Wednesday, July 30, 2008

စစ်အတွင်းပြုသည့်သစ္စာ



စစ်အတွင်းပြုသည့်သစ္စာ


တည်အံ့လော
မတည်အံ့လော
ယုံသင့်သလော
မယုံသင့်သလော
ချောင်ပိတ်ခံရသူများ အငြင်းပွားကြ။

သဲအောက်မှာ ၀ှက်ထားတဲ့ ဓားတွေ
တနေ့
နိုင်သူတို့မှတ်တမ်းက
ဖုံးလွှမ်းသွားလိမ့်။



ပန်ဒိုရာ

Expand..

Monday, July 28, 2008

သင်္ကေတများကိုဖြတ်ကျော်စဉ် (၂)

“ဟိုမှာ ရှေ့ကညာဘက် စားပွဲထောင့်ကို အသာလေး ကြည့်လိုက်။ နစ်စ်တယ်လ်ရွိုင်းနဲ့ တူတယ် သိလား။”

သူ့စကားကြောင့် မျက်လုံးကို အသာရွှေ့ကာ လှမ်းကြည့်လိုက်သည်။ မျက်နှာ ရှည်သွယ်သွယ်တွင် ဆံနွယ်များဝဲကာ နှုတ်ခမ်းလေး ရဲနေသော အဖြူကောင်လေးက နယ်သာလန်က ဘောလုံးသမား ရုဒ် ဗန် နစ်စ်တယ်လ်ရွိုင်းနှင့် ခပ်ဆင်ဆင်တူသော်လည်း တကယ်တော့ ပိုလို့ပင် ကြည့်ကောင်းပါသေးသည်။ ရုတ်တရက် ကောင်ကလေးကလည်း ကိုယ့်ဘက် လှည့်ကြည့်လိုက်သည်။ မထင်မှတ်ပဲ ဗြုန်းဆို မျက်လုံးချင်း ဆုံသွားသော တခဏ မျက်လွှာကို ဖြတ်ခနဲ ချလိုက်ပါသည်။

“ဟော.. ကြိုက်သွားပြီ မဟုတ်လား။ ဟင်းဟင်း..”

“ဘာ….လဲ။ ဘာကြိုက်ရမှာလဲ။”

“ကြိုက်သွားပါတယ်။ ခင်ဗျားမျက်နှာမှာ ရှက်သွားတဲ့ အရိပ်အယောင် တွေ့လိုက်တယ်။”

“အာ.. ဒါက ကောင်လေးက ပြန်ကြည့်တာကိုး။ အစကတည်းက ဘာလို့ လာပြသေးလဲ။”

“ခင်ဗျား ကြိုက်တတ်မယ်မှန်း သိလို့လေ။”

သူက ပြုံးတုံးတုံး လုပ်ကာ ကိုယ့်မျက်နှာကို စေ့စေ့ကြည့်သည်။ သိပ်ခက်တာပဲလေ။ ဘာမှန်းလဲမသိ။ တခြားကောင်လေး တစ်ယောက်ကိုများ သူကပဲ စပြရတယ်လို့။ ပြီးတော့ သူများကို မိပြီ ဆိုတဲ့ ပုံစံနဲ့ သူခိုးချောင်းသလို သေသေချာချာ လာကြည့်နေသေး။

“အင်းပါလေ ဒါဆို ကြိုက်သွားလို့ ဒီကလူကို ထားခဲ့ရင် ဘယ်လိုလုပ်မလဲ”

“ဘယ်ထားခဲ့မလဲ..။ သိတာပေါ့.။ ဒီလို လူကောင်း သူကောင်းလေး တစ်ယောက်ကို အကြောင်း သိသွားပြီးတဲ့နောက်မှာ ဘယ်လို ကောင်မလေးကမှ မိုက်မိုက်မဲမဲ ဘယ်ထားခဲ့မလဲ။”

“အောင်မယ်.. ဟာဟ.. ကိုယ့်ကိုယ်ကို တယ် ထင်နေပါလား။”


…………………


အဲသည် လူကောင်းသူကောင်းလေးက သည်လို ဘာမှန်းမသိသည့် အံ့သြစရာများနှင့် တခါတခါ ရယ်စရာကောင်းသလို သေသေချာချာ မမေးမမြန်းပဲ သူ ထင်ရာ လုပ်လုပ်လာတတ်သည့် အကျင့်လည်း ရှိလေသည်။


……………..


