Wednesday, September 26, 2007

ခြင်္သေ့

အခြေနေတွေကြားမှာ စိတ်အာရုံမရတာနဲ့ အချိန်မရတာနဲ့ စာအသစ်မရေးဖြစ်ပါဘူး။ ဆရာအောင်ဝေးရဲ့ ကဗျာတစ်ပုဒ်ကို ကြိုက်လွန်းလို့ ကူးယူဖော်ပြလိုက်ပါတယ်။ ကော်ပီရိုက် ချိုးဖောက်သလို ဖြစ်ရင် သက်ဆိုင်သူ ပိုင်ဆိုင်သူကို အနူးအညွတ် တောင်းပန်ပါတယ်။ ခွင့်လွှတ်နိုင်မယ်လို့ ယူဆပါတယ်။


ခြင်္သေ့

တောသုံးတောင်သို့အ၀င်မှာ
ခြင်္သေ့ဟာ
သမင်မမျက်လုံးကို
ပခုံးပေါ်ပစ်တင်လိုက်တယ်။

ဒီကောင်လွမ်းခဲ့ပါတယ်
ညီမလေးရယ်။

ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါ။

ကန္တာရမဆန်ပါဘူး
ငါ ဒဏ်ရာရခဲ့တာပါ။

ညညတွေမှာ
မျက်ရည်နဲ့ငါ့ကိုသိပ်လေ
မြေ၀သုန်ရေ…
လင်းယုန်ငှက်တွေ
ငါဂုဏ်ပြုပါရဲ့။

ကောင်းကင်အိပ်ယာမှာ
ငါမအိပ်ချင်ပါဘူး။

လရောင်တွေကို
ငါမမေ့ချင်ပါဘူး။

ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ခေါ်သံ
ငါကြားနေရဦးမယ်။

ကွဲကြေတဲ့အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ဟုတ်ပေလိမ့်မယ်။

ရာဇ၀င်အုတ်ဂူမှာ
မြှုပ်ကူသူမရှိ
လွမ်းသူ့ပန်းခွေချမယ့်လူမရှိ
ညီမလေးရယ်…
မရှိခြင်းတွေပဲ
ဒီကောင့်ဘ၀လေ။

ဗျာပါဒနှင်းဆီရေ
နေရစ်ပေတော့။

ပြီးပါပြီ -
ဆည်းဆာရီမှောင်
အနောက်တောင်မှာ
ဒီကောင်
ခြင်္သေ့ယောင်ဆောင်တဲ့တိမ်တွေ
တညနေလုံးထိုင်ကြည့်ခဲ့တယ်

အောင်ဝေး
ဟန်သစ်မဂ္ဂဇင်း ဇွန်လ ၁၉၉၄

Expand..

Friday, September 21, 2007

လူအများအပြားကို အီးမေးလ် ပို့ခြင်းနှင့် ပတ်သက်၍

လူအများအပြားကို အီးမေးလ် ပို့ခြင်းနှင့် ပတ်သက်၍

တနေ့တနေ့ အီးမေးလ်ဖွင့်လိုက်တိုင်း သတိထားမိတာလေး တစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ mass emailing လို့ခေါ်တဲ့ လူအများအပြားကို အုပ်စုလိုက် ပို့တဲ့ အီးမေးလ်တွေ အကြောင်းပါပဲ။

လူဆိုတာ ကိုယ်သိတာလေး သဘောကျတာလေးတွေကို ရခဲ့ရင် သူငယ်ချင်း အပေါင်းအသင်းကို ဝေမျှချင်ကြပါတယ်။ သဘောကျတဲ့ ကာတွန်း ဓာတ်ပုံ စာ စသည်ဖြင့် ရတဲ့အခါ နီးစပ်ရာကို ပို့ချင်တတ်ကြပါတယ်။ တချို့ ဝေမျှတဲ့ အီးမေးလ်တွေကတော့ ရွှေပေလွှာလို့ခေါ်တဲ့ ဆက်ပို့ရင် ဘာဖြစ်ညာဖြစ် မပို့ရင် ဘာဖြစ်ညာဖြစ် အမျိုးအစားတွေ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဖတ်လို့ကောင်းတဲ့ အတွေးအမြင်စာတန်းလေးတွေ ရုပ်ပုံလှလှလေးတွေနဲ့ အတူ ပါလာတတ်ပါတယ်။ (ပန်ဒိုရာကတော့ fwd ဆိုတဲ့ subject နဲ့ အစချီတဲ့ အီးမေးလ်တွေထဲမှာ အဲဒီလို ရွှေပေလွှာ တွေပါလာရင် ဆက်မဖတ်ပဲ ချက်ချင်း ဖျက်ပစ်တတ်တဲ့ အကျင့်ဆိုးကလေး ရှိပါတယ်။) တချို့ ဝေမျှတဲ့အီးမေးလ်တွေကတော့ တကယ်ကို သိသင့်သိထိုက် အရေးကြီးတဲ့ သတင်းအချက်အလက်များ ဖြစ်ကြပါတယ်။

အားလုံးသိတဲ့အတိုင်း အီးမေးလ်တိုင်းမှာ to လို့ ကိုပို့ချင်သူကို ဦးတည်ထားပြီး ပို့တာရယ် cc ဆိုပြီးကိုယ့်ကို ဘေးက ကော်ပီပို့တာရယ် bcc ဆိုတဲ့ ကိုယ့်အီးမေးလ် လိပ်စာကို မမြင်ရတဲ့ ကော်ပီ ပို့တာရယ်လို့ သုံးမျိုး ပို့လို့ရပါတယ်။ အီးမေးလ် တစ်ခုကို မပို့ခင်မှာ ဒီအီးမေးလ်ဟာ ဘာအမျိုးအစားလဲ ဘယ်သူ့ကိုပို့မှာလဲ ဘယ်လိုပို့မှာလဲ ဆိုတာ သေသေချာချာ မစဉ်းစားမိခဲ့ကြဘူး ဆိုရင်ဖြင့် မှတ်သားဖူးသော စည်းကလေးများကို အောက်ပါအတိုင်းဝေမျှလိုက်ပါတယ်။

အပို့ခံရသူရဲ့ အီးမေးလ်လိပ်စာ အချင်းချင်းမြင်ရတဲ့ နည်းလမ်းများ (to, cc) နဲ့ ပို့တဲ့အခါ အဲဒီလူများဟာ အချင်းချင်းသိတဲ့လူများဟုတ်မဟုတ် စဉ်းစားသင့်ပါတယ်။ မသိကြပါက -

- ကိုယ်မသိသူတွေ အချင်းချင်းလိပ်စာတွေမြင်နေရတာ တချို့လူများအတွက် စိတ်မသက်မသာ ဖြစ်စေပါတယ်။ တချို့က ကိုယ့်အီးမေးလ် လိပ်စာကို ကိုယ်ပေးချင်တဲ့လူကိုမှ ပေးချင်တာပါ။

- တဆင့်တဆင့်ပို့ကြရင်းနဲ့ တခါတခါ ပို့တဲ့လူက ကိုယ်မသိတဲ့လူ ဖြစ်နေရင် ကိုယ့်အီးမေးလ် ဘယ်ကရပါလိမ့်လို့ ထိတ်လန့်နိုင်ပါတယ်။

- အရေးကြီးသလို sensitive ဖြစ်သော အီးမေးလ်များ ပို့တဲ့အခါ ပေါက်ကြားနိုင်ပါတယ်။ တပြုံလုံးအီးမေးလ်တွေ အတွဲလိုက် လုံခြုံရေးအတွက် အန္တရာယ်ရှိပါတယ်။

လုပ်ငန်းခွင်တွေမှာတော့ l လူအများကို အီးမေးလ် (
mass email) ပို့တဲ့အခါ privacy, security နဲ့ ethic အတွက် ဒီလိုလုပ်လေ့ရှိပါတယ်။

၁) ကိုယ့်အီးမေးလ် လိပ်စာကို ပဲ to မှာ ပို့ပါတယ်။
၂) ကိုယ်ပို့ချင်သူများကို bcc မှာထည့်ပါတယ်
၃) ဒီလိပ်စာကို ဘယ်လိုရကြောင်းပြောပါတယ်။ (များသောအားဖြင့် အီးမေးလ်ရဲ့ အောက်ခြေမှာ စာကြောင်းတစ်ကြောင်းထည့်ပါတယ်။)
၎) ဒီလိုအီးမေးလ်မျိုး နောက်နောက် လက်ခံမရချင်ရင် ကျေးဇူးပြုပြီး ပြန်ပြောပါလို့ သူ့အတွက် ထွက်နိုင်ခွင့် opt out option ပေးပါတယ်။ (များသောအားဖြင့် အီးမေးလ်ရဲ့ အောက်ခြေမှာ စာကြောင်းတစ်ကြောင်းထည့်ပါတယ်။)

(လူတပြုံကြီး နာမည်ပါပြီးသား အီးမေးလ်ကို forward လုပ်ရရင်လည်း လိုအပ်ပါက ရှေ့ကလိပ်စာတွေကို ဖျက်ပစ်နိုင်ပါတယ်။ )

နမူနာလေး ပြရမယ်ဆို ဒီလိုပါ။ ရွှေပေလွှာပဲ ဆိုကြပါစို့။

-----------------
Fwd: fw: fwd: Fwd: Forwarding : ဖတ်ဖြစ်အောင်ဖတ်စေချင်။ အရေးကြီး။ အရင်လို။ တကယ်ပါ။ ဘုရားစူး။ မိုးကြိုးပွတ်။
From: pandorablurblurblur@yahoo.com
To: pandorablurblurblur@yahoo.com
Cc:
Bcc: (မှတ်ချက်။ ဒီထဲက အီးမေးလ် လိပ်စာတွေ မမြင်ရပါ။)

---------- Forwarded message ----------

---------- Forwarded message ----------

---------- Forwarded message ----------

---------- Forwarded message ----------

အထူးဂါထာတော်။ “ဘာညာသာရကာနေကြာကွာစိ။ ဂနာဟိ။”

