Friday, July 27, 2012

ကြိုးညှိခြင်း- မြန်မာအမျိုးသမီးကဗျာများ စုစည်းမှု

ကဗျာဆရာမ ၃၅ ဦး ပါဝင်သော "ကြိုးညှိခြင်း- မြန်မာအမျိုးသမီးကဗျာများ စုစည်းမှု" ကဗျာစာအုပ် နှစ်ကာလများမှ မကြာမီ ဖြန့်ချိပါမည်။ ပုံနှိပ်ဗားရှင်းဖြစ်ပါသည်။ အီးဘွတ်ခ်မထုတ်ပါ။ (စင်္ကာပူ၊ ထိုင်း၊ အမေရိက၊ ယူကေ စသည်ဖြင့် နိုင်ငံရပ်ခြားမှ စာအုပ်မှာယူလိုသူများ ကိုမိုးဝေး theeras2001@gmail.com သို့မဟုတ် ပန်ဒိုရာ pandorao@gmail ထံ ဆက်သွယ်ပါ။)

Expand..

Monday, July 23, 2012

ကျည်လွတ်မြေမှ



ကျည်လွတ်မြေမှ

အလွန်ဆုံးရှိမှ လက်နှစ်သစ်လောက် ခပ်ကွေးကွေးလေး ထောင့်ချိုးရဲ့ အပြင်ဖက်  ထိုးထွက်နေသည့် ထိုနေရာစွန်းစွန်းလေးက လွဲလို့ - ပတ်ပတ်လည်တွင် ယမ်းငွေ့တွေဝေခဲ့ ခေတ်ပျက်ကာလပျက်ကြီးထဲ ဒီမိုးဒီလေထဲ သစ္စာများပြုခဲ့ ဓားများဝှက်ထားခဲ့ မောပန်းနွမ်းနယ်ခဲ့ရ သွေးချောင်းကိုဖြတ်ကူးခဲ့ရ ချွေးစက်များပျံတက်ခဲ့ရ မိအေးအခါခါနာရ မူးမိုက်တေလေမှု တုံးအညံ့ဖျင်းမှု အခွင့်အရေးယူမှု အလွဲသုံးစားမှု မညှာတာမှုများ  ရသနဲ့ တဏှာကို ခြားထားတဲ့ ခပ်ပါးပါးလိုင်းကို အာသာဖြေ လှီးဖြတ်သုတ်သင်မှုများထဲ ထိုနေရာလေးသာလျှင် မေ့လျော့ကျန်ရစ်ပြီး ငြိမ်းချမ်းခွင့် လွတ်ကင်းခွင့်ရခဲ့လေရာ ရှေးဟောင်း အမွှေအနှစ် အဖြစ်သော်လည်းကောင်း ခေတ်အဆက်ဆက် ရှားပါး တန်ဖိုးထားရမည့် ပြယုဂ်အဖြစ်သော်လည်းကောင်း အလေးအမြတ် ထိန်းသိမ်းထားရန် လိုအပ်လျက် လေးဘက်လေးတန် ကျုံးတူးကာ ငါး မကန်း လိပ် မိချောင်းများ မွေးထားသင့် ပတ်ပတ်လည်ကို လျှပ်စစ်လှိုင်းလွှတ်ထားသော ခြံစည်းရိုးများဖြင့် ကာရံထားသင့် ကျည်ဖြည့် မောင်းတင်ထားသော ကွန်မန်ဒိုတပ်သား အသေခံ အစောင့်အရှောက်များဖြင့် နေ့ညမပြတ် ကာကွယ်ထားသင့် လိုအပ်လျှင် လိုအပ်သလို ဥပဒေများ ပြဌာန်းကာ အဆင့်မြင့် လုံခြုံရေးကိရိယာများ ရဟတ်ယာဉ် မော်တော်ယာဉ် ရေငုပ်သင်္ဘောများ ရေဒါလှိုင်းများဖြင့် ရေပြင် မြေပြင် ဝေဟင်မှလည်းကောင်း မြေအောက်မှသော်လည်းကောင်း တင်းတင်းကျပ်ကျပ် ကြီးကြပ်စောင့်ကြည့်သင့် နောက်နောင် ထိုးစစ်ဆင်ခြင်း အငိုက်ဖမ်းခြင်းများမှ တွန်းလှန်ကာကွယ်ရန် လက်နက်ကြီး လက်နက်ငယ် ဗုံး အမြောက် ဓား လှံ ဂျင်ကလိ ရှိရှိသမျှများ အရံသင့် တပ်ဆင်ထားသင့် သို့ရာတွင် မြေမြှုပ်မိုင်းများ ဇီဝလက်နက်များ လူသားဒိုင်းကာများ လက်နက်ပုန်းများ အဆိပ်များ နောက်ကျောမှထိုးမည့်ဓားများကို ဘယ်သောအခါမှ မသုံးစွဲပါနှင့်။

ပန်ဒိုရာ
၂၃-၂၉.၂.၂ဝ၁၂

(IDEA MAGAZINE, AUG 2012)

Expand..