“ရော့ ခင်ဗျားကြိုက်တဲ့ ဖရဲသီး ဖျော်ရည်…။”

“ဟင်.. သွားပြီ။ လုံးဝ မကြိုက်ဘူး။”

“ဟိုတနေ့က ဖရဲသီး အရမ်းကြိုက်တယ် လို့ ခင်ဗျားပဲ ပြောပြီးတော့။”

“ဖရဲသီးကို အသီးပဲ ကြိုက်တာလေ။ ဖျော်ရည်ကြိုက်တယ်လို့ ဘယ်သူက ပြောလို့လဲ။ ဖရဲသီးဆိုတာ ဖျော်လိုက်ရင် ရေအတိုင်းပဲ။ ကျဲတောက်တောက်နဲ့ တစက်မှ အရသာ ရှိတာမဟုတ်ဘူး။ ဖျော်ရည်ဆိုရင် သဘောင်္သီး ငှက်ပျောသီးတို့ဖျော်မှ ကြိုက်တာ။ ဒါမှမဟုတ်လည်း သံပုရာရည် ဖြစ်ဖြစ်ပေါ့..။ ဘာမှလည်း မသိဘဲနဲ့။”

“မသိဘူး။ မသိနိုင်ဘူး။ ရှုပ်နေတာပဲ။”

“မေးပေါ့။ သိအောင်မေးပါလား။”

“မမေးချင်ပါဘူး။”

“မမေးချင်လည်း နေပေါ့။ ဟွန်း..”


………………..


“သံပုရာရည် မှာလိုက်ပြီနော်။”

“ဟင်.. ဒီနေ့ ဂရက်စ်ဂျယ်လီ (ကျောက်ကျော) ပဲ သောက်မလို့ စဉ်းစားနေတာကို။ မမေးပဲ စွတ်မှာပြန်ပြီ။”

“ခုတလော ခင်ဗျားပဲ အဆီကျချင်လို့ဆို။ ထမင်းစားပြီးတိုင်း သံပုရာရည်ပဲ သောက်နေတယ် မဟုတ်လား။”

“ဒီနေ့ အစာအိမ်က နည်းနည်း ပြန်ဖြစ်နေလို့။ အချဉ်တွေ မသောက်တော့ဘူး လို့ စဉ်းစားနေတာကို။”

“ဟုတ်လား။ ဗိုက်အောင့်နေလား။ သိမှမသိပဲဟာကို။”

“ဘယ်သိမလဲ။ သူများကို ဂရုမှမစိုက်တာ..”

“ရော်..”


………………….


တစ်ယောက်ယောက်ကတော့ ဆိုးနေပြီ။ တစ်ယောက်က သေသေချာချာ မမေးမမြန်းနဲ့ ထင်တာကို မှန်းလုပ်သူ။ တစ်ယောက်ကလည်း အခြေအနေတွေ တပုံကြီးထားလို့ ဘာလိုချင်လဲဆိုတာ သိသိသာသာ မြင်ရဖို့ ခက်သူ။

ဒါပေမယ့် ဒါပေမယ့်ပေါ့… လွဲခါမှ လွဲရော။ တဖက်လူ ကြိုက်မယ် ထင်ပါရဲ့ ဆိုတာလေးကို ခေါင်းထဲထည့်ထားပြီး မမေးလိုက်မိပေမယ့်လည်း တွေးတွေးပြီး ကြိုးစားကြည့်ရှာတာ ဘာကြောင့်များပါလိမ့်.. နော်..။




ပန်ဒိုရာ

(သင်္ကေတများကို ဖြတ်ကျော်စဉ် (၁) ကို ဒီမှာ ဖတ်ပါ။)


Expand..

