံးလေးရက်ကတော့ ကျွန်တော် နည်းနည်းကြောက်နေမိတယ်။ အဲဒီနေ့မှာ ကျွန်တော် မီတာ ၅၀၀ ကျော် တက်ခဲ့တယ်။ ကျွန်တော် ရူးနေတာပဲဖြစ်မှာပါ။ အဲဒီနေ့က ညစာစားတော့ အိမ်မက်ထဲမှာ အစားအသောက်တွေက နှာခေါင်းထဲ လာဆို့နေသလိုလို ခံစားလိုက်ရတယ်”
အဘိုးကြီးက ချွဲဟပ်ပြီး နှင်းတွေပေါ်ကို ထွေးထုတ်လိုက်တယ်။ ပြီးတော့ သွားကျိုးတွေပေါ်အောင် တစ်ချက်ရယ်လိုက်တယ်။
“အေးပေါ့ကွာ စိတ်မှန်တဲ့လူဆိုရင် ဒီနေရာကို ဘယ်ရောက်လာပါ့မလဲ။ ဒီထိအရောက် တောင်တွေကို တောက်လျှောက် တက်လာနိုင်ဖို့ဆိုတာ ရူးသွပ်နေမှ ရတာ”
ကျွန်တော်က အလိုက်သင့် ထောက်ခံလိုက်တယ်။ အဘိုးကြီးက ပထမဆုံးအနေနဲ့ သူ့ခေါင်းကို ထောင်လိုက်ပြီးတော့ ကျွန်တော့်ကို ကြည့်ပါတယ်။ သူ ပြုံးလိုက်တော့ ပါးရေတွေက ကွန်တိုမြေပုံလို တွန့်လိပ်သွားတယ်။ တောင်တန်းဒေသမှာ သူ ဘယ်လောက်အချိန်ကြာအောင် နေထိုင်ခဲ့သလဲဆိုတာကို ချက်ချင်းခံစားကြည့်လို့ရတယ်။
“ငါလည်း အမြင့်ဆုံးနဲ့ အမြန်ဆုံး တောင်တက်ခဲ့ချိန်က ဒီလိုပဲနေခဲ့မှာပါ။ ဒါပေမယ့် သက်တောင့်သက်သာ သဘောထားပါကွာ။ ငါ့လိုမလုပ်နဲ့”
“ကျွန်တော် စိတ်ပူနေသေးတယ်၊ ကျွန်တော် အဲဒီနေရာကို အသက်နဲ့ခန္ဓာအိုးစားမကွဲပဲ ရောက်နိုင်ပါ့မလားမသိဘူး”
ကျွန်တော့်ရှေ့က နှင်းတွေဖုံးနေတဲ့ မြင်ကွင်းကို ငေးကြည့်နေမိတယ်။ နှင်းငွေ့လေပွေတွေနဲ့ ဖုန်မှုန့်တွေက လေတစ်ချက်တိုက်လိုက်တိုင်း ဂျုံမှုန့်တွေနဲ့ ပေါင်ဒါရိုက်နေသလို ပျံလွင့်နေတယ်။ နွားနောက်တစ်အုပ်က တောင်ကုန်းရှေ့က စားကျက်မှာ မြက်တွေစားနေကြတယ်။ သူတို့အထက်က အပြာရောင် မိုးကောင်းကင်မှာတော့ အနက်ရောင် လင်းယုန်တစ်ကောင်က ပျံဝဲနေတယ်။ ဒီမြင်ကွင်းကို မြင်ရတာ ရင်ထဲမှာ ဟာတာတာကြီး။ ဒါဟာ ပင်လယ်ရေမျက်နှာအထက် မီတာ ၄၅၀၀ အမြင့်မှာပါ။
“ဒီနေရာက ခဏစောင့်”
အဘိုးကြီးက တောင်ဝှေးကို ထောက်ပြီး ရုတ်တရက် ထရပ်လိုက်တယ်။ ပြီးတော့ နားနေဆောင်ထဲကနေ တစ်ခုခုသွားယူတယ်
“ဒီမှာ ဒါကိုယူထား၊ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရင် ဒါကို ဖွင့်ပြီး ဟိမဝန္တာတောင်စောင့်နတ်တွေကို ဆုတောင်းပါ။ သူတို့က မင်းကို ကူညီလိမ့်မယ်”
