Friday, March 27, 2009

ပန်ဒိုရာရဲ့ မတ် ၂၇

မတ်လ ၂၇ ရက်ဟာ ဘာနေ့လဲ လို့မေးကြရင်
တခါတလေတော့ ပုဂ္ဂလိကဆန်ဆန် သီးသန့်နေထိုင်ပါရစေ။
လေရူးနဲ့ ရွက်ဝါတွေကြားက ယမ်းငွေ့တွေ သွေးစက်တွေ
သမိုင်းတွေ အမှန်တွေ အမှားတွေ ခဏဘေးဖယ်ထားလိုက်ပါရစေ။
အေးစက်နေတဲ့ လက်နက်တွေ တောင့်တင်းနေတဲ့ တူညီဝတ်စုံတွေ
သံပြိုင်အော်သံတွေ ခြေသံတဖြောင်းဖြောင်းတွေ
အနိုင်တွေ အရှုံးတွေ အငြင်းပွားမှုတွေ မရေရာမှုတွေ
အားလုံးကိုလည်း ခဏ မေ့ထားပါရစေ။
ဒီနေ့ဟာ ပန်ဒိုရာ ဘလော့ဂ်ရေးခဲ့တာ ၂ နှစ်ပြည့်တဲ့နေ့ ဖြစ်တယ်။

ဒီဘလော့ဂ်ကို လာလည်တဲ့ လူတွေ ဘယ် source ကနေ လာဖတ်ကြလဲ လို့ google analytics ကနေ ကြည့်မိပါတယ်။

google analytics ကို ဘလော့ဂ် စရေးရေးချင်းက ထည့်မထားသေးပါဘူး။၂၀၀၇ သြဂုတ် လောက်ကမှ အဲဒါကို တပ်ခဲ့တယ်။ အဲဒီကနေ အခုအချိန်အထိ စုစုပေါင်းကို ကြည့်ရင် ဒီဘလော့ဂ်လင့်ခ်ကို တိုက်ရိုက် လာတာက ၁၅.၀၅ % ရှိတယ် ပြောတယ်။ Referral ကနေ လာတဲ့အထဲမှာ wesheme က ၇.၅၆ % ဆုံဆည်းရာက ၅.၆၈ % နိုင်းနိုင်းစနေဘလော့ဂ်က ၅.၄၈ % ဖြစ်တယ်။ ကျန်တာတွေက တခြား ဘလော့ဂ်နဲ့ တခြား sources တွေကပါ။ ဒါက တစ်နှစ်ကျော် စုစုပေါင်း စာရင်း ကိုပြောတာပါ။

လတ်တလော နောက်ပိုင်း အချိန်တွေမှာတော့ မနိုင်းနိုင်းဆီက တဆင့် လာတာ များပါတယ်။ ဆုံဆည်းရာကတော့ လင့်ခ် မရှိတော့တာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၇ ကနေ မတ်လ ၂၆ အထိဆိုရင် ဘလော့ဂ်ကို တိုက်ရိုက်လာတာ ၁၅.၅၂%၊ နိုင်းနိုင်းစနေက ၁၁.၆၂%၊ နဲ့ ကိုပေါက ၇.၇၆%၊ whesheme က ၆.၆၁% ဖြစ်ပါတယ်။ ကျန်တာတွေကတော့ တခြားဆိုဒ်တွေကပေါ့။

မနိုင်းနိုင်း၊ ကိုပေါ၊ ကိုအန်ဒီမြင့်၊ ဆုံဆည်းရာ အပါအ၀င် တခြားလင့်ခ်ပေးထားတဲ့ လူတွေ၊ လာဖတ်ကြတဲ့လူတွေ၊ ဝေဖန်အကြံပြုသွားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ စာရေးတယ်ဆိုတာ ရေးချင်လို့ ရေးတာက တပိုင်း ဆိုပေမယ့် ဝေမျှဖတ်ရှုခြင်းကလည်း အရေးကြီးနေပါတယ်။ တချို့ရင့်ကျက်မှု အဆင့်တခုကို ရောက်သွားရင်တော့ ဘယ်သူခံစားစား မစားစား ကိုယ့်ဘာသာ ဖန်တီးနေရတာကိုပဲ ပျော်မွေ့နေတယ် လို့ ကြားဖူးပါတယ်။ ကိုယ်တိုင်ကတော့ အဲဒီအဆင့်နဲ့ မနီးစပ်သေးပါဘူး။ လာဖတ်ကြတဲ့ အတွက် ကိုယ်ရေးတာလေးတွေကို ဝေမျှခံစားခွင့်ရလို့ ကျေနပ်ပါတယ်။

