Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Thursday, July 26, 2018

အဖြေ

soulmate and life partner တဲ့ .. မနော်ဟရီရဲ့ စာတစ်ပိုဒ်ကို ဖတ်အပြီးမှာ ရခဲ့တဲ့ အဖြေတပိုင်းတစပေါ့။



အဖြေ

ရှိတယ်ဆိုရင် ယုံကြည်နိုင်မလား
မရှိဘူးဆိုတော့ရော ပျော်နိုင်မှာတဲ့လား
ဝိညာဉ်ဆိုတဲ့အရာကို တစ်ခြမ်းလောက်
လက်ဖဝါးနဲ့ ပြတ်သားဆုပ်ကိုင်လို့ရနိုင်ခဲ့ရင်ပေါ့
ကံကိုတိုင်တည်ရင်း ဆူးပုံမှာ သာယာလာတတ်ကြ
နွေးထွေးမှုလို့ထင်တဲ့အရာမှာ လောင်မြိုက်ပျံသန်းကြ
စိတ်ဆိုတာ နွယ်ရိုင်းတွေလို လိမ်ယှက်နေတာဖြစ်ဖြစ်
ထိစပ်မိသမျှ စေးကပ် တွယ်ငြိနေတာဖြစ်ဖြစ်
အခိုက်အတန့်ရဲ့အဓိပ္ပာယ်ကို အရအမိ ထိုးထွင်းသိရှိဖို့
တည့်ပြီး ထည့်ပြီးသား ခိုင်မာမှုတွေကို တန်ဖိုးထားနိုင်ဖို့
နားလည်ခြင်း ပုံတူကားချပ်ကို လှလှပပ ရေးခြယ်သီမှုန်းသူတွေနဲ့
ထပ်တူမကျခြင်းကို အဆိပ်ဝိုင်ချိုလို စွန့်စားစွဲမက် သောက်သုံးသူတွေနဲ့
ဝေးလွန်းလို့ မမြင်ရတာ အမြင်အာရုံကြောင့်မှမဟုတ်ဘဲ
အရမ်းနီးလွန်းနေတာလို့လည်း လျှော့ပေါ့တွက်ချက်နိုင်ပါတယ်
အမှန်တရားက ပါးစပ်ဖျားနဲ့မဆံ့အောင် ကြီးမားကျယ်ပြန့်လှတော့
ဘဝမှာ ပျော်မနေတောင် နေပျော်ကြရင်း ပြီးဆုံးကျေနပ်သွားမှာပါ။
ပန်ဒိုရာ
၅.၆.၂၀၁၈

Expand..

Friday, May 13, 2016

သတင်းအချက်အလက်ဟာ တပွက်ပွက်ဆူနေတယ်



သတင်းအချက်အလက်ဟာ တပွက်ပွက်ဆူနေတယ်

ဝေနေတယ် ဖိတ်လျှံကျလာတယ်
နေပါစေ့လေ တော်ကြာနေ ကျက်သွားလိမ့်မယ်
ဟိုက်ဘရစ်  သတင်းတစ်ပုဒ်ရဲ့ ချက်ပြုတ်မှု
ချိုတော့လည်း ချိုလို့ ချဉ်လို့ စပ်လို့ ဆိမ့်လို့ ငန်လို့ ခါးလို့
တူးလို့ပဲခြစ်ခြစ် လျှာရင်းထဲမတော့ မျိုးမျိုးမြက်မြက်ဖြစ်
ဘ၀တဏှာဟာ ရသာစုံတယ်
နေကြာစေ့တစ်ထုပ်စာမက သတင်းကကြာတယ်
မွေးကင်းစ  ကလေးငယ်ကို မိုက်ကရိုဝေ့ဗ်ထဲ ထည့်ဖုတ်လိုက်သော မိခင်
ဗုံးပေါက်ကွဲ ပြန်ပေးဆွဲ ရထားတွဲချော်ကျ
ငလျင် ဆူနာမီ မရှိတာ အတော်တောင်ကြာလှ
အမိုက်အမဲတွေအတွက် လှိုက်လှဲ အသက်ပြင်းသူများအတွက် သက်ပြင်းချ
အာလူးကြော်ကို ကြွပ်ကြွပ်ဝါး သနားစရာ ငါ့ခမျာ တရားနဲ့ဖြေနေရှာ။

ပန်ဒိုရာ
၂၃.၆.၂၀၁၁-၁၃.၅.၂၀၁၆

Expand..

