Wednesday, September 7, 2016

စိမ်းရွက်နုပေါ်က မိုးရေစက်များ



စိမ်းရွက်နုပေါ်က မိုးရေစက်များ

မိုးရာသီဦးမှာ တဖွဲဖွဲကျနေတဲ့ မိုးစက်တွေဟာ သစ်ရွက်နုနုလေးတွေရဲ့ အဖျားမှာ တွဲလွဲခိုနေတာကို မြင်တော့ နုပျိုစိမ်းသစ်တဲ့ ငယ်ဘဝကို သတိရမိပါတယ်။

မှတ်မိသလောက် ကျွန်မငယ်ငယ်က ကစားနည်း အတော်စုံအောင် ကစားဖြစ်ခဲ့ပါတယ်။ ကစားဖို့လည်း အချိန်ကောင်းကောင်း ရခဲ့ပါတယ်။ အသက် မတိမ်းမယိမ်းကွာတဲ့ အစ်ကိုနဲ့ပေါင်းပြီး ယောက်ျားလေးတွေ ကစားတဲ့ နည်းပေါင်းစုံ ကစားသလို မိန်းကလေး သူငယ်ချင်းတွေနဲ့လည်း မိန်းကလေးလို ကစားခဲ့ပါတယ်။

သားရေကွင်းကလေးတွေနဲ့တောင်မှ ကစားနည်းက စုံလို့ပါပဲ။ အစ်ကိုရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ကစားရင် လမ်းမမှာ ၀ါးခြမ်းပြားတိုလေးကို စိုက်၊ တစ်ယောက်ကို ဘယ်နှစ်ကွင်းကျဆိုပြီး အဲဒီအပေါ်မှာ  သားရေကွင်းလေးတွေ တင်။ သတ်မှတ်ထားတဲ့ အဝေးတစ်နေရာကနေ အလှည့်ကျ ပစ်။ သားရေကွင်း ထွက်ကျသွားအောင် ပစ်နိုင်ရင် ပစ်နိုင်သူက ယူကြေးပေါ့။ နောက်တစ်မျိုးကတော့ စည်းဝိုင်းကလေး ၀ိုင်းပြီး သားရေကွင်းကလေးကို အဝေးကနေ တစ်ကွင်းချင်း လက်ဝါးပေါ်တင်ပြီး တယောက်တစ်လှည့် ပစ်ချတာပါ။ ကွင်းလေးအချင်းချင်း ထပ်သွားရင် ယူရပါတယ်။ မိုးရွာလို့ အိမ်အောက် မဆင်းရဘူး ဆိုရင်တော့ နံရံမှာ သံတစ်ချောင်းစိုက် သားရေကွင်းတွေချိတ် အဝေးကနေ သားရေကွင်းနဲ့လှမ်းပစ်ကြပြီး ပြုတ်ကျရင် ယူတဲ့နည်းနဲ့ ကစားကြပါတယ်။

သားရေကွင်းကို မိန်းကလေးတွေ ကစားနည်း ကျတော့ တစ်မျိုးပါ။ သားရေကွင်းတွေ အများကြီး ချိတ်ဆက်ပြီး ကြိုးလုပ်ပါတယ်။ ပြီးတော့ နှစ်ယောက်က ကြိုးတစ်ဖက်တစ်ချက်မှာ ကိုင်ထားပြီး တစ်ယောက်က ကြိုးပေါ်မှာ ခုန်ပါတယ်။ ခုန်ပုံခုန်နည်းက အဆင့်ဆင့်ရှိပြီး သတ်မှတ်ထားတဲ့ ပုံစံမျိုးစုံနဲ့ ခုန်ရပါတယ်။ ကြိုးကို ခြေလိမ်ပြီး ခုန်တာလည်းပါသလို ကြိုးတန်းကို မထိအောင် ခုန်တာလည်းပါတယ်။  အဆင့်မြင့်လာရင် ကြိုးတန်းက တဖြေးဖြေး မြင့်လာပါတယ်။ ခုန်နေတုန်း အမှားဖြစ်သွားရင် ကိုယ်က ကြိုးတန်းကိုင် လုပ်ရပါတယ်။ တခါတလေကျတော့ အဲဒီကစားနည်းကို ယောက်ျားလေးတွေပါ လာကစားကြတယ်။ မူလတန်းအရွယ်က နေ့လည်စာစားချိန်တွေမှာတော့ ဒီကစားနည်းက ကျောင်းမှာ တော်တော် ခေတ်စားခဲ့ပါတယ်။

သားရေကွင်းပစ်ကစားနည်းနဲ့ ဆင်တူတဲ့ တခြားနည်းတွေ ရှိပါသေးတယ်။ ဖန်ဂေါ်လီ၊ ၀မ်ဒိုး ရွှံ့နဲ့လုပ်တဲ့ လောက်စာလုံး စတဲ့ အလုံးမျိုးစုံနဲ့ ပစ်လှိမ့်ကစားကြတာပါ။ အလုံးလေးတွေကို စုပုံပြီး ပြိုသွားအောင် တစ်လုံးနဲ့ ပစ်လှိမ့်တာရှိတယ်။ တန်းစီပြီး ထိအောင် လှိမ့်တာရှိတယ်။ ကျင်းမျိုးစုံတူးပြီး ၀င်အောင်လှိမ့်တယ်။ အလုံးဆိုတဲ့နေရာမှာ  ကြိုးနဲ့ ဂျင်ပေါက်ကစားတာလည်း ရှိပါတယ်။ ဂျင်ကတော့ သံချောင်းပါလို့ နည်းနည်း အန္တရာယ်ရှိတယ်။ ကျွမ်းကျင်မှုလည်း ပိုလိုအပ်ပါတယ်။ ဒိုးထိုးကြပါတယ်။ မန်ကျည်းစေ့ ခရေစေ့တွေနဲ့ ဇယ်တောက်ကစားတယ်။ အဲဒီလို အစေ့အဆံတွေကို စည်းဝိုင်းကွက်လေးတွေထဲမှာ အပုံလေးတွေပုံပြီး အကွက်ရွှေ့ကစားနည်းလည်း ရှိသေးတယ်။

မိန်းကလေးဆန်ဆန် စွဲစွဲလန်းလန်း ကစားတာ တစ်ခုကတော့ အရုပ်တမ်း ကစားတယ်လို့ ကိုယ့်ဘာသာခေါ်ကြတဲ့ ကစားနည်းပါ။ စက္ကူဖြူကို ရှည်ရှည်လေးခေါက် ပြန်ချိုးချ၊ လက်ပုံစံ စက္ကူချောင်းကလေးကို ညှပ်ထိုး၊ မျက်နှာပုံကိုရေးဆွဲပြီး အရုပ်ကလေး လုပ်ရပါတယ်။ ပြီးတော့ စက်ချုပ်ဆိုင်က တောင်းထားတဲ့ အ၀တ်အတိုအစလေးတွေကို ကပ်ကြေးနဲ့ညှပ်ပြီး အကျီအ၀တ်အစား မျိုးစုံဆင်ကြတယ်။ စက္ကူဗူးတွေ စုဆောင်းပြီး အိပ်ခန်း ဧည့်ခန်း စသည်ဖြင့် အိမ်ဆောက်ကြတယ်။ အခုခေတ်လို ဘာဘီရုပ်တွေ setလိုက် ဈေးကြီးပေး ၀ယ်ခဲ့ရတာမဟုတ်ပါဘူး။ အားလုံး ကိုယ့်ဘာသာ လုပ်ကြရတာချည်းပါ။ အဲဒီကစားနည်းမှာတော့ အရုပ်ပိုင်ဆိုင်သမျှကို ကိုယ်တကယ်ပိုင်ရသလို ပျော်ရတယ်။

ကိုယ်တိုင်လုပ် အရုပ်တွေထဲမှာ စာရေးကိရိယာအတိုအစတွေနဲ့ စက်ရုပ်တိုက်တမ်း ကစားတာလည်း ပါပါတယ်။ အဲဒီတုန်းက သုံးလေ့ရှိတဲ့ တစ်ခါသုံး ဘိုဇို ဘောပင်ကို မင်ကုန်သွားတဲ့အခါ ဖြတ်တောက်ပြီး ခေါင်းနဲ့ ကိုယ်ထည် လုပ်ပါတယ်။ မင်ကုန်သွားတဲ့ မင်ချောင်းလေးတွေကိုလည်း အကွင်းအကွင်းလေးတွေလှီးပြီး လက်တွေခြေထောက်တွေ လုပ်ပါတယ်။ အဲဒီ ဖြတ်တောက်ထားသမျှကို နိုင်လွန်ကြိုးနှစ်ချောင်းနဲ့ သီပါတယ်။ ကိုယ်ထည်တွေနေရာမှာ ကြိုးနှစ်ချောင်းလုံး ပူးထည့်ပါတယ်။ လက်မြှောက်ထားသလို ဖြစ်နေတဲ့ လက်ဖျားနှစ်ခုမှာ မှင်ချောင်းထိပ်ပိုင်းဖြစ်စေ အခြားကော်ပြားတစ်ခုခုကိုဖြစ်စေ အစသတ် ကြိုးချည်ပြီး ဓား၊လှံ လုပ်ပါတယ်။ ခြေထောက် နှစ်ချောင်းအောက်မှာတော့ ကြိုးစရှည်ရှည် ချန်ထားခဲ့ပါတယ်။ ပြီးရင်တော့ စားပွဲမှာ သစ်သားပြားနှစ်ခု ခြားနေတဲ့ ကြားထဲကို ကြိုးစတွေကို သွင်းပြီး အောက်ကနေဆွဲရင် အရုပ်က စစ်တိုက်နေဟန် လှုပ်လာပါတယ်။ အဲဒီလို အရုပ်နှစ်ရုပ် မျက်နှာချင်းဆိုင်ပြီး စက်ရုပ်ချင်း တိုက်ကြတာပါ။

