Tuesday, September 24, 2013

အိုင်အိုဝါရက်စွဲများ အပိုင်း (၄)



အိုင်အိုဝါရက်စွဲများ အပိုင်း (၄)

၁၁။ လူငယ်များအတွက် တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း 

Face to Face Creative Writing for Youths လို့ အမည်ရတဲ့  “လူငယ်များအတွက် တီထွင်ဖန်တီး စာရေးသားခြင်း” သင်တန်းတိုတွေမှာ လုပ်အားပေးနိုင်သူတွေကို IWP က ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကတော့ IWP နဲ့ the Iowa Youth Writing Project (IYWP) တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒါဟာ IWP စာရေးဆရာတွေအတွက် မဖြစ်မနေ ပါဝင်ရမယ့် အစီအစဉ်မဟုတ်ပေမယ့် သူတို့ဆီမှာ ကလေးတွေကို သင်ကြားတဲ့ creative writing ကို သိချင်တာရယ်၊ ရောက်တုန်းရောက်ခိုက်မှာ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေထဲမှာ တတ်နိုင်သလောက် ကူညီချင်တာရယ်ကြောင့် စာရင်းပေးလိုက်ပါတယ်။

မူလတန်းကနေ အထက်တန်းအရွယ်အထိ ကလေးတွေအတွက် ဒီသင်တန်း အစီအစဉ်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ IYWP က ဦးဆောင် စီစဉ်သူတွေဖြစ်တဲ့ ဒိုရာ (Dora Malech)၊ ကက်သရင်း (Catherine Blauvelt)၊ ဖာတီမာ (Fatima Espiritu) တို့ဟာ IWP က စိတ်ပါဝင်စားသူ စာရေးဆရာတွေနဲ့ ညှိနှိုင်းတိုင်ပင်ကြပါတယ်။ ပထမဦးဆုံး ခရီးအဖြစ် အိုင်အိုဝါပြည်နယ်ရဲ့ မြို့တော် ဒီမွိုင်း (Des Moines) ကို စက်တင်ဘာ ၁၅ ရက် စနေနေ့မှာ သွားရောက်ခဲ့ကြပါတယ်။ IWP စာရေးဆရာတွေထဲက စေတနာ့ဝန်ထမ်းအဖြစ် နယူးဇီလန်က ဂျက်ဖရီ ၊ ဖိလစ်ပိုင်က ဂျင်းန်ဗီးလ်၊ ဥဇဘက်ကစ္စတန်က အလီနာ၊ မောရိသျှက ဘာလင် နဲ့အတူ ကျွန်မလည်း လိုက်ပါခဲ့ပါတယ်။
ပြည်နယ်မြို့တော် ဒီမွိုင်းဟာ အိုင်အိုဝါမြို့နဲ့ သိပ်မဝေးလှပါဘူး။ 

မြို့တော်ဆိုပေမယ့်လည်း အေးဆေးငြိမ်သက်တဲ့ မြို့လေးတစ်မြို့ပါ။ သင်တန်းကို ပူးပေါင်းစီစဉ်သူဖြစ်တဲ့ Monsoon Bayanihan Asian Resource Centre တည်ရှိရာကို ရောက်လာတဲ့အခါ ကျွန်မတို့အဖွဲ့ကို အဲဒီရုံးရဲ့ တာဝန်ခံ ဖိလစ်ပိုင်လူမျိုး အမျိုးသမီးက ဆီးကြိုနှုတ်ဆက်ပါတယ်။ Monsoon ဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူ့ရဲ့လုပ်ငန်းစဉ်တွေထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုက ကာကွယ်တာ၊ ကလေးသူငယ်တွေကို စောင့်ရှောက်တာ စတာတွေ ပါဝင်ပါတယ်။ ရုံးခန်း အနှံ့အပြားကို တာဝန်ခံက လိုက်ပြပါတယ်။ အခန်းတွေမှာ ပြင်ဆင်ထားပုံက ကျွန်မရဲ့ အာရုံကို ဖမ်းစားပါတယ်။ နံရံမှာရော မျက်နှာကြက်တွေမှာပါ ဆေးရောင်စုံ စိုစိုလက်လက်တွေ ခြယ်သထားပြီး အရုပ်တွေလည်း ရေးခြစ်ထားပါတယ်။ အခန်းတွေရဲ့ အပြင်အဆင်က ကလေးငယ်တွေ ကြိုက်နှစ်သက်မယ့် ပုံစံမျိုးပါ။ စာသင်ခန်းမထဲမှာ ကပ်ထားတဲ့ နိုင်ငံစုံက ပိုစတာတွေကို အမှတ်မထင် ကြည့်လိုက်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိုစတာတစ်ခုကို သွားတွေ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံကို ဂုဏ်ပြုရေးဆွဲထားတဲ့ ပိုစတာပါ။ 
 
(Monsoon စာသင်ခန်းထဲမှာတွေ့ရတဲ့ ၈၈၈၈ ပိုစတာ)


မကြာခင်မှာပဲ ကလေးတွေနဲ့ မိဘတချို့ရောက်လာကြပါတယ်။ သင်တန်းလာတက်ကြတဲ့ ကလေးတွေဟာ အရွယ်စုံလင်သလို လူမျိုးလည်း စုံလင်ပါတယ်။ ကျွန်မ မှတ်မိသလောက် ထိုင်း၊ ဂျပန်၊ လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ အာဖရိကတိုက်က ကလေး အများအပြားကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ အကြောင်းကြောင်းကြောင့် အမေရိကကို ပြောင်းရွှေ့လာကြသူတွေပါ။  တချို့ကတော့ ပြောင်းရွှေ့လာတဲ့ မိဘတွေကနေ အမေရိကမှာ အခြေချရင်း မွေးဖွားလာကြသူတွေပါ။

(ဒီမွိုင်းမြို့ တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း)


(ဒီမွိုင်းမြို့ တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း)


ဒီသင်တန်းက ကလေးတွေကို တီထွင်ဖန်တီးချင်တဲ့ စိတ်ကူးဥာဏ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ သင်တန်းသာဖြစ်ပြီး ရေးနည်းရေးဟန်တွေကို ကျောင်းသင်ခန်းစာဆန်ဆန် သင်ကြားပေးခြင်းမျိုး မဟုတ်ပါဘူး။ သူတို့ရဲ့ လက်ရာတွေအပေါ်မှာ ဘယ်လိုဘယ်ပုံ ဖြစ်ရမယ်လို့ ကန့်သတ်ထားခြင်းလည်း မရှိပါဘူး။ ခေါင်းစဉ်ကို သူတို့ စဉ်းစားလို့ရအောင် ကူညီတဲ့အနေနဲ့ ပေးထားပေမယ့် သူတို့နှစ်သက်တဲ့ အကြောင်းအရာကို ရေးသားဖန်တီးခဲ့ရင်လည်း ပြဿနာ မရှိပါဘူး။ တချို့က ပေးထားတဲ့ ခေါင်းစဉ်အတိုင်း အက်ဆေး ရေးကြပါတယ်။ တချို့ကလည်း ကဗျာရေးပါတယ်။ တချို့ကလည်း ခေါင်းစဉ်ကို မလိုက်နာဘဲ သူတို့ ခေါင်းထဲပေါ်လာတဲ့ ဝတ္ထု၊ ပုံပြင်တွေ ချရေးကြပါတယ်။
ကလေးတွေကို တစ်ခုခု ဖန်တီးရေးသားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးတဲ့အထဲမှာ အောက်မှာဖော်ပြထားတဲ့ လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။