ဤဂါထာကြီး ကို ၇ ရက်သားသမီး ၇ယောက်ကို ၇ မိနစ်အတွင်း ဆက်မပို့က ကွန်ပြူတာကို ဗိုင်းရပ်စ်ဝင်ြခင်း၊ ရုံးမှာ ချက်တင်(chatting) လုပ်နေတုန်း စူပါဗိုက်ဆာနှင့် ပက်ပင်းတိုးခြင်း၊ ရေအိမ်ထဲတွင် တစ်ရှုးပေပါ ကုန်နေခြင်း စသော ဘေးဆိုးများ ကြုံလတ္တံ့ ။ ဆက်လက်ဝေမျှပါက ဂေါ်မစွံလူပျိုကြီးများ ချက်(chat) ထဲတွင် အီစီကလီ တွေ့လတ္တံ့၊ အင်တာနက်ဝင်နေစဉ် သင်ကံထူးရှင်ဖြစ်ကြောင်း ပေါ့ပ်အပ်များ ပေါ်လာလတ္တံ့။

(သင့်အီးမေးလ် လိပ်စာကို သင်၏ secret admirer မှတဆင့် ရခဲ့ပါသည်။ နောက်နောင်ဒီလို အီးမေးလ်မျိုး လက်ခံမရရှိချင်ပါက “တော်တော့နော်၊ ပို့နဲ့တော့” ဟု subject တွင်ရေးပြီး ယခုပို့သူထံ ပြန်ပို့ပေးပါ။)

Note: forwarded message attached.
Yahoo! Answers - Check it out.
------------------


မိမိဝေမျှချင်တဲ့ သတင်းအချက်အလက် အမျိုးအစားရဲ့ sensitive ဖြစ်တာမဖြစ်တာ security လိုအပ်တာမလိုအပ်တာမှာ မူတည်ပြီး စဉ်းစားနိုင်ကြစေရန် ဖြစ်ပါတယ်။

Expand..

Wednesday, September 19, 2007

သိုက်မြုံကိုခွာရတဲ့ သိင်္ဂါရငှက်တို့အကြောင်း

သိုက်မြုံကိုခွာရတဲ့ သိင်္ဂါရငှက်တို့အကြောင်း

ယဉ်ကျေးသိမ်မွေ့တဲ့ အသည်းနှလုံးတွေဟာ
ကြင်နာတတ်တဲ့ ရင်ခွင်မှာသာ တည်သင့်တယ်
ကံကြမ္မာက ဗိုလ်ကျချင်သူတစ်စုကို
အနှစ်လေးဆယ်ကျော် ဖေးမနေခဲ့တယ်
အဲဒီကစ အလွဲကြီးလွဲခဲ့တယ်..
တကယ်တော့ ကဗျာရေးဖို့ မွေးဖွားလာခဲ့
တေးချင်းတွေသာ သီကျုးချင်ခဲ့
ခေါင်းလောင်းသံတွေလှတဲ့ မြကျွန်းမှာသာပျော်မွေ့ချင်ခဲ့
နူးညံ့သူမို့ ကဗျာကိုမြင်တယ်
ကဗျာကိုမြင်သူမို့ ရိုးသားမှုကိုမြင်တယ်
ရိုးသားမှုကိုမြင်သူမို့ အမှန်တရားကိုမြင်တယ်
ခေါင်းလောင်းသံတွေ အက်ကွဲလို့
အနှစ်မဲ့လာတဲ့ ဒီတောအုပ်ထဲ
ဆူးပင်တွေ တောထ မင်းမူ နေတာ မြင်မိတော့
ကဗျာတေးသီသံ မချိုနိုင်တော့ဘူး
သားသတ်သမားရှေ့ လည်စင်းပေးတဲ့အထိလည်း
မယဉ်ကျေးနိုင်တော့ဘူး
ချွေးစက်တောက်တောက်နဲ့
မျက်ရည်ပေါက်ကြီးငယ်တွေ
လှိုင်းတံပိုးထလို့ အုံကြွ
ရဲရဲပွက် အိုင်ထွန်းသွားရတဲ့အခါ
နူးညံ့တဲ့အရေခွံကိုခွာချဖို့
ခေတ်က တောင်းဆိုလာတယ်
အကြေးခွံမာတစ်ခုကို တင်းတင်းပတ်လိုက်တော့
အခုအချိန်အထိ အမေနဲ့ မတွေ့ရတော့ဘူး
ညီမလေးနဲ့ မတွေ့ရတော့ဘူး
သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး
ချစ်သူနဲ့ မ တွေ့ ရ တော့ ဘူး
မ - တွေ့ - ရ - တော့ - ဘူး
...... ပြီးရင် ပြန်လာခဲ့နော် ..တဲ့
ထုံးဖြူဖြူစေတီတွေက
ဆည်းလည်းသံတချွင်ချွင်ရယ်
သနပ်ခါးနံ့သင်းသင်းရယ်
သူချစ်တဲ့ ၀ါထိန်ထိန်ပိတောက်တွေရယ်
ပိုင်ရှင်မဲ့ဂစ်တာအိုတစ်လက်ရယ်
နူးညံ့တဲ့ ကလောင်တစ်ချောင်းရယ်
စောင့် နေ တုန်း ကွယ်..။

ပန်ဒိုရာ

(သူတို့တွေအတွက် ခံစားရေးဖွဲ့မိပါသည်။)

Expand..

Tuesday, September 18, 2007

အခြေခံယုတ္တိဗေဒအလွဲ

အခြေခံယုတ္တိဗေဒ အလွဲ

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် မောင်ဖြူ၏ လုပ်ရပ်သည် သင့်တော်၏။
လေ့လာသူ = ဟင်.. ဘာမှလည်းမဆိုင်ဘူး။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် သင့်တော်သောလုပ်ရပ် ဟူသည် လောက၌မရှိ။
လေ့လာသူ = ဘုရား ဘုရား။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည်မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ လူတိုင်း မသင့်တော်တာ လုပ်ကြစို့။
လေ့လာသူ = ကယ်တော်မူကြပါ။

Expand..

Sunday, September 16, 2007

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

ဒီပို့စ် ဟာ ပို့စ် ၁၀၀ မြောက် ဖြစ်ပါတယ်။ ပို့စ် ၁၀၀ မြောက်မှာ ဘာရေးမလဲ စဉ်းစားလိုက်တော့ ကိုယ့်အကြောင်းပဲ ကိုယ်ရေးချင်နေပါလား။ တကယ်တော့ လူတွေဟာ ကိုယ့်အကြောင်းပဲ ကိုယ်စဉ်းစား၊ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ချင်ကြသူတွေချည်းပဲလို့ ထင်မိတယ်။ တစ်ခုပဲ။ ကိုယ့်အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ အေးအေးချမ်းချမ်း လုပ်ချင်တယ်။ ပွင့်ပွင့်လင်းလင်း လုပ်ချင်တယ်။ အဲဒါလေးပါ။ တချို့လူတွေအတွက်ကျတော့ အဲဒါလေး ဆိုတာကလည်း.. အဲဒါလေး ဆိုတာကိုတောင် .. အင်း….။

အခု စက်တင်ဘာလ တဲ့။ မြန်မာပြည်မှာဆို မိုးအကုန် ဆောင်းအကူးကို မကြာခင် ရောက်လုပေါ့။ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ နှင်းငွေ့တထောင့် မိုးတမှောင့် ကို သတိရလာတယ်။ နေမင်းကြီးကိုတောင် ရောင်ဝါမထွန်း ချမ်းရှာလွန်း၍ ဆိုတဲ့ မဲဇာတောင်ခြေရတုက အဖွဲ့ကလေးတွေကို သတိရလာတယ်။ မြောက်လေအပြန် ဟေမာန်ဆောင်းရာသီ တဲ့။ အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ရာသီ တဲ့။ ဆောင်းအမီ သီချင်းကို သတိရလာတယ်။ သတိရစရာတွေကတော့ အများကြီးပဲ။ ရင်ထဲကို ဆောင်းရာသီ ရောက်လာတယ်။ ဆောင်းနဲ့ပတ်သက်လို့ ဒီကဗျာတိုလေး တစ်ပုဒ်တော့ ရေးခဲ့ဖူးတယ်။

“Winter”
Yes, it comes and goes.
But .....
.......
.......
it snows.

ဆောင်း.. မြန်မာပြည်ကဆောင်း.. ရာသီသုံးမျိုးရှိတဲ့ ချစ်စရာ့ အမိမြေမှာ ကိုယ်ကြုံဖူးတဲ့ ဆောင်းဟာလေ snow လို့ခေါ်တဲ့နှင်းပွင့်တွေ အဖတ်အဖတ်ကျ ခြေဖျားလက်ဖျားတွေ အေးခိုက်ကျင်ခဲနေအောင် ဆောင်းပီတဲ့ ဆောင်းရင့်ရင့်တော့ မဟုတ်ဘူးကွယ်။ မနက်လင်းရင် မြူတွေဝေ့လို့ နှင်းစက်လေးတွေက မြက်ပင်အဖျားမှာ သီးလို့ ရောင်စုံပန်းကလေးတွေ လန်းလို့ မြမြကလေး ချမ်းတဲ့ဆောင်း။ ဆောင်းဖြစ်ရုံလေး ဆောင်းတဲ့ ဆောင်း။ ကဗျာဆန်တဲ့ ဆောင်း ပေါ့..။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလတစ်ခုကတော့ ချမ်းချမ်းစီးစီး ဒီဇင်ဘာလရဲ့ နံနက်ခင်းတစ်ခုမှာ အားကစားစွပ်ကျယ်လက်ပြတ်လေး ၀တ်ထားတဲ့ ကလေးမလေး တစ်ယောက်ဟာ ထိုင်ခုံရှည်တစ်ခုပေါ်မှာ ခိုက်ခိုက်တုန်နေတယ်။ … သမီးက လူကောင်လေးသေးတယ်။ အရန်ထဲမှာပဲ ပါနော် … တဲ့။ အတန်းဖော်တွေနဲ့ ယှဉ်ရပ်ရင် သူတို့နားရွက်ကျော်ကျော် လောက်ပဲ ရှိပြီး သေးကွေးပါးလျတဲ့ သူ့ခန္ဓာကိုယ်လေးကို အားမရစွာကြည့်ရင်း စိတ်စောနေရှာတယ်။ အနွေးထည်ဝတ်ထားရင် သူ့ကိုခံနိုင်ရည်မရှိ အားနည်းတယ် ထင်ကြမှာစိုးလို့တဲ့။ အကျီလက်ပြတ်ကလေးနဲ့ အားတင်းနေပြီး အုပ်ချုပ်သူဆရာကိုသာ မျက်လုံးချင်းဆိုင်အောင် လိုက်ကြည့်နေတော့တာပဲ။ ဟော.. လူစားလဲမယ်တဲ့။ ခေါင်းကိုမော့ထားမိတယ်။ သူ မပါရပြန်ဘူး။ အဲဒီလို ဆောင်းနံနက်ခင်းမှာ လက်ဖ၀ါးတွေ ရဲနေအောင် တီးလိုက်ရတဲ့ လက်ခုပ်သံတွေရယ်.. အသံတွေပြာဝင်သွားအောင် အော်ဟစ်ခဲ့ရတဲ့ ဟစ်ကြွေးသံတွေရယ်.. ကိုယ်တိုင် တစ်စက်မှ လှုပ်ရှားခွင့်မရလိုက်ပဲ အောင်ပွဲခံသွားတဲ့ အားကစားအသင်း တစ်ခုရယ်.. ။