ကလေးတွေစုမိပြီး လူစုံရင် စနေတနင်္ဂနွေလို ပိတ်ရက်ကို အသေအချာ ကြိုချိန်းပြီး ကစားကြတဲ့ ကစားနည်းတွေလည်းရှိပါသေးတယ်။ တစ်နည်းကတော့ ဈေးရောင်းတမ်း ပါ။ အဲဒါက အစကတည်းက ကိုယ်ဘာရောင်းမယ် ဆိုတာ မတိုက်ဆိုင်အောင် ကြိုညှိထားကြရပါတယ်။ ထမင်းဟင်း ရောင်းမယ့်လူနဲ့ ခေါက်ဆွဲကြော်ရောင်းမယ့်လူနဲ့။ ကုန်ကြမ်း ရောင်းမယ့်လူက ရှိသေးတယ်။ အဲဒီကစားနည်းမှာတော့ အိမ်လမ်းကြား တစ်ခုခုမှာ ကိုယ့်နေရာကိုယ်ဖြန့်ခင်း ပြီး ဈေးတန်းကြီး လုပ်ကြတာပါ။ ပစ္စည်းပစ္စယတော့ အတော်လိုပါတယ်။ လူများဖို့လည်းလိုတယ်။ ခင်းထိုင်စရာ ပလတ်စတစ်ပြား၊ ထိုင်ခုံ၊ အိုးခွက်ပန်းကန် ခင်းကျင်းကြ။ သစ်ရွက်ကလေးတွေ အသီးလေးတွေ၊ ပန်းပွင့်ကလေးတွေ၊ လှီးကြချွတ်ကြ ။ သဲတွေ ရေတွေလည်းပါတာပေါ့။

အဲဒီလို စုဆုံကစားတဲ့နည်းတွေ ထဲမှာ ဘယ်သူမှ သိပ် ကစားဖူးမယ် မထင်တာကတော့ ကတန်းခုန်တန်း ကစားတာ (ဇာတ်ထောင်တာ) ပါ။ အဲဒီနည်းက အစ်ကိုအစ်မ ၀မ်းကွဲတွေ ငယ်ငယ်ကတည်းက စခဲ့တာပါ။ အမျိုးတွေရှိတဲ့ နယ်ကို သွားလည်ရင်းတွေ့လာတာပါ။ အဲဒီမှာ အသက်ဆယ်နှစ်ကျော်ကျော် အကိုဝမ်းကွဲ သူဌေးသား တစ်ယောက်ရှိပါတယ်။ ဇာတ်ပွဲတွေ စတိတ်ရှိုးတွေ ကြည့်ပြီးရင် သူကပိုးမသေဘူး။ ဘက်ထရီမီး၊ အ၀တ်အစား၊ တီးမှုတ်တူရိယာ အားလုံး သူ စပွန်ဆာလုပ်ပြီး ကလေးတွေစုပြီး ပွဲထောင်ပါတယ်။ ကလေးတွေဆော့တဲ့ ဇာတ်ပွဲကို လူကြီးတွေပါ လာကြည့်ကြပါတယ်။ ငယ်ငယ်က သူ့ကို သိပ်အားကျပါတယ်။ ကိုယ်တိုင် လေးငါးတန်းအရွယ်လောက် ရောက်လာတော့ အိမ်က အစ်ကိုအပါအ၀င် သူငယ်ချင်းတွေကို စည်းရုံးပါတယ်။ ဖျော်ဖြေမယ့်သူက ဖျော်ဖြေဖို့ လာကြည့်မယ့် သူကလည်း လာကြည့်ဖို့ပေါ့။ အိမ်မှာကလည်း တီးမှုတ်တူရိယာ အတော်များများ ရှိပြီးသားကိုး။ ပုဝါတွေ၊ အ၀တ်အစားတွေ စုဆောင်းကြပါတယ်။ ရေဆေးရောင်စုံ ဗူးကလေးတစ်ဗူး ရှိတော့ ဆိုင်းဘုတ်တွေ နဖူးစည်းတွေ စာလုံးဖောက်ကြ ရေးကြပါတယ်။ ဇာတ်ညွှန်းရေး ဇာတ်တိုက် လုပ်ကြပါတယ်။ ကိုယ်ပိုင်သီချင်းတောင် စပ်လိုက်ကြသေးတယ်။ ဒီကြားထဲ စိတ်ကောက်သူနဲ့၊ အိမ်ကသိသွားလို့ ကြံကြံဖန်ဖန် ဆော့ရမလားဆိုပြီး အဆော်ခံရသူနဲ့၊ ဇာတ်ခေါင်းခဏခဏ ကွဲကြရပါသေးတယ်။

နောက်တစ်နည်း ထွေလီကာလီ ကစားတာကတော့ ပန်ဒိုရာရယ်လို့ တောင်ရေးမြောက်ရေး လျှောက်ရေး ဖြစ်လာမယ့် အလောင်းအလျာလေးက ဗီဇပြတယ်လို့ ဆိုရပါမယ်။ စာပေကို ၀ါသနာပါတဲ့ ဖေဖေနဲ့မေမေက   စာအုပ်အရောင်းအငှား နဲ့ စာရေးကိရိယာ ဆိုင်ကလေးကို အိမ်မှာ ဖွင့်ထားတယ်။ ကျွန်မဟာ စာအုပ်တွေကြား ကြီးပြင်းလာခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ကျောင်းအားချိန်မှာ စာအုပ်ဆိုင်လည်း ကူထိုင်ရပါတယ်။ ငါးတန်းနှစ်လောက်မှာတော့  စာဖတ်ရုံတင်မက ရေးချင်တဲ့ပိုးက ရွလာပါတယ်။ ဗလာစာရွက်တွေကို လေးခေါက်ခေါက် စာအုပ်ကလေး ဖြစ်အောင်ချုပ်ပြီး တိုလီမုတ်စတွေ ရေးတော့တယ်။ ၀ါသနာတူ သူငယ်ချင်း တစ်ယောက်နဲ့ ပေါင်းပြီး ကိုယ်တိုင်ရေးထားတဲ့ စာအုပ်ပေါက်စကလေးတွေကို အတန်းထဲမှာ သူငယ်ချင်းတွေကို ငှားစားတယ်။ သူတို့က ဖတ်ချင်ရင် ဗလာစာရွက် အလွတ်နဲ့ ပေးချေပြီး ငှားရပါတယ်။ အဲဒီရလာတဲ့ စာရွက်လွတ်တွေမှာ ကိုယ်တို့က အသစ်ထပ်ရေးနဲ့ ဟန်ကိုကျလို့ပါပဲ။ အဲဒီတုန်းက ငါးတန်းကလေးရဲ့ ကလောင်နာမည်က တက္ကသိုလ် ပန်ဦးတဲ့။ သူငယ်ချင်းနာမည်ကလည်း တက္ကသိုလ် နွေဦးတဲ့။ အခုစာရေးတဲ့အခါ ပန်ဒိုရာ နာမည်ယူတော့ အဲဒီတုန်းက တက္ကသိုလ် ပန်ဦးကို မေ့နေခဲ့သေးတယ်။ ပန်ချင်း တိုက်တိုက်ဆိုင်ဆိုင်ဆိုတာ နောက်မှပြန်သတိရပါတယ်။

အဲဒီကိစ္စတွေ နိဂုံးချုပ်သွားပုံကတော့ ဒီလိုပါ။ ကျွန်မက အဲဒါတွေလုပ်နေတာကို အိမ်ကသိသွားမှာတော့ ရှက်တယ်။ အစ်ကိုကိုလည်း ပြန်မပြောဖို့ ပိတ်ထားတယ်။ ဒါကြောင့် စာအုပ်ကလေးတွေ အားလုံးကို သူငယ်ချင်း တစ်ယောက်ဆီမှာ အပ်ထားပါတယ်။ ကျောင်းဆင်းရင် သူက စာအုပ်လေးတွေကို အိမ်ကိုယူသွားပြီး သိမ်းပေးထားတယ်။ တနေ့တော့ သူ့အဖေက စာအုပ်တွေကို တွေ့သွားသတဲ့။ ကလေးတွေဖြစ်ပြီး ချစ်ကြောင်းကြိုက်ကြောင်း ပါတဲ့ ဝတ္ထုတွေ ရေးရမလားဆိုပြီး သတင်းစာလို့ရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကလွဲလို့ ကျန်အားလုံး ဖြဲဆုတ်လိုက်သတဲ့။ အဲဒီခေတ်က အပြင်စာဖတ်ရင် ကလေးတွေ ရည်းစားထားမှာစိုးလို့ တချို့မိဘတွေက တားမြစ်ချင်တဲ့ ခေတ်ပေကိုး။ အခုတော့ ဘာအမှတ်တရမှ မကျန်ခဲ့တော့ပါဘူး။

နောက်ထပ် လူအများနဲ့ ကစားတဲ့ ကစားနည်းတွေကတော့ အားလုံး ကစားဖူးကြမဲ့ ရွှေစွန်ညို၊ ၀ိုင်းကြီးပတ်ပတ်၊ ထုတ်ဆီးတိုးတမ်း၊ ဖန်ခုန်တမ်း၊ စစ်တိုက်တမ်း ။ ပိုပြီး အားကစား ဆန်လာတာကတော့ ဘောလုံးကန်၊ ကြက်တောင်ရိုက်၊ ကျားထိုး၊ စစ်တုရင်ထိုး။ စုံလို့ပါပဲ။ မှန်ကို နေရောင်မှာထိုးပြီး ပလတ်စတစ် အရုပ်ကလေးတွေချ ပိတ်ကားထောင်လို့ ရုပ်ရှင်ပြတမ်းတို့။ စက္ကူလှေ သစ်သားလှေကလေးတွေ ရေမြောင်းထဲ လွှတ်တာတို့၊ သဲအိမ်ကလေးတွေဆောက်တာတို့ စတာတွေ ရှိပါသေးတယ်။ သိပ္ပံစမ်းသပ်မှုဆန်ဆန် ကစားတာတွေလည်း ရှိပါတယ်။ သရက်ပင်အခေါက်ကို မီးဖိုထဲက ပြာနဲ့ရောပြီး ရေဖျော်လိုက်ရင် အစိမ်းနုရောင်လေး ထွက်လာတာကို ဖျော်ရည်လုပ်ရောင်းကြတာ၊ ခေါင်ရမ်းပွင့်အနီကို အရည်ညှစ်လို့ရတဲ့ ပျစ်ချွဲချွှဲအရည်ကို ဆီလုပ်ကြတာ စတာတွေပါပဲ။

အစ်ကိုနဲ့က တစ်နှစ်ခွဲပဲကွာတော့ တီတီထွင်ထွင်တွေ၊ ပေါက်ကရတွေ လုပ်ဖို့ တော်တော် အဖော်ရပါတယ်။ အပြင်ကို မထွက်ရဘူးဆိုရင်လည်း မောင်နှမနှစ်ယောက် အိမ်တွင်း အင်ဒိုး ကစားလို့တော့ ရနေသေးတာပဲ။ ဆော့စရာတွေ ပျင်းလာရင်  အိမ်ရှေ့မှာထိုင်ပြီး လမ်းသွားလမ်းလာတွေကို အလှည့်ကျ ပြုံးပြပြီး ဘယ်နှစ်ယောက်က ကိုယ့်ကို ပြန်နှုတ်ဆက်မလဲ ဆိုတာ ပြိုင်ကြပါသေးတယ်။