  • ·         ကလေးတွေ အဓိက ရေးသားရမယ့် ခေါင်းစဉ်ကို “Identity” လို့ ပေးထားပါတယ်။ အဲဒီအကြောင်းကို ရေးဖို့အတွက် သူတို့ကို စဉ်းစားစရာလေးတွေပေးပါတယ်။
  • ·         ကိုယ့်နာမည်ဟာ ဘာအဓိပ္ပာယ်ကို ဆောင်သလဲ ဆိုတာကို သူတို့ကို စဉ်းစားခိုင်းပါတယ်။ နာမည် နဲ့ ပတ်သက်လို့ တခြားကလေးတွေနဲ့ စာရေးဆရာတွေ ရေးထားခဲ့တဲ့ အက်ဆေး ကဗျာတွေကို နမူနာအဖြစ် အားကျလာအောင် ဖတ်ပြပါတယ်။
  • ·         ကျွန်တော်/ကျွန်မဟာ အရင်တုန်းကတော့….. ဒါပေမယ့် အခုတော့…. (I used to be…. But now I am…) အဲဒီလို အစချီတဲ့ ဝါကျလေးတွေ တည်ဆောက်ခိုင်းပါတယ်။
  • ·         ကျွန်တော်/ကျွန်မ သတိရမိသေးတယ်… (I remember…. ) လို့ အစချီတဲ့ စာကြောင်းလေးတွေ ရေးခိုင်းပါတယ်။ အဲဒီအတွက် နမူနာကိုတော့ Joe Brainard ရဲ့ I remember စာအုပ်ထဲက စာကြောင်းတချို့ကို ဖတ်ပြပါတယ်။
  • ·         ကလေးတွေကို အက်ဆေး၊ကဗျာ တစ်ခုခု ချရေးခိုင်းပါတယ်။ ရေးတဲ့နေရာမှာ အုပ်စုခွဲလိုက်ပါတယ်။ သင်တန်းမှာ ကူညီသူတွေက လူခွဲပြီး အုပ်စုတွေကို ဦးဆောင်တာဝန်ယူပေးရပါတယ်။ တစ်ဦးချင်းကို အကဲခတ်ပြီး လိုရင်လိုသလို အတူတကွ အပြန်အလှန်ဆွေးနွေး ကူညီပေးပါတယ်။
သင်တန်းမှာ မှတ်မှတ်ရရဖြစ်ခဲ့ရတာ တစ်ခုကတော့ အလီနာရဲ့ ကူညီမှုပါ။ ဥဇဘက်ကစ္စတန်က အလီနာ ဆိုတဲ့ ဂျာနယ်လစ် စာရေးဆရာမလေးဟာ IWP စာရေးဆရာ အားလုံးထဲမှာ အငယ်ဆုံးပါ။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ အလီနာဟာ ရုရှရေမြေမှာ မွေးဖွားသူလေးပီပီ ဒစ္စနေကာတွန်းထဲက မင်းသမီးလေးတွေလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ထင်းနေအောင် အလွန်လှပသူလေးလည်း ဖြစ်ပါတယ်။ သူ့ကို တွေ့တဲ့ ကလေးတိုင်းဟာ (အထူးသဖြင့် မိန်းကလေးငယ်လေးတွေဟာ) အရမ်းသဘောကျကြပါတယ်။ သူ့အသားလေးကို ကိုင်ကြည့်ပြီး မင်းကဘာကြောင့် ဒီလောက်လှနိုင်ရတာလဲ လို့မေးသူကလည်း မေးပါတယ်။ 

သင်တန်းမှာ သိသိသာသာ အေးဆေးငြိမ်သက်တဲ့ ကလေးမလေး တစ်ယောက်ရှိပါတယ်။ သူက အိန္ဒိယက ပြောင်းရွှေ့နေထိုင်လာသူလေးပါ။ မျက်မှန်လည်း အထူကြီးနဲ့ မျက်စိအားအတော်နည်းပြီး လက်ရေးကိုလည်း ညီညာအောင် မနည်းထိန်းရေးရပါတယ်။ ခေါင်းကို ငုံ့ထားပြီး စကားလည်း မပြောသလောက်ပါပဲ။ အက်ဆေးရေးကြတဲ့အခါ သူဟာ ဘာရေးရမှန်း အိုင်ဒီယာ မထွက်ဘူးဖြစ်နေပါတယ်။ ရေးသမျှကလည်း သဒ္ဒါအမှားအယွင်းတွေနဲ့ ဘာသာစကားလည်း အတော်အားနည်းရှာပါတယ်။ အလီနာက သူ့အနားမှာ ထိုင်ပေးတဲ့အခါ သူ တော်တော် အားတက်သွားပါတယ်။ အဲဒီ့နောက်မှာ မသိမသာနဲ့ အလီနာက သူ့ကို မေးခွန်းလေးတွေ မေးပေးပါတယ်။ အလီနာမေးတဲ့ မေးခွန်းလေးတွေကို ဖြေလိုက် စဉ်းစားလိုက်နဲ့ သူဟာ နောက်ဆုံးတော့ တကယ်ကို လှပတဲ့ ကိုယ်ပိုင် ပုံပြင်လေးတစ်ပုဒ်ကို ရေးသွားနိုင်ခဲ့ပါတယ်။ သင်တန်းပြီးသွားတော့ အတန်းရှေ့မှာ သူတို့လက်ရာတွေကို ထွက်ပြီး ဖတ်ပြကြတဲ့အထဲမှာလည်း အဲဒီ ကလေးမလေးဟာ ယုံကြည်မှုရှိရှိနဲ့ သူ့ဇာတ်လမ်းလေးကို ခပ်တည်တည် ဖတ်ပြသွားနိုင်ခဲ့ပါတယ်။ 

နောက်ထပ်မှတ်မှတ်ရရ ရေးသားချက်တစ်ခုကတော့ ထိုင်းလူမျိုးနဲ့ လာအိုလူမျိုး အထက်တန်း ကျောင်းသားလေး နှစ်ယောက် စုပေါင်းရေးကြတဲ့ ကဗျာပါ။ “အထက်တန်းကျောင်း” လို့ ခေါင်းစဉ်ပေးထားတဲ့ စာကြောင်းလေးတွေကို အစကတော့ ကဗျာလို့ပဲ ထင်မိတာပါ။ အတန်းရှေ့မှာ ထွက်ပြီး ရွတ်ပြတဲ့အခါ ဟစ်ပ်ဟော့ သီချင်းဖြစ်နေပါတယ်။ တစ်ယောက်က စာသားတွေရွတ် တစ်ယောက်က ပါးစပ်ဆိုင်းနဲ့ သီဆိုပြသွားတာ  အံ့သြစရာစွမ်းရည်တွေပါပဲ။ ဂျပန်မလေး တစ်ယောက်ကတော့ ပုံပဲဆွဲချင်တယ် စာတွေ မရေးချင်ဘူး ဆိုပြီး identity ဆိုတဲ့ ခေါင်းစဉ်ကို သရုပ်ဖော်ထားတဲ့ ကာတွန်းကွက်လေးတွေ ဆွဲပြခဲ့ပါတယ်။ 
(ဟစ်ပ်ဟော့ သီချင်း ဆိုပြနေတဲ့ ထိုင်းကျောင်းသားလေးနဲ့ လာအိုကျောင်းသားလေး)

(သူဆွဲထားတဲ့ ကာတွန်းတွေကို ပြနေတဲ့ ဂျပန်ကျောင်းသူလေး)


ဒီကလေးတွေရဲ့ နောက်ခံကို ကျွန်မတို့ သေသေချာချာမသိပါဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ သူတို့ထဲက တချို့ရဲ့ နောက်ခံဇာတ်ကြောင်းတွေမှာ သိပ်မလှပတဲ့ အကြောင်းတွေလည်း ပါဝင်နိုင်တယ်လို့ ခန့်မှန်းမိပါတယ်။ ဥပမာ - တချို့ဟာ နယ်စပ်ကနေ ခိုလှုံလာတဲ့ ဒုက္ခသည်လေးတွေလည်း ဖြစ်နိုင်ပါတယ်။ အာရုံဝင်စားပြီး စိတ်ကူးတွေ ညှစ်ထုတ်တဲ့အခါ မလိမ်ညာတတ်တဲ့ ကလေးတွေပီပီ စိတ်ထဲမှာ တကယ်ရှိတာတွေကို ချရေးတတ်ကြပါတယ်။ သူတို့ရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးတဲ့အခါ   အနုတ်လက္ခဏာဆောင်တဲ့ အရေးအသားတချို့ကို တွေ့ရပါတယ်။ ကလေးမလေး တစ်ယောက်ကတော့ သူ့ကို လူတိုင်းကမုန်းတယ်။ ဘယ်သူမှမချစ်ကြဘူး၊ သူကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး စသည်ဖြင့် ရေးနေတာကို တွေ့တဲ့အတွက် သူ့အနားမှာ ထိုင်ပေးပြီး တခြားမေးခွန်းတွေကို အာရုံပြောင်းအောင် မေးပေးရပါတယ်။

