Monday, September 24, 2012

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်…. (ဘာသာပြန် အက်ဆေး)

 

အီရန်နိုင်ငံက စာရေးဆရာ ယာကု(ဘ်) ယာဒလီ ရဲ့ စာတမ်းငယ်ကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ အဲဒီစာတမ်းကို University of Iowa, International Writing Program ရဲ့ “စစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ စာရေးသားခြင်း Writing in a Country at War” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ယာကု(ဘ်)က ဖတ်ခဲ့ပါတယ်။ 



အီရန်စာရေးဆရာ ယာကု(ဘ်)ယာဒလီ (Yaghoub Yadali) ဟာ ရုပ်မြင်သံကြားမှာ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သလို  Roshd မဂ္ဂဇင်းရဲ့ ရုပ်ရှင်အယ်ဒီတာ တစ်ယောက်လည်းဖြစ်ပါတယ်။ Sketches in the Garden  ဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ်ကို ၁၉၉၇ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တယ်။ သူရေးခဲ့တဲ့  Rituals of Restlessness ဆိုတဲ့ ဝတ္ထုရှည်ဟာ ၂၀၀၄ ခုနှစ်အတွက် Golshiri’s Foundation Award ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူရေးသားခဲ့တဲ့ နောက်ထပ် ဝတ္ထုရှည်တစ်အုပ်ကတော့  ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့  Probability of Merriment and Mooning ပါ။ လက်တလော ရေးသားထားတဲ့  The World ဆိုတဲ့ ဝတ္ထုရှည်တစ်အုပ်ကတော့ ထုတ်ဝေဖို့အတွက် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို စောင့်နေပါတယ်။ သူ့ရဲ့ ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ဘာသာပြန် စာပေတွေကို အီရန်နိုင်ငံနဲ့ တူရကီနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ 

Rituals of Restlessness ဝတ္ထုရှည်ဟာ သူ့ကိုထောင်နှုတ်ခမ်းကို ပို့ခဲ့တဲ့ ဝတ္ထုပါ။  ဒီ link တွေမှာ ဖတ်ကြည့်လို့ရပါတယ်။ 

အဲဒီအကြောင်းကို သူ့ကို မေးမြန်းကြည့်တဲ့အခါ သူက အခုလို ပြောပြပါတယ်။

“ “မငြိမ်သက်မှု၏ ထုံးတမ်းစဉ်လာများ (Rituals of Restlessness)” ဆိုတဲ့ ခေါင်းစဉ်နဲ့  ဝတ္ထုရှည်တစ်ပုဒ်ကို ၂၀၀၄ ခုနှစ်မှာ ကျွန်တော်ရေးခဲ့ပါတယ်။ အီရန်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ အစ္စလမ်ဘာသာရေးလမ်းညွှန်မှု ခွင့်ပြုချက်အရ ထုတ်ဝေခဲ့ပါတယ်။ (အီရန်နိုင်ငံမှာ စာအုပ်ထုတ်ဝေခွင့်အတွက် စာရေးဆရာတွေဟာ စာအုပ်တွေကို  ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ရပါတယ်။)

နောက် ၃ နှစ်အကြာ ၂၀၀၇ ခုနှစ်မှာ ကျွန်တော့်ကို အီရန်ရဲ့ လူနည်းစု မျိုးနွယ်တစ်ခုကို စော်ကားတယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ဝတ္ထုရဲ့ အဓိက ဇာတ်လိုက် အမျိုးသားက အဲဒီလူမျိုးစုနွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်ကြတယ်လို့ ရေးမိလို့ပါ။ ကျွန်တော် အဖမ်းခံရပြီး ၄၁ ရက် အချုပ်ခံရပါတယ်။ စာရေးဆရာတွေရဲ့ ဆန္ဒပြမှုနဲ့ လူထုရဲ့ ဖိအားကြောင့် ကျွန်တော့်ကို တရားရုံးမထုတ်ခင်အထိ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက် လအနည်းငယ်ကြာတော့ တရားရုံးက ကျွန်တော့်ကို ထောင်တစ်နှစ်ချပြီး အဲဒီ လူမျိုးစုနဲ့ ပတ်သက်တဲ့ ကောင်းကြောင်းတွေကို ဆောင်းပါး ၄ ခု ရေးခိုင်းပါတယ်။ အဲဒီနောက် ဒီလို ထူးဆန်းတဲ့ စီရင်ချက်အတွက် စာရေးဆရာတွေက ဆန္ဒပြကြပြန်ပါတယ်။ နောက်တော့ တရားသူကြီးချုပ်က စီရင်ချက်ကို ဆိုင်းငံ့ပြီး ကျွန်တော့်အမှုကို တခြားတရားရုံးကို လွှဲပေးပါတယ်။ နောက်ထပ် လေးနှစ်ကြာအောင် တရားဆိုင်ပြီးတဲ့နောက်တော့ ကျွန်တော်ဟာ စွပ်စွဲချက်တွေအားလုံးကနေ အပြစ်မရှိကြောင်းနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ 

အီရန်နိုင်ငံမှာ စာရေးရတာ သိပ်ကို ခက်ခဲပါတယ်။ ရသနဲ့ မဆိုင်တာတွေ အများကြီးကို ထည့်တွက် ရင်ဆိုင်ရပါတယ်။ ဖရန့်ဇ် ကက်ဖကာရဲ့ မက်တာမိုဖိုဆစ် ဝတ္ထုထဲက ဇာတ်ကောင် ဂရီဂွာ ဆမ်ဆ လိုပါပဲ။ အီရန်မှာနေတဲ့ စာရေးဆရာဟာ နောက်တစ်နေ့ မနက်မှာ အိပ်ရာက နိုးတဲ့အခါ သူ့ကိုယ်သူ ဘာဖြစ်သွားမယ်ဆိုတာ အသေအချာ မသိနိုင်ပါဘူး။ ဂရီဂွာကတော့ ပိုးမွှားကောင်ကြီးအဖြစ် အသွင်ပြောင်းသွားတယ်တဲ့။ အီရန်က စာရေးဆရာကတော့ ဘာနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ဘယ်လိုမှ မသိနိုင်ပါဘူး။”

မြန်မာစာဖတ်ပရိသတ်တွေကို ဘာများပြောချင်သလဲလို့ မေးတဲ့အခါ ယာကု(ဘ်) က အခုလို အမှာစကား ပါးလိုက်ပါတယ်။