Wednesday, July 18, 2012

၂၀၁၂ အာဇာနည်နေ့



မနက်ဖြန် ဂျူလိုင်၁၉ အာဇာနည်နေ့အခန်းအနားကို MRTV, MRTV4 နဲ့ Skynet တို့က တိုက်ရိုက်ထုတ်လွှင့်မယ်လို့ပြောပါတယ်။ နှစ်အတော်များများမှာ မှေးမှိန်လုနီးပါးဖြစ်နေတဲ့ နေ့တစ်နေ့ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်ကျင်းပလာကြတဲ့ အခြေအနေတစ်ခု တည်တံ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


မစုချစ်သူရဲ့ ဘလော့ဂ်မှာ တန်ဖိုးရှိတဲ့ မှတ်တမ်းတချို့ကို သွားဖတ်နိုင်ပါတယ်။


www.suuchitthu.blogspot.com/2012/07/blog-post.html

Expand..

Saturday, July 7, 2012

7 July records


7 July နဲ့ပတ်သက်တဲ့ မှတ်တမ်းလေးတချို့ကို ပန်ဒိုရာရဲ့ ဘကြီးတစ်ယောက်ဆီကနေ ရခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဓာတ်ပုံတွေကို size ချုံ့ရမှာ မလုပ်ဖြစ်တာနဲ့ မတင်ဖြစ်တာ မနက်ဖြန် 7 July ရောက်တော့မယ်ဆိုမှ သတိရပြီး ပုံတချို့ကိုတင်လိုက်ပါတယ်။ အဆင်ပြေတဲ့အခါ နောက်ထပ် ဆက်တင်ပေးပါမယ်။

Expand..

