Showing posts with label performance. Show all posts
Showing posts with label performance. Show all posts

Friday, January 4, 2013

လူထုဆီသို့ သယ်ဆောင်လာသော …



Liberty leading the people by Ferdinand Victor Eugène Delacroix






၂၀၁၃ ဇန်နဝါရီ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ သေနတ်သံတွေ၊ ကြွေးကြော်ကြုံးဝါးသံတွေ၊ မကျေမနပ်တောင်းဆိုသံတွေ၊ နာကျင်ညည်းတွားသံတွေကတော့ လွတ်လပ်ရေးရပြီး ၆၅ နှစ် တိုင်သည်အထိ ကြားနေရဆဲပါ။

အိုင်အိုဝါတက္ကသိုလ်မှာ International Writing Program တက်နေတုန်း နယူးယောက်မြို့က Battery Dance Company နဲ့အတူ ပူးပေါင်းဖျော်ဖြေဖို့ Ellis Island နဲ့ Veterans Day အတွက် Expressing Freedom ဆိုတဲ့ စင်တင်ကပြမှု အစီအစဉ်အတွက် အမှတ်တရ စာတစ်ခုခု ရေးသားပေးပါလို့ IWP စာရေးဆရာတွေဟာ ဖိတ်ခေါ်ခံရပါတယ်။ မဖြစ်မနေတော့မဟုတ်ပါဘူး။ ဗော်လံတီယာ စေတနာ့ဝန်ထမ်းပေါ့။ ရောက်တုန်းရောက်ခိုက်မှာ ပါဝင်ဆင်နွှဲချင်တဲ့အတွက် လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ကို ရေးပေးခဲ့ပါတယ်။ ကဗျာရဲ့ အင်္ဂလိပ်ဗားရှင်းကို အကပညာရှင် Carmen Nicole ရဲ့ အကသရုပ်ဖော်နဲ့ အတူ ရွတ်ဆိုတင်ဆက်ခဲ့ပါတယ်။ အဲဒီပွဲကို အစကတော့ Ellis Island မှာ စင်တင်ကပြမကြလို့ စီစဉ်ခဲ့ကြတယ်။ နောက်တော့ စန်ဒီ ဟာရီကိန်း ကြောင့် နယူးယောက်မြို့ ဘရော့ဝေးလမ်းက Access Theatre မှာပဲ ကျင်းပလိုက်ရပါတယ်။ IWP က စာရေးဆရာ ကဗျာဆရာ ၁၀ ယောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီကဗျာကို ရေးတဲ့အချိန်မှာ ခေါင်းစဉ်အတွက် “Liberty Leading the People” ဆိုတဲ့ နာမည်ကျော် ပြင်သစ်ပန်းချီကားရဲ့ လှုံ့ဆော်မှုကို တစ်စိတ်တစ်ပိုင်း ရခဲ့တယ်။ ဒီကဗျာခေါင်းစဉ်ကတော့ “….leading to the people” ပါ။  ပန်းချီကားအကြောင်းကို တစ်ချိန်က ဘလော့ဂ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  ပြန်ဖတ်လို့ရပါတယ်။ http://pandora-and-pandora.blogspot.com/2007/10/blog-post_28.html

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် အဲဒီကဗျာကို အမှတ်တရ တင်လိုက်ပါတယ်။ ကဗျာရွတ်ဆိုမှုနဲ့ တွဲဖက်ကပြမှု ဗွီဒီယိုဖိုင်ကိုလည်း တင်လိုက်ပါတယ်။ 