ဘာလို့ဒီဘလော့ဂ်ကို လာသလဲ ဆိုတာကိုလည်း စစ်တမ်းလေး ကောက်ခဲ့သေးတယ်။ အများစုက စာဖတ်ချင်လို့ လာတယ် လို့ ဖြေပါတယ်။ အချိန်တွေ ရှားပါးလွန်းတဲ့ အတွက် စာဖတ်ပြီး စာရေးတဲ့ ဘက်ကို ပိုများများသုံးဖြစ်မှာမို့ လာဖတ်သူတွေကို ဧည့်ဝတ်မကျေနိုင်တဲ့အခါ ခွင့်လွှတ်စေလိုပါတယ်။

ဆက်လက်ရှင်သန်နေပါဦးမယ်။
ကျေးဇူးတင်ပါတယ်။

ပန်ဒိုရာ

(မနှစ်က တနှစ်ပြည့် ရေးခဲ့တဲ့ ကဗျာ)

Thursday, March 26, 2009

နေရောင်အောက်မှာ လင်းလက်နေတဲ့ အခွင့်အလမ်းတွေ

ပုံကို ဒီက ရတယ်။


Under the Tuscan Sun ဒီနာမည်ကို စမြင်လိုက်တုန်းကတော့ Nothing is new under the sun. ဆိုတဲ့စကားလေးကို ဗြုန်းဆို သတိရမိခဲ့တယ်။ ခင်မင်ရတဲ့ အစ်မတစ်ယောက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီကားလေးကောင်းတယ် ကြည့်ပါလားလို့ အခွေလေး ပေးလာလို့ ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတခု ဖြစ်ပါတယ်။ ထွက်တာတော့ ကြာလှပြီ ၂၀၀၃ ခုနှစ်ကတည်းကပါ။

ဒီဇာတ်လမ်းက မင်းသမီးဇာတ်ပါ။ အသက်ကြီးတဲ့အထိ မပျက်စီးပဲ လှနေသေးတဲ့ Diane Lane က အဓိက ဇာတ်ဆောင်ပေါ့။ ဇာတ်လမ်းထဲမှာ သူက အသက် ၃၅ နှစ်လောက် ရှိတဲ့ စာရေးဆရာမ Frances အနေနဲ့ သရုပ်ဆောင်ထားတယ်။ အမျိုးသားနဲ့ ကွာရှင်းပြတ်စဲပြီးခါစ စိတ်ဓာတ်တွေ သုညအထိ ကျနေတဲ့ အနေအထားကနေ ဇာတ်လမ်းကို စထားပါတယ်။ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ Patti (Sandra Oh) က စိတ်ပြေလက်ပျောက် ခရီးထွက်ဖို့ အကြံပေးလာပါတယ်။ တကယ်ကတော့ အဲဒီခရီးဟာ ယောင်္ကျားရှာလေး ဖြစ်တဲ့ Patti နဲ့ သူ့ပါတနာတို့ သွားဖို့ စီစဉ်ထားတဲ့ gay trip ပါ။ နောက်တော့ Patti က ကိုယ်ဝန်ရလာလို့ မသွားဖြစ်တာနဲ့ အစားထိုးသွားဖို့ Frances ကို တိုက်တွန်းလိုက်တာပါ။

Expand..

Wednesday, March 25, 2009

ကြော်ငြာ



စင်္ကာပူက အင်္ဂလိပ်စာ သင်တန်းတခုပါ။ ပညာရေး လူမှုဝန်ထမ်းကိစ္စများ နဲ့ ပတ်သက်တာတွေဆိုရင် ခင်ရာခင်ကြောင်း အကူအညီတောင်းလာရင် အလကားပဲတင်း ကြော်ငြာပေးနေပါတယ်။ :)

မမြင်ရရင် ဓာတ်ပုံပေါ် ကလစ် နှိပ်ကြည့်ပါ။ ဘေးက ဆိုဒ်ဘားမှာလည်း တင်ထားပါတယ်။ သင်တန်းနဲ့ပတ်သက်တဲ့ မေးခွန်းများ ဒီမှာမေးခြင်း သည်းခံပါ။ ကာယကံရှင်တွေဆီ ဖုန်းဆက်ပြီး မေးမြန်းပါ။