ငါးနှစ်နီးပါးကွာတဲ့ မောင်လေးကိုတော့ ငယ်ငယ်က လိုက်ရှုပ်တယ်လို့ ထင်ခဲ့တယ်။ သူ့ကိုမခေါ်လို့လည်း မရဘူး။ ကစားဖို့ သူငယ်ချင်းတွေဆီသွားရင် ကလေးပါခေါ်သွား ဆိုပြီး မေမေက တစ်ခါတည်း ကလေးထိမ်းခိုင်းရင် ကျွန်မက သိပ်မကြည်ဘူး။ သူ့ထက်ကြီးတဲ့ ကိုယ့်သူငယ်ချင်းတွေက သူ့ကို မနိုင်စားအောင်လည်း ကြည့်နေရသေးတယ်လေ။ နောက်ပိုင်း သူတော်တော်လေး ကြီးလာတော့မှ ကစားတာ  အဖော်ရလာပါတယ်။ အဲဒီကျပြန်တော့လည်း သူက လူကြီးတွေ မသိလိုက်ခင် အိမ်အောက်ထဲဝင် မြေကြီးကိုလိုဏ်ခေါင်းတူးပြီး အိမ်ဆောက်တာလိုမျိုး၊ မီးဖိုတာလိုမျိုး ကိုယ့်ထက်ထူးဆန်းတာတွေ ဆော့လာတော့ မျက်လုံးပြူးရပါသေးတယ်။ ဆယ်နှစ်ကွာတဲ့ အငယ်ဆုံး ညီမလေး ကစားတတ်တဲ့ အချိန်မှာတော့ အစ်ကိုကြီး အစ်မကြီးတွေက အပြိုင်အဆိုင် မဟုတ်တော့ဘဲ သူ ကစားတတ်တာတွေကို ကူဆော့ပေး ထိန်းပေးတဲ့ အရွယ် ဖြစ်သွားပါပြီ။

ငယ်ငယ်က ကစားပုံကစားနည်းတွေဟာ ကြီးပြင်းလာတဲ့ ဘ၀နဲ့ ဘယ်လို သက်ဆိုင်သလဲ ဆိုတာ တွေးကြည့်မိပါတယ်။ အဲဒီအချိန်ကတော့ ကစားချိန်ဆိုတာ လုံလောက်တယ်လို့ကို မထင်ဘူးလေ။ ကလေးဆိုတာ ကစားရမယ်ဆိုရင် ၀ တယ်လို့ကိုမရှိဘူး မဟုတ်လား။ အခုပြန်တွေးကြည့်တော့ အခုခေတ်ကလေး အတော်များများနဲ့ ယှဉ်ရင် ထူးထွေဆန်းပြား တန်ဖိုးကြီး ကစားစရာတွေ မရှိပေမဲ့ အိမ်ထဲရော အိမ်ပြင်မှာပါ တော်တော် ကစားချိန်ရခဲ့တယ်လို့ ဆိုနိုင်မှာပါ။ အပြင်စာတွေ ဆိုလည်း ကိုယ်ဖတ်နိုင်လို့ကတော့ လွတ်လွတ်လပ်လပ် ဖတ်ခွင့်ရခဲ့တာပဲ။ ဒါတွေကြောင့် ကျောင်းစာကိုလည်း မလစ်ဟင်းခဲ့ပါဘူး။ ကျူရှင်လည်း တက်စရာမလိုခဲ့ဘူး။ ဒီလိုငယ်ဘဝ ဖြတ်သန်းခဲ့တာကြောင့် အခုကြီးလာတဲ့အခါ ဘာဖြစ်လာခဲ့သလဲ၊ ဘယ်လိုဆက်စပ်နေသလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

တကယ်တော့ ကလေးဘ၀က ကစားကြတာတွေဟာ ဘ၀သေးသေးလေးတွေကို စိတ်ကူးယဉ်ပြီး အစမ်း တည်ဆောက်ကြည့်နေကြတာ လို့ ပြောနိုင်မယ် ထင်ပါတယ်။ ငယ်ငယ်က ကစားနည်းတွေမှာလည်း ညှိနှိုင်းရတာတွေ ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ပါတယ်။ လောဘလေးတွေ ပါတယ်။ အကြံဉာဏ်ထုတ်ရတာတွေလည်း ပါတယ်။ ပျော်ရတာတွေ ပါတယ်။ ရန်ဖြစ်ရတာတွေ ပါတယ်။ နိုင်တာ ရှုံးတာတွေလည်း ပါတယ်။ ကစားပွဲပြီးတော့လည်း ပြီးသွားတာပါပဲ။ ကလေးတွေ ကတော့ ဖြူစင်ပါတယ်။ အညိုးအတေးအမှတ်တွေလည်း နည်းပါးခဲ့ပါတယ်။ အဲဒီလို ကလေးအရွယ်က ဘ၀သေးသေးလေးတွေကို  ဘယ်လိုပဲ အစမ်းတည်ဆောက်ခဲ့ ပေမယ့် အခုကြီးလာတော့ရော လူ့လောကရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကြားမှာ လောဘဒေါသတွေ ချုပ်ထိန်းလို့ ဘ၀မှာနေပျော်အောင် အနေတတ်ပါပြီတဲ့လား။ ပြီးပြီးပျောက်ပျောက်ရော သဘောထားနိုင်ပါသေးရဲ့လား။ အင်း… စိတ်ကူးယဉ်မှုတွေကရော ရှင်သန်နေဆဲလား ပြီးဆုံးခဲ့ပြီလား။

အပြင်ကို ငေးကြည့်လိုက်တော့ သစ်ရွက်တွေပေါ်က သွယ်တန်းကျနေတဲ့ မိုးရေစီးကြောင်းတွေကို လေရူးက  အပိုင်းပိုင်း ဖြတ်တောက်လို့ ဟိုလွင့်ဒီလွင့် ဝေ့နေပါတော့တယ်။

ပန်ဒိုရာ


၁၆.၁၁.၂၀၀၇-၁၅.၆.၂၀၁၆
(Thanlyin Post Journal July 30,2016 တွင်ဖော်ပြပါရှိပြီး, Shwe FM Radio မှထုတ်လွှင့်ပြီး။)

Expand..

Monday, August 1, 2016

အေးမြကြည်လင်သောရေစက်





ကိုယ့်အတွေ့အကြုံကနေ ကိုယ်တိုင်သင်ခန်းစာ မယူတတ်သူဟာ လူမိုက်၊ သူတပါးရဲ့ အတွေ့အကြုံကနေတောင်မှ သင်ခန်းစာယူတတ်သူဟာ ပညာရှိ လို့ ဆိုကြရင် ကျွန်မကတော့ ကိုယ့်အတွေ့အကြုံကနေ ကိုယ်တိုင် သင်ခန်းစာယူဖို့ ကြိုးစားနေရတဲ့ သာမန်လူတစ်ဦးမျှသာ ဖြစ်ပါတယ်။ ဆန်းကြယ်တတ်တဲ့ ကံတရားဟာ ထီပေါက်တာထက် အဆပေါင်းများစွာ ဝမ်းမြောက်ဖွယ်ဖြစ်တဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ဦးကို အသက်လေးဆယ်ဝန်းကျင်ရောက်မှ ကျွန်မဆီ ခေါ်လာခဲ့ပါတယ်။
တက္ကသိုလ်တက်ချိန်ကစပြီး အိမ်ထောင်ဦးဘဝအထိ နှစ်ပေါင်းများစွာ တစ်ကိုယ်တော် လွတ်လွတ်လပ်လပ် နေထိုင်ဖြစ်ခဲ့သူ ကျွန်မအတွက်တော့ ထူးဆန်းတဲ့ စီမံခန့်ခွဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ လိမ္မာရေးခြားရှိဖို့ ဥာဏ်ပညာမြင့်မားဖို့ လူမှုရေးကောင်းမွန်ဖို့ စတဲ့ ရည်ရွယ်ချက်တွေကို အသာထား၊ လူသားလေးတစ်ယောက် ပုံမှန် ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ရေးအတွက်တောင်မှ သိမ်မွေ့လွန်းတဲ့ ကိစ္စတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။ ကလေးနှစ်ယောက်ရှိလာချိန်မှာ စိန်ခေါ်မှုတွေ ပိုလာတော့ ကျွန်မတို့ မောင်နှမ လေးယောက်ကို မေမေဟာ ဘယ်လို ထိန်းကျောင်းခဲ့သလဲ ဆိုတာ နေ့စဉ်မတွေးပဲ မနေနိုင်ခဲ့ပါဘူး။

မကြာခင်က ကိုးတန်းဆယ်တန်းတုန်းက ကျောင်းသွားဖော် သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင် ပြန်ဆုံတွေ့ခဲ့ပါတယ်။ ဝမ်းသာအားရ နှုတ်ဆက်ကြပြီးနောက် သူပထမဆုံး မေးတဲ့ မေးခွန်းကတော့ ကျွန်မရဲ့ အမေ နေကောင်းရဲ့လား ဆိုတာပါပဲ။ ကျွန်မနဲ့ မသိတဲ့ သူရဲ့ မိတ်ဆွေတွေရှေ့မှာလည်း “သူ့အမေက တကယ်စည်းကမ်းကောင်းပြီး တော်တဲ့အမေလေ ဒီလိုအမေမျိုး ရှားတယ်” လို့ ချက်ချင်းဆိုသလို ပြောပြလိုက်ပါသေးတယ်။ သူငယ်ချင်းဟာ ကျွန်မနဲ့ပတ်သက်လို့ ကျွန်မအမေအကြောင်းကို သူ့ခေါင်းထဲမှာ အထင်ရှားဆုံး ဖြစ်နေတာကို အလွန်အံ့သြရပါတယ်။ ဒီတော့လည်း မေမေ့အကြောင်းကို ပိုလို့ တွေးတောမိခဲ့ပါတယ်။ 