လူထုဆီသို့ သယ်ဆောင်လာသော…

ဖြတ်သန်း ပြီးတော့ ဖြတ်တောက်
ပြတ်တောင်းပြတ်တောင်း ဖြတ်
ပြတ်တောင်းပြတ်တောင်းများစွာနဲ့ ဖြတ်
တဆက်တစပ်တည်း ဖြတ်
တစ်သက်တာထာဝရ ဖြတ်
တစ်ဦးဆိုင်လက်နဲ့
အများပိုင်လက်နဲ့
ရှေ့ကကမ်းတဲ့ လက်တစ်ချောင်းနဲ့
ရှေ့ကိုလှမ်းတဲ့ လက်အချောင်းချောင်းနဲ့
သေးကွေးနုနယ်လက်တွေနဲ့
အရေတွန့်ရှုံ့တွလက်တွေနဲ့
သွယ်ပျောင်းဖော့ဖယောင်းလက်တွေနဲ့
ဆာလောင်ငတ်မွတ်အရိုးပြိုင်းလက်တွေနဲ့
သွေးရောင်လွှမ်းကျန်းမာသန်စွမ်းလက်တွေနဲ့
လက်ဖြူတွေ လက်မဲတွေ လက်ဝါတွေ
တစ်ခုခုကို ဆုပ်ကိုင်ချင်ရင် တစ်ခုခုကိုတော့ လွှတ်ချခဲ့ရမယ်
(ဟင့်အင်း တစ်ခုမက အများကြီး)
ကြက်သီးမွေးညင်းတွေ
ပါးစပ်ထဲကိုက်ထားတဲ့ လက်သည်းတွေ
တဆတ်ဆတ်တုန်နေတဲ့ ရင်ခုန်သံတွေ
နက်ရှိုင်းတဲ့အမြစ်တွေရဲ့ ဖက်တွယ်မှုတွေ
ဒရွတ်တိုက်နေတဲ့ သံကြိုးထူထူတွေ
ပျံ့လွင့်နေတဲ့ ထင်ယောင်ထင်မှားတွေ
ဒါတွေကို လွှတ်ချလိုက်ပြီး မီးရှုးတိုင်တစ်တိုင်ကို ကိုင်စွဲနိုင်လိုက်တဲ့အခါ
အဲဒါကို လွတ်လပ်ရေးလို့ခေါ်တယ်

ပန်ဒိုရာ
၂၆.၁၀.၂၀၁၂

....................
 

….. leading to the people

pass it and then cut it
cut it in hesitation
cut it in continuous hesitation
and cut it ceaselessly
and cut it forever
with a single hand
with a plural hand
with the number-one hand
with a number of one-hands
with tiny kiddy hands
with shrinking wrinkly hands
with waxy squashy hands
with hungry bony hands
with pinky healthy hands
white hands black hands yellow hands
if one wants to grasp something, one has to release something
(not something but many things)
the goose bumps
the bitten nails
the trembling heartbeats 
the clinging deep-roots
the dragging bulky chains
the wavering myths
the time you drop all of them and hold a torch
it’s called liberty

Pandora
26 Oct 2012

Expand..

Wednesday, December 14, 2011

ခန္ဓာကိုယ်အခြေပြုဖြစ်စဉ်ဖန်တီးမှုများ (၈ ဒီဇင်ဘာ ၂၀၁၁)