အဲဒီလိုပြောပြီး ကျွန်တော့်လက်ထဲကို စာအိတ်မဲမှောင်မှောင်လေး တစ်လုံး လာထည့်ပါတယ်။ အဲဒီစာအိတ်က အသေပိတ်ထားတယ်။ အထဲမှာ ဘာပါသလဲဆိုတာ အတပ်မပြောနိုင်ဘူး။ ကျွန်တော်က အဘိုးကြီးကို မေးခွန်းတစ်ခွန်း ထပ်မေးချင်သေးတယ်။ သူက တံခါးဖွင့်ထွက်သွားခါနီးဆိုတော့ အော်မေးလိုက်ရတယ်။
“တောင်စောင့်နတ်တွေက ကျွန်တော့်ဆုတောင်းကို တကယ် ကြားမှာလား”
သွားကျိုးတွေပေါ်အောင် အဘိုးကြီးက ခြောက်ကပ်ကပ်ရယ်မောလိုက်တယ်။ ပြီးတော့ ပြန်ပြောတယ်။
“မင်းမှာ ခရက်ဒစ်ကဒ် ရှိလား”
အဘိုးကြီးက နားနေခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားစဉ်မှာပဲ ကျွန်တော်က လက်မထောင်ပြလိုက်ပါတယ်။ ပြီးတော့ ခပ်တိုးတိုး ရယ်လိုက်မိတယ်။ လေယာဉ်စီးပြီး လူကလာ ကနေ လာခဲ့တဲ့ အချိန်ကစလို့ ဆယ့်နှစ်ရက်တာ အတွင်းမှာ အဲဒီ ပလတ်စတစ်ကဒ်ကလေးကို ဘောင်းဘီအိတ်ကပ်ထဲကနေ တစ်ခါမှ ထုတ်စရာ မလိုသေးပါဘူး။
၎။ ထိပ်ဆုံး အဆင့်
ပင်လယ်ရေအထက် အမြင့် မီတာပေါင်း ၄၇၅၀ ရှိတဲ့ ဂိုကျိုက နာမစတေ နားနေဆောင်ကို ကျွန်တော် ရောက်တဲ့အချိန်မှာ နောက်ထပ် ဧည့်သည် တစ်ယောက်ပဲ ရှိပါတယ်။ အိုင်ယာလန်နိုင်ငံက စကော့ လို့ခေါ်တဲ့ အသက် ၂၇ နှစ်အရွယ် လူဖြူတစ်ယောက်ပါ။ စကော့ဟာ သိပ်ကို တက်ကြွအားကောင်းတဲ့ တောင်တက်သမားတစ်ယောက်ပါ။ ကျွန်တော် ဆယ့်လေးရက်ကြာအောင် လမ်းလျှောက်ခဲ့ရတဲ့ ဆိုးဆိုးဝါးဝါး နာမည်ကျော် ချိုလတောင်ကြားကို သူက အချိန်ကောင်းမှာ ကိုးရက်နဲ့အရောက် ဖြတ်လာခဲ့တယ်။ ဒါက တကယ့်ကို မှတ်သားလောက်ဖွယ် အရှိန်နဲ့ သန်မာမှုပါ။ ကျွန်တော်က သူ့ကို ဘာကြောင့် ဒီလောက် အလျင်စလို ဖြစ်လာခဲ့တာလဲ လို့ မေးတော့ သူက ခရီးသွားစရိတ် သက်သာအောင်လို့ သူများတွေထက် မြန်တဲ့ နှုန်းနဲ့ အဲဒီနေရာတွေကို ဖြတ်လာခဲ့တာပါ လို့ပြောတယ်။