“မြန်မာ လို့ ပြောလိုက်ရင် လူတွေက နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ စစ်အစိုးရ ရယ် နိုင်ငံရေးအကျဉ်းသားတွေရယ် ပါ။  ကံမကောင်းစွာပဲ ကျွန်တော်သိသမျှဟာလည်း ဒါတွေပဲ။ ဒီ့ထက်ပိုပြီး မသိခဲ့ဘူး။  ပန်ဒိုရာနဲ့ နေဘုန်းလတ်ကို အမေရိကန်နိုင်ငံ အိုင်အိုဝါက International Writing Program မှာ တွေ့တော့မှပဲ မြန်မာအကြောင်းကို ပိုလေ့လာနိုင်ခဲ့တော့တယ်။ အိုင်အိုဝါတက္ကသိုလ်က ယနေ့နိုင်ငံတကာကာစာပေ ဆိုတဲ့ စာသင်ခန်းဆွေးနွေးပွဲတစ်ခုမှာ ပန်ဒိုရာက မြန်မာစာပေအကြောင်း ပြောပြတော့မှ ခင်ဗျားတို့ရဲ့ စာပေကို အတိုင်းအတာတစ်ခုအထိ ကျွန်တော် ရင်းနှီးကျွမ်းဝင်လာခဲ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ အများကြီးရှိတယ်ဆိုတာရယ်၊ ထူးချွန်ပြောင်မြောက်တဲ့ ကဗျာဆရာတွေ  စာရေးဆရာတွေ အများကြီး ရှိနေတယ်ဆိုတာရယ်၊ နှစ်ပေါင်းရှည်ကြာခဲ့တဲ့ ယဉ်ကျေးမှုနောက်ခံသမိုင်း ရှိတယ်ဆိုတာရယ်ကို အခုတော့ ကျွန်တော် သိခဲ့ပါပြီ။ ခင်ဗျားတို့နိုင်ငံက ပြည်တွင်းစစ်တွေအကြောင်းကို ဖတ်မိတဲ့အခါမှာ ကျွန်တော် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။  မျှော်လင့်ချက်ကင်းမဲ့စွာပဲ ကျွန်တော်က ဆုတောင်းချင်ပါသေးတယ်။ စာပေဟာ ကျွန်တော်တို့ အားလုံး အတူတူ ခံစားနေရတဲ့ နာကျင်မှုတွေကို လျော့ပါးသက်သာပါစေ.. လို့။

ကံမကောင်းစွာပဲ ကျွန်တော် သိမိသလောက်တော့ ခင်ဗျားတို့ရဲ့ မြန်မာစာပေတွေကို အီရန်ဘာသာစကားဖြစ်တဲ့ ပါရှန်းဘာသာကို ပြန်ဆိုထားတာ မတွေ့ရပါဘူး။ ကျွန်တော်သာ မမှားခဲ့ဘူးဆိုရင် ကျွန်တော်တို့ အီရန်စာပေတွေကိုလည်း ခင်ဗျားတို့ မြန်မာဘာသာကို ပြန်ဆိုတာ မရှိသေးဘူး ထင်ပါတယ်။။ တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ရဲ့ ဝတ္ထုတွေ ကဗျာတွေကတဆင့် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး သိကျွမ်းလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကိုးကွယ်ယုံကြည်မှု မတူညီသူတွေကလည်း လူသားတွေအချင်းချင်းပဲဆိုတာကို ပိုနားလည်လာကြပြီး အတူတကွ  ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။” 

 --------------------------------



ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်….

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… ကျွန်တော် ဆယ့်ခြောက်နှစ်အရွယ်မှာတော့ အီရန်-အီရတ် စစ်ပွဲထဲမှာ ဝင်တိုက်ချင်ခဲ့တယ်။ ဒါဟာ မြင့်မြတ်တဲ့စစ်ပွဲ လို့ ကျွန်တော်တို့ကို ကျောင်းမှာ သင်ကြတယ်။ တိုက်ပွဲမှာ ဝင်ဆင်နွှဲပြီး ကျဆုံးတဲ့ ဘယ်သူမဆို ကောင်းကင်ဘုံကို ရောက်မှာ တဲ့။ ဆယ့်ခြောက်နှစ်သား  အတွက်တော့ ကောင်းကင်ဘုံ ဆိုတာ သိပ်ကို ကောင်းတာပေါ့။   မြင့်မြတ်တဲ့စစ်ပွဲမှာ ကျဆုံးခြင်းဟာ ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်မယ့် လမ်းကြောင်းပဲ လို့ ဘာကြောင့်များ ကျိန်းသေအာမခံနိုင်ကြတာလဲ ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို မေးခွန်းမထုတ်မိခဲ့ဘူး။  ရန်သူ့စစ်သားတွေကျတော့ ဘာကြောင့် ငရဲကိုသွားရသလဲ ဆိုတာကိုလည်း မစဉ်းစားမိခဲ့ဘူး။ ကျွန်တော်တို့နဲ့ အီရတ်လူမျိုးတွေ ဘာများကွာပါလိမ့်၊ သူတို့တွေလည်း မူဆလင် ကျွန်တော်တို့လည်း မူဆလင်၊ သူတို့လည်း လူသားတွေ ကျွန်တော်တို့လည်း လူသားတွေ၊ ဘာကြောင့် ကျွန်တော်တို့မှပဲ ကောင်းကင်ဘုံကို သွားရမှာလဲ ဆိုတာကိုလည်း မတွေးမိခဲ့ဘူး။

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… ကျွန်တော်ကတော့ ကျွန်တော်တို့နိုင်ငံက မြို့တွေပေါ်ကို ဗုံးကြဲချတဲ့ အီရတ် စစ်လေယာဉ်တွေကို သဘောကျခဲ့တယ်။ ကျွန်တော်တို့ကတော့ အဓိကပစ်မှတ်မဟုတ်တဲ့  မြို့သေးသေးလေးမှာ နေတော့ ဗုံးကြဲမခံရပဲကိုး။ မြို့ကို စစ်လေယာဉ်တွေ ဖြတ်သွားရင် ကျွန်တော်တို့က ခေါင်မိုးတွေပေါ်ကို တက်ကြည့်ကြတယ်။ ကျွန်တော် ဆယ့်နှစ်နှစ်သားအရွယ်က စစ်လေယာဉ်တွေ သိပ်ကြိုက်ခဲ့တယ်။ စစ်ကိုလည်း ကြိုက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်လေယာဉ်တွေ ပါလို့လေ။

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… စစ်ပြီးသွားရင် လူတိုင်းပျော်ကြတယ်။ ကျွန်တော့်အမေက လွဲလို့ပေါ့။ အနည်းဆုံးတော့ နေ့အချိန်တွေမှာဆိုရင် အမေက မပျော်ဘူး။ စစ်ပွဲပြီးဆုံးသွားတော့ နှစ်နှစ်လောက် အထိ ကျွန်တော့်အစ်ကိုရဲ့ အလုပ်က ရှေ့တန်းစစ်မြေပြင်နေရာကို မနက်တိုင်းသွားရတယ်။ အဲဒီက မိုင်းကွင်းကို သွားပြီး ကျန်နေတဲ့ မြေမြုပ်မိုင်းတွေကို ရှင်းပေးရတယ်။ ညနေစောင်းမှ အိမ်ကို ပြန်လာရတယ်။ အဲဒီ နှစ်နှစ်အတွင်းမှာတော့ မနက်ဆိုရင် အမေက စိုးရိမ်ပူပန်မှုတွေနဲ့ အိပ်ရာက ထတယ်။ အစ်ကို့အတွက် တစ်နေ့လုံး ဆုတောင်းပေးတယ်။ ညနေတွေရောက်လာတိုင်း ကျွန်တော့်အစ်ကို အသက်ရှင်သေးရဲ့လားဆိုတာ စစ်မြေပြင်ကို ဖုန်းဆက်မေးတယ်။ ညနေခင်းတွေနဲ့ ညဘက်တွေမှာပဲ ကျွန်တော့်အမေက ပျော်နိုင်တယ်။ အဲဒီအချိန်တွေမှာမှ သူ့သားက နောက်နေ့မနက်အထိ ဘေးကင်းတာကိုး။