ရာသီစက်ဝိုင်းကတော့ တစ်ပတ်ပြီး တစ်ပတ် လည်နေတာပဲလေ။ ဆောင်းရယ် နှင်းရယ် အေးမြတာ သန့်စင်တာချင်းရယ် သူရယ် အတူတူပါပဲကွယ် ဆိုတဲ့ နှင်း။ နှင်းကလေးတွေမှ ဟုတ်ရဲ့လားလို့ သံသယတောအလယ် မောရတဲ့ နှင်း။ အဲဒီ နှင်းတွေကတော့ တက္ကသိုလ်မှာ တကယ့်ကို ဝေခဲ့ဖူးတယ်နော်။ နေရောင်လာတော့ နှစ်သိမ့်ရုံလေး ဝေနေတဲ့ နှင်းတွေ ကသုတ်ကယက် နှုတ်ဆက်ပြေးခဲ့။ ဆောင်းတွင်းအိပ်မက်တွေရယ် မနိုးချင်လည်း နိုးခဲ့ရတယ်။ မလင်းစေချင်လည်း နေ့ရောက်ပြီမို့ နေရောင်လင်းလင်းအောက် ဆက်လျှောက်… တဲ့….။

အခု ကိုယ်ရောက်နေတဲ့ နေရာလေးတစ်ခုမှာဖြင့် ဆောင်းလည်း မရှိပါလားကွယ်။ ညစ်ညမ်းမီးခိုး မဟုတ်တဲ့ မြူသန့်သန့်တွေ ဘယ်မှာလဲ။ မြောက်ပြန်လေရှရှ ဘယ်မှာလဲ။ သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့ နှင်းရည်စက်တွေ ဘယ်မှာလဲ… ဟင်။ လှပတဲ့ တိုက်တာတွေ ခန်းနားတဲ့ အဆောင်အယောင်တွေ ပြည့်နှက်နေတဲ့ ဒီနေရာမှာ တနှစ်ပတ်လုံး တသမတ်ထဲ ရာသီဥတု ဖြစ်လို့ ဆောင်းစိမ့်စိမ့်ကလေးကို ရှာဖွေမတွေ့ဖြစ်ခဲ့တယ်။

ဒီတော့လည်း စိတ်ကူးထဲက ကဗျာမပီ စာမပီတွေရယ် နှင်းတွေလို သိပ်သိပ်ဖွဲဖွဲ သွန်းချမိပြန်တယ်။ နှင်းနှင်းချင်းမို့ နှင်းတွေကို ထွင်းဖောက်မြင်လေရော့သလား။(ကို) နှင်းခါးမိုး ကတော့ ဒီနေရာမှာ ဒီလိုမှတ်ချက်ချခဲ့တယ်။

“ရေးသူက ပြောမလို ပြောမလိုလုပ်ပြီးမှ ဘာကို ၀ှက်ဝှက်သွားတာလဲ။ ဘာ့ကြောင့်လဲ။

တခါတခါကျတော့လည်း နှင်းတွေမှုန်ဝေနေတာ နေရောင်လင်းလင်းထက် မနက်ခင်းကို ပိုလှစေတယ်မဟုတ်လား။

နှင်းရည်စက်လက်နဲ့ ပုရစ်ဖူးကလေးတွေ ကဗျာရေးသူရဲ့ ရှင်သန်နေတဲ့မျှော်လင့်ချက်၊ မျှော်လင့်ချက်ရဲ့ ရှင်သန်ခြင်းထဲမှာ လူးလွန့်နိုးထလာမယ်လို့ ယုံမိတယ်။ ကြည်လင် လန်းဆန်းပါစေ။”


ဖျော့တော့တဲ့ ဆောင်းတစ်ခုကဖြင့် မနက်ခင်းကို အလှဆင်ဖို့ နှင်းမှုန်ဝေပေးမိတာလား။ ကြည်လင်လန်းဆန်းခွင့် မရသေးလို့လည်း ၀ှက်ထားမိတာလား။ ဒီကဗျာနဲ့ မှုန်ဝါးဝါး ဖွင့်ဆိုမိပြန်တယ်။

နှင်းရည်စက်လက်နဲ့ပုရစ်ဖူးလေး

ပွင့်လင်းခွင့်မရသေးဘူး
မျက်တောင်မှေးစင်းစင်းနဲ့
ချမ်းချမ်းမြမြ မနက်ခင်းရယ်
မြောက်ပြန်လေအဝှေ့ ယိမ်းကနေတဲ့
ဆောင်းငွေ့တွေကရီရီဝေေ၀
မရဲတရဲအလှနဲ့ ၀ိုးတ၀ါးပြုံးနေရှာတယ်
တိမ်တိုက်တွေကသနားလို့ထင့်
နေလုံးကြီးကိုအားတင်းဝှက်ကာပေးတယ်
အခြေအနေတွေရယ်
အချိန်အခါတွေရယ်
သက်ပြင်းထဲတောင် မြူတွေဆိုင်းလို့
အမြင်အာရုံမရှင်းမလင်းကြား
ပြာပြာအက်အက် ခိုက်ခိုက်တုန်နေ
အဲဒါ သက်သက်ကလေး ခါးနေတဲ့ ဆောင်းဦး ပေါ့
ပွင့်လိုက်တော့ ပွင့်လိုက်တော့..တဲ့
ပန်းပွင့်ရောင်စုံတွေက ခေါင်းထောင်လို့
နှင်းပွင့်လေးတွေ ကတော့ ဖူးဖူးငုံနေဆဲ။


ပန်ဒိုရာ


(အဉ္ဖလီ က ဆောင်းရာသီ အကြောင်းရေးပါလို့ တက်ဂ်ထားခဲ့တယ်။ အဲဒါကို ရေးတယ်လို့ပဲ သဘောထားချင်လည်း ထားလိုက်တော့နော်။)

Expand..

Thursday, September 13, 2007

ဘေးလူ - ၃

ဘေးလူ - ၃

လေပြင်းမုန်တိုင်းတွေတိုက်လို့
အားလုံးလဲပြိုယိမ်းထိုး
ဆူဆူညံညံပြေးကြလွှားကြ
ချောင်မှာတိတ်တိတ်လေးကုပ်နေတဲ့
ပုလွေဆရာရယ်လေ
ပြန့်ကျဲနေတဲ့ ၀ါးလုံးတွေကိုကြည့်လိုက်
သက်ပြင်းချလိုက်နဲ့
နူးညံ့တဲ့ဆံခွေတွေရယ်
ပျော့ပြောင်းတဲ့လက်ချောင်းတွေရယ်ကလွဲလို့
ဘာမှ မပိုင်ဆိုင်သူပါ
မီးရောင်အောက်မှာ မဖျော်ဖြေတတ်
ကျယ်ကျယ်လောင်လောင် တေးသီရမှာရှက်သူပါ
နောက်တော့ သူခဏပျောက်သွားတယ်
ပီတိတွေတထမ်းကြီးနဲ့ ပြန်လာတယ်
“အရေးကြီးချိန်ဘယ်ရောက်သွားလဲ”
အားလုံးဝိုင်းအပြစ်တင်ကြ
အဲဒီမှာ
ဝါးလုံးလေးတွေ စီစီရီရီ
ကြိုးလေးခိုင်ခိုင်စည်းထားတဲ့
အဆန်းတကြယ်တူရိယာကိုကမ်းပေးလိုက်တယ်
ဆင်ဖိုနီတေးသွားတွေ ညီညီညာညာ
အလိုအလျောက်ထွက်ကျလာ
အားလုံးအံ့သြငေးမောကြခိုက်
သူဟာ တိတ်တိတ်လေးပြုံးလို့ လှည့်ထွက်သွားပြန်တယ်။



ပန်ဒိုရာ



ဘေးလူ - ၁ နဲ့ - ၂ က ဒီမှာ နဲ့ ဒီမှာ ပါ။


Expand..

Wednesday, September 12, 2007

ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။



ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။

လုံးဝ
လေတယ်
စိတ်တိုင်းကိုမကျ
လောကပါလခံတွင်းချဉ်လွန်း
သူတို့အားလုံး သိမ်းကျုံးလို့အမှုန့်ခြေမွ
ငါ့ ဒေါသတွေနဲ့ ခပ်တင်းတင်း တစ်ပတ်ပတ်လို့
ရင်ဘတ်ထဲထိ ခပ်ပြင်းပြင်း တအား ရှိုက်ဖွာပစ်လိုက်ချင်
ပရိုမီးသီးယပ်စ်* ရေ...... မီးလေးတစ်တို့လောက်ပေးပါကွယ်။

ပန်ဒိုရာ

*Prometheus

Expand..

Tuesday, September 11, 2007

ထင်တာတွေ...

ထင်တာတွေ လျှောက်မပြောနဲ့
ထင်တာတွေ ပြောထွက်ရမယ်
ထင်တာတွေ ပြောရင် ထိန်းချုပ်ပါ
ထင်တာတွေ ပြောရင် မထိန်းချုပ်နဲ့
ထင်တာတွေ ပြောဖို့ ၀န်လေးတယ်
ထင်တာတွေ ပြောဖို့ ၀န်မလေးဘူး
ထင်တာတွေ ပြောနိုင်တာ တူညီမှု
ထင်တာတွေ ပြောနိုင်တာ ကွဲပြားမှု
ထင်တာတွေ ပြောဖို့ အများကိုညှိနှိုင်းပါ
ထင်တာတွေ ပြောဖို့ သီးသန့်ဆန်ပါ
ထင်တာတွေ ပြောတာ စည်းကမ်းမဲ့မှု
ထင်တာတွေ ပြောတာ လွတ်လပ်မှု
ထင်တာတွေ ပြောတာ တာဝန်
ထင်တာတွေ ပြောတာ အခွင့်အရေး
ထင်တာတွေ...