၁။ Richard Martel (French Canadian performance artist & scholar)
အမှိုက်သိမ်း ခေါင်းလောင်းလေးတစ်လုံး ကို တီးတယ်။ အိတ်တစ်လုံးထဲက ဒန်အိုးဖုံးတစ်လုံး ထုတ်လာပြီး ရှေ့ကို ခြေလှမ်းမှန်မှန်နဲ့လျှောက်လာတယ်။ ဒန်အိုးဖုံးကို ကြမ်းပြင်ပေါ်ချတယ်။ အိတ်ရှိရာကို ပြန်သွားတယ်။ ခေါင်းလောင်းလေးကိုတီးတယ်။ အမှိုက်တွေကို လက်ခုတ်ထဲထည့်ပြီး အသေအချာ သယ်လာတယ်။ ဒန်အိုးဖုံးပေါ်မှာ သပ်သပ်ရပ်ရပ် ချတယ်။ ပြီးတော့ လက်ညိုးတစ်ချောင်းထောင်ပြီး တစ်နေရာကို ညွှန်ပြရင်း ရပ်နေတယ်။ ပြန်သွားတယ်။ အမှိုက်သိမ်းခေါင်းလောင်းကို တီးတယ်။ နောက်ထပ် ဒန်အိုးဖုံးတစ်လုံးနဲ့ အဲဒီ ဖြစ်စဉ်ကို ပြန်လုပ်တယ်။ လက်ညိုးထိုးတဲ့ ဦးတည်ရာကို အကြိမ်တိုင်းမှာ ပြောင်းတယ်။ အထက်စောင်းစောင်းဆီ အောက်စူးစူးဆီ အမှိုက်တွေတည့်တည့်ဆီ စသည်ဖြင့်။ ဒီလိုနဲ့ ဒန်အိုးဖုံး လေးခုတိတိမှာ အမှိုက်တွေ တန်းစီ နေရာချလို့ပြီးပြီ။ နောက်ဆုံဒန်အိုးဖုံး တစ်ခုကို အလယ်မှာ ချထားလိုက်တယ်။ ဒီတစ်ခါ သူ့အိတ်ထဲက အရာတစ်ခုကို မထုတ်ခင် အ၀ါရောင် ရာဘာလက်အိတ်တစ်စုံကို ကျကျနန စွပ်တယ်။ ဆွဲထုတ်လိုက်တာက ရွှေရောင် ပြောင်းတိုသေနတ် တစ်လက်။ သေနတ်ကို လက်နှစ်ဖက်နဲ့ အုပ်မိုးဆုပ်ကိုင် မြှောက်ချီတယ်။ အလယ်က ဒန်အိုးဖုံးဆီကို ခြေတစ်လှမ်းချင်း လှမ်းလျှောက်ပြီး သေနတ်ကို ထည့်လိုက်တယ်။ သေနတ်ရှိရာကို လက်ညိုးညွှန်လိုက်ပြန်တယ်။ အဲဒီနောက် အရပ်လေးမျက်နှာကနေ လေးကြိမ်တိုင်တိုင် ဒူးထောက် လက်နှစ်ဘက်ကို ဖြန့်ကားပြီး ရွှေရောင်သေနတ်ကို အရိုအသေ ပြုလိုက်တယ်။ ပြီးတော့ အမှိုက်ထည့်ထားတဲ့ ဒန်အိုးဖုံးလေးခုကို သေနတ်ရဲ့ လေးဘက် လေးတန်မှာ နေရာရွှေ့ ချထားလိုက်တဲ့အခါ ပြကွက်ပြီးဆုံးပါပြီ။



၂။ မသော်တာ၊ မြတ်ခိုင်ဇင်၊ ပီတိ
အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ ကလေးမလေး တစ်ယောက်ဟာ ထီးအဖြူတစ်လက်ကို လက်တစ်ဘက်က ဇောက်ထိုး ကိုင်ဆောင်းထားတယ်။ မျက်လုံးနှစ်ဘက်ဟာ အ၀တ်တစ်စနဲ့ ပိတ်ဖုံးခံနေရပြီး အဖြူရောင် အိတ်တစ်လုံးကိုလည်း လွယ်ထားတယ်။ သူ့ရှေ့ဘက် ခပ်လှမ်းလှမ်းမှာတော့ ထည့်စရာ (ရေစစ်) တစ်ခု ကို လက်နှစ်ဘက် ဆန့်တန်းပြီး တည့်တည့်မတ်မတ်ကိုင်ကာ မတ်တတ်ရပ်နေသူ မိန်းကလေးတစ်ဦး။ တတိယမြောက် အမျိုးသမီးတစ်ဦးကတာ့ သစ်သားကုလားထိုင်တစ်လုံးကို ကြိုးကြီးကြီးတွေနဲ့ သူမရဲ့ နောက်ကျောကို ပူးချည်ထားတယ်။ လက်ထဲမှာတော့ အိတ်ကြီး တစ်လုံးကို ကိုင်ပြီး လူတွေကြားကို သွားလာလှည့်လည်နေတယ်။ အဲဒီအမျိုးသမီးရဲ့ ချဉ်းကပ်ခြင်းကို ခံရသူတွေဟာ အိတ်ကြီးထဲမှာ ပါလာတဲ့ ပလတ်စတစ်ဘောလုံး သေးသေးလေးတွေကို နှိုက်ယူပြီး အဖြူရောင်ဝတ်စုံနဲ့ ကောင်မလေးရဲ့ လက်ထဲကို သွားထည့်ပေးကြရတယ်။ ကလေးမလေးက ဘောလုံးရတဲ့အခါ သူ့ရှေ့မှာ မတ်တတ်ရပ်နေတဲ့ မိန်းကလေးရဲ့ ရေစစ်ခွက်ထဲကို ၀င်အောင် မှန်းပြီး လှမ်းပေါက်တယ်။ ဘောလုံးတွေက ဘေးကိုချော်သွားတာ များတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ဘောလုံးတွေ တစ်လုံးပြီး တစ်လုံး ပေးကြတာကို ကလေးမလေးက ပေါက်ရင်းနဲ့ နောက်ဆုံး တစ်လုံးသာ အိတ်ထဲမှာ ကျန်တယ်။ ဒီတော့ အိတ်ကြီးကိုင်ထားတဲ့ အမျိုးသမီးက ကလေးမလေးရဲ့ မျက်လုံးစည်းကို ဖွင့်ပေးလိုက်တယ်။ နောက်ဆုံးဘောလုံးကို လက်ထဲထည့်ပေးလိုက်တယ်။ အမြင်အာရုံထင်ရှားသွားတဲ့ ကလေးမဟာ သူ့လက်ထဲက နောက်ဆုံးဘောလုံးနဲ့ ရေစစ်ထဲဝင်အောင် ပေါက်မလို့ အသေအချာ ချိန်တယ် ရွယ်တယ်။ နောက်ဆုံးအချိန်မှာတော့ ဘောလုံးကို မပစ်ပေါက်တော့ပဲ သူလွယ်ထားတဲ့ အဖြူရောင် အိတ်ထဲကိုပဲ ထည့်လိုက်တော့တယ်။



