Thursday, September 3, 2015

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၃

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၃

၂၀၀၉ ခုနှစ် သြဂတ်စ်လနဲ့ စက်တင်ဘာလ မှာ ဘလော့ဂါ ညီလင်းဆက်ဟာ ဘလော့ဂါစစ်တမ်းတစ်ရပ် ကောက်ယူခဲ့ပါတယ်။ ခိုင်လုံစွာ ပြန်လည်ဖြေကြားသူ ၃၄၉ ဦးရဲ့ အဖြေတွေပေါ် မူတည်ပြီး စာရင်းဇယားတွေ ထွက်လာခဲ့ပါတယ်။ အဖြေတွေအရ တချို့အချက်အလက်တွေကို ပြန်တင်ပြရရင် blogspot ပလက်ဖောင်းမှာ ဘလော့ဂ်ရေးကြသူဟာ ၇၆% နဲ့ အများဆုံးဖြစ်ပါတယ်။ ဒုတိယအများဆုံးလိုက်တာကတော့ wordpress နဲ့ ၂၀% ဖြစ်ပါတယ်။ ကျန်တဲ့ အနည်းငယ်ကတော့ Ning, Tumblr, Xango နဲ့ အခြားသော ပလက်ဖောင်းတွေဖြစ်ကြပါတယ်။

ဘာသာစကားအားဖြင့် မြန်မာလိုရေးသားသူ ၈၀% ၊ အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ရေးသူ ၁၀% ၊ အင်္ဂလိပ်လိုရေးသားသူ ၈% နဲ့ ကျန်တဲ့ ရာခိုင်နှုန်းတွေကတော့ တိုင်းရင်းသား ဘာသာစကားတွေဖြစ်ကြပါတယ်။ ဘလော့ဂါ အမျိုးသား ဦးရေက ၇၂% အဖြစ် သိသိသာသာ များပြားပါတယ်။ Single status ရှိသူ လူလွတ်တွေ ၇၇% ဖြစ်ပါတယ်။ ဘလော့ဂ်ရေးသားသူ ၃၅% က အသက် ၂၆-၃၀ အတွင်း ၊ ၂၉% က ၂၁-၂၅အတွင်း၊ ၁၆% က ၃၁-၃၅အတွင်း အသက်အရွယ်တန်းတွေဖြစ်ကြပါတယ်။ တက္ကသိုလ်ကောလိပ်တက်နေသူ ၄၄%၊ ဘွဲ့ရ ၄၂% ဖြစ်ပါတယ်။ ဒီစစ်တမ်းအရ အဲဒီအချိန်မှာ သက်ဝင်လှုပ်ရှားနေတဲ့ ဘလော့ဂ်တွေရဲ့ ပရိုဖိုင်းအကျဉ်းကို အနီးစပ်ဆုံး ခန့်မှန်းလို့ရခဲ့ပါတယ်။ စစ်တမ်းရလာဒ် အပြည့်အစုံကို ဒီနေရာမှာ ဖတ်ကြည့်လို့ရပါတယ်။ http://www.slideshare.net/lynns…/myanmar-blogger-survey-2009

ညီလင်းဆက်ဟာ Myanmar Blog Directory http://myanmarblogdirectory.blogspot.com လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်အတွက်လည်း ဦးဆောင်ဦးရွက်လုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် သြဂတ်စ် ၅ ရက်နေ့အထိ update လုပ်ထားတဲ့ အဲဒီ ဝက်ဘ်ဆိုက်မှာ မြန်မာဘလော့ဂါ ၆၀၀ ကျော်ကို အင်္ဂလိပ်လို အက္ခရာစဉ်အလိုက် စာရင်းပြုစုထားပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ စာရင်းတော့ မဟုတ်ပါဘူး။ အဲဒီအချိန်အထိ သက်ဝင်လှုပ်ရှားနေတဲ့ ဘလော့ဂ်အရေအတွက်ဟာ အဲဒီဦးရေထက် ပိုပါသေးတယ်။ အခြားသော ဘလော့ဂ်စုစည်းမှု၊ ဘလော့ဂ်ထဲက စာတွေ စုစည်းမှု တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် facebook မှာ မြန်မာဘလော့ဂ်ဒိုင်ဂျက်စ် https://www.facebook.com/mmblogsdigest?fref=nf ဆိုပြီး ဘလော့ဂါရန်အောင် စုစည်းထားတာရှိပါတယ်။ twitter မှာလည်း ဘလော့ဂါတွေရဲ့ ပို့စ်အသစ်တွေကို update လုပ်တာရှိခဲ့ပါတယ်။

