Friday, August 31, 2018
စိတ်ရှုပ်တဲ့အခါ
စိတ်ရှုပ်တဲ့အခါ
စိတ်ဟာ အရောင်မျိုးစုံရှိတယ်။
စိတ်ကိုလိုက်ဖမ်းရတာ မလွယ်။ မပျော်ရွှင်တဲ့ စိတ်အခြေအနေ တစ်ရပ်ထဲမှာ စိတ်ညစ်တာလည်းပါမယ်။
စိတ်ဓာတ်ကျတာ၊ စိတ်ဆိုးတာ၊ စိတ်ဖိစီးတာ၊ စိတ်ညှိုးငယ်တာ၊ စိတ်ပူပင်တာ၊ ဝေခွဲမရတာ၊ လွမ်းဆွေးတာ၊
နှမြောတသတာ စတဲ့ အနုတ်သဘောဆောင်တဲ့ စိတ်မရှင်းမှုပုံစံ မျိုးစုံ ရှိမယ်။ ဒီနေရာမှာတော့
စိတ်ရှုပ်တယ်လို့ပဲ ခြုံပြောလိုက်တာပါ။ အဓိပ္ပာယ်အတိအကျတော့ မဟုတ်ဘူးပေါ့။
ဆိုပါတော့..
စိတ်ရှုပ်တဲ့အခါ…… ဘာတွေလုပ်ကြမလဲ။ ကိုယ်ကတော့ တချို့အလုပ်တွေနဲ့ စိတ်ချည်မျှင်ထွေးကို
ဖြည် လျှော့ လေ့ရှိတယ်။ အဲဒီအထဲမှာ ဟင်းတွေကို တစ်မျိုးပြီးတစ်မျိုး ချက်လိုက်တာပါတယ်။
နံပါတ်တစ် ဖြေရှင်းနည်းလို့လည်း ပြောလို့ရမယ်။ ဟင်းတစ်ခွက် ချက်တဲ့အခါ ပြင်ဆင်ရတဲ့
လုပ်ငန်းစဉ်အဆင့်ဆင့်ကနေ အစပ်အဟပ်တည့်အောင် စိတ်ပါလက်ပါ ချက်ပြုတ်နေတဲ့အခါ စိတ်ရှုပ်မှုကို
အတော်မေ့ပျောက်နိုင်တယ်။ စိတ်ပါဝင်စားစွာ ချက်ပြုတ်ပြီးစီးသွားတဲ့အခါ အနံ့အရသာကို မြည်းကြည့်ပြီး
နိဂုံးချုပ်နိုင်သွားတဲ့အခါ စိတ်တွေဟာ အတော်အတန် လျော့ကျ ပေါ့ပါးသွားတတ်တယ်။
စိတ်ရှုပ်တဲ့အခါ….
စာအုပ်တစ်အုပ်ကို အာရုံစူးစိုက်ဖတ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါ အဲဒီနည်းဟာ
တခါတလေ မအောင်မြင်တော့ဘူး။ ငယ်ငယ်တုန်းကတော့ ထမင်းမေ့ ဟင်းမေ့၊ မိုးကြိုးပစ်သံတောင်မကြား
အာရုံဝင်စားခဲ့တဲ့ ကာလတွေပေါ့။ ဖတ်ရှုခြင်းဖြစ်စဉ်ဟာ လူကိုတွေးတောစေတယ်။ ဒီတော့ အခုအချိန်မှာ
တစ်ကြောင်းဖတ်လိုက် စာအုပ်ပိတ်ပြီးစဉ်းစားလိုက်၊ အတွေးတွေက ပြန့်သွားလိုက်။ တစ်မျက်နှာဖတ်ပြီးမှ
စိတ်တွေဝေဝါးပြီး အစက ပြန်ဖတ်လိုက်နဲ့ စိတ်ကို စာကြောင်းတွေက အောင်အောင်မြင်မြင် မကုစားနိုင်တော့တာ
များလှပြီ။
စိတ်ရှုပ်တဲ့အခါ……
ရုပ်ရှင်၊ ဂီတ တစ်ခုခုကို ကြည့်ရှုနားထောင်မယ်။ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနုပညာမြောက်
ဖန်တီးမှုတွေဟာ စိတ်ကို နစ်မြုပ်ထွက်ပြေးသွားဖို့အတွက် ဆွဲဆောင်မှုရှိစေတာ အသေအချာပေါ့။
ဒါပေမယ့် အဲဒီဖန်တီးမှုရဲ့ အကြောင်းအရာကိုတော့ ရွေးချယ်ဖို့လိုပြန်တယ်။ စိတ်ဟာ နောက်ကျိရှု့ပ်ထွေးနေစဉ်
မြင်မိသမျှ ကြားမိသမျှ အရာရာဟာ ကိုယ့်ကို ရည်ရွယ်နေတော့သလားလို့ ဆတ်ဆတ်ထိမခံ ထင်မြင်နေမိတတ်တယ်မဟုတ်လား။
ရုပ်ရှင်ထဲက ဖြစ်ရပ်တစ်ခု၊ သီချင်းထဲက စာကြောင်းတစ်ကြောင်းက တိုက်ဆိုင်လာရင် တခါတလေမှာ
ကိုယ့်စိတ်ရှုပ်မှု အခြေအနေကို ဒီဂရီမြင့်မားအောင် တွန်းအားပေးနေတတ်တော့ သတိထားရတယ်။
စိတ်ရှုပ်တဲ့အခါ….
window shopping ထွက်တယ်။ အထူးသဖြင့် ကိုယ့်ဘာသာ တစ်ကိုယ်တော် နေထိုင်ခဲ့တဲ့ အချိန်တွေတုန်းက
ပေါ့။ ဘယ်တော့မှ ဝယ်မယ်မစဉ်းစားတဲ့ ထူးထူးဆန်းဆန်း ဖက်ရှင်လန်းလန်းတွေကို တစ်ထည်ပြီးတစ်ထည်
အစမ်းဝတ်ကြည့်လိုက်၊ ဖိနပ်အမြင့်ကြီးတွေ စီးကြည့်လိုက်၊
နှုတ်ခမ်းနီ လက်သည်းနီတွေ စမ်းကြည့်လိုက်၊ ပန်းချီပစ္စည်းတွေ စာအုပ်တွေ စာရေးကိရိယာတွေ
လှန်လှောကြည့်ရှုလိုက်၊ ဘာမှန်းမသိတဲ့ ကြုံရာကျရာ ပိစိကွစိ ပစ္စည်းလေးတွေကို စပ်စုလိုက်နဲ့
ဖြတ်သန်းသွားလာနေကြတဲ့ လူရေစီးကြောင်းကြီးထဲ အလိုက်သင့်မျှောပါရင်း စိတ်ကို အရောင်ပြောင်းကြည့်တဲ့နည်းဟာ
အတော်အတန် ဟန်ကျတယ်။
စိတ်ရှုပ်တဲ့အခါ….