Thursday, July 5, 2012

ချဉ်ချဉ်ပြုံးပြုံး စပျစ်သီး(အမ)တစ်လုံး၏ မှတ်ချက်


  
ချဉ်ချဉ်ပြုံးပြုံး စပျစ်သီး(အမ)တစ်လုံး၏ မှတ်ချက်

ကျွန်မရဲ့ ငြင်းဆိုမှုတွေအားလုံး အခြေအမြစ်မပါ
ပညာမဲ့ဆန်ဆန် ခပ်တုံးတုံးဦးနှောက်နဲ့ အရည်မရအဖတ်မရ
နှုတ်သီးကောင်းလျှာပါးသက်သက် ကြံရာမရ ဇာချဲ့
ကျွန်မရဲ့ အောင်မြင်မှု(လို့မှတ်ယူရတာ) တွေ တခါတလေ
ထွန်းထွန်းပေါက်ပေါက် ထိရောက်(သလိုဖြစ်) သွားတာတွေ
ကျွန်မကို အသိအမှတ်ပြု(တယ်ထင်မိ) တဲ့ ဆုတံဆိပ်တွေ
အဲဒါ တိုက်ဆိုင်မှုတွေချည်း ကြက်ကန်းဆန်အိုးတိုး ဆိုသလို
ဒါမှမဟုတ် သုံးသပ်သူတွေက သူ့အတွေးနဲ့သူ တဖက်သတ် အထင်ကြီးလိုက်သလို
တချိန်က ရှင်လည်း ထင်ယောင်ထင်မှား ဖြစ်ကောင်းဖြစ်ခဲ့မှာ
အခုတော့ ရှင့်နောင်တတွေကို ကျွန်မရဲ့ အစုတ်ထုပ် အမှိုက်အိုးကြီးထဲ
အခုလို ထိုးချလိုက်တော့ ရှင်လည်း သက်တောင့်သက်သာ ဖြေသိမ့်စရာရသွားမှာပေါ့
ကျွန်မဟာ ခံစားမှုသက်သက်နဲ့ ဘလိုင်းကြီး တောတိုးခဲ့ ထူထဲတဲ့ဆင်
စိတ်လိုက်မာန်ပါမှု တစ်ခုတည်းနဲ့ တည်ဆောက်ထားတဲ့ အနှစ်မဲ့ဗလာ  
တစ်ကိုယ်ကောင်းဆန် အတ္တကြီး မျက်မွှေးတစ်ဆုံးသာ ကြည့်တတ်သူ
ကတိသစ္စာမဲ့ အလိမ်အညာမာယာတွေ အဆိပ်အပြည့်နဲ့ မဲမှောင်နေတဲ့ ငရဲတွင်း
ကျွန်မဟာ စာနာမှုဆိုတာကိုမသိ ပတ်ဝန်းကျင်ဆိုတာကို ဂရုမစိုက်
နိုင်ငံရေး စီးပွားရေး လူ့အဖွဲ့အစည်းရဲ့အရေး ပြည်တွင်းပြည်ပ ဗဟုသုတ နုံနဲ့သူ
အနာဂတ်ဆိုတာဝေလာဝေး ခပ်ချာချာ အတွေးတိမ်တိမ်နဲ့
မူးမူးမိုက်မိုက် အရွဲ့တိုက်ရတာကိုပဲ ရိုင်းရိုင်းပျပျ အရသာရှိလှ ထင်နေသူ
အရာရာကို ပုဂ္ဂလိကဆန်ဆန် ခေါင်းမာမာ လိုရာဆွဲလို့ အမြင်ကျဉ်းကျဉ်း မှတ်ယူ
ကျွန်မပြောတာတွေကိုလည်း ကျွန်မဘာသာတောင်မှ အသေအချာမသိ
ဝေဝေဝါးဝါး တတ်ယောင်ကားနဲ့အဟုတ်ကြီးထင် မျှော်လင့်စရာ ဘာတစ်ခုမှမရှိ
တကယ်လို့ ကျွန်မဥာဏ်ရည်မမီတဲ့ ဘုတ်အုပ်ထူထူတွေကို
စိတ်ကောင်းဗလပွထားပြီး ကျွန်မလက်ထဲ ဇွတ်ထည့်ပေးခဲ့လည်း
မီးမြိုက်ထင်းဆိုက်ဖို့လောက်ပဲ အသုံးဝင်မယ်လို့ ကျွန်မက ခပ်ပြိန်းပြိန်းတွေးမိဦးမှာ
ကျွန်မဟာ သင်ခန်းစာမယူတတ် စေတနာတွေ အထပ်ထပ်စော်ကား လူရမ်းကား
သဘောထားသေးသိမ် ထိလွယ်ရှလွယ်နဲ့ ဝါးလုံးခေါင်းထဲမှာ ထိန်သာနေတဲ့ လခြမ်းပဲ့
ရှင်ကတော့ အလွတ်လပ်ဆုံးလူသား ရှင်ဟာ ကိစ္စပြီးမြောက်နေသူ
ရှင်ဟာအမှန်တရား ရှင်ကတရားမျှတသူ ရှင်သာလူတော်လူတတ် မြင့်မြတ်တဲ့လူယဉ်ကျေး
တုနှိုင်းဖွယ်မမြင် အဖိုးမဖြတ်နိုင် ထိုက်တန်သူမရှိ ကမ္ဘာမြေရဲ့ အံ့ချီးဖွယ်
ဒီတော့လည်း ကျွန်မရဲ့ ပေါ့တန်တန် စရိုက်တွေကို စိတ်ပျက်လိုက် ခေါင်းခါလည်ခါလိုက်
အံ့သြတကြီး ကဲ့ရဲ့ရှုတ်ချ အပြစ်တင် အဆုံးစွန်ထိ ငြိုငြင်ပစ်လိုက်ဦးပေါ့။

ပန်ဒိုရာ
၃.၇.၂ဝ၁၂

dedicated to KSL :)

Expand..

Tuesday, July 3, 2012

ရေနွေးငွေ့ခန်းထဲမှာ




ရေနွေးငွေ့ခန်းထဲမှာ

မျက်မှန် (တပ်ထားလျှင်)- ချွတ်
ဆွဲကြိုး/နာရီ/လက်စွပ် (ဝတ်ဆင်ထားလျှင်)- ချွတ်
အခြားသတ္ထုပစ္စည်းများ (ဝတ်ဆင်ထားလျှင်) - ချွတ်
အပေါ်အင်္ကျီ/အင်္ကျီ (ဝတ်ဆင်ထားခဲ့ဟုယူဆ)- ချွတ်
လုံချည်/ဘောင်းဘီ/စကပ် (ဝတ်ဆင်ထားခဲ့ဟုယူဆ)- ချွတ်
အတွင်းခံအင်္ကျီ (ဝတ်ဆင်ထားလျှင်)- ချွတ်
အတွင်းခံဘောင်းဘီ (ဝတ်ဆင်ထားလျှင်)- ချွတ်
ဤသို့ဖြင့်
အခန်းထဲမဝင်ခင်
ရေ အရင်ချိုးသင့်
အိပ်စက်ခြင်း
နှိပ်နယ်ခြင်း
လက်သည်းနီ ခြေသည်းနီ ဆိုးခြင်း
ဆေးလိပ်သောက်ခြင်း
အပေါ့အလေးစွန့်ခြင်း
များ
အခန်းတွင်းတွင်
 မပြုလုပ်သင့်
အပူချိန်ဒီဂရီ ကိုးဆယ်ထက်
မကျော်သင့်
အသက်ရှူကျပ်လာလျှင်
ရပ်လိုက်သင့်
ဤသို့ဖြင့်
အခိုးအငွေ့များ
ကွေ့ကာ ဝိုက်ကာ
ရှိုက်ကာ ဖိုကာ
အရေပြားအောက်
အဆီပြင်များ
တိုက်စား
ပါးသထက်ပါးလွှာ
ပျော်ကျ
ကိုယ်ရည်ကိုယ်ငွေ့များ
တပေါက်ပေါက် တပေါက်ပေါက်
ပေါက်ပေါက်
ကျ
ဤသို့ဖြင့်
အေးခဲမှုတွေ - ချွတ်
တောင့်တင်းမှုတွေ - ချွတ်
ညောင်းညာခြင်းတွေ - ချွတ်
ကြေးညှော်တွေ - ချွတ်
အနံ့အသက်တွေ - ချွတ်
အပိုအလျှံတွေ - ချွတ်
အစွန်းအထင်းတွေ - ချွတ်
စိတ် ကိုပါ - ချွတ်