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… စာရေးဆရာတွေကတော့ ကြိုက်မယ်။ စစ်ဆိုတာ ပုံမှန် နေ့စဉ်ဘဝထဲက ဖြစ်ရိုးဖြစ်စဉ်တွေမဟုတ်တဲ့ အဖြစ်အပျက်တွေ အတွေ့အကြုံတွေနဲ့ ပြည့်နှက်နေတာကိုး။ စာရေးဆရာတွေအတွက်တော့ ဒါဟာ စာသစ်တွေရေးဖို့ ကုန်ကြမ်းတွေအပြည့် ဖြစ်နေမယ်။ အော်ရီဂျင်နယ် စာအသစ်တွေ အတွက် အကြောင်းအရာအသစ် ဖြစ်နေမယ်။  ဒါပေမယ့် အဲဒီအကြောင်းပြချက်က လုံလောက်လို့လား။ ဝတ္ထုတစ်ပုဒ်ဆိုတာ လူ့ဘဝနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်လောက် တန်ဖိုးရှိပါသလဲ။ ဘယ်လိုပဲဖြစ်ဖြစ် စာရေးဆရာတွေက လိုချင်တယ်ဖြစ်စေ မလိုချင်တယ်ဖြစ်စေ စစ်ပွဲတွေကတော့ မလွှဲမရှောင်သာ ရှိနေဦးမှာပဲ။ ဒီတော့ စစ်ကာလအတွင်းမှာ စာရေးဆရာရဲ့ တာဝန်က ဘာဖြစ်မလဲ။ စစ်ထဲ ဝင်တိုက်မှာလား မတိုက်ဘူးလား။ တကယ်လို့ တော်လစတွိုင်းသာ ခရီမီယန်စစ်ပွဲ ထဲမှာ သေသွားခဲ့ရင် စစ်နဲ့ငြိမ်းချမ်းရေး စာအုပ် ရေးခဲ့ရမှာမဟုတ်ဘူး။ တကယ်လို့ သူသာ စစ်ထဲ ဝင်ပြီး မတိုက်ခဲ့ရင်လည်း စစ်နဲ့ငြိမ်းချမ်းရေး ဆိုတဲ့ စာအုပ်ဟာ ရေးစရာဖြစ်လာခဲ့မှာမဟုတ်ဘူး။

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… ကျွန်တော့်ရဲ့ အီရန်နိုင်ငံကလူတွေကတော့ ပြီးခဲ့တဲ့ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ အိမ်တွေ၊ ပန်းခြံတွေ၊ သစ်တောတွေ ကို ပြန်တည်ဆောက်နေလို့တောင် လက်စမသတ်သေးခင်မှာပဲ နောက်ထပ် စစ်ပွဲတစ်ပွဲ အချိန်မရွေး ဖြစ်လာဦးမလားလို့ မျှော်လင့်နေကြရတယ်။ ဓာတုဗုံးတွေကြောင့်  ဒဏ်ရာရသူတွေလည်း ကုသခံနေရတုန်း၊ ဆေးရုံတက်နေကြရတုန်းပဲ။ တစ်ခါတလေဆိုရင် သတင်းစာထဲမှာ သူတို့ထဲ တစ်ယောက်ယောက် သေတယ်ဆိုတာလည်း ဖတ်နေရတုန်းပဲ။ အဲဒါတွေ ဘယ်လိုပဲရှိနေနေ ကျွန်တော်တို့ပေါ်မှာ စစ်ငွေ့တွေက လွှမ်းခြုံထားတုန်းပဲ။ နောက်ထပ်စစ်ပွဲတွေကို ဘယ်သူက ဘာကြောင့် စတင် မှာလဲဆိုတာက အရေးမကြီးတော့ဘူး။ နိုင်ငံရေးသမားတွေအားလုံးကလည်း ဆောင်ပုဒ် လှလှပပတွေကို ဟစ်ကြွေးပြီးတော့ လူ့အသက်တွေကို တန်ဖိုးထားပါတယ်လို့ ဟန်ဆောင်ပန်ဆောင် လုပ်နေကြတုန်းပါပဲ။

စာရေးဆရာတစ်ယောက်အနေနဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော် စစ်ထဲမှာ ဝင်မပါချင်ပါဘူး။ ဖြစ်နိုင်ရင် ကျွန်တော်ဟာ စစ်ပွဲတွေ ဘယ်တော့မှ ထပ်မဖြစ်အောင် တားမြစ်ချင်ပါတယ်။ စစ်နဲ့ပတ်သက်လို့ တစ်ခုတည်းသော ခိုင်လုံတဲ့ အကြောင်းပြချက်က ကျူးကျော်တိုက်ခိုက်လာရင် ခုခံဖို့ ပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ စစ်ဘုရင်တွေက သူတို စစ်ပွဲကို စရခြင်း အကြောင်းပြချက်ဟာ အမြဲခိုင်လုံတယ်လို့ ထင်မှတ်နေကြပါတယ်။ ဆဒန်ဟူစိန်ဆိုတဲ့ အရူးတစ်ယောက်ဟာ သူ့ကိုယ်သူ အာရပ်ကမ္ဘာရဲ့ အရှင်သခင်လို့ ထင်နေခဲ့တယ်။ ပြီးတော့ အီရန်တောင်ပိုင်းမှာ နေထိုင်တဲ့ အာရပ်တွေကို လွတ်မြောက်စေဖို့ ဆိုပြီးတော့ အီရန်ကို ကျူးကျော်တိုက်ခိုက်လာခဲ့ပါတယ်။ ဒါဟာ သူ တိုက်ခိုက်ရခြင်းရဲ့ အကြောင်းပြချက်လို့ ဆိုပေမယ့်လည်း တကယ့် အဓိကရည်ရွယ်ချက်ကတော့ အီရန်ရဲ့ လောင်စာဆီအရင်းအမြစ်တွေကို သိမ်းပိုက်ချင်လို့ပါ။

အမေရိကန်နဲ့ တိုက်တဲ့ စစ်ပွဲမှာဆိုရင်လည်း ဆဒန်ဟူစိန်ဟာ သူ့ကိုသူ အစ္စလာမ်ဘာသာဝင်တွေကို ဦးဆောင်တဲ့ အစ္စလာမ်ဘာသာကို ကာကွယ်သူ၊ ဘာသာရေးခေါင်းဆောင်တစ်ယောက်လို့ ထင်မှတ်ပြန်ပါတယ်။ ဒါပေမယ့် ကိုယ့်ပြည်သူတွေကိုတောင် ဓာတုဗုံးတွေနဲ့ တိုက်ခိုက်တဲ့လူ၊ အိမ်နီးနားချင်း နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ကူဝိတ်ကိုလည်း ကျူးကျော်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုယုံကြည်ရမှာလဲ။