ပန်ဒိုရာ

Expand..

Monday, September 10, 2007

အစွန်းများ



အစွန်းများ

မောင်ဖြူသည် တောင်အရပ်တွင် နေ၏။
မောင်မဲသည် မြောက်အရပ်တွင် နေ၏။
မောင်နီသည် အလယ်အရပ်တွင် နေ၏။
မောင်နီသည် တောင်အရပ်တွင်နေသည်ဟု မောင်မဲကဆို၏။
မောင်နီသည် မြောက်အရပ်တွင်နေသည်ဟု မောင်ဖြူကဆို၏။
မောင်ဖြူသည် တောင်ဘက်ကျလွန်းသည်ဟု မောင်မဲကဆို၏။
မောင်မဲသည် မြောက်ဘက်ကျလွန်းသည်ဟု မောင်ဖြူကဆို၏။
မောင်နီသည် အလယ်တည့်တည့်ကျလွန်းသည်ဟု သူ့ကိုယ်သူဆို၏။
ကျွန်ုပ်က ထိုအဆိုအားလုံးကို ထောက်ခံခဲ့၏။
ကျွန်ုပ်ကို ပြောင်းလွယ်ပြင်လွယ် ရှိလွန်းသည်ဟု သူတို့ကဆိုကြ၏။

ပန်ဒိုရာ

Expand..

Sunday, September 9, 2007

တက်စလာ မှတ်တိုင်တစ်ခုကို ခလုတ်တိုက်ခြင်း

ဟေ့ မောင်တက် … ဒီမှာ မအားတဲ့ကြားထဲက မင်းကြိုက်တတ်တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ မွေးနေ့လက်ဆောင်ပေးမယ်ကွာ။


တက်စလာ မှတ်တိုင်တစ်ခုကို ခလုတ်တိုက်ခြင်း

ရထားဆိုလား ခရီးဆိုလား တိုက်ပွဲဆိုလား
နှိုင်းချင်တာနှိုင်း
နေမင်းကြီးကအရှေ့ကထွက်ပြီး အနောက်က၀င်တယ်
မြစ်တွေက မြင့်ရာကနေ နိမ့်ရာကိုစီးတယ်
လူတွေက အရှေ့ အနောက် အမြင့် အနိမ့် ဆိုတာတွေ လိုက်သတ်မှတ်တယ်
နေကလည်း ၀င်လိုက် ထွက်လိုက်
မြစ်တွေလည်း စီးလိုက် ဆင်းလိုက်
မိုးကုတ်စက်ဝိုင်းဆိုတာဆီ ရောက်အောင်လျှောက်မယ်
ရောက်ခဲ့ရင် ၁၈၀ ဒီဂရီ စောင်းအောင် ဆွဲလှည့်ဖို့ကြုံးဝါးတယ်
မှတ်တိုင်တွေ လမ်းမှာ စိုက် စိုက် စိုက်
(အဲဒီခဏ)
ကောင်မလေးတစ်ယောက် ကဗျာထဲ ထည့်ထည့်ရေးတဲ့
ကြောက်စရာ ချစ်စရာ ဂဏန်းတစ်လုံးနဲ့ ရင်ဆိုင်တွေ့တော့
ဝုန်း ….


ပန်ဒိုရာ

Expand..

Friday, September 7, 2007

ဒီမြို့ထဲရဲ့ အပြင်ဘက်မှာ

ဒီမြို့ထဲရဲ့ အပြင်ဘက်မှာ

ကိုမောင်ရင် ရဲ့ အားထုတ်မှုကို လေးစားသောအားဖြင့် ကွန်မန့်ရှည်ကြီးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ တခြားသူတွေလည်း စိတ်ဝင်စားခဲ့သည်ရှိသော် ကျော်မသွားပဲ ဖတ်ရှုနိုင်အောင်လို့ပါ။

အခုတလောတော့ ကိုမောင်ရင်ရဲ့ စာတွေကိုလည်း သွားဖတ် ဟိုရေးဒီရေး ကွန်မန့်မိသလို ကိုမောင်ရင်ကလည်း လာဖတ်ဖြစ်ပုံရပါတယ်။ အပြန်အလှန် ဘုတ် ကျီး ရိုသေနေကြတယ်လို့ ထင်လိုကလည်း ထင်နိုင်ပါတယ်။ ဘလော့ဂါတစ်ယောက် ရေးတဲ့စာ တစ်ယောက်က လွတ်လပ်စွာ ပွင့်လင်းစွာ ဝေဖန်ခံစားခြင်းဟာ တကယ်တော့ ဘလော့ဂ်ကပေးတဲ့ အနှစ်သာရ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက နားလည်မှုနဲ့ အပြုသဘောဆောင်မှုတွေပါပဲ။ ပြင်ပ အလုပ်တာဝန်တွေကြားမှာ ဘယ်သူမှ အချိန်အားရယ်လို့ မရနိုင်ကြတဲ့အတွက် ဒီလို အချိန်နောက်ထပ် ဘယ်လောက် ပေးနိုင်မလဲ မသိပါဘူး။ မောင်တိန် ပြောသလိုပြောရရင် ရာသီဥတုကောင်းပြီး လေကြောင်းသင့်နေတဲ့ အခိုက်အတန့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ရာသီဥတု သာယာနေတဲ့အခိုက် အချိန်ယူဖတ်ရှု ခံစားထားတာလေးကို ဝေမျှချင်ပါတယ်။ ကိုမောင်ရင် ရရှိချက်ဟာ ပန်ဒိုရာဆိုလိုချင်တာရဲ့ အနည်းဆုံး ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတာလည်း ပြောချင်ပါတယ်။
--------

ကဗျာအဖွင့်မှာ ဘိုင်ရွန် ဆန်သော မပျော်ရွှင်မှုဆိုတာနဲ့ စဖွင့် လိုက်တယ်ဆိုကထဲက ကဗျာရှင် နောက် တော်တော်လိုက်ယူရမယ်ဆိုတာ သဘောပေါက်လိုက်တယ်.. မြင့်တော့မြင့်တယ်.. ကဗျာအဖွဲ့ ထက်ပေးချင်တဲ့ Message ကိုပြောတာပါ..

၂ဝ ရာစုကို အလွှမ်းမိုးနိုင်ဆုံး အတွေးအခေါ်ပညာရှင်လို တင်စားတဲ့ ဘာ့(တ)ထရန် ရပ်ဆဲ(လ) နဲ့  ချီလာပြီ.. ဘိုင်ရွန်နဲ့ စဖွင့်လိုက် က ထဲက လူ့ အသိုင်းအ၀န်းတစ်ခုလုံးနဲ့ ဆိုင်တဲ့ ဒသနတွေ၊ စိတ်မတိုက်ဆိုင်စရာ အဖြစ်အပျက်တွေကို ပြောချင်နေတာတွေ ပါလာတော့မယ်လို့ တွက်လိုက်တယ်…(ဒီနေရာမှာ ဘိုင်ရွန်မပျော်ရွှင်မှုများ ရဲ့  ဖခင် ဘာ့(တ)ထရန် ရပ်ဆဲ(လ) ကိုတော့မိတ်ဆက်ပေးဖို့ လို မယ်မထင်ပါဘူး..) Nobel Prize in Literature in 1950 ပါ။ ဘိုင်ရွန်ဆန်သော မပျော်ရွှင်မှုကို ကဗျာရှင် ဘာကြောင့်သုံးထားပါသလဲ… စကားလုံးဖောင်းပွရုံသက်သက်ပဲလား.. ကြည့်ရအောင်..

ဒသနိက၀ါဒ ကို ချေပခဲ့ တဲ့ ဘာ့(တ)ထရန် ရပ်ဆဲ(လ) ရဲ့  လူမှု အသိုင်းအဝန်းမှာ ဒီမိုကရေစီကျကျ ပျော်ရွှင်မှုဆိုတာလူသားတစ်ဦးအနေ နဲ့ ရကိုရ ရမယ့်အရာ.. တိတိကျကျဆိုရရင် အောင်အောင်မြင်မြင်ကို ဆွတ်ခူးနိုင်ရမယ့်အရာဖြစ်တယ်လို့ ဆိုတယ်…

ဘာ့(တ)ထရန် ရပ်ဆဲ(လ) ရဲ့ ဂန်ဒဝင်The Conquest of Happiness ထဲမှာချပြခဲ့တဲ့ ဘိုင်ရွန်ဆန်သော မပျော်ရွှင်မှု Byronic unhappiness …က တော့

မရိုးဖြောင့်တဲ့ အတ္တ၀ါဒ ကို ရေသောက်မြစ် ခံထားပြီး အားလုံးမှားယွင်းနေရင်တော့ ကမ္ဘာကြီးကို စိတ်ကုန်နေလောက်အောင်မပျော်ရွှင်ခြင်းတွေ နဲ့  သာမွန်းကျပ်နွမ်းလျ နေလိမ့်မယ်… ဒါမှမဟုတ် ပညာဥာဏ် ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့သူ လိုမျိုး လဲ ဖြစ်ခွင့်  ရှိနေသေးတာပဲ.. ဒီနှစ်ခုအကြားမျှခြေ ရှာနိုင်ဖို့ လို အပ်တယ်..

ဒါပေမယ့် ရပ်ဆဲ(လ) က ဒီ ပျော်ရွှင်မှုကိုအောင်နိုင်ခြင်း ဆိုတာ ကို ဆင်းရဲမွဲတေမှု၊ အဆုံးစွန်ကျဆင်းမှု၊ စိတ်ဒါဏ်ရာစတဲ့ အခြေအနေတွေကို ကုစားဖို့  မစွမ်းတဲ့သူတွေ အတွက်ရေးခဲ့တာ တော့ မဟုတ်ဘူး။ အဖက်ဖက်က ပိတ်ဆို့ တိုက်ခိုက်မခံတဲ့ လူမျိုးတွေအတွက်သာရည်ရွယ်ခဲ့တယ်..