အဲဒီ သင်တန်းအပြီး နောက်ထပ်နေရာတွေကို မသွားခင်မှာတော့ အခုလို ငယ်စဉ်ဘဝက ဝမ်းနည်းစရာ၊ မမှတ်မိချင်စရာ အဖြစ်အပျက်တွေ ကြုံတွေ့နိုင်မယ့် ကလေးတွေ၊ လူနည်းစု လူမျိုးနွယ် ဖြစ်နေတဲ့ ကလေးတွေကြုံလာခဲ့ရင် ပိုသတိထားပြီး သူတို့အတွက် စိတ်ခံစားမှု မကောင်းစေမယ့် အကြောင်းအရာတွေကို ရှောင်ရှားကြဖို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ 

စက်တင်ဘာ ၂၀ ရက်နေ့မှာ နောက်ထပ် သွားရောက်ခဲ့တဲ့ မြို့ကတော့ အိုင်အိုဝါ ပြည်နယ်ထဲကပဲ စပစ်ရစ် လိပ်ခ် (Spirit Lake) ဆိုတဲ့ မြို့ပါ။ အဲဒီမြို့ဟာ IWP ရဲ့ coordinator ဂျိုး (Joseph Tiefenthaler)  ရဲ့ ဇာတိမြို့လေးလည်း ဖြစ်ပါတယ်။ အဲဒီနေရာကတော့ အိုင်အိုဝါမြို့ကနေ အတော်လေး အလှမ်းဝေးတာမို့ ညအိပ်ညနေ သွားခဲ့ကြရပါတယ်။ ဒီတစ်ခါတော့ သင်တန်းမှာ ကူညီဖို့ လိုက်ပါလာကြတဲ့ IWP စာရေးဆရာတွေက အီရတ်က ဂူလာလာ၊ ချီလီက မာတီးရားစ်၊ ဘော့စဝါနာက တီဂျေ၊ နေဘုန်းလတ်နဲ့ ကျွန်မ တို့ဖြစ်ပါတယ်။ 

သွားတဲ့ လမ်းတလျှောက်မှာ ပြောင်းဖူးခင်းတွေကို တမျှော်တခေါ် မြင်နေရပါတယ်။ မြို့အဝင်နားမှာတော့ စွမ်းအင်ထုတ်လုပ်တဲ့ လေရဟတ် (windmill) တွေကို တွေ့ရပါတယ်။ ဒါကတော့ ကျွန်မတို့နိုင်ငံမှာ မရှိတဲ့အရာတွေပါ။ အဲဒီအချိန်မှာ တီဂျေက “ဝတ္ထုတစ်ပုဒ်ကို သတိရလိုက်တာ” လို့ ကောက်ခါငင်ကာ ပြောပါတယ်။ သူက စာအုပ် နာမည်ကို မေ့နေပါတယ် ။ “ဟို.. ဒွန်.. ဒွန်နဲ့စတယ်လေ” တဲ့။  ဒွန်ရယ် လေရဟတ်ရယ် ဆက်စပ်ပြီး ကျွန်မလည်း ချက်ချင်း သိလိုက်ပါတယ်။ “စပိန် စာရေးဆရာ ဆာဗန်းတေးစ်ရဲ့ ဒွန်ကီရောတေး (Don Quixote) မဟုတ်လား” ဆိုတော့ သူက ဝမ်းသာအားရ ခေါင်းညိတ်ပါတယ်။ 
(စပစ်ရစ်လိပ်ခ် မြို့အဝင်မှ လေရဟတ်များ)
 မြို့အဝင်မှာ ဂျိုးရဲ့အမေအိမ်ကို ခဏဝင်ခဲ့ကြပါတယ်။  ဂျိုးရဲ့ အမေက ကျွန်မတို့အတွက် ညစာ ချက်ပြုတ် ပြင်ဆင်ထားပါတယ်။ အဲဒီနေရာဟာ အိုင်အိုဝါမြို့နဲ့စာရင် သိသိသာသာ အေးလှပါတယ်။ ညစာစားပြီးတဲ့အခါ ကျွန်မတို့အတွက် မီးပုံပွဲလည်း လုပ်ပေးပါတယ်။ အဲဒီနောက် တည်းခိုနေထိုင်ရမယ့် မြို့ထဲ ရေကန်အနားက လှပတဲ့ ဘန်ဂလိုတွေဆီကို ရောက်လာပါတယ်။   ဘန်ဂလိုနားက ရေကန်ဟာ နွေရာသီမှာဆိုရင် အပန်းဖြေသူတွေနဲ့ စည်ကားနေတယ် လို့ ဂျိုးက ပြောပြပါတယ်။ ခရီးပန်းလာလို့ တချို့က နားကြပေမယ့် ကျွန်မနဲ့ စာရေးဆရာတချို့ဟာ ဂျိုးနဲ့အတူ ရေကန်ရှုခင်းကို ညမှောင်မှောင်မှာ သွားကြည့်ရင်း လေညင်းခံကြပါသေးတယ်။
စပစ်ရစ် လိပ်ခ် မှာ သင်တန်းတက်ဖို့ ရောက်လာကြတဲ့ ကလေးတွေကတော့ ဒီမွိုင်းမှာလောက် မများပြားပါဘူး။ အဲဒီကလေးတွေကတော့ အမေရိကန် မြို့ခံလေးတွေဖြစ်ကြပါတယ်။ သူတို့က ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုရှိပြီးတော့ သွက်လက်ကြတာကို သတိထားမိပါတယ်။ အဲဒီ သင်တန်းကျောင်းမှာကတော့ သင်ထောက်ကူပစ္စည်းတွေ စုံလင်ပါတယ်။ ကျောင်းက ကျယ်ဝန်းပြီး ပန်းချီပြခန်းလည်း ရှိပါတယ်။ 

ဒီသင်တန်းမှာတော့ ကလေးအရေအတွက် နည်းပြီး ကျွန်မတို့က လူများနေတဲ့အတွက် ­­­­­ကလေးတွေ အနေခက်မှာစိုးလို့ စာသင်နေတုန်း ဓာတ်ပုံရိုက် မှတ်တမ်းတင်တာကို သိပ် မလုပ်ဖြစ်ခဲ့ကြပါဘူး။ သင်တန်းပြီးမှသာ သူတို့နဲ့ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ဒီသင်တန်းမှာတော့ အချိန်လည်းရတဲ့အတွက် ကဗျာရွတ်ဆိုမှုမှာ အထူးကျွမ်းကျင်တဲ့  တီဂျေဒီးမားက သူတို့ရေးထားတဲ့ စာတွေကို ပရိသတ်ရှေ့မှာ အသံထွက် ရွတ်ဆိုတဲ့အခါ ဘယ်လိုဟန်ပန်နဲ့ အသံနေအသံထား ပီပြင်အောင် ရွတ်ဆိုရမယ် ဆိုတဲ့ အခြေခံ အချက်ကလေးတွေကို သင်ပြပေးခဲ့ပါတယ်။ ကလေးတွေကလည်း သူတို့စိတ်တိုင်းကျ လေ့ကျင့်ပြီးမှ သူတို့ရေးထားတာလေးတွေကို သေသေချာချာ ရွတ်ဖတ်ပြခဲ့ပါတယ်။ အဲဒီလို သင်တန်းတွေကို အပတ်စဉ်တိုင်း တခြားမြို့တွေမှာလည်း လှည့်လည်ဖွင့်လှစ် ခဲ့ပါတယ်။ ကျွန်မက အခုဖော်ပြခဲ့တဲ့မြို့ ၂ မြို့ကို လိုက်ပါခဲ့ပါတယ်။ အဲဒီသင်တန်းတွေအားလုံးမှာ ရေးသားခဲ့တဲ့ ကလေးတွေရဲ့ လက်ရာတွေကို စုစည်းပြီးတဲ့အခါ The Iowa Youth Writing Project က စာအုပ်တစ်အုပ် ထုတ်ဝေပေးမှာပါ။ 
(စပစ်ရစ်လိပ်ခ်မြိှု့ တီထွင်ဖန်တီး စာရေးသားခြင်းသင်တန်း)

(စပစ်ရစ်လိပ်ခ်မြို့ တီထွင်ဖန်တီး စာရေးသားခြင်းသင်တန်း)