စာရေးဆရာတစ်ယောက်အနေနဲ့တော့ ကျွန်တော်တို့နိုင်ငံရဲ့ ရှစ်နှစ်ကြာ စစ်ပွဲထဲမှာ အပျက်အစီး၊ နာကျင်မှုနဲ့ ကပ်ဘေးဒုက္ခကိုပဲ နောက်ဆုံးရလာဒ်အဖြစ် ကျွန်တော်မြင်ပါတယ်။ ကျွန်တော်  ဆယ်နှစ်သား ချာတိတ်အရွယ်ကတည်းက အဲဒီစစ်ပွဲ စတင်ပါတယ်။ ကျွန်တော် အသက်ဆယ့်ရှစ်နှစ် လူလားမြောက်ပြီး အထက်တန်းကျောင်းအောင်တဲ့ အချိန်ရောက်မှ အဲဒီစစ်ပွဲ ပြီးဆုံးပါတယ်။ စစ်သား ငယ်ငယ်ရွယ်ရွယ်လေးတွေဟာ စိတ်အားထက်သန်နေတဲ့ ပြည်သူတွေရဲ့ နှုတ်ဆက်မှုကို ခံယူပြီး စစ်တိုက်ထွက်သွားကြတာကို မြင်တွေ့ခဲ့ရပါတယ်။ နောက် သိပ်မကြာပါဘူး ဓာတ်ပုံတွေထဲမှာ အဲဒီ စိတ်အားထက်သန်တဲ့ ပြည်သူတွေရဲ့ နှုတ်ဆက်မှုနဲ့ပဲ အဲဒီ စစ်သားငယ်လေးတွေကို ထည့်ထားတဲ့ အခေါင်းတွေကို သင်္ချိုင်းကုန်းကို လိုက်ပို့ကြပြန်တာကို တွေ့ရပါတော့တယ်။ ကျွန်တော်တို့ရဲ့ စစ်အတွင်းမှာ တခြားစစ်တွေနည်းတူပဲ အစားအစာ အရမ်းရှားပါးပါတယ်။ မှောင်ခိုဈေးကွက်တွေ ထွန်းကားလာတယ်။ အစားအသောက် ဝေစုရဖို့ တန်းစီနေကြတဲ့ ကီလိုမီတာပေါင်းများစွာ တမျှော်တခေါ် လူတန်းရှည်ကြီးတွေဟာ နေရာတကာမှာရှိနေတယ်။ လျှပ်စစ်၊ ဓာတ်ငွေ့၊ လောင်စာဆီတွေ အကုန် ပြတ်လပ်ကုန်ပါတယ်။

အဲဒီလိုနဲ့ ရှစ်နှစ်ကြာသွားတဲ့အခါ ဘာရလာဒ်တွေများ ထွက်လာလို့လဲ။ အီရန်လူမျိုးတွေ ဒါမှမဟုတ် အီရတ်လူမျိုးတွေဟာ ဘာတွေများ အနိုင်ရလိုက်ပါသလဲ။ စစ်ဆိုတာ နိုင်သူ မရှိဘူး။ နောက်ဆုံးတော့ လူဦးရေသန်းနဲ့ချီတဲ့ သေကြေဒဏ်ရာရသူတွေ ငွေကုဋေပေါင်းများစွာ တန်တဲ့ အပျက်အစီးတွေကိုပဲ ကျန်ရစ်စေတာပါ။ အဲဒီအပြင် ကိုင်တွယ်လို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေကိုလည်း ဘယ်သူမှ တိုင်းတာတွက်ချက်လို့ မရနိုင်ပါဘူး။

စာရေးဆရာတစ်ယောက်နေနဲ့ ကျွန်တော့်အတွက်တော့ စစ်ပွဲရဲ့ရလာဒ်ဟာ ဝတ္ထုတို သုံးပုဒ် ရေးဖြစ်စေပါတယ်။ စစ်အကြောင်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရေးထားတဲ့ ဝတ္ထုတွေပဲပေါ့။ အဲဒီလို စစ်ပွဲအကြောင်း ရေးထားတဲ့ ကျွန်တော့် ဝတ္ထုတိုတွေထဲက နှစ်ပုဒ်ဟာ အီရန်မှာ ဆုတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ဒါကို ပျော်ရွှင်ရမှာ ဂုဏ်ယူရမှာ ခက်ခဲလှပါတယ်။ တစ်ဖက်မှာ ထောင်ပေါင်းများစွာသော သေကြေဒဏ်ရာရသူတွေ၊ တစ်ဖက်ကတော့ စကားလုံးတွေ နည်းနည်းပါးပါး ပါတဲ့ ဝတ္ထုတိုလေး နှစ်ပုဒ်။ ဒါဟာ ဘယ်လိုမှ မတရားပါဘူး။

နောက်ဆုံးတော့ ကျွန်တော်ဟာ ဘယ်လိုစစ်ပွဲမျိုးမှ နောက်ထပ် မဖြစ်စေချင်တော့သလို အဲဒီစစ်ပွဲတွေကို အခြေခံပြီး ရေးမယ့် ဝတ္ထုတွေလည်း နောက်ထပ် မပေါ်စေချင်တော့ပါဘူး။

ယာကု(ဘ်) ယာဒလီ

(အီရန်စာရေးဆရာ Yaghoub Yadali ၏ Nobody Likes War, but… စာတမ်းငယ်ကို ပန်ဒိုရာက အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။)


Expand..

Sunday, September 16, 2012

ကြိုးညှိခြင်းကဗျာစာအုပ်ကို FM Bagan မှာ ဆွေးနွေးကြခြင်း (အပိုင်း ၃)


ကြိုးညှိခြင်းကဗျာစာအုပ်ကို  FM Bagan မှာ ဆွေးနွေးကြခြင်း (အပိုင်း ၃)
(FM Bagan ရေဒီယိုမှာ မင်းခက်ရဲ တင်ဆက်တဲ့ ခေတ်ပြိုင်ကဗျာဆွေးနွေးချက် အစီအစဉ်မှာ ဆွေးနွေးခဲ့ကြတာပါ။ အပိုင်း ၃ ပိုင်းခွဲပြီး တင်ဆက်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးချက်တွေကို ပို့ပေးတဲ့ ကိုမင်းခက်ရဲ ကို ကျေးဇူးတင်ပါတယ်။)