Sunday, July 27, 2008

ဒီစစ်ပွဲကြီးပြီးရင်





ဒီစစ်ပွဲကြီးပြီးရင်

ဖိုက်ဘာကြိုးမျှင်ကိုစီး
ခရီးထွက်ခဲ့တာကြာ
ခြေကုန်လက်ပန်း ငါနွမ်းလှပြီ
ဒီစစ်ပွဲကြီးပြီးရင်……။

အဆိုးမြင်လူမှုရဲ့
သွန်းထုလက်ကျန်သားကောင်များ
ဖန်ပေါင်းချောင်ထဲထားရစ်ခဲ့ရပြီ
ဒီစစ်ပွဲကြီးပြီးရင်…။

ယဉ်ကျေးမှုများ ပြားချပ်လာစဉ်
တွင်းအောင်းလူသား
ဂုဏ်ယူတန်ဖိုးထားနိုင်ကြစေသတည်း
နိုင်သူများ အကုန်ယူသွားကြပါလေ
ဒီစစ်ပွဲကြီးပြီးရင်…..။

ချစ်သူတို့ရှင်ကွဲ ကိုယ်ကျိုးနည်းကြသည်မှာ
ဗုံးဆန် အမြှောက်မှန် ယမ်းခိုးဝေမှ မဟုတ်ပါ
စစ်၏ အဘိဓမ္မာ ပြန်ရှာကြရင်း
တကွေ့မှာ တွေ့ကြဦးမည်လား
ဒီစစ်ပွဲကြီးပြီးရင်….။

“ဟိုး..ရှေးရှေးက” အစမချီပါ
“အနာဂတ်ဆိုတာ….”
အိပ်ရာထပုံပြင်များ
ကလေးတို့ ကြားနာကြကုန်
ဒီစစ်ပွဲကြီးပြီးရင်….။

စကားလုံးအတုံးအတစ်နှင့်
ခပ်ပျစ်ပျစ်ကဗျာတစ်ပုဒ်ကို
ဗျစ်ခနဲ ထွေးထုတ်လိုက်၏
လူဆိုသည်မှာ စိတ်ကူးယဉ်သတ္တ၀ါ
အင်း… ဒီစစ်ပွဲကြီးပြီးရင်….။

ပန်ဒိုရာ


Expand..

Monday, July 21, 2008

သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂

သံလွင်အိပ်မက် အတွဲ၂ အမှတ် ၂ ထွက်ပါပြီ။ http://www.thanlwin.com မှာသွားပြီး အားပေးနိုင်ပါတယ်။

ပန်ဒိုရာရဲ့ တတိယအနား ဆိုတဲ့ ၀တ္ထုတိုကလေး တပုဒ် ဖော်ပြပါရှိပါတယ်။ ဒီခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ်တော့ ဘလော့ဂ်ထဲမှာ ရေးဖူးခဲ့တယ်။ အခု ၀တ္ထုတိုကတော့ အသစ်ပါ။


တတိယအနား

အဲသည် အပြိုင်မျဉ်းနှစ်ကြောင်းကို သူ ငေးစိုက် ကြည့်နေသည်မှာ အတော်ကြာပြီ။ လွန်ခဲ့သော တစ်နာရီခန့်က ထိုမျဉ်းနှစ်ကြောင်းကြားတွင် တစုံတရာသည် ရုတ်တရက် လွင့်စင်ကြေမွ သွားခဲ့သည်။ ထိုတစ်နာရီ မတိုင်ကတော့ ထိုတစုံတရာသည် သက်ရှိအနေဖြင့် သူလိုငါလို အများအကြားတွင် လှုပ်ရှားသွားလာ နေထိုင်ခဲ့မည်။ အခုတော့..။