ပန်းချီပုံ တစ်ခုခု ဆွဲကြည့်တယ်။ အဆင်ပြေတဲ့အခါပြေတယ်။ skills မကောင်းသူမို့ စိတ်ကူးနောက်ကို
လက်က မလိုက်နိုင်ရင် လောဘဒေါသ မပေါ်ပေါက်အောင်တော့ ထိန်းရတယ်။ ပန်းချီရေးဆွဲခြင်း ဖြစ်စဉ်တစ်ခုလုံးဟာ
စိတ်ကို မီးကိုရေလောင်းလိုက်သလို ရှဲခနဲ မဟုတ်ပေမယ့် တဖြည်းဖြည်း တငွေ့ငွေ့ ငြိမ်းသတ်အေးချမ်းစေတယ်။
အရောင်တွေ မျဉ်းကြောင်းတွေနဲ့ စိတ်ကူးပုံဖော်နေချိန်မှာ ဘာသာစကားတွေကို မေ့လျော့ထားနိုင်တဲ့
ဖြစ်စဉ်ဟာ စကားလုံးတွေရဲ့ အကျနောက် အနက်ကောက် လိုက်ရတဲ့ ရှုပ်ထွေးမှုက ကင်းဝေးစေတယ်။
စိတ်ရှုပ်တဲ့အခါ….
ဖုန်းထဲက contact list တွေကို အထက်အောက်ပြောင်းပြန် လှန်လှောကြည့်တယ်။ ငါ ဘယ်သူ့ကို
ဖုန်းဆက်ရင်ကောင်းမလဲ။ အသံချင်းသာ ဆုံတွေ့ကြမယ်။ စိတ်ရှုပ်နေတဲ့ မျက်နှာကြီးနဲ့ မျက်နှာချင်းတော
့မဆိုင်ချင်ဘူး။ ဒါတောင် စိတ်ရှုပ်တွေ အသံကတဆင့် ကူးသွားမှာလည်း စိုးလို့ တခါတလေ ဝေခွဲမရ
ဖုန်းကို အသာဘေးပြန်ချထားလိုက်တဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ နံပါတ်နှိပ်လိုက်ပြီးမှ
ဟဲလို လည်း ထူးရော ပြောချင်တာတွေ မျိုသိပ်၊ ရောက်တတ်ရာရာ ဆက်ပြောဖြစ်တာတွေလည်းရှိတယ်။
လူတစ်ယောက်မှာ နှစ်သိမ့်ဆွေးနွေး အဖြေရှာတဲ့အထိ ရင်ဖွင့်နိုင်တဲ့ သူငယ်ချင်းမျိုးဟာ
အနည်းဆုံး တစ်ယောက်လောက် ရှိသင့်တာပေါ့လေ။ ဖုန်းထဲက အသံလှိုင်းတွေနဲ့မှ မဟုတ်ပါဘူး။
တိုးတက်လာတဲ့ နည်းပညာ နဲ့အညီ မက်ဆင်ဂျာ တစ်ခုခုကနေ စာတိုစာရှည်ရိုက်ပြောနိုင်တာလည်း
အကျုံးဝင်ပါတယ်။
စိတ်ရှုပ်တဲ့အခါ
…… ကဗျာဖြစ်ဖြစ် စကားပြေတစ်ပုဒ်ဖြစ်ဖြစ် ရေးကြည့်ချင်တယ်။ ခက်တာက စာရေးသားခြင်း ဖြစ်စဉ်ဟာလည်း
ခံစားချက်သက်သက်နဲ့ မောင်းနှင်ရတာ မဟုတ်ပြန်ဘူး။ ခံစားချက်လွှမ်းမိုးသွားတဲ့ စာတစ်ပုဒ်ကို
နောက်တစ်ခေါက် ပြန်ဖတ်တဲ့အခါ စိတ်တိုင်းမကျတဲ့ အာရုံတွေ ခဏခဏ ကြုံခဲ့ရတယ်။ စာထဲမှာ
စကားလုံးတွေ အထားအသိုတွေ အသုံးအနှုန်းတွေကို ခွဲခြမ်းစိတ်ဖြာ နေရာချတဲ့အခါ စိတ်ရှုပ်နေတဲ့
အတွေးထဲက တီးတိုးစကားတွေဟာ ကိုယ့်အတွက်တော့ အနှောက်အယှက် ပေးနေပြန်တယ်။
စိတ်ရှုပ်တဲ့အခါ
…… တစ်ခွက်တစ်ဖလားလောက်မော့မလား။ ဟင့်အင်း။ အယ်လကိုဟောကို အလွဲသုံးစားပြုဖို့တော့ ဝါသနာမပါပြန်ဘူး။
စိတ်ရှုပ်ကို မေ့လျော့ဖို့ ရည်ရွယ်ချက်အတွက်တော့ အဲဒါဟာ ဘယ်တော့မှ မရွေးချယ်တဲ့ နည်းလမ်းပဲ။
စိတ်ကိုမူးရီစေတဲ့ အရည်တွေဟာ ပိုမိုသက်တောင့်သက်တာ ပြောဖြစ်ဆိုဖြစ် ရယ်မောပစ်နိုင်ကြဖို့
လူမှုရေးကဏ္ဍတွေအတွက် လည်ပတ်နိုင်ရုံ အသင့်အတင့်ချောဆီ အဖြစ်လောက်သာ ကိုယ်သဘောထားတယ်။
စိတ်ရှုပ်တဲ့အခါ….
အခိုးအငွေ့တွေကို ရှိုက်ဖွာသောက်သုံးတတ်ပြီး ကောင်းကင်ပေါ် ဝဲပျံသွားတဲ့ မီးခိုးတန်းတွေနဲ့အတူ
လွင့်မျောလိုက်ပါသွားတတ်သူတွေကိုတော့ ငေးမောရုံသာ တတ်နိုင်တယ်။ အနံ့အသက်တွေကို မွန်းကြပ်တတ်သူမို့
ဒါဟာလည်း ကိုယ့်အတွက် ရွေးချယ်စရာတစ်ခု မဟုတ်ပြန်ဘူး။
စိတ်ရှုပ်တဲ့အခါ…..
အစားအသောက်တွေကို ဖိစားပစ်လိုက်သူတွေရှိတယ်။ အဲဒါကတော့ စိတ်ဘယ်လိုရှုပ်သဲ ဆိုတာနဲ့မူတည်မယ်။
စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာ၊ စိတ်ဖိစီးတာအတွက်တော့ စားဝင်စရာမရှိ။ စိတ်ဆိုးတာမျိုးဆိုရင်တော့
အလွန်အကျွံစားပစ်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ တခါတလေ ဖြစ်နိုင်တယ်။ တခါတလေ မဖြစ်နိုင်ဘူး။
စိတ်ရှုပ်တဲ့အခါ…….