ဟုတ်ကဲ့ ခုကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ ၂၀၁၂ ခုနှစ်သြဂတ်စ်လထုတ် မြန်အမျိုးသမီးကဗျာ ဆရာ မ ၃၅ဦးရဲ့ ကဗျာပေါင်း ၁၀၀နီးပါးကို စုစည်းထုတ်ဝေထားတဲ့ ကြိုးညှိခြင်းဆိုတဲ့ ကဗျာစာအုပ်ပဲ ဖြစ်ပါတယ် ။ ပထမဆုံးအပိုင်းတစ်ခုမှာ ဒီကဗျာစာအုပ်က အမျိုးသမီးကဗျာဆရာမတွေ စုံစုံလင်လင်စုစည်းထုတ်ဝေတဲ့ ကဗျာစာအုပ်ဖြစ်သလို ခေတ်ပြိုင်ကဗျာသမိုင်းအတွက် အရေးပါတဲ့ ကဗျာစာအုပ်တစ်အုပ်ဖြစ်ကြောင်းဆွေးနေခဲ့ပါတယ် ။ ဒုတိယပိုင်း မှာတော့ ခေတ်ပြိုင်မြန်အမျိုးသမီးကဗျာတွေ ပညာရေးအင်စတီကျူးရှင်းတွေ အတွင်းက ဖတ်စာအုပ်ထဲကို ရောက်ဖို့ရာ ဒီစာအုပ်ထံကနေ လေ့လာစရာအများကြီးလိုအပ်ကြောင်းပါပဲ ။ ယခုတတိယအပိုင်းမှာတော့ စာအုပ်မှာပါတဲ့ ကဗျာတွေထဲက အမျိုးသမီးတွေရဲ့တွေ့ကြုံခံစားမှုတွေနဲ့ ယောက်ျားကြီးစိုးတဲ့ တန်ဖိုးစံတွေ ၊ စံပုံစံတွေကို တွန်းလှန်ထားတဲ့ ကဗျာတွေထဲက လေးငါးပုဒ်လောက်ကို ရွတ်ဆိုလိုက်၊ ဆွေးနွေးလိုက်လုပ်မှာ ဖြစ်ပါတယ်။ ပထမဆုံး ကဗျာဆရာမိနှောင်းရဲ့ ကဗျာ တစ်ပိုင်းကို ရွတ်ဆိုလိုက်ပါတယ် ။ ဒီကဗျာဟာ လူ့အဖွဲ့အစည်းက တည်ဆောက်ထားတဲ့ မိန်းမဆန်မှုဆိုတာကိုပဲ ပြန်ယူပြီး ဒါဟာ ဘယ်လို သိပ္ပံပညာရှင်မှ မယှဉ်နိုင်တဲ့ မိန်းမဖြစ်မှုတစ်မျိုးပဲလို့ တန်ပြန်ထားတဲ့ ကဗျာဖြစ်ပါတယ်။ ဒါကြောင်လည်း နောက်ဆုံးမှာ ဆရာမက “စကြ၀ဠာကို ဖန်ဆင်းတာ ကျွန်မရှင့်” လို့ အဆုံးသတ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ် ။

ပြောလို့ရမလားလို့ ပြောကြည့်ရုံလေးပါ

ဟဲလို
အမေရိကန်လူမျိုး စကြဝဠာဗေဒပညာရှင်
Frank Tipler နှင့်
ကျွန်မ
မြန်မာလူမျိုး ဓာတုအင်ဂျင်နီယာ
မိနှောင်းတို့
အလာပ သလာပ ပြောကြမယ်နော်။
“တွင်းနက်” ဆိုတာ
ဟင်းချက်စရာတွေကိုရော စုပ်ယူမျိုပစ်တတ်လားဟင်
ရှင်တို့ပြောတော့
ရှေးဦးစွာ ကြီးမားသော မဟာပေါက်ကွဲမှုကြီးအပြီးမှာ
အဲဒီ စကြဝဠာကြီးဟာ လျင်မြန်စွာကြီးထားလာပါသတဲ့
ဟုတ်ကဲ့… ကျွန်မနားထောင်နေပါတယ်… ပြောပါ

ကိုသော်ဇင် ။ ။ ကျွန်တော်တော့ ကဗျာထဲမှာခပ်ရှားရှာ ရှင်လို့ ပြောတဲ့ အသံကို သတိထားမိတယ်။

ကိုဗညား ။ ။ အင်း “တွင်းနက် ” ဆိုတာ ဟင်းချက်စရာတွေကို စုပ်ယူမျိုပစ်တတ်လားဟင် ဆိုတာကိုလည်း သဘောကျတယ်။ သရော်တော်တော် သဘောပဲ။

မပိုင်ပိုင် ။ ဟုတ်တယ် ကိုဗညား၊ ဒီအပိုင်း သိပ္ပံပညာရှင်တွေထဲမှာ ယောက်ျားတွေလွှမ်းမိုးကြီးစိုးတာကိုသရော်ထားတာပဲ လို့ ကျွန်မထင်တယ် ။ ကမ္ဘာမှာ နာမည်ကြီးသိပ္ပံပညာရှင်တွေမှာ ယောက်ျားတွေက များတယ် လေ ။ နောက် ကိုဗညား ပြောတဲ့ အပိုင်းက မိန်းမတစ်ယောက်ရဲ့ အိမ်မှုကိစ္စကို အသေးအဖွဲ့ကိစ္စလို့မှတ်ယူထားမှုအပေါ်မှာ သိပ္ပံပညာရဲ့ အကြီး အကျယ်ဆုံးအရာတွေထဲက တစ်ခုဖြစ်တဲ့ Black Hole တွင်းနက်ကြီး နဲ့ ဆက်စပ်ဖော်ပြလိုက်တာလို့ ကျွန်မတော့ မြင်တယ် ။

ကိုသော်ဇင် ။ ။ ဟုတ်ကဲ့ ပါခင်ဗျာ ။ ခုနှောက်ထပ်ရွတ်ဆိုမှာကတော့ ကဗျာဆရာမ သန့်စင်အေးရဲ့ “နှစ်ကူးညစာ ” ကဗျာထဲက ဒုတိယမြောက်အပိုဒ်ဖြစ်ပါတယ် ။

မပိုင်ပိုင် ။

နှုတ်ခမ်းမှာ မဲနယ်သေရောင် အနက်ဝမ်းဆက်
လက်သည်းခြေသည်းကို နှလုံးရောဂါအရောင်ဆိုး
တစ်ရှူးစထဲကို ချောင်းတဟွပ်ဟွပ် ထိုးသွင်းဖိသိပ်
မဂိုလမ်းအရိပ်ကို
ဖိနပ်ပါးပါးနဲ့ ချမနင်းနိုင်ဘူး။