ဒီလို ရက်တိုသင်တန်းလေးတွေကို ကျွန်မတို့ဆီမှာလည်း စာရေးဆရာတွေက ကျောင်းဆရာတွေနဲ့ ပူးပေါင်းပြီး စေတနာ့ဝန်ထမ်း လိုက်လံဖွင့်လှစ်ပေးနိုင်ရင် ကောင်းမယ် လို့ တွေးမိပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက ကျောင်းတွေမှာသာ ရရှိနိုင်တဲ့ သင်ရိုးညွှန်းတန်းပြင်ပ ပညာရေးကို သင်ယူခွင့် မရနိုင်တဲ့ နွမ်းပါးတဲ့ ဒေသက အစိုးရကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေမှာ ချိတ်ဆက်ပြီး သင်ကြားနိုင်ရင် ကောင်းမယ်လို့ တွေးမိပါတယ်။ တစ်ခုရှိတာကတော့ ဒီလိုသင်တဲ့နေရာမှာ ကျွန်မတို့ရဲ့ ပညာရေးစနစ်ဟောင်းမှာ အရိုးစွဲလာခဲ့တဲ့ ဆရာကသာ တဖက်သက် ပို့ချသင်ကြား လိုတဲ့ အလေ့အထကိုတော့ ဖျောက်ပစ်လိုက်ဖို့ လိုပါလိမ့်မယ်။ တီထွင်ဖန်တီးမှုနဲ့ ပတ်သက်လာရင် ကလေးတွေကို ဘယ်လို သင်ကြားပေးလိုက်မယ်လို့ ကိုယ့်ကိုယ်ကို ဆရာသဖွယ် သဘောထားလို့ မရပါဘူး။ ကလေးတွေမှာ ပင်ကိုယ်သဘာဝအားဖြင့် တီထွင်ဖန်တီးနိုင်စွမ်းတွေ အံ့မခန်းရှိပါတယ်။ ကလေးတို့ရဲ့ သန့်စင်တဲ့ စိတ်ကူးဥာဏ်မှာ အကန့်အသတ်မရှိပါဘူ။ အဲဒါတွေကို ဖန်တီးမှုရလာဒ်အဖြစ် ထွက်ပေါ်လာအောင် လူကြီးတွေက လှုံ့ဆော်ပေးမယ့်၊ အားပေးတိုက်တွန်းမယ့် အခန်းကဏ္ဍက ဖြည့်စွက်ပါဝင်ဖို့သာ လိုအပ်ပါတယ်။


၁၂။ Spirit Lake ရဲ့ စာအုပ်ဆိုင်က ဝတ္ထု/ကဗျာရွတ်ပွဲ နဲ့  ရေကန်ထဲမှာ လှေစီးကြခြင်း

စပစ်ရစ်လိပ်ခ် ကို ရောက်တုန်းရောက်ခိုက်မှာ စာပေဖတ်ပွဲတစ်ပွဲ ကျင်းပဖို့လည်း  ဂျိုးက စီစဉ်ပေးခဲ့ပါတယ်။ IWP မှာ အိုင်အိုဝါမြို့က စာပေရွတ်ပွဲ အနည်းဆုံး တစ်ပွဲဟာ IWP စာရေးဆရာတွေ မဖြစ်မနေ ပါဝင်ဆင်နွှဲရမယ့် အစီအစဉ်တွေထဲမှာ ပါပါတယ်။ အဲဒီ ရွတ်ပွဲတွေမှာ ကျွန်မရဲ့ အလှည့် မကျသေးတာမို့ အခု စပစ်ရစ်လိပ်ခ် မှာ ရွတ်ဆိုတဲ့ပွဲဟာ ကျွန်မအတွက်တော့ အမေရိကမှာ ပထမဆုံး ကဗျာရွတ်ရမယ့် ပွဲဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ သင်တန်းကို လိုက်ပါလာကြတဲ့ စာရေးဆရာတွေအားလုံးဖြစ်တဲ့ ဂူလာလာ၊ မာတီးရားစ်၊ တီဂျေ၊ နေဘုန်းလတ်နဲ့ ကျွန်မတို့ အားလုံး ရွတ်ကြမှာဖြစ်ပါတယ်။ မာတီးရားစ် ကတော့ ဝတ္ထုရေးဆရာ ဖြစ်တဲ့အတွက် သူ့ဝတ္ထုရှည်တစ်ပုဒ်ရဲ့ ကောက်နုတ်ထားတဲ့ စာသားတွေကို ဖတ်ပြပါတယ်။ ကျန်သူတွေအားလုံးက ကဗျာရွတ်ကြပါတယ်။ စာအုပ်ဆိုင်ထဲမှာ လာရောက်ကြည့်ရှု အားပေးကြသူတွေဟာ မြို့ခံ အရပ်သူအရပ်သားတွေပါ။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ ပိုများတာကို သတိထားမိပါတယ်။ 

လမ်းမကြီးရဲ့ ဘေးမှာ တည်ရှိတဲ့ Hill Avenue Book Co. စာအုပ်ဆိုင်ထဲက ထိုင်ခုံလေးတွေ စီချထားတဲ့ နေရာလေးဟာ အသံလုံ အခန်းတစ်ခုမဟုတ်ပါဘူး။ ခန်းခန်းနားနားလည်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် တက်ရောက်လာကြတဲ့ ပရိသတ်ဟာ စည်းကမ်းတကျ တိတ်ဆိတ်ငြိမ်သက်လှပါတယ်။ ရွတ်ဖတ်သမျှ စာတွေကို အသေအချာ နားစွင့်ပြီး တလေးတစား နားထောင်ကြပုံဟာ စာရေးဆရာတွေအဖို့ တကယ့်ကို အားတက်စရာပါ။ အဲဒီနေ့က ကျွန်မရဲ့ ကဗျာ၂ ပုဒ်ဖြစ်တဲ့ “ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်” နဲ့ “မြို့ပြသူလေးနဲ့ တစ်ညနေ” တို့ရဲ့ အင်္ဂလိပ်ဘာသာပြန်တွေ ကို ရွတ်ခဲ့ပါတယ်။ 
(စာပေရွတ်ပွဲအတွက် ကြော်ငြာထားတဲ့ ပိုစတာ)

(စပစ်ရစ်လိပ်ခ်မြို့ စာအုပ်ဆိုင်ထဲက စာပေရွတ်ပွဲကို တက်ရောက်လာကြသူအချို့)
(စပစ်ရစ်လိပ်ခ်မြို့ စာအုပ်ဆိုင်ထဲက စာပေရွတ်ပွဲမှာ ပန်ဒိုရာ ကဗျာရွတ်နေစဉ်)


ဒီနေရာမှာ ကဗျာဆရာမလေး တီဂျေဒီးမားအကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ သူဟာ အသက် ၃၀ ဝန်းကျင်သာရှိသေးပေမယ့် ကဗျာနဲ့ပတ်သက်ရင် သူ့နိုင်ငံမှာ ဦးဆောင်ဦးရွက် လုပ်ဆောင်နေသူပါ။ သူက spoken poetry ဆိုတဲ့ စကားပြောကဗျာကို အထူး အလေးပေး လုပ်ဆောင်နေသူပါ။ ကျွန်မနဲ့သူဟာ ကိုယ့်နိုင်ငံတွေ အကြောင်းရော ကဗျာအကြောင်းကိုပါ မကြာခဏ စကားပြောဖြစ်ကြပါတယ်။ သူဟာ ကဗျာကို စာရွက်မကြည့်ပဲ အလွတ်ရွတ်ဆိုလေ့ရှိပါတယ်။ ဘော့စဝါနာရဲ့ ကဗျာဟာ စကားပြော ဘာသာစကားနဲ့ အသံကို အခြေခံတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ပြုထားပြီး အသံကို အားပြုပြီး ရွတ်သူပါ။ သူ့ရဲ့ အလွန်ဆွဲဆောင်မှု ရှိတဲ့ ကဗျာရွတ်ဆိုမှုကို အဲဒီပွဲမှာ ကျွန်မ ပထမဆုံး မြင်ဖူး ကြားဖူးခဲ့ရပါတယ်။