စိတ်ညစ်ရင် အိပ်ပစ်လိုက်မယ်။ အဲဒါက ကိုယ်လုပ်လေ့ရှိတဲ့ ကိစ္စတစ်ခု။ ပူပင်သောက ရောက်တဲ့
စိတ်အခြေအနေကလွဲလို့ ကျန်တဲ့ စိတ်ရှုပ်မှုတွေ အားလုံးမှာ လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ခေါင်းကိုက်ရင်သောက်တတ်တဲ့
အကိုက်အခဲပျောက်ဆေးကလွဲလို့ အိပ်ပျော်စေဖို့ ဆေးဝါးတွေရဲ့ အကူအညီတော့ မယူချင်ဘူး။ နှစ်နှစ်ခြိုက်ခြိုက်
တဒင်္ဂသေဆုံးခြင်းဟာ အမြဲတမ်းထွက်ပြေးနိုင်တဲ့ ထွက်ပေါက်တစ်ခု မဟုတ်ပေမယ့် မေ့လျော့နေတဲ့
အချိန်တိုလေးထဲမှာတော့ စိတ်ညောင်းညာမှုကို ပြေလျော့စေတယ်။
စိတ်ရှုပ်တဲ့အခါ……
သာသာယာယာ လမ်းကလေးတစ်ခုများ အနီးအနားမှာ အဆင်ပြေခဲ့ရင်ပေါ့။ လမ်းလျှောက်ဖြစ်ခဲ့ဖူးတယ်။
လျှောက်.. လျှောက်.. ဆက်လျှောက်.. မနားတမ်းလျှောက်။ အနီးအနားမှာ ရေကန်ကလေးနဲ့ ပြေးလမ်းကလေးနဲ့
သစ်ပင် ပန်းပင်ကလေးတွေနဲ့ ခွေးကလေးတွေ ထွက်ကျောင်းနေသူ စက်ဘီးစီးနေသူ အဘိုးအဘွားအရွယ်တွေ
အားကစားသမားတွေ နဲ့…။ ကိုယ်ခန္ဓာကို ပြင်းပြင်းထန်ထန် မောင်းနှင်လိုက်ပြီး ကျလာတဲ့ ချွေးစက်တွေဟာ
စိတ်ထဲအထိ လောင်ကျွမ်းအငွေ့ပျံသွားပြီး ကျယ်ပြန့်တဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ
ပေါ့ပါးလန်းဆန်းသွားစေတဲ့ အကျိုးရှိတဲ့ နည်းလမ်းတစ်ခုပေါ့။
စိတ်ရှုပ်တဲ့အခါ…..
သင်တို့ရော စိတ်ရှုပ်တတ်ပါသလား။ စိတ်ရှုပ်တဲ့အခါ ဘာလုပ်တတ်ပါသလဲ။
ပန်ဒိုရာ
၃၁၊ ၈၊ ၂၀၁၈
Monday, August 20, 2018
လက်ခလယ်တောင်ကုန်း
လက်ခလယ်တောင်ကုန်း
အဲဒီတောင်ကုန်းဟာ
လွင်ပြင်တွေရဲ့ အလယ်မှာ ထူးထူးခြားခြား ထီးထီးတည်ရှိတယ်။ ကမ္ဘာ့မြေပုံရဲ့ ဘယ်အရပ်မှာလဲလို့
မေးရင်တော့ ပြောရခက်သား။ ကမ္ဘာပေါ်မှာ သာမန်အားဖြင့် အရှေ့အနောက် တောင်မြောက် သတ်မှတ်ချက်တွေ
ရှိကြတယ်မဟုတ်လား။ ကမ္ဘာပေါ်ကနေ ကြည့်ရင် နေထွက်တာ နေဝင်တာကို မူတည်ပြီးတော့ပေါ့။ ဒါပေမယ့်
အဲဒီတောင်ကုန်း တည်နေရာကတော့ ထူးခြားတယ်။ တောင်ဘက်က လူတွေကလည်း အရှေ့အရပ်လို့ ပြောလိုက်ရင်
အဲဒီတောင်ကုန်းဘက်ကိုပဲ လက်ညိုးညွန်ကြတယ်။ မြောက်ဘက်က လူတွေကလည်း တောင်ကုန်းရှိရာကို
အရှေ့အရပ်လို့ သတ်မှတ်ကြတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်က လူတွေလည်း ထို့အတူပဲ။ အဲဒီအခါ
အဲဒီအရပ်မျက်နှာတွေရဲ့ အရှေ့အနောက်တောင်မြောက်တွေဟာ ကျွန်မတို့ အရင်တုန်းက နားလည်ထားတဲ့
အရှေ့အနောက်တောင်မြောက်တွေနဲ့ မတူတော့ဘူး။ ကျွန်မပြောပြတာ ရှုပ်ထွေးသွားမလားတော့ မသိဘူး။
ဥပမာ ဒီလိုမျိုးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ်
ကမ္ဘာကြီးက လုံးနေတယ်ဆိုတော့ အဲဒီတောင်ကုန်း ဘယ်နေရာမှာပဲရှိရှိ သိပ်တော့ ပြဿနာရှိလှမယ်
မထင်ဘူး။ ခရီးကို ဘယ်နေရာက စတင်တယ်ဆိုတာလည်း သိပ်တော့ အရေးမကြီးလှဘူး။ တကယ်တော့ လက်ခလယ်တောင်ကုန်းဆိုတာကလည်း
ကျွန်မပေးထားတဲ့ နာမည်ပါ။ ကျွန်မတစ်ဦးတည်း ခေါ်ဆိုတဲ့နာမည်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မရဲ့အလုပ်ကတော့
တောင်ကုန်းထိပ်ရှိရာကို ရောက်အောင် သွားဖို့သာဖြစ်တယ်။ အဲဒီနေ့က ကျွန်မရဲ့ ခရီးကို
စတင်ခဲ့တဲ့အချိန်မှာ နေလုံးရဲ့လင်းနိုင်စွမ်း မဖြန့်ကျက်နိုင်သေးချိန် မှောင်မဲနေတဲ့
ကောင်းကင်မှာ ကြယ်ရောင်သာ ပျပျထွန်းလင်းနေခဲ့တယ်။
ဒီနေရာမှာ
ပြောစရာတစ်ခုရှိပါတယ်။ နေလုံးဟာ ကျွန်မရှုထောင့် ကြည့်ရင် ကျွန်မနဲ့အတူ တောင်ကုန်းကို
လိုက်ပါပြီး အချိန်နဲ့အမျှ တဖြည်းဖြည်း ထွန်းလင်းလာသလိုပါ။ တခြားသော တောင်ကုန်းတက်သူတွေဘက်
ကကြည့်ရင်လည်း သူတို့နဲ့ မကွဲမကွာ အတူ လိုက်ပါနေတဲ့ နေလုံးကို တစ်မိုးအောက်မှာ ကိုယ်စီကိုယ်ငှ
မြင်ကြရမှာပါ။
မြို့ကြီးပြကြီးတွေနဲ့
ကင်းဝေးနေတဲ့ ကမ္ဘာမြေဟာ အထိုက်အလျောက် ပြုပြင်မွမ်းမံခြင်း ခံထားရတဲ့ ရေမြေတောတောင်
သဘာဝနဲ့ လှပနေတော့တယ်။ လယ်ကွင်းတွေကို တာဘောင်ရိုးကလေးတွေနဲ့ ရေမြောင်းကလေးတွေက အနားကွပ်ထားတယ်။