ဒါပေမယ့် ကံမကောင်းစွာပဲ စကော့ဟာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဂိုကျိုတောင်ထိပ်ကို မြင်နေရတဲ့အချိန်ကျမှ အမြင့်မူးရောဂါ ခံစာားနေရပါပြီ။ သူဟာ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး နေကောင်းအောင် နားနေခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်ထိ မီးဖိုဘေးမှာ ဖြူဖတ်ဖြူရော်မျက်နှာနဲ့ ချောင်းတဟွပ်ဟွပ် ဖြစ်နေတုန်းပါ။ နားနေဆောင်ပိုင်ရှင်နဲ့ စကော့ရဲ့ လမ်းပြ ရှာပလူမျိုး က သူ့ကို ပြန်ဆင်းစေချင်ပါပြီ။ ဒါပေမယ့် သူက သက်လာလာဦးမလားလို့ ဆက်စောင့်နေချင်ပါသေးတယ်။
နောက်တစ်နေ့မှာတော့ နည်းနည်းပါးပါးလောက်ပဲ ထုပ်ပိုးသယ်ဆောင်ပြီး ကျွန်တော် ဂိုကျိုတောင်ထိပ်ကို စတက်ပါတယ်။ ဒါဟာ အပျော်ထမ်း တောင်တက်သမားတစ်ယောက်အဖို့ ဧဝရတ်တောင်ရဲ့ အနောက်ဘက်စောင်းမှာ အမြင့်ဆုံး ရောက်နိုင်တဲ့နေရာပါ။ ကျွန်တော့် ခေါင်းပေါ်မှာရော အောက်မှာရော တိမ်တွေလွင့်မျောနေတယ်။ ကျွန်တော့်မျက်စိရှေ့မှာတော့ မီတာ ၈၀၀၀ မြင့်ကြတဲ့ ပူမိုရိ၊ ချန်စေ၊ ချိုမိုလမ်မာ၊ နုပါ၊ လိုစေ၊ လိုစေရှာနဲ့ မကာလုလေ တောင်ထိပ်တွေဟာ နှင်းတွေဖုံးပြီး တင့်တယ်လှပနေပါတယ်။ ဒါဟာ “ကမ္ဘာမြေရဲ့ အဖြူရောင်ကျောရိုး” လို့ တင်စားခေါ်ဝေါ်ကြတဲ့ နေရာပါပဲ။
စိတ်ကူးအိမ်မက်ထဲကအတိုင်း တောင်ထိပ်ကို အောင်အောင်မြင်မြင် ရောက်လာတဲ့အတွက် ပီတိတွေဖြာနေဖို့ ဝေးစွ။ ကျွန်တော်ဟာ ဘယ်လိုမှ ခံစားလို့မရနိုင် ဖြစ်နေပါတယ်။ ဒါဟာ ဧဝရတ်တောင်ရဲ့ ပိုဝေးတဲ့နေရာမှာ ရှိတဲ့ အမြင့်ဆုံး တောင်ထိပ်တစ်ခုကို လှမ်းကြည့်ဖို့ ပိုကောင်းတဲ့ နေရာလောက်ပါပဲ။ ကျွန်တော်က ဘီလူးကြီးတစ်ကောင်ရဲ့ ပုခုံးပေါ်ကထိုင်ကြည့်ရင် ကမ္ဘာကြီးကို ပိစိကွေးလေး လှမ်းမြင်ရမယ်လို့ ထင်ခဲ့တာပါ။ လက်တွေ့မှာတော့ ပိုမြင့်တဲ့ ဘီလူးကြီးတွေရဲ့ ပုခုံးတွေ ခေါင်းတွေက ကျွန်တော့်မြင်ကွင်းကို ကာဆီးနေတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေ အားလုံးကို တပြိုင်နက် မြင်ရဖို့ဆိုတာက မဖြစ်နိုင်တဲ့ ဆန္ဒတွေ စုပေါင်းထားတဲ့ တမံတစ်ခုက ကာဆီးထားသလို ဖြစ်နေတယ်။ ကျွန်တော့် ခေါင်းပေါ်က ကမ္ဘာဟာ ကျွန်တော့် ခြေထောက်အောက်က ကမ္ဘာနဲ့ ယှဉ်လိုက်ရင် ပိုခန်းနားကြီးကျယ်မယ်လို့ ထင်ခဲ့မိတာ တကယ်မဟုတ်ဘူး။ ဒီတော့ ကျွန်တော့်မျက်စိရှေ့က ဖြန့်ကျက်နေတဲ့ မြင်ကွင်းတစ်ခုလုံးဟာ လိမ်ညာနေတာ လို့ ခံစားနေရတယ်။
…….