ပန်ဒိုရာ
၂ဝ.၁-၃.၇.၂ဝ၁၂

Expand..

Monday, July 2, 2012

ငါ့ပူစီကို ဘယ်မှာထားသွားသလဲ - ပြော



ငါ့ပူစီကို ဘယ်မှာထားသွားသလဲ - ပြော

(pussy riot သို့)

မျက်လုံးလေးကြောင်ကြောင်ထိုးထွက်ပြူးတူး
ပါးနှစ်ခြမ်းမှာဖြာကျနေတဲ့နှုတ်ခမ်းမွှေးစစနဲ့
ညင်ညင်သာသာပွတ်သတ်ချွဲနွဲ့တတ်သူ
အစာဝတဲ့အခါ အပုံလိုက်ကလေးငြိမ်သက်ခွေအိပ်သူ
ငါ့ပူစီကို တစ်ယောက်ယောက်က စားသွားပြီလား
တစ်ယောက်ယောက် ကစား သွားပြီလား

ပူစီ - လေနုအေးလေး တနွဲ့နွဲ့နော့နေဆဲလေ
ပူစီ - မိုးရေတွေ တောက်-တောက်-တောက် နှင်းဖတ်တွေ ပေါက်-ပေါက်-ပေါက်
ပူစီ - အခုလောက်ဆို စိုစွတ်ချမ်းတုန်နေရှာရော့မယ်
ပူစီ - မင်းသိပ်ကြိုက်တဲ့ နို့ဖြူဖြူတွေကို မက်မက်မောမော လျှာနဲ့လျက်ခဲ့
ပူစီ - ဘဂ္ဂဒက်ရှေ့တန်းစစ်မျက်နှာတုန်းက ဘတပြန်ကျားတပြန် အနိုင်မခံ
ပူစီ - ဆီးရီးယားအရေးအခင်းမှာ တက်ကြွတော်လှန်သူတစ်ဦးအဖြစ်
ပူစီ - အာရပ်ကမ္ဘာမှာ ပုဝါပါးလေး အလွှားခံထားရသော
ပူစီ - ဒီနှစ်နွေဦးကို ဘယ်လိုတက်ခွစီးနင်းရမှာလဲ
ပူစီ - စကားပြောရင် နိုင်ငံရေးတွေ မပါကြေးကွာ

စီတီဇင်ဂျာနယ်လစ်တစ်ဦး နောက်ဆုံးချန်ခဲ့သော အော့ဖ်လိုင်း မက်ဆေ့ခ်ျ :
မျက်မြင်တွေ့ရှိသူများ၏ စကားအရ ပူစီသည် ညိုးညိုးညင်ညင် မြည်တမ်းလျက် အနီနုရောင် ဘူးသီးပုပ်တစ်လုံးကို ပွေ့ပိုက်ကာ လိုင်းစိတ်လိုင်းကျဲများကို ပါးဖြဲနားဖြဲ ဝါးမျိုခဲ့ပြီးနောက် “အာဂ” ဟုအမည်ရသော ငှက်တစ်ကောင်၏ ပင်လယ်ဓားပြကော်ပီ အတောင်ပံ ကို လက်မ အတောင့်ပေါက် မှတဆင့် တပ်ဆင်ရန် ကြိုးစားသော်လည်း နားရွက်တစ်ဖက်သာ တလှုပ်လှုပ် ကျန်ရစ်ခဲ့ကြောင်း

ကလေကဝတွေနဲ့
အလေမထနဲ့ ပူစီ။

ပန်ဒိုရာ
၁၈-၂ဝ.၃.၂၀၁၂


Expand..