Wednesday, March 31, 2010

Finding Art in the City

အခုတလောတော့ Singapore Art Museum ဘက်ကို ခြေဦးလှည့်ဖြစ်တယ်။ FX Harsono လို့ အမည်ရတဲ့ အင်ဒိုနီးရှား ပန်းချီဆရာတစ်ယောက်ရဲ့ Testimonies ဆိုတဲ့ အနုပညာပြကွက်တွေကို ငေးမိပါတယ်။ ၂၀၀၆ ခုနှစ်တုန်းကလည်း စင်္ကာပူမှာ သူ့လက်ရာတွေ ပြသခဲ့သေးတယ်တဲ့။ အနုပညာတွေဟာ ခေတ်ရဲ့ လူမှုရေး စီးပွားရေး နိုင်ငံရေး အခြေအနေတွေကို ထင်ဟပ်နေတယ် မဟုတ်ပါလား။ အနုပညာအကြောင်း အများကြီးနားမလည်လည်း ဟာဆိုနို တင်ပြထားတဲ့ အနုပညာလက်ရာတွေကတဆင့် သူဘာကို ပြောပြချင်တယ် ဆိုတာကို ဘယ်သူမဆို အနည်းနဲ့အများ ခံစားနိုင်လိမ့်မယ်လို့ ထင်မိတယ်။

Expand..

Saturday, March 27, 2010

ဘလော့ဂ် ၃ နှစ်ပြည့်

၂၀၁၀ မတ်လ ၂၇ ရက်နေ့ဆိုတာ ပန်ဒိုရာအတွက်ကတော့ ဘလော့ဂ်ရေးတာ ၃ နှစ်ပြည့်တဲ့နေ့ပါ။

အင်တာနက်ထဲက အသက်ဆိုတာ ခွေးတွေရဲ့ သက်တမ်းလိုပဲလို့ စလုံးဝန်ကြီးချုပ်ပြောတာ ကြားဖူးပါတယ်။ သူပြောတာ မမှားပါဘူး။ ဖြတ်သန်းခဲ့တာ ၃ နှစ်ဆိုပေမယ့် အတော်ကြာပြီလို့ ခံစားရပါတယ်။ တဖက်ကလည်း အင်တာနက်ထဲမှာ စာရေးသူတွေရဲ့ ဘ၀က ပျောက်သောသူကြာရင်မေ့ ဖြစ်တတ်ပါတယ်။ မရေးဖြစ်ပဲ နည်းနည်း ကင်းကွာလိုက်တာနဲ့ စာဖတ်သူတွေ ရေးဖော်တွေနဲ့ အဆက်ပြတ်သွားတတ်တာက အပြင်လောကထက် မြန်ဆန်တတ်ပါတယ်။ ဒီလိုပဲ နှုတ်ဆက်လို့ဖြစ်စေ နှုတ်မဆက်ဘဲဖြစ်စေ ထွက်ခွာသွားကြသူတွေလည်း များလှပါပြီ။ တချို့လည်း ဘယ်သူဘယ်ဝါမှန်း မသိတော့ ဘာဖြစ်သွားသလဲ မသိဘူးပေါ့နော်။

Blog honeymoon အချိန်လေး ကုန်သွားတာအပြင် တကယ့်ကမ္ဘာမှာလည်း အခြေအနေတွေက လွန်ခဲ့တဲ့ ၃ နှစ်နဲ့တော့ မတူတော့တာအမှန်ပဲ။ အလုပ်ထဲမှာ အချိန်ကြာလာတာနဲ့အမျှ အလုပ်တာဝန်တွေ၊ အသက်ကြီးလာတာနဲ့အမျှ မိသားစုတာဝန်တွေက များလာပါတယ်။ ဒါဟာလည်း စာရေးကျဲလာတာတို့၊ ပို့စ်တွေ သိပ်ပျော်စရာ မကောင်းတော့တာတို့နဲ့ ဆက်စပ်ပါတယ်။

ဟိုတလောကတော့ ဘလော့ဂ်ရေးပြီး ကျော်ကြားဝင်ငွေကောင်းနေတဲ့ တရုတ်လူငယ် ဘလော့ဂါ တစ်ယောက်အကြောင်း တူဒေး သတင်းစာမှာ ဖတ်ရပါသေးတယ်။ သူရေးတဲ့ စာအုပ်က သိပ်ရောင်းကောင်းနေတယ်ဆိုပဲ။ ပါရဂူဘွဲ့ပိုင်ရှင် တက္ကဆီမောင်းနေတဲ့ စင်္ကာပူက ဘလော့ဂါတစ်ယောက်ကလည်း Diary of a Taxi Driver ဆိုပြီး စာအုပ်ထွက်ထားပါတယ်။ မြင်မိသလောက်တော့ လူတွေပိုစိတ်ဝင်စားကြတာ သတင်းနဲ့ နေ့စဉ်လူမှုဘ၀ရေးတဲ့ ဘလော့ဂ်တွေဖြစ်ပါတယ်။

အင်တာနက်ထဲက စာတွေ ပုံနှိပ်စာမျက်နှာပေါ် ရောက်လာတာ ၀မ်းသာစရာပါ။ ဒီလိုပဲ ပုံနှိပ်စာတွေ အင်တာနက်ထဲကို ရောက်လာတာလည်း ၀မ်းသာစရာပါပဲ။ လူတစုကဖြစ်စေ လူအများကဖြစ်စေ အသိအမှတ်ပြုတာတို့ တန်းဝင်တာတို့ ဘေးချိတ်ထားရရင် စီးပွားရေးအရလည်း နစ်နာစရာမရှိဘူးဆိုရင် စာရေးသူအများစုဟာ ကိုယ့်စာကို လူများများ ဖတ်ဖြစ်သွားမယ့်ကိစ္စကို ၀မ်းသာကြမှာ သဘာဝပါ။

၃ နှစ်အတွင်းမှာရေးခဲ့တာ ပို့စ်ပေါင်း ၃၀၀ ကျော် ၄၀၀ နီးပါး ရှိပါတယ်။ ကဗျာတွေက အများစုပါ။ ဖတ်ဖြစ်ကြသူတွေ ဘယ်လို သဘောထားသလဲ၊ ဘာအကြံပေးချင်သလဲ။ သိရရင် ကောင်းတာပေါ့နော်။ မေးစရာရှိရင်လည်း မေးသွားပါ။ ဖြေနိုင်တာဆိုရင် ပြန်ဖြေပါမယ်။

ဘလော့ဂ်မှာ စာဆက်ရေးမှာလား လို့ မေးရင်တော့ အချိန်ရသလောက် ရေးဖြစ်ဦးမယ် ထင်ပါတယ် လို့ပဲ ပြောရမှာပါ။

အားလုံးကျန်းမာကြပါစေ။

ပန်ဒိုရာ