ဂိုကျိုတောင်ထိပ်က ပြန်ဆင်းလာတော့ နှင်းတွေ သည်းသည်း ကျလာပါတယ်။ ကျွန်တော်တို့ တက်ခဲ့တဲ့ လမ်းက နှင်းတွေ အများကြီးဖုံးသွားလို့ ပျောက်သွားခဲ့ပြီ။ ပြာဘ က လမ်းကို ဦးဆောင်ပြီး ဆင်းပါတယ်။ ကျွန်တော်က သူ့နောက် ထပ်ကြပ်မကွာ ခြေချပြီးတယ်ဆိုရင်ပဲ နှင်းတွေက အဆင်းလမ်းကို လိုက်ဖုံးသွားပါတယ်။ နှင်းလေပွေကလည်း ကျွန်တော့် အမြင်အာရုံကို ပိတ်ဖုံးပြီး ပါးပြင်ပေါ် ရိုက်ခတ်လာတယ်။ နောက်ဆုံးတော့ နားနေဆောင်ကို ပြန်ရောက်လာကြပါတယ်။ အဝတ်အစားတောင် မလဲနိုင်ဘဲ အခန်းထဲကို ဝင်ပြီး ခရီးဆောင်အိပ်ရာပေါ်မှာ လှဲချလိုက်ပါတော့တယ်။
အဲဒီညမှာ လုံးဝ အိပ်မရအောင်ကို နာကျင်ကိုက်ခဲနေပါတယ်။ ခေါင်းလည်းကိုက်၊ ကိုယ်တွေလက်တွေလည်းနာ၊ အသက်ရှူမဝဘဲ မူးဝေနေပါတယ်။ မွန်လ မှာ နေမကောင်းဖြစ်တုန်းက နာခဲ့တာထက်တောင် ပိုဆိုးပါတယ်။ နေ့လည်က မြင်ခဲ့တဲ့ တခြားနေရာက တောင်ထိပ်တွေဟာ ကျွန်တော် သတိမလွတ်တလွတ် ဖြစ်နေတဲ့အချိန်မှာ မျက်စိရှေ့ ဝဲလည်နေပါတယ်။ ကျွန်တော်က အားစိုက်ကြည့်လေလေ အဲဒီတောင်တွေက ပိုမြင့်လာလေလေ။ ကျွန်တော်က သူတို့ကို ပျောက်သွားအောင် လျစ်လျူရှုလိုက်လေလေ သူတို့က နှင်းရောင်ဖွေးဖွေးနဲ့ ပိုတောက်ပလေလေ ဖြစ်နေပါတယ်။ သူတို့ရဲ့ အလှအပကို ကြောက်ရွံ့မိပေမယ့် မခုခံနိုင်ဘူး ဖြစ်နေရပါတယ်။ ဟိုးအဝေးတစ်နေရာကနေ နှင်းလှိုင်းလုံးကြီးတွေ တဝေါဝေါ ကျလာသံကို ကြားနေရပါတယ်။
နှစ်ရက်တိုင်တိုင် နှင်းတွေက မရပ်မနား ကျနေခဲ့ပါတယ်။ လေထဲမှာ အာခေါင်ခြစ်လာတဲ့ နှင်းမုန်တိုင်းဟာ မီတာ ၈၀၀၀ မြင့်တဲ့ တောင်ကြားတွေကနေ ကျလာတာပါ။ နှင်းကျတာ ပြီးသွားချိန်ကို နားနေဆောင်ထဲကနေ စောင့်နေရုံကလွဲလို့ ဘာမှလုပ်လို့မရပါဘူး။ ဝမ်းသာစရာကောင်းတာကတော့ နွေးနွေးထွေးထွေးနေ၊ အစားအသောက် ကောင်းကောင်းစားပြီး သေသေချာချာ နားရတော့ ကျွန်တော့်ရဲ့ အမြင့်မူးရောဂါဟာ အတော် သက်သာပြီး ထူထူထောင်ထောင် ဖြစ်လာပါတယ်။