“လုပ်ချင်ရင်လည်း သည်လိုနေရာမှာမှ ဒါမျိုး လုပ်ရသတဲ့လား။ အိပ်ဆေးသောက် ပိုးသတ်ဆေးသောက်။ ငြိမ်ငြိမ်သက်သက်နဲ့ နည်းလမ်းတွေမှ အများကြီး။ အခုတော့ လူအများ အထိတ်တလန့်ဖြစ်ရတယ်။”

“အေးလေ.။ ရုံးသွား နောက်ကျပြီ။”

“ဒီက လေဆိပ်သွားမလို့။ ခရီးစဉ် နောက်ကျတော့မှာပဲ။”

“အို… ဖြစ်မှဖြစ်ရလေ..။ သူ့ ခမျာ ဘာတွေများ ဒီလောက်စိတ်ညစ်နေပါလိမ့်။”

“သတ္တ၀ါအများ ကျန်းမာချမ်းသာကြပါစေ။ ဘုရားသခင် စောင့်ရှောက်ပါစေ။”

ဆက်ဖတ်ဖို့ ဒီကို သွားပါ။

Expand..

Friday, July 18, 2008

မမေ့နိုင်သော အာဇာနည်နေ့ မြင်ကွင်း

အတန်းသားအားလုံးရဲ့ မျက်လုံးတွေဟာ ဆရာ့လက်ထဲက စာရွက်ကလေးအပေါ်မှာပဲ အာရုံ ကျနေကြတယ်။ ဆရာက စာရွက်ထဲက အကြောင်းအရာကို တစ်လုံးချင်း ဖတ်ပြလိုက်တယ်။

“xxx မြို့ အခြေခံပညာ အထက်တန်းကျောင်း တွင် xxx ရက်က အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပခဲ့သော “မမေ့နိုင်သော အာဇာနည်နေ့မြင်ကွင်း” ဟူသော ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ တွင် မပန်ဒိုရာ က ပထမဆုကို ရရှိသွားပါသည်။”

ဆရာက စာရွက်ကလေးကို ပြန်သိမ်းလိုက်တယ်။ “ဟင်.. ဒါပဲလား။ ဒုတိယတွေ တတိယဆုတွေရော။ ဘာလို့ ဒီနှစ်မှာ ပထမဆု တစ်ခုတည်း ပေးရတာလဲ။” ကျောင်းသားတွေရဲ့ တီးတိုးသံ ညံသွားတယ်။

ပန်ဒိုရာ ခုနစ်တန်းနှစ်က တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ (ကြွားတယ်လို့ ထင်ချင်လည်းထင်ပေါ့လေ။)

ဆုပေးပွဲ အခမ်းအနား ရောက်တော့ ပြိုင်ပွဲကျင်းပရေး ကော်မီတီ ဆရာတွေက ဆုပေးပုံ အကြောင်းကို ရှင်းပြကြပါတယ်။ အဲသည်နှစ်က အလယ်တန်းဆင့်အတွက် ခေါင်းစဉ်က “လှည့်” ထားတဲ့အတွက်ကြောင့် ပြိုင်ပွဲဝင် ကျောင်းသားတွေက ခေါင်းစဉ်နဲ့ ကိုက်ညီအောင် မဖြေခဲ့ကြဘူးတဲ့။ သမားရိုးကျ နိဒါန်း စာကိုယ် နိဂုံးနဲ့ အာဇာနည်နေ့ အကြောင်း ရိုးရိုးရေးကြတာကိုး။ ခေါင်းစဉ်နဲ့ မကိုက်ညီလို့ အခု ပထမရသူကလွဲလို့ ကျန်တဲ့လူတွေဟာ ဒုတိယ တတိယ ဆုပေးဖို့အတွက် အံမ၀င်ဘူးလို့ ရှင်းပြကြတယ်။