ခပ်ဝေးဝေးမှာ စိမ်းညို့နေတဲ့ တောင်တန်းပြာကြီးတွေက အုပ်မိုးနေတယ်။ အနီးအနားမှာ တွေ့ရတဲ့
တချို့တောင်တွေကတော့ နီကျင်ကျင်ဖြစ်နေတယ်။ သစ်ပင်မရှိတဲ့ နီကျင်ကျင်တောင်တန်းတွေဆီက
အုန်းခနဲ အသံတွေ တစ်ချက်တစ်ချက်ကြားရတယ်။ မီးခိုးငွေ့တွေ အူထွက်လာတာလည်း မကြာခဏတွေ့ရတယ်။
ဓာတ်သတ္ထုရှာဖွေသူတွေဟာ တောင်တွေကို ဖြည်းဖြည်းချင်း ဖဲ့ဖြိုခွင့်ရထားတယ်။
ခပ္ပ်ပ်
မြင်နေရတဲ့ လက်ခလယ်တောင်ကုန်းဆီကို လူတိုင်းဟာ ဦးတည်နေကြတယ်။ အရွယ်စုံ လူမျိုးစုံပါပဲ။
ဟိုးဝေးဝေးမှာ လှမ်းမြင်နေရတဲ့ အဘွားအိုတစ်ယောက်ဟာ အသက်ကြီးသူတွေကို မလွဲမသွေ ကိုယ်စားပြုသလို
သူစွဲကိုင်ထားတဲ့ တောင်ဝှေးတစ်ချောင်းဟာလည်း အိုမင်းမစွမ်းမှုကို ကိုယ်စားပြုနေပါတယ်။
သူဝတ်ဆင်ထားတဲ့ မွဲခြောက်နေတဲ့ အဝတ်အစားတွေကတော့ နွမ်းပါးမှုရဲ့ သင်္ကေတဆိုတာ အထူးပြောစရာလိုမယ်
မထင်ဘူး။
ဆူဖြိုးဖြူဝင်းနေတဲ့
ကိုယ်ခန္ဓာမှာ ဝတ်ဆင်ထားတဲ့ လက်ဝတ်တန်ဆာတွေနဲ့
ဝတ်ကောင်းစားလှတွေကို မထိမခိုက် မပေမကျံအောင် ထိန်းသိမ်းရင်း ဒေါက်ချွန်ဖိနပ်
တလိမ့်လိမ့်နဲ့ လျှောက်လာသူ အမျိုးသမီး တစ်ယောက်ကတော့ ပူပြင်းလာမယ့်နေကို အံတုဖို့ မျက်မှန်မည်းတစ်လက်
တပ်ဆင်ထားတယ်။ အားကောင်းမောင်းသန် ကျစ်လျစ်ဖွံ့ထွားတဲ့
ကြွက်သားပိုင်ရှင် အမျိုးသားတစ်ယောက်ဟာ သူတကာထက် လျှင်မြန်ကြီးမားတဲ့ ခြေလှမ်းကျဲကြီးတွေနဲ့
လျှောက်လှမ်းရင်း လူအတော်များများကို တရှိန်ထိုး ကျော်ဖြတ်သွားလေရဲ့။
အဲဒီလိုပါပဲ
မခိုင်မခန့် ခြေလှမ်းသေးသေးလေးတွေနဲ့ လမ်းလျှောက်တတ်ခါစ ကလေးလေးတွေ၊ လမ်းမလျှောက်တတ်သေးတဲ့
ကလေးငယ်တွေကို ကျောပိုးလို့ တစ်ဖုံ၊ ရင်ခွင်ပိုက်လို့ တစ်မျိုး သယ်ပိုးလာကြတဲ့ မိခင်တွေ၊
လူမျိုးစုံ အသံမျိုးစုံနဲ့ အစုလိုက် အပုံလိုက် အတန်းလိုက် လူတွေဟာ လက်ခလယ်တောင်ကုန်းရှိရာကို
တရွေ့ရွေ့ လျှောက်လှမ်းနေကြပါတယ်။
အားလုံးမှာ
တူညီတဲ့အချက်တစ်ချက်ကို ပြောရမယ်ဆိုရင်တော့ စက်ကိရိယာတစ်ခုခုကို ဘယ်သူမှ မသုံးစွဲနိုင်ကြတာပါပဲ။
လက်ခလယ်တောင်ကုန်းကို အရောက်သွားမယ်ဆိုရင် စက်ဘီးအပါအဝင် တွန်းလှည်း၊ မော်တော်ယာဉ်
ဘာတစ်ခုကိုမှ ဘယ်သူမှ သုံးလို့မရဘူး။ ဘာကြောင့်မသုံးနိုင်သလဲဆိုတာတော့ ကျွန်မမရှင်းပြနိုင်ဘူး။
သုံးစွဲဖို့ ကြိုးစားသူတွေ ရှိကောင်းရှိခဲ့မလား
ဆိုတာကိုတော့ ကျွန်မလည်း မသိနိုင်ဘူး။ ယခု လက်ရှိ တမျှော်တခေါ်မှာတော့ အားလုံးဟာ မိမိခြေထောက်
နှစ်ချောင်းပေါ်မှာ လမ်းလျှောက်၊ ပြေးလွှား၊ တွားသွား စသဖြင့် သွားလာနေကြသူတွေချည်း။
ပြီးတော့ အားလုံးဟာ လူသားစင်စစ်တွေချည်း။
တူညီတဲ့
ခရီးဆုံးတစ်ခုကို ရည်မှန်းပြီး လျှောက်လှမ်းကြသူတွေဟာ အသက်၊ အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ကျားမဖြစ်တည်မှု၊ ပညာတတ်မြောက်မှု၊
ဆင်းရဲချမ်းသာ၊ ရုပ်ရည်သွင်ပြင် စသဖြင့် နောက်ခံ အခြေအနေတွေ မျိုးစုံကွဲပြားနေသလို
အဲဒီ လက်ခလယ်တောင်ကုန်းအပေါ် ရှုမြင်မှုမှာလည်း ကွဲပြားနေတယ်။ အဲဒါဟာ ရှင်တို့အတွက်တော့
ဒီဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်း ဖြစ်နိုင်သလို ကျွန်မအတွက်တော့ ရယ်စရာအကောင်းဆုံး
အပိုင်းပါပဲ။
တကယ်တော့
ပြောခဲ့ပြီးသလိုပါပဲ။ လက်ခလယ်တောင်ကုန်း ဆိုတာ ကျွန်မရဲ့ အာဘော်သာဖြစ်တယ်။ ကျွန်မအတွက်တော့
လက်ခလယ်တောင်ကုန်းဟာ လက်ခလယ်တောင်ကုန်းသာ ဖြစ်ပေမယ့် တခြားလူတွေအတွက်တော့ တခြားအရာဖြစ်နေမယ်။
ဥပမာပြောရရင် ဟို ခပ်လှမ်းလှမ်းက တရွေ့ရွေ့လျှောက်လာတဲ့ အဘွားအိုအတွက်တော့ မျှော်လင့်ချက်တစ်ခု
ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုပဲ စိတ်အားထက်သန်စွာ လျှောက်လှမ်းလာတဲ့ ဝတ်ကောင်းစားလှနဲ့
အမျိုးသားငယ်တစ်ဦးအတွက်တော့ အဓိပ္ပာယ်ရှိတဲ့ ပန်းတိုင်တစ်မျိုးဖြစ်နိုင်တယ်။ အုပ်စုဖွဲ့ပြီး