အဲဒီခရီးစဉ်ဟာ ဂျိုးရဲ့ ဇာတိမြို့ဖြစ်တာကြောင့် အစီအစဉ်တွေ ချိတ်ဆက်ထားတာ အဆင်ပြေလှပါတယ်။ ဂျိုးရဲ့ အမျိုးတွေ အကုန်လုံးက ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ဖော်ဖော်ရွေရွေ ကူညီကြပါတယ်။ ရှေ့မှာ ပြောပြခဲ့တဲ့အတိုင်း ဂျိုးရဲ့အမေက ညစာကျွေးခဲ့တယ်။ ဂျိုးရဲ့ အဖေကတော့ တည်းခိုဖို့ ဘန်ဂလို ရအောင် စီစဉ်ပေးခဲ့ပါတယ်။ ဂျိုးရဲ့ အဒေါ် က မော်တော်ဘုတ် တစ်စီးနဲ့ ရောက်လာပြီး ကျွန်မတို့ကို ကန်ထဲမှာ လိုက်ပြပါတယ်။ အဲဒီနေ့က ကောင်းကင်ဟာ ပြာနှမ်းနေပြီး တိမ်တွေအဆုပ်ဆုပ်နဲ့ သိပ်ကို သာယာလှပပါတယ်။ လေတဖြူးဖြူးနဲ့ လှေစီးနေရင်း အမိမြေက အင်းလေးကန်ကိုလည်း သတိရမိပါတယ်။ 
(ဂျိုးရဲ့ အဒေါ်က အဲဒီ မော်တော်ဘုတ်နဲ့ လာခေါ်ခဲ့ပါတယ်။)

(Spirit Lake ရေကန်မြင်ကွင်း)
( လှေပေါ်မှာ ထိုင်နေကြတဲ့ ဘော့စဝါနာက တီဂျေ၊ အီရတ်က ဂူလာလာနဲ့ IWP ရုံးဝန်ထမ်း အမ်မလီ)
ဒီဒေသဟာ အိုင်အိုဝါရဲ့ ထင်ရှားတဲ့ အပန်းဖြေနေရာတစ်ခု ဖြစ်ပါတယ်။ အိုင်အိုဝါပြည်နယ်ရဲ့ ဒစ်ကင်ဆင် နယ်မြေ (Dickinson County) မှာ ရှိတဲ့ Spirit Lake, West Okoboji and East Okoboji ရေကန်အစုအဝေးကို Iowa Great Lakes လို့ခေါ်ပါတယ်။ ဒေသတစ်ခုလည်း ခြုံပြီး Okoboji လို့လည်း ခေါ်ပါတယ်။ Spirit Lake က အကြီးဆုံးဖြစ်ပြီး ၂၃ စတုရန်းမီတာ ကျယ်တယ်လို့ဆိုပါတယ်။
အဲဒီလို ရေကန်ထဲမှာ လျှောက်လည်ရတာ အမေရိကကိုရောက်မှ ဒါဟာ ဒုတိယအကြိမ်ပါ။ 

အိုင်အိုဝါမြို့ကို ရောက်ပြီး တစ်ပတ်လောက်အကြာတုန်းက တနင်္ဂနွေတစ်နေ့မှာလည်း မြို့အနီးအနားက Lake Macbride ရေကန်ကို IWP ရုံးအဖွဲ့က လိုက်ပို့ကြပါသေးတယ်။ အဲဒီရေကန်ထဲမှာတော့ လူ ၄ ယောက် စီးလို့ရတဲ့ ခြေနင်းလှော်ရတဲ့ လှေကလေးမှာ အီရတ်က ဂူလာလာ၊ အီရန်က ယာကုဘ်၊ နေဘုန်းလတ်နဲ့ ကျွန်မတို့ လျှောက်စီးဖြစ်ခဲ့ကြပါတယ်။ ကန်အနီးတဝိုက်က တောအုပ်ကလေးမှာလည်း လမ်းလျှောက်ပြီး ဓာတ်ပုံရိုက်ဖြစ်ကြပါတယ်။ အပြန်မှာ Wilson’s Apple Orchard ပန်းသီးခြံကို လိုက်ပို့ပေးပါတယ်။ ပန်းသီးခြံထဲမှာ Bessie လို့ နာမည်ပေးထားတဲ့ လယ်ထွန်စက်ကားကြီးကို စီးပြီး ပန်းသီးပင်တွေ ရွှေဖယုံခင်းတွေကို လျှောက်ကြည့်ဖြစ်ကြပါတယ်။ 
(Lake Macbride ရေကန်ဘေးမှာ ထိုင်ရင်း စကားပြောနေကြတဲ့ IWP စာရေးဆရာတွေ)

(ပန်းသီးခြံကို လှည့်လည်ကြည့်ကြစဉ်)


ကမ္ဘာပေါ်မှာ အဖွံ့ဖြိုးအတိုးတက်ဆုံး နိုင်ငံကြီးတစ်ခုကို ရောက်နေတဲ့အခိုက်မှာ အခုလို သူတို့ရဲ့ ကျေးလက် နယ်ဒေသတွေကို သွားရောက် လေ့လာခွင့်ရတာ အလွန်ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်လို့ ကျွန်မကတော့ မှတ်ယူပါတယ်။ အိုင်အိုဝါမြို့ အနီးအနားက ပရေရီမြက်ခင်းပြင် ရှိရာဒေသက ကျေးလက်အိမ်တစ်အိမ်ကိုလည်း IWP အစီအစဉ်နဲ့ သွားလည်ခွင့်ရခဲ့ပါတယ်။ အဲဒီ့အပြင် ယာခင်းမှာ နေထိုင်တဲ့ ဂူလာလာရဲ့ မိတ်ဆွေတစ်ယောက်က ဖိတ်ခေါ်ကျွေးမွေးလို့လည်း ပိတ်ရက်တစ်ရက်မှာ ဂူလာလာနဲ့ အတူကပ်လိုက်ပြီး ရောက်ဖူးခဲ့ပါသေးတယ်။  

(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ ဂျွန်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့





Expand..