ပန်ဒိုရာက စာစီစာကုံး ဖြေမယ့် စာမေးပွဲခန်းထဲမှာ အဲသည် ခေါင်းစဉ်ကို တွေ့တယ် ဆိုရင်ပဲ တမျိုးပါလားလို့ စိတ်ထဲ ထင်မိလိုက်တယ်။ ချက်ချင်း မရေးသေးပဲ စဉ်းစားတယ်။ မြင်ကွင်း ဆိုတာက ပါတာကိုး။ အာဇာနည်နေ့ တို့မမေ့ လည်းမဟုတ်ဘူး။ မမေ့နိုင်သော အာဇာနည်နေ့ လည်း မဟုတ်ဘူး။ ဒီတော့ အာဇာနည်နေ့ မြင်ကွင်းဆိုတာ ဘာကို ဆိုလိုတာပါလိမ့်။ တကယ် ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ဇူလိုင် ၁၉ အာဇာနည်နေ့ရဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ မြင်ကွင်း ဆိုတာကို ရေးရရင်လည်း ကိုယ်က အဲဒီမြင်ကွင်းကို တကယ် ကြုံတွေ့ခဲ့တာ မဟုတ်ဘူးလေ။ ဘယ်လိုလုပ်ပြီး မမေ့နိုင်ပါဘူးတွေ ဘာတွေ ရေးလို့ရမလဲ။ ဒါဆိုရင် အာဇာနည်နေ့ အခန်းအနားရဲ့ မြင်ကွင်းကို ပြောတာပဲ ဖြစ်မယ် လို့တွေးလိုက်တယ်။ သည်လို ဆိုပြန်တော့လည်း အခန်းအနား ကျင်းပပုံတွေကိုပဲ ရေးရရင် အာဇာနည်နေ့ရဲ့ အဓိက အချက်တွေ သမိုင်းတွေကို ဘယ်နေရာမှာ သွားရေးရမလဲ။

အချိန်ကလည်း ကန့်သတ်ထားတယ် ဆိုတော့ အဲသည်လို တွေးပြီးတဲ့အခါ ဇာတ်လမ်းတွေ ရေးရတာ အားသန်သူပီပီ ဇာတ်လမ်းဆင် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၀တ္တုဆန်နေလို့ ဘောင်ဝင်ပါ့မလားလို့တော့ ပူလိုက်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းစဉ်နဲ့ ကိုက်အောင် ရေးမှဖြစ်မယ်ပေါ့.။

နိဒါန်းကို အာဇာနည်နေ့ အခမ်းအနားတစ်ခု ကျင်းပနေပုံနဲ့ စလိုက်တယ်။ သီချင်းတွေဖွင့်ကြ ပန်းခွေတွေ ချကြ အလေးပြုကြပေါ့လေ။ ဇာတ်ကြောင်းပြန် (narrative) ဆန်ဆန် ရေးလိုက်တယ်။ ငြိမ်သက်နေတဲ့ အချိန်ကျမှ အတွေးတွေက ဗိုလ်ချုပ်အကြောင်းနဲ့ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းကို ရောက်သွားတယ်ပေါ့။

အဲသည်တော့မှ ဗိုလ်ချုပ်ရဲ့ ဘ၀သမိုင်းအကျဉ်းတို့ အဲဒီကာလက နိုင်ငံရေးအခြေအနေ သမိုင်းကြောင်းတို့ အာဇာနည်နေ့မှာ ဖြစ်ပျက်ခဲ့တာတွေတို့ကို (အလွတ်ကျက်ထားတာတွေ) ချရေးလိုက်တယ်။ အချက်အလက်တွေ ရေးစရာ နေရာရဖို့ ဆက်စပ်လိုက်တာပေါ့။ ဒါတွေပြီးတော့မှ ကိုယ့်စိတ်က အခမ်းအနားမှာ ပြန်လည်လာပြီး ၀မ်းပမ်းတနည်း မျက်ရည်တွေဘာတွေကျလို့ ဗိုလ်ချုပ်ကို တိုင်တည်ပြီး သန္နိဌာန်တွေဘာတွေ ချခဲ့ပါတယ်ဆိုပြီး နိဂုံးချုပ်လိုက်တယ်။ (ငယ်ငယ်ကတည်းက ပလီစိချောက်ချက်တွေ တတ်တယ်လို့တော့ မထင်နဲ့ဦး။)