ရယ်လိုက်မောလိုက် ပေါ့ပေါ့ပါးပါး အပြေးတပိုင်းနဲ့ လှမ်းလာကြတဲ့ လူငယ်တစ်စုအတွက်လည်း
နားလည်မှုဟာ ကွဲပြားနေမှာ သေချာသလို မလွှဲသာမရှောင်သာတဲ့သဘော စိတ်မပါလက်မပါ တစ်လှမ်းချင်းလှမ်းနေတဲ့
အထီးကျန်သူ တစ်ဦးမှာလည်း သူ့ခရီးဟာ ဘာ ဆိုတာ သူဘယ်လို ရှုမြင်ထားသလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
သေချာတာတစ်ခုကတော့
လက်ခလယ်တောင်ကုန်း ရှိရာကို အားလုံးဟာ သွားနေကြတယ်။ သွားနေရတယ်။ ကောင်းကင်ဟာ တဖြည်းဖြည်းနဲ့
လင်းထိန်လာပါပြီ။ ခပ်ဝေးဝေးမှာ စိမ်းညို့နေတဲ့ တောင်တန်းပြာကြီးတွေနဲ့ အနီးအနားမှာ နီကျင်ကျင် တောင်တချို့နဲ့။ တစ်မိုးအောက်မှာ
အခြားသော ဒေသတစ်နေရာမှာတော့ မိုးကွက်ကျား ရွာသွန်းနေတာကိုလည်း လှမ်းမြင်နေရတယ်။ မိုးရွာနေတဲ့
ကောင်းကင်အစိတ်အပိုင်းအောက်က လူတွေဟာ မိုးတွေထဲမှာ ကြိုးစားရုန်းကန် လျှောက်လှမ်းနေကြတယ်။
ကမူတွေ ခဲလုံးတွေနဲ့ ပြည့်နှက်နေတဲ့ အစိတ်အပိုင်းက လူတွေကလည်း ကိုယ့်အခက်အခဲကို ကိုယ်ရင်ဆိုင်ကြရတယ်။
ချောမွေ့သာယာတဲ့ တချို့သော လမ်းကြောင်းတွေမှာတော့ နားနားနေနေ အပန်းဖြေရင်း တောင်ကုန်းထိပ်ကို
တက်လာကြသူတချို့လည်း ရှိနေတာပါပဲ။ ဘယ်လိုဖြစ်ဖြစ် တောင်ထိပ်ကိုရောက်လာလေလေ ကုန်းဟာ မတ်စောက်လာလေလေမို့
ပိုပြီး အားထည့်နေကြရတယ်။
ကျွန်မနဲ့
ခပ်လှမ်းလှမ်းမှာ အဘွားအိုတစ်ဦး အမှတ်မထင် ချော်လဲသွားတော့ ကျောမှာကလေးလွယ်ပိုးထားတဲ့
မိန်းမတစ်ဦးက သူ့လက်မောင်းကို ဖေးမလိုက်တယ်။ သန်မာတက်ကြွတဲ့ ယောက်ျားပျိုဟာ အားပါးတရ
လွှဲလိုက်တဲ့ သူ့လက်မောင်းတွေနဲ့ အခြားခပ်ပိန်ပိန် ယောက်ျားတစ်ဦးကို ဝင်တိုက်သွားတာကို
မမြင်လိုက်ဘူး။ အဲဒီခပ်ပိန်ပိန်ယောက်ျား လဲကျသွားတဲ့အခါ ကလေးငယ်တစ်ဦးအပေါ် ဖိမိသွားလို့
ကလေးငယ်က အော်ငိုလိုက်တော့ အနားကလူတွေက သူ့ကို ဝိုင်းပြီးအပြစ်တင်လိုက်ကြတယ်။
အုပ်စုလိုက်
လျှောက်နေကြတဲ့ မိန်းကလေးတွေဟာ မောပန်းနွမ်းနယ်နေတဲ့ သူတို့အထဲက တစ်ဦးကြောင့် အားလုံး
ဆက်မသွားတော့ပဲ ငုတ်တုတ်ထိုင်စောင့်နေကြတယ်။
ဖြစ်ရပ်ပေါင်းများစွာဟာ အခိုက်အတန့် တစ်ခုမှာတော့ တပြိုင်နက် ဖြစ်ပျက်နေတယ်။
ဖြစ်ရပ်တစ်ခုဟာ နောက်တစ်ခုကို ဖြစ်ပွားစေတာ ရှိတယ်။ တချို့ဖြစ်ရပ်တွေက ဘာကိုမှ မဆက်စပ်ဘဲ
တည်ရှိနေတယ်။ တချို့ဖြစ်ရပ်ဟာ ဆင်တူပဲ။ တချို့ဟာ ကိုယ်စားပြုတွေ၊ တချို့က သီးသန့်ကိစ္စတွေဖြစ်တယ်။
တောင်ကုန်းထိပ်မှာ
ဘာတွေရှိမလဲ။ လက်အုပ်ချီရင်း ကြည်လင်လေးမြတ်တဲ့ မျက်နှာထားနဲ့ မျှော်လင့်ချက်တွေ ထားနေကြသူတွေရှိတယ်။
တချို့က တောင်ကုန်းကို မြင်နေရတဲ့ လမ်းတဝက်မှာတင် ရှိခိုးဦးချ ထိုင်ကန်တော့ကုန်ကြပြီ။
တောင်ကုန်းထိပ်မှာ ဘာတွေရှိမလဲ။ တောင်ကုန်းစတက်ကတည်းက မျက်နှာပျက်နေတဲ့ လူတချို့ရှိတယ်။
ထိပ်နားရောက်လာလေလေ ခြေလှမ်းတွေလေးကန်နေလေလေ။ နောက်ကြောင်း ပြန်လှည့်ဖို့ စဉ်းစားတယ်။
မမြင်နိုင်တဲ့ စွမ်းအားတစ်ခုက သူတို့ကို ရှေ့ဆက်သွားဖို့ တွန်းပို့ပြန်တယ်။ တချို့တွေ
ချုံးပွဲချ ငိုကုန်ကြတယ်။
တောင်ကုန်းထိပ်မှာ
ဘာတွေရှိမလဲ။ အများယောင်လို့ လိုက်ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိသူတွေ ရှိတယ်။
ဘယ်ရယ်မသိ တန်းစီနေတဲ့အထဲ တစ်ခုခု မရလိုက်မှာ စိုးလို့ အတင်းပေကပ် ထပ်ကြပ်မကွာ လိုက်ပါနေသူတွေရှိတယ်။
ရှေ့က ဖြတ်တက်သူတွေ နေရာလုသူတွေကို မကျေမနပ် အော်ဆဲကြတယ်။ တောင်ကုန်းထိပ်မှာ ဘာတွေရှိမလဲ။
ကိုယ့်ခြေထောက်နဲ့ ကိုယ်တက်တာ ဘက်သူ့တက်နင်းနင်းဆိုတဲ့ လူစားတွေပါတယ်။ ဘာပဲဖြစ်ဖြစ်
ရှေ့ဆုံးပထမ ပဲ ဖြစ်ချင်သူတွေပါတယ်။ နောက်မှာကျန်ခဲ့သူတွေကို အထင်သေးစွာ လှည့်ကြည့်ရင်း
ကျော်ဖြတ်တက်သွားကြတယ်။
ခက်တာက
တောင်ကုန်းခရီးဟာ အပြန်မရှိတဲ့ အသွားသက်သက်သာဖြစ်တယ်။ အခုတွေ့နေရသမျှ လူအားလုံးအား
တောင်ကုန်းကို သွားနေကြတဲ့လူတွေချည်းပဲ။ အောင်မြင်စွာ တောင်ကုန်းထိပ်ကို ပြီးမြောက်ရောက်ရှိ