ကျွန်တော်က ဂိုကျိုတောင်ထိပ်ကို ရောက်ပြီးသွားပြီဆိုတော့ စကော့က ပိုပြီးတောင် သွားချင်စိတ် ပြင်းထန်လာပါတယ်။ သူ့ရောဂါလက္ခဏာတွေကတော့ တစ်နေ့တခြား ပိုဆိုးလာတယ်။ အသက်ရှူသံတွေ ချောင်းဆိုးသံတွေက ပိုပြင်းလာတယ်။ နှုတ်ခမ်းတွေ လက်သည်းတွေက ပိုပြီး မဲနက်ပြာနှမ်းလာတယ်။ လမ်းတွေလည်း နှင်းမုန်တိုင်းကြောင့် အကုန်ပိတ်ဆို့ကုန်ပြီဆိုတော့ အခုမှ တောင်အောက် ပြန်ဆင်းလို့လည်း မရတော့ပါဘူး။ မီးဖိုဘေးက စားပွဲမှာ ကျွန်တော်စာရေးနေတုန်း သူက ဘေးမှာလာထိုင်ပါတယ်။ သူ့ရဲ့ကိုယ်ခန္ဓာကလည်း တဟွပ်ဟွပ်ဆိုးနေတဲ့ ချောင်းကြောင့် အားနည်းတုန်ယင်နေပါတယ်။ မျက်တွင်းချောင်ချောင်ထဲက မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူက ဆိုလာပါတယ်။
“ရိုးရိုးသားသား ပြောရရင် ကျွန်တော် ကြောက်မိတယ်”
“ဘာကို ကြောက်တာလဲကွ”
“ဒီလိုနဲ့ သေသွားမှာကို ကြောက်တာ”
“ဟေး.. စကော့ ရာ၊ သေမယ့်အကြောင်းကို ဘယ်သူကပြောလို့လဲ”
ကျွန်တော်က သူ့ကို အားပေးနှစ်သိမ့်ချင်လာပါတယ်။ ဟိုတစ်ချိန်က ရှာပ အဘိုးကြီးဆီက ရလာတဲ့ လက်ဆောင်ကို သွားသတိရလိုက်တယ်။ အခန်းထဲ ပြေးဝင်သွားပြီး စာအိတ်မဲမှောင်မှောင်လေးကို ယူလာလိုက်တယ်။ အသက်အန္တရာယ်ကြုံလာရင် ဟိမဝန္တာတောင်စောင့်နတ်တွေဆီမှာ ဆုတောင်းပါလို့ အဘိုးကြီးက မှာလိုက်တယ်လေ။ စာအိတ်ကို ဖွင့်လိုက်တော့ စာရွက်ပါးလေးပေါ်မှာ ဆုတောင်းစာလိုလို စာတစ်ကြောင်း ရေးထားတာကို တွေ့လိုက်ရတယ်။ ပြီးတော့ ဆန်စေ့ လက်တစ်ဆုပ်စာလောက် ထည့်ထားတယ်။ လူကလာ ကို ပျံလာတဲ့ လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ နီပေါအဘွားကြီးကို အတုခိုးပြီး ဆုတောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။
“စကော့ .. ငါ မင်းအတွက် ဆုတောင်းပေးမယ်၊ ဒါ တကယ် အလုပ်ဖြစ်မှာပါ”
ကျွန်တော်က စာရွက်ထဲမှာ ရေးထားတာကို မဖတ်တတ်တော့ လမ်းတလျှောက်မှာ သင်ထားခဲ့တဲ့ တတ်သရွေ့ မှတ်သရွေ့ နီပေါဘာသာနဲ့ ရွတ်လိုက်တယ်။
“ဟာဂျာ (ခွင့်ပြုပါခင်ဗျာ) နာမစတေ (မင်္ဂလာပါ) အွန် မနီ ပဒမီ ဟမ် (ကျွန်တော် ဆုတောင်းပါတယ်) ဘက်တီ (အလင်းရောင်) အူတနု (တိုးမြင့်လာပါစေ) ဂိုဟာ (ကူညီပါ) ဒန်ရာဘက် (ကျေးဇူးတင်ပါတယ်) ဖယ်ရီ ဘီးတိုးလ (နောက်လည်း တွေ့ဆုံကြတာပေါ့)”