Sunday, March 22, 2009

မိန်းမကြီးလေးယောက်

သောကြာညနေဟာ ပြိုဆင်းလာတဲ့ လူအုပ်ကို ဘူတာရုံလေးကနေ စောင့်နေတယ်။ ရထားပေါ် အလျင်စလို တိုးဝှေ့တက်ကြသူတွေ၊ ဘူတာရုံဝကနေ ဟိုကြည့်ဒီကြည့် လုပ်ကြသူတွေ၊ ဖုန်းခေါ်ကြသူတွေ၊ အက်စ်အမ်အက်စ် ပို့ကြသူတွေ၊ ချိန်းထားတဲ့လူတွေ တွေ့တော့ဝမ်းသာကြသူ၊ မတွေ့တော့ လည်တဆန့်ဆန့်ဖြစ်ကြသူတွေ ကြားမှာ ရထားတွေ တစင်းပြီးတစင်း ၀င်လာတယ်။

ကွန်ပြူတာအိတ်တချို့ စလင်းဘက်ပြောင်ပြောင်လက်လက်တချို့ ထိပ်ဝိုင်းရှုးဖိနပ်အပါးတွေ၊ ရုံးဝတ်စုံကို ဖြေလျော့ထားတဲ့ ဂျင်းပြာပြာတွေ၊ အသားကပ် ခြေသလုံးတ၀က် ဘောင်းဘီတွေ၊ ခါးပတ်ပြားကြီး ပတ်ထားတဲ့ မီနီစကပ်တွေ၊ လူတယောက်ချင်းတွေ၊ နှစ်ယောက်ချင်းတွေ၊ လူအစုလိုက်တွေ ဘူတာရုံထဲမှာ ဟိုနားဒီနား မိုးတိုးမတ်တတ်တွေကြားမှာ သူတို့ ချိန်းထားကြတယ်။

တယောက်က ရောက်နှင့်နေပြီ။ နောက်တယောက်က ဖုန်းဆက်လိုက်တယ်။ ဘယ်နေရာမှာလဲ။ လက်မှတ်ရောင်းကောင်တာရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတယ်။ တွေ့ပြီ။ ဟိုနှစ်ယောက်က လမ်းမှာလို့ပြောတယ်။ ဟော.. ရောက်လာကြပြီ။ လူစုံပြီလား။ တယောက် နှစ်ယောက် သုံးယောက် လေးယောက်..။ အိုကေ.. သွားကြစို့။

ညရဲ့လှုပ်ခတ်မှု
မွှေးရနံ့တောင် ကြွေကျသွား
အချိန်ခေါ်သံနောက်မှာ...။





ပန်ဒိုရာ


Expand..

Friday, March 20, 2009

ဆက်ဆံရေးတွေ ကျဲနေတယ်

ပထမတော့ အလုပ်များလို့ စာမရေးဖြစ်ပါ။ ကိုယ့်ဗွီအိုင်ပီကို အချိန်ပေးနေတာကလည်း တပိုင်းပေါ့။ နောက်တော့ စာရေးဖို့ စိတ်မပါလက်မပါ ဖြစ်နေလို့ မရေးဖြစ်ပါ။ မရေးဖြစ်တဲ့အပြင် အွန်လိုင်းလည်း သိပ်မ၀င်ဖြစ်ပါ။ သတင်းဝက်ဘ်ဆိုက်တွေ အပြင် ဘလော့ဂ် တချို့ကို ဖတ်ဖြစ်ပေမယ့်လည်း ပျောက်လက်စနဲ့မို့ ခြေရာမထားဖြစ်ပါ။ အမြဲလာရှာကြသူတွေကို အားနာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

Expand..