ကိုဗညား ။ ရောဂါဝေဒနာခံစားနေရတဲ့ ခန္ဓာကိုယ်အပေါ် ပြန်ကြည့်ထားတာပဲ ။

မပိုင်ပိုင် ။ဟုတ်တယ် ကိုဗညားရေး ။ မိန်းမတွေရဲ့တွေ့ကြုံခံစားမှုမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ် အမြဲတုံ့ပြန် စမ်းစစ်နေတဲ့ တွေ့ကြုံခံစားမှုရှိတယ် ။ ၁၉၇၀လောက်မှာ အမေရိကန် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေအတွက် အလွန်အရေးကြီး တဲ့ ဘတ်တီဖရိုက်ဒ်ရဲ့ Feminine Mystique မဆန်မှု၏ လျို့ဝှက်ဆန်းပြားမှုလို့ အမည်ရတဲ့ စာအုပ်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အံ့သြဆန်းကြယ်ပြီး လျို့ဝှက်ဆန်းကြယ်မှုတွေ အပြည့်ရှိတယ်လို့ ထုတ်ဖော်တယ် ။ ဒီလို လျို့ဝှက်ဆန်း ကြယ်တဲ့ ခန္ဓာကိုယ်အပေါ်အမျိုးသမီးတွေ ငယ်ငယ်ကတည်း သူတို့ဘာသာသူတို့ ထူးဆန်းနေခဲ့တာ ။ ဒါကြောင့် အဖြစ် အပျက်အကြောင်းအတော်တော်များများအတွက် မိန်းမတွေဟာ ခန္ဓာကိုယ်အပေါ်ကို အမြဲအာရုံစိုက် တုံ့ပြန်ဖို့ ကြိုးစား တဲ့ သဘောရှိတယ် ။ ကဗျာမှာလည်း ဒီသဘောကိုတွေ့ရတယ် ။

ကိုသော်ဇင် ။ ဟုတ် ၊ဒီလောက်ဆို ကျွန်တော်တို့လည်း ကဗျာထဲက မိန်းမတွေရဲ့တွေ့ကြုံခံစားမှုကို မြင်လာပြီ မပိုင်ပိုင် နောက်ထပ် တစ်ပုဒ်လောက် ဆက်ရွတ်ကြရအောင် ။

မပိုင်ပိုင် ။ ။ ဆရာမခင်မြဇင်ကဗျာလေးကို ကျွန်မ ရွတ်ကြည့်ချင်တယ် ။ ဒီကဗျာက ကျွန်မအမြင် ယောက်ျားကြီးစိုးလွှမ်း မိုးတဲ့တန်ဖိုးစံတွေကို တော်လှန်တာ မရှိဘူး ။ အစဉ်အလာမိန်းမတစ်ယောက်ရဲ့ ဘ၀ကိုတောင်ဖော်ပြတယ် ။ ဒါပေမယ့် ဘယ်လို ယောက်ျားကဗျာဆရာမျိုးကမှ ဒီလို အတွေ့အကြုံမျိုးရှိမှာမဟုတ်တော့ မိန်းမတွေရဲ့ ၀ိညဉ်အတွင်းက ထွက်လာ တဲ့ မိန်းမတွေရဲ့ ဘ၀ပဲ ။ ကျွန်မအနေနဲ့ အစဉ်းအလာလူ့အဖွဲ့အစည်းအတွင်း ပိတ်လှောင်ခံထားရတဲ့ မိန်းမတွေရဲ့ ဘ၀ လို့ ဆိုရမယ် ။ အပိုဒ် သုံး၊ ငါး ၊ ခြောက် လေးပုဒ်ကိုရွတ်ကြည့်မယ်နော်-

 
ဘ၀နေနည်း

အိမ်ထဲမှာနေသားတကျ
ကြိုးတန်းပေါ်က
သူ့ရှပ်အင်္ကျီလက်ရှည်
လက်တွေက တွဲလောင်းကျလို့
………

အိမ်ထဲမှာနေသားတကျ
နှစ်ယောက်အိပ်ကုတင်ပေါ်က စောင်ပုံပွပွ
သနပ်ခါးစက်ပေကျံနေတဲ့
ကြည့်မှန်
 ………

အိမ်ထဲမှာနေသားတကျ
မျက်လုံးက
အစိမ်းရောင်တောက်တောက်
သစ်ပင်တွေကိုကြည့်လို့

အိမ်ထဲမှာနေသားတကျ
ကျွန်မနည်းနည်းဝလာတယ်နော်
မလျှော်ရသေးတဲ့အင်္ကျီကိုဝတ်လို့။ ။

ကိုသော်ဇင် ။ ။ ဟုတ်တယ်နော နောက်ဆုံးအပုဒ်လေးက တစ်မျိုးလေးပဲ ။ ဘာတဲ့ “အိမ်ထဲမှာ နေသားတကျ ၊ ကျွန်မ နည်းနည်းဝလတယ်နော်၊ မလျှော်ရသေးတဲ့ အင်္ကျီကို ၀တ်လို့တဲ့ ” ဒီလို ခံစားမှုမျိုးနဲ့ ယောင်္ကျားကဗျာဆရာတွေ ရေးလို့ မရဘူး ။ အိမ်တွင်းမှာ ပိတ်လှောင်ခံနေရတာ၊ အိမ်တွင်းမှုကိစ္စတွေလုပ်နေတာတောင်မှာ ရိုးရိုးရှင်းရှင်းလေးနဲ့ ပျော်ရွှင်နေရှာ တဲ့ မိန်းမတစ်ဦးရဲ့တွေ့ကြုံခံစားမှုမျိုးကို ကျွန်တော်တို့လည်း တဖြည်ဖြည်းတွေ့လာရပြီး မပိုင်ပိုင်ရေး ကျေးဇူးပါပဲ။

ကိုဗညား ။ ။ ဟုတ်တယ် မပိုင်ပိုင် ရေ၊ လူ့အဖွဲ့အစည်း စံပုံစံ တန်ဖိုးစံတွေအပေါ် စိန်ခေါ်ချင်တဲ့ ကဗျာလေးသုံးပုဒ် လောက်ရွတ်ပါဦး။

မပိုင်ပိုင် ။ ဟုတ် ခုကဗျာလေးကိုတော့ သုံးပိုဒ်လုံးကို ရွတ်ပါမယ် ရှင်းပြစရာမလိုအောင်လည်း လွယ်လွယ်ကူကူ ပါပဲ ။ ဆရာမ ငြိမ်း(ဒဿန)ရဲ့ ကဗျာပါပဲ ။ ကဗျားခေါင်းစဉ်ကတော့ Black & White ဒိုင်ယာရီလို့ တပ်ထားပါတယ် ။

Black & White ဒိုင်ယာရီ

·         ခပ်စိမ်းစိမ်းမရင်းနှီးခဲ့သော မြင့်မိုရ်တောင်သည် မိုးလင်းမိုးချုပ် ကြိမ်ဖန်များစွာ လှိုင်းတံပိုးများ ထကြွလျက် ၁၉၆၈ လူသိရှင်ကြား (၂)ခြမ်းကွဲကြပေါ့၊ မိဘ… မိဘ… ဘာမိဘလဲ? ပြဿနာသာရှိ အဖြေမသိ မှတ်မိသမျှ ငယ်ဘဝ ပြောင်ပြောင်ရောင်ရောင် ရှိပေမဲ့ ခပ်ငေါင်ငေါင်

·         “ဟဲ့ မိဘဆိုတာ မိုးပေါ်က ကျလာတာ မဟုတ်ဘူး” တောင်တွင်းက ဆရာအောင်သင်း လေသံမျိုးနဲ့ နားချနိုင်သူ မရှိခဲ့၊ လူတစ်ယောက်ဟာ မြင့်မိုရ်တောင်ပေါ် မရောက်ဖူးရင် သုညချောက်ထဲ ကျဖူးရမယ် ငယ်ဘဝကို ကောက်ချက်ရေးဖူး၊ ထီမထင်ဘဝမှာ လွမ်းလောက်စရာ အဖိုးတစ်ယောက်အဖြစ် ထင်တိုင်းကျဲနေတဲ့ မိသားတစ်စုတော့ ရှိခဲ့တယ်။