သွားသူတွေကို ဘယ်သူမှ မမြင်နိုင်ကြဘူး။ အားလုံးဟာ အသွားသမားတွေ။ အပြန်သမား တစ်ယောက်မှ
မမြင်ရဘူး။
ကျွန်မဟာ
ပြုဖွယ်ကိစ္စ တစ်ခု ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်တဲ့ ခံစားချက်မျိုးနဲ့ ဒီတောင်ကုန်းကို
တက်လာခဲ့ပါတယ်။ တောင်ကုန်းအနီး ပတ်ဝန်းကျင်သဘာဝရဲ့ သာယာလှပမှုကို ခံစားသင့်သလောက် ခံစားပြီး
ရာသီဥတုဒဏ် လမ်းပန်းကြမ်းတမ်းမှုဒဏ်ကိုလည်း ကိုယ့်လမ်းကြောင်းထဲမှာ ကျရောက်နေသလောက်
ရင်ဆိုင်ခဲ့ရပါတယ်။ ရည်ရွယ်သွားရသလို မဖြစ်မနေလည်း ဖြစ်ပါတယ်။ အားသာချက်လို့ ပြောရရင်တော့
ဒါဟာ လက်ခလယ်တောင်ကုန်းပဲ ဆိုတာကို ပြတ်ပြတ်သားသား မြင်ကွင်းထဲမှာ ထင်သာမြင်သာ ဖြစ်နေတာလေး
တစ်ခုပါပဲ။ ဟုတ်တယ်လေ။ ဒီဘက်က လက်မနဲ့လက်ညိုး၊ တခြားဘက်က လက်သူကြွယ် လက်သန်းပုံ တောင်ကုန်းကလေးတွေ
ဝန်းရံလို့ အလယ်မှာ မားမတ်ထိုးထွက်နေတဲ့ ဒီတောင်ကုန်းရဲ့ ပုံသဏ္ဍန်ဟာ ကျွန်မနေရာမှာသာ
လာပြီး ကြည့်ရှုကြရင် လက်ခလယ်တစ်ချောင်းသာ ဖြစ်တယ် ဆိုတာ ဘယ်သူမဆို မြင်နိုင်မှာပါ။
ဦးချကန်တော့နေသူတွေ ၊ ယုံကြည်ဆုတောင်းနေသူတွေကို ကျော်ဖြတ်ခဲ့တယ်။ ကြောက်ရွုံ့တုန်လှုပ်နေသူတွေ
နောက်ကြောင်းပြန်ချင်နေသူတွေကို ထားရစ်ခဲ့တယ်။ အလွန်တရာ ရောက်လိုအားကြီးနေသူတွေ သူ့ထက်ငါ
အရင်ဦးဖို့ ယှဉ်ပြိုင်နေသူတွေကို ပြုံးပြခဲ့တယ်။ ခက်ခက်ခဲခဲ ရုန်းကန် လျှောက်လှမ်းနေသူတွေကိုလည်း
ချန်ခဲ့ရတယ်။
တောင်ထိပ်ဟာ
နီးကပ်လာပြီ။ အဲဒီမှာဘာရှိမလဲဆိုတာ ကျွန်မသိရှိပြီးတဲ့အခါ ပြန်ပြောပြချင်ပေမယ့် ဒါဟာ
အသွားလမ်း သီးသန့်ဆိုတော့ လမ်းခုလတ်က လူတွေကို ပြန်ဆုံဖို့ မဖြစ်နိုင်တော့ပါဘူး။ သေချာတာကတော့
အဲဒီ တောင်ထိပ်ကို ဘယ်သူမှ လွဲချော်သွားမှာ မဟုတ်ပါဘူး။ လင်းထိန်တဲ့ ကောင်းကင်ဖြစ်လာဖို့
ဖြန့်ကျက်ထွန်းလင်းနေတဲ့ နေလုံးဟာ တဖြည်းဖြည်း ရင့်မှည့်နေပါပြီ။ တောင်ထိပ်တည့်တည့်ဟာ မွန်းတည့်နေနဲ့ အနီးဆုံး ဖြစ်နေပါလိမ့်မယ်။
ရင့်မှည့်နေတဲ့ နေလုံးဟာလည်း ကျွန်မ တောင်ထိပ်တည့်တည့်
ရောက်တဲ့အခါ ဘုတ်ခနဲ ကြွေကျလို့ တောင်ကုန်းရဲ့ အခြားတစ်ဖက်ကို တလိမ့်လိမ့် ဆင်းသွားကောင်း
ဆင်းသွားပါလိမ့်မယ်။ ကျွန်မနဲ့အတူတူလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
ပန်ဒိုရာ
၉.၇.၂၀၁၇-၁၁.၇.၂၀၁၈
(၂၀၁၈
စက်တင်ဘာလထုတ် Idea မဂ္ဂဇင်းတွင် ဖော်ပြပါရှိပြီး။)
Thursday, July 26, 2018
အဖြေ
soulmate and life partner တဲ့ .. မနော်ဟရီရဲ့ စာတစ်ပိုဒ်ကို ဖတ်အပြီးမှာ ရခဲ့တဲ့ အဖြေတပိုင်းတစပေါ့။
အဖြေ
ရှိတယ်ဆိုရင်
ယုံကြည်နိုင်မလား
မရှိဘူးဆိုတော့ရော
ပျော်နိုင်မှာတဲ့လား
ဝိညာဉ်ဆိုတဲ့အရာကို
တစ်ခြမ်းလောက်
လက်ဖဝါးနဲ့
ပြတ်သားဆုပ်ကိုင်လို့ရနိုင်ခဲ့ရင်ပေါ့
ကံကိုတိုင်တည်ရင်း
ဆူးပုံမှာ သာယာလာတတ်ကြ
နွေးထွေးမှုလို့ထင်တဲ့အရာမှာ
လောင်မြိုက်ပျံသန်းကြ
စိတ်ဆိုတာ
နွယ်ရိုင်းတွေလို လိမ်ယှက်နေတာဖြစ်ဖြစ်
ထိစပ်မိသမျှ
စေးကပ် တွယ်ငြိနေတာဖြစ်ဖြစ်
အခိုက်အတန့်ရဲ့အဓိပ္ပာယ်ကို
အရအမိ ထိုးထွင်းသိရှိဖို့
တည့်ပြီး
ထည့်ပြီးသား ခိုင်မာမှုတွေကို တန်ဖိုးထားနိုင်ဖို့
နားလည်ခြင်း
ပုံတူကားချပ်ကို လှလှပပ ရေးခြယ်သီမှုန်းသူတွေနဲ့
ထပ်တူမကျခြင်းကို
အဆိပ်ဝိုင်ချိုလို စွန့်စားစွဲမက် သောက်သုံးသူတွေနဲ့
ဝေးလွန်းလို့
မမြင်ရတာ အမြင်အာရုံကြောင့်မှမဟုတ်ဘဲ
အရမ်းနီးလွန်းနေတာလို့လည်း
လျှော့ပေါ့တွက်ချက်နိုင်ပါတယ်
အမှန်တရားက
ပါးစပ်ဖျားနဲ့မဆံ့အောင် ကြီးမားကျယ်ပြန့်လှတော့
ဘဝမှာ ပျော်မနေတောင်
နေပျော်ကြရင်း ပြီးဆုံးကျေနပ်သွားမှာပါ။
ပန်ဒိုရာ
၅.၆.၂၀၁၈
Monday, July 23, 2018
ပျော်ရွှင်မှုမှတ်တမ်း
ပျော်ရွှင်မှုမှတ်တမ်း
ကိုယ်ပျော်ရွှင်တဲ့
အကြောင်းကို Facebook မှာ status တင်ဖို့ ၂၀၁၃- ၂၀၁၄ နှစ်လောက်ကတည်းက စဉ်းစားခဲ့တယ်။