Saturday, September 21, 2013

ငြိမ်းချမ်းရေးက သင့်ကုပ်ပိုးကို ခွစီးနေ





ငြိမ်းချမ်းရေးက သင့်ကုပ်ပိုးကို ခွစီးနေ

တိုက်ခိုက်လို့ လုယူလို့ အတင်းတောင်းဆိုနေလို့ ရနိုင်ရိုးလား ငြိမ်းချမ်းရေး
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး အတွက် နောက်ထပ်မျက်လုံးတစ်လုံး
အဲဒီမျက်လုံးတွေရဲ့ ဝိုင်းဝိုင်းလည်နေတဲ့ သူငယ်အိမ်ထဲက ငြိမ်းချမ်းရေး
အလှမယ်ပြိုင်ပွဲတွေ အထိမ်းအမှတ်နေ့စွဲတွေ
စည်းရုံးဟောပြောပွဲတွေ အရပ်ထဲက လက်ဖက်ရည်ဆိုင်အထိ
စကားထဲမှာ ထည့်ထည့်ပြောရတာ သိပ်လှတာပဲ  ငြိမ်းချမ်းရေး
တစ်ယောက်ယောက်ယူဆောင်လာမှာကို ငုတ်တုတ် စောင့်မျှော်နေသတဲ့ ငြိမ်းချမ်းရေး
ဘာသာရေးအဆုံးအမတွေက ပုံဖော်သွန်းလောင်းပေးလောက်ပါရဲ့ ငြိမ်းချမ်းရေး
ကိုယ့်ပညတ်တစ်ခုတည်းကျန်မှ ငြိမ်းချမ်းရေးဖြစ်ထွန်းမှာမို့ တခြားပညတ်တွေကို
မီးခိုးမည်းတွေကြားမှာ မှိုင်းတိုက်ကြစို့ရဲ့ ဆိုပဲ ငြိမ်းချမ်းရေး
စစ်အကြီးကြီးတစ်ခု လောင်မြိုက်သွားမှသာ စစ်သေးသေးလေးတွေ
အများကြီးကို ငြှိမ်းသတ်နိုင်မတဲ့ ငြိမ်းချမ်းရေး
မမြင်ရတဲ့ ခရီးပန်းတိုင်တစ်ခုလေ - ရောက်ဖို့ထက်
ဦးတည်လျှောက်လှမ်းနေဖို့က ပိုအရေးကြီးတယ်မဟုတ်လား ဆိုတဲ့ ငြိမ်းချမ်းရေး
အမှောင်တွေကွယ်ပျောက်ဖို့ အမှောင်နောက်တစ်ခုနဲ့
ပိတ်ဖုံးချင်နေကြသတဲ့ ငြိမ်းချမ်းရေး
ဘဝကို ငြင်းပယ်ကြ ပျော့ပြောင်းမှုကို ရှောင်ဖယ်ကြ
မာကျောခက်ထန် သန္နိဌာန်ကြီးနဲ့ ငြိမ်းချမ်းရေး
ဟိုဘက်ကသွားမယ် ဒီဘက်ကသွားမယ် မြန်မြန်သွားမယ် နှေးနှေးသွားမယ်
ဆင်ဖမ်းမယ် ကျားဖမ်းမယ် ပြီးတော့မှ မြွေဖမ်းမိ 
ကွိစိကွစ ဝိဝါဒတွေ ညှိနှိုင်းမရတဲ့ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးဆိုတာ အယူအဆတစ်ရပ်ပေါ့
ငါနဲ့ငါ့သဏ္ဍာန်အကြား ညှိနှိုင်းမှု အောင်မြင်သွားလို့
ကြုံးဝါးကြွေးကြော်နေတဲ့ တစ်ကိုယ်တော် ငြိမ်းချမ်းရေး
လူ့သဘာဝကို မအောင်နိုင်မချင်း စိတ်ကြီးဝင် ခေါင်းမော့နေသေးတဲ့
ဆွတ်ချူရန်ခက်ပါဘိ အိုဘဲ့.. နှင်းဆီခိုင် ငြိမ်းချမ်းရေး
တိတ်ဆိတ်မှုရအောင် အားလုံးရဲ့နားတွေကို
အမြင်ရှင်းမှုရအောင် အားလုံးရဲ့မျက်လုံးတွေကို
ဆူညံသံမထွက်တော့အောင် အားလုံးရဲ့ပါးစပ်တွေကို
ဆာလောင်မှုတွေကင်းအောင် အားလုံးရဲ့ဝမ်းဗိုက်တွေကို
လှုပ်ရှားမှုတွေငြိမ်သက်အောင် အားလုံးရဲ့ခြေလက်တွေကို
အတွေးတွေအေးဆေးသွားအောင် အားလုံးရဲ့ဦးနှောက်တွေကို
ခံစားချက်တွေချုပ်တည်းနိုင်အောင် အားလုံးရဲ့အသည်းနှလုံးတွေကို
ကိုင်း… ကျုပ်တို့ ဘာဆက်လုပ်ကြမှာတုန်း ငြိမ်းချမ်းရေး။

ပန်ဒိုရာ
၃.၉.၂၀၁၃
(၂၀၁၃ စက်တင်ဘာ ၂၁ ငြိမ်းချမ်းရေးကဗျာလှုပ်ရှားမှု အတွက် ပေးပို့ထားသောကဗျာ)

Expand..

Friday, September 13, 2013

ငယ်ငယ်တုန်းက အိမ်ကလေးတစ်လုံး



ငယ်ငယ်တုန်းက အိမ်ကလေးတစ်လုံး  


အိမ်ဆိုတာ ကျွန်မရဲ့ ဘဝတလျှောက်မှာ အခါ ၂၀ ကျော်လောက် ပြောင်းပြီး နေထိုင်ခဲ့ရ၊ အခုအထိလည်း ပြောင်းနေရဆဲ အရာတစ်ခုပါ။ အိမ်တစ်လုံး ဝယ်ယူပိုင်ဆိုင်ဖို့ဆိုတာ ကျွန်မတို့အိမ်သားတွေ တချိန်လုံး ကြိုးစားပမ်းစား အားထုတ်ခဲ့ရတဲ့ ကိစ္စတစ်ရပ်ပေါ့။ အိမ်ဆိုတဲ့ အဓိပ္ပာယ်ထဲမှာ မိသားစု အတူတကွ စုစည်းနေနိုင်ခြင်း၊ လုံခြုံမှုရှိခြင်း၊ ပျော်ရွှင်ခြင်း တွေ အသေအချာ ပေါင်းစပ်ပါဝင်နေတယ်။

ကိုယ့်ကိုယ်ကို လူရယ်လို့ စသိလိုက်တဲ့အချိန်မှာ ကျွန်မဟာ နေရောင်ခြည်တွေ ပိုးပိုးပေါက်ပေါက် ဝင်နေတဲ့ နံရံတစ်ခုထဲက အိပ်ခန်းထဲကို ရောက်နေတယ်။ အိပ်ခန်းရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် ခက်ဖြာညွတ်ကျနေတဲ့ မန်းကျည်းပင်ကိုင်းတွေကို မြင်နေရတယ်။ ကျွန်မရဲ့ လည်မှာ ဆွဲပေးထားတဲ့ ကျောက်နီဆွဲသီးလေးကို အိပ်ခန်းထဲ တိုးဝင်နေတဲ့ နေရောင်အောက်မှာ ထားလိုက်ရင် သက်တံရောင်စုံအရိပ်တွေ တခန်းလုံး တဖျတ်ဖျတ် လက်နေတာကို ကျွန်မက သဘောကျလေ့ရှိတယ်။ အဲဒါဟာ ငယ်ဘဝကို ပြန်တွေးလိုက်ရင် အာရုံထဲဝင်လာတဲ့ ပထမဆုံး အမှတ်တရ ပုံရိပ်ပါ။ 

ကျွန်မ ပထမဆုံး မှတ်မိခဲ့တဲ့ အဲဒီအိမ်ဟာ ဝါးခယ်မ မြို့နယ်ထဲက မောင်းဒီးလို့ ခေါ်တဲ့ ကရင်ရွာလေးတစ်ရွာမှာ ရှိတယ်။ ဖေဖေက ကျောင်းဆရာအဖြစ်နဲ့ အဲဒီရွာမှာ ၃ နှစ်တာဝန်ကျခဲ့တာ ကျွန်မ အသက် ၂ နှစ်ကနေ ၅ နှစ်နီးပါး အရွယ်အထိပဲ။ အိမ်က မဒရပ် အိမ်လို့ ခေါ်ကြတဲ့ ခြေတံရှည် အိမ်အမျိုးအစား။ လူတစ်ရပ်ကျော် ကောင်းကောင်း လွတ်တဲ့ အိမ်အောက်ထပ်မှာ မြေကြီးမာမာရှိတယ်။ လူတွေက အပေါ်မှာပဲ နေတယ်။ အိမ်ဘေးမှာ အိမ်ပေါ်တက်တဲ့ လှေခါးရှည်တစ်ခုရှိတယ်။ အဲဒီတုန်းက အိမ်မှာ မိသားစု လေးယောက်ပဲ ရှိသေးတယ်။ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မထက် တစ်နှစ်ခွဲပဲ ကြီးတဲ့ အစ်ကိုရယ်၊ ကျွန်မရယ်။ ကျွန်မတို့က အဲဒီအိမ်ကို ငှားနေကြတာပါ။ အိမ်ရှေ့ခြမ်းမှာနေတယ်။ အိမ်ရှင် ကရင်မိသားစုက နောက်ဖေးခြမ်းမှာ နေကြတယ်။ 