·         ၁၉၈၁ (ဟိုမရောက် ဒီမရောက်) နုမှည့်ဘဝကို ဇာတ်သိမ်း၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ကြိုးစားပြီး ငါကိုယ်တိုင် ကလေးတစ်ယောက်ကို Ceasar born နဲ့ဖွားမြင်၊ သူမ၏ တစ်ဦးတည်းသော သားဟာ မြင့်မိုရ်တောင်ဆိုတာနဲ့ ရန်မဖြစ်စေရ၊ မာရသွန် ဖတ်ခဲ့လေသမျှ Child psycho လောကသာရပျို့နဲ့ မွမ်းမံ ပုံပြင်ဆန်ဆန် သုဝဏ္ဏသာမကို ဘိုကေတပ်ပြီး လောကကို အဆိပ်မခပ်တဲ့ လူကလေး ဘေးမသီရန်မခ

·         (သေနတ်တွေကြားမှာ) ကြီးပြင်း ၂၀၀၈ ကျောင်းပြီးသွားပြီ ဘယ်တော့ ရေစက်ချရမလဲ?။

ကိုသော်ဇင် ။ ။ မိဘဆိုရင် မိဘပြောသမျှကို မျက်ကန်းတစ္ဆေ လေးစားရမယ်ဆိုတာကို ပြတ်ပြတ်သားသား ဆန့်ကျင်ထားတဲ့ ကဗျာပဲ ။

ကိုဗညား ။ ဟုတ်တယ် ။ ကိုသော်ဇင်ရေ ပိုပြီး စိန်ခေါ်တဲ့ သဘောရောက်တာက သူကိုယ်တိုင်က မိခင်ဖြစ်လာတဲ့ အခါ သူ့စကားမှန်သမျှ အမိန့်နာခံမှုမျိုးကိုပါ ဆန့်ကျင်ပြစ်လိုက်တာ ။ ပထမဆုံးအပုဒ်ကတော့ ကဗျာထဲက ဇာတ်ပြောသူ အမျိုးသမီးရဲ့ ဘ၀ဖြတ်သန်းမှုအမြင်ပဲနော်။

ကိုသော်ဇင် ။ ။ အဲဒီပထမပိုဒ်ကစာသားတွေမှာ ကျွန်တော် ကြိုက်တာက “ မိဘ…မိဘ …..ဘာမိဘလဲ ၊ ပြဿနာသာရှိ ၊ အဖြေမသိ ၊ ” ဆိုတဲ့ စာသားလေးပဲ ။

မပိုင်ပိုင် ။ ။အစဉ်အလာအမြင်တွေ အပေါ်ဆန့်ကျင်ထားတဲ့ စာသွားတွေလည်းပါတယ် ။ တစ်ယောက်တည်း မိဘနဲ့ မနေခဲ့ ရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ပြတဲ့စာသာလေး “ လူတစ်ယောက်ဟာ မြင့်မိုရ်တောင်ပေါ် မရောက်ဖူးရင် ၊ သုညချောက်ထဲကျဖူးရမယ် ၊ ငယ်ဘ၀ကို ကောက်ချက်ရေးဖူး ” ဆိုတဲ့ စားသားလေးကလဲ ကလေး ဘ၀ကို ပြနိုင်တယ် ။ “ပုံပြင်ဆန်ဆန် သုဝဏ္ဏာသာမ ”ဆိုတဲ့ အသုံးကလည်း ပြတ်သားတာကိုတွေ့ရမယ်။

ကိုဗညား ။။ ဒီတစ်ပုဒ်ကတော့ အစဉ်အလာတန်ဖိုးစံတွေအပေါ်တော်လှန်တဲ့ အမြင်တွေပေါ့နော်။ နောက်တစ်ပုဒ် လောက် ရွတ်ပါဦး အချိန်က သိပ်မရှိ၊ကျွန်တော်တို့ ကဗျာအကုန်လုံးလည်း မရွတ်နိုင်တော့ကာ နောက်ထပ်တစ်ပုဒ်နှစ်ပိုဒ် လောက်တော့ မဖြစ် ဖြစ်အောင် ရွတ်ကြတာပေါ့ဗျာ ။ ဆရာမ အိန္ဒြာရေးတဲ့ “ကဗျာက အမျိုးသမီးတစ်ယောက် ကိုရေးတယ်” ဆိုတဲ့ ကဗျာလေးပါပဲ ။

(ကိုသော်ဇင် ရွတ်ပါ)
 
ကဗျာက အမျိုးသမီးတစ်ယောက်ကို ရေးထားတယ်  

ကဗျာက အမျိုးသမီးတစ်ယောက်ကိုရေးတယ်။ အမျိုးသမီးက မုဆိုးမ
အသစ်စက်စက်မုဆိုးမလို့ ကဗျာက ညွှန်းပြပြီးတဲ့ အခါ ကဗျာဟာ အကြောင်းအရာတွေ ဆက်တိုက်ရေးပြတယ်
အဖြစ်အပျက် ဇာတ်ညွှန်းဆန်ဆန် အရေးအသား မြင်ကွင်း တွေချည်း

ဒီကဗျာပါ ဇာတ်ကောင်ဟာ နိုင်ဂျီးရီးယားမုဆိုးမ ဖြစ်ကြောင်းခေါင်းစဉ်နဲ့ ကဗျာက ပြောပြတယ်..
ဒီကဗျာဟာ  ဒုက္ခထဲ ဖရိုဖရဲကျန်ရစ်ခဲ့တဲ့ မုဆိုးမတွေရဲ့အကြောင်း
အဲဒီ့ဒုက္ခထဲကို နောက်ထပ်ဒုက္ခတွေ ပစ်ထည့်ဖေါက်ခွဲနေကြတဲ့ ရိုးရာဓလေ့တွေ အကြောင်း
သောကရဲ့လောင်မြိုက်မှုနဲ့ ဘ၀တွေ အရေခွံကျွတ်ထွက်ကုန်တဲ့အကြောင်း စသဖြင့်တွေပါလာမယ်