၃။ ငြိမ်းချမ်းစု
ဗုဒ္ဓဘာသာ ဘုရားရှိခိုး ဂီတသံက ပျံ့လွင့်နေတယ်။ သရုပ်ဖော်ပြသူဟာ ပရိသတ်ထဲမှာ ထိုင်နေတယ်။ တီးလုံးသံ မှိန်လာပြီး သူဟာ အိတ်တစ်လုံးထဲက စက္ကူလေယာဉ်ပျံတွေကို လေထဲကို လွှတ်ရင်း ရှေ့ကို လျှောက်လှမ်းလာတယ်။ စက္ကူလေယာဉ်ပျံ တွေ ဆက်လွှတ်တယ်။ နောက်တော့ စက္ကူလေယာဉ် တစ်စီးကို နံရံပေါ်မှာတင်ပြီး အတောင်ပံတစ်ဘက်စီပေါ်မှာ ဆော့ပင်တစ်ချောင်းနဲ့ ရေးခြစ်လိုက်တယ်။ ရေးလိုက်တဲ့ စာလုံးကတော့ FREEDOM တဲ့။ အဲဒီ FREEDOM လို့ အတောင်ပံတွေပေါ်မှာ ရေးထားတဲ့ စက္ကူလေယာဉ်ကို ကိုင်ပြီး အားကုန်လွှဲ လွှတ်လိုက်ပြန်တယ်။ လေယာဉ် ကျသွားတဲ့ အနီးအနားကလူတွေက တစ်ခါ ပြန်လွှတ်ကြတယ်။ အဲဒီလို လေယာဉ်ကို ဟိုဘက်ဒီဘက် လွှတ်နေကြတုန်းမှာပဲ သူဟာ ညာဘက် လက်ချောင်းတွေကို တိပ်တွေနဲ့ ပတ်ချည်လိုက်တယ်။ တိပ်ကြိုးနဲ့ ပတ်ထားတဲ့သူ့လက်ချောင်းတွေရဲ့ ထိပ်မှာတော့ ကဒ်ထူပြားနဲ့ လုပ်ထားတဲ့ လက်ညိုးထိုးနေတဲ့ပုံစံ လက်အတုတစ်ခုကို တပ်ဆင်လိုက်တယ်။ ဗြုန်းဆို သူက အသံနက်ကြီးနဲ့ ထအော်လိုက်တယ်။ “ဘာမှတ်နေလဲ၊ ငါရှာနေတာ…...” လက်ညိုးအတုကြီး ကို နေရာအနှံ့ ထိုးနေရင်း ပြောနေရင်း အဲဒီမှာ ပြကွက်ကို အဆုံးသတ်ပါတယ်။။




