Tuesday, February 15, 2011

လိပ်ပြာတောင်ပံတွေကြား ခပ်တိုးတိုး ဖြတ်တိုက်သွားတဲ့လေ

ခိုင်စိုးလင်းနဲ့ ဟန်သစ်ငြိမ်တို့ စီစဉ်တဲ့ သေဆုံးတတ်သည် (They die) ဆိုတဲ့ e-book ထွက်ပါပြီ။ ဒီနေရာကနေ download ယူနိုင်ပါတယ်။

ကောင်းကင်ကို၊ ကျော်ညိုသွေး၊ ခိုင်စိုးလင်း၊ ညီဇံလှ၊ တူးတူးသာ၊ တေဇာ (လရောင်လမ်း)၊ နေဦး၊ နန်းညီ၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ မယ်ကိုး၊ မောင်တေလေ၊ လင်းဒီပ၊ သက်ထွေး၊ ဟန်သစ်ငြိမ်၊ သြမြိုင် တို့ ရေးသားထားတဲ့ ကဗျာ ဆောင်းပါး အက်ဆေး ၀တ္ထုတိုတွေကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။ အတွင်းသရုပ်ဖော်ပုံတွေ ရေးဆွဲသူကတော့ မလေးမေပါ။ ပန်ဒိုရာရဲ့ ၀တ္ထုအသစ်တစ်ပုဒ်ပါရှိပါတယ်။ အဲဒီအပြင် ကဗျာအဟောင်းတစ်ပုဒ်ဖြစ်တဲ့ Nothingness နဲ့ ကိုနတ္ထိရဲ့ ပါဠိဘာသာပြန် ကိုလည်း ဖော်ပြထားပါတယ်။ အချိန်မရတဲ့ကြားက ကြိုးစားပမ်းစား စီစဉ်သူတွေကို အထူးကျေးဇူးတင်ပါတယ်။

အဲဒီ စာအုပ်မှာ ပါခဲ့တဲ့ လိပ်ပြာတောင်ပံတွေကြား ခပ်တိုးတိုး ဖြတ်တိုက်သွားတဲ့ လေ ဆိုတဲ့ ၀တ္ထုတိုကို အလွယ်တကူဖတ်ရှုနိုင်ဖို့ ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။ ဝေဖန်အကြံပြုချက်များအားလုံးကို ကြိုဆိုပါတယ်။
------------------------------------------------


လိပ်ပြာတောင်ပံတွေကြား ခပ်တိုးတိုး ဖြတ်တိုက်သွားတဲ့ လေ




(၁)
ဆတ်ကနဲ လန့်နိုးသလိုဖြစ်တော့ သူမဟာ ကျွန်တော့်မျက်နှာပေါ်ကို ငုံ့မိုးကြည့်နေတယ်။ မြင်လိုက်တဲ့ တဒင်္ဂမှာ အေးစက်နက်ရှိုင်းတဲ့ ခံစားမှုနဲ့အတူ ကောင်းကင်ဆန်တဲ့ အငွေ့အသက်ကို ရလိုက်တာပေါ့။ လှ.. တယ်..။ ကျွန်တော်က ရေရွတ်လိုက်တယ်။ ဟုတ်တယ်။ သိပ်လှတာပဲ။

သူမရဲ့သဏ္ဌာန်ဟာ ဖျော့တော့တဲ့ အလွှာပါးပါးတစ်ခု ခြုံထားသလိုပဲ။ အနားသတ်ကလေးတွေက လင်းဖြာနေသလိုလိုေ၀၀ါးနေသလိုလို။ ပါးလျတဲ့ နှုတ်ခမ်းလွှာတွေက နှင်းဆီရောင်သန်းနေတယ်။ ပါးပြင်တွေက ဖြူဖွေးလွန်းလို့ ပြာလဲ့လဲ့ဖြစ်နေတယ်။ စိမ်းဖန့်နေတဲ့ မျက်ဆံတွေဟာ သလင်းကျောက်လို ကြည်လင်နေတယ်။ ထူးခြားတာက သူမရဲ့ ပျော့စင်းပြီး တညီတညာတည်း ဖိတ်ဖိတ်တောက်နေတဲ့ ငွေရောင်ဆံပင်လက်လက်တွေပဲ။ သူမနဲ့ ကျွန်တော်ဟာ တိတ်ဆိတ်နေတဲ့ ဒီနေရာမှာ နှစ်ယောက်တည်းရယ်။ ဒီလိုအနေအထားမျိုးမှာ ဒီလိုလှပတဲ့ မိန်းကလေးတစ်ယောက်ဟာ ဖိတ်ခေါ်မှုတွေနဲ့ ပြည့်လျှံနေမှာ ပြောစရာတောင်မလိုဘူး။ အနည်းဆုံးတော့ နူးညံ့တဲ့ ပါးပြင်လေးကို လက်ချောင်းဖျားလေးနဲ့ အသာ တို့ထိလိုက်ချင်စရာမျိုး။ ဒါပေမယ့် ကျွန်တော်က သူမကို ကြည့်ရုံကြည့်နေလိုက်တယ်။ သူမဟာ “သေမင်း” ပဲ။

Expand..