Thursday, March 31, 2016

ဒီရေဒီည



ဒီရေဒီည

မြင်အပ်မမြင်အပ် အရပ်ဆယ့်ခြောက်မျက်နှာက
ရယ်သံတွေဟီးနေပုံဟာ ကြက်သီးထစရာမဟုတ်လား
ကသူဟာ ကခြေသည် ကြည့်သူဟာ ပရိသတ်
အချိန်နဲ့အလုပ် နဖူးတွေ့ဒူးတွေ့ဖို့ ဖန်တီးယူရတာရိုးရှင်းပါတယ်
ကမ်းမဆိုက်သေးလည်း ဥမင်တစ်ဖက်က အလင်းစနဲ့တင်
ပင်လယ်ခရီးဟာ တစ်လုံးတစ်ပါဒ ပါးလျခဲ့ပြီ
အအေးမိနိုင်တဲ့ ပြတင်းပေါက်ကို တုံးခုပြီး လှမ်းဖွင့်ခဲ့ကြတယ်
ပျော်ရွှင်မှုတန်ဖိုးဆိုတာ မျက်ရည်နဲ့တိုင်းရတယ်
ကောက်ရိုးတွေကိုတောင် ငါတို့စိုက်ပျိုးဖူးတာပဲ
အပူကိုခံစားတတ်ရင် မီး ဆိုတာမသိလည်း ရပါပြီ
စိတ်ကူးစိတ်သန်းတွေဟာ သွေးခြည်ဥခဲ့ပြီးပြီ
အဆိုးတွေရခဲ့ အရိုးတွေကခဲ့
အခုတော့ ခြေဖနောင့်တိုင်းအောက်မှာ ပျားရည်အတိ စီးတဲ့သီတာ
ဒီလိုညမျိုးမှာ
ရနံ့နုတ်ခံထားရတဲ့ စက္ကူပန်းလေးတောင် ဗျပ်စောင်းသံဝေတယ်။

ပန်ဒိုရာ
၃၁.၃.၂၀၁၆

Expand..

Sunday, March 27, 2016

တိုင်းပြည်အတွက် ငါ



၂၀၁၆ မတ်လ ၂၇ ရက်ဟာ ပန်ဒိုရာဘလော့ဂ် ၉ နှစ်ပြည့်တဲ့နေ့ပါ။ တစ်နှစ်ထက်တစ်နှစ်  တကယ့်လောကထဲ ပိုရောက်လာပါတယ်။ ကမ္ဘာအတုကို ချောင်းကြည့်ရုံပဲ တတ်နိုင်တယ်။ ဘလော့ဂ် ၉ နှစ်ပြည့်မှာ ကဗျာတစ်ပုဒ်ပဲ တင်လိုက်ပါတယ်။
 


တိုင်းပြည်အတွက် ငါ

ငါဟာ တိုင်းပြည်အတွက် ထမင်းစားပြီးတိုင်း သွားကြားထိုးတယ်
အိမ်သာတက်ပြီးတိုင်း လက်ဆေးတယ်
ငါဟာ တိုင်းပြည်အတွက် နေ့စဉ် ကိုရီးယားကား စောင့်ကြည့်တယ်
ငါဟာ တိုင်းပြည်အတွက် ကုန်တိုက်တွေရောက်တိုင်း
အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည် စမ်းဝတ်ကြည့်တယ်
ငါဟာ တိုင်းပြည်အတွက် အင်တာနက်ကို အမြဲဖွင့်ထားတယ်
Like တွေ comment တွေနဲ့ ဖက်အိပ်တယ်
ငါဟာ တိုင်းပြည်အတွက် ရာသီဥတူပူရင် ရေများများသောက်တယ်
ငါဟာ တိုင်းပြည်အတွက် ကလေးကို အီးစင်အောင် သုတ်ပေးတယ်
ငါဟာ တိုင်းပြည်အတွက် ကန်စွန်းရွက်ခြွေတယ်
ကြက်သွန်ကို ပါးပါးလှီးတယ်
ငါဟာ တိုင်းပြည်အတွက် အိမ်ကို ဖုန်သုတ် တံမြက်စည်းလှဲတယ်
ငါဟာ တိုင်းပြည်အတွက် အင်္ကျီကို ပုတီးစေ့တွေနဲ့ တန်ဆာဆင်တယ်
ငါဟာ တိုင်းပြည်အတွက် ကဗျာစာအုပ်တွေဝယ်ပြီး
စာအုပ်စင်ပေါ်မှာ တန်းစီထားတယ်
ငါဟာ တိုင်းပြည်အတွက် နားထင်နဲ့ ဇက်ကြောကို ပရုပ်ဆီနာနာလူးတယ်
ငါဟာ တိုင်းပြည်အတွက် မနေ့ကချက်တဲ့ဟင်းကို
ပြန်နွှေးစားပစ်လိုက်တယ်
ငါဟာ တိုင်းပြည်အတွက်
တစ်နေ့ကို ရှစ်နာရီပြည့်အောင် အိပ်ချင်သေးတယ်


ပန်ဒိုရာ
၂၂-၂၇.၃.၂၀၁၆
 

Expand..