မြန်မာဘလော့ဂ်သမိုင်းကို ပြောရင် ချန်လှပ်ထားလို့မရတဲ့ လှုပ်ရှားမှုတစ်ခု ရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဘလော့ဂါတစ်စု ဦးဆောင်ပြီး MBS (Myanmar Bloggers Society) ကို တည်ထောင်ခဲ့ကြပါတယ်။ တက်ကြွစွာလှုပ်ရှား ဦးဆောင်သူ တွေထဲမှာ နေဘုန်းလတ်၊ ညီလင်းဆက်၊ ရန်အောင်၊ ဘာညာ၊ ဘလာဂေါက်၊ စေတန်ဂေါ့၊ ပင့်ဂိုးလ်၊ မျက်လုံး အစရှိသူတွေ ပါဝင်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ ၁ ရက်နေ့မှာ MBS ကဦးဆောင်ပြီး Blog Day အခမ်းအနားကို ရန်ကုန်၊ မန္တလေး မြို့တွေမှာကျင်းပခဲ့ပါတယ်။ Blog Day ဖြစ်ပေါ်လာပုံကတော့ BLOG ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ တူတဲ့ (3108) သြဂတ်စ်လ ၃၁ ရက်နေ့ကို Blog Day လို့ blogday.org က ၂၀၀၅ ခုနှစ်က စပြီး သတ်မှတ်ခဲ့တာပါ။ အဲဒီနေ့ရောက်ရင် မိမိညွှန်းလိုတဲ့ ဘလော့ဂ်တွေကို ညွှန်းဆိုကြ၊ Blog Day လိုဂိုတွေကို ဘလော့ဂ်မှာ တင်ကြ စသဖြင့် အမှတ်တရ တစ်ခုခု ပြုလုပ်လေ့ရှိပါတယ်။ အခုတော့ blogday.org website လည်းမရှိတော့ပေမယ့် မြန်မာပြည်မှာတော့ ၂၀၁၅ ခုနှစ်အထိတိုင် သြဂတ်စ် ၃၁ ရက်နေ့အမှတ်တရ Blog Day အခမ်းအနားကို ဆက်လက်ကျင်းပဆဲပါ။

ဘလော့ဂ်အကယ်ဒမီပေးပွဲကိုလည်း ကျင်းပလာကြပါတယ်။ သတ္တမ နည်းပညာရပ်ဝန်း (Technical 7) ၊ ကနောင်ဝဘ်ဒီဇိုင်းတို့ရဲ့ နည်းပညာနှင့် ဝဘ်ဆိုဒ် ပြင်ဆင်မှု၊ မြန်မာဘလော်ဂါ လူငယ်တစုရဲ့ အားထုတ်မှု၊ မြန်မာ သတင်းသမဂ္ဂ၊ နယ်ခြားမဲ့ သတင်းထောက်များ အသင်း RSF တို့ရဲ့ ကူညီမှုတွေနဲ့ ဘလော့ဂ်အကယ်ဒမီကို Myanmar Blog Press website က www.mmblogpress.com ၂၀၀၈ ခုနှစ်ကစပြီး ပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွက် အောက်ပါဆုတွေ ရခဲ့ကြတယ်။ (အွန်လိုင်းကရှာတွေ့ခဲ့တဲ့ အင်္ဂလိပ်လိုအတိုင်းပဲ ပြန်ဖော်ပြပြီး မြန်မာလို အမည်သိသလောက် ဖြည့်စွက်လိုက်ပါတယ်။ တချို့ဘလော့ဂ်တွေကတော့ မရှိကြတော့ပါဘူး။)

၂၀၀၈ ဘလော့ဂ်အကယ်ဒမီဆုရသူများ
Best Association Blog : Ko Moe Thee (ကိုမိုးသီးဇွန်)
Best Charity Blog : Better Tomorrow
Best Education Blog : Ma Thet Zin (မသက်ဇင်)
Best General Blog : Nine Nine Sanay (နိုင်းနိုင်းစနေ)
Best Literature Blog : Mindin (မင်းဒင်)
Best Religion Blog : The Teachings of the Buddha
Best Myanmar Literature Blog : Existencemgz (ဖွဲ့တည်ရာမဂ္ဂဇင်း)
Best Myanmar Poem Blog : Kaung Kin Ko (ကောင်းကင်ကို)
Best News Blog : The New Era Journal (ခေတ်ပြိုင်ဂျာနယ်)
Best Political Blog : Niknayman (နစ်နေမန်း)
Best Blog About Blogging : Nyi Lynn Seck (ညီလင်းဆက်)

၂၀၀၉ ဘလော့ဂ်အကယ်ဒမီဆုရသူများ
Best General Blog: http://burmesebooks.wordpress.com
Best Translation Blog: http://kopeter.blogspot.com (ကိုပီတာရဲ့အတွေးပုံရိပ်များ)
Best Community Blog: http://www.crazyvilla.net/ (ငပေါများဂေဟာ)
Best Literature Blog: http://page-28.blogspot.com (မြစ်ကျိုးအင်း)
Best Life Stories Blog: http://mysterysnow.blogspot.com (နှင်းနှင့်မာယာ)
Best Education Blog: http://myanmarsar.zaung.net
Best Charity Blog: http://www.everyoneit.com
Best News & Politics Blog: http://photayokeking.org
Best Religion Blog: http://www.sitagustar .net
Best Technology Blog: http://www.nyinaymin.com

ပန်ဒိုရာ
၃.၉.၂၀၁၅
(၃၁.၈.၂၀၁၅ မှာ တင်ဖို့မှန်းပေမယ့် အချိန်မရလို့ နောက်ကျနေတဲ့ပို့စ်ပါ။ ဘလော့ဂ်ထဲက ရသစာပေဆုပေးပွဲ၊ ထင်ရှားတဲ့ဘလော့ဂါအချို့ရဲ့ ရေးသားပုံ၊ ပုံနှိပ်ထုတ်ဝေခဲ့ကြတဲ့ ဘလော့ဂါတွေ၊ facebook သို့ အကူးအပြောင်း စသည်ဖြင့် ပြောစရာတွေ ကျန်ပါသေးတယ်။ ခဏနားဦးမယ်။ အေးအေးဆေးဆေးပေါ့။ smile emoticon )
Pandora Blogopoet
Write a comment...

Expand..