Thursday, February 10, 2011

ဘလော့ဂ် ၀ဲစွဲခြင်းနှင့် ကင်းရှင်းကြောင်း

အင်တာနက်ထဲက blogspot ဘလော့ဂ်ဆိုက်တွေမှာ malware တမျိုး ကူးစက်ပြန့်ပွားနေတာကို ကြားကြမှာပါ။ blogspot နဲ့ရေးတဲ့ ဘလော့ဂ် ၉၀ ရာခိုင်နှုန်းလောက်ဟာ sidebar မှာ ချိတ်ထားတဲ့ လင့်ခ်တွေ မှတ်ချက်တွေကတဆင့် အဲဒီ malware ကူးစက်ခံနေရတယ်လို့ ဆိုကြပါတယ်။ အဲဒီ malware တွေ အများကြီးရှိလာပြီဆိုရင် ကူးစက်ခံနေရတဲ့ ဘလော့ဂ်ကို ဖွင့်ကြတဲ့အခါ Reported Attack Page ဆိုတဲ့ အနီရောင် စာတန်းကြီး ပေါ်လာတတ်ပါတယ်။ အခုတလောတော့ အဖြူရောင်နတ်သမီး ဘလော့ဂ်နဲ့ ကိုအောင်(ပျူနိုင်ငံ) ဘလော့ဂ်တွေမှာ အဲဒီစာတန်းကြီးပေါ်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အခုတော့ သူတို့ဘလော့ဂ်တွေ ပြန်ကောင်းသွားပြီလို့ ဆိုပါတယ်။

ဒီကိစ္စအသေးစိတ်နဲ့ သူ့ကို ကုစားနိုင်မယ့် နည်းလမ်းကိုတော့ ဒီလင့်ခ်မှာ သွားဖတ်ပေးပါနော်။
http://www.linhtet.net/2011/02/blogspot.html

ပန်ဒိုရာ ဘလော့ဂ်ကို http://sitecheck.sucuri.net/scanner/ မှာ စစ်ဆေးလိုက်တဲ့အခါ sidebar မှာ ချိတ်ထားတဲ့ ဘလော့ဂ် အတော်များများမှာ malware ရှိနေတယ် လို့ပြပါတယ်။ ဒါကြောင့် sidebar က ဘလော့ဂ် link တစ်ရာကျော်ကို အကုန် ဖြုတ်ထားလိုက်ပါတယ်။ ဒီတော့မှ malware ကင်းရှင်းကြောင်း တွေ့ရပါတယ်။


တစ်ချိန်တည်းမှာလည်း စိတ်ပူမိပါတယ်။ ဘလော့ဂ်လောကဆိုတာ သူ့သဘာဝအရ ချိတ်ဆက်မှုတွေ ဆက်သွယ်မှုတွေက အရေးပါနေပါတယ်။ ကွန်ယက်သဖွယ် တိုးပွားရှင်သန်နေကြတဲ့ ဂေဟစနစ် မှာ အခုလို အားလုံးက ပူပန်ပြီး ချိတ်ဆက်မှုတွေ ဖြတ်လိုက်ကြ ဘယ်သူမှ မှတ်ချက်တွေမရေးကြ ပိတ်ဆို့ကြဆိုရင်လည်း မဖြစ်သေးဘူးလေ။ အခုတောင် sidebar မှာ ဘာပို့စ်တွေ အသစ်တက်သလဲ ဆိုတာကို မမြင်ရတော့ စိတ်ထဲမှာ ဟာတာတာဖြစ်နေပြီ။း)

တောင်းဆိုချင်ပါတယ်။ အားလုံးက တက်ညီလက်ညီ ကိုယ့်ဘလော့ဂ်ကို ကိုယ် ဒီလင့်ခ် http://sitecheck.sucuri.net/scanner/ ကနေ စစ်ဆေးပြီး ဖြုတ်စရာရှိတာ ဖြုတ်ပြီးတဲ့အခါ malware ကင်းရှင်းသွားကြောင်း ပို့စ်တင်ပေးကြစေလိုပါတယ်။ အဲဒီအခါမှာ အမြန်ဆုံး ပြန်ချိတ်ဆက်နိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီ့အပြင် ဒီရက်ပိုင်းတွေမှာ ကိုယ့်ဘလော့ဂ်တွေကိုလည်း နေ့စဉ်ဆိုသလို ပြန်စစ်ကြည့်ပြီး ကင်းရှင်းအောင် နေသွားကြဖို့ လိုမယ်ထင်ပါတယ်။ လောလောဆယ်တော့ ကင်းရှင်းသွားပြီ ဆိုတဲ့ ဘလော့ဂ်တချို့မှာ malware ပြန်ရှိနေတာကို တွေ့နေရပါသေးတယ်။