Sunday, March 1, 2009

ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂




ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂

ဆောင်းလေပြင်းတွေ မတိတ်သေးဘူးလား ဂျွန်
သစ်ရွက်တွေ စင်သွားတဲ့ အရိုးပြိုင်းပြိုင်းပင်တွေ တစ္ဆေခြောက်လို့
ရယ်မောဖို့စောင့်ရတာ မျက်လုံးတွေညောင်းလို့
ပါးစပ်တွေဟောင်းလောင်းနဲ့ နားတွေပြားကပ်လို့
ရှုံးပြီး ရှင်ကျန်သူတွေကို ကူတိုက်ဖို့
ပိတ်မိနေတဲ့ ရဲဘော်တွေကို တူးထုတ်ဖို့
စစ်သတင်းတွေ တကျီကျီ လွှင့်ထုတ်နေတဲ့ ရေဒီယိုတွေကို ထားခဲ့ဖို့
ငါတို့စစ်မြေပြင်ကို ပြန်သွားကြမယ်ကွယ်…
ဟောဟိုမှာ အဆောက်အဦအပျက်တွေကြား
အရွေ့တွေတိုင်းမှာ အကွေ့တွေတိုင်းမှာ အတွေ့တွေတိုင်းမှာ
အချိန်မရွေး ခြုံခိုတိုက်ခိုက်မှုတွေ ရှိနိုင်တယ်
အရပ်သားတွေက ပစ်မှတ်ထဲ ၀င်ဝင်လာတယ်
မိန်းမတွေ ကလေးတွေ ဘေးကိုဖယ်ကြပါကွဲ့
အချိန်သိပ်မကြာတော့ပါဘူး ဂျွန်
နောက်တစ်နှစ်မှာ တပ်တွေ ရုပ်သိမ်းပြီးရင်
နောင် ဆယ်နှစ် အနှစ် နှစ်ဆယ် ကြာရင်
ငါတို့နာမည်တွေ ရုပ်တုတွေ ရေးထိုးထားကြမယ် (ထင်တယ်…)
ငါတို့ဟာ ကယ်တင်သူတွေ လွတ်လပ်ရေးကို ခေါ်လာသူတွေ (ထင်တယ်..)
ငါတို့ဟာ ဦးဆွေးဆံမြည့် ထမ်းရွက်သူတွေ (ထင်တယ်.. ငါထင်တယ်)
စစ်မြေပြင်ကိုပဲ ပြန်သွားကြပါစို့ ဂျွန်ရယ်
နေရောင်ကျဲကျဲထဲ တံလျှပ်တွေက တလက်လက်နဲ့
ဖုန်မှုန့်တွေ ဗလုံးဗထွေးနဲ့
ကန္တာရက ဖြားယောင်းတယ်
မသေချာဘူး ဘာမှ မမြင်ရဘူး
နေ့ဘက်မှာ လင်းလွန်းလို့မမြင်ရဘူး
ညရောက်တော့ မှောင်လွန်းလို့မမြင်ရဘူး
မှန်တဲ့ဘက်ဆိုတာ အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတယ်
မှားတဲ့ဘက်မှာလည်း အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတာပဲ
သူတို့လက်တွေနဲ့ ညွှန်.. လို့
သူတို့ပါးစပ်တွေနဲ့ ပြော… လို့
ငါတို့ခေါင်းကိုတော့ တည့်တည့်ချိန်ထားလေတယ်
ငါတို့ရင်ဘတ်တွေနဲ့ တွန်းတွန်းပြီး ရှေ့တက်ကြမယ်
ဂျွန်ရေ…
သတင်းတွေကလည်း မထူးသေးပါလားကွယ်
ငါတို့ဒဏ်ရာတွေကိုပဲ အရည်ဖျော်လို့
သစ်သီးဆန်ဆန်ဝိုင်ကလေးကိုဖောက်ပြီး
ကန္တာရထဲသွန်းချလိုက်ကြမယ်
ပြီးရင်အားလုံးကို မေ့လိုက်ကြမယ်
အလိုရှိတဲ့အချိန်မှာ စတင်ပြီး
အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ.. တဲ့
တင့်ကားတွေ သေနတ်တွေ အမြောက်တွေ
ပေါက်ကွဲသံတွေ ငိုယိုသံတွေ အသေခံဗုံးတွေ
ဖျက်ဆီးခံလိုက်ရတဲ့ သောက်ရေတိုင်ကီတွေ
ပဲ့ရွဲ့သွားတဲ့သစ်သီးတွေ ပုတ်ချခံလိုက်ရတဲ့ အစားအသောက်တွေ
ကလေးငယ်တွေရဲ့ စူးစူးဝါးဝါးအကြည့်တွေ
သွေးစက်တွေကြားကိုပဲ ပြန်သွားလိုက်ကြပါစို့ ဂျွန်ရယ်..။



ပန်ဒိုရာ



(၀ိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် - ၁ သို့)