ဒီကဗျာထဲကမုဆိုးမတွေဟာ လင်သားသေဆုံးပြီဆိုတာနဲ့  ဆံပင်တွေ ရိပ်သင်ခံကြရ
ဒီကဗျာထဲကမုဆိုးမတွေဟာ မုဆိုးမဖြစ်တည်မှုအသစ်ကို ရှုံ့ချပြစ်တင်ခံရဖို့ ၀တ်လစ်စလစ်ခန္ဓာနဲ့ မြို့ထဲလှည့်ပြကြရ
ဒီကဗျာထဲကမုဆိုးမတွေဟာ သူ့ခင်ပွန်းမြေမကျခင်အထိ လက်တွေကို ကြိုးနဲ့တုတ်နှောင်ခံထားရ
ဒီကဗျာထဲကမုဆိုးမတွေဟာ အိပ်စက်ခွင့်မရှိတော့တဲ့ မိသားစုအိပ်ရာလေးဘေးမှာ ခြေဆင်းထိုင်နေကြရ
ဒီကဗျာထဲကမုဆိုးမတွေဟာ အလောင်းစင်နဘေးက သူ့ကလေးတွေကို ချော့မြူပိုက်ထွေးခွင့် မရကြရှာဘူး..
အဲဒီ့ မုဆိုးမက "မင်းတို့အဖေကို လုပ်ကြံသတ်ဖြတ်တာမဟုတ်ဘူး " လို့ "သူတို့စွတ်စွဲပြောဆိုနေသလို မဟုတ်ဘူး"လို့
"မဟုတ်ဘူးးးဘာတစ်ခုမှမဟုတ်ဘူး..." လို့  ရင်ကွဲမတတ် တိတ်တဆိတ် ဟစ်အော်လိုက်တဲ့အခါ..
 ကဗျာဟာ ဆက်ဖတ်လို့မရနိုင်လောက်အောင် မှောင်မည်းတိတ်ဆိတ်သွားလိမ့်မယ်..

အဲဒီ့စာကြောင်းပြီးတာနဲ့ နောက်ထပ်ကပ်လျက်စာကြောင်းမှာ
မုဆိုးမဟာ အလောင်းရဲ့ချိုးရေတွေကိုသောက်ပြီးသစ္စာဆိုပြရတာတွေ
(တကယ်လို့သာ ရောဂါကူးစက်သွားခဲ့ပြီး  သေဆုံးသွားခဲ့ရင် သူမဟာ ဧကန်မုချ ကိုယ့်လင်သားကိုယ် လုပ်ကြံသူပါပဲ )
သူမနဲ့ ကျန်ရစ်ခဲ့တဲ့ကိုယ်ဝန်ဟာ  မသင်္ကာစရာ သက်သေခံဖြစ်သွားတော့တာတွေ
အဲဒီ့သန္ဓေရဲ့ဖခင်မျိုးစိတ်ကို အသေးစိတ် စစ်ဆေးကြတော့တာ အဲဒါတွေ ဆက်တိုက်ပါလိမ့်မယ်။

သားယောက်ျားမမွေးဖွားနိုင်ခဲ့ရင်လည်းအပြစ် ၊ မုဆိုးမဖြစ်ရတာလည်း အပြစ် ၊လင်သားထက်အရင် မသေဆုံးခဲ့တာလည်း အပြစ် စသဖြင့်
လူမိန်းမအဖြစ်ကို ဒီ့ထက်ချနင်းစရာမရှိတော့တဲ့ အယူသီးမှုထဲ ဒီအသားနက်မုဆိုးမတွေ လူအခွင့်အရေးဆုံးရှုံးနေကြတယ် စသဖြင့်
မိရိုးဖလာဆိုတာ ရွေးချယ်ခွင့်မရှိတဲ့ အဆိပ်ခွက်တစ်ခွက်ပါပဲ..စသဖြင့်

အဲဒီ့ စသဖြင့်တွေကိုချပြဖို့...ကဗျာကိုဒီလိုစထားတယ်..

(မပိုင်ပိုင် စရွတ်ပါ)

နိုင်ဂျီးရီးယား မုဆိုးမ

အဆိပ်မိသလို ဘ၀ဟာ ချက်ချင်း ပြာနှမ်းကွဲအက်သွားခဲ့ပေါ့
ဆောက်တည်ရာမရ ငိုကျွေးသံတွေမှ မစရသေးခင် သူတို့ရောက်လာကြတော့မယ်
မကြာခင် ..ကျွန်မဆံပင်တွေကိုရိပ်သင်ဖို့ သူတို့ရောက်လာကြတော့မယ်
မကြာခင် .ကျွန်မလက်တွေကိုချည်နှောင်ဖို့ သူတို့ရောက်လာကြတော့မယ်
သိပ်မကြာခင်မှာ ကျွန်မကိုဝတ်လစ်စလစ်နဲ့ တစ်မြို့လုံးကို ပတ်ပြဖို့အထိ
်အလောင်းကောင်ကို ရေချိုးထားတဲ့ အပုတ်ရည်တွေကို သစ္စာဆိုပြီးသောက်သုံးပြဖို့အထိ ...............သူ..တို့..


အိန္ဒြာ
 ( ခင်ပွန်းသည် အရင်သေဆုံးသွားခဲ့ရင် အပြစ်တစ်ခုလို ဒဏ်ပေးခံနေကြရတဲ့ နိုင်ဂျီးရီးယားက မုဆိုးမတွေ အတွက် )

ကိုဗညား ။ ဒီလို ကဗျာမျိုးကို ကျွန်တော်တို့ရဲ့ ကျောင်းတွေမှာ ပြဌာန်းလိုက်ရင်တော့ ကျောင်းတွေမှာ လေ့လာစရာ တွေ အများကြီးရှိသွားမယ်။

ကိုသော်ဇင် ။ ။ ဘယ်လို လေ့လာစရာမျိုးလဲ။ 

ကိုဗညား ။ ။ ဒီကဗျာထဲက နိုင်ဂျီးရီးယား မိန်းမလို မြန်မာ့ အစဉ်အလာထဲ၌ အမျိုးသမီးများအပေါ် နှိမ့်ချထားသမျှကို ရှာဖွေပြပါဆိုတာမျိုးပေါ့။

မပိုင်ပိုင် ။ ။ဒီကဗျာက ပုံသဏ္ဌာန်ပိုင်းရော ၊ အကြောင်းအရာပိုင်းရော စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ရှိနေတာ ။ ပြီးတော့ ကျွန်မအတွက်တော့ ကဗျာဟာ နိုင်ဂျီရီးယားမိန်းမတွေကို အဓိကပြပြီး မေးခွန်း ထုတ်ထားတာ၊ သူတို့ရဲ့ ဖိနှိပ်ခံရမှုအပေါ် ပြန်တုံ့ပြီး ကမ္ဘာကြီးတစ်ခုလုံး မတရားမှုကို မြင်လာအောင်ထုတ်ဖော်ပြောဆိုထာတာပဲ ။ ဒီအတွက် အသက်အ၀င်ဆုံ စာသားက “ မိရိုးဖလာဆိုတာ ရွေးချယ်ခွင့်မရှိတဲ့ အဆိပ်ခွက်တစ်ခွက်ပါပဲ …” ဆိုတဲ့ စာသားပဲ ။ ယောက်ျားတွေ လွှမ်းမိုးကြီးစိုးမှုကို ထုတ်ဖော်ပြရုံသာမဘူး ။ ကိုယ့်ယဉ်ကျေးမှုထဲက လူသားမဆန်မှုတွေကို ရှာဖွေ ထုတ် ဖော်ကြည့် ကြဖို့လည်းတွန်းအားပေးလိုက်တယ် ။ ဒီအတွက် အတွက် ကဗျာဆရာမ အိန္ဒြာကျန်းမာပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။


Expand..