ကျွန်မဟာ ဖေဖေကို အလွန်ချစ် အလွန်အထင်ကြီးသူ ဖြစ်ပါတယ်။ အဲဒါက ငယ်စဉ်ကာလက ကျွန်မရဲ့ မေမေ့အပေါ် သဘောထားကို တစ်နည်းတစ်ဖုံ ထိခိုက်ခဲ့တယ် ဆိုတာကိုတော့ တွေးတတ်တဲ့ အရွယ်ရောက်မှ သိခဲ့ပါတယ်။ ချွေးတလုံးလုံး ချက်ရင်းပြုတ်ရင်း အဝတ်လျှော် မီးပူတိုက် အိမ်မှုကိစ္စတွေအပြင် အိမ်ဆိုင်လေးကိုပါ ပြေးထိုင်ရသေးတဲ့ အိမ်နေဝတ် အင်္ကျီလုံချည်နဲ့ သနပ်ခါးရေကျဲလေးနဲ့ နေ့စဉ် တွေ့ရလေ့ရှိတဲ့ မေမေ့ကို ဘာမှ ထူးထူးထွေထွေ သဘောထားခြင်း မရှိခဲ့ဘဲ တိုက်ပုံအင်္ကျီ လုံချည်စိမ်းနဲ့ အလုပ်သွားတတ်တဲ့၊ ကျွန်မမျက်စိထဲမှာ ချောမောသပ်ရပ်နေတဲ့ ပညာတတ် ကျောင်းဆရာ ဖေဖေ့ကိုသာ အထင်တကြီးဖြစ်ခဲ့တာ ကလေးတစ်ယောက်ရဲ့ အတွေးထဲမှာ မထူးဆန်းဘူး ထင်ပါရဲ့။ လူအများက “သမီးက ဖေဖေနဲ့တူတယ်” လို့ဆိုရင် မေမေနဲ့ တူတယ်လို့ ပြောတာထက် ကျွန်မက ပိုပျော်ရွှင်တတ်ခဲ့တာ၊ “သမီးကြီးက အဖေနဲ့တူရင် ကောင်းစားတတ်တယ်တဲ့၊ ကောင်းတာပေါ့” လို့ အပြုံးမပျက် ပြောတတ်တဲ့ မေမေ့ရဲ့ စကားသံတွေထဲမှာ ထိထိခိုက်ခိုက် အရောင်တွေပါမပါ သရုပ်မခွဲတတ်ခဲ့တာ ကျွန်မရဲ့ မသိသားဆိုးဝါးမှုတွေပါပဲ။

မေမေဟာ သပ်ရပ်တယ်၊ အိမ်မှုကိစ္စနိုင်နင်းတယ်၊ စည်းကမ်းကောင်းတယ်လို့ အပျိုဘဝကတည်းက သူ့ဝန်းကျင်မှာ နာမည်ကောင်းထွက်ခဲ့သူပါ။  ငယ်ငယ်က စာအုပ်တစ်အုပ် ကောက်ကိုင်လိုက်ရင် ထမင်းမေ့ ဟင်းမေ့နဲ့ လုပ်စရာကိုင်စရာတွေကို ပျာယိပျာယာ ရှုပ်ရှုပ်ပွပွ ဖြစ်တတ်တဲ့ ကျွန်မကို မေမေက ဘဝင်မကျဖြစ်လာရင် ဖေဖေက “သူကစာပေသမားဆိုတော့  ကြီးလာရင် ပညာရှင်ဖြစ်လာပြီး အိမ်မှုကိစ္စတွေ လုပ်ချင်မှ လုပ်ရမှာပေါ့ကွာ” လို့ ရယ်သွမ်းသွေးပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် ဝင်ကာဆီးလေ့ရှိပါတယ်။  မေမေ့ရဲ့ ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေကိုတော့ သာမန် အိမ်ရှင်မတို့ ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ကျွန်မက အသေစွဲမှတ်ထားခဲ့ပြီး ထူးထူးခြားခြား ချီးကျုးဖွယ် အတုယူဖွယ်လို့ မမြင်ခဲ့ပါဘူး။

ကျွန်မနဲ့ ကျွန်မအစ်ကိုဟာ တစ်နှစ်ခွဲပဲ ခြားတာမို့ အိမ်ထောင်ဦးမှာ မေမေဟာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရမှာ မလွဲဧကန်ပါပဲ။ အိမ်ထောင်ကျတဲ့အခါ သျှောင်နောက်ဆံထုံးပါ လိုက်ခဲ့ရပြီး ကိုယ့်အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ရတဲ့ မေမေဟာ ကိုယ်ပိုင်ဝင်ငွေရှိချိန်ကလို အဝတ်အစား အသုံးအဆောင်တွေ မသုံးဖြစ်တော့ပဲ ဖေဖေ့ရဲ့ ကျောင်းဆရာလခနဲ့ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဖြစ်အောင် နေထိုင်တတ်ခဲ့ပါတယ်။ အဲ့ဒီအပြင် စာအုပ်ဆိုင်ကလေးဖွင့်ပြီး ဝင်ငွေကို ဖြည့်ဆည်းတာ၊ စုငွေတွေကို မပျောက်မပျက်အောင် ရင်းနှီးမြုပ်နှံတာတွေဟာ “အိမ်ရှင်မ၊ မှီခို” လို့ မြန်မာ့ လူမှုဝန်းကျင်မှာ ခေါင်းစဉ်တပ်ခံထားရတဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းတင်မခံရတဲ့ စီးပွားရေး စွမ်းဆောင်ရည်တွေပါပဲ။ 

ကလေးပြုစုစောင့်ရှောက်နည်းတွေကို အခုမှ အမောတကော လိုက်ဖတ်ဖြစ်နေတဲ့ကျွန်မဟာ မြန်မာတွေရဲ့ စွဲမြဲနေတဲ့ ရှေးရိုးစဉ်လာ အချက်တချို့ကလွဲလို့ စောင့်ရှောက်နည်း အတော်များများဟာ မေမေရဲ့ သွန်သင်ထိန်းကျောင်းမှုနဲ့ ကိုက်ညီနေတာကို တအံ့တသြ တွေ့ရပါတယ်။  ကျွန်မတို့မောင်နှမတွေကို မေမေဟာ ထမင်းခွံ့ကျွေးတဲ့ အချိန်တချို့ ရှိခဲ့ပေမဲ့ ဇွန်းကိုင်တတ်တဲ့ အရွယ်ကတည်းက ကိုယ့်ဘာသာ စားတတ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ မောင်နှမနှစ်ယောက်ကို ထမင်းလုံးဖိတ်မကျအောင်၊ ထမင်းတွေလည်း ကုန်အောင် အပြိုင်အဆိုင်အားပေးထားပြီး စနစ်တကျ ကိုယ့်ဘာသာ စားခိုင်းထားတတ်ပါတယ်။  အိမ်မှာ လူခွဲလည်း မရှိတာမို့ ကျွန်မတို့ဟာ ကိုယ့်ဘာသာ စီမံနိုင်တဲ့အခါ မေမေ့ကိုလည်း အလုပ်သက်သာအောင် တစ်ဖက်တစ်လမ်း ကူညီသလို ဖြစ်ခဲ့ပါတယ်။ 

ကျွန်မတို့မောင်နှမတွေဟာ သူများတွေတစ်ခုခုကျွေးရင် ဘယ်တော့မှ ယူမစားဘဲ မေမေက ယူလိုက်ပါလို့ ပြောမှသာ စားတယ်လို့ မိတ်ဆွေတွေက ပြန်ပြောကြပါတယ်။ သူများစားသောက်နေတာနဲ့ ကြုံကြိုက်ရင်လည်း မကြည့်ဘဲ မျက်နှာလွှဲနေတတ်ကြတဲ့ မောင်နှမတွေကို ကြည့်ရတာ သနားစရာ ရယ်စရာတောင် ကောင်းတယ်လို့လည်း မိတ်ဆွေတွေက ပြန်ပြောပြတတ်ကြတယ်။  
မေမေဟာ ကျောင်းဆရာမတစ်ယောက်လည်း မဟုတ်သလို ပညာရေးကိုလည်း အဆင့်မြင့်တန်းတွေအထိ ပြီးဆုံးတိုင် သင်ခွင့်မကြုံခဲ့ရသူပါ။ ဒါပေမဲ့လည်း စာဖတ်ဝါသနာပါပြီး ပညာရေးကို အထူးစိတ်ဝင်စားသူ ဖြစ်ပါတယ်။ ကျွန်မဟာ ရှေ့က ကျောင်းတက်နေတဲ့ အစ်ကို လုပ်သမျှ ဖတ်သမျှ လိုက်အတုခိုးပြီး အတတ်မြန်သူ လို့ မေမေက ပြောပါတယ်။ ကဗျာလေးတွေကို ဝါသနာပါပြီး စာလုံးတွေကို ကစားစရာလို စိတ်ဝင်စားတဲ့ ကျွန်မကို မေမေဟာ မြန်မာစာရဲ့ အသံစနစ်ကို အသုံးပြုပြီး သတ်ပုံသတ်ညွှန်း မရှုပ်ထွေးတဲ့ စာကြောင်းတွေကို ဖတ်တတ်အောင် သင်ပေးခဲ့ပါတယ်။   ကျွန်မကို သင်ပြရတာ လွယ်တယ် လို့ မေမေက ပြောပြပါတယ်။ သမီးရေ “အ အာ အား” လို့ မေမေ ပြောလိုက်ရင် “က ကာ ကား ခ ခါ ခါး” စသဖြင့် ကျွန်မက အကုန် ဆက်ဆိုတတ်သွားတယ်တဲ့။ 

ငယ်ငယ်တုန်းက ကျွန်မဟာ လူစိမ်းတွေဆိုရင် အလွန်သတိထားမိပြီး ကြောက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ အငိုသန်သူလည်း ဖြစ်ပါတယ်။ အဲဒီခေတ်က မျက်မှန်တပ်သူက နည်းတော့ မျက်မှန်နဲ့လူဆိုရင် ကျွန်မက အထူးအဆန်းဖြစ်ပြီး ပိုကြောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အံ့သြစရာကောင်းတာကတော့ အဲဒီလို ပတ်ဝန်းကျင် အပြောင်းအလဲတိုင်းကို အလွန်အရေခွံပါးပြီး ကြောက်တတ်တဲ့ ကလေးလေးဟာ မိဘတွေရဲ့ မိတ်ဆွေတွေနဲ့ ဆုံကြရင် ကိုယ်ရတဲ့ ကဗျာတွေ သီချင်းတွေကို ပျော်ပျော်ရွှင်ရွှင် ဆိုပြတတ်ရုံမက သူငယ်တန်း မတက်ခင်အရွယ်မှာ တစ်ရွာလုံးက လူတွေလာကြည့်တဲ့ ညစင်မြင့်ပေါ်မှာ အမူအယာနဲ့ ကဗျာတစ်ပုဒ်ကို မထစ်မငေါ့ ရွတ်ပြခဲ့တာပါပဲ။ ကျောင်းတက်တဲ့ အရွယ်ရောက်တော့လည်း နှစ်စဉ်နှစ်တိုင်း ကဗျာရွတ်ဆိုပြိုင်ပွဲနဲ့ ပုံပြောပြိုင်ပွဲတွေမှာ ကျွန်မကို ပထမဆု အမြဲရအောင် သင်ကြားပြသ အားပေးခဲ့တာ မေမေပါပဲ။ လူကြောက်တတ်တဲ့ အငိုလွယ်တဲ့ ကလေးတစ်ယောက်ကို ဘယ်လိုဘယ်ပုံ ခွန်အားတွေပေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေခဲ့သလဲဆိုတာ ကျွန်မအခုအချိန်အထိ အကြိမ်ကြိမ်မေးနေရတဲ့ မေးခွန်းပါပဲ။ မေမေကတော့ “ဒီလိုပဲ အကျိုးအကြောင်းပြောပြီး သမီးမကြောက်နဲ့ လို့ အားပေးလိုက်တာပါ” လို့ ရိုးရိုးပဲ ရှင်းပြတတ်ပေမဲ့ ကျွန်မအတွက်တော့ ကိုယ် သားသမီးရလာတဲ့အချိန်မှာ သိပ်ကိုခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ 