အိမ်ရှေ့မှာ ချောင်းကလေးရှိတယ်။ ကိုကိုနဲ့ ကျွန်မ ကို ဖေဖေက ချောင်းထဲကို မကြာခဏ ခေါ်သွားပြီး ရေချိုးပေးလေ့ရှိတယ်။  ဖောင်ဖွဲ့ထားတဲ့ ငှက်ပျောတုံးကလေးတွေပေါ်မှာ ကလေးနှစ်ယောက်ကို တင်ပြီး ရေကစားရင်း ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပေးခဲ့တယ်။ မေမေကတော့ ရေကြောက်သူ။ ကမ်းနားကနေ စိတ်ပူပြီး လှမ်းအော်နေလေ့ရှိသတဲ့။ နောက်ပိုင်းမှ ဖေဖေက ပြန်ပြောလေ့ရှိတာက “အဲဒီတုန်းက ငါတော်တော်မိုက်မဲတာပဲ။ ကိုယ်တိုင်လည်း ရေကောင်းကောင်း မကူးတတ် မငုပ်တတ်ဘဲနဲ့ တကယ်လို့များ ကလေးတွေ ရေထဲကျသွားရင် အခက်တွေ့ရမှာ” တဲ့။ ပြန်တွေးကြည့်ရင် အသည်းယားစရာ။ မိုးတွင်းကာလတွေမှာတော့ ချောင်းထဲက ရေက တက်လာပြီး အိမ်အောက်မှာ ရေတွေပြည့်နေတတ်တယ်။ ဖေဖေက ကျွန်မတို့ကို သစ်ထွင်းလှေလေးတွေ လုပ်ပေးတယ်။ သားရေကွင်းကလေးတွေ လိမ်ကျစ်ပြီး ပန်ကာမှာ ပတ်ပြီးတော့ အိမ်ပေါ်ကနေ လှေလွှတ်ကြတယ်။ ဖေဖေက ငါးတွေ ပုစွန်တွေ ဖမ်းမိလို ဖမ်းမိငြား မြုံးထောင်တတ်သေးတယ်။ တစ်ခါတော့ မြုံးထဲမှာ ရေမြွေတစ်ကောင် မိနေတာ ကျွန်မ မှတ်မိတယ်။ ရေတွေထဲမှာ မျှော့တွေ ရှိတတ်တာကိုလည်း သတိရမိတယ်။ ကျွန်မက မျှော့တွေ တီကောင်တွေလို ပျော့ပျော့ အကောင်တွေကို သိပ်ကြောက်တတ်တယ်။ 

ရွာကလေးမှာ ကျွန်မတို့ လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ အခြောက်အခြမ်း စားစရာတွေကို အလွယ်တကူ စုံစုံလင်လင် ဝယ်လို့ရနိုင်ဘူး။ အနီးဆုံးမြို့ဖြစ်တဲ့ ဝါးခယ်မမြို့ကို အနည်းဆုံး တစ်လတစ်ခါလောက် စက်လှေစီးသွားပြီး ဈေးဝယ်ရတယ်။ ဆံပင်ညှပ်ရင်လည်း ဝါးခယ်မကိုပဲ သွားညှပ်ရတယ်။ အဲဒီတုန်းက မြို့ကိုတက်တိုင်း ကုန်စုံဆိုင်မှာ ခေါင်းအုံးသကြားလုံး ဝယ်ကျွေးတာကို မှတ်မိနေသေးတယ်။ ခေါင်းအုံးသကြားလုံး ဆိုတာ ခေါင်းအုံးသေးသေးလေးနဲ့ ဆင်တူတဲ့ ပလတ်စတစ်အိပ်ကလေးနဲ့ စွပ်ထားတဲ့ ထိုင်းကလာတဲ့ သကြားလုံးလေးကို ကျွန်မတို့က ခေါ်တာပါ။ နိုင်ငံခြားပစ္စည်း ရှားပါးတဲ့ ငယ်ဘဝက အဲဒီလို ဆန်းဆန်းပြားပြားလို့ ထင်မိတဲ့ စားစရာတွေအားလုံးဟာ အရသာရှိနေတာပဲ။ 

အဲဒီရွာကလေးမှာ မှတ်မိနေတဲ့ နောက်တစ်ခုကတော့ တရွာလုံးမှာ ခရေပင်တွေ ပေါများတာပါပဲ။ တစ်ပင်နဲ့တစ်ပင်မှာ ပွင့်တဲ့ ခရေပွင့်တွေက မတူကြဘူးဆိုတာက ကျွန်မက သတိထားမိခဲ့တယ်။ တချို့က အရောင် ပိုဖြူတယ်။ တချို့က အပွင့်ပိုကြီးတယ်။ မန်ကျည်းပင်တွေလည်း များပါတယ်။ အိမ်ပြတင်းပေါက်က လှမ်းမြင်ရတဲ့ မန်ကျည်းပင်ကြီးအောက်မှာ မန်ကျည်းသီးအနုလေးတွေ ကောက်ရတာကိုလည်း ကျွန်မက ကြိုက်တယ်။ တစ်နေ့တော့ မိုးတွေလေတွေ ကြီးတဲ့ တစ်နေ့မှာ မေမေက ဒေဝေါလာပြီ လို့ ပြောပါတယ်။ ကျွန်မက ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ မန်ကျည်းပင်ပေါ်မှာ မိုးခိုနေတဲ့ ကြောင်တစ်ကောင်ကို တွေ့တယ်။ အဲဒီတုန်းက ဒေဝေါဆိုတာ အဲဒီကြောင်ကို ပြောတာလို့ ထင်မိခဲ့ဖူးတယ်။ ဒေဝေါက ကြောင် နဲ့တူတာပဲလို့တောင် တွေးလိုက်သေးတယ်။ 

ကိုကိုက အသက်   ၅ နှစ်ခွဲ အရွယ်မှာ မောင်းဒီးရွာက ကျောင်းမှာ သူငယ်တန်း စတက်ပါတယ်။ မနက်ဆိုရင် ဖေဖေနဲ့ ကိုကိုတို့ ကျောင်းသွားကြတဲ့အခါ ကျွန်မက အိမ်မှာ မေမေနဲ့ ကျန်ခဲ့တယ်။ မေမေက ကျွန်မကို အိမ်မှာ စာသင်ပေးတယ်။ ကျောင်းဆရာအိမ်ဆိုတော့ စာရွက်တွေ ခဲတံတွေက အဆင်သင့်ရှိနေတယ်။ ကျွန်မဟာ ကျောက်သင်ပုန်းကို အဆင့်ကျော်ပြီး စာရွက်ပေါ်မှာ ကကြီး ခခွေး စရေးတတ်ခဲ့တာ။ တစ်နေ့တော့ ဖေဖေ့ ဖောင်တိန်ကို ကျွန်မက ယူရေးရင်း နစ်ကျိုးသွားသတဲ့။ လူကြီးတွေက တွေ့သွားတဲ့အခါ ဖောင်တိန် နစ်ကျိုးနေတာ ဘယ်သူလုပ်တာလဲ လို့ မေးတော့ အိမ်ရှေ့ဝရံတာမှာ တဝီဝီ ပျံဝဲနေတဲ့ ပိတုန်းတွေကို လက်ညိုးထိုးပြပြီး ပိတုန်းထိုးတာ လို့ ကျွန်မက အတင်းငြင်းပါသတဲ့။ တော်တော် ဆင်ခြေများတဲ့ ကလေးလို့ ပြောကြပေမယ့် ကျွန်မကတော့ ဖောင်တိန်ကို တကယ်ပဲ ပိတုန်းထိုးသွားတာ ဖြစ်ကောင်းဖြစ်မှာပေါ့လို့ ထင်ချင်သေးတယ်။  

ကျောင်းတက်ရက်တွေမှာ ညနေ လေးနာရီ ထိုးခါနီးရင် ဖေဖေနဲ့ကိုကို ပြန်လာမှာကို အိမ်အောက်ကို ဆင်းတဲ့ လှေခါးပေါ်မှာ မတ်တတ်ရပ်ရင်း ကျွန်မက မျှော်လေ့ရှိတယ်။ အဲဒီမှာ လှေခါးလက်ရမ်းက ပွတ်လုံးတိုင်လေးတွေကြားမှာ ကျွန်မရဲ့ ဒူးခေါင်းလေးက လျှောဝင်သွားပြီး ပြန်ဆွဲထုတ်မရလို့ ကျွန်မက အော်ငိုလေ့ရှိတယ်။ အဲဒီလှေခါးမှာ ဒူးခေါင်းညပ်တာ အကြိမ်ကြိမ်ပဲလို့ မေမေက ပြန်ပြောပါတယ်။ ပြီးတော့ အိမ်က ကြမ်းပြင်တွေမှာ နည်းနည်း ကျဲနေတဲ့ အပိုင်းတွေ ရှိတယ်။ ကျွန်မက အိမ်ပေါ်ကနေ အဲဒီကြမ်းပေါက်တွေကတဆင့် အောက်ကို ငုံ့ကြည့်လေ့ရှိတယ်။ တစ်နေ့တော့ ကျွန်မရဲ့ ကျောက်နီဆွဲသီးလေးဟာ ကြမ်းပေါက်နဲ့ညပ်ပြီး အောက်ကို ပြုတ်ကျသွားပါလေရော။ ဆွဲကြိုးလေးလည်း ပြတ်သွားတယ်။ အိမ်အောက်က မြေကြီးပေါ်မှာတော့ ကြက်တစ်ကောင်ရှိတယ်။ မေမေက သိသိချင်း အိမ်အောက်ကို ဆင်းသွားတော့ ဆွဲသီးလေးကို မတွေ့တော့ဘူး။ နောက်တော့ အဲဒီနားက ကြက်ပိုင်ရှင်က သူ့ကြက် ကောက်စားသွားတာ ဖြစ်မယ် ဆိုပြီး ကြက်ကိုဖမ်းပြီး သတ်လိုက်တယ်။ ကြက်သေသွားတာတော့ စိတ်မကောင်းစရာပဲ။ ဒါပေမယ့် ကြက်အစာအိမ်ထဲကနေ ဆွဲသီးလေး ပြန်ရခဲ့တယ်။ 