ဆန်စေ့တွေကို လေထဲမြှောက်ပစ်လိုက်ချိန်မှာလည်း အဲဒီဆုတောင်းကို အထပ်ထပ် အခါခါ ခပ်မြန်မြန် ရွတ်လိုက်ပါတယ်။ စကော့ရဲ့ အမွှေးပွဦးထုပ်၊ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ဖရိုဖရဲ မုတ်ဆိပ်မွှေး ပါးသိုင်းမွှေးတွေပေါ်ကို ဆန်စေ့တွေ ကျသွားတယ်။ ကျွန်တော် ဟန်ဆောင် တောင်းလိုက်တဲ့ ဆုနဲ့ ပြည့်ပါစေကြောင်း စကော့က အသံဖျော့ဖျော့နဲ့ ရေရွတ်ပါတယ်။ ပြီးတော့ မေးခွန်းတစ်ခုကို တိုးတိုးလေး မေးလာတယ်။ အဲဒီမေးခွန်းကတော့ ကျွန်တော် အဘိုးကြီးကို မေးခဲ့တဲ့ မေးခွန်းနဲ့ ထပ်တူထပ်မျှပါပဲ။
“ဒါပေမယ့် ခင်ဗျားရဲ့ ဆုတောင်းကို နတ်တွေက တကယ်နားထောင်မှာလားဗျ”
ကျွန်တော်က အဘိုးကြီး လုပ်ခဲ့သလိုပဲ သွားတွေပေါ်အောင် ခြောက်ကပ်ကပ် တစ်ချက်ရယ်ပြီး ပြောလိုက်တယ်။
“စကော့ မင်းမှာ ခရက်ဒစ်ကဒ် ရှိသလား”
သူက ခေါင်းညိတ်ပြပါတယ်။ အားနည်းနေတဲ့ လက်ချောင်းတွေနဲ့ သူ့နောက်က ဘောင်းဘီအိတ်ကပ်ကို ထိုးပြတယ်။
“ဒါဆို ဟန်ကျပြီ။ မင်းမသေတော့ဘူး ကွ”
…………
နှင်းတွေစဲသွားတဲ့ နောက်တစ်နေ့မှာ စကော့ဟာ ကယောင်ချောက်ချား ဖြစ်လာတယ်။ သူ့ကို ကက်တ်မန်ဒူ က ဆေးရုံကို ချက်ချင်းပို့ဖို့ လိုလာပါတယ်။ သူက တဖြည်းဖြည်း သေလုမျောပါး ဖြစ်လာတာတောင်မှ သူ့ဘောင်းဘီအိတ်ထဲက ခရက်ဒစ်ကဒ်ကို မထုတ်သေးဘူး။ သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး သူ့ကိုပြန်ပို့ဖို့ကလွဲလို့ တခြားရွေးစရာ နည်းလမ်းမရှိတော့ဘူး။ လူနာက စိတ်အခြေအနေ မကောင်းတော့ဘူးလေ။ နောက်ဆုံးတော့ သူ့ကို မှောက်လိုက်ပြီး ဘောင်းဘီအိတ်ထဲက ကဒ်ပြားကို ထုတ်ယူလိုက်ရတယ်။ ကဒ်ကို ပေးလိုက်တယ်ဆို လမ်းပြ ရှာပ လည်း နားနေဆောင်ထဲကနေ ချက်ချင်း ပြေးထွက်သွားတော့တယ်။
ဒီခရီးစဉ်မှာ ကျွန်တော် သိခဲ့ရတာကတော့ ကယ်ဆယ်ရေး ဟယ်လီကော်ပတာတွေဟာ လူတွေ သေခါနီး ဖြစ်နေတာတောင်မှ ပျံမလာပါဘူး။ သူတို့လာရင်လည်း အီလေးဆွဲနေတာနဲ့ နောက်ကျလေ့ ရှိပါတယ်။ ခရက်ဒစ်ကဒ်ပိုင်ရှင်က ဒေါ်လာသုံးထောင်ပေးဖို့ လက်မှတ်ထိုးလိုက်မှပဲ ကက်တ်မန်ဒူကနေ ဟယ်လီကော်ပတာက စထွက်ပါတယ်။ တောင်တက်ခရီးသွားတွေရဲ့ ဘောင်းဘီအိတ်ထဲက ခရက်ဒစ်ကဒ်ဟာ ထိုင်ချလိုက်တိုင်း တင်ပါးမှာ ထောက်မိသွားတဲ့အခါ သူတို့တွေကို အမြင့်မူးရောဂါအတွက် သတိထားဖို့ အချက်ပြလိုက်သလိုပါ။ ပြီးတော့ အဲဒီကဒ်ပြားဟာ သူတို့ အသက်အန္တရာယ်ကြုံလာရင် တောင်တန်းတွေကနေ ပြန်လာနိုင်အောင် ကယ်တင်နိုင်မယ့် လက်မှတ် ဆိုတာကိုလည်း သတိပေးနေသလိုပါ။