ကံကောင်းထောက်မစွာ ကျေးလက်ရဲ့ ကျယ်ပြန့်တဲ့ သဘာဝဝန်းကျင်ကြား ကြီးပြင်းလာတဲ့ ကျွန်မတို့ မောင်နှမတွေကို မျိုးစုံ ဆော့ကစားခွင့် ပေးခဲ့တာကိုလည်း  ပြန်တွေးတိုင်း ဝမ်းသာရပါတယ်။ ဖေဖေကတော့ အသေးစိတ် စီမံမှုတွေမှာ ဝင်ပါလေ့မရှိတာမို့ ကျောင်းပိတ်ရက်တွေမှာ အပြင်ကို ထွက်ကစားခွင့်ရှိမရှိ၊ သူငယ်ချင်းအိမ် သွားလည်ပတ်ခွင့် ရှိမရှိ ဆိုတာ မေမေ့ကိုပဲ ခွင့်တောင်းရလေ့ ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ အိမ်ပြင်ထွက် ကစားဖို့ကို အမြဲတမ်း မလိုက်လျောတဲ့ မေမေဟာ စည်းကမ်းကြီးတယ်ဆိုပြီး မကျေနပ်စိတ် ရှိခဲ့တယ်။ ပြန်စဉ်းစားကြည့်တော့မှ ကလေးတစ်ယောက်အတွက် ကစားချိန်၊ စားချိန်၊ စာဖတ်ချိန် အကန့်အသတ် ဆိုတာတော့ ရှိရမှာပဲလို့ သဘောပေါက်ခဲ့ပါတယ်။ တကယ်တော့ ကိုယ်ကစားခဲ့တဲ့ နည်းလမ်းတွေ၊ အချိန်တွေ၊ ပတ်ဝန်းကျင်တွေ့ထိမှုတွေ တော်တော် မနည်းခဲ့ဘူး ဆိုတာကို နောက်မှ ပြန်မြင်ခဲ့ပါတယ်။ အဲဒီလို ကစားခွင့် ရရုံမက အထူးကံကောင်းတာက အပြင်စာ ဖတ်ခွင့်ရတာပါ။ အဲဒီခေတ်က မိဘအတော်များများဟာ ကလေးတွေ အပြင်စာဖတ်တာကို တားမြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အိမ်မှာတော့ အချိန်အားတွေမှာ ကိုယ့်စာအုပ်ဆိုင်က စာတွေကို ကြိုက်သလိုဖတ်လို့ ရခဲ့ပါတယ်။
အစားအသောက်နဲ့ ပတ်သက်လာရင် “အမေ့လက်ရာ” ဆိုတာ သားသမီးတိုင်းလိုလို တမ်းတမိကြ စမြဲပါ။ မေမေဟာ ဟင်းချက်လည်း ကောင်းပါတယ်။ ငယ်ငယ်ကတည်းက အာဟာရမျှတ ကျွေးဖြစ်ခဲ့တဲ့ မေမေ့ကြောင့် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားငါး အတော် အမျိုးစုံအောင် စားတတ်ခဲ့ပါတယ်။  အခုအချိန်မှာတော့ ချက်ပြုတ်ကျွေးမွေးခြင်း ဆိုတာ အိမ်ရှင်မတစ်ယောက် မဖြစ်မနေလုပ်ရယ့် သာမန်ကိစ္စ သာမန်စွမ်းရည် မကဘူး ဆိုတာ မိသားစုတစ်ခုလုံးအတွက် ကိုယ်တိုင် မီးဖိုချောင်နဲ့ ဈေးသွားခြင်းကို စီမံခန့်ခွဲတော့မှ သဘောပေါက်ခဲ့ရပါပြီ။ မေမေကတော့ အခုအရွယ်အထိတောင်မှ မီးဖိုချောင်ထဲက မထွက်နိုင်သေးဘဲ ကျန်းမာရေးမကောင်းတဲ့ ဖေဖေ့အတွက် သင့်လျော်သလိုစီစဉ်ရင်း တစ်အိမ်စီမှာနေ တစ်နယ်စီခြားနေတဲ့ သားသမီးတွေဆီကိုလည်း စားသောက်ဖွယ်ရာတွေ ပို့ပေးနိုင်ဖို့ မမောမပန်းနိုင် စေတနာထက်သန်နေဆဲပါပဲ။

ယောက်ျားတွေရဲ့ သဘာဝမို့ပဲလား အချိန်ပဲ မရခဲ့လို့လားတော့ မသိပါဘူး။ ဖေဖေက မေမေ့အကြောင်းကို အထူးအထွေ မပြောပြခဲ့ပေမဲ့ မေမေကတော့ ဖေဖေ့ကို အမြဲ  ချီးမွမ်း ပြောဆိုသူပါ။ ကလေးတွေကို ပျိုးထောင်တာကို တော်တယ်လို့ ပတ်ဝန်းကျင်က ချီးမွမ်းကြတာတောင်မှ မေမေဟာ အဲဒီလို ထိန်းကျောင်းတတ်ဖို့ ဖေဖေ့ကိုလည်း ဆရာတင် မေးမြန်းခဲ့ရတယ်၊ စာအုပ်တွေကိုလည်း ရှာဖွေဖတ်ရှုခဲ့ရတယ် လို့ ပြောပြပါတယ်။ သပ်ရပ် စနစ်ကျခြင်းကတော့ မေမေ့ရဲ့ ပင်ကိုယ် အမူအကျင့်ကောင်း ဖြစ်မှာပါ။ မေမေဟာ သူ့ပင်ကိုယ်ပိုင်ဆိုင်တဲ့ အထဲက ကောင်းတဲ့ အရာတွေကို သားသမီးတွေဆီ လက်ဆင့်ကမ်းပေးခဲ့ပြီး သူမသိသေးတဲ့ အကောင်းတရားတွေကိုပါ ရှာဖွေပနှောက်လို့ အတတ်နိုင်ဆုံး ကျွန်မတို့ဆီ အရောက်ပေးနိုင်ခဲ့တဲ့ အောင်မြင်တဲ့ မိခင်တစ်ဦးလို့ ကျွန်မက ဆိုချင်ပါတယ်။ 

လူတွေမှာ ပင်ကိုယ်မွေးရာပါ စရိုက်လက္ခဏာတွေ ရှိကြမှာပါ။ ဗီဇ လို့လည်း ပြောနိုင်ပါမယ်။ အဲဒီအထဲမှာ ဆိုးတဲ့ကိစ္စတွေလည်း ပါဝင်မှာ မလွဲမသွေပါပဲ။ မကောင်းတဲ့သဘာဝ အားနည်းတဲ့သဘာဝတွေကို အဆိုးကြီးဖြစ်မသွားအောင် အတတ်နိုင်ဆုံး ပြုပြင်ထိန်းကျောင်းဖို့ လက်ဦးဆရာတွေဟာ ကြိုးစားခဲ့ကြမှာလည်း မလွဲဧကန်ပါပဲ။ သာဓကအားဖြင့် လူကြောက်တတ်တဲ့ ကျွန်မကို လူတောတိုးစေဖို့၊  ပညာမှာ အထူးတလည် မထူးချွန်တဲ့ မောင်လေးကို ရိုးသားကြိုးစားပြီး လိုရာပန်းတိုင်ကို မှန်မှန်ရောက်သွားစေနိုင်ဖို့၊ ဆယ်ကျော်သက်ဘဝက အပေါင်းအသင်းမက်ပြီး ကျောင်းစာ စိတ်မဝင်စားခဲ့တဲ့ ကိုကို့ကို ဘဝရှေ့ရေးအတွက် ပညာရေးအဆင့်တစ်ခုကို မဖြစ်မနေ ရရှိစေဖို့၊ ပိန်ပါးအားဖျော့တဲ့ ညီမလေးကို ကျန်းမာရေး လူမှုရေး မထိခိုက်စေဘဲ စွမ်းဆောင်ရည် မြင့်နိုင်သမျှ ကြိုးစားပြီး မျှမျှတတ ကျေနပ်မှုရစေဖို့ လိုတိုးပိုလျှော့နဲ့ ကလေးတစ်ဦးချင်းရဲ့ အားသာအားနည်းချက်တွေအတိုင်း ပျိုးထောင်ပေးခဲ့တဲ့ နေရာမှာ မေမေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

တကယ်တော့ မိဘနှစ်ပါးစလုံးဟာ သားသမီးတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အရေးအကြီးဆုံး ကဏ္ဍ အသီးသီးက ပါဝင်ခဲ့ကြပါတယ်။ ဒီအသက်အရွယ်တိုင်အောင် မကျိုးမပဲ့ မသေမပျောက် လူရာဝင် လူတန်းစေ့ ကြီးပြင်းခဲ့တာဟာ မိဘတွေရဲ့ သာမန်ထက်ပိုတဲ့ အားထုတ်မှုတွေ စေတနာတွေကြောင့်ဆိုတာ အထူးဆိုဖွယ်ရာမရှိပါဘူး။ မေမေနဲ့ ထပ်တူညီမဟုတ်ပေမဲ့ တမျိုးတဖုံ မဖြစ်မနေ အရေးကြီးတဲ့ ဖေဖေ့ရဲ့ အခန်းကဏ္ဍကိုလည်း စာတစ်ပုဒ် သပ်သပ် ရေးသားမှတ်တမ်းတင်ရဦးမှာပါ။

နောင်ဘဝဆိုတာ ရှိခဲ့ရင် ဆုတောင်းတွေကလည်း ပြည့်တတ်ရင်တော့ ကျွန်မဟာ နောင်ဘဝတွေမှာလည်း ဒီမိဘနှစ်ပါးက မွေးဖွားတဲ့ သားသမီးပဲ ဖြစ်ပါရစေလို့ တောင်းဆုပန်ခြွေနေဦးမှာ အသေအချာပါပဲ။

ပန်ဒိုရာ
၇.၇.၂၀၁၆

(၁.၈.၂၁၀၆ မေမေ့မွေးနေ့ အမှတ်တရ)

Expand..