အကဲဖြတ်တဲ့ ဆရာတွေက ခေတ်မီတဲ့အတွေးနဲ့ ပျောင်းလွယ်ပြင်လွယ် ရှိလို့ပဲလား။ တခြားဘယ်သူမှ သည်လိုမရေးတဲ့အတွက် ထူးထူးခြားခြား ဖြစ်နေလို့ပဲလား တော့ မသိပါဘူး။ ခေါင်းစဉ်နဲ့ ဆီလျော်အောင်ရေးတဲ့ အဲသည် တစ်ခုတည်းသော စာစီစာကုံးကိုပဲ မထမဆု ပေးလိုက်ကြတယ်။

ဘာပဲဖြစ်ဖြစ် ခေါင်းစဉ်က ကြောင်တော့ ကြောင်ပါတယ်လေ။ ကျောင်းသားတွေလည်း အတော်ကို ပွစိပွစိ ဖြစ်ကြပါတယ်။ အာဇာနည်နေ့မြင်ကွင်း ဆိုတာက အခမ်းအနား ကျင်းပပုံ ကိုပြောတာဆိုရင် နှစ်တိုင်းကျင်းပနေတာပဲ ဘာလို့ မမေ့နိုင် ဖြစ်ရမှာလဲ။ မမေ့နိုင်သော အာဇာနည်နေ့ လို့ပဲ ခေါင်းစဉ်ဖြစ်သင့်တယ် ဘာညာပေါ့လေ။

သည်ကနေ့ခေတ်ရဲ့ အာဇာနည်နေ့ အကြောင်းကို စဉ်းစားတော့ အဲသည်အဖြစ်ကလေးကို သတိတရနဲ့ ပြန်တွေးမိပုံက သည်လိုပါ။ အခုအချိန်မှာတော့ တကယ့်ကိုပဲ မမေ့နိုင်သော အာဇာနည်နေ့ မြင်ကွင်းတွေလို့ တခုတ်တရ ပြောနေရပြီပဲ။ နောင်လာနောက်သားတွေကို… ကလေးတို့ရေ .. ဟိုးတချိန်က အာဇာနည်နေ့ဆိုတာ ရှိခဲ့တယ်ကွယ်။ ကျောင်းတွေမှာ အာဇာနည်နေ့ အခမ်းအနားတွေဆိုရင် လွမ်းသူ့ပန်းခွေတွေ လုပ်ကြ အာဇာနည် ကျောက်တိုင် ရှိရာကို ချီတက်ကြပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုကြတယ်ကွဲ့။ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတို့ ဘာတို့လည်း ကျင်းပကြတာပေါ့ကွယ်။ အဲသည်လို မမေ့နိုင်တဲ့ အာဇာနည်နေ့ မြင်ကွင်းတွေ ရှိခဲ့တာပေါ့..။ သည်လိုမျိုး နောက်ပိုင်းမှာ ပုံပြင်ပြောသလို ရှင်းပြရတော့မယ် ထင်ပါရဲ့။

ပန်ဒိုရာ


Expand..