၎။ သင်တန်းသားတစ်ဦး (အမည် မမှတ်မိ)
တိုက်ပုံအနက်နဲ့ ပုဆိုးဝတ်ထားတဲ့ သူဟာ ခြေတစ်ပေါင်ကျိုးနဲ့ မြင်ကွင်းထဲ ၀င်ရောက်လာတယ်။ အဲဒီအနေအထားမှာပဲ စီးထားတဲ့ ကတ္တီပါဖိနပ်ကို တစ်ဖက်တစ်ချက်မှာ ချွတ်လိုက်တယ်။ ခြေကိုကားပြီး မတ်မတ်ရပ်တယ်။ တိုက်ပုံအင်္ကျီကို ကြယ်သီးမဖြုတ်ပဲ လက်ကိုလျှိုပြီး အထဲသွင်းလိုက်တယ်။ တိုက်ပုံအင်္ကျီရင်ဘတ် ကြယ်သီးလွတ်နေတဲ့ နေရာကနေ လက်ဖမိုးနှစ်ဘက်ကို ပြန်ထုတ်လာတယ်။ လက်အိတ် အဖြူရောင် စွပ်လိုက်တယ်။ လက်တွေရဲ့ အနေအထားကို လက်အုပ်ချီ၊ လက်တစ်ချောင်းပေါ် လက်တစ်ချောင်းဆုပ်ကိုင်၊ လက်သီးဆုပ် စသည်ဖြင့် အမျိုးမျိုး တဖြည်းဖြည်းနဲ့ ပြောင်းပြနေတယ်။ အကြာကြီး လက်သရုပ်ဖော်မှု ပြီးတဲ့အခါမှာတော့ လက်နှစ်ချောင်းကို ကို အင်္ကျီအောက်ကပဲ တိုက်ပုံအင်္ကျီလက် ထဲ ပြန်ထည့်လိုက်တယ်။ ၀တ်ထားတဲ့ ပုဆိုးကို အောက်နားစကနေ လှမ်းမတယ်။ ပုဆိုးကို အကုန်ဆွဲ ခေါင်းမြီးခြုံကာ တစ်ပတ်ကျွမ်း လှိမ့်ချလိုက်တဲ့အခါ ဖန်တီးမှုပြကွက်ဟာ အဆုံးသတ်ပါတယ်။



၅။ ဉာဏ်လင်းထက်
လူတွေရဲ့ လက်တွေကို သန့်စင်ဆေးရည်နဲ့ လိုက်ဖြန်းပေးတယ်။ လက်ချင်းတွဲပြီး လူတန်းကြီး နှစ်ထပ် လုပ်ခိုင်းတယ်။ လူတန်းကြီးရှေ့ မြက်ခင်းပြင်ပေါ်မှာ လှေခါးတစ်စင်းကို ထောင်ပြီး လှေခါးထစ်တွေ အဆုံးကို တက်ပါတယ်။ လက်ထဲမှာတော့ ရေကရားတစ်ခုကို ကိုင်ထားတယ်။ ပန်းပွင့်တွေကို လှေခါးပေါ်ကနေ ကြဲချလိုက်တယ်။ ရေကရားကို လှေခါးအမြင့်ကနေ ကိုင်မြှောက်ပြီး တစ်စက်ချင်း ဖြည်းဖြည်းသွန်းချပါတယ်။ ရေကရားကိုလောင်းနေစဉ် ဆုတောင်းတေးသံတစ်ခု နောက်ခံဂီတအဖြစ် ပေါ်လာခဲ့တယ်။ ရေစက်ချမှုပြီးဆုံးချိန်မှာ ပရိသတ်ကြီးကို လက်တွဲဖြုတ်နိုင်ကြပါပြီ လို့ ကြေညာလိုက်ပြီး သူ့ရဲ့ဖန်တီးမှု ကို နိဂုံးချုပ်ပါတယ်။