ကရင်လူမျိုး အများစုဖြစ်တဲ့ ရွာသူရွာသားတွေက ကျွန်မတို့မိသားစုကို စောင့်ရှောက်ကြတယ်။ ကျွန်မတို့ မောင်နှမကိုလည်း ချစ်ကြပါတယ်။ ချောင်းထဲက ပုစွန်တုပ်တွေ ရှာတွေ့ရင် မေမေကြိုက်တတ်မှန်းသိလို့ လာပေးကြတယ်။ သူတို့လုပ်တဲ့ ရိုးရာမုန့်တွေလည်း လက်ဆောင် ပေးတတ်ကြတယ်။ ရွာသူရွာသားတွေက နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တွေ များပါတယ်။ ခရစ်စမတ်ညတွေမှာ ကျွန်မတို့အိမ်ရှေ့ကို သီချင်း လာဆိုလေ့ရှိကြတယ်။ ကျွန်မတို့ကလည်း သူတို့ရဲ့ ပွဲတော်တွေကို၊ တခါတလေမှာ ဘုရားကျောင်းကို သူတို့နဲ့အတူ လိုက်သွားလေ့ ရှိပါတယ်။ ကရင်စကားလည်း မတောက်တခေါက် သင်ကြတယ်။ အဲဒီရွာကလေးမှာ နေခဲ့တဲ့အချိန်တွေဟာ ပစ္စည်းပစ္စယ ရှားပါးတာကလွဲလို့ ပျော်စရာကောင်းတယ်လို့ ဖေဖေနဲ့မေမေတို့က ပြောပါတယ်။ အားလပ်ချိန်တွေမှာ တခြား ဖျော်ဖြေရေးတွေကလည်း မရှိတော့ ဖေဖေနဲ့ မေမေတို့ဟာ ရေဒီယိုနားထောင်၊ မဂ္ဂဇင်းတွေ ဝတ္ထုတွေဖတ်၊ တခါတလေတော့ စစ်တုရင် (ချက်စ်) ကစားလေ့ရှိတယ်။ ကျွန်မတို့ မောင်နှမတွေ ပထမဆုံး ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဂိမ်းက ချက်စ်ထိုးတာလို့ ပြောလို့ရမယ်။ 

နောက်တော့ အဲဒီရွာလေးကနေ ပြောင်းခါနီးမှာ မောင်လေးကို မေမေက ကိုယ်ဝန်ရလာခဲ့တယ်။ အဲဒါကိုလည်း ထမင်းစားပြီးခါစမှာ ဘောလုံးကန်လို့ မမျှော်လင့်ပဲ ဆုံးသွားတဲ့ ဖေဖေ့ တပည့် ကရင်လေး ဝင်စားတာလို့ ရွာကလူတချို့က ယုံကြည်နေကြသေးတယ်။ မေမေက မောင်လေး ကိုယ်ဝန်ရခါနီးမှာ အဲဒီကလေးကို အိပ်မက် မက်သတဲ့။ 
အဲဒီရွာကနေ ပြောင်းသွားပြီး နောက်ပိုင်းကာလတွေမှာတော့ မောင်လေး ၄ နှစ်သားလောက် အရွယ်မှာ တစ်ခါပဲ ရွာလေးကို အလည်ခဏ ပြန်ရောက်ခဲ့တယ်။ အလည်သွားတုန်းမှာ ချောင်းကမ်းစပ်မှာ မောင်လေးကို ရေချိုးပေးဖို့ လုပ်နေတုန်း သူက မပြောမဆိုနဲ့ ချောင်းထဲ ခုန်ချလိုက်တယ်။ တိမ်တိမ်လေး ထင်လို့ ဖြစ်မှာပေါ့။ ကျွန်မတို့ တည်းတဲ့အိမ်က ရွာခံကျောင်းဆရာက အတင်းပြေးလာပြီး မောင်လေးကို ရေငုပ်ဆယ်ရတယ်။ အဲဒီနောက် ရွာထဲမှာ လမ်းလျှောက်ကြတဲ့အခါ ဘောလုံးကန်ပြီး ဆုံးသွားတဲ့ ကလေးရဲ့ မိဘတွေအိမ်ကို ခဏ ဝင်လည်ကြသေးတယ်။ ဓာတ်ပုံ အယ်လ်ဘန်ထဲမှာ သူတို့ အမျိုးတွေကို ဘယ်သူက ဘယ်သူလဲဆိုတာ ထောက်ပြခိုင်းတော့ မောင်လေး ထောက်ပြတာတွေက မှန်နေပြန်တယ်။ ဒီတော့ မောင်လေးကို အဲဒီ ကရင်လေး ဝင်စားတာလို့ ပိုထင်ကြပြန်ရော။ 

ငယ်ငယ်တုန်းက အဲဒီရွာမှာ နေခဲ့စဉ် တချို့ အကြောင်းအရာတွေကို ကျွန်မ အမှတ်ရနေတယ် လို့ အခုအချိန်မှာ ပြောတော့ မေမေက မယုံဘူး။ နောက်တစ်ခေါက် သွားလည်တဲ့အချိန်မှာ ကျွန်မက ၈ နှစ်သမီးလောက် ရှိနေပြီမို့လို့ အလည်ခရီးက မြင်ကွင်းကိုပဲ သတိရတာဖြစ်မယ်လို့ ပြောတယ်။ ကျွန်မကတော့ ကျွန်မမျက်စိထဲ မြင်နေတဲ့ ရုပ်ပုံတွေဟာ ၃ နှစ် ၄ နှစ် အရွယ်က ဖမ်းယူထားတဲ့ ပထမဆုံး မှတ်ဥာဏ်တွေလို့ပဲ ထင်နေမိတယ်။ အဲဒီငယ်ဘဝ အကြောင်းတွေကို မိဘတွေက အမြဲ ပြန်ပြောနေကြလို့ မမေ့မလျော့ပဲ သတိရနေတာလည်း ဖြစ်နိုင်ပါတယ်။ 

နှစ်တွေကြာလာတဲ့အခါ ကျွန်မတို့လည်း ရွာတွေ မြို့တွေ အလီလီ ပြောင်းရွှေ့လာခဲ့တယ်။ ရန်ကုန်မြို့တော်ကြီးကိုလည်း ရောက်လာတယ်။ နောက်ဆုံး နိုင်ငံရပ်ခြားအထိ ရောက်တော့လည်း အိမ်တွေ ဆက်လက် ပြောင်းရွှေ့နေထိုင်နေရဆဲပါ။ ခေတ်ကြီးကလည်း ပြောင်းလဲ တိုးတက်လာတာနဲ့ အမျှ ထူးခြားဆန်းပြားတဲ့ အသုံးအဆောင်သစ်တွေ အလွယ်တကူ ရလာတယ်။ လမ်းပမ်းဆက်သွယ်ရေးလည်း ပိုလွယ်လာတယ်။ ငွေကြေးလည်း ပိုပြီး သုံးစွဲနိုင်လာတယ်။ ဒါပေမယ့် ရှားပါးတဲ့ ကာလတစ်ခုမှာလည်း ဘယ်တော့မှ မပြောင်းလဲတဲ့ မိသားစုမေတ္တာတွေနဲ့ ပြည့်စုံလုံလောက်ခဲ့တဲ့ အိမ်ကလေးတစ်လုံးဟာ တကယ်ရှိခဲ့တာပါ။

ပန်ဒိုရာ
၁၆.၅.၂၀၁၃
(Home and Services Journal, Vol.1, No.6, July 27 2013 တွင် ဖော်ပြပါရှိပြီး)

Expand..