ပန်ဒိုရာ

Wednesday, February 9, 2011

Finding Art in the City - 4

ဒါတွေကတော့ တော်တော် ဆေးကုန်မယ့် ကိစ္စပါ။ နံရံမှာ ခြယ်မှုန်းထားပါတယ်။ ဖန်တီးသူအမည်နဲ့ နောက်ခံအကြောင်းအရာတွေကို ဓာတ်ပုံရိုက်တဲ့အထဲမှာ ပါမလာခဲ့လို့ မပြောတော့ပါဘူး။






ဆက်ပြီးတော့ Natee Utarit ရဲ့ ပန်းချီကားတွေဆီ ဆက်သွားကြမယ်။ အသက် ၄၁ နှစ်ရှိတဲ့ ထိုင်းလူမျိုးပန်းချီဆရာပါ။

ရုပ်တုတွေကို ပန်းချီနဲ့သရုပ်ဖော်တယ်။ ဓာတ်ပုံတွေကို ပန်းချီဆွဲတယ်။ အဖြူအမည်းသက်သက် ဆွဲထားတဲ့ ကားချပ်အသေးတွေကိုလည်း မြင်ရမယ်။ အချိန်ကာလနဲ့ နောက်ခံအခြေအနေတွေက reality ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုပြောင်းသွားစေနိုင်ကြောင်းကိုလည်း ရှာဖွေခဲ့တယ် တဲ့။ အနောက်တိုင်းပုံစံ သီးသန့်ဖန်တီးထားတဲ့ လက်ရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ (နည်းနည်းပျင်းလာလို့ ကိုယ့်ဘာသာပဲ ပုံတွေဆက်ကြည့်ကြပါတော့။ အောက်ကအားလုံးက Natee Utarit ရဲ့လက်ရာတွေပါ။ ပုံအများအပြားထဲက တချို့ကိုပဲ တင်လိုက်ပါတယ်။)

Expand..

Sunday, February 6, 2011

Finding Art in the City - 3

ခဏအိပ်သွားတာ တစ်ပတ်လောက်ကြာတယ်လို့တော့ မထင်ပါနဲ့။ ပြတိုက်ထဲ ဆက်သွားကြရအောင်။


အင်ဒိုနီးရှားက Handiwirman Saputra ရဲ့ Sofa လို့အမည်ရတဲ့ installation art ဖြစ်ပါတယ်။ နံရံမှာ ရုပ်ပုံကားချပ်ပုံသုံးပုံ။ အဲဒီပုံတွေအတိုင်း ခင်းကျင်းပြသထားတဲ့ ဆိုဖာခုံနဲ့ အမဲသားတုံးပုံစံတွေ။ two dimensional နဲ့ three dimensional ရဲ့ ဆက်စပ်ပုံကို စဉ်းစားစရာဖြစ်အောင် ပြသထားပါတယ်။


နောက်အခန်းတစ်ခန်းရဲ့ အ၀င်ဝမှာ ကလေးသူငယ်တွေ နဲ့ ကြောက်လန့်တတ်သူတွေအတွက် သတိပေးစာ ကပ်ထားတယ်။ တရုတ်ပြည်က Shen Shaomin ရဲ့ Summit လို့အမည်ရတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ Summit ဆိုတာက ထိပ်သီးအစည်းအဝေး မဟုတ်လား။ တက်ရောက်နေသူတွေက ကျော်ကြားတဲ့ ကွန်မြူနစ် ခေါင်းဆောင်ကြီးတွေပါ။ ရုရှားရဲ့ လီနင်၊ တရုတ်ပြည်ရဲ့ မော်စီတုန်း၊ မြောက်ကိုရီးယားရဲ့ ကင်အီဆွန်း၊ ဗီယက်နမ်ရဲ့ ဟိုချီမင်းတို့က ခေါင်းတလားတွေထဲမှာ လဲလျောင်းလို့။ ကျူးဘားပြည်ကကြယ်နီ ကက်စထရို ကတော့ ဆေးရုံခုတင်ပေါ်မှာ မိန်းမောနေပါတယ်။ အားလုံး ၀တ်စုံပြည့် အခန့်အညား ၀တ်ဆင်ထားကြပါတယ်။

မှောင်ပျပျအခန်းထဲမှာ ဓာတ်ပုံရိုက်ရတာ ပြတ်သားဖို့ သိပ်ခက်တယ်။ လက်မငြိမ် မကျွမ်းကျင်တာလည်း ပါလိမ့်မယ်။ ရှုစားကြည့်ပါဦး။

Expand..