ဖြစ်တည်မှု အတွေးအခေါ်ပညာရှင်ကြီးတစ်ချို့  ရဲ့ အစာမကြေတဲ့ ရှုထောင့်တွေ လိုမျိုးပေါ့..

လူသားတွေရဲ့  ပြသနာ ၊ အဓိက ကတော့ သမားရိုးကျမှာပျင်းရိငြီးငွေ့ လာမှု၊ ဗလာခံစားမှု ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ လောင်းကစား လိုမျိုး စိတ်ကျေနပ်တဲ့ ခံစားမှုတစ်ခု ရဖို အလုပ်ဒါဏ်.. ဒါဏ်ပိမှု၊့ လိုချင်တာတွေ စိတ်ဝင်စားစရာတွေ များပြားလွန်းတာကရလာတဲ့ ဒါဏ် ၊ တစ်ခါတစ်လေမှာ သိပ်လိုအပ်လှတာလဲမဟုတ်ပဲနဲ့ လောဘတွေဇောတွေ ကြောင့် ပြန်ရလာတဲ့မပျော်ရွှင်မှု၊ နောက်တစ်ခါ မကောင်းမှု အပြစ် ကို သိနေမှု…ကြောင့် ရလာတဲ့မပျော်ရွှင်မှု… မှုမမှန်စိတ္တဇ တွေနဲ့  လူ့ အသိုင်းအ၀န်းတစ်ခုလုံးကျဆုံးမှု၊

နောက်ကြောင်းခင်းပြနေတာနဲ့ ရှည်သွားပါပြီ။ ဒါပေမယ့် ကဗျာတစ်ခုလုံးရဲ့ အသက်လို့ ခံစားရလို့ ဒီ နောက်ကြောင်းကိုသိထားမှရပါမယ်..မဟုတ်ရင် ဒီမြို့ ထဲမှာ နဲ့ အလှမ်းဝေးသွားမယ်..ကဲကဗျာကိုပြန်သွားရအောင်..
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး…
ဒါကတော့ရှင်းပါတယ်..အနီးမှာဘာမှမမြင်ရလောက်အောင်ဘာတွေက ဖုံးကွယ်ထားတာတဲ့လဲ..နောက်ပြီး အဝေးမှုန်တယ်ဆိုတော့ ကိုယ်နဲ့ နေသာသပလေညာက ဆိုလို့ ရတဲ့ ဘ၀တွေ ကို ကုစားပေးဖို့ ရော…လိုအပ်တာတွေကိုယ်ကိုအဆုံးစွန် စွန့် လွှတ်လုပ်ဆောင်ပေးနိုင်ပြီလား..

ဒီ မေးခွန်းနဲ့ တင် အထက်က ဘိုင်ရွန်ဆန်သောမပျော်ရွှင်မှုဇာတ်လမ်းကစလာပါပြီ..

အုတ်နီခဲရင့်ရင့်အရောင်တွေ … ဆိုတဲ့ သင်္ကေတ ကို စဉ်းစားကြည့်မိတယ်.. အရောင်ကိုတွေ့ မှဖြစ်မယ်.. တွေးကြည့်ပါ. နီညိုရင့်ရင့်.. ခပ်ပျစ်ပျစ်အရောင်.အဲ ဒီအရောင်က စိတ်ဓာတ်လား၊ကိုယ်ထဲက သတ္တိသွေးအရောင် လား.. သောက်လို့  ရောရသလား… ဒီမြို့ ထဲမှာ…..ယူတတ်သလို ခံစားနိုင်ပါတယ်..

၂။
ဝမ်းမီးတောက်ဖို့တောင် မီးစာကုန် ဆီခန်းတော့ လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်….
အင်း ဒါလဲ Fatigue တစ်မျိုးပဲ။ ဘိုင်ရွန်ထဲမှာသူလဲပါတယ်…အင်္ကျီဖြု ကတော့ရှင်းပါတယ်..ကိုထူးအိမ်သင်သီချင်းပဲကြားယောင်မိပါတယ်.. ဒီအကျီင်္ ဖြုကိုပြန်ရှက် နေရလောက်အောင် ကိုယ့်ဂုဏ်သိက်ခါကိုထုခွဲလိုက်ကြဖို့  စဉ်းစားတဲ့လူတွေအကြောင်း…
လွယ်အိတ်ထဲက လက်ကျန်အကြွေတွေ ဆိုတဲ့ အဖွဲ့ ကိုသတိထားကြည့်ပါ။ သူကနောက်ပိုင်းမှာဇာတ်ကောင်အဖြစ်ပြန်ပါလာတယ်..လက်ကျန်ဆိုကထဲက မက်လောက်စရာတော့ သိပ်မရှိဘူး။ ထလဲကောက်မနေနဲ့ ။ ခုနက အုတ်နီခဲရင့်ရင့်အရောင် ကလဲ အမှိုက်တွေဖုံတွေနဲ့ ရောသွားပြီဆိုကထဲက မူလဓာတ်မရှိတော့ဘူး။ စိတ်ပဲဖြစ်ဖြစ် သွေးပဲဖြစ်ဖြစ်။ ယူတတ်သလို ခံစားနိုင်ပါတယ်. ဒီမြို့ ထဲမှာ…..

၃။
နေကမြင့်မြင့်လာတယ် ဆိုတော့ နေမြင့်ရင် စိတ်မမှန်တဲ့သတ္တဝါလဲ ရောဂါကရင့်ရင့်လာမယ်…အချိန်ဒီရေ..ကာလကြာစောင့်ဆိုင်းနေရမှုတွေ အမြင့်ဆုံး peak ကိုရောက်လာမယ်လို့ ဆိုချင်လဲဖြစ်တယ်…အဲ ဒီမှာ အုတ်ခဲရင့်ရောင်က ဘာလို့  ကြည်လင်လာရတာလဲ… ရွှေအိုရောင်ကရော ဘာလို့ လမ်းမပေါ်ပြန့် ကျဲသွားရတာလဲ… albatross ကရောဘာကောင်လဲ….
တစ်နေ့ ပြီးတစ်နေ့ 
အသက်မရှု၊မလှုပ်ရှားနိုင်အား
ဆေးချယ်ထားတဲ့ဆွံ့ အသင်္ဘောတစ်စင်းလိုပ
ဆေးချယ်ထားတဲ့ပင်လယ်ပြင်ပေါ်
ငါတို့ ပိတ်မိနေလို့ …

နေရာတိုင်းမှာ ရေ..ရေတွေ..
လှေတစ်စင်းလုံးကျုံ့ သထက်ကျုံ့ 
နေရာတိုင်းမှာ…ရေ..ရေတွေ..
တစ်စက်မှ..သောက်သုံးဖို့ တော့မဟုတ်…

The Rime of the Ancient Mariner by Samuel Taylor Coleridgeမှ


နမိတ်ြပကောင်းပေးမယ့် သင်္ဘောနောက်က ပျံသန်းလိုက်ပါလာတဲ့ albatrossငှက်ကလေးကို သင်္ဘောပေါ်ကတစ်ယောက်ကပစ်ချလိုက်တယ်.. albatrossတွေမြို့ ရဲ့  လမ်းမတွေမှာ ရောက်လာတဲ့အခါမှာတော့………..
အပေါ်က အယ်လဘတ်ထရော့ စ က အများအတွက်ထွက်လာတယ်… ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်… ကျိန်စာတွေခ သွေးမြေကျခဲ့တယ်.. ဆိုရင်ရှင်းသွားပါပြီ.. မဆင်မခြင်မိုက်မဲမှုကြောင့်ရလာမယ့် ဆိုးကျိုးတွေ.. နမိတ်ဆိုးတွေ.. ရှေ့မှာသင်္ဘောနစ်ဖို့  ကံကြမာဆိုး ကစောင့်နေတယ်… ဒီမြို့ ထဲမှာ…..

၎။
အကျပ်အတည်းကိုအတူဖြေရှင်း၊ သောကကိုဝေမျှခံစားမှ ရဲ ဘော်ရဲဘက်အစစ်မဟုတ်လား ၊ အာဃာတတွေ မေ့ ထားလိုက်တော့။ လှိုင်းထန်တဲ့ ပင်လ်ာကိုဖြတ်ရဲပြီ ဆိုမှတော့မုန်တိုင်းကိုတွေးကြောက်နေလို့ ဖြစ်မတဲ့လား။ လုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။ မှားသလား..မှန်သလား…ယုတ္တိဗေဒ တွေနဲ့  ဓာတ်ပြားဟောင်းတစ်ချပ် လာထပ် မဖွင့်နဲ့ တော့.. ဒီမြို့ ထဲမှာ…..

၅။
ခရီးကမပြီးသေးဘူး။ ခုနက အယ်လဘတ်ထရော့ စ ကိုပစ်ချပြီး သူ့ ခန်ဓာကို ထမ်းတောင် လာဝံ့တဲ့ကောင်လဲ ဒီလမ်း ဒီခရီး ကိုလျှောက်ရမှာပဲ။လျှောက်နေရတာပဲ။
ခရီးကတော့ ပေါက်လှတာမဟုတ်…သတိတစ်ချက်လွတ်သွားတဲ့အခိုက်မှာတော့ နောက်ကျောကနေ ထိုးလာတဲ့ဓားချက်တွေ….အုတ်နီခဲရင့်ရင့်ရောင် တွေက လမ်းမပေါ် မှာ…ဖွားခနဲ…နောက်တစ်ချီ..သွားပြန်ပြီ…ရှေ့မှာဘာမှလမ်းမရှိတော့လောက်အောင် ကာဆီးခံရ၊ ထွက်ပေါက်တွေ ပိတ်ဆို့ နေပြီဆိုတော့မှ..ကိုယ်နဲ့ ဝေးနေ တယ်ထင်ခဲ့တဲ့ အရာတွေကို မြင်အောင်မကြည့်ခဲ့မိတဲ့ဆင်ခြင်တုန်တရားမဲ့မှုကို နောင်တရနေလဲ.. နောက်တော့ကျသွားခဲ့ပြီ…ဒီမြို့ ထဲမှာ…..