Friday, May 13, 2016

သတင်းအချက်အလက်ဟာ တပွက်ပွက်ဆူနေတယ်



သတင်းအချက်အလက်ဟာ တပွက်ပွက်ဆူနေတယ်

ဝေနေတယ် ဖိတ်လျှံကျလာတယ်
နေပါစေ့လေ တော်ကြာနေ ကျက်သွားလိမ့်မယ်
ဟိုက်ဘရစ်  သတင်းတစ်ပုဒ်ရဲ့ ချက်ပြုတ်မှု
ချိုတော့လည်း ချိုလို့ ချဉ်လို့ စပ်လို့ ဆိမ့်လို့ ငန်လို့ ခါးလို့
တူးလို့ပဲခြစ်ခြစ် လျှာရင်းထဲမတော့ မျိုးမျိုးမြက်မြက်ဖြစ်
ဘ၀တဏှာဟာ ရသာစုံတယ်
နေကြာစေ့တစ်ထုပ်စာမက သတင်းကကြာတယ်
မွေးကင်းစ  ကလေးငယ်ကို မိုက်ကရိုဝေ့ဗ်ထဲ ထည့်ဖုတ်လိုက်သော မိခင်
ဗုံးပေါက်ကွဲ ပြန်ပေးဆွဲ ရထားတွဲချော်ကျ
ငလျင် ဆူနာမီ မရှိတာ အတော်တောင်ကြာလှ
အမိုက်အမဲတွေအတွက် လှိုက်လှဲ အသက်ပြင်းသူများအတွက် သက်ပြင်းချ
အာလူးကြော်ကို ကြွပ်ကြွပ်ဝါး သနားစရာ ငါ့ခမျာ တရားနဲ့ဖြေနေရှာ။

ပန်ဒိုရာ
၂၃.၆.၂၀၁၁-၁၃.၅.၂၀၁၆

Expand..

Thursday, May 5, 2016

အနက်ရောင်ကြိုက်တဲ့မမ



အနက်ရောင်ကြိုက်တဲ့မမ

အနက်ရောင်ကြိုက်တဲ့မမကို မမြင်မသိဖူးခင် သူ့လက်ရာတစ်ခုနှင့် စတင်တွေ့ဆုံခဲ့ရတယ်လို့ ဆိုနိုင်မယ်။ သူကတော့ ကျွန်မကို စတွေ့ခဲ့တာ ကျွန်မတို့နေခဲ့တဲ့ ကျွန်းမြို့နိုင်ငံလေးကို ရောက်လာချိန်လို့ ဆိုတယ်။ အမှန်တော့ အဲဒီနိုင်ငံလေးကို သူ နှစ်ကြိမ်လာခဲ့တာပါ။ ပထမတစ်ကြိမ်က သူ့အမျိုးသားဆီကို ခဏလာလည်တာဖြစ်ပြီး ဒုတိယတစ်ကြိမ်ကျမှ ပြောင်းရွှေ့နေထိုင်လာတာ။
လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်က ကျွန်မရဲ့ ကျောင်းနေဘက်သူငယ်ချင်း(နောင်မှာ ကျွန်မရဲ့ လက်တွဲဖော်ဖြစ်လာမဲ့ အလောင်းအလျာ) ရဲ့ အခန်းဖော်တွေထဲမှာ အဲဒီမမရဲ့ ခင်ပွန်းလည်းပါတယ်။  ကျွန်မရဲ့ လက်တွဲဖော်လောင်းဟာ ကျွန်မတို့အိမ်မှာ စာလာဖတ်တတ်တယ်။ စာကြည့်ရင်း မိန်းကလေးတွေ ချက်ပြုတ်ကျွေးမွေးတာကို အမြဲစားနေရတော့ သူက အားနာပြီး အပြင်က စားစရာတွေ ဝယ်လာလေ့ရှိတယ်။ တစ်နေ့တော့ ထူးထူးခြားခြား အိမ်လက်ရာတစ်ခုကို သူယူလာတယ်။ ငါးခြောက်ထောင်းကြော် တစ်ဗူးပါ။ ကြက်သွန်ဖြူနီမွှေးမွှေးလေးတွေနဲ့ မပျော့လွန်းမမာလွန်း အနေတော် စားကောင်းတဲ့ ငါးခြောက်ထောင်းကြော်ကို ဘယ်သူကြော်ပေးတာလဲ လို့မေးလိုက်တော့ အိမ်မှာအတူနေတဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇနီး ခဏရောက်နေလို့ လုပ်ပေးတာပါ လို့ပြောတယ်။ အဲဒီကတည်းက ဒီအစ်မဟာ အချက်အပြုတ်ကောင်းမှာပဲ လို့ စိတ်ထဲမှာ မှတ်မှတ်ရရ ရှိလိုက်တယ်။ 
စာမေးပွဲတွေပြီးတော့ အလုပ်တွေ အသီးသီးရှာကြရတယ်။ ကျွန်မရဲ့ လက်တွဲဖော်လောင်းဟာ အနက်ရောင်ကြိုက်တဲ့ မမရဲ့ ခင်ပွန်းလုပ်တဲ့ နေရာမှာ ချက်ချင်းဆိုသလို အလုပ်ရသွားတယ်။ ကျွန်မကတော့ ရှာဖွေနေတုန်းပဲ။  တစ်နေ့တော့ အဲဒီမမ ပြန်ရောက်လာမယ် သားကလေးလည်းပါလာမယ် လို့ သိလိုက်ရတယ်။ အဲဒီညနေ သူတို့အိမ်ကို သွားတော့ ဘောင်းဘီတိုနဲ့ တီရှပ်ကလေး ဝတ်ထားတဲ့ ကျွန်မရှေ့မှာ သူဟာ မိန်းကလေးဆန်ရုံမက အစ်မကြီးပါဆန်တဲ့ တည်တည်ငြိမ်ငြိမ် အမျိုးသမီးတစ်ယောက်ပါ။ “ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး” ဆိုတဲ့ သီချင်းစာသားဟာ သူလို မိန်းကလေးတွေကို ရည်ညွှန်းတယ်ဆိုရင် ဖြူစင်ကြည်လင်တဲ့ အသားအရေနဲ့ သွားတက်ကလေးတွေကိုပါ ထည့်ပြောဖို့ လိုလိမ့်ဦးမယ်။ အဲဒီအချိန်က ကျွန်မရဲ့ အာရုံကတော့ အတူပါလာတဲ့ သားကလေးပေါ်မှာ ပိုများနေခဲ့တယ်။ ချက်ချာသွက်လက်ပြီး လူတွေကိုခင်တွယ်တတ်တဲ့ ကလေးနဲ့ ပိုပြီးစကားပြောဖြစ် အတူကစားဖြစ်နေခဲ့တယ်။
ပထမပိုင်းမှာတော့ အဲဒီမမ နဲ့ ပတ်သက်လို့ ကျွန်မက အထူးအထွေ  မှတ်ချက်ချစရာ ဘာမှမရှိပါဘူး။ ကိုယ်အာရုံကျရာကိုသာ ကိုယ်မြင်ပြီး လူတွေကို အကဲခတ်လေ့လာဖို့ မေ့လျော့နေတတ်တဲ့ ကျွန်မရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်မယ်။ အပြင်ပန်းအားဖြင့်တော့ သူဟာ နည်းနည်းချောင်တဲ့ ဘောင်းဘီရှည်ကို အမြဲဝတ်တတ်တာ၊ ယောက်ျားလေးဆန်တဲ့ စပို့ရှပ် တီရှပ် အရောင်ရင့်ရင့်တွေ ဝတ်တတ်တာ၊ စကပ်တွေ ဂါဝန်တွေ လက်ပြတ်တွေ လုံးဝ ဝတ်လေ့မရှိတာ၊ သူ့ကိုယ်က အနံ့သင်းသင်းလေးတွေ အမြဲမွှေးနေတတ်တာ လောက်ကလွဲရင် သူ့ရဲ့ စရိုက်လက္ခဏာတွေကို ဘာဆိုဘာမှ သတိမပြုမိပါဘူး။