၅။ ကျော်ဖြတ်ပြီးသောအခါ
ဓာတ်လှေခါးက ကျွန်တော့်တိုက်ခန်းရှိရာကို တက်လာတုန်း ကျွန်တော့် ရင်တွေ ခုန်နေပါတယ်။ နောက်ဆုံးတော့ ကိုယ့်အိမ်ကိုယ့်ရာကို ဘေးမသီရန်မခ ပြန်ရောက်ခဲ့ပါပြီ။ ဓာတ်လှေခါးထဲက မှန်ထဲမှာ ကျွန်တော်ဟာ တကယ့် တောင်တက်သမားတစ်ယောက် ပုံစံပေါက်နေတယ်ဆိုတာကို မြင်နေရပါတယ်။ ပါးပြင်တွေနဲ့ နှာခေါင်းက အေးခဲနီရဲလို့။ မုတ်ဆိတ်မွှေးတွေကလည်း ပြာနှမ်းနေတဲ့ နှုတ်ခမ်းအောက်မှာ တွဲလွဲကျလို့။ ကျွန်တော့်ကိုမြင်ရင် မိန်းမမျက်နှာ ဘယ်လိုများဖြစ်သွားမလဲလို့ သိချင်နေမိပါတယ်။ အိမ်တံခါးဝမှာ ရပ်ရင်း လူခေါ်ခေါင်းလောင်းခလုတ်ကို မနှိပ်ခင်မှာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပါတယ်။
“တင်း… တောင်”
ခလုတ်ကိုနှိပ်ရင်း မှန်ဘီလူး ချောင်းကြည့်ပေါက်လေးကနေ ကြည့်လိုက်ပါတယ်။ ဒါပေမယ့် ဘာတုံ့ပြန်သံမှ မကြားရပါဘူး။ ကျွန်တော် ထပ်နှိပ်လိုက်ပြီး တစ်ယောက်ယောက် ထွက်လာမှာကို စောင့်နေလိုက်ပါတယ်။ လက်ဖျားက စီးကျတဲ့အထိ ချွေးစေးတွေ ပြန်လာပါတယ်။ သော့ရဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လုလုမှာ တံခါးက ပွင့်လာပါတယ်။
“ဟေး.. ဒီမှာ ဘယ်သူလဲ ကြည့်စမ်း”
မိန်းမက ကျွန်တော့်ကို တောက်ပတဲ့အပြုံးနဲ့ ကြိုဆိုပါတယ်။ ကျွန်တော့် ရှေ့မှာလွယ်ထားတဲ့ နေ့ခင်းလွယ်အိတ်ကို ပစ်ချလိုက်တယ်။ မိန်းမကို ပွေ့ဖက် ပါးချင်းကပ်ပြီးတဲ့အခါ သူက မီးဖိုချောင်ထဲ ဝင်သွားပြီး လှမ်းပြောပါတယ်။
“မောင့်ပစ္စည်းတွေ ချထားပြီး လက်ဆေးလေ၊ ဆာနေရောပေါ့”
ညစာက စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပါပြီ။ အိုးထဲက ဟင်းချိုရဲ့ ပွက်ပွက်ဆူသံနဲ့ အကင်ဖီးဖိုပေါ်က လတ်လတ်ဆတ်ဆတ် အသားကင်နံ့က နတ်သုဒ္ဓာလို ချိုမြိန်လှတယ်။
“ငါ့ ဇာတ်လမ်းကို နားထောင်ကြည့်ပါဦး။ ဧဝရတ်တောင်မှာ တကယ့်ကို စိတ်ဝင်စားစရာတွေ ဖြစ်ခဲ့တယ်”