6။
ကဲ..အဲဒါတွေကြောင့်ပါပဲ…ဘယ်သူမှ ပြီးပြည့်စုံတဲ့ပျော်ရွှင်ခြင်းမရှိဘူး။ ဘိုင်ရွန်ဆန်သောမပျောရွှင်ခြင်းတွေနဲ့ ပဲအဆုံးသတ်ရပြီ။အလိုမကျမှု၊ငြီးငွေ့ မှု၊ ဆင်းရဲမှု၊ လောဘ၊ မောဟ၊ အတ္တ.တွေနဲ့ တောက်လောင်. ကိုယ့်ကျင့်တရားတွေကို ရောင်းချဖလှယ်ကြ၊ အ၀ိဇာတွေနဲ့ ညစ်နွမ်းစွာ ကိုယ့်ကိုကိုယ် တန်ဆာဆင်ကြ.. ဘယ်ဟာအမှန်တရားလဲမခွဲခြားနိုင်တော့ဘူး။ ကိုယ့်စားကျက်ထဲ ၀င်လာရင် ကိုယ့်စားခွက်လုတယ်ပဲ မှတ်နေတော့ ဘယ်နည်းနဲ့  ဖြစ်ဖြစ် တိုက်ထုတ်ပစ်ရမှာလဲ ၀န်မလေးတော့ဘူး…

တစ်ချိန်က တစ်သွေးထဲ တစ်သားထဲ စိတ်ဓာတ်တွေကိုပဲ တောင့်တမိတယ်… မိုးလိုရွာချလိုက်ပါဦးလား.. ခွန်အားတွေထပ်ဖြည့်ပေးပါဦးလား… ဒီမြို့ ထဲမှာ တောင်းဆိုတယ်…

၇။
ကဗျာရှင်က ဆိုတယ်…ကိုယ်တတ်နိုင်သလောက်နဲ့ ကိုယ်စွမ်းသမျှလေး ပြန်တည်ဆောက်ကြည့်ရအောင်..အုတ်ခဲရင့်ရောင်စိတ်ဓာတ်ဖြစ်ဖြစ်၊ သတ္တိသွေး ဆိုဆိုပေါ့…မပြိုလဲဖို့ လိုတယ်။ အချင်းချင်း အားပေးတယ်။ ဒါပေမယ့်..ဟေ့ကောင်...ဟေ့ကောင်. ဟေ့ကောင်. ဟေ့ကောင်...ဟေ့ကောင်. ဟေ့ကောင်…. အထပ်ထပ်သတိပေးတယ်.. ပြောတယ်.. ခေါ်တယ်.. ခွန်းတုန့် မပြန်တာလား.. သေသွားတာလား… ဝေးရာရောက်သွားတာလား.. ပျောက်သွားတာလား… အဖက်မလုပ်တော့တာလား… အဲဒိဟေ့ကောင် ကရဲ ဘော်ရဲဘက်လား.. စိတ်ဓာတ်လား.. သတ္တိလား….. မင်းကွာ ဆိုတဲ့ မချင့်မရဲသံပဲ ပဲ့တင်ထပ်သွားတယ်….. ဒီမြို့ ထဲမှာ…

၈။
အဆုံးမှာ ကဗျာရှင်က ဘိုင်ရွန်ဆန်ဆန်မပျော်ခဲ့တဲ့ ဟိုးအစကို ပြန်ခေါ်သွားတယ်..မပျော်ရွှင်မှုဇာတ်လမ်းကမပြီးသေးဘူး။ လူအများကြီးတကယ်ပျော်ကြရဲ့ လား။ လူအများကြီးအတွက်အရေးပါတဲ့ ဆောင်ရွက်ချက်တွေ၊ လုပ်လို့ ပြီးပြည့်စုံသောပျော်ရွှင်ခြင်းတွေ ရအောင်လုပ်ချင် စိတ်ရှိသေးလား...အုတ်နီခဲရင့်ရင့် အရောင်တွေက အုတ်နီခဲရင့်ရင့်ရောဟုတ်သေးရဲ့ လားလို့ နောက်ဆုံးပိုဒ် အရောက်မှာ ကျွန်တော်သံသယဝင်သွားပြီ...ကျွန်တော်လဲဘိုင်ရွန်ဆန်ဆန်မပျော်ရွှင်ခြင်းတွေ သုံးသပ်မိ သွားပြီ..

ပြီးပြည့်စုံသော ပျော်ရွှင်မှုဆိုတာ ပလေတို တို့ ခေတ်ကစပြီးအတွေးအခေါ်ပညာရှင်တွေ ထင်မှတ်ချပြခဲ့သလောက်မရိုးရှင်းဘူး လို့ ရပ်ဆဲ (လ) ကဆိုခဲ့တယ်.. ရပ်ဆဲ (လ) က သိပ်ပံပညာရှင်တွေကိုတော့သဘောကျတယ်။ သူ တို့ ရဲ့ လောကကြီးအတွက်ရှာဖွေ တီထွင်ပေးမှု က ရှိသမျှစွမ်းအင်တွေအကုန်ထုတ်သုံးပြီး ရလာတဲ့ရလာဒ် က သူတစ်ဦးထဲအတွက် လူတွေအများကြီး အတွက်အရေးပါတာကိုး။

ဒါပေမယ့်ရပ်ဆဲ(လ)ခေတ်တုန်းက စိတ်ကျရောဂါတွေဓာတုဇီဝ နည်းပညာတွေ ပဋိဇီဝတွေ စိတ်ပညာတွေ ထွန်းကားခဲ့တာမဟုတ်သေးတော့ သူ့ တွေးခေါ်ချက်တစ်ချို့ က ဒီနေ့ ခေတ်နဲ့  ချိန်လိုက်ရင် ခေတ်တော့နောက်ကျနေပြီလို့ လဲဆိုကြတယ်။

ကျွန်တော်လဲထင်တယ် ရပ်ဆဲ(လ) ရဲ့  ဘိုင်ရွန်ဆန်သောမပျော်ရွှင်ခြင်းဆိုတာ ဗုဒ်ဓဘာသာနဲ့  များ ချဉ်းကပ်ခဲ့ရင် တော့ ဒိထက်ကောင်းတဲ့ ဒသနတွေ သူချပြသွားနိုင်မလားလို့ ပါ။

သူတို့ စုစည်းပြီး ဒီ.မြို့ ထဲကိုစောင့်ကြည့်နေတဲ့နေရာလေးရဲ့ ခပ်လှမ်းလှမ်းမှာ အများအတွက်နမိတ်ကောင်းကလေးတွေပြပေးမယ့် ကယ်တင်ရှင်အဲလ်ဘက်ထရော့စ် ကိုမသဲမကွဲ မြင်လိုက်ရပြန်ပြီ…ကဲဒီတစ်ခါ…ကျွန်တော်ဘာလုပ်မလဲ…ခင်ဗျားဆိုရင် ရောဘာလုပ်မလဲ..အရင်တစ်ခါ အဲလ်ဘက်ထရော့စ် ကိုအောင်သေအောင်သားစားသုံးခဲ့တဲ့သူတွေရောဘာလုပ်မလဲ….. ဒီမြို့ ထဲမှာ…

ပန်ဒိုရာ ရဲ့ ဒီကဗျာ ကပေးတဲ့ Message နဲ့ အတွေးကို ကျွန်တော်ခံစားမိတဲ့ရှုထောင့်အရ နှစ်သက်တယ်။ ဒါပေမယ့် အဖွဲ့ ပိုင်းမှာ သင်္ကေတပိုင်းတွေကလွဲပြီး.. သွယ်ဝိုက်ထားတဲ့ဟာတစ်ချို့ က အပိုင်း ခြောက်ရောက်တဲ့ အထိ ရင်ထဲကို ရောက် သွားအောင်သယ်မသွားနိုင်ဘူး။အင်မတန် လေးနက်တဲ့ အကြောင်းအရာကိုတော့ ရတယ်..

ကျွန်တော်အကြိုက်ဆုံး က အပိုင်းသုံးမှာ အယ်လ ဘတ်ထရော့(စ) စ၀င်လာတဲ့နေရာပဲ။ ပစ်ချလိုက်တဲ့နေရာရောက်တော့ ရင်ထဲမှာတော်တော်လေး ယူကြုံးမရ ဖြစ်သွားမိစေတယ်။ အပိုင်း ၇မှာ ဟေ့ကောင်. ဟေ့ကောင်…အထပ်ထပ်အော်သံက ဆို့ ဆို့ နင့်နင့်ကြီး ဖြတ်ဝင်လာတယ်။ မလိုအပ်ပဲ စကားလုံးတွေ ထပ်ထားတာမဟုတ်တဲ့ ဒီနေရာကိုတကယ်ခံစားရတယ်…

ကျွန်တော် တတ်သိတဲ့ပညာရှင်မဟုတ်ပါ။ ခံစားမိတဲ့အတိုင်း အလွန်ရှည်လျားစွာ ကွန်မန့် တာပါ။ဒီကွန်မန့် ရေးဖို့ အချိန်အများကြီးယူရပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။

ကြုံလာလို့ ဘာတရန်ရပ်ဆဲ တို့ မပျော်ရွှင်မှု အကြောင်းတရား တို့ ကို ဝေမျှခံစားချင်တဲ့ စိတ်သက်သက်ပါ။ အခုဖြစ်ပျက်နေတာတွေကိုလဲ ကိုယ်စားပြုနေတယ်ထင်လို့ ပါ။ သူ့  ကဗျာက ရှည်သလို နောက်ကြောင်းကလဲ ပေတော်တော်ရှည်တာကိုး။ ဒါမျိုးက တစ်ခါတစ်ခါကျတော့ စာဖတ်သူနဲ့ အလှမ်းဝေး သွားတတ်တယ်။ ကျွန်တော်ခံစားမိသလောက် အချိန်ကုန်မခံနိုင်သူတွေ ခံစားနိုင်ဖို့  ဒီမှာလာပေရှည်လိုက်မိပါတယ်။ နောက်တစ်ခေါက် အစအဆုံးပြန်ဖတ်ကြည့်ပါလား…ကျွန်တော့်လို ခံစားရမလားလို့ …

ခြုံရရင် ဒီမြို့ထဲမှာ…..ရဲ့ subject, message နဲ့ symbolism တွေကို သဘောကျတယ်။ ကဗျာ အဖွဲ့ ကိုတော့ တစ်ချို့ နေရာတွေမှာ နည်းနည်း လျော့နေသလိုထင်မိတယ်။ ကျွန်တော်ရေးရင်လဲ ဒီလောက် ကောင်းချင်မှကောင်းမှာပါ။ ကျွန်တော်အတွက်ကတော့ ဒီလို တွေးပြီးခံစားရတဲ့ နောက်ကွယ်က hidden message တွေနောက်လိုက်ရတာကိုပိုပျော်တယ်။ စာလဲများများဖတ်ဖြစ်သွားတယ်။ ဒီနောက်ရေးတဲ့ အပေါ်က ကဗျာ အမှန်တရား ကဗျာ ကိုတော့ မှာ…ဒီမြို့ ထဲမှာလောက်မခံစားရဘူး။

M.Y.