၆။ ရဲဝင်းစော
စစချင်းတော့ ကုလားထိုင်တစ်လုံးပေါ်မှာ သူ ထိုင်နေတယ်။ နောက်တော့ ကုလားထိုင်ပေါ်က ဆင်းပြီး ဘေးမှာ ထိုင်လိုက်တယ်။ ကုလားထိုင်ကို ဘေးဘက်လှည့်လိုက်တယ်။ သူလည်း ဘေးလှည့်ထိုင်တယ်။ ကုလားထိုင်ကို တစောင်းလှဲချလိုက်တယ်။ သူလည်း ကိုယ်တစောင်း လှဲချလိုက်တယ်။ ကုလားထိုင်ကို ပက်လက်လှန် ထောင်လိုက်တယ်။ သူလည်း ပက်လက်လှန်လိုက်တယ်။ ကုလားထိုင်ကို နောက်ကျောခိုင်းလိုက်တယ်။ သူလည်း နောက်ကျောခိုင်း ထိုင်လိုက်တယ်။ ကုလားထိုင်ကို မှောက်လိုက်တယ်။ သူလည်း မှောက်ချလိုက်တယ်။ ကုလားထိုင်ကို ရှေ့ဘက်ပြန်လှည့်ပြီး ချလိုက်တယ်။ သူလည်း ကုလားထိုင်နောက်ကနေ အဲဒီပုံစံအတိုင်း လိုက်ထိုင်လိုက်တယ်။ နောက်ဆုံးတော့ ကုလားထိုင်ကို သူ့ပေါင်ပေါ်ကို ယူတင်လိုက်ပါတော့တယ်။



၇။ ကိုစန်းဦး
စားပွဲပေါ်ကို ဖရဲသီးတစ်လုံးနဲ့ သင်္ဘောသီးတစ်လုံး ယူလာတယ်။ အမျိုးသမီးတစ်ယောက်ကို ဖိတ်ခေါ်တယ်။ ဖရဲသီးကို ချီးမြှင့်လိုက်တယ်။ စားပွဲကိုကျောခိုင်းပြီး ပရိသတ်ဘက် မျက်နှာမူထားတဲ့ ကုလားထိုင်တစ်လုံးပေါ်မှာ အမျိုးသမီးကို ဖရဲသီးကို ကိုင်ပြီး ထိုင်ခိုင်းလိုက်တယ်။ နောက်ထပ် အမျိုးသားတစ်ယောက်ကို ဖိတ်ခေါ်တယ်။ သဘောင်္သီးကို ပေးလိုက်တယ်။ နောက်ထပ် ကုလားထိုင်တစ်လုံး ပေါ်မှာ အဲဒီသင်္ဘောသီးကို ကိုင်ပြီး သူ့ကို ထိုင်ခိုင်းလိုက်ပြန်တယ်။ ခဏကြာတော့ သရုပ်ပြသူဟာ သင်္ဘောသီးကို ပြန်တောင်းတယ်။ လူကိုတော့ သူ့နေရာမှာပဲ ထိုင်ခိုင်းထားတယ်။ စားပွဲပေါ်မှာ ဓားတစ်ချောင်းနဲ့ သင်္ဘောသီးရဲ့ ထိပ်ဝကို လှီးဖြတ်လိုက်တယ်။ ဇွန်းတစ်ချောင်းနဲ့ အထဲက အသားတွေကိုခြစ်ယူပြီး ပန်းကန်ထဲကို ထည့်တယ်။ ဖရဲသီးကို လည်း ပြန်ယူပြီး ထိပ်ဝလှီးဖြတ် အသားခြစ်ယူတယ်။ နောက်တော့ သင်္ဘောသီးအသားတွေကို ဖရဲသီးထဲ အစာသွတ်တယ်။ ဖရဲသီး အသားတွေကို သင်္ဘောသီးထဲ အစာသွတ်တယ်။ အကျွင်းအကျန်တွေ အစအနတွေကို အားရပါးရ ပါးစပ်ထဲ ထည့်စားပြီး ရှင်းလိုက်တယ်။ ဘာမှမကျန်တော့တဲ့အခါ အသီးတွေကို လှီးဖြတ်ထားတဲ့ ထိပ်ဝတွေကိုပြန်ကပ်ပြီး စတက်ပလာနဲ့ နှိပ်ပိတ်လိုက်တယ်။ နောက်ဆုံးမှာတော့ ဖရဲသီးအစာသွပ်ထားတဲ့ သင်္ဘောသီးကို အမျိုးသားကို ပြန်ပေး သဘောင်္သီးအစာသွပ်ထားတဲ့ ဖရဲသီးကို အမျိုသမီးကို ပြန်ပေးလိုက်ပါတယ်။