သူက စာဖတ် ဝါသနာပါတဲ့အကြောင်းကို တဖြည်းဖြည်း သိလာရတယ်။ အင်္ဂလိပ်ဝတ္ထုတွေကိုလည်း သူက နှစ်သက်တယ်။ ရုပ်ရှင်ကား ကောင်းကောင်းတွေကိုလည်း သူကကြိုက်တတ်တယ်။ နောက်တော့ ကျွန်မလည်း အလုပ်တစ်ခု ရသွားခဲ့တယ်။ ဒီလိုနေနေကြတုန်း ကျွန်မရဲ့ ခင်ပွန်းလောင်းဟာ ရန်ကုန်ကို ပြန်သွားပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်လိုက်ပါတယ်။  ကျွန်မရဲ့ အလုပ်ပြင်ပအချိန်တွေဟာ ဟာတာတာ ဖြစ်လာခဲ့ရတယ်။  အဲဒီနောက် မိတ်ဆွေတွေ တွေ့ဆုံကြ အတူသွားလာကြတဲ့အခါ အဲဒီမမက ကျွန်မကို ပိုပြီး ဂရုစိုက်ပေးတယ်လို့ ခံစားလာရတယ်။   တစ်နှစ်ကျော် ကြာတော့ ကျွန်မဟာ အလုပ်ကထွက်ပြီး နှစ်လလောက် အိမ်ကို အေးအေးဆေးဆေး ပြန်သွားခဲ့ပါတယ်။   ပြန်လာတော့ သူ့အကူအညီနဲ့ပဲ သူ့သူငယ်ချင်းတစ်ယောက်အိမ်မှာ နေဖြစ်သွားတယ်။
သူကတော့ မှတ်မိမလား မသိပါဘူး။ ကျွန်မ ဒုတိယအလုပ်ကို ရှာဖွေနေဆဲ ကြားကာလ အချိန်တွေထဲမှာပဲ သူနဲ့ကျွန်မ ပိုပြီး နွေးထွေးနီးစပ်သွားတယ်လို့ ထူးထူးခြားခြား ခံစားရတဲ့ တစ်နေ့ရှိတယ်။ အဲဒီနေ့က အခန်းဖော်တွေအားလုံး အလုပ်သွားနေတော့ ကျွန်မတစ်ယောက်တည်းရှိနေချိန် ကျွန်မဆီကို သူရောက်လာတယ်။ အဲဒီနေ့က ကျွန်မဟာ ငန်ပြာရည်ချက်နဲ့ ဟင်းရွက်ကြော်တစ်ခွက်ကိုသာ ပေါ့ပေါ့ပါးပါး ချက်ထားခဲ့တယ်။ သူရောက်လာတော့ ကျွန်မက ထမင်းစားသွားပါလား လို့ခေါ်တော့ အဲဒီ ဟင်းတွေကို ကြည့်ပြီး စားချင်တယ် စားမယ် လို့ ဆိုတယ်။ သူဟာ တကယ်ကို စားချင်စိတ်နဲ့ မြိန်မြိန်ယှက်ယှက် အတူတူ စားခဲ့တယ်။ စကားတွေလည်း အတော်ပြောခဲ့တယ်။ ကျွန်မအတွက်တော့ အဲဒီနေ့ကစပြီး သူနဲ့ ပိုနီးစပ်တဲ့ နွေးထွေးမှုတစ်ခုကို ရခဲ့ပါတယ်။ အဲဒီနောက် သူ့ကိစ္စ ကိုယ့်ကိစ္စ တိုးတိုးတိုင်ပင်စရာတွေ သတင်းပလင်း ဖလှယ်စရာတွေ ပိုများလာတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောရင် ပိုအချိန်ကြာလာကြတယ်။
ပိုပြီး အဆင်ပြေချင်တော့ သူတို့နေတဲ့ တိုက်အပေါ်ထပ်က နောက်တစ်ခန်းကို သူတို့မိသားစုပြောင်းသွားတော့ သူတို့နေခဲ့တဲ့ အခန်းကို ကျွန်မတို့က ပြောင်းဖြစ်ပါတယ်။ တစ်တိုက်တည်းဆိုတော့ ပိုပြီး နီးစပ်သွားကြပြန်ပါတယ်။  အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ပျော်ရွှင်ခင်မင်ခဲ့နေကြတုန်း ကျွန်မဟာ ဖိုရမ်တွေ စရေးဖြစ်ပါတယ်။ အလုပ်တစ်ခုလည်း ရနေပါပြီ။  ရန်ကုန်ခဏပြန်ပြီး ကျွန်မ အိမ်ထောင်ပြုပါတယ်။ အဲဒီနောက်ပိုင်းမှာ ဘလော့ဂ် စရေးပါတယ်။ ကျွန်မအိမ်ကို မကြာခဏ လာလည်တတ်တဲ့ သူ ဟာ စားပွဲပေါ်မှာ ကျွန်မအမြဲ ဖွင့်ထားတတ်တဲ့ ကွန်ပျူတာပေါ်က အကောင့်နာမည်ကို အမှတ်မထင် မြင်မယ်ဆိုတာ သိပ်ဖြစ်နိုင်တာပေါ့။ အဲဒါဟာ ဘလော့ဂ်ရေးပြီးမှလား ဖိုရမ်တွေရေးနေတဲ့ အချိန်ကတည်းကလား ဆိုတာကတော့ သိပ်မသေချာပါဘူး။ ဘလော့ဂ်ထဲမှာ စိတ်ကူးတည့်ရာတွေရေးရင်း သူ့ကိုချက်ကျွေးဖြစ်တဲ့ သီးစုံချဉ်ဟင်းချက်တဲ့ ပို့စ်နဲ့ သူ့ဆီကလုပ်နည်းရလာတဲ့ ကြေးအိုးချက်စားတဲ့ ပို့စ်တွေမှာတော့ ဓာတ်ပုံတွေကတဆင့် သူဟာ ကျွန်မကို ခြေရာခံနိုင်ခဲ့မှာ အသေအချာပါပဲ။ နောက်တော့ N နဲ့ စတဲ့ အကောင့်နာမည်တွေနဲ့ မှတ်ချက်လာပေးတာ သူ ဆိုတာကို ကျွန်မ သိသွားခဲ့တယ်။ 
ကျွန်မဟာ အနှစ်အနှစ်အလလ မျိုသိပ်ထားတဲ့ စာရေးခြင်းဝါသနာတွေကို သွန်ချနိုင်တဲ့ ဘလော့ဂ်ရေးခါစ ကာလတွေမှာ ဘလော့ဂ်ထဲမှာပဲ အလွန်ကို နစ်မြုပ်နေမိပါတယ်။ ဒါကြောင့် သူနဲ့စကားပြောဖြစ်တဲ့ အချိန်တွေ ကလေးနဲ့သွားဆော့တဲ့ အချိန်တွေတောင် နည်းသွားမိတာကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုနဲ့ ဘလော့ဂါတွေကို မွေးနေ့ဆုတောင်း တောင်းပေးတဲ့ ပို့စ်တစ်ခုမှာ သူ့ကိုပါ အခုလို မှတ်မှတ်ရရ ထည့်ဆုတောင်းဖြစ်တယ်။
“အရေးအကြီးဆုံး တစ်ခု ကျန်သေးတယ်
သူကတော့
ကိုယ်ဘလော့မရေးခင်ကာလကဆို
နားပူနားဆာအမြဲလုပ်
အချိန်တိုင်း စကား တတွတ်တွတ်ပြောကြ
ကိုယ်ဆိုးသမျှ အစ်မရင်းတစ်ယောက်လို
အမြဲသည်းခံတဲ့ တစ်ယောက်
ဘလော့ဂ်နောက် ကောက်ကောက်ပါတော့ သူ့ကိုထားခဲ့
သူကတော့ စိတ်မနာရှာ
သိတဲ့အချိန်ကစလို့ ကိုယ့်ကို နေ့တိုင်းလာဖတ်လေရဲ့
(ကိုယ်ဆိုးတာတွေ့ရင် ပန်ဒိုရီကို ပြန်တိုင်မလို့လားမသိ
အင်း.. ဖားထားရမယ်။)
မကြာခင်က သူ့မွေးနေ့ရော
သူ့အချစ်ဆုံးလေး မွေးနေ့ရော ပြီးသွားခဲ့တယ်
အာရုံတွေ နောက်နေတဲ့ ကိုယ်
အစစ်ကမ္ဘာ ထဲက သူ့ကို
မွေးနေ့ဆုတောင်းနောက်ကျပြန်တယ်
သူကတော့ ခွင့်လွှတ်နေဦးမှာပါ
(ဟုတ်တယ်နော် မ)
ပျော်ရွှင်ဖွယ်မိသားစုလေး
ထာဝရ ဆက်လက် အေးချမ်းပျော်ရွှင်ပါစေ
မ တစ်ယောက် လှသထက်လှ နုသထက် နုနိုင်ပါစေ.. လို့
Comment လာရေးရင်တော့
တအိမ်သားလုံးအတွက်
မွေးနေ့လက်ဆောင်
Valentine's Day မတိုင်မီတော့ လာပေးဖြစ်မှာပါ .. ဟီး”