-----


တွေ့ရှိချက်တစ်ခုကတော့ စာရေးတဲ့အခါမှာ တောက်လျှောက်အချိန်မယူနိုင်ပဲ အပြတ်ပြတ် ဆက်ရေးရတာ လှုံှု့ဆော်မှု မုဒ်ကို အားနည်းစေသလို ကဗျာအရှည်ရေးမယ် ရည်ရွယ်ချက်၊ ဖတ်သူနားမလည်မှာ စိုးမိတဲ့စိတ် စတဲ့ "တကူးတက" အရာတွေ မသိလိုက်ပဲ ၀င်လာရင် တင်ပြပုံကို အနည်းနဲ့အများ ထိခိုက်စေတယ် လို့ ထင်မိပါတယ်။

ကိုမောင်ရင်ကို အထူးကျေးဇူးတင်ပါတယ်။ အဲ.. မေ့တော့မလို့။ မောင်တိန်ကိုလည်း ကျေးဇူးတင်ပါတယ် ဆိုတာ ပြောလိုပါတယ်။ ဘိုင်ရွန်ဆန်ဆန်မပျော်မှုကို သူ့ပို့စ်တစ်ခုဖတ်ရာက ပြန်သတိရလာခဲ့လို့ပါ။

(အချိန်မရသဖြင့် စာလုံးပေါင်းများ ပါဌ်ဆင့်များ နောက်မှ ပြန်ပြင်ပေးပါမည်။ ယခုကွန်ပြူတာတွင် ရိုက်ရတာ အခက်အခဲရှိပါသည်။ )

Expand..

Tuesday, September 4, 2007

အမှန်တရား

အမှန်တရား

အမှန်တရားဆိုတာ တစ်ခုပဲရှိရမယ်
လူတစ်ယောက်ကပြောတယ်
ဟုတ်တယ်.. တစ်ယောက်အတွက် တစ်ခု
တစ်ယောက်မက အတွက်ကျတော့ တစ်ခုမက ဖြစ်ဖြစ်သွားတယ်
လူတွေ များများလာတော့
သူလည်းမှန် ကိုယ်လည်းမှန် အားလုံးမှန် မှန်မှမှန်
အမှန်တရားတွေ များများ လာ
ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက် အတွက်ကတော့ တစ်ခု ပဲရှိရမှာပဲ
ဟုတ်ကဲ့ .. သူတို့ထပ်ပြောကြပြန်တယ်
ဒါနဲ့ ငါ့ အမှန်တရားက ဘယ်ဟာလဲ
ရှာဖွေလိုက်တဲ့အခါ
တစ်ယောက်ကိုတစ်ခုပဲ ဝေပုံချတဲ့ အမှန်တရားကို
ငါ့ကြားထဲမှာ တစ်ခုမက တွေ့လိုက်ရတော့
ဘုရားဘုရား.. ငါဟာ "တစ်ယောက်" မဟုတ်ပါလား
ငါဟာဘာလဲ ငါပျောက်ဆုံးသွားခဲ့တယ်...။

ပန်ဒိုရာ

Expand..

Sunday, September 2, 2007

ဒီမြို့ထဲမှာ - ၇ ၊ ၈ (စ-ဆုံး)

ဒီမြို့ထဲမှာ


( ၁)

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး^..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်
လွယ်အိတ်တစ်လုံးစာ သက်ပြင်းတွေကြား
စားပွဲပုလေးတွေပဲ ဓားစာခံပြားသွားကြတယ်
အဲဒီ မုတ်ဆိတ်ကျိုးကျဲတွေရဲ့
ခြေဦးတည့်ရာနောက်က
တရွတ်တိုက်လမ်းမကြီးက ရှက်ဝမ်းနည်းမိတယ်။


(၂)

ဝမ်းမီးတောက်ဖို့တောင်
မီးစာကုန် ဆီခန်းတော့
လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်
ထသွား ထလာ ၀တ်သင့်တဲ့
ဖြူညစ်ညစ် အင်္ကျီတစ်ထည် ကိုတောင်
နောက်ဆုံးညစာအတွက် ရှို့ပစ်ဖို့စဉ်းစားနေပြီ
ကဲ ဘာဆက်လုပ်ကြမလဲ
ယုံကြည်ချက်ဆိုတာ
မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
မရှင်သန်နိုင်ဘူး
ဟိုကောင်တွေလည်း ငေးငေးငိုင်ငိုင်
လွယ်အိတ်ထဲက လက်ကျန်အကြွေတွေ
ချိုးချိုးချွင်ချွင်နဲ့ စားပွဲပေါ်ကလိမ့်ကျ
ဘယ်သူမှ ထမကောက်ကြဘူး
အဲဒီအခိုက် ကားတစ်စီး ဝေါခနဲအဖြတ်
ဖုန်တထောင်းထောင်းထသွား
အဲဒီင်္ဖုန်တွေ အမှိုက်တွေပါ
အုတ်ခဲရင့်ရောင်ထဲ ဖျော်စပ်လို့
ပျစ်ပျစ်နှစ်နှစ်ကြီး
ရင်ဘတ်ထဲအရောက် မော့ချလိုက်ကြတယ်။


(၃)

နေကမြင့်မြင့်လာတယ်
ဆိုင်ကနေ လမ်းအခွဲ
တံလျှပ်ရဲ့ဖမ်းစားမှုမှာ
ဘာဖြစ်သွားလဲမသိဘူး
အုတ်ခဲရင့်ရောင်တွေ ကြည်လင်
ရွှေအိုရောင် ဖိတ်ဖိတ်စင်သွားတယ်
လမ်းမကြီးက ဒယိမ်းဒယိုင်လိုက်လာတယ်
အဲဒီမှာ
အဲလ်ဘက်ထရော့စ်* (ငှက်) ကို
ငါတို့ထဲကတချို့ဟာ
မြင်ရာမဆိုင်း ပစ်ချလိုက်မိတယ်
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်
ကျိန်စာတွေခ သွေးမြေကျခဲ့တယ်။


(၄)

မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်
အတိတ်ကိုအတိတ်မှာပဲ ထားလိုက်ကြမယ်
ပင်လယ်ကိုဖြတ်သန်းမှတော့
ပင်လယ်ရဲ့အနမ်းကိုခံနိုင်ရည်ရှိရမယ်
လက်တွေ့အရ ဖြစ်မလာဘူး
သဘောတရားအရ မှန်ကန်တယ်
ဒါဆိုငါတို့မှန်ခဲ့တယ်
ဒါဆိုငါတို့မှားခဲ့တယ်
သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
ဖြတ်ခနဲ အက်ရာထင်သွားတယ်။


(၅)

အတူတူဆက်ထွက်လာခဲ့ကြတယ်
အဲလ်ဘက်ထရော့စ် အပုပ်ကောင်ကို
လည်ပင်းမှာဆွဲထားတဲ့ကောင်တွေလည်းပါတယ်
တရွက်တိုက် လမ်းမကြီးက အိပဲ့အိပဲ့နဲ့ လိုက်လာတယ်
တစ်ချက်အကွေ့ ငါတို့ကျောအလစ်မှာ
လမ်းမကြီးက ငါတို့ကို
ကျောက်စရစ်ခဲတစ်လုံးလို
ပိုးစိုးပက်စက် ကန်ထုတ်လိုက်တယ်
အုတ်ခဲရင့်ရောင်တွေ ဖိတ်လျှံ အန်ကျကုန်တယ်
အုတ်ခဲရင့်ရောင် စွန်းထင်းပေပွ ဒီလမ်းမဟာ
အော့ကြောလန်စရာ ဖြစ်လာလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့ကြမှာလဲ
ရင်ဘတ်အောင့်နေအောင် နံရံကိုဝင်တိုးမိမှ
မျက်မှန်တစ်လက်ကို ဆွေးဆွေးမြေ့မြေ့ တမ်းတမိတယ်။


(၆)

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး
ဖြူညစ်ညစ်အင်္ကျီလည်း အမွှာမွှာကွဲ
အာရုံတွေေ၀၀ါးကုန်ပြီ
လုံးတီးဘ၀ ရှက်ကြသတဲ့
ဖုန်တွေကိုပဲ လုံခြုံနိုးနဲ့
တချို့လူးလှိမ့်ဝတ်ဆင်ကုန်ကြတယ်
မဲ မှောင် စွန်း ထင်း
တစ်ယောက်နဲ့တစ်ယောက်လည်း
မမှတ်မိတော့ဘူး
အချင်းချင်း ကုတ်ခြစ်ဖို့
မာန်ဖီသံတွေကြားနေရတယ်
အုတ်ခဲရင့်ရောင်မိုးတွေရယ်
ပိန်းပိန်းပိတ်ပိတ် လွှမ်းခြုံသွားအောင်
ရွာချလိုက်
ရွာချလိုက်
ရွာချလိုက် ပါ ကွယ်။


(၇)

အုတ်ခဲရင့်ရောင် မိုးကခေါင်တယ်
ကိုယ့်ဘာသာပဲ ဖျော်စပ်ဖို့
အုတ်ခဲကိုထုခွဲကြရင်း
အဖိတ်အစင်တွေ ရှိသွားတယ်
ဟေ့ကောင် ဟေ့ကောင်…
စကားတွေအများကြီးမပြောနဲ့ မောနေမယ်
ဟေ့ကောင် ဟေ့ကောင်…
မကြာခင် ရောက်လာကြတော့မှာပါ
ဟေ့ကောင် ဟေ့ကောင်…
အားတင်းထားကွာ
ဟေ့ကောင် ဟေ့ကောင်…
ငါတို့လုပ်စရာတွေ တန်းလန်းကြီးကွ
ဟေ့ကောင် ဟေ့ကောင်…
ဆောရီး.. ဒီအချိန်မှာ ဒါတွေခေါင်းထဲ မထည့်နဲ့တော့နော်
ဟေ့ကောင် ဟေ့ကောင်…
ငါပြောနေတာ ကြားရဲ့လား
ဟေ့ကောင် ဟေ့ကောင်…
ဟေ့ကောင် ဟေ့ကောင်…
ဟေ့ကောင် ဟေ့ကောင်…
......
......
......
မင်း... ကွာ...။