ဒါပေမဲ့ အဲဒီလိုကြံတိုင်း သူငယ်ချင်းတစ်ယောက်ရဲ့ “လူတွေဟာ သတင်းဆိုးပဲကြားချင်တာ” ဆိုတဲ့
စိတ်ချဉ်ပေါက် စကားကို သွားသွားကြားယောင်တယ်။ အနီးစပ်ဆုံး Life is beautiful ဆိုတာလောက်ပဲ
တင်ဖြစ်ခဲ့တယ်။ မျက်နှာမမြင်ရတဲ့ မျက်နှာစာအုပ်ထဲမှာ ဒရာမာတွေ ကြားရရင် ကရုဏာသက်ကြ
ဖေးမကြတဲ့ စိတ်နှလုံးကောင်းသူတွေဟာ ကောင်းတဲ့သတင်းတွေကြားရင် ဟုတ်ရဲ့လားလို့ သင်္ကာမကင်း
စောကြောချင်တတ်၊ ကောင်းတဲ့ကိစ္စတွေပြောဆိုရင် ကြွားဝါလှချည်ရဲ့လို့ စိတ်ကွက်ညိုညင်မိတတ်ပါတယ်။
ဒါတွေဟာ လူတိုင်းရဲ့ လူ့သဘာဝမှာ ယှဉ်တွဲပါဝင်ပြီးသား မလှပတဲ့ အစိတ်အပိုင်းတွေပါပဲ။
ပျော်ရွှင်မှု ဆိုတာကလည်း အလွန်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပေဘူး။ ပေးဆပ် ဆိုတဲ့စကား မသုံးနှုန်းချင်တောင်မှ
လူတစ်ယောက်ဟာ ပျော်ရွှင်ဖို့အတွက် အများကြီး ပြင်ဆင်ခဲ့ရတယ်။ ဖြတ်သန်းမှုပိုင်းဆိုင်ရာတွေရော
စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာတွေရော ပေါ့။ လူတွေဟာ ရွေးချယ်စရာတွေနဲ့ အကြိမ်ကြိမ်
ကြုံတွေ့ခဲ့ရတယ်။ မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ၊ တစ်စုံတခု တစ်စုံတဦးက တိုက်တွန်းလို့ဖြစ်စေ၊
ကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ၊ မိမိရွေးချယ်မှုပေါ်မူတည်ပြီး ဖြတ်သန်းမှု ပုံစံဒီဇိုင်းတွေ
ကွဲပြားခဲ့ကြတယ်။ လူတစ်ဦးချင်းကြား ပျော်ရွှင်ရတဲ့ အချိန်၊ နေရာ၊ ဖြစ်ပေါ်မှုအဆင့်ဘယ်လိုမှ
ထပ်တူညီစရာ အကြောင်းမရှိပါဘူး။ ကိုယ့်ပျော်ရွှင်မှုတွေကို
ပြောပြပါဆိုရင်တော့ ၈၈ အရေးတော်ပုံမတိုင်ခင် ကလေးဘဝ အချိန်တွေက သေသေချာချာ ခံစားခဲ့ရတာကို
သတိပြန်ရတယ်။ အဲဒီတုန်းက သိပ်မတွေးတတ်သေးတော့ အခုပြန်တွေးမှ ကိုယ်ပျော်ရွှင်ခဲ့တာကို
ကိုယ့်ဘာသာသတိပြုမိတယ်။ ပျော်ရွှင်မှုကို အသေအချာသိဖို့ရာ ဒီလို နောက်ကျတဲ့ အဖြစ်မျိုး
ဖြစ်နိုင်ပါတယ်။ တစ်ခုခုပျောက်ဆုံးသွားမှ အဲဒီတစ်ခုခုရှိတုန်းက ပျော်စရာပါလားလို့ ပြန်တွေးမိတတ်ကြတယ်။
ဒီအခါ ပစ္စုပ္ပာန်ကာလမှာ နောင်တ,စိတ်ဝင်သွားပြီး ပိုပြီး မပျော်မရွှင်ဖြစ်သွားတာလည်း ရှိတတ်ပါတယ်။
ပျော်ရွှင်ခဲ့တာကို တစိမ့်စိမ့်ပြန်တွေးပြီး ပစ္စုပ္ပာန်မှာ ပျော်ရွှင်စိတ်ဝင်သွားတာမျိုးလည်း
ရှိတတ်ပါတယ်။ အကောင်းဆုံးကတော့ ပျော်ရွှင်မှုကို ပျော်ရွှင်နေခိုက် အသိအမှတ်ပြု ခံစားတာပါပဲ။
အရွယ်ရောက်ပြီး တွေးတောတတ်သူတစ်ဦးဟာ ပျော်ရွှင်မှုကို ခံစားနိုင်ဖို့ အခွင့်အလမ်း ပိုနည်းလာတတ်သလို
အတွေးနေရာချပုံ တည့်သွားရင်တော့ ပိုများလာတာလည်း ဖြစ်နိုင်ပါတယ်။ “ပျော်နေရဲ့လား”လို့
အခုနေ တစ်ယောက်ယောက်က မေးလိုက်ရင် “ပျော်နေတယ်” လို့ တမဟုတ်ချင်း ဖြေလိုက်တဲ့အခါ ခေါင်းထဲက
ဖျတ်ခနဲ အသိဉာဏ်မှာ သက်ရှိထင်ရှား ရှိနေသေးတဲ့ တန်ဖိုးထားရတဲ့ မိဘတွေပါတယ်။ ချစ်ခင်မြတ်နိုးရတဲ့
ခင်ပွန်းနဲ့ သမီးလေးတွေ ပါတယ်။ မေတ္တာထားရတဲ့ မောင်နှမတွေပါတယ်။ ကိုယ်အပါအဝင်ကိုယ်ချစ်ခင်သူတွေရဲ့
ဒေါင်ဒေါင်မြည် မဟုတ်ပေမဲ့ ပူပင်စရာအနေအထားမရှိတဲ့ ကျန်းမာရေးတွေ ပါတယ်။ ပြီးပြည့်စုံ
မနေပေမယ့် အကြီးအမား လိုအပ်ချက်ရှိမနေတဲ့ စီးပွားရေးပါတယ်။ စင်းလုံးချောမဟုတ်ပေမဲ့
ထင်ရှားဖုထစ်တဲ့ အတားအဆီးတွေ မရှိတဲ့ လူမှုဆက်ဆံရေးတွေပါတယ်။ အမှတ်တစ်ရာပြည့် မဟုတ်ပေမဲ့
တစ်ခုပြီးတစ်ခု ကျေနပ်စွာ ပြီးမြောက်ကျော်ဖြတ်သွားနိုင်ခဲ့တဲ့ အကြံအစည် အဆင့်ဆင့် တွေ
ပါတယ်။ ပျော်ရွင်မှုကို ခံစားနိုင်ဖို့အတွက် ကုန်ဆုံးသွားတဲ့ အတိတ်ကနေ နိုးထရသလို မမြင်ရတဲ့
အနာဂတ်ကိုလည်း အလွန်မျှော်မောမနေတော့ဘူး။ ဖြစ်ချင်ပြီး ဖြစ်မလာတော့တဲ့ အရာတွေကိုလည်း
စားမြုံ့ပြန်မနေတော့ဘူး။ မိမိအတွေးထဲ အရာရာပြည့်နှက်နေရင် ပျော်ရွှင်မှုဟာ ဝင်မလာနိုင်ဘူး။
ပျော်ရွှင်မှုကို လက်ဝယ်ကိုင်စွဲနိုင်ဖို့ တချို့အရာတွေကို တင်းတင်း ဆုတ်ကိုင်မထားပဲ