Tuesday, July 15, 2008

နှင်းတောထဲမှာ ၃ ဂဏန်းတခု ဂျစ်ဂျစ်ဂျစ်ဂျစ်နဲ့




မနှစ်က ဒီအချိန် ဒီပုံကလေးဆွဲပြီး သူ့ကိုပေးခဲ့တယ်။ သူ့ ဂျီတော့မှာ တင်ထားလေ့ရှိတဲ့ ပုံသေးသေးလေးက ၀တ်စုံလေးအတိုင်း မှန်းပြီး ဆွဲလိုက်တာပေါ့။ အဲဒီညက သူက ဘာတွေစိတ်ညစ်နေလဲ မသိပါဘူး။ သူ့ပုံဆိုပြီး ပေးလိုက်တော့ ကလေးတယောက်လို ပျော်သွားလေရဲ့။

သူ့စာတွေကို ဖတ်ရင် သူ့စိတ်ကို ခံစားနိုင်မယ်။ သူ့အရောင်အသွေးကို မြင်နိုင်မယ်။ ဇွတ်ဆန်သူ၊ မှန်တယ်ထင်ရင် နောက်မဆုတ်ချင်သူလို့ သူ့ကိုယ်သူ မြင်သေးတယ်။ အချိန်က စကားပြောလာလိမ့်မယ်။ ရိုးသားမှုက သူ့ရဲ့ကိုယ်ပိုင်အလှပဲ။ သူက နှင်းတွေကို ချစ်တယ်။ နှင်းဆိုတာက အေးမြတယ်။ ဖြူစင်တယ်။ ဆောင်းလေရူးတွေက မတည်မငြိမ် တိုက်ခတ်သွားမှာကိုတော့ စိုးမိသေးတယ်။

ဘလော့တွေထဲမှာ ကောက်ရခဲ့တဲ့ သံယောဇဉ်ကြိုးတွေထဲက တစ်မျှင်သော ကြိုးကလေးပေါ့။ သူပြောပြောနေတဲ့ ၃ ဂဏန်းတခု အခုတော့ ဂျစ်ဂျစ်ဂျစ်ဂျစ် နဲ့ တွန်းတိုက်လှုပ်ခတ်လာခဲ့ပြီ။ သူ့အတွက် အမြဲဝေနေတဲ့နှင်းတွေ ၂၀၀၈ ဇူလိုင် ၁၅ မှာလည်း ငြိမ်းချမ်းပျော်ရွှင်ပါစေ။



Expand..

Sunday, July 13, 2008

ပင်လယ်ကြီး


ပင်လယ်ကြီး

သားကောင်နောက် ပါးပျဉ်းထောင် လိုက်ပေါက်စဉ်က
ရှူးရှူးရှားရှား ထကြွခဲ့သလောက်
အခုတော့ အေးစက်စက်နဲ့ ခွေခေါက်နေလိုက်ပုံများ
သူပဲမဟုတ်ခဲ့သလိုလို..။


ပန်ဒိုရာ

Expand..

Thursday, July 10, 2008

ငတိ

ငတိ..
လေးစားစရာမလို
အရေးထားစရာမလို
ကလေးကလားခွေးပစ်တဲ့တုတ်
ကွယ်ရာမှာခေါ်တော့ ငတိ
ရှေ့တင်ခေါ်လည်း ငတိ။


ဆောင့်ကြောင့်ထိုင်တတ်လျှင်
ခြင်္သေ့ဖြစ်သူများ
ဟိန်းလိုက်ဟောက်လိုက် ထိပ်ပုတ်ခေါင်းပုတ်
ဟိုလိုလုပ် ဒီလိုလုပ်
ငတိလည်း ခေါင်းလေးတလှုပ်လှုပ်
ပါးပါးကလေး ပြုံးလို့
ပီတာဇော်မြင့်ပြုံးကလေးပြုံးလို့
ဂုရုကွေးပြုံးကလေးပြုံးလို့..။

သို့သော် ပရိဿတ် ကြပ်ကြပ်သတိ
ခေတ်ကမကောင်း အကြောင်းတိုက်ဆိုင်လာသော်
ငတိတကောင်တောင် စာတစောင်ပေတဖွဲ့ဖြစ်နိုင်၏ ။


ပန်ဒိုရာ

Expand..