(၈)

မုန်တိုင်းစဲခါစ
ကောင်းကင်က သူမဟုတ်ခဲ့သလိုပေါ့
တသက်လုံးသောက်ခဲ့တဲ့
အုတ်နီခဲရင့်ရင့်အရောင်တွေဟာ
မျက်နှာငယ်နဲ့ အငွေ့သေပြီး စောင့်နေတယ်
လူစုံပြီလား ခွက်စုံပြီလား
ဟိုကောင်တွေသာ ရှိရင်ကွာ…..
ဘယ်သူမှ စကားပြန်မရဘူး
ဆို့
နင့်

စားပွဲပုလေးပေါ် ပစ်ချထားတဲ့
လွယ်အိတ်တွေထဲက
ချိုးချိုးချွင်ချွင်သံပဲ တစ်ချက်ထွက်လာတယ်
နောက်တစ်ခါ ဒီဆိုင်မှာပြန်ထိုင်ရင်
ဘယ်နှစ်ယောက်ကျန်ဦးမှာလဲ..
ငေးမိငေးရာငေးခိုက်
လမ်းမကြီးကိုလှိုင်းစီးလာတဲ့
အဲလ်ဘက်ထရော့စ်ကို
ဖုန်တထောင်းထောင်းကြား
မှုန်ဝါးဝါးမြင်လိုက်ရသေးတယ်…။ ။


ပန်ဒိုရာ

^Byronic unhappiness
*Albatross

Expand..

Blog Seminar အပြီးတွင်




(ဓာတ်ပုံကို ဒီက ရယူပါသည်။)

အမှန်ကတော့ ဒီမြို့ထဲမှာ ကဗျာတွေ ဆက်တင်မလို့ပါ။ ဒါပေမယ့် နေ့လည်က ရန်ကုန်မှာ ကျင်းပတဲ့ Why do we blog? Seminar ကို ဒီဘလော့ဂ် ကတဆင့် သွားရောက် အားပေးခဲ့ပါတယ်။ တစ်ခုပြီးတစ်ခု တက်လာတဲ့ ဓာတ်ပုံတွေ ကြည့်ရတာ သူတို့တွေရဲ့ အပျော် ကိုယ့်ဆီပါ ကူးစက်မိတဲ့အတွက် ဒီမြို့ကို ခဏလေး နားပြီး ဒီပို့စ်ကို ရေးလိုက်ပါတယ်။

Why do we blog? အလွန်ကောင်းတဲ့ မေးခွန်းလေးပါ။ ပွဲမစခင်မှာ ဘာညာနဲ့ ဂျီမှာတွေ့တော့ ကိုယ်ထင်မြင်တာလေး အချို့ သူ့ကို ဝေမျှလိုက်ပါသေးတယ်။

ဘလော့ဂ်တွေမှာ ရေးကြတာတွေကို လိုက်ကြည့်ရင် အမျိုးမျိုးပါပဲ။ တချို့က နည်းပညာ အသားပေးတယ်။ တချို့က ဒိုင်ယာရီဆန်တယ်။ တချို့က အနုပညာဖန်တီးမှုတွေ။ တချို့က လာဖတ်သူကို စကားပြောပြဟန်။ တချို့က ဗဟုသုတတွေကို ဖြန့်ဝေတယ်။ အဲဒီလို မဂ္ဂဇင်း တစ်အုပ် ၊ ၀တ္တုတစ်အုပ်၊ စာအုပ်တစ်အုပ်နဲ့မတူတဲ့ ကွဲပြားနိုင်ခွင့် ဟာ ဘလော့ဂ်တွေမှာ ရှိတယ်။

ကိုယ်တိုင်ရေး ကိုယ်တိုင်တည်းဖြတ် ကိုယ်တိုင် ချက်ချင်း ထုတ်ဝေတယ်။ လွတ်လပ်မှု ကို ချက်ချင်းခံစားရသလို ကိုယ်ရေးတဲ့စာဟာ ကိုယ့်တာဝန်ဖြစ်တယ်။

ဖတ်သူများဆီက တုံ့ပြန်မှု ဖွင့်ထားပေးတယ်။ ချက်ချင်းလည်း တုံ့ပြန်မှုတွေရတယ်။ ရေးသူနဲ့ ဖတ်သူ အပြန်အလှန် ဆက်သွယ်မှု ရှိတယ်။

ဒါတွေဟာ တချို့နိုင်ငံ တချို့လူမျိုးတွေ အတွက်တော့ နေ့စဉ်ဘ၀နဲ့လည်း သိပ်မခြားနားတဲ့ မထူးဆန်းတဲ့ အရာ ဖြစ်ကောင်းဖြစ်မယ်။ သေသေချာချာ တွေးကြည့်ရင် တို့တွေ အတွက်တော့ ဒါဟာ တိုးတက်သော လွတ်လပ်ပွင့်လင်းသော လူ့ဘောင်တစ်ရပ်ကို ဦးတည်သွားနိုင်တဲ့ မရခဲ့ဖူးသော အခွင့်အရေးတစ်ရပ်ကို နည်းပညာအကူအညီနဲ့ ခေါ်ဆောင်ခံရခြင်း ဖြစ်တယ်။

အခက်အခဲ အမျိုးမျိုးကြားက အချိန်ပေးပြီး စီစဉ်ပေးခဲ့ကြတဲ့ မြန်မာပြည်တွင်း နေထိုင်ကြသော ဘလော့ဂါများကို အထူးသဖြင့် ကျေးဇူးတင်မိပါတယ်။
ဒီအချိန်မှာ ဒီနေရာအထိ အောင်အောင်မြင်မြင် ရောက်လာခဲ့တာ ဘလော့ဂါမောင်နှမတွေရဲ့ တတပ်တအား စည်းလုံးညီညွတ်မှုကြောင့် ပါပဲ။

ကဲ .. ရှေ့ဆက်လှမ်းကြဖို့ပဲ ရှိပါတယ်။

ပန်ဒိုရာ


Expand..

Saturday, September 1, 2007

3l0g Day




သြဂုတ်လ ၃၁ ဟာ ဘလော့ဂါများနေ့ Blog Day ဖြစ်တဲ့အတွက် အမှတ်တရ တစ်ခုခုရေးပေးပါလို့ ကိုဖြိုး က တက်ဂ် ထားပါတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်း လေးမ၊ ယူဆဂိ၊ ဘ၀ခရီး တို့က အကြိုက်ဆုံး ပို့စ် ၅ ခုရေးပါလို့ တက်ဂ်ထားခဲ့ပါတယ်။ ဆောင်းရာသီအကြောင်း ရေးဖို့လည်း အဉ္ဖလီ က တက်ဂ်ထားပါသေးတယ်။ ဆောင်းရာသီကလွဲလို့ ကျန်တဲ့အကြွေးတွေကို ပေါင်းရှင်းပါမယ်။

တကယ်တော့ ပန်ဒိုရာ ဘလော့ဂ်ရေးရခြင်းအကြောင်း ဆိုပြီး ဒီမှာ ရေးထားကတည်းက ဖော်ပြပြီးသားပါ။ ၅ ခုတောင် မဟုတ်ဘူး။ ၁၀ ခု။ ၁၀ ခု။ ဟဲဟဲ..

အမှန်ကတော့ ရေးသမျှလေးတွေအားလုံး ကိုယ့်သားသမီးလေးတွေလိုပါပဲ။ တစ်မျိုးစီ နှစ်သက်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိရေးခဲ့သမျှမှာ အကြိုက်ဆုံး ၅ ခုပဲ ရွေးပေးပါ လို့ တောင်းဆိုလာတော့ ဒီလိုရွေးပေးပါမယ်။

၁) ဘလော့ရေးခြင်းဆိုတာ ဘာလဲ။ဘလော့ဂါ ဆိုတာ ဘာလဲ။ ကိုယ်က ဘာကောင်လဲ။ လူတွေသတ်မှတ်တဲ့ ပညတ်တွေက ရှေ့မှာလား။ အနှစ်သာရက ရှေ့မှာလား။ မသိတသိတွေ ဖြစ်နေရတယ်။ Identity
၂) ကိုယ့်ကိုယ်ကို အမြင်ကတ်လာတဲ့အခါ ကျွန်တော်မပိုင်တဲ့ အဲဒီအင်္ကျီ
၃) ကိုယ့်ကိုယ်ကို နည်းနည်း သနားသွားတော့ ကိုယ့်သမိုင်း
၎) ကိုယ်လည်းရေးရင်း ရယ်နေရတယ်။ ဖတ်သူလည်း ရယ်ရတယ်။ ကလိထားတာ လေးတွေလည်း ရှိတဲ့ စစ်စစ်စီစီ
၅) အပြစ်ကင်းတဲ့ ပျော်စရာလေးတွေ စိတ်ကူးမိတော့ ကိုဖိုးရမ်မဘလောက်

ဖတ်သူများလည်း မိမိနဲ့ တိုက်ဆိုင်လို့ ဘယ်စာကို သဘောကျတယ် ဘယ်လိုစာမျိုးကို ပိုရေးစေချင်တယ်ဆိုတာမျိုး ပြောချင်ရင် မှတ်ချက်ရေးသွားနိုင်ပါတယ်။ ပြုပြင်စရာတွေ့လည်း ထောက်ပြနိုင်ပါတယ်။

Why do we blog? ကိုကြိုဆိုသောအားဖြင့် ဘန်နာလေးလည်း အသစ်ပြောင်းလိုက်ပါတယ်။

သြဂုတ် ၃၁ မှာကျရောက်တဲ့ ဘလော့ဂ်ဒေး မှာ ဘလော့ဂါ မောင်နှမတွေ ပျော်ရွှင်ကြပါစေ။ စိတ်ထင်တိုင်း ဘလောက်နိုင်ကြပါစေ။ စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် အခန်းအနားလည်း အောင်မြင် ချောမွေ့ပါစေ။

အားလုံးကို ချစ်ခင်စွာဖြင့်

ပန်ဒိုရာ

Expand..