ဖြေချလိုက်ရပါတယ်။ လွှတ်ချလိုက်ရပါတယ်။ အဲဒီအထဲမှာ ပတ်ဝန်းကျင် ဆိုတဲ့အရာလည်း အတိုင်းအတာတစ်ခုအထိ
ပါလိမ့်မယ်။ ဘဝတစ်ကွေ့မှာ ပညာသင်ဆုနဲ့ မပူပင်ရပဲ ကျောင်းတက်နေစဉ် စိတ်လှုပ်ရှားမှုများနဲ့အတူ
ပျော်ရွှင်မှုကိုရခဲ့တယ် ဆိုတာ အမြဲအမှတ်ရနေတယ်။ သင်ယူရတာ ဝါသနာပါသူမို့ ကျောင်းစာကပေးတဲ့
ဖိစီးမှုဆိုတာဟာ ပျော်ရွှင်မှုကို အနှောင့်အယှက် မဖြစ်စေခဲ့ဘူး။ အိုင်အိုဝါ စာပေခရီးစဉ်တလျှောက်လည်း
ထိုနည်းတူပါပဲ။ ကိုယ်စိတ်ပါဝင်စားတဲ့ အရာဆီကို အနီးဆုံး အရောက်သွားနိုင်ရင်လည်း ပျော်ရွှင်ရတတ်ပါတယ်။
ချစ်စိတ်ဟာ ပျော်ရွှင်မှုအတွက် ကြီးစွာသော အထောက်အကူဖြစ်ပါတယ်။ လတ်တလော ပျော်ရွှင်မှုကို
အခိုင်မာဆုံး ပံ့ပိုးပေးထားတာ ချစ်ရတဲ့ သမီးလေးနှစ်ယောက်ပေါ့။ ပျော်ရွှင်မှုကို ရယူနိုင်ဖို့
လက်တွေ့ကျဖို့လည်း လိုပါတယ်။ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ဆန်းစစ်ကြည့်ရင် စားဝတ်နေရေးမှာ
ပူပင်သောက ကင်းချိန်တွေ ဖြစ်နေပါတယ်။ ကျန်းမာရေးဟာ ပျော်ရွှင်မှုရဲ့ အကြီးမားဆုံးရန်သူပါ။
အိုမင်းလာတဲ့အခါ တစ်နေ့တစ်နေ့ မိုးလင်းလာရင် နေကောင်းနေတာကိုပဲ ပျော်နေရတယ် လို့ပြောကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဟာ မပျော်ရွှင်မှုလိုပဲ လူတွေနဲ့အတူ
အချိန်တိုင်းမှာ အနီးကပ် ရှိနေနိုင်ပါတယ်။ အနည်းနဲ့အများပဲ ကွာခြားမှာပါ။ ပျော်ရွှင်မှု
ဒီဂရီအများဆုံး ထင်ထင်ရှားရှား ရှိခဲ့ချိန်ကိုပဲ အဲဒီတုန်းကပျော်ခဲ့တယ်လို့ ပြောကြတာပဲ
ဖြစ်မှာပါ။ ထင်မြင်ချက် နောက်တစ်ခုကို ပြောရရင်တော့
ပျော်ရွှင်မှုနဲ့ မပျော်ရွှင်မှုဟာ zero sum game (အဖြူမဟုတ်ရင် အမည်းဖြစ်ရမယ် ဆိုတာမျိုး)
မဟုတ်ပါဘူး။ ပျော်ရွှင်မှုမရှိဘူးဆိုရင် မပျော်မရွှင်ဖြစ်နေရမယ် လို့ ကျိန်းသေပေါက် မဟုတ်သလို
မပျော်မရွှင် ဖြစ်မနေဘူး ဆိုရင်လည်း ပျော်ရွှင်နေရမယ် လို့ တပ်အပ် မပြောနိုင်ပါဘူး။ ပျော်ရွှင်နေတာလည်းမဟုတ်၊ မပျော်မရွှင်ကြီးဖြစ်နေ
(စိတ်ညစ်နေ)တာလည်း မဟုတ်တဲ့ အနေအထား လူတွေမှာရှိနိုင်ပါတယ်။။ အခက်ခဲဆုံးကတော့ သူတပါးရဲ့ပျော်ရွှင်မှုအပေါ်မှာ လိုက်ပါပျော်ရွှင်ဖို့ပါပဲ။
“သူတို့ပျော်ရင် လိုက်ပျော်မလား “လို့မေးရင် မိဘ ညီအစ်ကိုမောင်နှမ ခင်ပွန်း သားသမီး
သူငယ်ချင်းမိတ်ဆွေ အပါအဝင် အမှန်တကယ် ချစ်ခင်သူတွေအတွက်ကို “ပျော်မှာပေါ့” လို့ချက်ချင်း
ပြန်ပြောလိုက်နိုင်ပေမဲ့ “လူတိုင်း” “ဘယ်သူမဆို”
လို့ဆိုရင်တော့ မလှပတဲ့ လူ့သဘာဝအခြမ်းက မျက်စပစ်ပြနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိ
ပျော်ရွှင်နေခိုက်မှာတော့ ကိုယ့်ပျော်ရွှင်မှုကို အသိအမှတ်ပြုဖို့လိုသလို ဘာကိုမှ ထည့်တွက်မနေဘဲ
ရဲရဲပြောချနိုင်ဖို့လည်း သင့်တယ်လို့ထင်ပါတယ်။ ပျော်ရွှင်မှုဒေါက်တိုင်လေးတွေ မထိမခိုက်
မယိုင်မလဲပဲ ကျားကန်ထားနိုင်တဲ့ အခိုက်အတန့်ဟာ တစ်ချိန်လုံးတော့ ရှိမနေနိုင်ပါဘူး။
ဒါဟာ ဘယ်လောက်ရှည်ကြာမလဲ ဒီလိုနောက်တစ်ကြိမ် ဘယ်လို ကြုံဦးမလဲ ဆိုတာကို စဉ်းစားရင်
မမြဲခြင်းတရားက အမြဲခြောက်လှန့်နေတတ်ပါတယ်။ ပျော်ရွှင်တယ်ပြောမိကာမှ ပျောက်ဆုံးသွားမှာဟာ
ကြောက်လန့်စရာ ကောင်းသလို ပျော်ရွှင်တယ်လို့ ပြောနိုင်စဉ်က မပြောမိဘဲ နောက်ထပ် ပြောခွင့်မရတော့မှာကလည်း
ပိုကြောက်စရာ ကောင်းလှပါတယ်။ ဒါတွေအားလုံးကတော့ သာမန်လူတစ်ဦးရဲ့ လောကီပျော်ရွှင်မှုတွေပါ။
လောကုတ္တရာ ပျော်ရွှင်မှုတွေတော့ ထည့်မပြောတတ်၊ မပြောနိုင်၊ မပြောချင်ပါဘူး။ သာမန် ပုထုဇဉ်ပျော်ရွှင်မှုလေးတွေ
မပျော်နိုင်ဖြစ်သွားမှာလည်း စိုးပါတယ်။ ဒါကြောင့် အခုအချိန်မှာ ပျော်ရွှင်သလား မေးရင်
ပျော်ရွှင်ပါတယ်။ ပျော်နေတယ်။ ပျော်တယ်။ အားလုံးလည်း ပျော်ရွှင်ကြပါစေ။
ပန်ဒိုရာ
၆.၉.၂၀၁၆
Subscribe to:
Posts (Atom)