စားရင်းသောက်ရင်း မိန်းမကို ကျွန်တော်က စကော့အကြောင်း ပြောပြလိုက်ပါတယ်။ စကော့ဟာ တောင်ပေါ်ကနေ ဟယ်လီကော်ပတာနဲ့ ပျံဆင်းသွားရတဲ့ ဇာတ်ကွက်ကိုရောက်တော့ မိန်းမက သိပ်ကို အံ့သြသွားတဲ့ မျက်နှာထားကိုပြတယ်။ သူ့စိတ်ဝင်တစား တုံ့ပြန်မှုကြောင့် ကျွန်တော်လည်း အားတက်လာပြီး အသံကျယ်ကျယ်နဲ့ အားရပါးရ ဆက်ပြောပြလိုက်ပါတယ်။ ကျွန်တော့် အမူအရာတွေက အကဲပိုလာတယ်။ ဇွန်းကို လေထဲဝှေ့ယမ်းပြီး ဆက်ပြောလိုက်တယ်။
“တကယ်ပါပဲကွာ…။ အဲဒါ သိက္ခာကို မရှိတာပါ။ လူတစ်ယောက်အသက်အတွက် ဒေါ်လာသုံးထောင် ပေးရမတဲ့”
ပြီးတော့ ကျွန်တော် ရက်နှစ်ဆယ်ကြာအောင် ဖင်ခုထိုင်လာတဲ့ ခရက်ဒစ်ကဒ်ကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ပြလိုက်တယ်။ ကဒ်ပြားကတော့ အစင်းရာအခြစ်ရာတွေနဲ့ မမှတ်မိလောက်အောင် ဖြစ်နေပါပြီ။
“ကြည့်လေ၊ ဒါကို တစ်ကြိမ်တောင် မသုံးခဲ့ရဘူး။ ဒီတော့ ဒေါ်လာသုံးထောင် သက်သာလာတဲ့ သဘောပဲ။ မပျော်ဘူးလား မိန်းမရာ”
မိန်းမက သူ့မျက်နှာကို လက်နဲ့အုပ်ပြီး အကြာကြီး ရယ်ပါတယ်။ အစကတော့ သူက ကျွန်တော် ခရက်ဒစ်ကဒ် သုံးစရာမလိုဘဲ ဘေးမသီရန်မခ ပြန်လာနိုင်လို့ ဂုဏ်ယူပျော်ရွှင်နေတယ်လို့ ထင်လိုက်မိတယ်။ နောက်တော့ သူပြောတဲ့စကားကိုလည်း ကြားရော မီတာထောင်ပေါင်းများစွာမြင့်တဲ့ တောင်ပေါ်က ကျလာတဲ့ နှင်းလှိုင်းလုံးကြီးနဲ့ အဆောင့်ခံလိုက်ရသလို ဖြစ်သွားပါတော့တယ်။
“အိုး… မောင်ရယ်.. ရှင်မသိဘူးလား။ ဒီကဒ်က ဒေါ်လာ နှစ်ထောင်အထိပဲ ပိုက်ဆံသုံးလို့ ရတယ်လေ”
(ကိုရီးယား စာရေးဆရာ Hae Yisoo ရေးသားသော Altitude Sickness ကို Yoonna Amy Cho က ကိုရီးယားဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်ကို ပန်ဒိုရာက မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ပါသည်။ မူရင်းဝတ္ထုတိုကို စာရေးဆရာကိုယ်တိုင်က တည်းဖြတ်ကာ အတိုချုံးထားသော version ဖြစ်ပါသည်။)
Altitude Sickness ကို အင်္ဂလိပ်လိုပြန်ထားတဲ့ version ကို ဖတ်ချင်ရင် ဒီမှာ ဖတ်ကြည့်လို့လည်းရပါတယ် http://iwp.uiowa.edu/sites/iwp.uiowa.edu/files/HAE_sample_REVISED_9_20.pdf ။ ပန်ဒိုရာ ဘာသာပြန်တဲ့ version အတိုင်း အတိအကျတော့မဟုတ်ဘူး။ ပန်ဒိုရာ ဘာသာပြန်တဲ့ version က တော့ ဟေးအီစူးက ထပ် တည်းဖြတ်ပြီး ပေးလိုက်တာပါ။