ဒါကတော့ သူပြန်ရေးသွားတဲ့ မှတ်ချက်ပါ။
“ချစ်ရတဲ့ ကဗျာစက်ရုံကလေး
ဘယ်သူနဲ့ မှမတူ တစ်မူ ထူးခြားလှပတဲ့
မွေးနေ့ ဆုတောင်းလေးတစ်ခု . . .။ ကိုယ်တိုင်အတွက်ရော ကိုယ့်အချစ်ဆုံး အပုအစုလေး အတွက်ပါ ကျေးဇူးတွေ အများကြီး အများကြီး. . .။
(နောက်ထပ် ဘာလက်ဆောင်မှ မလိုတော့ဘူးနော်. . . တကယ် . . . တကယ် . . .)”
ကလေးဆန်ဆန်တွေ ဖြစ်နိုင်ပေမဲ့ ပြန်ဖတ်တိုင်း ရယ်မောပျော်ရွှင်ရပါတယ်။ ကျွန်မဘလော့ဂ်ရေးပြီး နောက်တစ်နှစ်နီးပါးမှာ သူဟာ နာမည်တစ်ခုနဲ့ ဘလော့ဂ်ရေးနေကြောင်းကိုတော့ အချိန်အတော်ကြာတဲ့အထိ ကျွန်မ မရိပ်မိခဲ့ပါဘူး။ အဲဒီအချိန်တွေမှာ ကျွန်မဟာ ကျန်းမာရေးပြဿနာကြောင့် ဘလော့ဂ်နားလိုက် ပြန်ရေးလိုက် လုပ်နေလို့ သတိမထားမိတာလည်း ပါပါတယ်။ သူ့ဘလော့ဂ်ထဲမှာ သူကိုယ်တိုင်ပြောပြတဲ့ ပို့စ်ကို ဖတ်ပြီးမှ သိခဲ့ရတာပါ။ အဲဒီဘလော့ဂ်ပိုင်ရှင်ဟာ သူဆိုတာကို သိသွားပြီးတော့ သူနဲ့ ကျွန်မကြားမှာ ပြောစရာခေါင်းစဉ်တွေ ပိုများလာပါတယ်။
ဓာတ်ပုံရိုက်တာကို သူဝါသနာပါတယ် ဆိုတာကို သိလိုက်ရတာလည်း အတော်နောက်ကျပါတယ်။ ကျွန်မက ဘလော့ဂ်မှာ ဓာတ်ပုံတွေ တင်လေ့ရှိတယ်။ ပရော်ဖက်ရှင်နယ်မဟုတ်ပေမဲ့ ကင်မရာလေးတစ်လုံး အိတ်ထဲမှာ အမြဲထည့်ထားပြီး ကြုံကြိုက်တိုင်း ရှုခင်းပုံတွေ၊ လူနေမှုဘဝတွေ၊ အဆောက်အဦတွေ ကို ရိုက်ရတာ ကျွန်မ အလွန်ဝါသနာပါတယ်။ သူရယ်ကျွန်မရယ် အခြားသော မိတ်ဆွေတွေရယ် ကူစူးကျွန်း လို့ခေါ်တဲ့ ကျွန်းကလေးကို တနေ့တာ အပန်းဖြေခရီး ထွက်ခဲ့ကြပါတယ်။ အဲဒီမှာ သူနဲ့ကျွန်မ ရေစပ်မှာထိုင်နေတုန်း သူကလည်း သူ့ကင်မရာလေးနဲ့ အသေအချာ ဓာတ်ပုံရိုက်နေတာကို တွေ့လိုက်ပါတယ်။ ဓာတ်ပုံရိုက်တာကို သူစိတ်ဝင်စားတယ် ဆိုတာ အဲဒီတော့မှ သတိပြုမိတာပါ။ နောက်တော့ ပရော်ဖက်ရှင်နယ် ကင်မရာအကြီးတစ်လုံးနဲ့ သူဟာ ဓာတ်ပုံကောင်းကောင်းတွေ ရိုက်လာပါတယ်။ အမှတ်တရ တစ်နေ့မှာတော့ စင်ကာပူရုက္ခဗေဒ ဥယျာဉ်ထဲမှာ သူနဲ့ကျွန်မ ပန်းတွေကို ဓာတ်ပုံအတူ ရိုက်ဖြစ်ခဲ့ကြတယ်။ အဲဒီလိုအချိန်ဟာ နောက်တစ်ခေါက် ထပ်မရတော့ပါဘူး။ ကျွန်မဟာ မိသားစုနဲ့ အတူနေထိုင်ချိန်ကစလို့ အခြားသော ဦးစားပေးအရာတွေကြားမှာ ဓာတ်ပုံရိုက်ခြင်းဝါသနာအတွက် အချိန်ရော ငွေပါ အများကြီး မပေးနိုင်တော့ပေမဲ့ သူကတော့ ဆက်လက်နေဆဲပါ။
သူဟာ အင်္ကျီအဝတ်အစား ဝတ်ဆင်တဲ့အခါ အနက်ရောင်ကို သိပ်ကြိုက်ပါတယ်။ သူ့ရဲ့ ဖြူဝင်းတဲ့ အသားအရည်နဲ့လည်း သိပ်လိုက်ပါတယ်။ သူ့မှာ အင်္ကျီ ၁၀ ထည်ရှိရင် ၇ ထည်လောက်က အနက်ရောင်ဖြစ်မယ် လို့တောင် ထင်မိပါတယ်။  သူ့ဝတ်စားဆင်ယင်ပုံတွေဟာ နောက်ပိုင်းမှာ ပိုပြီး ပျော့ပြောင်းလာပါတယ်။ ခေတ်အလိုက်မို့ ဘောင်းဘီတွေလည်း မပွတော့ဘူး။ သူဟာ လက်သည်းနီ သပ်သပ်ရပ်ရပ်ဆိုးပြီး သူနှစ်သက်တဲ့ လက်ပတ်ဟန်းချိန်းလေးတွေ လှလှပပဝတ်ဆင်နေရင်း၊  အိမ်ကိုစနစ်တကျ ထိန်းသိမ်းနေရင်း၊ သားလေးကိုလည်း ပြုစုပျိုးထောင်နေရင်း၊ ချက်ပြုတ်ရှင်းလင်းတာလည်း မပျက်၊ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ခေါ်ကျွေးမွေး၊ အွန်လိုင်းရော အော့ဖ်လိုင်းမှာပါ လူမှုရေးတွေလည်း ဝတ္တရားကျေနေရင်းက သူ့ရဲ့ ဝါသနာတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်သူတစ်ဦး ဖြစ်ပါတယ်။
သူဘလော့ဂ်ရေးတာကို သိစက သူဟာ စာရေးသားခြင်းကို ဒီလောက် အလေးအနက်ရှိတယ်လို့ မထင်မှတ်မိပါဘူး။ ဘလော့ဂ်ရေးတာသိရလို့ ဝမ်းသာကြောင်း၊ ပို့စ်တွေတင်ဖို့ ဖိစီးမှုမထားဘဲ ဘလော့ဂ်ထဲမှာ ပေါ့ပေါ့ပါးပါးတွေ ရေးလို့ရကြောင်း အမှတ်မထင် ပြောခဲ့မိတယ် ထင်ပါတယ်။ အဲဒီစကားကို ကိုယ့်ဘာသာ ပြန်ရုတ်သိမ်းထားတာ ကြာပါပြီ။  အခုတော့ သူ့ရဲ့ ဖန်တီးမှုလက်ရာတွေဟာ အရည်အသွေးရော အရေအတွက်ပါ မနည်းတော့တဲ့ အနေအထားကို ရောက်နေပါပြီ။
အကျိုးဖြစ်စေတဲ့ အကြောင်းတွေဟာ ကျေးဇူးတရားလို့ ဆိုတဲ့အတွက် သူဟာ ကျွန်မကို အများကြီး ကျေးဇူးပြုခဲ့တာ အမှန်ပါပဲ။ ကျွန်မ နှစ်သက်နိုင်ပြီး ကျွန်မ မသိသေးတဲ့ ရေမွှေးအမျိုးအစားတွေ၊ နှုတ်ခမ်းနီဘရန်းတွေ၊ အခြား မိန်းကလေး အသုံးအဆောင်တွေကို သိရှိသုံးစွဲဖြစ်လာတာ သူ့ဝေမျှမှုတွေ အကြံပြုချက်တွေကြောင့်ပါ။ ကျွန်မ မကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကောင်းတွေကို ငှားကြည့်ဖြစ်ပြီး စိတ်အပန်းပြေရတာလည်း သူ့စုဆောင်းမှုကြောင့်ပါ။ ခင်မင်စရာကောင်းတဲ့ သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ သိကျွမ်းရင်းနှီးခဲ့ရတာလည်း သူ့ကို ဗဟိုပြုလို့ပါ။ ဈေးသွားဝယ်တဲ့အချိန်တွေ အားလပ်ရက် လည်ပတ်ချိန်တွေမှာ စိုစိုပြည်ပြည်ဖြစ်ခဲ့ရတာလည်း သူ့နွေးထွေးမှုပါ။
တစ်ခုကို အာရုံစိုက်မိရင် ဘေးပတ်ဝန်းကျင်ကို လွတ်လွတ်သွားတတ်တဲ့ ကျွန်မကတော့ သူ့ကို အလိုက်မသိဘဲ အလုပ်ရှုပ်စေခဲ့တာတွေ အများကြီး ဖြစ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မ ငှားနေတဲ့အိမ်မှာ မိန်းကလေးတွေချည်း ရှိတာမို့ အမျိုးသားရောက်လာတဲ့အခါ ကျွန်မတို့ ဇနီးမောင်နှံ သူ့အိမ်မှာ တည်းခိုဖြစ်ခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။ ကြီးပြင်းလာတဲ့ သားကလေးနဲ့ သူတို့ဇနီးမောင်နှံဟာ ကျွန်မတို့အတွက် နေရာပေးရတဲ့အခါ ကျပ်ကျပ်တည်းတည်း ဖြစ်ခဲ့ရမှာပါ။ ကျွန်မတို့မိတ်ဆွေတွေကို ကျွေးမွေးဧည့်ခံတာကိုလည်း သူတို့အိမ်မှာပဲ လုပ်လိုက်ပါသေးတယ်။  အိမ်နဲ့ဝေးနေတဲ့ တစိမ်းတို့မြေမှာ သူ့ဖုန်းနံပါတ်ဟာ ကျွန်မနဲ့ပတ်သက်လို့ အရေးကြီးရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်လည်းဖြစ်သလို သူ့နာမည်ဟာလည်း အနီးဆုံးဆွေမျိုးလို့ ရုံးမှတ်တမ်းတွေမှာ ဖြည့်ခဲ့ရတာပါ။ 
အိမ်ပြန်ဖို့ အချိန်တန်ပြီ လို့ ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်မှာ သူနဲ့ကျွန်မ ခွဲခွာခဲ့ရပါတယ်။  လေဆိပ်မှာ  ပွေ့ဖက်နှုတ်ဆက်ချိန်မှာ ကျွန်မ မျက်ရည်ဝဲခဲ့ပါတယ်။ အခုတော့ သူနဲ့အွန်လိုင်းကနေ အဆက်အသွယ်မပြတ်ကြပေမဲ့ အရင်ကလို ပျော်ရွှင်ချိန်တွေနဲ့ ဝေးခဲ့ကြပါပြီ။ လောကနိယာမအရတော့ လူနှစ်ဦးဟာ အစစအရာရာ သဘောကိုက်ညီသူတွေ မဖြစ်နိုင်ပါဘူး။ ကျွန်မသဘာဝနဲ့ လုပ်ပုံကိုင်ပုံတွေကို တခါတလေ သူ ဘဝင်မကျဖြစ်နိုင်သလို သူ့ကို ကျွန်မက အရာရာမှာ သဘောတူနေဖို့ဟာလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒါဟာ ဘယ်လောက်မှ အရေးမကြီးဘူး ဆိုတာကို သူ့အကြောင်းတွေးမိတိုင်း ပျော်ရွှင်မှုကိုသာ ရတဲ့ ခံစားချက်က သက်သေခံနေပါတယ်။ ကျွန်မရဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ကမ္ဘာကြီးမှာ လူတစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ကြဖို့ဆိုတာ ကြိုးလေးတွေ တစ်ချောင်းနဲ့တစ်ချောင်း ခဏဖြတ်သန်းသွားသလိုပဲ တဲ့။ အဲဒီအခိုက်အတန့်မှာ ဆိုးဝါးတဲ့ အမှတ်တရရှိခဲ့ကြရင် နှစ်ဦးစလုံးက ကံဆိုးလို့ပဲ တဲ့။ သူနဲ့ကျွန်မ ဘယ်သောအခါမှ အရင်ကလို ပြန်လည် ဖြတ်သန်းဖြစ်ကြဦးမလဲ မသိပါဘူး။ ဒါပေမဲ့ အတူကုန်ဆုံးခဲ့ကြတဲ့ အတိတ်ကာလတွေအတွက်တော့ နှစ်ဦးစလုံး အပြည့်အဝ ကံကောင်းခဲ့ကြတာ အသေအချာပါပဲ။
အဲဒီ သူ သို့မဟုတ် အနက်ရောင်ကြိုက်တဲ့မမ ဆိုတာကတော့ ကျွန်မရဲ့ ဒီနှစ်မွေးနေ့မှာ “နာမည်မှာ ပီ(P) ပါတဲ့ မိန်းကလေး” ဆိုတဲ့ စာအရှည်ကြီးကို အမှတ်တရ ရေးပေးခဲ့တဲ့ မသက်ဝေ ဖြစ်တယ်ဆိုတာကိုလည်း အထူးတလည် ပြောပြဖို့ မလိုတော့ဘူးထင်ပါရဲ့။            

ပန်ဒိုရာ
၂-၅.၅.၂၀၁၆                                                                                                                                                                                    

Expand..