၈။ အုန်းခိုင်ဇင်
မြက်ခင်းပြင်ပေါ်မှာ အိတ်တစ်လုံးထဲက အရာတွေကို ကြဲဖြန့်ချလိုက်တယ်။ တစ်ခါသုံး ဗူးခွံတွေ ပလတ်စတစ်ခွံတွေ၊ ပိန်ရှုံ့နေတဲ့ သံဗူးခွံတွေ၊ ဘောလ်ပင် ခဲတံ စာရေးကိရိယာ အပျက်တွေ။ သစ်ရွက်တွေ၊ ဂျင်းဘောင်းဘီ အင်္ကျီ အစုတ်အပြတ်တွေ။ စာရွက်လွတ်တွေပေါ်မှာ ဆော့ပင်ရောင်စုံနဲ့ စာကြောင်းတွေ ရေးခြစ်လိုက်တယ်။ White is blank. Green is illusion. Blue is pain. စသည်ဖြင့်။ ရောင်စုံစက္ကူတွေကို ဟိုဟိုဒီ ကြဲချလိုက်ပြန်တယ်။ ၀ါးအုပ်ဆောင်းတစ်ခုကို ယူလာပြီး ကွင်းပြင်ရဲ့အလယ် တစ်နေရာမှာ ချလိုက်တယ်။ စောစောက ရေးခြစ်ထားတဲ့ စာရွက်တွေကို အုပ်ဆောင်းပေါ်မှာ ပတ်ပတ်လည် စီရီခင်းလိုက်တယ်။ တိုင်ငါးတိုင်ကို အုပ်ဆောင်း ပတ်ပတ်လည်မှာ စိုက်လိုက်တယ်။ အုပ်ဆောင်းရဲ့ အလယ်က အပေါက်ထဲကို ကောက်ရိုးခြောက်စည်းတွေကို ထိုးထည့်လိုက်တယ်။ ပြီးတော့ ပန်းစည်းတစ်စည်းထဲက ရောင်စုံပန်းငါးပွင့်ကို ယူလာတယ်။ တိုင်တွေကြားမှာ ပန်းတွေကို တစ်ပွင့်စီ ဆင်ယင်လိုက်တယ်။ ကျန်တဲ့ပန်းတွေကို ပွင့်ဖတ်တွေခြွေပြီး ကြဲဖြန့်လိုက်ပြန်တယ်။ အသင့်ရေးထားတဲ့ စာတစ်ပိုဒ်ကို ရွတ်ဖတ်ခြင်းဖြင့် ပြကွက်ကို အဆုံးသတ်ပါတယ်။ “သံသရာလည်နေတဲ့ သံသရာစက်ဝိုင်းရဲ့ နှောင်ဖွဲ့ခြင်းနဲ့ အာရုံတွေရဲ့ တားမြစ်ထိန်းချုပ်မှုကို ခံစားကြတယ်။ ကြွေလွင့်ကြ၊ လှုပ်ရှားကြ၊ လှပကြ၊ စကြ၀ဠာခွင်ထဲမှာ တစ်စုံတစ်ယောက်ရဲ့ ………………………….”.












ပြည်လမ်း Institut Francais de Birmanie မှာ ၂၀၁၁ ဒီဇင်ဘာ ၈ ရက် ညနေက ကျင်းပခဲ့တဲ့ Body Temporary လို့ အမည်ရတဲ့ performance ဖန်တီးမှုတွေမှာ တွေ့မြင်ခဲ့ရတာတွေကို သိုလှောင်ထားခဲ့တဲ့ အာရုံထဲက ဆွဲခေါ်ပြီး အနီးစပ်ဆုံး စာစီကုံးလိုက်ပါတယ်။ အနုပညာရှင်တွေက ဘာတွေကို ဖန်တီးပြချင်ခဲ့သလဲ ဆိုတာ ရှာဖွေ တွေ့ရှိ သုံးသပ် ခံစားစရာများ ဖြစ်ခဲ့ရင် ကိုယ်တိုင် ဆက်လက် တွေးတောကြစေဖို့ပါ။

ပန်ဒိုရာ

Expand..